အခန်း ၁၀၂
ဘုရင်က မြည်းကလေးစီးပြီး ဂျေရုဆလင်မြို့ထဲ၀င်လာ
မဿဲ ၂၁:၁-၁၁၊ ၁၄-၁၇ မာကု ၁၁:၁-၁၁ လုကာ ၁၉:၂၉-၄၄ ယောဟန် ၁၂:၁၂-၁၉
-
ဂျေရုဆလင်မြို့ထဲကို ယေရှု အောင်ပွဲခံပြီး ၀င်လာ
-
ဂျေရုဆလင်မြို့ ဖျက်ဆီးခံရမယ့်အကြောင်း ကြိုပြော
နောက်တစ်ရက်၊ နိသန်လ ၉ ရက်၊ တနင်္ဂနွေနေ့မှာ ယေရှုက တပည့်တွေနဲ့အတူ ဗေသနိရွာက ထွက်ပြီး ဂျေရုဆလင်မြို့ကို သွားတယ်။ သံလွင်တောင်မှာရှိတဲ့ ဗက်ဖာဂေရွာကို ရောက်တဲ့အခါ တပည့်နှစ်ယောက်ကို အခုလိုမှာတယ်–
“ရှေ့မှာ မြင်နေရတဲ့ ရွာကို သွားကြ။ ရွာထဲဝင်တာနဲ့ ချည်ထားတဲ့ မြည်းမနဲ့ မြည်းကလေးကို တွေ့လိမ့်မယ်။ ကြိုးဖြေပြီး ဒီကိုဆွဲလာခဲ့။ တစ်ယောက်ယောက် မေးလာရင် ‘သခင် အသုံးလိုလို့ပါ’ ဆိုပြီးပြောလိုက်။ ဒါဆို ရှောရှောရှူရှူ လွှတ်ပေးလိမ့်မယ်။”—မဿဲ ၂၁:၂၊ ၃။
ယေရှုရဲ့ ညွှန်ကြားချက်ဟာ ဇာခရိပရောဖက်ပြုချက် ပြည့်စုံတာပဲဆိုတာ တပည့်တွေ အစပိုင်းမှာ နားမလည်ကြဘူး။ နောက်ပိုင်းမှ နားလည်ခဲ့ကြတယ်။ ဇာခရိက ဘုရားကတိပြုထားတဲ့ ဘုရင်ဟာ “စိတ်နှိမ့်ချတယ်။ မြည်းမရဲ့သား၊ မြည်းကလေးကို စီးပြီး” ဂျေရုဆလင်မြို့ထဲ ၀င်လာမယ်လို့ ကြိုပြောခဲ့တယ်။—ဇာခရိ ၉:၉။
ဗက်ဖာဂေရွာကို တပည့်တွေ ရောက်တဲ့အခါ မြည်းမနဲ့ မြည်းကလေးကို ကြိုးဖြေလိုက်တယ်။ အဲဒီမှာရပ်နေသူတချို့က “ဘာလို့ မြည်းကြိုးကို ဖြေနေတာလဲ” လို့မေးကြတယ်။ (မာကု ၁၁:၅) သခင့်အတွက်ပါလို့ ပြောလိုက်တော့ ယူသွားခွင့်ပြုကြတယ်။ တပည့်တွေက သူတို့ရဲ့ဝတ်ရုံကို မြည်းမနဲ့ မြည်းကလေးကျောပေါ် ခင်းပေးတော့ ယေရှုက မြည်းကလေးကို စီးတယ်။
ဂျေရုဆလင်မြို့ထဲ ယေရှု မြည်းစီးပြီး ၀င်လာတဲ့အချိန်မှာ လူတွေဝိုင်းအုံလာတယ်။ လူအများစုက သူတို့ရဲ့ ဝတ်ရုံတွေကို လမ်းပေါ် ဖြန့်ခင်းကြတယ်။ တချို့က သစ်ခက်တွေ၊ “လမ်းဘေးကသစ်ခက်တွေ” ကိုခုတ်ပြီး လမ်းပေါ်ခင်းကြတယ်။ ပြီးတော့ “ဘုရားသခင်၊ သူ့ကို ကယ်တင်ပါ။ ယေဟောဝါရဲ့ နာမည်နဲ့ ရောက်လာသူ ကောင်းချီးခံစားရပါစေ။ တည်ထောင်တော့မယ့် အဖဒါဝိဒ်ရဲ့နိုင်ငံ ကောင်းချီးခံစားရပါစေ” ဆိုပြီး ကြွေးကြော်ကြတယ်။ (မာကု ၁၁:၈-၁၀) လူအုပ်ထဲမှာပါလာတဲ့ ဖာရိရှဲတချို့က အဲဒီလို ကြွေးကြော်တာကို စိတ်ဆိုးပြီး “ဆရာ၊ တပည့်တွေကို တိတ်တိတ်နေဖို့ ပြောပါဦး” လို့ပြောကြတယ်။ ယေရှုက “ကျွန်တော်ပြောမယ်။ သူတို့သာ တိတ်တိတ်နေမယ်ဆိုရင် ကျောက်ခဲတွေ ကြွေးကြော်ကြလိမ့်မယ်” လို့ပြန်ပြောတယ်။—လုကာ ၁၉:၃၉၊ ၄၀။
ဂျေရုဆလင်မြို့ကို ယေရှုမြင်တော့ “ငြိမ်သက်မှုပေးတဲ့အရာတွေက ဘာတွေလဲဆိုတာ မင်းကို သိစေချင်လိုက်တာ။ အခုတော့ အဲဒါတွေကို မင်းမသိနိုင်ပါလား” လို့ ငိုပြီး ပြောတယ်။ ဂျေရုဆလင်မြို့ဟာ တမင်တကာ မနာခံတဲ့အတွက် ပေးဆပ်ရပါလိမ့်မယ်။ ယေရှု အခုလို ကြိုပြောတယ်– “ရန်သူတွေက မင်းရဲ့ပတ်လည်မှာ တုတ်ချွန်ခံတပ်ကို ဆောက်ပြီး လေးဖက်လေးတန် ဝိုင်းရံပိတ်ဆို့မယ့်အချိန် ရောက်လာလိမ့်မယ်။ သူတို့က မင်းနဲ့ မင်းရဲ့သားသမီးတွေကို လုံးဝ ဖျက်ဆီးပစ်လိမ့်မယ်။ ကျောက်တစ်တုံးပေါ်တစ်တုံး ဆင့်ပြီး ကျန်နေမှာ မဟုတ်ဘူး။” (လုကာ ၁၉:၄၂-၄၄) အေဒီ ၇၀ မှာ ဂျေရုဆလင်မြို့ ဖျက်ဆီးခံရတဲ့အခါ ယေရှုပြောတဲ့အတိုင်း ဖြစ်လာတယ်။
ဂျေရုဆလင်မြို့ထဲ ယေရှုဝင်လာတဲ့အခါ “တစ်မြို့လုံး ရုတ်ရုတ်သဲသဲဖြစ်ပြီး ‘သူ ဘယ်သူလဲ’ လို့မေးကြတော့ လူအုပ်က ‘ဂါလိလဲပြည်၊ နာဇရက်မြို့သား ပရောဖက်ယေရှုပဲ’ ဆိုပြီး ဖြေကြတယ်။” (မဿဲ ၂၁:၁၀၊ ၁၁) လူအုပ်ထဲက တချို့ဟာ လာဇရုကို ယေရှု ထမြောက်ပေးတာကို တွေ့ထားတော့ အဲဒီအံ့ဖွယ်အမှုအကြောင်း တခြားသူတွေကို ပြောပြနေတယ်။ ဖာရိရှဲတွေလည်း သူတို့ကြံစည်သမျှ တစ်ခုမှ မအောင်မြင်ဘူးဆိုပြီး စိတ်ပျက်လက်ပျက် ညည်းညူကြတယ်။ “တစ်လောကလုံး သူ့နောက် ပါသွားပြီ” လို့ အချင်းချင်း ပြောကြတယ်။—ယောဟန် ၁၂:၁၈၊ ၁၉။
ဂျေရုဆလင်မြို့ကို ရောက်တဲ့အခါ ထုံးစံရှိတဲ့အတိုင်း ဗိမာန်တော်ကိုသွားပြီး သွန်သင်ပေးတယ်။ မျက်မမြင်တွေ၊ ခြေမသန်သူတွေကိုလည်း ကုသပေးတယ်။ ပုရောဟိတ်ကြီးတွေနဲ့ ကျမ်းတတ်တွေက ယေရှုလုပ်တဲ့ အံ့ဖွယ်အမှုတွေနဲ့ “ဘုရားသခင်၊ ဒါဝိဒ်ရဲ့သားကို ကယ်တင်ပေးပါ” လို့ ဗိမာန်တော်မှာ ကြွေးကြော်နေတဲ့ ကလေးငယ်တွေကို မြင်တဲ့အခါ ဒေါသထွက်ပြီး “ဒီကလေးတွေ ပြောနေတာကို ကြားရဲ့လား” လို့ မေးတယ်။ ဒါနဲ့ ယေရှုက “ကြားတာပေါ့။ ‘ကလေးတွေနဲ့ နို့စို့ကလေးတွေရဲ့ နှုတ်ကနေ ချီးမွမ်းစကား ထွက်စေတယ်’ ဆိုတဲ့စကားကို ခင်ဗျားတို့ မဖတ်ဖူးဘူးလား” လို့ပြန်ပြောလိုက်တယ်။—မဿဲ ၂၁:၁၅၊ ၁၆။
အဲဒီနောက် ယေရှုဟာ ဗိမာန်တော်မှာရှိတဲ့ အရာတွေကို လှည့်လည်ကြည့်ရှုတယ်။ အခု မိုးချုပ်ခါနီးပြီဆိုတော့ တမန်တော်တွေနဲ့အတူ ထွက်သွားတယ်။ နိသန် ၁၀ ရက်မစခင် ဗေသနိရွာကိုပြန်ပြီး တနင်္ဂနွေနေ့ည အဲဒီမှာ အိပ်တယ်။