အခန်း ၁၃၂
“သေချာတယ်၊ သူဟာ ဘုရားရဲ့သားပဲ”
မဿဲ ၂၇:၄၅-၅၆ မာကု ၁၅:၃၃-၄၁ လုကာ ၂၃:၄၄-၄၉ ယောဟန် ၁၉:၂၅-၃၀
-
သစ်တိုင်ပေါ်မှာ ယေရှု အသက်ထွက်သွား
-
ယေရှုသေဆုံးချိန်မှာ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်
အခု “မွန်းတည့် ၁၂ နာရီ” ရှိပြီ။ ထူးဆန်းတာက “တစ်ပြည်လုံး အမှောင်ကျသွားတယ်။ မွန်းလွဲ ၃ နာရီအထိ မှောင်နေတုန်းပဲ။” (မာကု ၁၅:၃၃) နေကြတ်လို့တော့ မဟုတ်ဘူး။ လဆန်းနေ့တွေမှာပဲ နေကြတ်လေ့ရှိပြီး အခုက ပသခါပွဲရာသီဆိုတော့ လပြည့်နေတယ်။ နေကြတ်ရင် မိနစ်ပိုင်းလောက်ပဲ ကြာတယ်။ အခုတော့ အချိန်အတော်ကြာ မှောင်နေတာ။ ဒါက ဘုရားသခင့်တန်ခိုးကြောင့်ဆိုတာ သိနိုင်တယ်။
ယေရှုကို ဝိုင်းလှောင်နေသူတွေ ဘာဖြစ်သွားမလဲဆိုတာ စဉ်းစားကြည့်လိုက်ပါ။ အမှောင်ကျနေချိန်အတွင်း အမျိုးသမီးလေးယောက် သစ်တိုင်နား တိုးလာတယ်။ ယေရှုရဲ့မိခင်၊ ရှာလုံ၊ မာဂဒလမာရိ၊ တမန်တော် ယာကုပ်ငယ်ရဲ့မိခင် မာရိတို့ပဲ။
တမန်တော်ယောဟန်လည်း ဝမ်းနည်းကြေကွဲနေတဲ့ ယေရှုရဲ့မိခင် မာရိနဲ့အတူ “သစ်တိုင်နားမှာ” ရပ်နေတယ်။ ၀မ်းနဲ့လွယ်ပြီး မွေးခဲ့ရတဲ့၊ ကျွေးမွေးပြုစုခဲ့ရတဲ့ သားက သစ်တိုင်ပေါ်မှာ မချိမဆံ့ ဝေဒနာခံစားနေရတာကို မာရိမြင်တဲ့အခါ “ဓားရှည်” နဲ့ အခွင်းခံရသလိုပါပဲ။ (ယောဟန် ၁၉:၂၅။ လုကာ ၂:၃၅) ယေရှုဟာ ပြင်းထန်တဲ့ဝေဒနာ ခံစားနေရတာတောင် မိခင်အတွက် စိုးရိမ်မကင်းဖြစ်နေတယ်။ နာကျင်နေတဲ့ကြားက ယောဟန်ဘက်ကို မေးထိုးပြပြီး မာရိကို “အမေ၊ အခုချိန်ကစပြီး သူဟာ အမေ့သား ဖြစ်သွားပြီနော်” လို့ ပြောတယ်။ ပြီးနောက် မာရိဘက်ကို မေးထိုးပြပြီး ယောဟန်ကို “အခုချိန်ကစပြီး သူဟာ ခင်ဗျားရဲ့အမေ ဖြစ်သွားပြီ” လို့ပြောတယ်။—ယောဟန် ၁၉:၂၆၊ ၂၇။
ယေရှုက မုဆိုးမဖြစ်နေပုံရတဲ့ မိခင်ကို ကြည့်ရှုစောင့်ရှောက်ပေးဖို့ အချစ်ဆုံးတမန်တော်ကို မှာနေတာ။ မိတူဖကွဲညီတွေဖြစ်တဲ့ မာရိရဲ့ ကျန်တဲ့သားတွေက သူ့ကို မယုံကြည်သေးဘူး။ ဒီလိုနည်းနဲ့ မိခင်ရဲ့ ကာယရေးအတွက်သာမက ဝတ်ပြုရေးအတွက်ပါ စီစဉ်ပေးခဲ့တယ်။ တကယ်ကောင်းတဲ့ စံနမူနာပါပဲ။
အမှောင်ထု ပြယ်စအချိန်မှာ ယေရှုက “ရေဆာလိုက်တာ” လို့ပြောတယ်။ ဒါက ကျမ်းစကားပြည့်စုံတာပဲ။ (ယောဟန် ၁၉:၂၈။ ဆာလံ ၂၂:၁၅) သူ့ရဲ့သမာဓိ အဆုံးစွန်အထိ စမ်းသပ်ခံစေဖို့ အဖဘုရားက အကာအကွယ်မှန်သမျှ ရုပ်သိမ်းထားမှန်း သူသိတယ်။ ဒါကြောင့် “ဧလိ၊ ဧလိ၊ လာမာ ရှာဗတ်ခသာနိ” လို့အော်ပြောတယ်။ “ကျွန်တော့်ဘုရား၊ ကျွန်တော့်ဘုရား၊ ကျွန်တော့်ကို ဘာလို့ စွန့်ပစ်တာလဲ” ဆိုတဲ့အဓိပ္ပာယ်ပဲ။ ဒါကိုကြားတော့ အနီးတစ်ဝိုက်မှာ ရပ်နေသူတချို့က နားလည်မှုလွဲပြီး “ကြည့်စမ်းပါဦး၊ သူ ဧလိယကို ခေါ်နေတာ” လို့ပြောကြတယ်။ ဒီအခါ တစ်ယောက်က ခပ်သုတ်သုတ် ပြေးသွားပြီး ရေမြှုပ်ကိုယူ၊ အချဉ်ပေါက်နေတဲ့ဝိုင်ထဲ နှစ်လိုက်တယ်။ ပြီးတော့ ရေမြှုပ်ကို ကျူရိုးထိပ်မှာတပ်ပြီး ယေရှုကို သောက်ခိုင်းတယ်။ ကျန်တဲ့သူတွေကတော့ “သူ့ကို ဧလိယ လာကယ်မကယ် စောင့်ကြည့်ရအောင်” လို့ပြောတယ်။—မာကု ၁၅:၃၄-၃၆။
အဲဒီနောက် ယေရှုက “အဖခိုင်းသမျှ ကျွန်တော်လုပ်ပြီးပါပြီ” လို့ အော်ပြောတယ်။ (ယောဟန် ၁၉:၃၀) မှန်ပါတယ်၊ အဖဘုရားက သူ့ကို မြေကြီးပေါ်စေလွှတ်ပြီး လုပ်ခိုင်းတဲ့အရာ မှန်သမျှကို ပြီးမြောက်အောင် သူလုပ်ခဲ့တယ်။ နောက်ဆုံးမှာတော့ “အဖ၊ ကျွန်တော့်ရဲ့ အသက်စွမ်းအားကို အဖလက်ထဲ အပ်ပါတယ်” လို့ပြောတယ်။ (လုကာ ၂၃:၄၆) အသက်စွမ်းအားကို ယေဟောဝါလက်ထဲ အပ်လိုက်တာက ဘုရား သူ့ကို ပြန်ရှင်အောင်လုပ်ပေးနိုင်မှန်း အပြည့်အဝ ယုံကြည်လို့ပဲ။ အဲဒီနောက် ခေါင်းငိုက်စိုက်ကျပြီး အသက်ထွက်သွားတယ်။
ဒီအချိန်မှာ ငလျင်လှုပ်လာပြီး ကျောက်ဆောင်တွေ အက်ကွဲသွားတယ်။ အားပြင်းတဲ့ ငလျင်ကြောင့် ဂျေရုဆလင်မြို့ပြင်က သင်္ချိုင်းဂူတွေ ပွင့်ထွက်ပြီး အလောင်းတွေ ပေါ်လာတယ်။ ဒါကိုမြင်တဲ့ ဖြတ်သွားဖြတ်လာသူတွေက “သန့်ရှင်းတဲ့မြို့” ထဲဝင်ပြီး မြင်ခဲ့သမျှကို ပြန်ပြောကြတယ်။—မဿဲ ၁၂:၁၁။ ၂၇:၅၁-၅၃။
ယေရှု အသက်ထွက်သွားချိန်မှာ ဗိမာန်တော်ရဲ့ သန့်ရှင်းရာဌာနနဲ့ အသန့်ရှင်းဆုံးဌာနကို ပိုင်းခြားထားတဲ့ ကန့်လန့်ကာကြီးက အထက်အောက် နှစ်ခြမ်းကွဲသွားတယ်။ ဒီအံ့ဖွယ်ဖြစ်ရပ်က သားတော်ကိုသတ်တဲ့ သူတွေကို ဘုရား ဘယ်လောက် ဒေါသထွက်တယ်ဆိုတာ ပြလိုက်တာပဲ။ ဒါ့အပြင် အသန့်ရှင်းဆုံးဌာနဖြစ်တဲ့ ကောင်းကင်ကို အခု ဝင်လို့ရပြီဆိုတာကိုလည်း ဖော်ပြတယ်။—လူအားလုံး အရမ်းကြောက်နေကြမှာပဲ။ ယေရှုကိုသတ်ဖို့ တာဝန်ပေးခံရတဲ့ တပ်မှူးလည်း ဒါတွေကိုမြင်တော့ “သေချာတယ်၊ သူဟာ ဘုရားသခင်ရဲ့ သားပဲ” လို့ကောက်ချက်ချတယ်။ (မာကု ၁၅:၃၉) ဘုရားရဲ့သားတော် ဟုတ်မဟုတ် ပိလတ်မင်းရှေ့ ယေရှုကို စစ်ဆေးမေးမြန်းတုန်းက သူလည်းရှိနေတာ ဖြစ်နိုင်တယ်။ အခုတော့ ယေရှုဟာ ဖြောင့်မတ်သူဖြစ်မှန်း၊ ဘုရားရဲ့သားဖြစ်မှန်း သူ ယုံကြည်လက်ခံသွားပြီ။
ကျန်တဲ့သူတွေက ဒီထူးဆန်းတဲ့ ဖြစ်ရပ်တွေကို မြင်တဲ့အခါ အရမ်းဝမ်းနည်းပြီး စိတ်ထိခိုက်လွန်းလို့ “ရင်ဘတ်ထုပြီး” အိမ်ပြန်သွားကြတယ်။ (လုကာ ၂၃:၄၈) ခပ်လှမ်းလှမ်းက ရပ်ကြည့်နေသူတွေထဲမှာ ယေရှုနဲ့အတူ ခရီးသွားဖူးတဲ့ နောက်လိုက်အမျိုးသမီးတွေလည်း ပါတယ်။ သူတို့လည်း ဒီထူးခြားတဲ့ ဖြစ်ရပ်တွေကြောင့် သိပ်ဝမ်းနည်းနေကြတယ်။