အခန်း ၁၃၈
ဘုရားသခင့်လက်ယာတော်ဘက်မှာရှိနေတဲ့ ခရစ်တော်
-
ဘုရားသခင်ရဲ့ ညာဘက်မှာ ထိုင်နေ
-
ရှောလု တပည့်ဖြစ်လာ
-
ရွှင်လန်းဝမ်းမြောက်ဖို့ အကြောင်းကောင်းရှိ
ယေရှု ကောင်းကင်တက်သွားပြီး ဆယ်ရက်အကြာ ပင်တေကုတ္တေပွဲနေ့မှာ သန့်ရှင်းသောစွမ်းအားတော် သွန်းလောင်းခြင်းက သူကောင်းကင်မှာရှိမှန်း သက်သေထူတယ်။ နောက်တစ်ချက်ကလည်း သက်သေထူတယ်။ တပည့်ဖြစ်သူ သတေဖန်ဟာ ယေရှုအကြောင်း သစ္စာရှိရှိ သက်သေခံတာကြောင့် ကျောက်ခဲနဲ့ ပေါက်သတ် မခံရခင်လေးမှာ “ကောင်းကင်ပွင့်လာတာ၊ ဘုရားသခင်ရဲ့ ညာဘက်မှာ လူသားရပ်နေတာကို ကျွန်တော်မြင်တယ်” လို့ပြောတယ်။—တမန်တော် ၇:၅၆။
ယေရှုဟာ ကောင်းကင်မှာ အဖဘုရားနဲ့အတူ ရှိနေပြီဖြစ်ပေမဲ့ ကျမ်းစာမှာ ကြိုပြောထားတဲ့ အမိန့်တစ်ခုကို စောင့်ရဦးမယ်။ စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ဘုရင်ဒါဝိဒ် အခုလို ရေးခဲ့တယ်– “ယေဟောဝါက ‘ရန်သူတွေကို မင်းရဲ့ခြေအောက်မှာ မချခင်အထိ ငါ့ညာဘက်မှာ ထိုင်နေပါ’ လို့ ငါ့သခင် [ယေရှု] ကိုပြောတယ်။” စောင့်ရတဲ့ အချိန်စေ့သွားတဲ့အခါမှာတော့ ယေရှုက “[သူ့] ရန်သူတွေအလယ်မှာ သွားအုပ်စိုး” မှာဖြစ်တယ်။ (ဆာလံ ၁၁၀:၁၊ ၂) ဒါပေမဲ့ ရန်သူတွေကို အရေးယူဖို့ စောင့်နေတုန်းမှာ ကောင်းကင်ကနေ ယေရှု ဘာလုပ်မလဲ။
အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ ခရစ်ယာန်အသင်းတော်ကို စတင်တည်ထောင်တယ်။ အဲဒီအချိန်ကစပြီး ယေရှုဟာ စွမ်းအားတော်နဲ့ ဘိသိက်ပေးခံရတဲ့ တပည့်တွေကို ကောင်းကင်ကနေ အုပ်ချုပ်တယ်။ (ကောလောသဲ ၁:၁၃) သူတို့ရဲ့ ဟောပြောခြင်းလုပ်ငန်းကို လမ်းညွှန်ပေးတဲ့အပြင် အနာဂတ်မှာ သူတို့ လုပ်ရမယ့် အလုပ်အတွက်လည်း ပြင်ဆင်ပေးတယ်။ အဲဒါ ဘာအလုပ်လဲ။ သူတို့ဟာ သေတဲ့အထိ သစ္စာရှိမယ်ဆိုရင် ရှင်ပြန်ထမြောက်လာမှာဖြစ်ပြီး နိုင်ငံတော်မှာ ယေရှုနဲ့အတူ တွဲဖက်ဘုရင်တွေအဖြစ် အုပ်စိုးခွင့်ရကြမှာ ဖြစ်တယ်။
အနာဂတ်ဘုရင် ဖြစ်မယ့်သူတွေထဲမှာ ထူးခြားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကတော့ ရောမနာမည် ပေါလုလို့ လူသိများတဲ့ ရှောလုပါ။ သူက ဘုရားသခင့်ပညတ်တွေနဲ့ ပတ်သက်ရင် အလွန်စိတ်ထက်သန်တဲ့ ဂျူးတစ်ယောက်ဖြစ်ပေမဲ့ ဂျူးဘာသာရေး ခေါင်းဆောင်တွေကြောင့် လမ်းလွဲပြီး သတေဖန်ကို ကျောက်ခဲနဲ့ ပေါက်သတ်တဲ့ ကိစ္စမှာတောင် အလိုတူအလိုပါ ဖြစ်ခဲ့တယ်။ ဒါ့အပြင် ရှောလုဟာ “သခင့်တပည့်တွေကို ခြိမ်းခြောက်၊ သတ်ဖြတ်ချင်စိတ် ပြင်းထန်နေတဲ့အတွက်” ဒမတ်စကတ်မြို့ကို သွားတယ်။ ယေရှုရဲ့ တပည့်တွေကို ဖမ်းဆီးပြီး ဂျေရုဆလင်မြို့ကို ခေါ်လာဖို့ ပုရောဟိတ်မင်း ကယာဖဆီကနေ လုပ်ပိုင်ခွင့်တောင် ရခဲ့တယ်။ (တမန်တော် ၇:၅၈။ ၉:၁) ဒါပေမဲ့ အဲဒီကို သွားနေတုန်း သူ့ပတ်လည်မှာ တောက်ပတဲ့အလင်း ပေါ်လာတာကြောင့် မြေပေါ် လဲကျသွားတယ်။
မမြင်ရတဲ့ တစ်နေရာကနေ “ရှောလု၊ ရှောလု၊ ငါ့ကို ဘာလို့ နှိပ်စက်ညှဉ်းဆဲနေတာလဲ” ဆိုပြီး ပြောတာကို ကြားရတယ်။ ရှောလုက “သခင်ဟာ ဘယ်သူလဲ” လို့မေးတဲ့အခါ “ငါဟာ မင်းနှိပ်စက်ညှဉ်းဆဲနေတဲ့ ယေရှုပဲ” လို့ပြန်ဖြေတယ်။—တမန်တော် ၉:၄၊ ၅။
ယေရှုက ရှောလုကို ဒမတ်စကတ်မြို့ထဲ သွားပြီး ညွှန်ကြားချက်တွေကို စောင့်ခိုင်းတယ်။ ဒါပေမဲ့ အံ့ဖွယ်အလင်းကြောင့် သူ့မျက်စိကွယ်သွားလို့ တခြားသူတွေက မြို့ထဲကို ပို့ပေးကြတယ်။ တခြား စိတ်အာရုံတစ်ခုမှာတော့ ဒမတ်စကတ်မြို့မှာနေတဲ့ တပည့်ဖြစ်သူ အာနနိရှေ့ ယေရှု ပေါ်လာတယ်။ ယေရှုက အာနနိကို တစ်နေရာသွားပြီး ရှောလုကို ရှာခိုင်းတယ်။ အာနနိ ကြောက်နေတာကြောင့် ယေရှုက “ဒီလူဟာ လူမျိုးခြားတွေနဲ့ ရှင်ဘုရင်တွေကိုရော အစ္စရေးလူတွေကိုပါ ငါ့အကြောင်း သက်သေခံဖို့ ငါရွေးချယ်ထားသူပဲ” လို့ပြောပြီး အားပေးတယ်။ ရှောလု မျက်စိပြန်မြင်လာတဲ့အခါ “ယေရှုဟာ ဘုရားသခင်ရဲ့သား ဖြစ်တဲ့အကြောင်း” ဒမတ်စကတ်မြို့မှာ “စပြီးဟောပြောတော့တယ်။”—ယေရှုရဲ့ ကူညီထောက်မမှုကြောင့် ပေါလုနဲ့ တခြားသူတွေဟာ ယေရှုအစပြုခဲ့တဲ့ သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းကို ဆက်လုပ်ဆောင်ခဲ့ကြတယ်။ ဘုရားသခင့်ကောင်းချီးကြောင့် ထူးခြားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့တယ်။ ဒမတ်စကတ်မြို့သွားတဲ့ လမ်းပေါ်မှာ ယေရှု ပေါ်လာပြီးနောက် ၂၅ နှစ်လောက်အကြာမှာ ပေါလုက “ကမ္ဘာမြေအရပ်ရပ်မှာရှိတဲ့ လူတိုင်းကို သတင်းကောင်း ဟောပြောခဲ့ပြီ” လို့ရေးခဲ့တယ်။—ကောလောသဲ ၁:၂၃။
နောက်ပိုင်းနှစ်တွေမှာ ယေရှုက သူချစ်ရတဲ့ တမန်တော် ယောဟန်ကို စိတ်အာရုံတွေ ပေးခဲ့တယ်။ အဲဒါကို ဗျာဒိတ်ကျမ်းမှာ မှတ်တမ်းတင်ထားတယ်။ အဲဒီ စိတ်အာရုံတွေကတစ်ဆင့် ယောဟန်က နိုင်ငံတော်အာဏာနဲ့ ယေရှု ပြန်လာတာကို မြင်ခဲ့ရတယ်။ (ယောဟန် ၂၁:၂၂) ယောဟန်ဟာ “စွမ်းအားတော်နဲ့ပြည့်ပြီး သခင့်နေ့တော်ကို ရောက်သွားတယ်။” (ဗျာဒိတ် ၁:၁၀) သခင့်နေ့တော်ဆိုတာ ဘယ်အချိန်လဲ။
ကျမ်းစာပရောဖက်ပြုချက်ကို သေချာ လေ့လာကြည့်တဲ့အခါ “သခင့်နေ့တော်ဟာ” မျက်မှောက်ခေတ်မှာ စတင်တယ်ဆိုတာ သိရတယ်။ ၁၉၁၄ ခုနှစ်မှာ ပထမကမ္ဘာစစ် ဖြစ်ပွားခဲ့တယ်။ အဲဒီအချိန်ကစပြီး နောက်ပိုင်းနှစ်တွေမှာ စစ်ပွဲ၊ ရောဂါ၊ အစာခေါင်းပါးတာ၊ ငလျင်လှုပ်တာတွေ ပိုဖြစ်လာတယ်။ အဲဒါတွေအပြင် တခြားသက်သေ အထောက်အထားတွေက မိမိ “ရောက်ရှိ” နေကြောင်း၊ “အဆုံး” နဲ့ပတ်သက်ပြီး တမန်တော်တွေကို ယေရှုပေးခဲ့တဲ့ “နိမိတ်” အကြီးစား ပြည့်စုံနေကြောင်း ဖော်ပြတယ်။ (မဿဲ ၂၄:၃၊ ၇၊ ၈၊ ၁၄) အခုချိန်မှာ နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းကို ရောမအင်ပါယာတစ်ခုတည်းမှာ မဟုတ်ဘဲ တစ်ကမ္ဘာလုံးမှာ လုပ်ဆောင်နေတယ်။
အဲဒါတွေက ဘာအဓိပ္ပာယ်လဲ ဆိုတာကို စွမ်းအားတော် လမ်းညွှန်မှုနဲ့ ယောဟန် အခုလိုပြောတယ်– “ဘုရားသခင်က လူတွေကို ကယ်တင်ပြီ။ တန်ခိုးတော်ပြပြီ။ နိုင်ငံတော် တည်ထောင်ပြီ။ ခရစ်တော်ရဲ့ အခွင့်အာဏာ စတင်သက်ရောက်ပြီ။” (ဗျာဒိတ် ၁၂:၁၀) မှန်ပါတယ်၊ ယေရှု ကျယ်ကျယ်ပြန့်ပြန့် ဟောပြောခဲ့တဲ့ ဘုရားသခင့် ကောင်းကင်နိုင်ငံတော်ဟာ တကယ်တည်ရှိတဲ့အရာ ဖြစ်တယ်။
အဲဒါက ယေရှုရဲ့ သစ္စာရှိတပည့်အားလုံးအတွက် သတင်းကောင်းပါပဲ။ ယောဟန်ရဲ့ ဒီစကားတွေကို သူတို့ မှတ်သားထားနိုင်တယ်– “ဒါကြောင့် ကောင်းကင်နဲ့ ကောင်းကင်မှာ နေထိုင်သူတို့၊ ဝမ်းမြောက်ကြပါ။ မြေကြီးနဲ့ပင်လယ်ဟာ အဖြစ်ဆိုး ကြုံနေရပြီ။ မာရ်နတ်က သူ့အတွက် အချိန်နည်းနည်းပဲ ကျန်တော့မှန်းသိလို့ မင်းတို့ဆီ ဒေါသတကြီး ဆင်းလာပြီ။”—ဗျာဒိတ် ၁၂:၁၂။
ဒါကြောင့် အခု ယေရှုက ဘုရားသခင့် ညာဘက်မှာထိုင်ပြီး စောင့်နေတာ မဟုတ်တော့ဘူး။ ဘုရင်အဖြစ် စိုးစံနေပြီ။ မကြာခင်မှာ သူ့ရန်သူအားလုံးကို ဖယ်ရှားပစ်တော့မယ်။ (ဟီဘရူး ၁၀:၁၂၊ ၁၃) ဒီတော့ အနာဂတ်မှာ ဘယ်စိတ်လှုပ်ရှားစရာ အဖြစ်အပျက်တွေ စောင့်ကြိုနေသလဲ။