အခန်း ၁၃၉
ပရဒိသုဆောင်ကြဉ်းပေး၊ တာဝန်ပြီးမြောက်အောင် လုပ်ဆောင်
-
သိုးနဲ့ဆိတ်တွေ ရရှိမယ့် ရလဒ်
-
မြေကြီးပရဒိသုမှာ လူများစွာ ပျော်မွေ့ကြ
-
လမ်းခရီး၊ အမှန်တရား၊ အသက်ဖြစ်ကြောင်း သက်သေပြ
ယေရှု နှစ်ခြင်းခံပြီး သိပ်မကြာခင်မှာ ရန်သူ စာတန်မာရ်နတ်နဲ့ ရင်ဆိုင်ခဲ့ရတယ်။ သူ့အမှုဆောင်လုပ်ငန်း စတောင်မစရသေးဘူး၊ ကျရှုံးအောင်လုပ်ဖို့ စာတန်ကြိုးစားတယ်။ မှန်ပါတယ်၊ စာတန်က ယေရှုကို သွေးဆောင်ဖို့ အကြိမ်ကြိမ် ကြိုးစားတယ်။ နောက်ပိုင်းမှာ ယေရှုက စာတန်နဲ့ပတ်သက်ပြီး “ဒီလောကရဲ့မင်းက လာနေပြီ။ သူလာပေမဲ့ ကျွန်တော့်ကို မချုပ်ကိုင်နိုင်ပါဘူး” လို့ပြောတယ်။—ယောဟန် ၁၄:၃၀။
တမန်တော်ယောဟန်ဟာ “မာရ်နတ်စာတန်လို့ခေါ်တဲ့ ရှေးမြွေဟောင်း၊ နဂါးကြီး” ဘာဖြစ်မယ်ဆိုတာ စိတ်အာရုံမှာ မြင်ခဲ့တယ်။ လူသားထုရဲ့ရန်သူကြီး စာတန်ဟာ ကောင်းကင်ကနေ ပစ်ချခံရတယ်။ ‘သူ့အတွက် အချိန်နည်းနည်းပဲ ကျန်တော့မှန်းသိလို့ ဒေါသတကြီး’ ဖြစ်နေတယ်။ (ဗျာဒိတ် ၁၂:၉၊ ၁၂) ခရစ်ယာန်တွေက အဲဒီ “အချိန်နည်းနည်း” အတွင်းမှာ သူတို့ အသက်ရှင်နေရတယ်၊ မကြာခင် “ရှေးမြွေဟောင်း” တွင်းနက်ကြီးထဲ ပစ်ချခံရတော့မယ်၊ ဘုရားသခင့်နိုင်ငံတော်မှာ ယေရှုအုပ်ချုပ်တဲ့ အနှစ်တစ်ထောင်အတွင်း မလှုပ်ရှားနိုင်အောင် ချည်နှောင်ခံရမယ် ဆိုတာတွေကို ယုံကြည်ဖို့ အကြောင်းကောင်း ရှိပါတယ်။—ဗျာဒိတ် ၂၀:၁၊ ၂။
အဲဒီအချိန်အတွင်း ကျွန်တော်တို့ရဲ့စံအိမ် ကမ္ဘာမြေကြီးမှာ ဘာတွေဖြစ်ပျက်လာမလဲ။ ကမ္ဘာပေါ်မှာ ဘယ်သူတွေ နေထိုင်ကြမလဲ။ ဘယ်လို အခြေအနေရှိမလဲ။ ဒီမေးခွန်းတွေကို ယေရှုကိုယ်တိုင် အဖြေပေးခဲ့တယ်။ သိုးနဲ့ဆိတ် ပုံဥပမာမှာ ယေရှုက သူ့ညီတွေကို ကောင်းမှုပြုတဲ့ သိုးလို ဖြောင့်မတ်သူတွေ အနာဂတ်မှာ ဘာကောင်းချီးရမယ်ဆိုတာ ပြောခဲ့တယ်။ ညီတွေကို ကောင်းမှု မပြုတဲ့ ဆိတ်လိုလူတွေ ဘာရလဒ်ရမယ်ဆိုတာကိုလည်း ဖော်ပြခဲ့တယ်။ “သူတို့ [ဆိတ်တွေ] ဟာ ထာဝရ ဖျက်ဆီးခံရလိမ့်မယ်၊ ဖြောင့်မတ်သူတွေ [သိုးတွေ] ကတော့ ထာဝရအသက် ရလိမ့်မယ်။”—မဿဲ ၂၅:၄၆။
ဒီအချက်က ယေရှုဘေးမှာ သစ်တိုင်တင်ခံရတဲ့ ရာဇဝတ်သားကို ပြောခဲ့တဲ့စကားတွေကို နားလည်ဖို့ ကူညီပေးတယ်။ ယေရှုက သစ္စာရှိတမန်တော်တွေကို ပေးခဲ့တဲ့ ကောင်းကင်နိုင်ငံတော် ဝင်ခွင့် မျှော်လင့်ချက်ကို အဲဒီရာဇဝတ်သားကို မပေးခဲ့ဘူး။ အဲဒီအစား နောင်တရတဲ့ ရာဇဝတ်သားကို “ဒီနေ့ ကျွန်တော် မှန်တာကိုပြောမယ်။ ခင်ဗျားဟာ ကျွန်တော်နဲ့အတူ ပရဒိသုမှာ ရှိလိမ့်မယ်” လို့လုကာ ၂၃:၄၃) ဒါကြောင့် အဲဒီလူဟာ လှပတဲ့ဥယျာဉ်၊ ပန်းခြံနဲ့တူတဲ့ ပရဒိသုမှာ အသက်ရှင်ဖို့ မျှော်လင့်ချက် ရရှိခဲ့တယ်။ ဒီနေ့အချိန်မှာလည်း “ထာဝရအသက်” ရမယ့် သိုးလိုလူတွေဟာ အဲဒီမြေကြီးပရဒိသုမှာ နေထိုင်ခွင့်ရမှာ ဖြစ်တယ်။
ပြောခဲ့တယ်။ (ဒါက မြေကြီးပေါ်မှာရှိမယ့် အခြေအနေနဲ့ ပတ်သက်ပြီး တမန်တော်ယောဟန် ဖော်ပြခဲ့တဲ့အချက်နဲ့လည်း ကိုက်ညီတယ်။ သူဒီလိုပြောတယ်– “ဘုရားသခင်ရဲ့ တဲတော်ဟာ လူတွေနဲ့ အတူရှိပြီး ဘုရားက သူတို့ဆီမှာ စံမြန်းမယ်။ သူတို့လည်း ဘုရားရဲ့လူမျိုး ဖြစ်လိမ့်မယ်။ ဘုရားသခင်ကိုယ်တိုင် သူတို့နဲ့အတူ ရှိနေမယ်။ ဘုရားသခင်က သူတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်ပေးလိမ့်မယ်။ သေခြင်းရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး။ အရင်ကဖြစ်ဖူးတာတွေ ကွယ်ပျောက်သွားပြီ။”—ဗျာဒိတ် ၂၁:၃၊ ၄။
သစ်တိုင်တင်ခံခဲ့ရတဲ့ ရာဇဝတ်သားဟာ မြေကြီးပရဒိသုမှာ ပျော်မွေ့နိုင်ဖို့အတွက် သေရာကနေ အသက် ပြန်ရှင်လာပါလိမ့်မယ်။ ဒါပေမဲ့ သူတစ်ယောက်တည်း ပြန်ရှင်လာမှာ မဟုတ်ဘူး။ ယေရှု အခုလို ရှင်းပြတယ်– “ဒါကို မအံ့ဩကြပါနဲ့။ သင်္ချိုင်းဂူတွေမှာ ရှိနေသူအားလုံး သားတော်ရဲ့အသံကို ကြားပြီး ထွက်လာမယ့်အချိန် ရောက်လာတော့မယ်။ ကောင်းတဲ့အကျင့်ကို ကျင့်သူတွေ အသက်ရှင်ဖို့ ထမြောက်လာလိမ့်မယ်။ ဆိုးညစ်တဲ့အကျင့်ကို ကျင့်သူတွေကတော့ တရားစီရင်ခံရဖို့ ထမြောက်လာလိမ့်မယ်။”—ယောဟန် ၅:၂၈၊ ၂၉။
ဒါဆိုရင် ယေရှုနဲ့အတူ ကောင်းကင်မှာရှိမယ့် သစ္စာရှိတမန်တော်တွေ၊ အရေအတွက် ကန့်သတ်ထားတဲ့ တခြားသူတွေကော ဘယ်လိုလဲ။ ကျမ်းစာ ဒီလိုပြောတယ်– “သူတို့ဟာ ဘုရားသခင်နဲ့ ခရစ်တော်ရဲ့ ပုရောဟိတ်တွေ ဖြစ်ပြီး ခရစ်တော်နဲ့အတူ ဘုရင်တွေအဖြစ် အနှစ် ၁,၀၀၀ အုပ်စိုးရလိမ့်မယ်။” (ဗျာဒိတ် ၂၀:၆) သူတို့က ခရစ်တော်နဲ့အတူ ပူးတွဲပြီး မြေကြီးပေါ်မှာရှိတဲ့ အမျိုးသား အမျိုးသမီးတွေကို အုပ်ချုပ်ကြပါလိမ့်မယ်။ သူတို့ဟာ မြေကြီးပေါ်မှာရှိသူတွေကို ကိုယ်ချင်းစာ နားလည်ပေးတတ်တဲ့ အုပ်စိုးရှင်တွေ ဖြစ်ပါလိမ့်မယ်။—ဗျာဒိတ် ၅:၁၀။
ယေရှုဟာ မြေကြီးပေါ်မှာရှိတဲ့ လူသားတွေအတွက် သူ့ရဲ့ ရွေးဖိုးပူဇော်သကာကို အသုံးပြုမှာဖြစ်ပြီး သူတို့အမွေရထားတဲ့ အပြစ်ကို ဖယ်ရှားပေးပါလိမ့်မယ်။ သူနဲ့ သူ့ရဲ့တွဲဖက် အုပ်စိုးရှင်တွေဟာ သစ္စာရှိ လူသားတွေကို ပြည့်ဝစုံလင်လာအောင် လုပ်ပေးလိမ့်မယ်။ များပြားစွာမွေးဖွားပြီး မြေကြီးကို ပြည့်စေပါလို့ အာဒံနဲ့ ဧဝကို ဘုရားသခင်ပြောခဲ့ချိန်က ရည်ရွယ်ခဲ့တဲ့ အသက်တာကို လူသားတွေ ခံစားပျော်မွေ့ကြပါလိမ့်မယ်။ အာဒံရဲ့အပြစ်ကြောင့် ဖြစ်ပေါ်လာတဲ့ သေခြင်းတောင် ရှိတော့မှာ မဟုတ်ဘူး။
ဒီလိုနည်းနဲ့ ယေရှုဟာ ယေဟောဝါဘုရား စေခိုင်းသမျှကို ပြီးမြောက်အောင် လုပ်ဆောင်ပါလိမ့်မယ်။ အနှစ်တစ်ထောင် အုပ်ချုပ်မှုအဆုံးမှာတော့ ယေရှုက နိုင်ငံတော်နဲ့ ပြည့်ဝစုံလင်တဲ့ လူ့မိသားစုကြီးကို အဖဘုရားဆီ ပြန်အပ်ပါလိမ့်မယ်။ ဒီလို ထူးခြားအံ့သြဖွယ်ကောင်းတဲ့ ယေရှုရဲ့ နှိမ့်ချမှုနဲ့ပတ်သက်ပြီး တမန်တော်ပေါလု အခုလိုရေးခဲ့တယ်– “အရာခပ်သိမ်းကို သားတော်ရဲ့ခြေအောက်မှာ ချထားပြီးတဲ့အခါ အရာခပ်သိမ်းကို ချထားတဲ့ ဘုရားသခင်ကို သားတော်ကိုယ်တိုင် လက်အောက်ခံလိမ့်မယ်။ အဲဒီအခါ ဘုရားသခင်ဟာ လူအားလုံးရဲ့ တစ်ပါးတည်းသော အုပ်စိုးရှင် ဖြစ်လိမ့်မယ်။”—၁ ကောရိန္သု ၁၅:၂၈။
ဘုရားသခင်ရဲ့ မြင့်မြတ်တဲ့ ရည်ရွယ်ချက်တွေ ပြည့်စုံရေးမှာ ယေရှုဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်ဆိုတာ အသေအချာပါပဲ။ အဆုံးမရှိတဲ့ ထာဝရကာလတစ်လျှောက်လုံး အဲဒီရည်ရွယ်ချက်တွေ ဆက်ဖြစ်မြောက်သွားတဲ့အခါ ယေရှုဟာ “ကျွန်တော်ဟာ လမ်းခရီးဖြစ်တယ်၊ အမှန်တရားလည်း ဖြစ်တယ်။ အသက်လည်း ဖြစ်တယ်” ဆိုတဲ့စကားအတိုင်း အပြည့်အဝ လုပ်ဆောင်သွားပါလိမ့်မယ်။—ယောဟန် ၁၄:၆။