အခန်း ၁၂၄
ခရစ်တော် သစ္စာဖောက်အပ်နှံခံရပြီး အဖမ်းခံရ
မဿဲ ၂၆:၄၇-၅၆ မာကု ၁၄:၄၃-၅၂ လုကာ ၂၂:၄၇-၅၃ ယောဟန် ၁၈:၂-၁၂
-
ဥယျာဉ်မှာ ယုဒ သစ္စာဖောက် အပ်နှံ
-
လူတစ်ယောက်ရဲ့ နားရွက်ကို ပေတရု ခုတ်
-
ယေရှု အဖမ်းခံရ
အခု သန်းခေါင်ကျော်သွားပြီ။ ပုရောဟိတ်တွေက ယေရှုကို သစ္စာဖောက်အပ်နှံတဲ့ ယုဒကို ငွေစ ၃၀ ပေးလိုက်တယ်။ ဒါကြောင့် ယုဒက ယေရှုကိုရှာဖို့ ပုရောဟိတ်မင်းနဲ့ ဖာရိရှဲတွေ လွှတ်လိုက်တဲ့ လူအုပ်ကို ဦးဆောင်လာတယ်။ တပ်မှူးတစ်ယောက်နဲ့ ရောမစစ်သည်တစ်စုလည်း ပါလာတယ်။
ယုဒကို ပသခါညစာစားပွဲကနေ ထွက်သွားခိုင်းလိုက်တာနဲ့ သူက ပရောဟိတ်ကြီးတွေဆီ တန်းသွားတာ ဖြစ်နိုင်တယ်။ (ယောဟန် ၁၃:၂၇) သူတို့က အစောင့်ရဲမက်တွေအပြင် စစ်သည်တစ်စုကိုပါ ခေါ်လိုက်တယ်။ ယုဒက အဲဒီလူတွေကို ဦးဆောင်ပြီး ယေရှုနဲ့ တမန်တော်တွေ ပသခါပွဲ ကျင်းပတဲ့အိမ်ဆီ အရင်ခေါ်သွားတာ ဖြစ်မယ်။ အခုတော့ လူအုပ်က ကိဒြုန်ချိုင့်ဝှမ်းကို ဖြတ်ပြီး ဥယျာဉ်ဆီ လာနေကြတယ်။ သူတို့မှာ ဓားတွေ၊ တုတ်တွေအပြင် ယေရှုကို ရှာတွေ့ဖို့ မီးတုတ်၊ မီးအိမ်တွေလည်း ပါလာတယ်။
ယုဒက လူအုပ်ကို ဦးဆောင်ပြီး သံလွင်တောင်ပေါ် တက်လာချိန်မှာ ယေရှုရှိမယ့် နေရာကို ကောင်းကောင်း သိထားတယ်။ လွန်ခဲ့တဲ့အပတ်မှာ ယေရှုနဲ့ တမန်တော်တွေ ဗေသနိနဲ့ ဂျေရုဆလင်ကို သွားလိုက်ပြန်လိုက် လုပ်တဲ့အခါ ဂေသရှေမန်ဥယျာဉ်မှာ နားလေ့ရှိကြတယ်။ အခု ညဘက်ဆိုတော့ ဥယျာဉ်ထဲက သံလွင်ပင်တွေအောက်မှာ ယေရှု ရှိနေနိုင်တယ်။ ဒီတော့ ယေရှုကို မမြင်ဖူးတဲ့ စစ်သားတွေဟာ ယေရှုက ဘယ်သူမှန်း ဘယ်လို သိနိုင်မလဲ။ သူတို့သိနိုင်ဖို့ ယုဒက “ငါနမ်းတဲ့သူဟာ ယေရှုပဲ။ သူ့ကိုဖမ်းပြီး စောင့်ကြပ်ခေါ်သွားကြ” လို့အချက်ပေးထားပြီးပြီ။—မာကု ၁၄:၄၄။
ယုဒက လူအုပ်ကို ဦးဆောင်ပြီး ဥယျာဉ်ထဲ ဝင်လာတဲ့အခါ ယေရှုနဲ့ တမန်တော်တွေကို တွေ့သွားတယ်။ ဒါနဲ့ ယေရှုဆီ တန်းသွားလိုက်ပြီး “ဆရာ၊ မင်္ဂလာပါ” ဆိုပြီး နမ်းလိုက်တယ်။ ယေရှုကလည်း “ဘာအတွက် လာတာလဲ” လို့ ယုဒကို မေးတယ်။ (မဿဲ ၂၆:၄၉၊ ၅၀) ပြီးတော့ “ယုဒ၊ ခင်ဗျားက လူသားကို နမ်းပြီး သစ္စာဖောက်လိုက်တာပေါ့” လို့ပြောတယ်။ (လုကာ ၂၂:၄၈) ဒီနောက် သစ္စာဖောက်ယုဒကို ယေရှု ဘာမှ ထပ်မပြောတော့ဘူး။
အခု မီးတုတ်၊ မီးအိမ်တွေ ထွန်းထားတဲ့ အလင်းရောင်ထဲ ယေရှု ထွက်လာပြီး “ဘယ်သူ့ကို ရှာနေတာလဲ” လို့မေးတယ်။ “နာဇရက်မြို့သား ယေရှုကို ရှာနေတာ” လို့ သူတို့ဖြေတော့ ယေရှုက “ကျွန်တော်ဟာ ယေရှုပဲ” လို့ သတ္တိရှိရှိ ပြောလိုက်တယ်။ (ယောဟန် ၁၈:၄၊ ၅) သူတို့လည်း ဘာဖြစ်လာမယ်မှန်း မသိတာကြောင့် နောက်ဆုတ်သွားပြီး လဲကျကုန်တယ်။
ယေရှုက ဒါကိုအခွင့်ကောင်းယူပြီး အမှောင်ထဲ ထွက်ပြေးသွားမယ့်အစား ဘယ်သူ့ကို ရှာနေတာလဲလို့ ထပ်မေးတဲ့အခါ “နာဇရက်မြို့သား ယေရှုကို ရှာနေတာ” လို့ဖြေကြတယ်။ “ကျွန်တော်ဟာ ယေရှုပါလို့ ပြောပြီးပြီပဲ။ ကျွန်တော့်ကို ရှာနေတာဆိုရင် သူတို့တွေ သွားပါစေ” လို့ တည်တည်ငြိမ်ငြိမ် ပြောလိုက်တယ်။ သေရေးရှင်ရေး ဖြစ်နေတဲ့အချိန်မှာတောင် ယေရှုဟာ တမန်တော်တွေ တစ်ယောက်မှ မဆုံးရှုံးပါဘူးဆိုတဲ့ သူ့စကားတွေကို ပြန်အမှတ်ရတယ်။ (ယောဟန် ၆:၃၉။ ၁၇:၁၂) သူက သစ္စာရှိ တမန်တော်တွေကို စောင့်ရှောက်ခဲ့တယ်။ “ပျက်စီးခြင်းရဲ့သား” ယုဒကလွဲလို့ တစ်ယောက်ကိုမှ မဆုံးရှုံးဘူး။ (ယောဟန် ၁၈:၇-၉) ဒါကြောင့် သစ္စာရှိ နောက်လိုက်တွေကို သွားခွင့်ပြုဖို့ သူတောင်းဆိုနေတာ။
ရပ်နေတဲ့ စစ်သားတွေက ယေရှုဆီလာတဲ့အခါ တမန်တော်တွေလည်း ဘာဖြစ်တော့မယ်ဆိုတာ ရိပ်မိပြီး “သခင်၊ ဓားနဲ့ ခုတ်လိုက်ရမလား” လို့မေးတယ်။ (လုကာ ၂၂:၄၉) ယေရှု ဘာမှပြန်မပြောခင် ပေတရုက တမန်တော်တွေဆီမှာရှိတဲ့ ဓားနှစ်လက်ထဲက တစ်လက်ကို ဆွဲထုတ်လိုက်ပြီး ပုရောဟိတ်မင်းရဲ့ကျွန် မာလခုကို ခုတ်လိုက်တဲ့အတွက် ညာဘက်နားရွက် ပြတ်သွားတယ်။
ယေရှုက မာလခုရဲ့ နားရွက်ကို တို့လိုက်တဲ့အခါ အနာပျောက်သွားတယ်။ ဒီနောက် ပေတရုကို “ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်ပါ။ ဓားကိုကိုင်တဲ့သူက ဓားနဲ့ပဲ သေဆုံးရလိမ့်မယ်” လို့ပြောပြီး အရေးကြီး သင်ခန်းစာတစ်ခု သင်ပေးလိုက်တယ်။ ယေရှုက “ဒါတွေ ဖြစ်လာရမယ်ဆိုတဲ့ ကျမ်းစကားတွေ ဘယ်လိုပြည့်စုံနိုင်တော့မလဲ” ဆိုပြီး ပြောတာကိုကြည့်ရင် လိုလိုလားလား အဖမ်းခံချင်မှန်း သိနိုင်တယ်။ (မဿဲ ၂၆:၅၂၊ ၅၄) ပြီးတော့ “အဖဘုရားပေးတဲ့ ခွက်ကို ကျွန်တော် မသောက်ဘဲ နေရမှာလား” ဆိုပြီး ပြောတယ်။ (ယောဟန် ၁၈:၁၁) ယေရှုက အသေခံတဲ့အထိ ဘုရားအလိုတော်အတိုင်း လုပ်ဖို့ သဘောတူ လက်ခံတယ်။
ဒီနောက် “ဓားပြကို ဖမ်းသလို ကျွန်တော့်ကို ဖမ်းဖို့ ဓားတွေ၊ တုတ်တွေကိုင်ပြီး လာရသလား။ ကျွန်တော် နေ့တိုင်း ဗိမာန်တော်မှာ ထိုင်ပြီး သွန်သင်နေတုန်းကတော့ ခင်ဗျားတို့ မဖမ်းကြဘူး။ တကယ်တော့ အခုလိုဖြစ်နေတာတွေဟာ ပရောဖက်ကျမ်း ပြည့်စုံလာဖို့ပဲ” လို့ လူအုပ်ကို ပြောလိုက်တယ်။—မဿဲ ၂၆:၅၅၊ ၅၆။
တပ်မှူးနဲ့ တပ်သားတွေ၊ အစောင့်ရဲမက်တွေလည်း ယေရှုကို ဖမ်းဆီး ချည်နှောင်ကြတော့တယ်။ ဒါကိုမြင်တဲ့အခါ တမန်တော်တွေ ထွက်ပြေးကြပါလေရော။ ဒါပေမဲ့ “လူရွယ်တစ်ယောက်က” လူအုပ်ထဲမှာ နေရစ်ပြီး နောက်ကနေ လိုက်လာတယ်။ သူက တပည့်မာကု ဖြစ်နိုင်တယ်။ (မာကု ၁၄:၅၁) နောက်တော့ သူ့ကို မှတ်မိသွားပြီး လိုက်ဖမ်းတော့ သူလည်း ဝတ်လုံကိုစွန့်ပြီး ထွက်ပြေးသွားတယ်။