မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၃၅

တပည့်များစွာကို ကိုယ်ယောင်ထင်ရှားပြ

တပည့်များစွာကို ကိုယ်ယောင်ထင်ရှားပြ

လုကာ ၂၄:၁၃-၄၉ ယောဟန် ၂၀:၁၉-၂၉

  • ဧမောက်​ရွာ​ကို သွားတဲ့​လမ်းမှာ ယေရှု​ပေါ်လာ

  • ကျမ်းချက်တွေ​ရဲ့ အဓိပ္ပာယ်​နားလည်အောင် အကြိမ်ကြိမ် ရှင်းပြ

  • သောမ သံသယ​ပျောက်​သွား

နိသန် ၁၆ ရက်၊ တနင်္ဂနွေ​နေ့မှာ တပည့်​တွေ ကြောက်​နေကြ​တယ်။ သင်္ချိုင်းဂူ ဘာလို့ ဟာလာဟင်းလင်း​ဖြစ်နေမှန်း နားမလည်​ကြဘူး။ (မဿဲ ၂၈:၉၊ ၁၀။ လုကာ ၂၄:၁၁) အဲဒီ​နေ့ ညနေပိုင်း​လောက်​မှာ က​လော​ဖ​နဲ့ နောက်​တပည့်​တစ်ယောက်ဟာ ဂျေရုဆလင်​မြို့ကနေ ခုနစ်မိုင်​လောက်​ဝေး​တဲ့ ဧမောက်​ရွာ​ကို သွား​နေကြ​တယ်။

ခရီးသွား​ရင်း ဖြစ်ပျက်​ခဲ့သမျှကို အချင်းချင်း ပြောဆို​ဆွေးနွေး​နေကြ​တယ်။ ဒီလို​ပြော​နေတုန်း သူစိမ်း​တစ်ယောက် ရောက်လာပြီး သူတို့နဲ့အတူ လိုက်​လာတယ်။ သူက “ခင်ဗျားတို့ ခရီးသွား​ရင်း ဘာ​အကြောင်း​တွေ ငြင်းခုံ​နေကြတာ​လဲ” လို့​မေးတော့ ကလောဖ​က “ဂျေရုဆလင်​မြို့မှာ​နေပြီး ဒီ​ရက်​ပိုင်း​မှာ ဘာတွေ​ဖြစ်နေမှန်း ခင်ဗျား​တစ်ယောက်ပဲ မသိတာ​ဆိုတော့ ခင်ဗျားဟာ တိုင်းတစ်ပါးသား​လား” လို့​ပြောတယ်။ သူစိမ်း​က​လည်း “ဘာ​အကြောင်း​များ​ပါလိမ့်” ဆိုပြီး​မေးတယ်။—လုကာ ၂၄:၁၇-၁၉

သူတို့က “နာဇရက်​မြို့သား ယေရှုရဲ့​အကြောင်း​ပေါ့။” “အစ္စ​ရေး​လူမျိုးကို ကယ်တင်မယ့်သူ​အဖြစ် သူ့ကို ကျွန်တော်တို့ မျှော်လင့်​ခဲ့​တာ” လို့​ပြောတယ်။—လုကာ ၂၄:၁၉-၂၁

ပြီးတော့ အဲဒီ​နေ့မှာ ဖြစ်ပျက်​ခဲ့​တဲ့ အကြောင်း​တွေကို ပြောပြတယ်။ အမျိုးသမီး​တချို့ ယေရှုရဲ့ သင်္ချိုင်းဂူ​ကို ရောက်​သွား​ပေမဲ့ ဟာလာဟင်းလင်း​ဖြစ်နေတာကို တွေ့ခဲ့​ရ​ကြောင်း၊ ထူးဆန်းတာ​က ယေရှု အသက်ပြန်ရှင်​ပြီလို့​ပြောတဲ့ ကောင်းကင်တမန်တွေကို အမျိုးသမီးတွေ မြင်ခဲ့​ရ​ကြောင်း ပြောပြတယ်။ တချို့​သူတွေ သင်္ချိုင်းဂူ​ကို သွား​ကြည့်​တော့​လည်း “သူတို့​ပြောတဲ့​အတိုင်း ဟုတ်​နေတယ်” ဆိုပြီး​ပြောပြတယ်။—လုကာ ၂၄:၂၄

အဲဒီ​တပည့်​နှစ်ယောက်ဟာ အဖြစ်အပျက်တွေရဲ့ အဓိပ္ပာယ်​ကို နားမလည်​ကြဘူး။ ဒီ​အခါ သူစိမ်း​က သူတို့ရဲ့ အတွေးအခေါ်​ကို တည့်မတ်​ပေးတယ်။ “ပရောဖက်​တွေ ပြောခဲ့သမျှကို နာယူ​ချင်စိတ်​မရှိတဲ့ အသိဉာဏ်​မဲ့​သူတို့၊ ခရစ်တော်ဟာ ဘုန်းအသရေ ရရှိဖို့ ဒီလို​ဝေဒနာ​တွေ ခံရမှာ​ပဲ မဟုတ်လား” ဆိုပြီး ပိုင်ပိုင်နိုင်နိုင်​ ပြောတဲ့အခါ သူတို့ စိတ်ထိမိ​သွားကြတယ်။ (လုကာ ၂၄:၂၅၊ ၂၆) ဒီ​နောက် ခရစ်တော်​နဲ့ ပတ်သက်ပြီး ကျမ်းစောင်​တွေ​ထဲမှာ ရေးထားသမျှကို ဆက်​ရှင်းပြတယ်။

ဒီလိုနဲ့ သူတို့​သွားမယ့်​ရွာ​နား ရောက်လာတယ်။ တပည့်​နှစ်ယောက်​က ထပ်​သိချင်​သေး​တာ​မို့ သူစိမ်း​ကို “ကျွန်တော်တို့​ဆီမှာ​ပဲ တည်း​လိုက်ပါ။ နေ့​တာ​ကုန်​လို့ မိုး​တောင်​ချုပ်​တော့​မယ်” ဆိုပြီး တိုက်တွန်း​နေတာ​နဲ့ သူလည်း သူတို့ဆီ​မှာ ဝင်​တည်း​လိုက်တယ်။ သူတို့တွေ စားသောက်ဖို့​ပြင်​တော့ သူစိမ်း​က ဆုတောင်းပြီး​တဲ့​နောက် မုန့်​ကို​ဖဲ့​ပြီး သူတို့ကို ပေးတယ်။ အဲဒီအခါ​ကျ​မှ ယေရှု​ဖြစ်နေမှန်း မှတ်မိ​သွား​ကြပေမဲ့ ယေရှု ကွယ်ပျောက်​သွားတယ်။ (လုကာ ၂၄:၂၉-၃၁) အခုတော့ ယေရှု အသက်ပြန်ရှင်​ပြီဆို​တာ သေချာပေါက် သိသွား​ကြပြီ။

တပည့်​နှစ်ယောက်​လည်း စိတ်လှုပ်ရှား​လွန်း​လို့ “လမ်းမှာ ငါတို့ကို သူ​စကားတွေ​ပြောပြီး ကျမ်းချက်တွေ အသေအချာ ရှင်းပြ​တုန်း​က ငါ​တို့​ရင်ထဲမှာ လှိုက်​ဆူ​သွားတာ​ပဲ မဟုတ်လား” ဆိုပြီး​ပြောတယ်။ (လုကာ ၂၄:၃၂) ပြီးတာနဲ့ ဂျေရုဆလင်​မြို့ကို ထပြန်​သွား​ကြတယ်။ အဲဒီမှာ တမန်တော်တွေ​နဲ့ တခြား​တပည့်​တွေကို တွေ့တယ်။ က​လော​ဖ​နဲ့ သူ့​အဖော် ဘာမှ မပြော​ရ​သေး​ခင် တခြား​သူတွေက “သခင် အသက်ပြန်ရှင်​လာတာ အမှန်​ပဲ။ ရှိမုန်​ကို လာ​တွေ့​သွားတယ်” လို့​ပြော​ကြတယ်။ (လုကာ ၂၄:၃၄) သူတို့​နှစ်ယောက်​လည်း ယေရှု ကိုယ်ယောင်​ထင်ရှားပြ​တဲ့​အကြောင်း ပြန်​ပြောပြတယ်။ မှန်ပါတယ်၊ သူတို့လည်း မျက်မြင်သက်သေ​တွေ​ပါပဲ။

အဲဒီလို​ပြော​နေတုန်း အခန်း​ထဲမှာ ယေရှု ပေါ်လာတဲ့​အခါ အားလုံး လန့်ဖျပ်​သွားကြတယ်။ တကယ်တော့ သူတို့က ဂျူးတွေကို​ကြောက်လို့ တံခါးပိတ်​ထား​ကြ​တာ။ အခု သူတို့​အလယ်မှာ ယေရှု ရပ်နေ​တာ​ကို​ကြည့်ပြီး မယုံနိုင်အောင် ဖြစ်နေကြတယ်။ ဒါနဲ့ ယေရှု​က “ငြိမ်သက်ခြင်း ရှိပါစေ” လို့ တည်တည်ငြိမ်ငြိမ်​နဲ့ ပြောလိုက်​တယ်။ သူတို့ကတော့ ကြောက်​နေကြ​တယ်။ အရင်​တစ်ခါတုန်းက​လို​ပဲ “ဝိညာဉ်​ပုဂ္ဂိုလ် ပေါ်လာတယ်​လို့” ထင်နေ​ကြတယ်။—လုကာ ၂၄:၃၆၊ ၃၇။ မဿဲ ၁၄:၂၅-၂၇

ယေရှု​က သူဟာ ဝိညာဉ်​မဟုတ်ဘဲ သွေးသား​ခန္ဓာ​ရှိကြောင်း သက်သေထူ​ဖို့ သူ့​ခြေလက်​တွေကို ပြ​လိုက်ပြီး “ဘာလို့ လန့်​သွားတာ​လဲ။ ဘာလို့ သံသယဝင်​နေတာလဲ။ ဒီမှာ ကျွန်တော့်​ခြေလက်​တွေကို ကြည့်။ ကျွန်တော်​ပါပဲ။ ကိုင်ကြည့်၊ စမ်းကြည့်​ကြပါ​ဦး။ ဝိညာဉ်​ပုဂ္ဂိုလ်​ဆိုရင် ဘယ်လိုလုပ်ပြီး ကျွန်တော့်​လို အရိုး​တွေ၊ အသားတွေ ရှိ​နိုင်မှာလဲ” လို့​ပြောတယ်။ (လုကာ ၂၄:၃၆-၃၉) သူတို့လည်း အံ့သြ​ပြီး သိပ်​ဝမ်းသာ​သွား​ပေမဲ့ မယုံနိုင်​ကြ​သေး​ဘူး။

ယေရှု​က သူ တကယ့် လူသား​ဖြစ်မှန်း သူတို့​ယုံ​အောင် “စားစရာ တစ်ခုခု​ရှိသလား” လို့​မေးတယ်။ ပြီးတော့ သူတို့​ပေးတဲ့ ငါး​ကင်​တစ်ပိုင်း​ကို ယူပြီး စား​ပြ​လိုက်တယ်။ ဒီ​နောက် “ကျွန်တော် ခင်ဗျားတို့နဲ့​အတူ ရှိခဲ့​တုန်း​က [မသေ​ခင်​တုန်း​က] မောရှေရဲ့​ပညတ်​ကျမ်း၊ ပရောဖက်​ကျမ်းတွေနဲ့ ဆာလံကျမ်း​မှာ ကျွန်တော့်​အကြောင်း ရေးထားသမျှ ပြည့်စုံ​ရမယ်လို့ ပြောခဲ့တာပဲ” ဆိုပြီး ပြောတယ်။​—လုကာ ၂၄:၄၁-၄၄

က​လော​ဖ​နဲ့ သူ့​အဖော်​ကို ကျမ်း​စကားတွေ နားလည်အောင် ယေရှု​ကူညီပေး​ခဲ့​ပြီးပြီ။ အခုလည်း ဒီ​နေရာမှာ စုဝေး​နေ​သူ အားလုံးကို အခုလို ရှင်းပြတယ်– “ကျမ်းစာမှာ ခရစ်တော်ဟာ ဝေဒနာ​ခံရမယ်၊ သုံးရက်​မြောက်​နေ့မှာ သေ​ရာ​ကနေ အသက်ပြန်ရှင်​လာမယ်၊ လူတွေ အပြစ်​ခွင့်လွှတ်​ခံရဖို့ နောင်တ​ယူရ​မယ်​ဆိုတဲ့​အကြောင်း ဂျေရုဆလင်​မြို့က​စပြီး လူမျိုး​အားလုံးကို သူ့​နာမည်​အမှီပြု​ပြီး ဟောပြော​ရမယ်လို့ ရေးထားတယ်။ အဲဒီ​အကြောင်း​တွေကို ခင်ဗျားတို့ သက်သေခံ​ရမယ်။”—လုကာ ၂၄:၄၆-၄၈

တမန်တော်​သောမက အကြောင်း​တစ်ခုခု​ကြောင့် အဲဒီ​နေရာမှာ မရှိဘူး။ နောက်​နေ့​တွေ​ကျတော့ ကျန်​တပည့်​တွေ​က “ငါ​တို့ သခင့်​ကို မြင်​လိုက်ရတယ်” လို့ ဝမ်းသာ​အားရ ပြောတဲ့အခါ သောမက “ကျွန်တော်ကတော့ သခင့်​လက်​မှာ​ရှိတဲ့ သံ​ရိုက်ရာ​ကို မမြင်​မ​စမ်း​ရ​ရင်၊ နံဘေး​ကို လက်နဲ့ မ​စမ်း​ရ​ရင် လုံးဝ​မယုံ​ဘူး” လို့​ပြန်​ပြောတယ်။—ယောဟန် ၂၀:၂၅

ရှစ်​ရက်​ကြာပြီးနောက် တပည့်​တွေ​က အိမ်​တစ်အိမ်​မှာ တံခါးတွေ​ပိတ်​ပြီး စုဝေး​ကြ​ပြန်တယ်။ ဒီ​တစ်ခါ​တော့ သောမ​လည်း ရှိနေတယ်။ သူတို့​အလယ်မှာ ယေရှု​က သွေးသား​ခန္ဓာကိုယ်​နဲ့ ပေါ်လာပြီး “ငြိမ်သက်ခြင်း ရှိပါစေ” လို့​ပြောတယ်။ အဲဒီနောက် သောမ​ကို​ကြည့်ပြီး “ကျွန်တော့်​လက်​က ဟောဒီ​သံ​ရိုက်ရာ​ကို စမ်းကြည့်။ ကျွန်တော့်​နံဘေး​ကိုလည်း လက်နဲ့​စမ်းကြည့်ပါ။ မယုံ​မရှိ​နဲ့။ ယုံ​လိုက်​စမ်း​ပါ” ဆိုတော့ သောမက “ကျွန်တော့်သခင်၊ ကျွန်တော့်​ဘုရားပါ​လား” လို့​ပြောတယ်။ (ယောဟန် ၂၀:၂၆-၂၈) မှန်ပါတယ်၊ ယေဟောဝါ​ဘုရားရဲ့ ကိုယ်စားလှယ်၊ ဝိညာဉ်​ပုဂ္ဂိုလ်​အဖြစ် ယေရှု အသက်ပြန်ရှင်​ပြီဆို​တာ အခု သောမ သံသယ​မရှိတော့ဘူး။

ယေရှု​က “ခင်ဗျား ကျွန်တော့်ကို​မြင်ရလို့ ယုံတာ​လား။ ကျွန်တော့်ကို​မမြင်​ဘဲ​နဲ့ ယုံတဲ့သူ​ဟာ ပျော်ရွှင်​ချမ်းမြေ့​ရလိမ့်မယ်” လို့​ဆက်ပြောတယ်။—ယောဟန် ၂၀:၂၉