မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၁၇

သခင့်ညစာစားပွဲ

သခင့်ညစာစားပွဲ

မဿဲ ၂၆:၂၁-၂၉ မာကု ၁၄:၁၈-၂၅ လုကာ ၂၂:၁၉-၂၃ ယောဟန် ၁၃:၁၈-၃၀

  • ယုဒ သစ္စာဖောက်​ဖြစ်ကြောင်း ဖော်ထုတ်​ခံရ

  • အောက်မေ့ရာပွဲ​ကို ယေရှု အစပြု​ကျင်းပ

ဒီ​ညနေပိုင်း​မှာ ယေရှု​က တမန်တော်တွေရဲ့​ခြေကို ဆေးပေး​ပြီး နှိမ့်ချမှုသင်ခန်းစာ သင်ပေးခဲ့တယ်။ အခု ပသခါ​ညစာ စား​ပြီးနောက်မှာ “ငါ​ယုံကြည်လို့ အတူ​လက်ဆုံ​စားတဲ့ ငါ့​မိတ်ဆွေရင်း​က​တောင် ငါ့ကို ဖနောင့်​နဲ့ ပေါက်တယ်” ဆိုတဲ့ ဒါဝိဒ်​ရဲ့ ပရောဖက်ပြု​စကားကို ကိုးကား​ပြီး “ခင်ဗျားတို့​ထဲ​က တစ်ယောက် ကျွန်တော့်ကို သစ္စာဖောက်​လိမ့်မယ်” လို့​ပြောလိုက်​တယ်။—ဆာလံ ၄၁:၉။ ယောဟန် ၁၃:၁၈၊ ၂၁

တပည့်တွေလည်း တစ်ယောက်ကို​တစ်ယောက် ကြည့်ပြီး “သခင်၊ ကျွန်တော် မဟုတ်ပါဘူး​နော်” လို့​မေးကြတယ်။ ယုဒရှကာရုတ်​တောင် မေးလိုက်​သေးတယ်။ ယောဟန်​က ယေရှု​ဘေးမှာ ထိုင်​နေလို့ ပေတရု​က သူ့ကို​အချက်ပြ​ပြီး ဘယ်သူ​လဲ​လို့ မေး​ခိုင်းတယ်။ ဒါနဲ့ ယောဟန်​က ယေရှုရဲ့​ရင်ခွင်​ကို ကျောမှီ​လိုက်ပြီး “သခင်၊ အဲဒါ ဘယ်သူ​လဲ” လို့​မေးတယ်။—မဿဲ ၂၆:၂၂။ ယောဟန် ၁၃:၂၅

ယေရှု​က “ဒီ​မုန့်​ကို ကျွန်တော် နှစ်ပြီး ပေးတဲ့​သူပဲ” လို့​ပြောပြီး မုန့်​တစ်​လု​တ်​စာ​ကို ဟင်း​ခွက်​ထဲ နှစ်​လိုက်တယ်။ ပြီးတော့ ယုဒ​ကို ပေး​လိုက်တယ်။ “ကျမ်းစောင်​မှာ ရေးထားတဲ့​အတိုင်း လူသားက သွား​ရမှာပဲ။ ဒါပေမဲ့ လူသားကို သစ္စာဖောက်​တဲ့​သူကတော့ အဖြစ်ဆိုး ကြုံ​ရလိမ့်မယ်။ အဲဒီ​လူ မမွေး​လာ​ခဲ့ရင် ပို​ကောင်းဦးမယ်” လို့​ပြောတယ်။ (ယောဟန် ၁၃:၂၆။ မဿဲ ၂၆:၂၄) ဒီ​အခါ စာတန်​က ယုဒရဲ့​စိတ်​ကို ကြိုးကိုင်​ခြယ်လှယ်​တော့​တယ်။ နဂို​ကတည်းက အကျင့်​စာရိတ္တ​မကောင်းတဲ့ ယုဒဟာ အခု မာရ်နတ်ရဲ့ အလိုကို လိုက်ခြင်း​အားဖြင့် “ပျက်စီးခြင်းရဲ့သား” ဖြစ်လာတယ်။—ယောဟန် ၆:၆၄၊ ၇၀။ ၁၂:၄။ ၁၇:၁၂

ယေရှု​က “လုပ်စရာ​ရှိတာ မြန်မြန်လုပ်​ပေ​တော့” လို့ ယုဒ​ကို​ပြောတယ်။ ယုဒဟာ ငွေ​သေတ္တာ ကိုင်​ရတဲ့​သူ​ဆိုတော့ “ပွဲတော်​အတွက် လိုအပ်တာတွေ ဝယ်​ဖို့၊ နွမ်းပါး​သူတွေကို ပေးကမ်း​ဖို့” ယေရှု ခိုင်း​လိုက်တာ​လို့ တမန်တော်​တချို့ ထင်နေ​ကြ​တာ။ (ယောဟန် ၁၃:၂၇-၃၀) ယုဒ​ကတော့ ယေရှုကို သစ္စာဖောက်​အပ်နှံ​ဖို့ ထွက်သွား​တယ်။

ပသခါ​ညစာ​စားတဲ့ အဲဒီ​ညမှာ​ပဲ ယေရှု​က ညစာ​စားပွဲ အသစ်​တစ်ခုကို အစပြု ကျင်းပတယ်။ မုန့်​ကို​ယူပြီး ကျေးဇူးတင်​ချီးမွမ်းတယ်။ မုန့်​ကို​ဖဲ့​ပြီးနောက် “ဒါဟာ ခင်ဗျားတို့​အတွက် စွန့်လွှတ်​တဲ့ ကျွန်တော့်​ကိုယ်ခန္ဓာ​ကို ကိုယ်စား​ပြုတယ်။ ကျွန်တော့်ကို အောက်မေ့​တဲ့​အနေနဲ့ ဒီလို အမြဲ​လုပ်ကြပါ” လို့​ပြောပြီး တမန်တော်တွေကို ဝေပေး​တယ်။ (လုကာ ၂၂:၁၉) တမန်တော်တွေလည်း စား​ကြတယ်။

ယေရှု​က ဝိုင်ခွက်​ကိုလည်း​ယူပြီး ကျေးဇူးတင်​ချီးမွမ်းတယ်။ ပြီးနောက် “ဒီ​ခွက်​ဟာ ကျွန်တော့်ရဲ့​သွေး​ကို ကိုယ်စား​ပြုတယ်။ ဒါဟာ ခင်ဗျားတို့​အတွက် သွန်းလောင်း​မယ့် ကျွန်တော့်​သွေး​နဲ့​ဖွဲ့​တဲ့ ပဋိညာဉ်သစ်​ပဲ” လို့​ပြောပြီး ဝိုင်ခွက်​ကို ကမ်းပေး​တော့ တမန်တော်​အားလုံး သောက်​ကြတယ်။—လုကာ ၂၂:၂၀

ဒီလို​နည်းနဲ့ ယေရှု​က သူ့ရဲ့​သေခြင်းကို အောက်မေ့​ဖို့ ပွဲတော်​ကျင်းပခဲ့​ပြီး သူ့​နောက်လိုက်​တွေ​လည်း နှစ်စဉ် နိသန်​လ ၁၄ ရက်​ရောက်​တိုင်း ကျင်းပ​ရမှာဖြစ်​တယ်။ ဒီ​ပွဲတော်​ဟာ ယုံကြည်သူတွေ အပြစ်နဲ့ သေခြင်းကနေ လွတ်မြောက်​ဖို့ ယေရှုနဲ့ သူ့​ဖခင် လုပ်ပေးခဲ့​ရာ​ကို သတိ​ရစေတယ်။ ဂျူးတွေ​ကျင်းပတဲ့ ပသခါပွဲ​က အီဂျစ်​ပြည်​ကနေ လွတ်မြောက်​လာတာကို အမှတ်​ရစေတယ်။ ဒီ​ပွဲတော်​ကတော့ ယုံကြည်သူ လူသားတွေ ရရှိတဲ့ ပို​ကြီးမားတဲ့ လွတ်မြောက်မှု အစစ်အမှန်​ကို အမှတ်​ရစေတယ်။

ယေရှု​က သူ့​သွေး​ကို “အပြစ်တွေ ခွင့်လွှတ်​ခံရဖို့ လူအများ​အတွက် သွန်းလောင်း” တယ်လို့ ပြောတယ်။ အပြစ်​ခွင့်လွှတ်​ခံရတဲ့ လူအများ​ထဲမှာ သစ္စာရှိ တမန်တော်တွေ​နဲ့ တခြား သစ္စာရှိ​တပည့်​တွေ ပါဝင်တယ်။ သူတို့ဟာ အဖ​ဘုရားရဲ့​နိုင်ငံမှာ ယေရှုနဲ့အတူ ရှိနေ​မယ့်​သူတွေ ဖြစ်တယ်။—မဿဲ ၂၆:၂၈၊ ၂၉