အခန်း ၈၁
အဖဘုရားနဲ့တစ်စိတ်တစ်ဝမ်းတည်းဖြစ်ပေမဲ့ ဘုရားမဟုတ်
-
“ကျွန်တော်နဲ့ အဖဘုရားဟာ တစ်စိတ်တစ်ဝမ်းတည်းပဲ”
-
ဘုရားဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ယေရှုငြင်းဆို
ယေရှုက ဆက်ကပ်အပ်နှံပွဲ (ဒါမှမဟုတ် ဟာနုကာ) တက်ရောက်ဖို့ ဂျေရုဆလင်မြို့ကို လာတယ်။ ဗိမာန်တော် ပြန်လည်အပ်နှံခြင်းကို သတိရ အောက်မေ့တဲ့အနေနဲ့ ဒီပွဲကို ကျင်းပကြတာ။ လွန်ခဲ့တဲ့ အနှစ်တစ်ရာကျော်တုန်းက ဆီးရီးယားဘုရင် စတုတ္ထမြောက် အန်တိုင်းအားကပ်စ် အီပီဖနစ္စဟာ ဗိမာန်တော်မှာရှိတဲ့ ယဇ်ပလ္လင်ကြီးအပေါ်မှာ ယဇ်ပလ္လင်တစ်ခုကို တည်ဆောက်ခဲ့တယ်။ နောက်ပိုင်း ဂျူးပုရောဟိတ်တစ်ဦးရဲ့ သားတွေက ဂျေရုဆလင်ကို ပြန်သိမ်းပိုက်ပြီး ဗိမာန်တော်ကို ယေဟောဝါဘုရားဆီ ပြန်လည်အပ်နှံခဲ့တယ်။ အဲဒီအချိန်ကစပြီး အပ်နှံပွဲကို ခိသလုလ ၂၅ ရက်မှာ နှစ်စဉ်ကျင်းပတယ်။ ခိသလုလဟာ နိုဝင်ဘာလ အကုန်ပိုင်းနဲ့ ဒီဇင်ဘာလ အစောပိုင်းမှာ ကျရောက်တယ်။
အဲဒီအချိန်ဟာ ချမ်းအေးတဲ့ ဆောင်းရာသီဖြစ်တယ်။ ဗိမာန်တော်ထဲက ရှောလမုန်စင်္ကြံမှာ ယေရှု လမ်းလျှောက်လာနေတုန်း ဂျူးတွေ ဝိုင်းအုံလာပြီး “ကျုပ်တို့ကို ဘယ်လောက်ကြာကြာ ဇဝေဇဝါဖြစ်အောင် လုပ်နေမှာလဲ။ ခရစ်တော် ဟုတ်မဟုတ် ပွင့်ပွင့်လင်းလင်း ပြောစမ်းပါ” လို့ပြောကြတယ်။ (ယောဟန် ၁၀:၂၂-၂၄) ဒါနဲ့ ယေရှု ဘယ်လို တုံ့ပြန်သလဲ။ “ကျွန်တော် ပြောပြီးပြီပဲ။ ခင်ဗျားတို့မှ မယုံတာ” လို့ပြန်ပြောတယ်။ ရေတွင်းနားမှာတွေ့တဲ့ ရှမာရိအမျိုးသမီးကို ပြောခဲ့သလို ယေရှုက သူဟာ ခရစ်တော်ဖြစ်မှန်း ဂျူးတွေကို တဲ့တိုးမပြောဘူး။ (ယောဟန် ၄:၂၅၊ ၂၆) “အာဗြဟံ မမွေးခင်ကတည်းက ကျွန်တော်ရှိနေပြီ” လို့ပြောပြီး သူဘယ်သူဘယ်ဝါဖြစ်မှန်း ဖော်ပြတယ်။—ယောဟန် ၈:၅၈။
ခရစ်တော် လုပ်ဆောင်မယ့် အရာတွေနဲ့ပတ်သက်တဲ့ ကြိုဟောချက်တွေကို ယေရှုလုပ်နေတဲ့ အရာတွေနဲ့ နှိုင်းယှဉ်ပြီး သူဟာ ခရစ်တော်ဖြစ်မှန်း သူတို့ဘာသာသူတို့ ကောက်ချက်ချတာမျိုးပဲ လိုချင်တယ်။ ဒါကြောင့်လည်း ယေရှုက တပည့်တွေကို သူဟာ မေရှိယဖြစ်မှန်း ဘယ်သူ့ကိုမှ မပြောဖို့ မိန့်မှာခဲ့တာ။ အခုတော့ ရန်လိုနေတဲ့ ဂျူးတွေကို ဒီလို ဘွင်းဘွင်းပြောလိုက်တယ်– “အဖဘုရားရဲ့နာမည်ကို သုံးပြီး ကျွန်တော်လုပ်နေတဲ့ အလုပ်တွေဟာ ကျွန်တော့်အကြောင်း သက်သေခံနေတယ်။ ခင်ဗျားတို့က . . . ဘယ်ယုံပါ့မလဲ။”—ယောဟန် ၁၀:၂၅၊ ၂၆။
ယေရှုကို ခရစ်တော်လို့ သူတို့ ဘာကြောင့် မယုံတာလဲ။ ယေရှု အခုလိုပြောတယ်– “ခင်ဗျားတို့က ကျွန်တော့်သိုးတွေ မဟုတ်တော့ ဘယ်ယုံပါ့မလဲ။ ကျွန်တော့်သိုးမှန်ရင် ကျွန်တော့်အသံကို နားထောင်တယ်။ သူတို့ကို ကျွန်တော်သိတယ်။ သူတို့လည်း ကျွန်တော့်နောက်ကို လိုက်ကြတယ်။ ကျွန်တော်က သူတို့ကို ထာဝရအသက်ပေးတယ်။ သူတို့ လုံးဝ ဖျက်ဆီးခံရမှာ မဟုတ်ဘူး။ သူတို့ကို ကျွန်တော့် လက်ကနေ ဘယ်သူမှ လုယူလို့ရမှာ မဟုတ်ဘူး။ ကျွန်တော့်ကို အဖဘုရား ပေးအပ်ထားသူတွေဟာ အရာခပ်သိမ်းထက် အဖိုးထိုက်တယ်။” ဒီနောက် သူနဲ့သူ့အဖေ ဘယ်လောက်ရင်းနှီးတယ်ဆိုတာ သိစေချင်လို့ “ကျွန်တော်နဲ့ အဖဘုရားဟာ တစ်စိတ်တစ်ဝမ်းတည်းပဲ” ဆိုပြီးပြောတယ်။ (ယောဟန် ၁၀:၂၆-၃၀) မှန်ပါတယ်၊ ယေရှုက အခု မြေကြီးမှာ ရှိနေပြီး သူ့အဖေက ကောင်းကင်မှာ ရှိနေပေမဲ့ သူတို့ဟာ ရည်ရွယ်ချက်ချင်းတူပြီး တစ်စည်းတစ်လုံးတည်း ရှိကြတယ်။
ယေရှုရဲ့စကားတွေကြောင့် ဂျူးတွေ ဒေါသထွက်တဲ့အတွက် ကျောက်ခဲနဲ့ပေါက်ဖို့ လုပ်ကြပြန်တယ်။ ယေရှုကတော့ မကြောက်ဘဲ “အဖဘုရားရဲ့ အမိန့်နဲ့ ကောင်းမှုတွေ အများကြီး ကျွန်တော်လုပ်ခဲ့တယ်။ အဲဒီကောင်းမှုတွေထဲက ဘယ်တစ်ခုကြောင့် ကျွန်တော့်ကို ခဲနဲ့ပေါက်မှာလဲ” လို့မေးလိုက်တယ်။ ဂျူးတွေက “ကောင်းမှုလုပ်လို့ မဟုတ်ဘူး၊ ဘုရားကို စော်ကားပြောဆိုနေလို့ ခင်ဗျားကို ခဲနဲ့ပေါက်မှာ။ . . . ကိုယ့်ကိုယ်ကိုယ် ဘုရားပါဆိုပြီး ခင်ဗျားပြောနေတာကိုး” လို့ဖြေတယ်။ (ယောဟန် ၁၀:၃၁-၃၃) ယေရှုက သူ့ကိုယ်သူ ဘုရားပါလို့ ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး။ ဒါဆို ဘာလို့ အဲဒီလို စွပ်စွဲကြတာလဲ။
ဘုရားတစ်ပါးတည်းမှာပဲ ရှိတယ်လို့ ဂျူးတွေယုံကြည်ထားတဲ့ အစွမ်းတန်ခိုး သူ့မှာရှိတယ်ဆိုပြီး ယေရှုပြောလို့ပဲ။ ဥပမာ၊ “သိုးတွေ” နဲ့ပတ်သက်ပြီး ယေရှုက “ကျွန်တော်က သူတို့ကို ထာဝရအသက်ပေးတယ်” လို့ပြောတယ်။ အဲဒါကို လူသားတွေ မပေးနိုင်ဘူး။ (ယောဟန် ၁၀:၂၈) သူ့အဖေဆီက အခွင့်အာဏာ ရရှိထားတယ်လို့ ယေရှု ပွင့်ပွင့်လင်းလင်း ဝန်ခံပေမဲ့ ဂျူးတွေက အဲဒီအချက်ကို နားမလည်ကြဘူး။
သူတို့ရဲ့မှားယွင်းတဲ့ စွပ်စွဲချက်ကို ချေပတဲ့အနေနဲ့ ယေရှုက “ငါပြောမယ်– ‘မင်းတို့ဟာ ဘုရားတွေပဲ’ ဆိုပြီး ပညတ်ကျမ်းမှာ [ဆာလံ ၈၂:၆] ရေးထားတယ် မဟုတ်လား။ . . . ဘုရားသခင်က တရားစကားမှာ ပြစ်တင်ရှုတ်ချထားသူတွေကိုတောင် ‘ဘုရားတွေ’ လို့ခေါ်တယ်ဆိုရင်၊ အဖဘုရားကိုယ်တိုင် သန့်ရှင်းမြင့်မြတ်စေပြီး ဒီလောကကို စေလွှတ်လိုက်တဲ့ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ‘ဘုရားသခင်ရဲ့သားပါ’ လို့ပြောတဲ့အတွက် ‘ဒါဟာ ဘုရားကို စော်ကားပြောဆိုတာပဲ’ ဆိုပြီး ခင်ဗျားတို့ စွပ်စွဲရသလား” လို့မေးလိုက်တယ်။—ယောဟန် ၁၀:၃၄-၃၆။
မှန်ပါတယ်၊ မတရားတဲ့ လူသားတရားသူကြီးတွေကိုတောင် “ဘုရားတွေ” ဆိုပြီး ကျမ်းစာမှာ ခေါ်ထားတာပဲ။ ဒါဆိုရင် ယေရှုက ကိုယ့်ကိုယ်ကိုယ် “ဘုရားရဲ့သားပါ” လို့ပြောတာကို ဂျူးတွေ အပြစ်တင်သင့်သလား။ ယေရှုက ဘယ်အချက်ကြောင့် သူ့ကို လက်ခံယုံကြည်သင့်တယ်ဆိုတာ အခုလို ထောက်ပြတယ်– “အဖဘုရား ခိုင်းတာကို ယောဟန် ၁၀:၃၇၊ ၃၈။
ကျွန်တော် မလုပ်ရင် ကျွန်တော့်ကို မယုံပါနဲ့။ ကျွန်တော် လုပ်နေတယ်ဆိုရင်တော့ ကျွန်တော့်ကို မယုံရင်တောင် အဲဒီလုပ်ရပ်တွေကို ယုံကြပါ။ ဒါဆိုရင် အဖဘုရားက ကျွန်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်းဖြစ်ပြီး ကျွန်တော်လည်း အဖဘုရားနဲ့ တစ်စိတ်တစ်ဝမ်းတည်းဖြစ်မှန်း ခင်ဗျားတို့ သိမြင်နားလည်လာလိမ့်မယ်။”—ဒီအခါ ယေရှုကိုဖမ်းဖို့ ထပ်ကြိုးစားကြပေမဲ့ ရှောင်ထွက်သွားပြန်တယ်။ ဒီနောက် ဂျေရုဆလင်မြို့ကနေထွက်ပြီး ဂျော်ဒန်မြစ်တစ်ဖက်ကမ်း၊ လွန်ခဲ့တဲ့ လေးနှစ်လောက်က ယောဟန် ဦးဆုံးနှစ်ခြင်းပေးခဲ့တဲ့ နေရာဆီ ပြန်သွားတယ်။ အဲဒီနေရာက ဂါလိလဲအိုင်ရဲ့ တောင်ဘက်စွန်းနဲ့ သိပ်မဝေးလှဘူး။
ယေရှုဆီ လူအများကြီး ရောက်လာပြီး “ယောဟန်က အံ့ဖွယ်အမှုတစ်ခုတောင် မလုပ်ပြခဲ့ပေမဲ့ ဒီလူအကြောင်း သူပြောသမျှဟာ အမှန်တွေချည်းပဲ” လို့ အချင်းချင်း ပြောကြတယ်။ (ယောဟန် ၁၀:၄၁) ဒီလိုနဲ့ ဂျူးအတော်များများ ယေရှုကို ယုံကြည်သက်ဝင်လာကြတယ်။