မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၇၄

ဧည့်ဝတ်ကျေပွန်ခြင်းနဲ့ ဆုတောင်းခြင်းအကြောင်း သွန်သင်ပေး

ဧည့်ဝတ်ကျေပွန်ခြင်းနဲ့ ဆုတောင်းခြင်းအကြောင်း သွန်သင်ပေး

လုကာ ၁၀:၃၈–၁၁:၁၃

  • မာသ​နဲ့ မာရိ​အိမ်ကို ယေရှု​ လည်ပတ်

  • ဇွဲမလျှော့​ဘဲ ဆုတောင်းဖို့ အရေးကြီး

ဂျေရုဆလင်​မြို့​နဲ့ နှစ်​မိုင်​လောက်​ဝေး​တဲ့ သံလွင်တောင် အရှေ့ဘက်ခြမ်း​မှာ ဗေသနိ​ရွာ ရှိတယ်။ (ယောဟန် ၁၁:၁၈) ယေရှုဟာ အဲဒီ​ရွာမှာ​ရှိတဲ့ မာသ​နဲ့ မာရိ​တို့ ညီအစ်မ​နှစ်ယောက်ရဲ့​အိမ်ကို သွားလည်တယ်။ သူတို့နဲ့ သူတို့ရဲ့​မောင် လာဇရုဟာ ယေရှုရဲ့ မိတ်ဆွေ​တွေ​ဖြစ်​တော့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်။

သူတို့​အိမ်ကို မေရှိယ လာလည်​တာ ဂုဏ်ယူ​စ​ရာ​ပဲ။ ဒါကြောင့် မာသ​က ယေရှုကို ဧည့်ဝတ်​ပြု​ဖို့ ဗျာများ​နေပြီး အစားအသောက်​တွေကို ဖွယ်ဖွယ်ရာရာ ပြင်ဆင်​နေတယ်။ မာသ အလုပ်လုပ်​နေတုန်း သူ့​ညီမ​မာရိ​က ယေရှုရဲ့​ခြေရင်းမှာ ထိုင်ပြီး သွန်သင်ပေးသမျှကို နားထောင်​နေတယ်။ ခဏ​ကြာ​တော့ မာသ​က ယေရှု​ဆီ​လာပြီး အခုလို​ပြောတယ်– “သခင်၊ ညီမလေး​က ကျွန်မကို ဒိုင်ခံ​လုပ်​ခိုင်း​နေတာ။ ဒီအတိုင်း ကြည့်နေ​တော့​မှာ​လား။ ကျွန်မကို ဝိုင်းကူ​ဖို့ ပြောပေးပါဦး။”—လုကာ ၁၀:၄၀

ယေရှု​က မာရိ​ကို အပြစ်တင်​မယ့်​အစား အစားအစာ​နဲ့​ပတ်သက်​ပြီး အလွန်အမင်း စိုးရိမ်​နေတဲ့ မာသ​ကို အခုလို ဆုံးမတယ်– “မာသ​က များများ​စား​စား မ​လုပ်နိုင်မှာ​ကို စိတ်ပူ​ပြီး ဗျာများ​နေတာကိုး။ တကယ်တော့ များများ​စား​စား မလိုပါဘူး။ တစ်မျိုးတည်း​ဆိုရင်လည်း ဖြစ်ပါတယ်။ မာရိ​ကတော့ အကောင်းဆုံး​ကို ရွေး​လိုက်ပြီ။ အဲဒါကို သူ့ဆီကနေ ဘယ်သူမှ လုယူ​လို့​မရဘူး။” (လုကာ ၁၀:၄၁၊ ၄၂) မှန်ပါတယ်၊ အချိန်​အများကြီး အကုန်ခံ​ပြီး ဟင်း​အမယ်​စုံ​အောင် ချက်​နေဖို့ မလိုဘူး။ ရိုးရှင်းတဲ့ ဟင်း​တစ်​မယ်သာ လိုတယ်လို့ ယေရှု အလေးပေး ပြော​နေတာ။

မာသ​က စေတနာ​ကောင်းပြီး ဧည့်ဝတ်​ကျေပွန်​ချင်တယ်။ ဒါပေမဲ့ အစားအသောက်​အတွက်ပဲ စိုးရိမ်​ပြီး အာရုံစိုက်​နေတာ​ကြောင့် ဘုရားရဲ့ သားတော်​ဆီက အဖိုးတန် သွန်သင်ချက်တွေကို လွတ်သွား​တယ်။ မာရိ​ကတော့ ကောင်းတဲ့​အရာကို ရွေးချယ်​တဲ့​အတွက် ထာဝစဉ် အကျိုး​ခံစား​ရမယ်လို့ ယေရှု အလေးပေး​ပြောတယ်။ ကျွန်တော်တို့​အားလုံး သတိရသင့်တဲ့ သင်ခန်းစာ​ပါပဲ။

နောက်​တစ်ကြိမ်​မှာ ယေရှု​က အရေးကြီးတဲ့ သင်ခန်းစာ နောက်​တစ်ခုကို သွန်သင်​ပေးတယ်။ တပည့်​တစ်ယောက်က “သခင်၊ ကျွန်တော်တို့ကို ဆုတောင်းနည်း သင်ပေးပါ။ ယောဟန်လည်း သူ့​တပည့်​တွေကို သင်ပေးခဲ့တယ်” လို့​ပြောတယ်။ (လုကာ ၁၁:၁) လွန်ခဲ့တဲ့ တစ်နှစ်​ခွဲ​လောက်​တုန်း​က သံလွင်​တောင်ပေါ်မှာ တပည့်​တွေကို ဆုတောင်းနည်း သင်ပေးခဲ့​ပြီးပြီ။ (မဿဲ ၆:၉-၁၃) ဒါပေမဲ့ အဲဒီတုန်းက သူတို့တွေ​ မရှိတာ ဖြစ်နိုင်တယ်။ ဒါကြောင့် ယေရှု​က ဆုတောင်းခြင်းနဲ့​ပတ်သက်တဲ့ အဓိက​အချက်တွေကို ထပ်​ပြောပြတယ်။ ဒီ​နောက် ဇွဲမလျှော့​ဘဲ ဆုတောင်းဖို့ အရေးကြီးကြောင်း ပုံဥပမာ​တစ်ခု​သုံးပြီး သွန်သင်​ပေးတယ်။

“ခင်ဗျားတို့မှာ မိတ်ဆွေ​တစ်ယောက်​ရှိတယ် ဆိုပါစို့။ မိတ်ဆွေရဲ့​အိမ်ကို ညသန်းခေါင်​ကြီး သွားပြီး ‘မုန့်​သုံးလုံး​လောက် ချေးပါဦး။ ငါ့​သူငယ်ချင်း​တစ်ယောက် ခရီးသွား​ရင်း အခု​လေး​တင် ရောက်လာတာ။ သူ့ကို​ကျွေးစရာ ဘာမှ​မရှိလို့ပါ’ ဆိုပြီး ပြောတဲ့အခါ၊ မိတ်ဆွေ​က ‘မနှောင့်ယှက်ပါနဲ့​ကွာ။ တံခါးပိတ်​ပြီး​လို့ ငါ့သားသမီးတွေ​တောင် အိပ်​ကုန်ပြီ။ ထပြီး မပေးနိုင်​ဘူး’ လို့ အိမ်ထဲ​ကနေ လှမ်း​ပြောတယ်။ ကျွန်တော်​ပြောမယ်။ သူက မိတ်ဆွေ​ဖြစ်နေတာ​တောင် အိပ်ရာ​က​ထပြီး မပေး​ချင်ဘူး။ ဒါပေမဲ့ တောင်းတဲ့​သူက ဇွဲမလျှော့​ဘဲ တောင်း​နေ​တော့ လိုသမျှ ထပေး​လိုက်ရ​တာ​ပဲ။”—လုကာ ၁၁:၅-၈

မပေး​ချင်တဲ့ မိတ်ဆွေ​လို​ပဲ၊ ယေဟောဝါဟာ အသနားခံချက်​တွေကို နားမထောင်​ပေးချင်​ဘူးလို့ ယေရှု ပြော​နေတာ​မဟုတ်ဘူး။ ဇွဲမလျှော့​ဘဲ တောင်းတဲ့​အခါ မပေး​ချင်တဲ့​မိတ်ဆွေ​က​တောင် ပေးတယ်​ဆိုရင် မေတ္တာရှင်​ကောင်းကင်ဖခင်​က သစ္စာရှိ​ကျေးကျွန်တွေရဲ့ အသနားခံချက်​တွေကို ကျိန်းသေ နားထောင်​ပေးမယ်​ဆိုတာ ပြော​နေတာ။ ယေရှု အခုလို ဆက်ပြောတယ်– “ကျွန်တော်​ပြောမယ်။ တောင်း​မြဲ​တောင်းပါ၊ ရလိမ့်မယ်။ ရှာ​မြဲ​ရှာပါ၊ တွေ့​လိမ့်မယ်။ ခေါက်မြဲခေါက်​ပါ၊ တံခါး​ပွင့်​လာလိမ့်မယ်။ တောင်းတဲ့​သူ​တိုင်း ရလိမ့်မယ်။ ရှာ​တဲ့​သူ​တိုင်း တွေ့​လိမ့်မယ်။ ခေါက်​တဲ့​သူ​တိုင်း​အတွက် တံခါး​ပွင့်​လာလိမ့်မယ်။”—လုကာ ၁၁:၉၊ ၁၀

အဲဒီနောက် ယေရှု​က သူ​ပြော​ချင်တဲ့​အချက်ကို မြင်သာ​အောင် လူသား​ဖခင်​တွေ​နဲ့ နှိုင်းယှဉ်​ပြတယ်– “သားက ငါးကို တောင်း​ရင် မြွေ​ကို​ပေးမယ့်​အဖေ ရှိသလား။ ကြက်​ဥ​တောင်း​ရင် ကင်း​မြီး​ကောက်​ ပေးမှာ​လား။ ခင်ဗျားတို့ အပြစ်သားတွေ​တောင် ကိုယ့်သားသမီးကို ကောင်းတာတွေ ပေး​တတ်​ရင် ကောင်းကင်မှာ စံမြန်းတဲ့ အဖ​ဘုရားက တောင်းတဲ့​သူတွေကို သန့်ရှင်းသော စွမ်းအားတော် ပိုလို့​တောင်​ပေးမှာ မဟုတ်လား။” (လုကာ ၁၁:၁၁-၁၃) ဒါကြောင့် ကောင်းကင်ဖခင်​ဟာ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို လိုလိုလားလား နားထောင်ပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်း​ပေးမယ်​ဆိုတာ သိရတယ်။ တကယ်​ကောင်းတဲ့ အာမခံချက်​ပါပဲ။