မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လမ်းခရီး၊ အမှန်တရား၊ အသက်

လမ်းခရီး၊ အမှန်တရား၊ အသက်

သတင်းကောင်း​ဆို​ရင် သင် ကြား​ချင်မှာပဲ။ သင်နဲ့ သင်​ချစ်​ရ​သူတွေ​အတွက် သတင်းကောင်း တကယ်​ရှိပါတယ်။

အဲဒီ​သတင်းကောင်း​ဟာ စကြဝဠာ​ဖန်ဆင်းရှင် ယေဟောဝါ​ဘုရား လွန်ခဲ့တဲ့​နှစ်ပေါင်းများစွာ​တုန်း​က ရေး​သား​စေခဲ့တဲ့ သမ္မာကျမ်းစာ​ထဲမှာ​ပါတယ်။ ဒီ​စာအုပ်မှာ သမ္မာကျမ်းစာ​ထဲ​က ကျမ်းလေးစောင်​အကြောင်း အဓိက​လေ့လာ​သွားပါမယ်။ အဲဒီ​ကျမ်းစောင်တွေကို​ရေး​ဖို့ ဘုရား​သခင်​အသုံးပြု​ခဲ့​သူတွေကတော့ မဿဲ၊ မာကု၊ လုကာ၊ ယောဟန်​ဖြစ်ပြီး သူတို့​နာမည်​တပ်ထားတဲ့ ကျမ်းစောင်တွေမှာ ကျွန်တော်တို့​အားလုံး​အတွက် သတင်းကောင်း​ပါတယ်။

အဲဒီ​ကျမ်းလေးစောင်​ကို ခ​ရစ်​ဝင်​ကျမ်းလေးကျမ်း​လို့​လည်း ခေါ်ကြ​တယ်။ ယေရှုဟာ လူသားတွေ​ကယ်တင်ခြင်း​ရ​ဖို့ ဘုရား​အသုံးပြုတဲ့ နည်းလမ်း​ဖြစ်ကြောင်း၊ ဘုရား​သခင့်​ကောင်းကင်​နိုင်ငံတော်​ရဲ့ ဘုရင်​အဖြစ် ယေရှုဟာ သူ့ကို​သက်ဝင်​ယုံကြည်သူ​အားလုံး​အတွက် ထာ​ဝ​ရ​ကောင်း​ချီး​တွေ ဆောင်ကြဉ်း​ပေးမှာ​ဖြစ်ကြောင်း အဲဒီ​ကျမ်းလေးစောင်​မှာ ဖော်​ပြ​ထားတယ်။—မာကု ၁၀:၁၇၊ ၃၀။ ၁၃:၁၃

ခ​ရစ်​ဝင်​ကျမ်းလေးစောင်​မှာ ဘာကြောင့်​ဖော်​ပြ​ရ​တာလဲ

ယေရှု​ရဲ့​ဘဝနဲ့ သွန်သင်ချက်တွေ​အကြောင်းကို ခ​ရစ်​ဝင်​ကျမ်း လေးစောင်​မှာ မှတ်တမ်း​တင်ဖို့ ဘုရား​သခင် ဘာလို့​လမ်းညွှန်​ခဲ့​တာလဲ​ဆိုပြီး သင်​စဉ်းစားမိ​မှာ​ပဲ။

ယေရှု ပြောခဲ့​လုပ်ခဲ့သမျှ​ကို ကျမ်းလေးစောင်​မှာ မှတ်တမ်း​တင်​ထားတာ အကျိုး​ရှိပါတယ်။ ဥပမာ​ပြော​ရရင်၊ နာမည်ကြီး​ဆရာ​တစ်ယောက်​အနားမှာ လူ​လေးယောက် ရပ်​နေတယ် ဆိုပါစို့။ ဆ​ရာ့​ရှေ့မှာ ရပ်နေ​သူက အခွန်ခံ​မှူး၊ ညာဘက်မှာ​ရပ်​နေ​သူက ဆရာဝန်၊ ဘယ်ဘက်​မှာ​ရပ်​နေ​သူကတော့ တံငါသည်​လည်း​ဖြစ်၊ ဆ​ရာ့ရဲ့ အ​ရင်း​နှီး​ဆုံး​ မိတ်ဆွေ​လည်း​ဖြစ်တယ်။ အနောက်​မှာ ရပ်​နေ​သူကတော့ အကဲခတ်​လေ့လာသူ​ဖြစ်ပြီး တခြားသူတွေ​ထက် အသက်ငယ်​တယ်။ လေးယောက်​စ​လုံး ရိုးသား​ကြတယ်။ စိတ်ဝင်စား​ရာ ကိုယ်စီ​ရှိကြတယ်။ သူတို့​သာ ဆရာ​ပြောခဲ့​လုပ်ခဲ့သမျှ​ကို ရေး​သား​မယ်​ဆို​ရင် မှတ်တမ်း​လေးခု​စ​လုံး​မှာ အသေးစိတ်​အချက်အလက်​တွေ၊ ဖြစ်​ရပ်​တွေ အမျိုးမျိုး​အဖုံဖုံ​ပါဝင်​မှာ​ပဲ။ မှတ်တမ်း​လေးခုကို ရှုထောင့်​အမျိုးမျိုး​ကနေ ရေး​သား​ထားတယ်​ဆိုတာ သတိ​ရ​ပြီး သေချာ​လေ့လာခြင်း​အားဖြင့် ဆရာ​ပြောခဲ့​လုပ်ခဲ့တာတွေကို ကောင်းကောင်း​သဘောပေါက်​နိုင်တယ်။ ဒီ​ဥပမာ​အတိုင်း​ပါပဲ။ ကျွန်တော်တို့မှာ​လည်း ကြီးမြတ်တဲ့​ဆရာ​ ယေရှု​ရဲ့ ဘဝအကြောင်း​ မှတ်တမ်း​လေးခု​ရှိ​ထားတာ​ကြောင့် အကျိုးကျေးဇူး​များစွာ ရ​ရှိ​နိုင်​ ပါ​တယ်။

ဥပမာ​ကို ပြန်​ဆက်​ရ​အောင်။ အခွန်ခံ​က ဂျူး​နောက်ခံ​ရှိသူတွေကို အဓိက​ဦး​တည်​ပြီး ရေး​ချင်​တာ​ကြောင့် သူ့​စာဖတ်​ပ​ရိ​သတ်​အတွက် ဆွဲဆောင်မှု​ရှိ​မယ့် သွန်သင်ချက်တွေ၊ ဖြစ်​ရပ်​တွေကို စုစည်း​ရေး​သား​တယ်။ ဆရာဝန်​က ဖျားနာတာ၊ မသန်မစွမ်း​ဖြစ်တာ​တွေကို ကုသ​ပေးတဲ့​အကြောင်း ပေါ်လွင်​အောင်​ရေး​တယ်။ ဒါကြောင့် အခွန်ခံ မှတ်တမ်း​တင်ထားတဲ့ အချက်​တ​ချို့​ကို ချန်လှပ်​လိုက်တယ်။ ဖြစ်​ရပ်​တွေကို အစဉ်လိုက် စုစည်း​တင်ပြပုံ​ချင်း​လည်း မတူဘူး။ ရင်း​နှီး​တဲ့​မိတ်ဆွေ​ကျတော့ ဆ​ရာ့​ခံစားချက်တွေ​နဲ့ အ​ရည်​အသွေး​တွေကို အလေးပေး​ပြီး ရေး​သား​တယ်။ လူငယ်​ကတော့ လို​ရင်း​တို​ရှင်း​ရေး​တယ်။ ဘယ်လိုပဲ​ဖြစ်ဖြစ်၊ သူတို့​လေးယောက်​စ​လုံးရဲ့ မှတ်တမ်းက တိကျ​မှန်ကန်တယ်။ ကျွန်တော်တို့မှာ​လည်း ယေရှု​ဘဝနဲ့​ပတ်သက်တဲ့ မှတ်တမ်း​လေးခု​ရှိတာ​ကြောင့် သူ့​လုပ်ဆောင်မှုတွေ၊ သွန်သင်ချက်တွေ​နဲ့ အ​ရည်​အသွေး​တွေ​အကြောင်း ကောင်းကောင်း​နားလည်​နိုင်တယ်။

လူ​တ​ချို့​က မဿဲကျမ်း​နဲ့ ယောဟန်​ကျမ်း​ကိုပဲ ခ​ရစ်​ဝင်​ကျမ်း ဒါမှ​မဟုတ် သတင်းကောင်း​ကျမ်း​ဆိုပြီး ပြောကောင်း​ပြောမယ်။ အဲဒါ​မမှန်ပါဘူး။ ဘာလို့လဲ​ဆိုတော့ လေး​ကျမ်း​စ​လုံး​မှာ “ယေရှု​ခ​ရစ်​အကြောင်း သတင်းကောင်း” ပါရှိ​လို့​ပါ။ (မာကု ၁:၁) ခြုံ​ပြော​ရရင်၊ ခရစ်​ဝင်​ကျမ်းလေးကျမ်း​စ​လုံး​မှာ ယေရှုနဲ့​ပတ်သက်တဲ့ သတင်းကောင်း​ရှိတယ်။

သမ္မာကျမ်းစာကို လေ့လာသူတွေ​က မဿဲမာကုလုကာယောဟန်​ကျမ်းမှာ​ပါတဲ့ အဖြစ်အပျက်တွေကို နှိုင်းယှဉ်​ကြည့်ကြ​တယ်။ အေဒီ ၁၇၀ လောက်​မှာ ဆီး​ရီး​ယား​လူမျိုး စာ​ရေး​ဆရာ တာရှန်​က အဲဒီလိုလုပ်​ခဲ့​တယ်။ သူက အဲဒီ​လေး​ကျမ်း​စ​လုံး​ဟာ တိကျ​မှန်ကန်​ပြီး စွမ်းအားတော်​လမ်းညွှန်မှုနဲ့ ရေး​ထားတယ်​ဆိုတာ အသိအမှတ်​ပြုတယ်။ ယေရှု​ရဲ့​ဘဝနဲ့ အမှုဆောင်​လုပ်ငန်း​အကြောင်း စုစည်း​ထားတဲ့ သီ​အာ​တဲ​စာ​ရွန်​ကျမ်း​ကိုလည်း သူ​ရေး​သား​ပြုစု ခဲ့​တယ်။

ယေရှု—လမ်း​ခ​ရီး၊ အမှန်​တ​ရား၊ အသက် ဆိုတဲ့ ဒီ​စာအုပ်လည်း အဲဒီ​သဘောပါပဲ။ ဒါပေမဲ့ ပို​တိကျ​မှန်ကန်​ပြီး ပို​ပြည့်စုံ​တယ်။ ဘာကြောင့်လဲ​ဆိုတော့ ယေရှု​ရဲ့​ပ​ရော​ဖက်​ပြုချက်​တွေ​နဲ့ ပုံဥပမာ​တွေ ပြည့်စုံ​နေမှန်း အခု ကျွန်တော်တို့ ကောင်းကောင်း​နားလည်​ထားလို့ပါ။ ဒီ​နားလည်မှု​က ယေရှု​ပြောခဲ့​လုပ်ခဲ့တာတွေကို​သာမက အဖြစ်အပျက်​တွေ ဘယ်လို​အစဉ်လိုက်​ဖြစ်ခဲ့သလဲ​ဆိုတာကို​လည်း ရှင်းရှင်းလင်းလင်း​သိစေ​တယ်။ ရှေးဟောင်း​သုတေသန ရှာဖွေ​တွေ့ရှိချက်တွေက​လည်း အသေးစိတ်​အချက်အလက်​တ​ချို့​နဲ့ ကျမ်း​ရေး​သူတွေ​ရဲ့ ရှုထောင့်​ကို ပို​မြင်သာ​စေတယ်။ အဖြစ်အပျက်​တွေ အစဉ်လိုက်​ဖြစ်ပျက်ပုံ​နဲ့​ပတ်သက်ပြီး ဘယ်သူကမှ တ​ရား​သေ​သတ်မှတ်​လို့ မ​ရ​ဘူး ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ယေရှု—လမ်း​ခ​ရီး၊ အမှန်​တ​ရား၊ အသက် ဆိုတဲ့ ဒီ​စာအုပ်မှာ အဖြစ်အပျက်တွေကို ယုတ္တိ​ရှိ​ရှိ၊ သဘာဝ​ကျ​ကျ စုစည်း​တင်ပြ​ထားတယ်။

လမ်း​ခ​ရီး၊ အမှန်​တ​ရား၊ အသက်

ဒီ​စာအုပ်ကို ဖတ်ရှု​တဲ့အခါ သင်နဲ့ သင်​ချစ်​ရ​သူတွေ သိထား​ရ​မယ့်​ အဓိက​အချက်​က ဘာလဲဆိုတာ မှတ်သားပါ။ ယေရှု​ခ​ရစ်​က တမန်တော်​သောမ​ကို “ကျွန်တော်ဟာ လမ်း​ခ​ရီး​ဖြစ်တယ်။ အမှန်​တ​ရား​လည်း ဖြစ်တယ်။ အသက်လည်း ဖြစ်တယ်။ ကျွန်​တော့်​ကို မ​ဖြတ်သန်း​ဘဲ ဘယ်သူမှ အဖ​ဘုရား​ဆီ မ​ရောက်​နိုင်ဘူး” ဆိုပြီး​ပြောခဲ့တာကို သတိ​ရ​ပါ။—ယောဟန် ၁၄:၆

ယေရှု—လမ်း​ခ​ရီး၊ အမှန်​တ​ရား၊ အသက် ဆိုတဲ့ စာအုပ်​က ယေရှုဟာ တကယ်ပဲ “လမ်း​ခ​ရီး” ဖြစ်ကြောင်း နားလည်အောင် ကူညီ​ပေးပါလိမ့်မယ်။ ယေရှု​ကနေ​တစ်ဆင့်​ပဲ ယေဟောဝါ​ဘုရား​ဆီ ဆုတောင်း​နိုင်တယ်။ ဒါ့အပြင် ဘုရား​နဲ့ ပြန်လည်​သင့်မြတ်​နိုင်ဖို့ တစ်ခုတည်းသော​နည်းလမ်း​က ယေရှု​ပဲ။ (ယောဟန် ၁၆:၂၃။ ရော​မ ၅:၈) ဒါကြောင့် ယေရှု​အားဖြင့်​သာ ဘုရား​သခင်​နဲ့ ကောင်းတဲ့​ဆက်ဆံ​ရေး ရရှိ​နိုင်တယ်။

ယေရှုဟာ “အမှန်​တ​ရား” လည်း​ဖြစ်တယ်။ အမှန်​တ​ရား​အကြောင်း ပြောဆို​ခဲ့​ပြီး အမှန်​တ​ရား​အတိုင်း အသက်ရှင်​နေထိုင်ခဲ့တယ်။ ယေရှု​က ပ​ရော​ဖက်​ပြုချက်​များစွာကို ပြည့်စုံ​စေခဲ့တာ​မို့ အဲဒီ​ပ​ရော​ဖက်​ပြုချက်​တွေဟာ သူ့​အားဖြင့် ‘ဟုတ်မှန်​ရာ ဖြစ်လာတယ်။’ (၂ ကော​ရိန္သု ၁:၂၀။ ယောဟန် ၁:၁၄) ဒီ​ပ​ရော​ဖက်​ပြုချက်​တွေ​က ဘုရား​သခင့်​ရည်ရွယ်​ချက်​ပြည့်စုံ​ရေး​မှာ ယေရှု​ရဲ့​အဓိက​အခန်းကဏ္ဍကို နားလည်အောင် ကူညီ​ပေးတယ်။—ဗျာဒိတ် ၁၉:၁၀

ယေရှု​ခ​ရစ်​ဟာ “အသက်” လည်း​ဖြစ်တယ်။ သူ့​ရဲ့ ပြည့်ဝ​စုံလင်တဲ့​အသက်သွေး​ကို​စွန့်ပြီး ရွေးဖိုး​ပေးခြင်း​အားဖြင့် ကျွန်တော်တို့ကို “မှန်တဲ့​အသက်” ဖြစ်တဲ့ “ထာ​ဝ​ရ​အသက်” ရ​ရှိစေတယ်။ (၁ တိမောသေ ၆:၁၂၊ ၁၉။ ဧဖက် ၁:၇။ ၁ ယောဟန် ၁:၇) သေ​ဆုံးသွား​ပေမဲ့ အသက်ပြန်ရှင်​လာဖို့၊ မြေကြီး​ပ​ရဒိ​သု​မှာ ထာဝစဉ်​နေထိုင်သွား​ဖို့ မျှော်​လင့်​ချက်​ရှိသူ သန်းပေါင်း​များစွာ​အတွက်လည်း ယေရှုဟာ ‘အသက်’ ဖြစ်ပါလိမ့်မယ်။—ယောဟန် ၅:၂၈၊ ၂၉

ကျွန်တော်တို့​အားလုံးဟာ ဘုရား​သခင့်​ရည်ရွယ်​ချက်မှာ ယေရှု​ရဲ့​အခန်းကဏ္ဍကို နားလည်ပြီး တန်ဖိုးထား​လေးမြတ်​ဖို့​လိုတယ်။ ဒီ​စာအုပ်ကို လေ့လာခြင်း​အားဖြင့် ‘လမ်း​ခ​ရီး၊ အမှန်​တ​ရား၊ အသက်’ ဖြစ်တဲ့ ယေရှု​အကြောင်း ပို​သိရှိ​လာနိုင်​ပါစေ။