မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၀

ယေရှုရဲ့မိသားစု ဂျေရုဆလင်မြို့ကို ခရီးထွက်

ယေရှုရဲ့မိသားစု ဂျေရုဆလင်မြို့ကို ခရီးထွက်

လုကာ ၂:၄၀-၅၂

  • ဆယ့်နှစ်​နှစ်​သား​ယေရှု ဆရာတွေကို မေးခွန်း​မေး

  • ယေရှု​က ယေဟောဝါ​ဘုရားကို “အဖ” လို့​ခေါ်

အချိန်​ကတော့ နွေဦး​ကာလ​ပေါ့။ နှစ်စဉ်​နှစ်​တိုင်း ဒီ​အချိန်​ရောက်ရင် ယောသပ်ရဲ့ မိသားစုဟာ ဆွေမျိုးတွေ၊ မိတ်ဆွေတွေနဲ့​အတူ ဂျေရုဆလင်​မြို့ကို ခရီးထွက်​ကြတယ်။ ပညတ်တရား​အရ ပသခါပွဲ​တက်ဖို့ သွား​ကြ​တာ။ (တရားဟောရာ ၁၆:၁၆) နာဇရက်​မြို့ကနေ ဂျေရုဆလင်​မြို့ကို ဆင်း​သွားဖို့​ဆိုရင် ၇၅ မိုင်​လောက်​ဝေးတယ်။ သူတို့​အားလုံး ခရီးစဉ်​အတွက် အလုပ်များ​ပြီး စိတ်လှုပ်ရှား​နေကြ​တယ်။ ၁၂ နှစ်​ရှိပြီ​ဖြစ်တဲ့ ယေရှုလည်း ပွဲတော်​တက်​ရမှာ၊ ဗိမာန်တော်ကို နောက်​တစ်ခေါက်​သွား​ရမှာ​ကို​တွေး​ပြီး ပျော်​နေမှာ​ပဲ။

ယေရှု​တို့​မိသားစု​အတွက် ပသခါပွဲ​ဆိုတာ တစ်ရက်​တည်း​နဲ့ ပြီးသွား​တဲ့​ကိစ္စ​မဟုတ်ဘူး။ ပသခါပွဲ​ပြီးတော့ နောက်​တစ်နေ့​ဟာ ခုနစ်​ရက်​ကြာ​ကျင်းပမယ့် တဆေးမဲ့​မုန့်​ပွဲ စတင်တဲ့​နေ့၊ “တဆေးမဲ့​မုန့်​ပွဲ ပထမနေ့” ဖြစ်တယ်။ (မာကု ၁၄:၁၂) ပသခါ​ပွဲတော်​ရာသီမှာ အဲဒီ​ပွဲ​လည်း​ပါဝင်တယ်လို့ ယူဆကြတယ်။ ဒါကြောင့် ဂျေရုဆလင်​မှာ​နေတဲ့​အချိန် အပါအဝင် နာဇရက်​မြို့ကနေ ဂျေရုဆလင်​မြို့ အသွားအပြန်​ခရီးဟာ နှစ်ပတ်​လောက်​ကြာတယ်။ ဒီနှစ်​တော့ ဂျေရုဆလင်​မြို့ကနေ အပြန်ခရီး​မှာ ယေရှု​ကြောင့် နည်းနည်း ပို​ကြာ​သွားတယ်။

အပြန်ခရီး​ဖြစ်တဲ့ မြောက်ဘက်​ကို သွား​နေရင်း ယောသပ်နဲ့ မာရိဟာ ဆွေမျိုးတွေ၊ မိတ်ဆွေတွေနဲ့​အတူ ယေရှုပါ​လာတယ်လို့ ထင်နေတာ။ ညအိပ်​ဖို့​နား​တော့​မှ ယေရှု​မပါ​မှန်း သိကြတယ်။ ဒါနဲ့ ခရီးဖော်​တွေ​ကြားမှာ လိုက်ရှာ​တော့ မ​တွေ့​ဘူး။ ဘယ်မှာ​မှ ရှာမတွေ့​တဲ့​အဆုံး ယောသပ်နဲ့ မာရိဟာ ဂျေရုဆလင်​မြို့ကို ပြန်သွား​ရှာ​ရတော့တယ်။

အဲဒီမှာ တစ်ရက်လုံး လိုက်ရှာ​ပေမဲ့ ယေရှုကို မ​တွေ့​ဘူး။ ဒုတိယ​နေ့မှာ​လည်း မ​တွေ့​ဘူး။ သုံးရက်​မြောက်​နေ့မှာ​တော့ အခန်း​တွေ အများကြီး​ရှိတဲ့ ဗိမာန်တော်မှာ ပြန်တွေ့​တယ်။ ယေရှု​က ဂျူး​ဘာသာရေး​ဆရာတွေ​အလယ်မှာ ထိုင်ပြီး နားထောင်​လိုက်၊ မေးခွန်း​တွေ​မေးလိုက် လုပ်​နေတာ။ သူ့ရဲ့​ဉာဏ်ရည် ထက်မြက်​ပုံကို အားလုံး အံ့သြ​နေကြ​တယ်။

မာရိ​က “သားရယ်၊ အဖေနဲ့​အမေ့​မှာ သားကို အပူ​တ​ပြင်း ရှာလိုက်ရ​တာ။ ဘာဖြစ်လို့ ဒီလို​လုပ်တာ​လဲ” လို့​ပြောတယ်။—လုကာ​ ၂:၄၈

ယေရှု​က သူ​ဒီမှာ​ရှိနေမှန်း မိဘတွေ မသိတာ​ကို အံ့သြ​သွားပြီး “သားကို ဘာလို့ ရှာ​နေကြတာ​လဲ။ အဖရဲ့​အိမ်တော်မှာ သား​ရှိနေမယ်​ဆိုတာ မသိ​ဘူး​လား” လို့​ပြောတယ်။—လုကာ ၂:၄၉

အခုတော့ သူတို့ ပြန်ဆုံ​သွားကြပြီ။ ယေရှု​က ယောသပ်၊ မာရိ​တို့နဲ့ နာဇရက်​မြို့ကို ပြန်​လိုက်သွား​ပြီး မိဘစကားကို အမြဲ​နာခံတယ်။ ကာယ​ဉာဏ နှစ်တန်စလုံး ကြီးထွား​ဖွံ့ဖြိုးလာတယ်။ အသက်ငယ်​ပေမဲ့ ဘုရား​ရှေ့၊ လူရှေ့ မျက်နှာ​ရတဲ့​သူ ဖြစ်လာတယ်။ ယေရှုဟာ ငယ်ငယ်​ကတည်းက ဘုရားရေးရာ​ကို စိတ်ဝင်စားတဲ့​အပြင် မိဘတွေကို​လည်း လေးစား​တယ်။ တကယ်​ကောင်းတဲ့ ပုံသက်သေပါပဲ။