မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၆

ဘုရား ကတိပြုထားတဲ့ကလေး

ဘုရား ကတိပြုထားတဲ့ကလေး

လုကာ ၂:၂၁-၃၉

  • ယေရှုကို အရေဖျားဖြတ်​ပေးပြီး​နောက် ဗိမာန်တော်ကို​ခေါ်လာ

ယောသပ်နဲ့ မာရိ​တို့ဟာ နာဇရက်​မြို့ကို မပြန်​ဘဲ ဘက်သလီဟင်​မြို့မှာ ဆက်နေ​ကြတယ်။ အစ္စရေး​လူမျိုးကို​ပေးတဲ့ ဘုရား​ပညတ်​အရ ကလေး​ရှစ်​ရက်သား​အရွယ်မှာ အရေဖျားဖြတ်​ပေးတယ်။ (ဝတ်ပြုရာ ၁၂:၂၊ ၃) အဲဒီ​နေ့မှာ သား​ယောက်ျားလေးကို နာမည်​ပေး​ရတဲ့ ထုံးစံ​ရှိလို့ ကောင်းကင်တမန်​ဂါဗြေလ ညွှန်ကြား​တဲ့​အတိုင်း ယေရှုလို့ နာမည်​ပေး​လိုက်တယ်။

ယေရှု​လေး ၄၀ ရက်သား ရောက်တဲ့အခါ မိဘတွေ သူ့ကို ဘယ်​ခေါ်သွားကြ​သလဲ။ သူတို့နဲ့ သိပ်​မ​ဝေး​တဲ့ ဂျေရုဆလင်​မြို့ ဗိမာန်တော်ကို​ပေါ့။ ပညတ်တရား​အရ သား​ယောက်ျားလေး​မွေး​ပြီး ရက် ၄၀ ပြည့်တဲ့​နေ့မှာ မိခင်​က ဗိမာန်တော်မှာ ပူဇော်သက္ကာ​ကို ဆက်သ​ရတယ်။—ဝတ်ပြုရာ ၁၂:၄-၈

မာရိ အဲဒီအတိုင်း လုပ်ခဲ့တယ်။ ပညတ်တရား​အရ သိုးထီး​လေး​တစ်ကောင်​နဲ့ ငှက်​တစ်ကောင် ပူဇော်​ရမယ်။ ဒါပေမဲ့ မိခင်​က သိုးထီး ပူဇော်​ဖို့ မတတ်နိုင်​ဘူးဆိုရင် ချိုး​နှစ်ကောင် ဒါမှမဟုတ် ခို​နှစ်ကောင်​ကို ပူဇော်​ရမယ်။ မာရိဟာ ပူဇော်သက္ကာ​အနေနဲ့ ငှက်​ကလေး​နှစ်ကောင် ယူလာ​တာ​ကို​ကြည့်ရင် ယောသပ်နဲ့ မာရိရဲ့ စီးပွားရေး​အခြေအနေကို သိနိုင်တယ်။

ဗိမာန်တော်မှာ ရှိမောင်​လို့​ခေါ်တဲ့ အသက်ကြီးသူ​ တစ်ယောက်​က​ ယောသပ်နဲ့ မာရိ​ဆီ လာတယ်။ သူ​မသေ​ခင် ယေဟောဝါ​ဘုရား ကတိပြု​ထားတဲ့ ခရစ်တော် ဒါမှမဟုတ် မေရှိယကို တွေ့ရ​မယ်လို့ သူ့ကို ဘုရား အသိပေး​ထားတယ်။ အဲဒီ​နေ့မှာ သန့်ရှင်းသော စွမ်းအားတော်ရဲ့ လမ်းညွှန်မှုကြောင့် ဗိမာန်တော်ကို သူ​ရောက်လာတဲ့​အခါ ယောသပ်၊ မာရိ​နဲ့ သူတို့ရဲ့​သားလေး​ကို တွေ့ပြီး ကလေးကို ချီပိုက်​တယ်။

ရှိမောင်​က ယေရှုကို ချီပိုက်​ရင်း ဘုရားကို အခုလို ကျေးဇူးတင်​ချီးမွမ်းတယ်– “အချုပ်အခြာအာဏာပိုင်ရှင်၊ ကိုယ်တော်​ပြောခဲ့တဲ့​အတိုင်း ဒီ​ကလေးကို ကျွန်တော် မြင်ခွင့်​ရပြီဖြစ်လို့ အခုတော့ သေပျော်​ပါပြီ။ ကိုယ်တော် ကယ်တင်မယ့် နည်းလမ်း​ကို ကျွန်တော် မြင်ခွင့်​ရ​ပါပြီ။ အဲဒီ​နည်းကို လူတွေ​အားလုံးလည်း မြင်ခွင့်​ရ​ပါပြီ။ ဒီ​ကလေးဟာ လူမျိုးခြားတွေ​အတွက် အမှောင်ထု​ကို ဖယ်ရှား​ပေးမယ့် အလင်း​ပါ။ လူမျိုးတော်​အစ္စရေး​အတွက် တောက်ပတဲ့ အလင်းရောင်​ပါ။”—လုကာ ၂:၂၉-၃၂

အဲဒီ​စကားတွေကို ယောသပ်နဲ့ မာရိ​ကြား​တော့ အံ့သြ​နေကြ​တယ်။ ရှိမောင်​က သူတို့ကို ကောင်းချီး​ပေးပြီး “ဒီ​ကလေး​ကြောင့် အစ္စရေး​တွေ​ထဲမှာ လဲကျ​သူတွေ​ရှိ​သလို ထ​တဲ့​သူတွေလည်း ရှိ​လိမ့်မယ်” လို့​မာရိ​ကို ပြောတယ်။ မာရိလည်း ဓား​ရှည်​နဲ့ အခွင်း​ခံရ​သလို ဝမ်းနည်း​ကြေကွဲ​လိမ့်မယ်လို့ သူပြောတယ်။—လုကာ ၂:၃၄

အဲဒီ​နေ့မှာ ဗိမာန်တော်မှာ နောက်​တစ်ယောက် ရှိနေသေး​တယ်။ သူကတော့ အသက် ၈၄ နှစ်အရွယ် ပရောဖက်မ အန္န​ပဲ။ ဗိမာန်တော်ကို သူ​အမြဲ လာလေ့​ရှိတယ်။ ယောသပ်၊ မာရိ​နဲ့ ယေရှု​လေး ဗိမာန်တော်မှာ​ရှိနေတုန်း သူ​ရောက်လာပြီး ဘုရားကို ကျေးဇူးတင်​ချီးမွမ်းတယ်၊ နားထောင်​နေ​သူ​အားလုံးကို ယေရှု​အကြောင်း ပြောပြတယ်။

ဗိမာန်တော်မှာ ဖြစ်ပျက်ခဲ့တာ​တွေ​ကြောင့် ယောသပ်နဲ့ မာရိ​တို့ ဘယ်လောက် ဝမ်းသာ​မယ်​ဆိုတာ စဉ်းစားကြည့်ပါ။ သူတို့ရဲ့ သားလေး​ဟာ ဘုရား ကတိပြု​ထားတဲ့​သူ​ဆိုတာ ဒီ​အဖြစ်အပျက်​တွေ​က ယုံကြည်​စိတ်ချ​စေတယ်။