မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၅

ဦးဆုံးအံ့ဖွယ်အမှု

ဦးဆုံးအံ့ဖွယ်အမှု

ယောဟန် ၂:၁-၁၂

  • ကာန​မြို့က မင်္ဂလာပွဲ

  • ရေ​ကို စပျစ်ဝိုင်​အဖြစ် ပြောင်း​ပေး

ယေရှုရဲ့ ဦးဆုံး​တပည့်​အဝင်​အဖြစ် နာသနေလ​ကို ရွေးချယ်​ပြီး​တာ အခု​ဆို သုံးရက်​လောက်​ရှိပြီ။ ယေရှုနဲ့ ဦးဆုံး​တပည့်​တချို့ဟာ မြောက်ဘက်၊ သူတို့ရဲ့​ဇာတိ ဂါလိလဲ​နယ်​ကို သွား​နေကြ​တယ်။ နာသနေလ​ရဲ့​ဇာတိ ကာန​မြို့ကို​ သွား​နေကြတာ။ ဒီ​မြို့ဟာ ယေရှု​ကြီးပြင်းခဲ့​တဲ့ နာဇရက်​မြို့ရဲ့ မြောက်ဘက် တောင်တန်း​ဒေသမှာ တည်ရှိ​တယ်။ ကာန​မြို့မှာ​ကျင်းပတဲ့ မင်္ဂလာပွဲ​တက်ဖို့ သူတို့ကို ဖိတ်ထားတယ်။

ယေရှုရဲ့​မိခင်လည်း မင်္ဂလာ​ပွဲကို လာတယ်။ မင်္ဂလာပွဲ​ကျင်းပတဲ့ မိသားစုရဲ့ မိတ်ဆွေ​အနေနဲ့ မာရိလည်း ဧည့်သည်တွေကို ဝိုင်းပြီး ဧည့်ခံ​နေတယ်။ စပျစ်ဝိုင်​ကုန်ခါနီး​မှာ ယေရှု​ဆီ မာရိ​သွားပြီး “သူတို့မှာ ဝိုင်​မရှိတော့ဘူး” လို့​ပြောလိုက်​တယ်။—ယောဟန် ၂:၃

မာရိ​က ယေရှုကို တ​ခု​ခု​လုပ်ပေး​စေချင်တယ်။ ဒါပေမဲ့ ယေရှု​က “ကျွန်တော်တို့နဲ့ ဘာ​ဆိုင်လို့လဲ” လို့​ပြောလိုက်​တယ်။ (ယောဟန် ၂:၄) ယေရှုဟာ ဘုရား​ခန့်အပ်ထား​တဲ့​ဘုရင်​အနေနဲ့ မိသားစု​တွေ၊ သူငယ်ချင်းတွေ ညွှန်ကြား​တဲ့​အတိုင်း​မဟုတ်ဘဲ ကောင်းကင်ဖခင်​ရဲ့ ညွှန်ကြားချက်​အတိုင်း လုပ်ဆောင်​ရမှာ ဖြစ်တယ်။ ဒီ​ကိစ္စ​ကို မာရိ​က သူ့​သား​လက်ထဲ အပ်​ထား​လိုက်ပြီး “သူ​ပြောတဲ့​အတိုင်း လုပ်ကြ” လို့ ဧည့်ခံ​တဲ့​သူတွေကို ပြောတယ်။—ယောဟန် ၂:၅

အဲဒီမှာ ကျောက်​ရေ​အိုး ၆ လုံး​ရှိပြီး အိုး​တစ်လုံး​မှာ ရေ ၁၀ ဂါလံ​ကျော်​လောက် ဆံ့တယ်။ ယေရှု​က ဧည့်ခံ​တဲ့​သူတွေ​ကို “ဒီ​အိုး​တွေ​ထဲ ရေဖြည့်ပါ” လို့​ပြောတယ်။ အဲဒီနောက် “နည်းနည်း ခပ်​ပြီး ပွဲအုပ်​ဆီ ယူသွား​လိုက်” လို့​ပြောတယ်။​—ယောဟန် ၂:၇၊ ၈

ပွဲအုပ်​က စပျစ်​ဝိုင်ကို မြည်းကြည့်​ပြီး ကြိုက်​သွားတယ်။ ဒါပေမဲ့ အံ့ဖွယ်​နည်းနဲ့​ဖြစ်လာ​မှန်း မသိလိုက်ဘူး။ ဒါကြောင့် သတို့သား​ကို ခေါ်ပြီး “လူတွေက စပျစ်ဝိုင် အကောင်းစား​ကို အရင်ဆုံး တည်ခင်း​ပြီး ဧည့်သည်တွေ မူး​တော့​မှ အ​ညံ့​ကို တည်ခင်း​တတ်ကြတယ်။ ခင်ဗျား​ကတော့ ဝိုင်​အကောင်းစား​ကို အခုထိ ချန်​ထားတာပဲ” လို့​ပြောတယ်။—ယောဟန် ၂:၁၀

ဒါက ယေရှုရဲ့ ဦးဆုံး​အံ့ဖွယ်အမှု​ပဲ။ ဒီ​အံ့ဖွယ်​အမှုကို တပည့်သစ်​တွေ တွေ့ပြီး သူ့ကို ပို​ယုံကြည်​လာကြတယ်။ အဲဒီနောက် မိခင်၊ ညီ​တွေ​နဲ့​အတူ ဂါလိလဲအိုင်ရဲ့ အနောက်မြောက်​ဘက်​ကမ်းခြေ​မှာ​ရှိတဲ့ ကပေရနောင်​မြို့ကို ဆင်း​သွားတယ်။