မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပိုင်း ၅

“ခင်ဗျားတို့ရဲ့ သိုးထိန်းဆီ၊ ကြီးကြပ်မှူးဆီ ပြန်လာကြ”

“ခင်ဗျားတို့ရဲ့ သိုးထိန်းဆီ၊ ကြီးကြပ်မှူးဆီ ပြန်လာကြ”

ဒီ​ဘရိုရှာ​မှာ ဆွေးနွေးခဲ့​တဲ့ အခက်အခဲ တစ်ခု​နှစ်ခု​ကို သင် ကြုံနေ​ရသလား။ ကြုံနေ​ရတယ်​ဆိုရင် သင်​တစ်ဦးတည်း မဟုတ်ပါဘူး။ ကျမ်းစာ​ခေတ်​နဲ့ အခုခေတ် ဘုရားသခင့် သစ္စာရှိ​ကျေးကျွန်တွေဟာ အဲဒီလို အခက်အခဲတွေကို ရင်ဆိုင်​ဖြေရှင်း​နိုင်ခဲ့ကြ​တယ်။ သူတို့ကို ဘုရားသခင် ကူညီ​ပေးခဲ့သလို သင့်ကို​လည်း ကူညီပေး​နိုင်ပါတယ်။

သင်​ပြန်လာတဲ့​အခါ ယေဟောဝါဘုရား ကြိုဆို​မှာ​ဖြစ်

သင်​ပြန်​လာတာကို ယေဟောဝါ ကြိုဆို​နေတယ်​ဆိုတာ ယုံကြည်​စိတ်ချပါ။ စိုးရိမ်​ပူပန်မှု​တွေ ပြေပျောက်​သွား​အောင်၊ စိတ်ထိခိုက်မှု​တွေ သက်သာ​လာ​အောင်၊ ကြည်လင်​တဲ့ အမှားအမှန်​သိစိတ်​ရှိပြီး စိတ်​ငြိမ်သက်​အောင် သင့်ကို ဘုရား ကူညီပေး​သွားမှာပါ။ အဲဒီနောက် ယုံကြည်သူချင်းတွေနဲ့​အတူ ယေဟောဝါရဲ့​အမှုတော် ပြန်​ထမ်းဆောင်​ချင်စိတ် ရှိလာ​ပါလိမ့်မယ်။ “ခင်ဗျားတို့ဟာ လမ်းလွဲ​တဲ့​သိုးတွေလို ဖြစ်ခဲ့ကြ​ပေမဲ့ အခုတော့ ခင်ဗျားတို့ရဲ့ သိုးထိန်း​ဆီ၊ ကြီးကြပ်မှူး​ဆီ ပြန်လာ​ကြပြီ” လို့ တမန်တော်​ပေတရု​ပြောတဲ့ ပထမရာစု​ခရစ်ယာန်တွေနဲ့ သင် အခြေအနေ​ချင်း ဆင်တူ​ပါလိမ့်မယ်။—၁ ပေတရု ၂:၂၅

သင် လုပ်​နိုင်သမျှ​ထဲမှာ အကောင်းဆုံး​အရာက ယေဟောဝါ​ဆီ ပြန်လာ​ခြင်း​ပါ။ ဘာကြောင့်လဲ။ ယေဟောဝါရဲ့​စိတ်​ကို ပျော်ရွှင်​စေမှာ​ ဖြစ်လို့ပါ။ (ပညာအလိမ္မာ ၂၇:၁၁) ယေဟောဝါဟာ ခံစားချက်​ရှိတာမို့ ကျွန်တော်တို့ရဲ့​လုပ်ရပ်တွေ​က ဘုရား​အပေါ် အကျိုးသက်ရောက်​ပါတယ်။ ဒါပေမဲ့ ဘုရားသခင်က မိမိကို ချစ်​ဖို့၊ ကိုးကွယ်​ဖို့ ဖိအား​မပေး​ပါဘူး။ (တရားဟောရာ ၃၀:၁၉၊ ၂၀) ဘုရားကို နှစ်နှစ်​ကာကာ ချစ်တဲ့​စိတ်နဲ့ ကိုးကွယ်​ဖို့ ကိုယ်တိုင် ရွေးချယ်​ရမှာ ဖြစ်တယ်။​ ဒါဟာ ဘုရား​အပေါ် သမာဓိ​ရှိ​ခြင်း​ဆိုတဲ့ အဖိုးတန်​လက်ဆောင်​ကို ပေး​နေတာ​ဖြစ်လို့ ဘုရားရဲ့​စိတ်​ကို အကြီးအကျယ် ရွှင်လန်း​စေပါ​တယ်။ ယေဟောဝါ​တစ်ပါးတည်း ရထိုက်တဲ့​ဝတ်ပြုမှု​ကို ပေးဆက်​နေလို့ ခံစား​ရတဲ့​ပျော်ရွှင်မှု​ကို ဘာနဲ့မှ အစားမထိုး​နိုင်ပါဘူး။—တမန်တော် ၂၀:၃၅။ ဗျာဒိတ် ၄:၁၁

ဒါ့အပြင် ဘုရားကို ပြန်​ဝတ်ပြုတဲ့​အခါ ဘုရားနဲ့ ဆက်ဆံရေး ပြန်ကောင်း​လာ​မှာ​ဖြစ်တယ်။ (မဿဲ ၅:၃) ဘယ်လို​နည်းနဲ့လဲ။ ‘ငါ​တို့ ဘာကြောင့် အသက်ရှင်​နေရ​တာလဲ’ ဆိုပြီး ကမ္ဘာ​တစ်ဝန်း​ကလူ​တွေ စဉ်းစားကြတယ်။ ဘဝ​ရည်ရွယ်ချက်​နဲ့​ပတ်သက်တဲ့ မေးခွန်းတွေရဲ့​အဖြေကို သိချင်စိတ် ပြင်းပြ​ကြတယ်။ အကြောင်း​က ယေဟောဝါဟာ လူသားတွေကို အဲဒီ​စိတ် ထည့်​ထား​ပေးလို့​ပါ။ ဘုရားကို ဝတ်ပြုခြင်း​ကနေ ကျေနပ်​ပျော်ရွှင်မှု​ရဖို့ ကျွန်တော်တို့ကို ဖန်ဆင်း​ထားတယ်။ ဘုရားသခင်ကို နှစ်နှစ်ကာကာ​ ချစ်တဲ့​စိတ်နဲ့ ဝတ်ပြု​နေပါ​လား​ဆိုတဲ့ အသိ​ကြောင့် ခံစား​ရတဲ့ ကျေနပ်​ပျော်ရွှင်မှု​ထက် ပို​ကောင်းတဲ့အရာ မရှိပါဘူး။—ဆာလံ ၆၃:၁-၅

ယေဟောဝါ​ဘုရားက သင့်ကို ပြန်လာ​စေချင်တယ်​ဆိုတာ သိထားပါ။ အဲဒါကို ဘယ်လို သိနိုင်​မလဲ။ ဒီ​အချက်ကို သုံးသပ်​ကြည့်ပါ။ ဒီ​ဘရိုရှာ​ကို အကြိမ်ကြိမ် ဆုတောင်းပြီး အသေအချာ ပြင်ဆင်​ပေးထား​တာ​ပါ။ အကြီးအကဲ ဒါမှမဟုတ် ယုံကြည်သူချင်း​တစ်ဦး​က သင့်​ဆီ ဒီ​ဘရိုရှာ ယူလာ​ပေးတာ​ ဖြစ်နိုင်တယ်။ အဲဒီအခါ ဘရိုရှာ​ကို ဖတ်ပြီး သိလာတဲ့​အတိုင်း လုပ်ဖို့ လှုံ့ဆော်ခံရ​မှာ ဖြစ်တယ်။ ဒါတွေ​အားလုံး​က သင့်ကို ယေဟောဝါဘုရား မမေ့​သေး​ဘူးဆိုတဲ့ သက်သေပါပဲ။ မိမိ​ဆီ ပြန်လာဖို့ သင့်ကို ဘုရား ဖိတ်ခေါ်​နေတာပါ။—ယောဟန် ၆:၄၄

ပျောက်သွားတဲ့​သိုး​တွေကို ယေဟောဝါ ဘယ်တော့မှ မမေ့ဘူး​ဆိုတဲ့​အချက်ကလည်း အားရှိစရာ​ပါပဲ။ ဒါ​နာ​လို့​ခေါ်တဲ့ ညီအစ်မ​တစ်ဦး အဲဒီ​အချက်ကို သဘောပေါက်​လာတယ်။ “ကျွန်မ​ဆို အမှန်တရား​နဲ့ ဝေး​မှန်း​မသိ ဝေး​သွားတာ။ ဒါပေမဲ့ ‘အို ဘုရားသခင်၊ ကျွန်တော့်ကို အသေအချာ စစ်ဆေး​လှည့်ပါ။ ကျွန်တော့်​စိတ်​ကို သိမြင်​လှည့်ပါ။ အသေအချာ ဆန်းစစ်​ပြီး ပူပန်​သောကတွေ​ကို သိမြင်​လှည့်ပါ။ ကျွန်တော့်​စိတ်ဟာ အန္တရာယ်​လမ်းကို ဦးတည်​နေသလား​ဆိုတာ ကြည့်ရှု​ပေးပါ။ ကျွန်တော့်ကို ထာဝရ​လမ်း​ထဲ ပို့ဆောင်ပေး​ပါ’ ဆိုတဲ့ ဆာလံ ၁၃၉:၂၃၊ ၂၄ ပါ​စကားတွေကို ခဏခဏ အလေးအနက် စဉ်းစားတယ်။ ကျွန်မက လောက​နဲ့ ပတ်သက်လို့ မရဘူး၊ ဘယ်တော့မှလည်း အံဝင်ခွင်ကျ​ ဖြစ်မှာ မဟုတ်ဘူး၊ ကျွန်မ​ရှိနေ​ရမယ့်​နေရာ​က ယေဟောဝါရဲ့ အဖွဲ့အစည်း​ပဲ​ဆိုတာ သိလာ​ပါပြီ။ ကျွန်မကို ယေဟောဝါ ဘယ်တော့မှ မစွန့်ပစ်​ဘူး၊ ဘုရားဆီ ပြန်လာ​ရမယ်ဆိုတာ​ကို သဘောပေါက်​လာတယ်။ ပြန်လာ​နိုင်​ခဲ့လို့ ဝမ်းသာ​လို့ မဆုံး​ဘူး” လို့ သူပြောတယ်။

“ကျွန်မကို ယေဟောဝါဘုရား ဘယ်တော့မှ မစွန့်ပစ်​ဘူး၊ ဘုရားဆီ ပြန်လာ​ရမယ်ဆိုတာ​ကို သဘောပေါက်​လာတယ်”

“ယေဟောဝါဘုရား​ ပေးသနားတဲ့ ဝမ်းမြောက်ခြင်း” ကို သင်လည်း ပြန်​ခံစားနိုင်​ပါစေ​လို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်း​ပေး​ပါတယ်။ (နေဟမိ ၈:၁၀) ယေဟောဝါဘုရား​ဆီ ပြန်လာ​ပါ။ သင် ဘယ်တော့မှ နောင်တရမှာ​မဟုတ်ပါဘူး။