အခန်း ၂၂
ဌာနခွဲရုံးမှာ ဘာတွေလုပ်ဆောင်နေကြသလဲ
ဌာနအသီးသီးမှာ အမှုဆောင်နေကြတဲ့ ဗေသလမိသားစုဝင်တွေက နိုင်ငံတစ်ခု ဒါမှမဟုတ် နိုင်ငံတချို့မှာရှိတဲ့ ဟောပြောခြင်းလုပ်ငန်းကို ကြည့်ရှု ထောက်မပေးကြတယ်။ ဘာသာပြန်အဖွဲ့တွေ၊ မဂ္ဂဇင်းပုံနှိပ်ခြင်း၊ စာအုပ်ချုပ်ခြင်း၊ စာပေသိုလှောင်ရုံ၊ ရုပ်/သံထုတ်လုပ်မှု၊ ဒါမှမဟုတ် တခြားလုပ်ငန်းတွေမှာ လုပ်ဆောင်ကြတယ်။
ဌာနခွဲကော်မတီက အလုပ်တွေကို ကြီးကြပ်တယ်။ အုပ်ချုပ်ရေးအဖွဲ့က ဌာနခွဲရုံးတွေမှာ လုပ်ဆောင်နေတဲ့ အလုပ်တွေကို ကြီးကြပ်ဖို့ ဌာနခွဲကော်မတီကို တာ၀န်ပေးအပ်ထားတယ်။ ဌာနခွဲကော်မတီမှာ အရည်အချင်းပြည့်မီတဲ့ အကြီးအကဲ သုံးယောက် ဒါမှမဟုတ် သုံးယောက်ထက်မက ပါဝင်တယ်။ ဌာနခွဲကော်မတီက မိမိတို့ကြီးကြပ်မှုအောက်မှာရှိတဲ့ နယ်မြေအသီးသီးက တိုးတက်မှုတွေနဲ့ ပေါ်ပေါက်လာတဲ့ ပြဿနာတွေကို အုပ်ချုပ်ရေးအဖွဲ့ဆီ အကြောင်းကြားကြတယ်။ အဲ့ဒီမှတ်တမ်းတွေက နောက်စာပေတွေ၊ လာမယ့် အသင်းတော်အစည်းအဝေးနဲ့ အစည်းအဝေးကြီးတွေမှာ ဘာအကြောင်းတွေ ထည့်သွင်းသင့်သလဲဆိုတာကို ဆုံးဖြတ်နိုင်ဖို့ အုပ်ချုပ်ရေးအဖွဲ့ကို အထောက်အကူပြုတယ်။ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ကိုယ်စားလှယ်တွေက ဌာနခွဲရုံးတွေကို ပုံမှန်လည်ပတ်ပြီး ဌာနခွဲကော်မတီကို လုပ်ဆောင်ရမယ့် အလုပ်တွေနဲ့ပတ်သက်တဲ့ လမ်းညွှန်ချက်တွေ ပေးကြတယ်။ (ပညာ. ၁၁:၁၄) အဲဒီအချိန်မှာ ဌာနခွဲနယ်မြေမှာ ရှိသူတွေကို အားပေးဖို့ ဌာနချုပ်ကိုယ်စားလှယ်ရဲ့ ဟောပြောချက်ပါဝင်တဲ့ အထူးအစီအစဉ်တစ်ခုကို စီစဉ်ကြတယ်။
ဒေသခံအသင်းတော်တွေကို ကူညီထောက်မပေးတယ်။ ဌာနခွဲရုံးက တာဝန်ရှိ ညီအစ်ကိုတွေဟာ အသင်းတော်သစ်တွေ ဖွဲ့စည်းဖို့ လိုအပ်တဲ့လုပ်ဆောင်မှုတွေကို လုပ်ဆောင်တယ်။ ဌာနခွဲနယ်မြေမှာ အမှုဆောင်နေကြတဲ့ ရှေ့ဆောင်တွေ၊ ခရစ်ယာန်သာသနာပြုတွေ၊ တိုက်နယ်ကြီးကြပ်မှူးတွေရဲ့ လုပ်ဆောင်မှုတွေကိုလည်း လမ်းညွှန်ပေးတယ်။ စည်းဝေးပွဲတွေ၊ အစည်းအဝေးကြီးတွေကို စီစဉ်ပေးပြီး ဝတ်ပြုရာခန်းမသစ် ဆောက်လုပ်မှုကို ညှိနှိုင်းဆောင်ရွက်ပေးတဲ့အပြင် အသင်းတော်တွေ လိုအပ်တဲ့စာပေတွေ ပေးပို့ရာမှာလည်း ကြီးကြပ်ပေးတယ်။ ဌာနခွဲရုံးမှာ လုပ်ဆောင်တဲ့အလုပ်အားလုံးဟာ ဟောပြောခြင်းလုပ်ငန်းကို စနစ်တကျ ပြီးမြောက်ဖို့ ထောက်ကူပေးပါတယ်။—၁ ကောရိန္သု ၁၄:၃၃၊ ၄၀။
-
ဌာနခွဲကော်မတီက အုပ်ချုပ်ရေးအဖွဲ့ကို ဘယ်လို အကူအညီပေးသလဲ။
-
ဌာနခွဲရုံးမှာ ဘယ်တာဝန်တွေကို လုပ်ဆောင်နေကြသလဲ။