မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လိင်ဆိုင်ရာအမြတ်ထုတ်သူတွေရဲ့ ရန်ကနေ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်နိုင်မလဲ

လိင်ဆိုင်ရာအမြတ်ထုတ်သူတွေရဲ့ ရန်ကနေ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်နိုင်မလဲ

အခန်း ၃၂

လိင်ဆိုင်ရာအမြတ်ထုတ်သူတွေရဲ့ ရန်ကနေ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်နိုင်မလဲ

နှစ်စဉ်နှစ်တိုင်း လူသန်းနဲ့ချီ မုဒိမ်းကျင့်ခံနေရ ဒါမှမဟုတ် လိင်ဆိုင်ရာ မတော်မတရားပြုကျင့်ခံနေရတယ်။ စစ်တမ်းကောက်ကြည့်တဲ့အခါ လူငယ်တွေက အဓိကပစ်မှတ် ဖြစ်နေတယ်။ ဥပမာ၊ အမေရိကန်တစ်နိုင်ငံတည်းမှာ မုဒိမ်းကျင့်ခံရသူ တစ်ဝက်လောက်ဟာ ၁၈ နှစ်အောက် လူငယ်တွေ ဖြစ်တယ်။ လိင်ဆိုင်ရာ မတော်မတရား ပြုတာတွေ များလာတာကြောင့် ဒီအကြောင်းကိုသိထားဖို့ အရေးကြီးတယ်။

“သူ ကျွန်မကို ရုတ်တရက် လှမ်းဆွဲပြီး တွန်းလှဲလိုက်တယ်။ ကျွန်မလည်း အားကုန်သုံးပြီး ပြန်ခုခံတယ်။ ငရုတ်ဆီစပရေးနဲ့ ဖြန်းဖို့လုပ်တော့ သူက လက်ကိုရိုက်ချလိုက်တယ်။ ငယ်သံပါအောင် အော်ပေမဲ့ အသံက ထွက်မလာဘူး။ သူ့ကို တွန်းကန်ကုတ်ခြစ်ပေမဲ့ ဓားထိုးခံလိုက်ရတဲ့အခါမှာတော့ တစ်ကိုယ်လုံး ပျော့ခွေသွားတယ်။”—အနက်ဒ်။

ဒီနေ့အချိန်မှာ လိင်ဆိုင်ရာအမြတ်ထုတ်သူတွေ သောင်းကျန်းနေပြီး လူငယ်တွေကို ပစ်မှတ်ထားကြတယ်။ အနက်ဒ်လိုပဲ၊ လူငယ်တချို့ဟာ သူစိမ်းရဲ့စော်ကားမှု ခံရတယ်။ တချို့ကျတော့ အိမ်နီးချင်းရဲ့ စော်ကားမှုခံရတယ်။ ဥပမာ၊ နက်တလီ ၁၀ နှစ်အရွယ်မှာ အိမ်နီးချင်း ဆယ်ကျော်သက်တစ်ဦး မုဒိမ်းကျင့်တာကို ခံလိုက်ရတယ်။ သူ အခုလိုပြောပြတယ်– “ကျွန်မ ကြောက်လန့်ပြီး ရှက်လွန်းလို့ ဘယ်သူ့ကိုမှ မပြောပြရဲခဲ့ဘူး။”

လူငယ်အတော်များများကျတော့ မိသားစုဝင်တစ်ယောက်ရဲ့ စော်ကားမှုခံရတယ်။ ကာမန်ဆိုတဲ့အမျိုးသမီး ဒီလိုပြောပြတယ်– “ကျွန်မအသက် ၅ နှစ်နဲ့ ၁၂ နှစ်ကြားမှာ အဖေစော်ကားတာကို ခံခဲ့ရတယ်။ အသက် ၂၀ မှာ ကျွန်မ သည်းမခံနိုင်တော့တဲ့အဆုံး အဖေနဲ့ ထိပ်တိုက်တွေ့လိုက်တယ်။ အဖေက တောင်းပန်ပါတယ်လို့ပြောပြီး လအနည်းငယ်လည်းကြာရော ကျွန်မကို အိမ်ကနေ မောင်းချတယ်။”

အိမ်နီးချင်းတွေ၊ သူငယ်ချင်းတွေနဲ့ မိသားစု၀င်တွေက လူငယ်တွေကို လိင်ဆိုင်ရာ မတော်မတရားပြုနေတယ်လို့ ကြားနေရတာ မဆန်းတော့ဘူး။ * အဲဒီလိုကျော်မကောင်းကြားမကောင်းတဲ့ ဖြစ်ရပ်တွေဟာ ဟိုးအရင်ကတည်းက ရှိခဲ့တာ။ (ယောလ ၃:၃; မဿဲ ၂:၁၆) အခုခေတ်မှာ ပိုဆိုးတာပေါ့။ လူအများက “မိသားစုချစ်ခင်စုံမက်ခြင်း” မရှိကြတော့ဘူး။ မိန်းကလေးတွေ (ယောက်ျားလေးတွေတောင်) လိင်ဆိုင်ရာအမြတ်ထုတ်ခံနေရတယ်။ (၂ တိမောသေ ၃:၁-၃) ကြိုတင်ကာကွယ်ထားရင်တောင် လုံခြုံမယ်လို့ အာမ,မခံနိုင်ဘူး။ ဒါပေမဲ့ အောက်ပါအကြံပြုချက်တွေကို လိုက်နာမယ်ဆိုရင် သင့်ကိုယ်သင်ကာကွယ်ဖို့ အကူအညီရနိုင်ပါတယ်။

မျက်စိရှင်ရှင်ထားပါ။ အပြင်သွားတဲ့အခါ ရှေ့နောက်ဘေးဘီမှာ ဘာတွေဖြစ်နေတယ်ဆိုတာ သတိထားပါ။ တချို့နေရာတွေဟာ အထူးသဖြင့် ညပိုင်းမှာ အန္တရာယ်များတယ်။ အဲဒီလိုနေရာတွေကို တစ်ယောက်တည်း မသွားပါနဲ့။ ဖြစ်နိုင်ရင် အဲဒီလိုနေရာမျိုးကို ရှောင်ပါ။—သုတ္တံ ၂၇:၁၂

တခြားသူ အထင်အမြင်လွဲအောင် မလုပ်ပါနဲ့။ အီစီကလီလုပ်တာ၊ မပေါ့်တပေါ်ဝတ်တာမျိုးကို ရှောင်ပါ။ အဲဒီလိုလုပ်တာက အန္တရာယ်ကို လက်ယပ်ခေါ်နေသလိုပဲ။—၁ တိမောသေ ၂:၉၊ ၁၀

စည်းကမ်းသတ်မှတ်ထားပါ။ ရည်းစားနဲ့ချိန်းတွေ့တဲ့အခါ ဘယ်လိုအပြုအမူတွေကို လက်ခံတယ်၊ လက်မခံဘူးဆိုတာ ပြောပြထားပါ။ သင့်အတွက် အန္တရာယ်ရှိတဲ့အခြေအနေတွေကို ရှောင်ပါ။—သုတ္တံ ၁၃:၁၀

ရဲရဲသာပြောချလိုက်ပါ။ “မလုပ်နဲ့၊” “မထိနဲ့” လို့ ပြတ်ပြတ်သားသားပြောတာ အကောင်းဆုံးပဲ။ ကိုယ့်ရည်းစား ကိုယ့်ကိုထားသွားမှာ မစိုးရိမ်နဲ့။ ဒီလောက်လေးနဲ့ သင့်ကိုထားသွားမယ်ဆိုရင် သူက သင်နဲ့မတန်လို့ပဲ။ သင့်ကိုယ်ခန္ဓာကို တန်ဖိုးထားပြီး သင့်စံနှုန်းတွေကို လေးစားတဲ့ ယောက်ျားကောင်းမှ သင်နဲ့ထိုက်တန်တာ။ *

အင်တာနက်သုံးတဲ့အခါ သတိထားပါ။ သင့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေနဲ့ ဓာတ်ပုံတွေကို ဘယ်တော့မှ မပေးပါနဲ့။ လိင်အကြောင်း ပွင့်ပွင့်လင်းလင်းရေးထားတဲ့ မက်ဆေ့ခ်ျဝင်လာပြီဆိုရင် စာမပြန်တာ အကောင်းဆုံးပဲ။ သူ ဘာမှဆက်မလုပ်နိုင်တော့ဘူး။

အထက်မှာဖော်ပြခဲ့တဲ့ နည်းလမ်းတွေက သင့်ကို အကာအကွယ်ပေးနိုင်တယ်။ (သုတ္တံ ၂၂:၃) ဒါပေမဲ့ အမှန်အတိုင်းပြောရရင် အခြေအနေအားလုံးကို အမြဲမထိန်းချုပ်နိုင်ပါဘူး။ ဥပမာ၊ ကိုယ်အပြင်သွားတိုင်း အဖော်ပါချင်မှပါမယ်၊ အန္တရာယ်ရှိတဲ့နေရာတွေကို ရှောင်နိုင်ချင်မှရှောင်နိုင်မယ်။ အဲဒီလိုနေရာမှာ နေတာမျိုးတောင် ဖြစ်နိုင်တယ်။

သင့်အနေနဲ့ အန္တရာယ်ကို ကြိုးစားရှောင်တာတောင် အဖြစ်ဆိုးကြုံခဲ့ရနိုင်တယ်။ အစပိုင်းမှာဖော်ပြခဲ့တဲ့ အနက်ဒ်လို မမျှော်လင့်ထားတဲ့အချိန်မှာ၊ အင်အားချင်းကလည်းမမျှတော့ စော်ကားခံလိုက်ရတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ကာမန်လို ကလေးဘဝကတည်းက မုဒိမ်းကျင့်ခံခဲ့ရတာဖြစ်မယ်။ အဲဒီလိုအခြေအနေမျိုးမှာ ဘာမှတတ်နိုင်မှာမဟုတ်ဘူး၊ ဘာဖြစ်သွားမှန်းတောင် ကောင်းကောင်းသိလိုက်မှာ မဟုတ်ဘူး။ လိင်ဆိုင်ရာ စော်ကားခံရသူတွေဟာ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ်လို့လည်း ခံစားတတ်ကြတယ်။ အဲဒါကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ။

အပြစ်ရှိတယ်ဆိုတဲ့ခံစားချက်ကို ရင်ဆိုင်ဖြေရှင်းခြင်း

အနက်ဒ်က ဖြစ်ပျက်ခဲ့တာနဲ့ပတ်သက်လို့ သူ့အပြစ်လည်းပါတယ်လို့ ခံစားခဲ့ရတယ်။ သူဒီလိုပြောပြတယ်– “ကျွန်မရဲ့ အကြီးမားဆုံးရန်သူက ကျွန်မကိုယ်တိုင်ပဲ။ အဲဒီညကို လုံး၀မေ့ပစ်လို့မရဘူး။ ခေါင်းထဲကနေ ထုတ်လို့ကိုမရဘူး။ သူ့ကို ဒီထက်မက ပြန်ခုခံခဲ့ရင်ကောင်းသားလို့ တွေးမိတယ်။ အမှန်တော့ ဓားထိုးခံရပြီးနောက်မှာ ကြောက်လွန်းလို့ ကျွန်မ လုံးဝမလှုပ်နိုင်တော့ဘူး။ ဘာမှမလုပ်နိုင်တော့ဘူး။ တကယ်တော့ တစ်ခုခုပြန်လုပ်ခဲ့ရမှာ။”

နက်တလီလည်း အပြစ်ရှိတယ်လို့ ခံစားနေရတုန်းပဲ။ “ကျွန်မက ယုံလွယ်လွန်းတာကိုး။ မိဘတွေက အပြင်မှာထွက်ကစားတဲ့အခါ အစ်မနဲ့အတူနေလို့ ပြောထားသားပဲ။ ကျွန်မကိုက နားမထောင်တာ။ အဲဒီလူကို အခွင့်အရေးပေးလိုက်သလို ဖြစ်သွားတယ်။ အဲဒီဖြစ်ရပ်ကြောင့် ကျွန်မမိသားစု အရမ်းစိတ်ထိခိုက်ခဲ့ရတယ်။ ကျွန်မမိသားစု စိတ်ဆင်းရဲရတာ ကျွန်မကြောင့်၊ ကျွန်မမှာ တာဝန်မကင်းဘူး။ အဲဒါကို ၀မ်းအနည်းဆုံးပဲ။”

အနက်ဒ်နဲ့ နက်တလီလို သင်လည်း ခံစားနေရရင် ဘယ်လိုလုပ်မလဲ။ သင်က မုဒိမ်းကျင့်ခံခဲ့ရတယ်ဆိုရင် အလိုတူအလိုပါ မဟုတ်ဘူးဆိုတာ အမြဲသတိရပါ။ တချို့က အဲဒါကို အသေးအဖွဲလိုသဘောထားပြီး ‘ယောက်ျားဆိုမှတော့ အဲဒီလိုပဲလုပ်မှာပေါ့၊ မိန်းကလေးကိုက အနေအထိုင်မတတ်တာ’ လို့ ပြောကြတယ်။ တကယ်တော့ မုဒိမ်းကျင့်တာကို ခံသင့်တဲ့သူဆိုလို့ ဘယ်သူမှမရှိဘူး။ သင်လည်း အဲဒီလိုယုတ်မာမှုမျိုး ခံခဲ့ရတယ်ဆိုရင် သင့်မှာ လုံးဝအပြစ်မရှိပါဘူး။

“သင့်မှာ လုံးဝအပြစ်မရှိဘူး” လို့ပြောရတာလွယ်သလောက် လက်ခံဖို့ကျတော့ သိပ်ခက်တယ်။ တချို့က စိတ်ဆင်းရဲခံပြီး မျိုသိပ်ထားတယ်၊ ကိုယ့်မှာအပြစ်ရှိတယ်လို့ တစ်ချိန်လုံးခံစားနေရပြီး အပျက်သဘောတွေလည်း ဝင်လာတယ်။ ဒါပေမဲ့ စဉ်းစားကြည့်ပါ– မျိုသိပ်ထားရင် ဘယ်သူ့အတွက် အကျိုးရှိမလဲ။ သင်လား၊ သင့်ကိုစော်ကားသူလား။ သင့်ကောင်းကျိုးကို လိုလားတယ်ဆိုရင် မျိုသိပ်မထားပါနဲ့။

ကိုယ့်ဇာတ်လမ်းကို ပြောပြပါ

ဖြောင့်မတ်သူယောဘက စိတ်သောက အကြီးအကျယ်ခံနေရချိန်မှာ ‘မကျေနပ်ချက်တွေကို ဖွင့်ချလိုက်တော့မယ်။ ခါးသီးနာကြည်းစိတ်နဲ့ ပြောတော့မယ်’ လို့ပြောခဲ့တယ်။ (ယောဘ ၁၀:၁ကဘ) သင်လည်း အဲဒီလိုပြောပြလိုက်ရင် အကျိုးခံစားရမယ်။ မုဒိမ်းကျင့်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကိုယ်ယုံကြည်စိတ်ချရတဲ့သူတစ်ဦးကို ရင်ဖွင့်လိုက်မယ်ဆိုရင် စိတ်ပေါ့သွားမယ်။

သင်ဟာ ခရစ်ယာန်တစ်ယောက်ဖြစ်မယ်ဆိုရင် ကြုံခဲ့ရတာနဲ့ပတ်သက်ပြီး အသင်းတော်အကြီးအကဲတစ်ယောက်ကို ရင်ဖွင့်ပြောပြဖို့လိုတယ်။ တခြားသူရဲ့အပြစ်ကြောင့် သင်ညစ်ညမ်းသွားတာ မဟုတ်ဘူးဆိုတဲ့ သူ့ရဲ့နှစ်သိမ့်စကားတွေကနေ အားယူနိုင်ပါတယ်။ အနက်ဒ် အဲဒီလိုခံစားခဲ့ရတယ်။ သူအခုလိုပြောပြတယ်– “ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက်ကို ရင်ဖွင့်လိုက်တော့ အသင်းတော်အကြီးအကဲတွေကို ပြောပြပါလို့ အကြံပေးတယ်။ အဲဒီအတိုင်းလုပ်လိုက်တာ ကျွန်မအတွက် ကောင်းသွားတယ်။ သူတို့က ကျွန်မနဲ့ နှစ်ကြိမ်၊ သုံးကြိမ်တွေ့ဆုံပြီး ဖြစ်ခဲ့သမျှဟာ ကျွန်မအပြစ်ကြောင့် မဟုတ်ဘူးလို့ ရှင်းပြခဲ့တယ်။ အဲဒါက ကျွန်မ အကြားချင်ဆုံးစကားပဲ။”

ဖြစ်ခဲ့သမျှအကြောင်းတွေ၊ ခံစားချက်တွေကို ရင်ဖွင့်လိုက်တာက ဒေါသနဲ့နာကြည်းစိတ်ကို ဖြေဖျောက်ပေးနိုင်တယ်။ (ဆာလံ ၃၇:၈) နှစ်နဲ့ချီကြာပြီးမှ အခုလိုရင်ဖွင့်လိုက်တဲ့အခါ စိတ်ပေါ့သွားမှာပဲ။ နက်တလီလည်း မိဘတွေကို ရင်ဖွင့်လိုက်တဲ့အခါ အဲဒီလိုခံစားခဲ့ရတယ်။ သူအခုလိုပြောပြတယ်– “မိဘတွေက ကျွန်မကြုံခဲ့ရတာကို ဖွင့်ပြောဖို့ အားပေးကြတယ်။ ဒါနဲ့ပဲ ဝမ်းနည်းပြီး ဒေါသဖြစ်နေတာတွေ လျော့သွားတယ်။” ဆုတောင်းခြင်းကနေလည်း သူ နှစ်သိမ့်မှုရတယ်။ “ဘယ်သူ့ကိုမှ မပြောပြနိုင်ခဲ့တုန်းက ဘုရားဆီကို ပွင့်ပွင့်လင်းလင်း ဆုတောင်းခဲ့တယ်။ အဲဒီအခါ တခြားသူကို ရင်ဖွင့်လာနိုင်တယ်။ စိတ်သက်သာမှုရပြီး တည်ငြိမ်လာတယ်” လို့ သူပြောတယ်။ *

သင်လည်း ‘ကုသတဲ့အချိန်’ ရှိတယ်ဆိုတာ သိလာလိမ့်မယ်။ (ဒေသနာ ၃:၃ကဘ) ‘လေကွယ်ရာအရပ်၊ မိုးသက်မုန်တိုင်းကျတဲ့အခါ ပုန်းခိုရာအရပ်’ နဲ့တူတဲ့အကြီးအကဲတွေလို နှစ်သိမ့်အားပေးတဲ့သူငယ်ချင်းတွေကို အားကိုးပါ။ (ဟေရှာယ ၃၂:၂ကဘ) ကာယပိုင်းရော၊ စိတ်ပိုင်းရော ကျန်းမာနေအောင် ဂရုစိုက်ပါ။ အိပ်ရေးဝဝအိပ်ပါ။ အရေးကြီးဆုံးက နှစ်သိမ့်မှုပေးတဲ့အရှင် ယေဟောဝါဘုရားကို ယုံကြည်ကိုးစားပါ။ ကိုယ်တော်က မကြာခင် ကမ္ဘာသစ်ဆောင်ကြဉ်းပေးတော့မှာ။ အဲဒီအခါ ‘လူယုတ်မာတွေ ပယ်ရှင်းခံရပြီး ယေဟောဝါကို မျှော်လင့်နေသူတွေကတော့ ကမ္ဘာမြေကို ပိုင်ဆိုင်ရပါလိမ့်မယ်။’—ဆာလံ ၃၇:၉ကဘ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 တချို့ဖြစ်ရပ်တွေမှာ ရည်းစားဖြစ်သူက မိန်းကလေးကို အတင်းအဓမ္မ ဒါမှမဟုတ် ဆေးခတ်ပြီး မုဒိမ်းကျင့်တာမျိုးရှိတယ်။

^ အပိုဒ်၊ 11 ဒီအကြံပေးချက်က လိင်ဆက်ဆံဖို့ဖိအားပေးခံရတဲ့ ယောက်ျားလေးတွေနဲ့လည်း ဆိုင်တယ်။

^ အပိုဒ်၊ 23 မုဒိမ်းကျင့်ခံရသူတွေဟာ တစ်ခါတလေ စိတ်ကျရောဂါ အပြင်းအထန်ခံစားရတယ်။ အဲဒီလိုဖြစ်လာရင် ဆရာဝန်ပြပါ။ စိတ်ကျရောဂါကို ဘယ်လိုကုစားနိုင်တဲ့အကြောင်း ထပ်သိချင်ရင် ဒီစာအုပ်ရဲ့ အခန်း ၁၃၊ ၁၄ မှာကြည့်ပါ။

အဓိကကျမ်းချက်

‘နောက်ဆုံးသောနေ့ရက်များသည် ခက်ခဲကျပ်တည်းသောကာလ ဖြစ်မည်ကို သိမှတ်လော့။ အကြောင်းမူကား လူတို့သည် ကိုယ့်ကိုယ်ကိုယ်ချစ်သူ၊ မိသားစုချစ်ခင်စုံမက်ခြင်းမရှိသူ၊ ချုပ်တည်းခြင်း မရှိသူ၊ ကြမ်းကြုတ်သူ၊ ကောင်းမြတ်ခြင်းကို မနှစ်သက်သူ ဖြစ်ကြလိမ့်မည်။’—၂ တိမောသေ ၃:၁-၃

အကြံပြုချက်

သင်က လိင်ဆိုင်ရာစော်ကားခံခဲ့ရတယ်ဆိုရင် စိတ်သက်သာမှုရစေမယ့် ကျမ်းချက်တွေကို ရေးမှတ်ထားပါ။ ဒီကျမ်းချက်တွေကိုလည်း ရေးထားနိုင်တယ်– ဆာလံ ၃၇:၂၈; ၄၆:၁; ၁၁၈:၅-၉; သုတ္တံ ၁၇:၁၇; ဖိလိပ္ပိ ၄:၆၊ ၇

သင်သိပါသလား . . . ?

အမေရိကန်နိုင်ငံမှာ လိင်ဆိုင်ရာစော်ကားခံရတဲ့ လူငယ် ၉၀ ရာခိုင်နှုန်းကျော်က သူတို့ကို ဘယ်သူ စော်ကားတယ်ဆိုတာ သိကြတယ်။

လက်တွေ့လုပ်ကြည့်ပါ

ဖြစ်ခဲ့တာတွေနဲ့ပတ်သက်ပြီး အပြစ်ရှိတယ်လို့ခံစားရတဲ့အခါ ငါလုပ်ရမှာက ․․․․․

ဒီကိစ္စနဲ့ပတ်သက်ပြီး မိဘတွေကို ငါမေးချင်တာက ․․․․․

သင်ဘယ်လိုထင်သလဲ

● စော်ကားခံရတဲ့အကြောင်း ထုတ်ပြောလိုက်တာက ဘာအကျိုးရှိသလဲ။

● ရေငုံနှုတ်ပိတ်နေမယ်ဆိုရင် သင်နဲ့ တခြားသူတွေ ဘာဖြစ်နိုင်သလဲ။

[စာမျက်နှာ ၂၃၂ ပါ အကျဉ်းဖော်ပြချက်]

လိင်ဆိုင်ရာစော်ကားခံရတာကို ထုတ်ပြောဖို့ သိပ်ခက်ပေမဲ့ ပြောလိုက်တာက အကောင်းဆုံးပဲ။ အဲဒီလိုပြောလိုက်ရင် ဝမ်းနည်းတာနဲ့ ဒေါသထွက်တာတွေ ပျောက်သွားပြီး အားပြန်ရှိလာတယ်။’’—နက်တလီ

[စာမျက်နှာ ၂၃၀ ပါ လေးထောင့်ကွက်]

“နင် ငါ့ကိုချစ်ရင် . . . ”

လိင်ဆိုင်ရာအမြတ်ထုတ်သူတချို့က အကြမ်းနည်းမသုံးဘဲ အလိမ္မာသုံးပြီး မိန်းကလေးတွေကို မြှူဆွယ်ကြတယ်။ “လူတိုင်း လိင်ဆက်ဆံနေတာပဲ၊” “ဘယ်သူမှ မသိပါဘူး၊” ဒါမှမဟုတ် ဒီစာအုပ်ရဲ့ အခန်း ၂၄ မှာပြောသလို “နင် ငါ့ကိုချစ်ရင် လိုက်လျောရမှာပေါ့” ဆိုတဲ့စကားတွေနဲ့ သွေးဆောင်တတ်တယ်။ ချစ်ရင်တော့ လိင်ဆက်ဆံမှာပဲဆိုပြီး ယောက်ျားလေးတွေ လှည့်စားတာကို မယုံပါနဲ့။ အဲဒီလိုလူမျိုးက သူ့အလိုဆန္ဒပြည့်ဖို့ပဲ စဉ်းစားတတ်ပြီး သင့်အကျိုးကို ဘယ်တော့မှ မစဉ်းစားပေးဘူး။ တကယ်ယောက်ျားပီသသူကတော့ သူ့အကျိုးထက် သင့်အကျိုးကို ဦးစားပေးတယ်။ ကျမ်းစာမှာပါတဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေကို ကိုင်စွဲနိုင်ဖို့ စိတ်ဓာတ်ကြံ့ခိုင်သူလည်း ဖြစ်တယ်။ (၁ ကောရိန္သု ၁၀:၂၄) မိန်းကလေးတွေကို လိင်ဆန္ဒဖြည့်ဆည်းပေးတဲ့ပစ္စည်းလို သဘောမထားဘူး။ အဲဒီအစား ‘ငယ်ရွယ်တဲ့အမျိုးသမီးတွေကို ကိုယ့်ညီမလို သဘောထားပြီး ရိုးသား ဖြူစင်စွာ ဆက်ဆံတယ်။’—၁ တိမောသေ ၅:၁၊ ၂

[စာမျက်နှာ ၂၃၃ ပါ ရုပ်ပုံ]

လိင်ဆိုင်ရာစော်ကားခံရပြီးနောက် သင့်ခံစားချက်တွေဟာ လေးလံတဲ့ဝန်ထုပ်ကြီးလို ဖြစ်နေမှာပဲ။ သင်တစ်ယောက်တည်း မနိုင်ဝန်ထမ်းနေမယ့်အစား တခြားသူကိုဖွင့်ပြောပြီး အကူအညီ တောင်းလိုက်ပါ