မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ငါ့အဝတ်အစားက ငါ့ရုပ်စစ်သဏ္ဌာန်စစ်ကို ဖော်ထုတ်နေသလား

ငါ့အဝတ်အစားက ငါ့ရုပ်စစ်သဏ္ဌာန်စစ်ကို ဖော်ထုတ်နေသလား

အခန်း ၁၁

ငါ့​အဝတ်အစား​က ငါ့​ရုပ်​စစ်​သဏ္ဌာန်​စစ်​ကို ဖော်ထုတ်​နေ​သလား

“သိပ်​မ​တို​ပါ​ဘူး။ မေမေ​တို့​က​သာ ခေတ်​နောက်ကျ​တာ!” ပက်​ဂီတ​စ်​ယောက် မိဘကို​ဟစ်​လိုက်​သည်။ ပြီး​တော့​အခန်း​ထဲ ပြေးဝင်​လိုက်​သည်—မိမိ​ဝတ်​လို​သော​စ​ကပ်​နှင့်​စပ်လျဉ်းပြီး အငြင်းအခုံ​ဖြစ်​ရာ​က ဤသို့​ဇာတ်သိမ်း​လိုက်ခြင်း​ဖြစ်သည်။ သင်လည်း​ကိုယ်​မြတ်နိုးပါ​သည်​ဆို​သော ဝတ်စုံ​နှင့်​ပတ်သက်​၍​မိဘ၊ ဆရာသို့​မဟုတ်အလုပ်ရှင်​၏ဝေဖန်ခံ​ရသောအခါ အလားတူ​အငြင်းအခုံ​ဇာတ်​၏ အဓိက​သရုပ်ဆောင်​ဖြစ်​ခဲ့​ဘူး​ချင်​ဖြစ်​ခဲ့​ဘူး​မည်။ သင်က​သာမန်​ဝတ်​နေကျ​ဆို​၏။ သူတို့က ဖရိုဖရဲ​နိုင်​သည် ဟု​ပြော​၏။ သင်က ကြော့​မော့​သည်​ဆိုပါ​မှ၊ သူတို့က တောက်ပြောင်​လွန်း​သည်၊ အဓိပ္ပာယ်​ပါ​သည်​ဟု သမုတ်​ကြသည်။

အမှန်​ကို​ဝန်ခံ​ရ​လျှင်၊ အကြိုက်​ထွေပြား​လှ​၏။ လူတိုင်း​လည်း ကိုယ်​ကြိုက်​လို​ရာ​ကို ကြိုက်​ဖို့​အခွင့်​ရှိပါ​ပေ​သည်။ သို့သော် အဝတ်​နှင့်​ပတ်သက်​လာသော​အခါ ဘာ​မဆို​ဝတ်​ချင်​သလို ဝတ်​စ​တမ်း​လော။

သတင်း​မှန်​လော

ပမ်​ဆို​သော​မိန်းကလေး​က “ကိုယ့်​အဝတ်အစား​ဟာ ဘယ်လို​လူစား​ဖြစ်​မှန်း၊ ကိုယ့်​ကိုယ်ကို​ဘယ်လို​ထင်မြင်​မှန်း ပေါ်လွင်​စေတယ်” ဟု​ဆို​သည်။ မှန်​ပေ​သည်။ မိမိ​အဝတ်အစား​သည်​သတင်း​တစ်ရပ်၊ မိမိ​နှင့်​ပတ်သက်သော ကြေညာ​ချက်​တစ်ရပ်​ကို အခြားသူများ​ထံ​ထုတ်ပြန်​လျက်​ရှိ၏။ ဝတ်စားပုံ​သည် မိမိ​၌​တာဝန်​သိစိတ်၊ တည်မြဲမှု၊ မြင့်မားသော​စာရိတ္တ​စံချိန်​ရှိမရှိ တီးတိုး​လေသံ​ဖြင့်​အသံ​လွင့်​နိုင်၏။ သို့​တည်း​မဟုတ်​မိမိ၏ ပုန်ကန်​သော​သဘော၊ မကျေနပ်​သည့်​သဘောကို ကျယ်လောင်​စွာ​ဟစ်ကြွေး​ဖော်ထုတ်​တတ်​သည်။ မည်သို့သော​လူစား​ဖြစ်​ကြောင်း ထုတ်ဖော်​သည့်​နည်း​တစ်မျိုး​ပင်​ဖြစ်​နိုင်​သည်။ အချို့​လူငယ်များသည် စုတ်ပြဲ​သည့်​အဝတ်၊ ပ​န့်ခ်​ခေါ်​တေ​လေ​ဂျ​ပိုး​စတိုင်၊ ဈေးကြီး​သည့်​ဒီဇိုင်နာ​၏ အဝတ်အစားမျိုး​ကို မိမိတို့၏​တံဆိပ်​သင်္ကေတ​အဖြစ် ရွေးချယ်​ကြသည်။ အခြားသူ​တို့​မူ၊ ဝတ်စားဆင်ယင်ပုံ​ဖြင့်​လိင်​ခြား​သူကို ဆွဲဆောင်​လို​ဆွဲဆောင်၊ ပို​၍​အသက်ကြီး​သလို ပုံ​မျိုး​ဖမ်း​လို​ဖမ်း​ကြသည်။

ထို့​ကြောင့်​လည်း၊ လူငယ်​အများ​အဝတ်အစား​ကို အရေးတကြီး​ထား​၏။ သို့ရာတွင်၊ အောင်မြင်​ရေး​အတွက်​ဝတ်စား​ဆင် ဟူသော​စာအုပ်​ပြုစုသူ ဂျွန်​တီ​မော်​လွိုင်​က ဤသို့​သတိပေး​၏– “ကျွန်ုပ်​တို့​ဝတ်စားပုံ​သည် မြင်ရ​သူတို့​အပေါ်​သိသာ​သော​သြဇာ​သက်ရောက်​စေ​သည်​နှင့်​အညီ လူတို့ကျွန်ုပ်​တို့​ပေါ် မည်သို့​သဘောထား​ဆက်ဆံ​သည်ကို​ပါ ပြုပြင်​ဖန်တီး​နိုင်​သည်။”

သင့်​မိဘများ​က သင့်​ဝတ်​ပုံ​စား​ပုံ​အတွက်​ရတက်မအေး​ဖြစ်​ကြ​ရသည်မှာ အဆန်း​မဟုတ်။ သူတို့​အမြင်​တွင် အဝတ်အစား​သည် သူ​ကြိုက်​ကိုယ်​ကြိုက်​ကိစ္စ​တစ်​မယ်​သာ​မဟုတ်။ သူတို့သည်​သင့်​အား မှန်သော​သတင်းလွှင့်​စေ​ချင်​သည်။ သင်သည်​မျှမျှတတ​ရှိပြီး တာဝန်​သိ​တတ်​သူ​တစ်ဦး​ဖြစ်သည်​ဟူသော သတင်း​မျိုး​ဖြစ်စေချင်​သည်။ သင့်​ဝတ်စားပုံ​သည် ဤ​အချက်​ကို​ဖြစ်မြောက်​အောင်မြင်​စေ​သလော။ သင်သည်​အဘယ်အရာကို​ကြည့်​ပြီး အဝတ်အစား​ရွေးချယ်​သနည်း။

“ကျွန်မ​ဟာ သူငယ်ချင်းတွေ​ခိုင်း​သလို လုပ်တယ်”

လူငယ်​အများ​အဖို့၊ အဝတ်အစား​သည် မိမိတို့၏​လွတ်လပ်မှု​နှင့် သီးခြား​ပင်​ကိုယ်​စရိုက်​ကို ထွက်ဆို​တင်ပြ​သည့် သရုပ်သကန်​ဖြစ်သည်။ သို့သော်​လူငယ်​တစ်ဦး​အနေ​နှင့် သင့်​ပင်​ကိုယ်​စရိုက်​သည်​မတည်​မ​မြဲ—အစဉ်​ဖြစ်ပေါ်​ပြောင်းလဲ​နေဆဲ​ပါ။ ထို့​ကြောင့် မိမိ​နှင့်​ပတ်သက်​၍ တစ်စုံတစ်ခု​ထုတ်ပြန်​လို​သောအခါ၊ ဘာ​ထုတ်ပြန်​ရမည်၊ မည်သို့​ထုတ်ပြန်​ရမည်ကို တပ်အပ်​မသိဘဲ​ရှိ​တတ်ကြ​သည်။ သို့ဖြစ်၍​အချို့​လူငယ်များသည် ရုပ်ပျက်​ဆင်း​ပျက်၊ ဣန္ဒြေမဲ့​စွာ​ဝတ်ဆင်​ကြသည်။ သို့သော် သူတို့သည် မိမိတို့၏ “သီးခြား​ပင်​ကိုယ်​စရိုက်” ကို​ပျိုးထောင်​ဆောက်​တည်မည့်​အစား၊ မိဘတို့ကို​အရှက်ခွဲ​အိုးမဲသုတ်​ရုံ​မ​က၊ မိမိတို့​ကလေး​ဆန်​လွန်း​သည့်​အဖြစ်ကို အများ​ရှေ့ပြသ​နေခြင်း​သာ​ဖြစ်သည်။

အချို့​လူငယ်များသည် ရွယ်တူ​များ​ဝတ်ဆင်​သလို ဝတ်ဆင်​ချင်​ကြသည်။ ထိုသို့​ဝတ်ဆင်ပါ​မှ စိတ်ထဲ​လုံ​သလို​လို​ခံစား​ရပြီး အုပ်စု​ဝင်​တစ်ယောက်​ဟု မိမိကိုယ်ကို​ထင်​ရသည်။ လူ​ဝင်ဆံ့​ချင်​သည့်​ဆန္ဒရှိ​တိုင်း မှား​သည်​ဟု​ကား​မဆို​သာ။ (၁ ကောရိန္သု ၉:၂၂ နှိုင်းယှဉ်။) သို့သော် ခရစ်ယာန်​တစ်ဦး​သည်​မယုံကြည်​သော​လူငယ်များနှင့် တကယ်​ပင်​တစ်သိုက်​တည်း​ဖြစ်သည်​ဟူ၍ အထင်​ခံ​ချင်​မည်​လော။ ထင်​ချင်​ရာ​ထင်၊ ဖြစ်ချင်​ရာ​ဖြစ်၊ ရွယ်တူ​တို့​အကြိုက်ကို​လိုက်ရ​ပါ​မည်​လော။ မိန်းကလေး​တစ်ဦး ဤသို့​ဝန်ခံ​၏– “ကျွန်မ​ဟာ​သူငယ်ချင်းတွေရဲ့ အပြော​ကို​မခံ​ရအောင်၊ သူတို့​လုပ်ချင်တာတွေ​ကို အကုန်​လိုက်လုပ်​ပါ​တယ်။” သို့သော်​သူတစ်ပါး​ထား​ရာ​နေ၊ စေ​ရာ​သွား​သည့်​လူစား၊ အခြားသူ​တစ်ယောက်​ပြု​သမျှ​ကို​နု​၍​ခံသည့်​လူစား​ကို မည်သို့​ကင်း​ပွန်း​တပ်​ရမည်​နည်း။ သမ္မာကျမ်းစာ​က ဤသို့​ဆို​၏– “အ​ကြင်​သူ၏​အထံ​၌ အစေခံကျွန်​ဖြစ်​ခြင်း​ငှာ သင်တို့​ဝင်၍​အစေခံ​၏၊ [သင်သည် သူ့ကို​နာခံ​သောကြောင့်] ထို​သူသည် ... သင်တို့၏​သခင်​ဖြစ်သည်​ကို မသိကြ​သလော။”—ရောမ ၆:၁၆

လူငယ်များ​အသိုင်းအဝိုင်း​တွင်၊“အများ​လုပ်​သလို​လိုက်လုပ်​ရန်အလေးအနက်​ပြု​လွန်း​သဖြင့်၊အုပ်စု​ဝင်​တို့သည်​အုပ်စု​၏ပြုမူ​ပြောဆို​ဝတ်စားပုံ​အထုံးအဖွဲ့​လက်ခုပ်​ထဲ​မှအကျဉ်းသား​များ​ဟု​ဆို​ရ​မလောက်​ဖြစ်​ပြီး၊မည်သို့​ဝတ်စား​ဆင်ယင်ပြောဆို​လုပ်ကိုင်​ရမည်​နှင့်ပတ်သက်​၍​သာမက၊မည်သို့​စဉ်းစား၊ယုံကြည်​ရမည်​နှင့်​စပ်လျဉ်း၍​ပင်[ရွယ်တူ​များ]အကြံပေး​ချက်​ကို​အားထားကြ​ရသည်။”—မြီး​ကောင်​ပေါက်ကလေး​ဘဝ​မှလူကြီး​ဘဝသို့​အကူး

သို့သော် သင့်​သူငယ်ချင်းများ ထိုသို့​သော​အကြံဉာဏ်​ပေး​နိုင်​လောက်​အောင် မည်မျှ​တိုင်​အရည်အချင်း​ပြည့်ဝ​သနည်း။ (မဿဲ ၁၅:၁၄) သူတို့​ကိုယ်တိုင် စိတ်​လှုပ်ရှားမှု​ဘက်တွင် သင့်​နည်းတူ​ကြီးကောင်​င​င်​ပြဿနာ​များ ရင်ဆိုင်​နေရ​ကြသည် မဟုတ်လော။ သို့ဖြစ်​လျှင်၊ သူတို့ပြ​ဌာန်း​သည့်​စံ​ထား​အတိုင်း ပျော့​ပျော့​ညံ့​ညံ့​နှင့်​လိုက်ရ​တော့​မည်​လော။ သူတို့၏​စံ​ထား​များသည် သင့်​သာမန်​အသိဉာဏ်​နှင့်​လည်းကောင်း၊ သင့်​မိဘများ​၏​တန်ဖိုး​စံနှုန်း၊ ဆန္ဒ​တို့​နှင့်​လည်းကောင်း လား​လား​ကြီး​ဆန့်ကျင်​မှန်း​သိ​လျက်​နှင့် သင်​လိုက်လျော​မည်​လော။

ယနေ့ “ဝင်”—နက်ဖြန် “ထွက်”

အချို့​လူငယ်များသည် ဖက်ရှင်​လေ​တိုက်​သည့်​ဘက်လိုက်​ပါ​တတ်ကြ​သည်။ သို့သော် ၎င်း​သည်​အပြောင်းအလဲ​မြန်ဆန်​လှ​သည်​တကား။ “ဤ​လောက​၏​ဇာတ်ကွက်​သည် ပြောင်းလဲ​လျက်​နေသည်” ဟူသော​သမ္မာကျမ်းစာ​၏​စကား​ကို ကျွန်ုပ်​တို့​သတိရ​မိ​သည်။ (၁ ကောရိန္သု ၇:၃၁က​ဘ) ယနေ့ “ဝင်” လာပြီး​ခေတ်​စား​သော​အရာ​သည် နက်ဖြန်နေ့​တွင် လျှပ်​တ​ပြ​က်​အတွင်း​ခေတ်​ကုန်​သွား​တတ်​သည်။ (အကုန်အကျ​လည်း​မနည်း​ပါ) အရှည်​တိုး​လိုက်​လျှော့​လိုက်၊ ဘောင်းဘီ​ပွ​ချီ​ကျုံ့​ချီ။ အကျိုးကျေးဇူး​ခံစားရ​သူများ​မှာ ကုန်​ထုတ်လုပ်သူ​များနှင့် အဝတ်​အထည်​ဒီဇိုင်းဆွဲ​သူများ​သာ​ဖြစ်သည်။ လွယ်လွယ်​နှင့်​ကြိုး​ဆွဲ​သလို က​သော​လူထု​ပရိသတ်​ထံ​မှ အိတ်​နှင့်​လွယ်​ပြီး​အမြတ်ရ​ကြ​၏။

လွန်ခဲ့သော​နှစ်​အနည်းငယ်​က ဒီဇိုင်နာ​ဂျင်း​ဖက်ရှင်​ကို သာဓက​အဖြစ်​ဆို​အံ့။ ဂျင်း​သည် တစ်မုဟုတ်ချင်း​ထိပ်​ပြေးဖက်​ရှင်​ဖြစ်​ခဲ့​သည်။ လူတို့သည်​ငွေ​များစွာ​အကုန်အကျ​ခံ​ပြီး ကယ်​လ်ဗင်​က​လိ​န်း​နှင့် ဂ​လိုး​ရီး​ယား​ဗန်​ဒ​ဘီး စ​သော​နာမည်ကြီး​ဂျင်း​များ​ကို ဝယ်​ဝတ်​ကြ​သဖြင့် ၎င်း​အဝတ်​အထည်​များ​အတွက် လမ်းလျှောက်​ကြော်ငြာ​များ ဖြစ်​မှန်း​မသိ​ဖြစ်​ခဲ့​ကြ​လေ​သည်။ “လူတွေဟာ နာမည်​ရ​ချင်​ကြ​တာ​ကိုး။” “ဆာဂျီယို​ဗလ​င်းတေ” ဂျင်း​ထုတ်လုပ်ရေး​ကုမ္ပဏီ​၏ အကြီးအမှူး​အီး​လိုင်း​က​က်​ပ​လင်း​က ရှင်းလင်း​တင်ပြ​၏။ သို့သော် ဂျင်း​အိတ်​ထောင်​ပေါ်​အထင်းသား​ကြီး​ချုပ်​ကပ်​ထား​သည့် ဤ​မစ္စတာ​ပ​လင်း​တေ​ဆို​သူ​ကား အဘယ်သူ​နည်း။ “ဤ​သူ​မတည်ရှိ​ပါ”ဟု န​ယူး​စ​ဝ​စ်က​ရေးသား​ဖော်ပြ​၏။ က​က်​ပ​လင်း​ကိုယ်တိုင်​က ဤသို့​ရှင်းလင်း​တင်ပြ​၏– “အီး​လိုင်း​က​က်​ပ​လင်း​ဆိုပြီး​နာမည်​ပေး​ရင် ဒီ​ဂျင်း​တွေ​ကို​ဘယ်သူ​ဝယ်​တော့​မလဲ” ဟူသ​တတ်။

သို့သော်​သင်က၊ ‘စတိုင်​ကျ​ကျ​ဝတ်​တာ​များ ဘာ​မတော်​တာ​ရှိလို့လဲ’ ဟူ၍​မေး​အံ့။ စတိုင်​ကျ​ကျ​ဝတ်​တိုင်း မှား​သည်​ဟူ၍ မဆို​နိုင်​ပါ။ ဘုရားသခင့်​ရှေး​ကျေးကျွန်​များလည်း ဒေသ​အလိုက်​ဝတ်စား​ဆင်ယင်​ကြ​ပေ​သည်။ ဥပမာ၊ သမ္မာကျမ်းစာ​က တာ​မာ​သည်​ထို​ခေတ်​က “အပျိုကညာ​ဖြစ်သော ရှင်ဘုရင်​၏​သမီးတော်​ဝတ်​တတ်​သည့်​အတိုင်း” စင်း​ကြောင်း​ပါ​သော ဝတ်ရုံ​ကို​ဝတ်ဆင်​ကြောင်း​ဖော်ပြ​သည်။ —၂ ဓမ္မရာဇဝင် ၁၃:၁၈

သို့သော် စတိုင်​၏​ကျွန်​ဖြစ်​သင့်​သလော။ မိန်းကလေး​တစ်ဦး ဤသို့ညည်း​၍​ပြော​၏– “ဆိုင်​ထဲမှာ​တွေ့​လိုက်တဲ့​ဘောင်းဘီ လှ​မှ​လှ။ လူတိုင်း​ဝတ်​နေတဲ့​ဘောင်းဘီ။ ‘မာ​မီ၊ အဲဒီ​ဘောင်းဘီ ဝယ်​ပေး​ပါ’ ပူဆာ​တော့၊ မာ​မီ​က ဘာ​ပြော​သလဲ​သိလား။ ‘အိမ်မှာ​ချုပ် ပေး​မယ်’ တဲ့​ဟာ။ ‘ခက်လှ​ချည်​လား၊ မာ​မီ။ သမီး​ပြော​တာ​ကို​သဘောကို မ​ပေါက်​နိုင်​ပါ​က​လား။ သမီး​ဒါကိုပဲ​လိုချင်​ပါ​တယ်​ဆို​မှ။” တကယ်​ပြော​ရ​လျှင်၊ ဖက်ရှင်​ဒီဇိုင်နာ​တို့၏​အပေါင်​ခံ​ဖြစ်​ရသည့်​အတွက်၊ ကိုယ့်​သီးခြား​ပင်​ကိုယ်​စရိုက်​အ​ချွတ်​ခံရ​ပြီး ကိုယ့်​ရုပ်​စစ်​သဏ္ဌာန်​စစ်​ပါ ပျောက်ပျက်​ရ​ချေ​မည်​မဟုတ်လော။ စိတ်​ဆွ​သည့်​ကြော်ငြာ၊ စာတမ်း​နှင့်​ဒီဇိုင်နာ​အမည်များ ကြိုး​ဆွဲ​သလို အဘယ်ကြောင့်​က​ရသနည်း။

သမ္မာကျမ်းစာ​ကရောမ၁၂:၂၌​ကျွန်ုပ်​တို့အားဤသို့​ဆို​၏– “သင်တို့သည်လောကီ​ပုံသဏ္ဌာန်​ကို​မ​ဆောင်​ကြ​နှင့်။ကောင်းမြတ်သော​အရာ၊နှစ်သက်ဖွယ်သော​အရာ၊စုံလင်သော​အရာ​တည်း​ဟူသောဘုရားသခင်​အလိုတော်​ရှိသော​အရာ​သည်အဘယ်အရာ​ဖြစ်သည်​ကိုသင်​နိုင်​မည်​အကြောင်း၊စိတ်​နှလုံးကိုအသစ်​ပြင်ဆင်​၍ပုံသဏ္ဌာန်​ပြောင်းလဲခြင်း​သို့​ရောက်​ကြလော့။” ဝတ်စားပုံ​နှင့်​ပတ်သက်​၍ ‘ဘုရားသခင်​၏​အလိုတော်’ သည်​မည်သို့​နည်း။

‘ဣန္ဒြေရ​၍ ကောင်းစွာ​စီစဉ်​ထားသော’

တိမောသေ​ပထမစောင် ၂:၉ (က​ဘ) က​ခရစ်ယာန်​များ​အား “ဣန္ဒြေ၊ သမ္မာ​သတိ​နှင့်​တကွ၊ ကောင်းစွာ​စီစဉ်​ထားသော အဝတ်ကို​ဝတ်ဆင်​လော့” ဟု​တိုက်တွန်း​ထား​သည်။ “ကောင်းစွာ​စီစဉ်​ထားသော​အဝတ်” သည်​သပ်ရပ်​သန့်ရှင်း​ပေမည်။ “ဣန္ဒြေ” ဆို​ရာ​မှာ​ပတ်ဝန်းကျင်​ကို ထောက်​သည့်​သဘော​ပါ​၏။ ကောင်းစွာ​ချုပ်လုပ်​ထားသော​ဝတ်စုံ​သည် အလုပ်ခွင်​နှင့်​လိုက်ဖက်​သော်လည်း ပင်လယ်​ကမ်းခြေ​၌​ရေကူး​သောအခါ သင့်တော်​မည်​မဟုတ်! ပြောင်းပြန်​မှာ၊ ရုံး​က​နား​ပြင်​၌ ရေကူး​ဝတ်စုံ​ဝတ်ဆင်​လျှင် ပြောင်လှောင်​စ​ရာ​ဖြစ်​ချိမ့်​မည်။

သို့ဖြစ်​ရ​ကား၊ ယေဟောဝါ​၏​လူငယ်​သက်သေခံ​များ​အနေ​နှင့်၊ ခရစ်ယာန်​စည်းဝေး​တက်​စဉ်၊ ဟောပြောခြင်း​လုပ်ငန်း​ဆောင်ရွက်​နေစဉ် မိမိတို့​ဝတ်စားပုံ ပေါ့ပေါ့တန်တန်​မဖြစ်​လွန်း​စေ​ပဲ၊ မိမိတို့သည်​ဘုရားသခင်​၏​ဓမ္မ​အမှုဆောင်​များ​ဖြစ်​ကြောင်း သိသာ​ထင်ရှား​စွာ​ဝတ်ဆင်​ဖို့ ဂရုတစိုက်​ပြုသင့်​ပေ​သည်။ ၂ ကောရိန္သု ၆:၃၊ ၁၀ ပါ​ပေါလု​စကား​များ​ကို ပြန်လည်​သတိရပါ– “တရားဟော​ခြင်း​အခွင့်အရာကို အပြစ်​တင်​ခြင်း​နှင့် ကင်းလွတ်​စိမ့်​သော​ငှာ၊ ထိမိ​၍​လဲစရာ​အကြောင်း​တစ်စုံတစ်ခု​ကို​မျှ​မပြု။ ဘုရားသခင်​ခန့်​ထားသော [အမှုဆောင်၊ က​ဘ] မှန်​ကြောင်းကို​အရာရာ၌​ထင်ရှား​စွာ​ပြ​ကြ​၏။”

ဣန္ဒြေ​ဆို​ရာ​၌ သူတစ်ပါး​ခံစားချက်​များ​ကို ထောက်​ညှာ​ခြင်း​လည်း​မည်​၏။ တမန်တော်​ပေါလု​ဆို​သည့်​အတိုင်း၊ ခရစ်ယာန်​တစ်ဦး​သည် မိမိ​သြတ္တပ္ပစိတ်ကို​သာမက၊ ‘အခြားသူ​၏​သြတ္တပ္ပစိတ်’ ကို​ပါ​ထည့်သွင်း​စဉ်းစား​ပြီး​မှ ပြုမူ​လုပ်ကိုင်​သင့်​သည်။ (၁ ကောရိန္သု ၁၀:၂၉) အထူးသဖြင့်​မိဘများ​၏ ဩတ္တပ္ပ​စိတ်​ကို​ထောက်စာ​သင့်​သည်မဟုတ်​လော။

လျောက်ပတ်​စွာ​ဝတ်ဆင်ခြင်း​၏​အကျိုးများ

သမ္မာကျမ်းစာ​က မိဖုရား​ဧသတာ​သည် ကြင်​ယာ​တော်​ဘုရင်​မင်းကြီး​ရှေ့တော်မှောက် အခစားဝင်​ရန် အကြောင်း​ပေါ်​ခဲ့​သည်​ဆို​၏။ သို့ရာတွင်၊ ဘုရင်​က​မ​ခေါ်​ဘဲ ကိုယ့်​သဘောအလျောက်​ဝင်​လျှင် သေဒဏ်​သင့်​နိုင်​သည်။ ဧသတာ​သည် ဘုရားသခင့်​မစမှု​အတွက် စိတ်​ပြင်းပြ​ထက်သန်​စွာ ဆုတောင်း​ခဲ့​မည်​မှာ​မလွဲ​ပါ။ သို့သော်၊ မိမိ၏​ဆင်ယင်​ပုံ​ကိုလည်း​ဂရုစိုက်​လျက်၊ အချိန်​အခါ​နှင့်​လိုက်ဖက်​အောင် “မိဖုရား​အဝတ်တန်ဆာ​ကို​ဝတ်ဆင်” လေ​သည်။“မိဖုရား​ဧသတာ​တန်​တိုင်း​တော်​ထဲမှာ ရပ်နေ​သည်ကို​ရှင်ဘုရင်​မြင်လျှင်​မြင်​ချင်း၊ မိဖုရား​သည်​မျက်နှာသာတော်​ရလေ​သည်။”—ဧသတာ ၅:၁၊ ၂က​ဘ

သင်သည်​အလုပ်​အင်တာဗျူး​ဝင်​စဉ် နှစ်လို​စ​ဖွယ်၊ ဣန္ဒြေရရ​ဝတ်ဆင်ပါ​က တစ်ဖက်သား​စိတ်ထဲ​၌ အထင်အမြင်​ကောင်း​ဖြစ်ပေါ်​စေနိုင်​သည်။ ဗဟို​လုပ်ငန်း​ဖန်တီး​ရေး ဒါရိုက်တာ၊ ဗစ်ကီ​အယ်​လ်​ဘောင်း​က ဤသို့​သုံးသပ်​သည်– “တချို့​အမျိုးသမီးများ​အင်တာဗျူး​ဖြေ​တဲ့​အခါ အထင်အမြင်​မှား​တတ်ကြ​တယ်။ သမီး​ရည်းစား​နှင့်​ချိန်းတွေ့​တဲ့​ပုံစံ​မျိုးနဲ့၊ ညု​သလို၊ မြှူ​သလို​ဝတ်စား​ကြတယ်။” ရလဒ်​ကား​အဘယ်နည်း။ “အလုပ်​ဆိုင်ရာ​အရည်အသွေး​ကျဆင်း​သွားပါ​တယ်။” သူက “ကျပ်​ကျပ်​မ​ဝတ်ဖို့၊ အဓိပ္ပာယ်​ပါ​တဲ့ အဝတ်​မ​ဝတ်ဖို့” အကြံပြု​လိုက်​သည်။

ယောက်ျား​ပျို​များလည်း အလုပ်ရှာ​သည့်​အခါ သပ်ရပ်​ကောင်းမွန်​စွာ ဝတ်စား​သင့်​ပေ​သည်။ ဂျွန်​တီ​မော်​လွိုင် က စီးပွားရေး​သမားများ​သည် “သပ်ရပ်​စွာ​ဖြီးလိမ်း​၍ ဖိနပ်​များ​ပြောင်​အောင်​တိုက်​ပြီး ဝတ်ဆင်​တတ်​သည့်​အတိုင်း အခြားသူများ​လည်း မိမိတို့​နည်းတူ​ဝတ်စား​ဖို့ မျှော်လင့်​ထား​ကြသည်။”

ဣန္ဒြေ​မရ​သော​ဝတ်ဆင်ပုံ​ကြောင့် အခြား​သူများ​နှင့်​မိတ်ပျက်​သွား​နိုင်ယနေ့​ဆိုက်​ကို​လို​ဂျီ စာစောင်​က အပျို​လူပျို​ပေါက်​များ​ထံ​မှ​ကောက်ယူ​ခဲ့​သည့် စစ်တမ်း​တစ်ရပ်​ကို​ရည်ညွှန်း​တင်ပြ​၏။ အမျိုးသမီးများ​သည် “လည်​ဟိုက်၊ စ​ကပ်​တို၊ ဘောင်းဘီ​တို၊ ဂျင်း​ကျပ်​ကျပ်၊ ဘ​ရာ​ဇီ​ယာ​မပါ” ဝတ်ဆင်​လျှင်​ယောက်ျား​များ​က မြှူဆွယ်​သည်​ဟု အဓိပ္ပာယ်​ကောက်ကြ​ကြောင်း​ဖေါ်​ပြ​၏။ လူငယ်​တစ်ယောက်က “မိန်းကလေးတွေ ဝတ်ဆင်ပုံ​ကို​မြင်ရတဲ့​အခါ၊ သူတို့နှင့်​ပတ်သက်ပြီး စင်​စင်ကြယ်​ကြယ်​တွေး​တတ်​ဖို့​ဆိုတာ​အခက်​သား” ဟု​ဝန်ခံခဲ့​သည်။ ဣန္ဒြေရ​သော​ဝတ်စားပုံ​ကြောင့် သူတစ်ပါး​သည်​သင့်ကိုယ်​တွင်း​အရည်အသွေးများကို​မြတ်နိုးကြ​မည်။ မည်သို့သော​ဝတ်စုံ​သည် ဣန္ဒြေရ​သည်​နှင့်​စပ်လျဉ်း၍​မသေချာ​လျှင် မိဘများ​ထံ​အကြံ​တောင်း​ပါ။

“အတွင်းလူ” ကို​တန်ဆာဆင်​ခြင်း

တမန်တော်​ပေတရု​က အလှ​ပြင်​တန်ဆာဆင်​ခြင်း​နှင့်​ပတ်သက်​၍ ခရစ်ယာန်​များ​အား​ဤသို့​ဆို​၏– “ဘုရားသခင့်​ရှေ့ [အခြား​လူ​တို့​ရှေ့] မှာ​အဖိုး​များစွာ​ထိုက်​သော နူးညံ့​ငြိမ်သက်ခြင်း​သဘော​တည်း​ဟူသော မဖောက်ပြန်​မပျက်စီး​တတ်သော တန်ဆာဆင်​ခြင်း​ရှိသော စိတ်နှလုံး​၏​အတွင်းလူ​ဖြစ်စေ​ကြလော့။” (၁ ပေတရု ၃:၄) ဖက်ရှင်​ဆန်​ဆန်​ဝတ်ဆင်​သည့်​အတွက် ရွယ်တူ​များ​၏​အမွှမ်းတင်ခြင်း​ကို ခံရ​ကောင်း​ခံရ​မည်​မှန်​သော်လည်း၊ အဝတ်အစား​သည်​တစ်ဖက်သား​၏​နှလုံးကို အရ​မယူ​နိုင်​ပါ။ မိတ်​စစ်​ဆွေ​စစ်​လည်း​မ​ဖွဲ့​နိုင်။ “အတွင်းလူ”—သင့်ကိုယ်​ထဲ​မှ​လူကို တန်ဆာဆင်​မှ​သာ​ဖြစ်မြောက်​နိုင်​သည်။ (၂ ကောရိန္သု ၄:၁၆) အတွင်းစိတ်​လှ​သော​သူသည် ခေတ်​အမီ​ဆုံး​အဝတ်၊ သို့​မဟုတ်၊ အဓိပ္ပာယ်မဲ့​ဒီဇိုင်နာ​တံဆိပ်​များ​ဖြင့် “မှ​င်​ကြောင်​ထိုး” ထားသော​အဝတ်အစား​များ ဝတ်ဆင်​မထား​သည်​တိုင်အောင်၊ အမြဲတမ်း​လူ​ချစ်​လူ​ခင် ပေါ​ပေ​သည်။

မြီး​ကောင်​ပေါက်​များ​အဝတ်​အထည်​ဆိုင်​များ​သို့ အုတ်​အော်​သောင်း​တင်း အပြေးအလွှား​သွား​ကြ​ရန် နောက်ထပ်​ဘာ​ဖက်ရှင်​မျိုး​ပေါ်လာ​ဦး​မည်​ကို မည်သူမျှ​မသိ​ချေ။ သင်​မူ​ကား​ကိုယ့်​အတွက်​ကိုယ်​ဝေဖန်​နိုင်​သည်။ စံ​ထား​မြင့်သော​အဝတ်အစား​သာ​ဝတ်​ပါ။ ဖက်ရှင်​ဆန်​၍ လိင်ကို​အသားပေး​သော​ဆင်ယင်​ပုံ​နှင့် အဝတ်အစားမျိုး​ကို​ရှောင်ပါ။ ခေတ်​မ​ဆန်​လွန်း​နှင့်။ အိုး​စ​ည်​ဗုံ​မောင်း​နှင့်​နှင်​လာသော​ဖက်ရှင်​လှည်း​ပေါ်—အဦးဆုံး​ခုန်​တက်​သူ​မဖြစ်​ပါ​နှင့်—နောက်ဆုံး​သူလည်း​ဖြစ်​ရန်​မလိုပါ။ ခေတ်​အကုန်​မြန်​သော​အဝတ်​အထည်​များ​အစား၊ အဆင်​အသွေး​ကောင်း​၍​ရေရှည်​ခံ​သော အဝတ်​အထည်​များ​ကို​ရွေး​ဝယ်ပါ။ သင့်​အဝတ်အစား​သည် သင်​နှင့်​ပတ်သက်​၍​မှန်ကန်သော​သတင်း​လွင့်​နိုင်​ပါစေ။ (သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား​စ​သည့်) လူထု​ဆက်သွယ်ရေး​လမ်းကြောင်း​နှင့် ရွယ်တူ​တို့​သရုပ်ဖော်​သော ရုပ်ပုံ​မျိုး​မဟုတ်ဘဲ သင့်​ရုပ်​စစ်​သဏ္ဌာန်​စစ်ပေါ်လွင်​နိုင်​ပါစေ။

ဆွေးနွေး​ရန်​မေးခွန်းများ

◻အဝတ်အစား​သည် မည်သို့​သတင်း​ထုတ်ပြန်​သနည်း။

◻အချို့​လူငယ်များသည် ဝတ်စား​ဆင်ယင်​မှု​ရွေးချယ်ရာ​တွင် အဘယ်ကြောင့်​ရုပ်ပျက်​ဆင်း​ပျက်​သည့် ဘက်​သို့​တိမ်း​ညွတ်​တတ်ကြ​သနည်း။

◻သင်သည်​ဝတ်စားပုံ​ရွေးချယ်ရာ​၌ ရွယ်တူ​သြဇာ မည်မျှ​အ​လွှမ်း​ခံရ​သနည်း။

◻စတိုင်​နောက်​ကောက်​ကောက်​ပါ​အောင်​လိုက်​လျှင် အဘယ်​အကျိုးယုတ်​စ​ရာ​များ​ရှိ​သနည်း။

◻‘ဣန္ဒြေရ​၍​ကောင်းစွာ​စီစဉ်​ထားသော’ ပုံစံ​ဟုတ်၊ မဟုတ် အဘယ်အရာက အဆုံးအဖြတ်​ပေး​သနည်း။

[စာမျက်နှာ ၉၄ ပါ​အကျဉ်း​ဖော်ပြချက်]

“ကိုယ့်​အဝတ်အစား​ဟာ ကိုယ်​ဘယ်လို​လူစား​ဖြစ်​မှန်း၊ ကိုယ့်​ကိုယ်ကို​ဘယ်လို​ထင်မြင်​မှန်း ပေါ်လွင်​စေတယ်”

[စာမျက်နှာ ၉၁ ပါ​ရုပ်ပုံ]

မိဘများသည် သားသမီး​များ​၏ ဝတ်စားပုံ​နှင့်​ပတ်သက်​၍ အငြင်းပွား​လေ့​ရှိသည်။ မိဘများ​ရှေး​ဆန်​ခြင်း​ကြောင့်​သာ​လော

[စာမျက်နှာ ၉၂ ပါ​ရုပ်ပုံ]

လူငယ်​တော်​တော်​များများ သရုပ်​ပျက်​ဝတ်ဆင်ခြင်း​ဖြင့် မိမိတို့၏​သီးခြား​ပင်​ကိုယ်​စရိုက်​ကို ဖိ​ညှစ်​ထုတ်ဖော်​ကြသည်

[စာမျက်နှာ ၉၃ ပါ​ရုပ်ပုံ]

အချိန်​အခါ​နှင့်​လျော်ညီစွာ ဝတ်ဆင်ပါ။ အဝတ်အစား​သည် သင်​နှင့်​ပတ်သက်​၍ သတင်း​ထုတ်ပြန်​တတ်​သည်