မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရုပ်ဆင်းရူပကာ ဘယ်လောက်အရေးပါသလဲ

ရုပ်ဆင်းရူပကာ ဘယ်လောက်အရေးပါသလဲ

အခန်း ၁၀

ရုပ်​ဆင်း​ရူပ​ကာ ဘယ်လောက်​အရေးပါ​သလဲ

သင်က​ငါ့​ရုပ်​ကို ငါ​မကြိုက်ဘူး​ဟု​ဆို​၏။ တကယ်​ပြော​ရ​လျှင်၊ ကိုယ့်​ရုပ်​ဆင်း​ကို လုံးလုံးလျားလျား​ကျေနပ်​သော​သူ တစ်ယောက်​တ​လေ​ရှိသည်​ပဲ​ထား၊ ရှာ​မှ​ရှား။ နာ​စစ်​ဆပ်​စ်​သည် မိမိ​ရုပ်​ကို​ရေအိုင်​ထဲ​မြင်​၍ မိမိကိုယ်ကို​ချစ်​ခဲ့​မိ​သည်​မှန်​သော်လည်း အချို့​သူသည် နာ​စစ်​ဆပ်​စ်​နှင့်​မတူ၊ ကိုယ့်​ရုပ်​ကို​မြင်​၍ စိတ်ဓာတ်ကျ​သွား​နိုင်​သည်။

၁၆ နှစ်အရွယ်​မ​ရီး​ယာ​က ‘ကျွန်မ​ကိုယ်လုံး​မျိုးကို ကျွန်မ​မကြိုက်ဘူး။ ကျွန်မ​ကို​ကျွန်မ​လှတယ်လို့​မထင်​ဘူး’ ဟူ၍​ညည်း​ရှာ​သည်။ ဆ​ယ့်​သုံးနှစ်​အရွယ်​ဘော့​က​လည်း အလားတူ​ညည်းတွား​၏– “ကျွန်တော့်​ဆံပင်​ကို ကျွန်တော်​မကြိုက်ဘူး။ အနောက်ဘက်​ကို ထိုး​ထိုး​ထောင်​ထောင်နဲ့။” ပို​၍​ဆိုး​သည်​ကား၊ ဆယ်ကျော်သက်​တို့၏​ရုပ်​ဆင်း​သဏ္ဌာန်​သည် အပြောင်းအလဲ​မြန်ဆန်​လွန်း​လှ​ရ​ကား၊ စိတ္တ​ဗေဒ​ပညာရှင်​တစ်ဦး​အဆို​အရ၊ လူငယ်တို့​သည် “ကိုယ့်​ကိုယ်​အတွင်း​၌​ကိုယ်​ကိုယ်တိုင်​သူစိမ်း​တစ်ရံ​တစ်ယောက် ဖြစ်နေ​သ​ယောင်​ခံစား​ကြ​ရသည်။” မြင်​သည့်​အတိုင်း​လူငယ်များစွာ​တို့သည် မိမိတို့၏​မျက်နှာ၊ ဆံပင်၊ ကိုယ်​အချိုးအစား၊ ကိုယ်လုံးကိုယ်ပေါက်​နှင့် ပတ်သက်ပြီး​မြည်တမ်း​ကြ​ရှာ​သည်။

မှန်​ပါ​ပေ​သည်၊ ဘုရားသခင်​ကိုယ်တော်တိုင် အလှအပ​ကို​မြတ်နိုး​တော်​မူ​သည်။ ဒေသနာ ၃:၁၁ (က​ဘ) က​ဤသို့​ဆို​၏– “ခပ်သိမ်း​သော​အရာ​တို့ကို မိမိတို့​အချိန်​အခါ​နှင့်​အညီ လှပ​အောင်​ဖန်ဆင်း​ထား​တော်​မူ​၏။” လူတို့သည်​ပုံပန်း​ကို​ကြည့်​ပြီး သူတစ်ပါး​ပေါ်​ရှုမြင်​ဆက်ဆံ​တတ်​သည်​မှာ​အမှန်​ပါ။ ဒေါက်တာ​ဂျိမ်း​ပီ​ခ​မ်း​မား အောက်ပါ​အတိုင်း​ဖြည့်စွက် ပြောကြား​ပါ​သည်။ “လူတစ်ဦး​၏​ရုပ်ရည်​သည် သူ့​ဂုဏ်​ရိပ်​ဂုဏ်​ရော​င်​၏​တစ်စိတ်​တစ်ပိုင်း​လည်း​ဖြစ်၏။ ၎င်း​သည်​ကိုယ့်​ကိုယ်ကို ယုံကြည်​စိတ်ချမှု​ရှိစေရန်၊ မရှိစေရန်၊ တစ်စုံတစ်ခု​ကို​ပြု​ရန်၊ မပြု​ရန်​ဖန်တီး​နိုင်​သည်။” ထို့​ကြောင့် မိမိ၏​ရုပ်​ဆင်း​သဏ္ဌာန်​အတွက်၊ အပြုသဘောပါပါ​အရေးထား​ခြင်း​သည် အဓိပ္ပာယ်​ရှိ​ပေ​သည်။ သို့ရာတွင်၊ အရှက်​ကြီး​ပြီး​လူအုပ်​မှ​ခွဲထွက်​ကာ​တ​သီး တခြား​နေလျှင်၊ သို့​မဟုတ် မိမိကိုယ်ကို​မကျေမချမ်း​ဖြစ်​နေလျှင်၊ အပြုသဘော​ပါ​သော​အရေးထား​ခြင်း​မျိုး​မဟုတ်​တော့​ချေ။

သင်​မ​ချော​မလှ​ဘူးလို့ ဘယ်သူ​ပြော​သလဲ

စိတ်ဝင်စားဖွယ်​ကောင်း​သည်​မှာ၊ ကိုယ့်​ရုပ်​ဆင်း​ကြောင့် စိတ်မချ​မ်း​မ​သာ​ဖြစ်​ကြ​ခြင်း​သည်၊ ကိုယ်​အင်္ဂါ​ချွတ်ယွင်းမှု​ကြောင့်​ချည်း​မဟုတ်။ အတန်း​ထဲ​တွင်၊ အချိုး​အဆစ်​သွယ်လျ​လျ​မိန်းကလေး​တစ်ယောက်က ငါ​သာ​နဲ​နဲ​ဝ​ရင်​အကောင်း​သား​ဟု ဆို​ကာ​မှိုင်​လျက်​ထိုင်​နေ​၏။ တစ်ဖက်​ခုံတန်း​တွင်၊ အသားအရေ​ပြည့်ဖြိုး​သော​မိန်းကလေး​တစ်ယောက်က​မူ၊ ငါ“ဝ”လွန်း​တယ်​ဆို​ကာ ညည်း​နေသည်။ ဤသို့​သော​မကျေမချမ်း​မှု​တွေ အဘယ်က​လာ​သနည်း။ ကိုယ်လုံးကိုယ်ထည်​တင့်​တင့်တယ်​တယ်​ရှိကြ​သော လူငယ်များ​ကိုယ့်​ကိုယ်ကို​မ​ချော​မလှ​ဟု အဘယ်ကြောင့်​ထင်ကြ​သနည်း။

စိတ္တ​ဇ​ရောဂါဗေဒ​ပါမောက္ခ ရစ်ချတ်​အမ်​ဆားစ်​က ဤသို့​ဆို​၏– “အပျို​လူပျို​ပေါက်​အရွယ်​သည် ကိုယ်ခန္ဓာ​ပြန်လည်​ဖွဲ့စည်း​တည်ဆောက်မှု တော်​တော်​ကလေး​ဖြစ်ပွား​သည့် စပ်​ကူး​မ​ပ်​ကူး​ကာလ​အချိန်​ဖြစ်သည်။ ... အမြဲလိုလို​အသစ်​ပြုပြင်​ပြောင်းလဲ​နေသော မိမိတို့​ကိုယ်ခန္ဓာ​သည်​ကိုးရိုးကားရား​နိုင်​လှ​သဖြင့် အပျို​လူပျို​ပေါက်​အများ​သည် စိတ်မလုံ​မလဲ​ဖြစ်​ကာ​ရွယ်တူ​တို့ကို အားထား​တတ်ကြ​သည်။” သို့ရာတွင်၊ ရွယ်တူ​တို့၏ အစစ်​အကြော​ခံရသော​အခါ၊ နှာခေါင်း​နှင့်​နားရွက်​ပုံသဏ္ဌာန်​ကို မဆို​ထား​နှင့်၊ အရပ်​အနိမ့်အမြင့်၊ အ​ပိန်​အဝ​ပင် မဟာ​သောက​ဖြစ်လာ​နိုင်​သည်။ အခြားသူများ မိမိ​ထက်​အရေးပေး​ခံရသော​အခါ​ဖြစ်စေ၊ မိမိ၏​ရုပ်​ဆင်း​ကို အပြစ်​ပြော​လာသော​အခါ​ဖြစ်စေ၊ လွယ်လွယ်​နှင့်​ကိုယ့်​ကိုယ်ကို မကျေမချမ်း​ဖြစ်လာ​တတ်​သည်။

တီဗွီ၊စာအုပ်​နှင့်​ရုပ်ရှင်​များ​၏ပျံ့နှံ့​လွှမ်းမိုး​သော​သြဇာ​လည်း​ရှိသေး​သည်။လူချော​နှင့်​မိန်း​မလှ​များတီဗွီ​မှန်​သား​ပြင်​နှင့်​မဂ္ဂဇင်း​စာမျက်နှာ​များ​မှ​နေပြီးကျွန်ုပ်​တို့ကို​စူးစိုက်​သော​အကြည့်​ဖြင့်​ကြည့်​ကာရေမွှေး​မှ​အစလျှပ်စစ်​အား​သုံး​လွှ​အဆုံး၊ပစ္စည်း​အသုံးအဆောင်​ပေါင်းသောင်း​ခြောက်​ထောင်​ကိုဝယ်ပါ​ခြမ်း​ပါ​တစာစာ​ဖြင့်မြှူဆွယ်​လျက်​ရှိကြသည်။ဤ​နည်းများဖြင့်၊သတင်းဖြန့်​ချီ​ရေး​လမ်းကြောင်း​များ​ကသင်သည်​စင်းလုံးချော​အသားအရေ​အလှ​ပိုင်ရှင်​မဟုတ်လျှင်၊သို့​မဟုတ်ကျား​ကျား​လျား​လျား​ရှိသော“ဗလ​မောင်”မဟုတ်လျှင်​အပေါက်​တစ်ခုခု​ထဲခပ်​ကုပ်​ကုပ်​ကလေး​ဝင်ပုန်း​လိုက်​ဖို့​ကောင်း​ပါ​သည်—သို့​မဟုတ်ယု​တ်စွ​အဆုံး၊လူကြိုက်များ​ဖို့၊ ပျော်​ဖို့​ရွှင်​ဖို့​ဆိုတာစိတ်​ပင်မ​ကူး​နိုင်​ဟုထင်မှတ်​စေ​ကြသည်။

‘သူတို့​ပုံသွင်း​သလို’ မခံ​ပါ​နှင့်

သို့သော် ကိုယ့်​ကိုယ်ကို​အ​ကြည်း​တန်​အရုပ်​ဆိုး​ဟူ၍ တန်ဖိုး​မ​ဖြတ်​မီ၊ ကိုယ့်​ကိုယ်ကို​မေးကြည့်ပါ။ ငါ့ရဲ့​ရုပ်ရည်​ချို့တဲ့​တယ် ဆိုတာ​ဘယ်​အတိုင်းအတာ​အထိ​မှန်ကန်​သလဲ—ဒါမှ​မဟုတ် အထင်အမြင်​သက်​သက်​ဖြစ်​သလား။ ကိုယ်​မကြိုက်​သည့်​ကိုယ့်​မျက်နှာ၊ (သို့​မဟုတ် အစ​ခံရ​သည့်) မျက်နှာ​အသွင်အပြင်​သည် တကယ်​ပင်​ကြည့်​မကောင်း​ရှု​မကောင်း​သလော။ သို့​မဟုတ်၊ အခြားသူများ​မိမိ​အား ဤသို့​ထင်မြင်​စေခြင်း​လော။ သမ္မာကျမ်းစာ ဤသို့​အကြံပြု​၏–“သင့်​ပတ်ဝန်းကျင်​လောက​၏ပုံသွင်းခြင်း​ကို​မခံ​နှင့်။”—ရောမ ၁၂:၂ဖိလစ်​စ်

စဉ်းစား​ကြည့်​ပါ။ လူကြိုက်များ၊ အောင်မြင်၊ ပျော်ရွှင်​ချင်​ရင် ဘယ်လို​ရုပ်၊ ဘယ်လို​ပုံ​မျိုး​ရှိရမယ်​ဆို​သောအယူအဆ​မျိုးကို​မည်သူ​များ​ကမြေ​တောင်​မြှောက်​ပေး​သနည်း။ ကုန်​ထုတ်လုပ်သူ၊ ကြော်ငြာ​သူများ​ပင်မ​ဟုတ်​ပါ​လား။ သင်သည်​ဖက်ရှင်​ဆန်စားသောက်​နည်းကိုလိုက်​စား၍​ဈေးကြီး​သောအလှ​ကုန်​များ​ဝယ်ယူ​သုံးစွဲ​လျှင်အမြတ်ရ​သူ​မှာ​ထို​သူများ​ပင်မ​ဟုတ်​လော။ အဘယ်ကြောင့်သူတို့​ပုံသွင်း​သလို​သင်​ခံရ​မည်​နည်း။ ရွယ်တူ​များ​ကသင့်​ရုပ်​ဆင်း​ကို​ဝေဖန်​ပါ​ကအပြု​သဘောဖြင့်​လော—သို့​မဟုတ်နှိမ်​ချင်​၍​လော။ နှိမ်​လို​သည့်​သဘောဖြင့်ဝေဖန်​သည်​မှန်​လျှင်၊ ဤသို့​သော“သူငယ်ချင်း”ကိုအဘယ်သူ​လိုအပ်​သနည်း။

သမ္မာကျမ်းစာ​က “ဝေခွဲ​ပိုင်းခြား​ဉာဏ်​ဘက်​သို့​နှလုံးကို ညွတ်​စေ​လော့” ဟူ၍​ထပ်ဆင့်​အကြံပြု​၏။ (သု. ၂:၂က​ဘ) ဝေဖန်​ပိုင်းခြား​ဉာဏ်​ရှိလျှင်၊ သင်သည်​မိမိ​ပိုင်ဆိုင်ရာ​ရုပ်ရည်​ကို အရှိအတိုင်း​ရှုမြင်​တတ်​ပြီး​စာနယ်ဇင်း၊ ရေဒီယို၊ တီဗွီ​စ​သည့်​ဝါဒဖြန့်​သတင်းကို အယုံလွယ်​တော့​မည်​မဟုတ်။ အလှ​စံပြ​မယ်​နှင့်​ချွတ်စွပ်​တူ​သူ​ရှား​ပါ​သည်။ ထို့ပြင်၊ “အလှ​ဟူသည်​လေပူဖောင်း။” (သု. ၃၁:၃၀၊ ဘိုင်ယင်​တန်) အလှ​အတွက်​ငွေပေး​၍​အ​ငှား​ခံရ​သော​သူတို့သည် တဒင်္ဂ​တစ်ခဏမျှ​သာ​ထွ​တ်​ထိပ်​စံ​ကြ​ရသည်။ မကြာမီ​မှာ​ပင် နောက်​မျက်နှာသစ်​တစ်ဦး​ဖြင့် အစားထိုး​ခံ​ကြ​ရသည်မှာ​ဓမ္မတာ။ ၎င်း​ပြင်၊ မိတ်ကပ်၊ မီးရောင်​နှင့်​ဓာတ်​ပုံ​အနုပညာ​များသည် လူကို“နတ်​သမီး”တ​မျှ​လှ​အောင်​ဖန်တီး​နိုင်​သည်။ (အချို့​လူတို့သည် အကျော်အမော်​များ​ကို အလှတိုး​စေသည့်​အရာများ​မပါဘဲ ပကတိ​ရုပ်​အတိုင်း​မြင်ကြ​ရသောအခါ လန့်ဖျပ်​ခဲ့​ကြသည်​ဟူ​၏!)

သို့ဖြစ်၍​သင့်​ရုပ်​သည် တီဗွီ သို့​မဟုတ် မဂ္ဂဇင်း​စံပြ​မယ်​နှင့်​မတူ​လျှင်​ဝမ်း​မနည်း​ပါ​နှင့်။ အရပ်​အနိမ့်အမြင့်၊ ကိုယ်ထည်​အ​ပိန်​အဝ​ဘယ်လောက်​ရှိ​မှ လှ​သည်​ဆို​သော​အချက်​နှင့်​ပတ်သက်​လာ​လျှင် ရွယ်တူ​များလည်း​အပြီးအပိုင်​အဆုံးအဖြတ်​ပေး​နိုင်​သည့် ဒို​င်​လူကြီး​များ​မဟုတ်။ သင့်​ရုပ်ရည်​နှင့်​သင်​နေ​ထိ​ထိုင်​သာ​ပါ​က ရွယ်တူ​များ​အပြော​ကို သိပ်​အရေးမစိုက်​ပါ​နှင့်။ ဆန်း​သည်​ဟု ဆို​ချင်​ဆို။ မိမိ​မကြိုက်​သည့် မိမိ၏​အင်္ဂါ​အစိတ်အပိုင်းကို​မှ နောက်​တစ်ယောက်က​မနာလို​ဖြစ်​မိ​သည်လည်း​ရှိ၏။

ပင်​ကိုယ်​အလှ​ဖြင့် အစွမ်းကုန်​လှ​နိုင်​ပါစေ!

အချို့​လူငယ်များ​၌ တကယ်​ပင်​ပုံပန်း​သဏ္ဌာန် ချွတ်ယွင်းချက်​ရှိ​တတ်ကြ​ပေ​သည်။ အသားအရေ​ကြမ်းတမ်း၊ အဝ​လွန်ကဲ၊ နှာခေါင်း​ပုံပျက်၊ နားရွက်​ထိုး​ထောင်၊ အရပ်​ပု​ကွ။ ကြီးကောင်​င​င်​နေသည့်​အရွယ်​ဖြစ်​ရ​ကား၊ ပုံပန်း​သဏ္ဌာန်​ပြောင်းလဲ​နေဆဲ​မှန်​၏။ ဝက်​ခြံ​မာ၊ ဝ​ချီ​ပိန်​ချီ၊ လျှပ်​တ​ပြ​က်​အတွင်း​ကြီးထွား၊ (သို့​မဟုတ် ကြီးထွားမှု​နှေးကွေး​လွန်း) စ​သည်​တို့​မှာ​ဆယ်ကျော်သက်​တို့ စိတ်​ဆင်းရဲ​စ​ရာ​များ​ဖြစ်၏။ အချိန်​သည်​ထိုသို့​သော ပြဿနာ​များ​ကို အလိုလို​ဖြေရှင်း​ပေး​နိုင်​သည်။

အချို့​ကို​ကား အချိန်​မ​ကုစား​နိုင်။ လူငယ်​တော်​တော်​များများ​သည် မိမိတို့​ရုပ်​ဆင်း​မလှ​ဟူသော အသိစိတ်​ဖြင့် စခန်း​သွား​ရမည်​ဖြစ်သည်။ စာရေး​ဆရာ​ဂျွန်​ကီ​လင်​ဂျာ​က အောက်ပါ​အတိုင်း​ရေးသား​လိုက်​သည်– “လူအများ​ထု​အတွက်၊ ရုပ်​ဆင်း​မလှ​ခြင်း​သည် ဘဝ၏​အနာ​ကြည်း​ဆုံး​အပိုင်း​ဖြစ်သည်။ အသိ​စော​သော်လည်း၊ ဘဝ​တစ်လျှောက်​ရှောင်တိမ်း​၍​မရ​သော​အမှန်တရား​ဖြစ်သည်။” သို့သော် ရှိတာ​လေး​ဖြင့်​လည်း အစွမ်းကုန် လှ​နိုင်​ပါ​သည်။

ရုပ်​ဆင်း​အပြစ်​အနာအဆာ​ကို ခွဲစိတ်​ကုသ​၍​ပြုပြင်ခြင်း​သည် အကုန်အကျ​များသည်​သာမက၊ အန္တရာယ်​လည်း​များသည်။ *သ​မား​ရိုး​ကျ​ကျန်းမာ​ရေး​ဂရုစိုက်​ခြင်း​မှာ​မူ၊ ငွေ​အကုန်အကျ​နည်း​ရုံ​မ​က၊ များစွာ​အလှတိုး​စေနိုင်​သည်။ သင့်​ဆံပင်​သည် ရုပ်ရှင်​မင်းသား​မင်းသမီး​တစ်ယောက်​၏ ဆံပင်​လောက်​စိုပြေ​ချင်​မှ စိုပြေ​မည်​မှန်​သော်လည်း သန့်သန့်ရှင်းရှင်း​ထား​နိုင်​သည်။ မျက်နှာ၊ ခြေလက်၊ လက်​သဲ​များလည်း​ထို့​အတူ​ပင်။ ဖြူဖွေး​သန့်စင်​သော​သွား၊ ပန်း​နု​ရော​င်​သွား​ဖုံး​လည်း​အပြုံး​ကို စွဲမက်​စ​ဖွယ်​ဖြစ်စေ​နိုင်​သည်။ သင်သည်​အဝ​လွန်​သလော။ (ဆရာဝန်​ညွှန်ကြားချက်​ဖြင့်) အစားအသောက်​ဆင်ခြင်ခြင်း၊ လေ့ကျင့်ခန်း​ယူခြင်း​ဖြင့် ပေါင်ချိန်​လျှော့​နိုင်​ပါ​သည်။

မိဘ​သဘောတူညီ​လျှင်၊ ပင်​ကိုယ်​အလှ​ပေါ်လွင်​စေပြီး အပြစ်​အနာအဆာ​အတန်​အရာ​တိမ်​ငုပ်​စေသည့် ဝတ်စား​ဖြီးလိမ်းပုံ​ကို စမ်း​ကြည့်​နိုင်​သည်။ ဥပမာ၊ စာရေး​ဆရာ ရှယ်​ရွန်​ဖယ်​လ်​တန် အဆို​အရ၊ “ဆံပင်​ကို​အ​ပွ​ကောက်၊ ဒါမှ​မဟုတ်၊ အထက်​ပင့်​မ​ကို​ဋ်​ပုံစံ​ဖြင့်​ကောက်” လျှင်ပွ​သော​နှာခေါင်း မ​ပေါ်လွင်​တော့​ပါ။ မျက်နှာ​ရိုး​ကား​၍ ထိုး​ထောင်​နေလျှင် “လှိုင်း​ကောက်​ဆံပင်” ဖြင့်​ပြေပြစ်​စေနိုင်​သည်။ မိတ်ကပ်​ကို ဆင်​ဆင်ခြင်​ခြင်​သုံးလျှင်​လည်း မိန်းကလေး​တစ်ယောက်​၏​မျက်နှာ​ပေါ်​မှ အနာအဆာ​ကို မထင်မရှား​ဖြစ်စေ​နိုင်​သည်။ ယောက်ျားက​လေး​ဖြစ်စေ၊ မိန်းကလေး​ဖြစ်စေ၊ အဝတ်​အထည်​ရွေး​ဝတ်​တတ်​လျှင် များစွာ​အထောက် အကူ​ဖြစ်စေ​နိုင်​သည်။ သင့်​အသားအရေ​ကို​စိုပြေ​စေသော အရောင်​အဆင်း​နှင့်​ကျက်သရေ​တိုး​စေသည့် ပုံစံ​ကို​ရွေးချယ်​ပါ။ အထည်​၏​စင်း​ကြောင်း​များ​ကို သတိပြုပါ။ ဒေါင်လိုက်​အ​စင်း​သည်​လူကို သေးသွယ်​သလို​ဖြစ်စေ​ပြီး၊ အလျား​လိုက်​အ​စင်း​သည် ၎င်း​၏​ဆန့်ကျင်ဘက်​ဖြစ်သည်။

မှန်​ပေ​သည်။ သင်၌​မွေးရာပါ​အလှ​မရှိ​သည်​တိုင်၊ လုံ့လ​နှင့် စိတ်ကူး​ကို​သုံး​ခြင်း​ဖြင့် ကြည့်​ကောင်း​ရှုပျော်​သည့်​အသွင်​ကို ဆောင်​နိုင်​ပေ​သည်။

မျှမျှတတ​ရှိဖို့လို

မိမိ​ရုပ်​ဆင်း​ကို​ဂရုပြု​ရန်လို​သည် မှန်​သော်လည်း၊ အသက်တာတွင် ၎င်းကို​ရေး​ကြီး​ခွင့်​ကျယ်​မ​လုပ်သင့်။ လူ့​ရုပ်ရည်​နှင့်​ပတ်သက်​၍ သမ္မာကျမ်းစာ​က​မည်မျှ​တိုင်​အပြော​နည်း​ကြောင်း သင်​သတိပြုမိ​သလော။ အာဗြဟံ၊ မေရီ​တို့ကို​မဆို​ထား​နှင့်၊ ယေရှု၏​ရုပ်​ဆင်း​ကို​ပင် အဘယ်ကြောင့်​မဖော်​ပြ​ထား​သနည်း။ ၎င်းကို​ဘုရားသခင်​အရေးထား​တော် မ​မူ​ကြောင်း​သိသာ​လှ​၏။

စိတ်ဝင်စားဖွယ်​ကား၊ တစ်ခါ​က ဘုရား​သခင်သည်​ကိုယ်လုံးကိုယ်ထည် ကျား​ကျား​လျား​လျား​ရှိသော ဧလျာဘ​ဆို​သူ​ယောက်ျား​ပျို​အား ဘုရင်​အဖြစ်​မရွေး​ဘဲ ပယ်ချ​တော်​မူ​ခဲ့​သည်။ ယေဟောဝါ​ဘုရားသခင်​က ပရောဖက်​ရှမွေလ​အား ဤသို့​ရှင်းလင်း​မိ​န့်မြွက်​တော်​မူ​သည်– “သူ၏​မျက်နှာ၊ သူ၏​အရပ်​ကို​မကြည့်​မ​ရှု​နှင့်။ ...[ဘုရားသခင်​သည်] လူ​မြင်​သကဲ့သို့မြင်တော်မူ​သည်မဟုတ်။ လူသည်​အဆင်းသဏ္ဌာန်​ကို ကြည့်ရှု​တတ်၏။ [ယေဟောဝါ] မူ​ကား​နှလုံးကို ကြည့်ရှု​တတ်​သည်။” (၁ ဓမ္မရာဇဝင် ၁၆:၆၊ ၇) ရုပ်ရည်​သည် တကယ်​အရေးပါသော​ပုဂ္ဂိုလ် ယေဟောဝါ​ရှေ့တော်မှောက်​၌ အရေး​မကြီး​လှ​ကြောင်း​သိရ​သည့်​အတွက် နှစ်သိမ့်​ဖွယ်​ပါ​တကား။ ကိုယ်တော်​သည် “နှလုံးကို​ကြည့်ရှု​တတ်​သည်။”

ထည့်သွင်း​စဉ်းစားစရာ​နောက်​တစ်ချက်​ကား၊ သင့်​သူငယ်ချင်း​အများ​၏ ရုပ်ရည်​သည်​သာမန်​မျှ​သာ မဟုတ်ပေ​လော။ သင့်​မိဘ​တစ်ပါးပါး​သည် ဖက်ရှင်​မဂ္ဂဇင်း​မျက်နှာဖုံး​ရှင်​ဖြစ်​မည်​ထင်​သလော။ ဖြစ်​မည်​မထင်။ စင်စစ်​အားဖြင့် သင်သည်​သူတို့၏​မွန်မြတ်သော အရည်အသွေးများ​ကို သိမြင်​သဖြင့်​သူတို့၏​ရုပ်ရည်​ကို တွေးမိ​သည့်​အချိန်​ပင်​နည်း​လှ​၏။ သင်၌​လည်း​အဖိုးတန်​အရည်အသွေးများ လူတစ်ဦး​အနေ​နှင့်​ရှိသည်​ဖြစ်​ရာ၊ ၎င်းတို့သည်​တကယ်​ပင်​ဖြစ်သော၊ သို့​မဟုတ် အထင်​သာ​ဖြစ်သော ရုပ်ရည်​မပြည့်ဝ​သည့် အဖြစ်​ထက်​ပို​၍​အရေးပါ​အလေးသာ​ပေ​သည်။

သို့​ဆို​ငြား​လည်း၊ ရုပ်ရည်​သည်​ရွယ်တူ​များ ရှေ့​အရေးပါ​၏။ ပြီး​တော့၊ သင်သည်​ရွယ်တူ​များ​နည်းတူ၊ ဝတ်စား​ဆင်ယင်​ဖြီးလိမ်း​ရန် ဖိအား​ပေး​ခံရ​တတ်​သည်။ ထိုသို့​သော ဖိအား​ပေး​မှု​ကို မည်သို့​တုံ့ပြန်​သင့်​သနည်း။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 18 သွားများ​၌​သိုင်း​ကြိုး​တပ်​ခြင်း​စ​သော​ကုထုံး​များသည် မညီသော​သွားများ​ကို ညီ​စေနိုင်​သည်​သာမက​လူ လည်း​ကျန်းမာ၊ အလှ​လည်း​တိုး​စေနိုင်​သည်။

ဆွေးနွေး​ရန်​မေးခွန်းများ

◻လူငယ်များ​အဘယ်ကြောင့် မိမိတို့​ရုပ်ရည်​အတွက် ပူ​တတ်ကြ​သနည်း။ သင့်​ရုပ်ရည်​ကို သင်​မည်သို့​ထင်မှတ်​သနည်း။

◻ဆ က်​သွယ်​ရေး​သတင်း​နှင့်​ရွယ်တူ​များသည် ရုပ်ရည်​နှင့်​ပတ်သက်​၍ ရေး​ကြီး​ခွင့်​ကျယ်​လုပ်​သည့် အဘယ်​အမြင်မျိုး​ကို ဆွပေး​ကြ​သနည်း။ ယင်း​သို့​သော ဩဇာ​ကို သင်​မည်သို့​တုံ့ပြန်​သင့်​သနည်း။

◻ဝက်​ခြံ​မာ​ပေါက်​သည့် ပြဿနာ​ကို​ဖြေရှင်း​သည့် နည်း​အချို့​ကား​အဘယ်နည်း။

◻ကိုယ့်​ရုပ်​နှင့်​ကိုယ်​အလှ​ဆုံး​ဖြစ်အောင် မည်သို့​ပြု​နိုင်​သနည်း။ ဤ​ကိစ္စ​တွင် မျှမျှတတ​ရှိဖို့ အဘယ်ကြောင့်​လို​သနည်း။

[စာမျက်နှာ ၈၂ ပါ​အကျဉ်း​ဖော်ပြချက်]

‘ကျွန်မ​ကိုယ်လုံး​မျိုးကို​ကျွန်မ​မကြိုက်ဘူး။ ကျွန်မ​ကို ကျွန်မ​လှတယ်လို့​မထင်​ဘူး’

[စာမျက်နှာ ၈၈ ပါ​အကျဉ်း​ဖော်ပြချက်]

သင်၌​လည်း​အဖိုးတန် အရည်အသွေးများ​ရှိသည်​ဖြစ်​ရာ၊ ရုပ်ရည်​ထက်​ပို​၍ အရေးပါ​အလေးသာ​ပေ​သည်

[စာမျက်နှာ ၈ ပါ​လေးထောင့်ကွက်]

‘ငါ့​ဝက်​ခြံ​မာ​ပျောက်​အောင် တစ်ခုခု​များ​မလုပ်နိုင်တော့ဘူး​လား’

ဝက်​ခြံ​မာ​သည် အရေပြား​အနာ​တစ်မျိုး​ဖြစ်​ပြီး အရေပြား​ပေါ်​အ​စက်​အ​ပျောက်​များ​ထင် စေ​ရုံ​မ​က၊ ဝက်​ခြံ၊ အ​မဲ​စက်၊ အနီရောင်​အဖု​အ​ပိမ့် သို့​မဟုတ် အကြိတ်​များ​ဖြင့် လူကို​ရုပ်ပျက်​စေ​သည်။ လူငယ်​တော်​တော်​များများ​အဖို့၊ ၎င်း​သည်​လ​ပိုင်း​အနည်းငယ်​အတွင်း အလိုလို​ပြေပျောက်​သွား​သည့် အနာ​မျှ​သာ​မဟုတ်ဘဲ ပေါ့​ပေါ့​မထားသင့်​သော​အရေပြား​အနာ​တစ်မျိုး​ဖြစ်လေ့​ရှိသည်။ အသက်အရွယ်​မရွေး​ဖြစ်တတ်​ကြသော်လည်း အခံ​ရ​ဆုံး​မှာ​ဆယ်ကျော်သက်​များ​ဖြစ်​ကြသည်။ အချို့​ပါရဂူ​များ​အဆို​အရ၊ ဆယ်ကျော်သက် ၈၀ ရာခိုင်နှုန်း​၌ အနည်း​နှင့်​အများ​ဖြစ်ပွား​တတ်​သည်။

ထို့​ကြောင့်​လည်း၊ မိမိ​နှင့်​ပတ်သက်​၍ မနှစ်သက်​ဆုံး​အရာ​ကား​အဘယ်အရာ​နည်း​ဟု ဆယ်ကျော်သက်​ပေါင်း ၂,၀၀၀ အား​မေးမြန်း​သောအခါ၊ အခြား​အရာများ​ထက် အသားအရေ​ဆိုင်ရာ​ပြဿနာ​ကို အဓိက​ထား​တင်ပြ​ပြီး​ညည်း​ကြသည်​မှာ မ​ဆန်း​ပါ။ ကျောင်းနေ​စဉ်​အခါ ဝက်​ခြံ​မာ​ပေါက်​ခဲ့​သော စ​န်ဒ​ရာ​ဆို​သည့်​မိန်းကလေး​က ဤသို့ပြန်​ပြော​သည်။ “ဝက်​ခြံ​မာ​ဘယ်လောက်တောင်​ဆိုး​သလဲ​ဆိုတော့ တခြား​လူတွေ​မမြင်နိုင်​အောင် ကျွန်မ​မျက်နှာကို အမြဲ​ဖွက်​ထား​ရတယ်။ ကျွန်မ​ရုပ်​အကျည်းတန်​လွန်းလို့ ရှက်​လိုက်တာ​ပြော​မနေ​နဲ့​တော့။”—ကို-အက်​မဂ္ဂဇင်း။

ဤ​ကပ်​ဆိုး​ကြီး​သည် အဘယ်ကြောင့်​ဆယ်ကျော်သက်​အရွယ်—အလှ​ချင်​ဆုံး​အရွယ်​မှ ဖြစ်ပေါ်​လာ​ရသနည်း။ ကြီးကောင်​င​င်​နေသော​ကြောင့်​ပင်​ဖြစ်သည်။ အပျို​လူပျို​ဖော်​ဝင်လာ​သည်​နှင့်​အမျှ၊ အရေပြား​ဂလင်း​များ​တိုး၍ လှုပ်ရှား​ဆောင်ရွက်​လာ​သည်။

ဘာဖြစ်​ပျက်​သနည်း။ ကမ္ဘာ့​စွယ်စုံ​ကျမ်း​က ဤသို့​ရိုးရိုး​ကလေး​ရှင်းလင်း​တင်ပြ​၏။ ဂလင်း​တစ်ခုစီ​သည် ဖော​လစ်​ကယ်​ခေါ်​အ​မွှေး​အမျှင်​တ​ဝိုက်​ရှိ အိတ်​ကလေး​အတွင်း​သို့ အဆီများ​ဖြည့်ပေး​၏။ သာမန်​အားဖြင့် ၎င်း​အဆီ​သည် အရေပြား​အပေါက်​ကလေး​များ​မှ တစ်ဆင့်​ထွက်သွား​ကာ ခန်းခြောက်​တတ်​သည်။ သို့သော်​တစ်ခါတစ်ရံ​အပေါက်​ဆို့၍ ၎င်း​အဆီ​သည် မြန်မြန်ဆန်ဆန်​ထွက်​မသွား​နိုင်​သဖြင့် အရေပြား​အပေါက်​၌​အ​မဲ​ပျောက်​ဖြစ်ပေါ်​လာ​သည်။ ပိတ်ဆို့​ခံရ​သော​အဆီ​သည် အောက်ဆီဂျင်​နှင့်​ဓာတ်ပြု​၍ ခန်းခြောက်​ကာ​မဲ​သွားသော​ကြောင့်​ဖြစ်သည်။ ပြည်​တည်​လာသော​အခါ ဝက်​ခြံ​ဖြစ်လာ​လေ​သည်။ ပိတ်ဆို့​ခံရ​သော​အဆီ​အတွင်း​၌ ပိုး​များ​ပေါက်ဖွား​လာသော​အခါ အကြိတ်​များ​ဖြစ်ပေါ်​လာ​သည်။ ယင်း​အကြိတ်​များ​က​သာ​အစဉ်​ကျန်ရစ်​တတ်​သည်။ ဝက်​ခြံ​သည်​မ​ရင်း​လျှင် မထင်​ကျန်​တတ်​ပါ။ ဝက်​ခြံ​ကို​ညှစ်​လျှင်​အနာ​ရင်း​လာ​တတ်​သည်​ဖြစ်၍ မ​ညှစ်​မ​က​လော်​ပါ​နှင့်။

စိတ်ဝင်စားစရာ​မှာ၊ စိတ်​တင်း​ခြင်း​နှင့်​စိတ်​ဘောင်​ဘင်​ခတ်​ခြင်း​သည် အရေပြား​ဂလင်း​များ​ကို​နှိုးဆွ​ပေး​သည်။ အချို့​သည်​အခါကြီးရက်ကြီး သို့​မဟုတ် စာမေးပွဲ​မတိုင်မီ​နှင့် စာမေးပွဲ​အချိန်အတွင်း ဧရာမ​ဝက်​ခြံ​ကြီး ပေါက်​တတ်ကြ​သည်။ ထို့​ကြောင့် ယေရှု၏​မိန့်မြွက်​စကား​သည် လက်တွေ့ကျ​လှ​ပေ​သည်– “ဘယ်တော့​မျှ​နောက်​တစ်နေ့​အဖို့ မ​ကြောင့်ကြ​နှင့်။ အကြောင်း​မှာ​နောက်​တစ်နေ့​သည် နောက်​တစ်နေ့​၏ သောက​များ​ရှိ​လိမ့်​မည်။”—မဿဲ ၆:၃၄၊ က​ဘ။

ဝမ်းနည်းစရာ​ကား၊ ချက်ချင်း​လက်ငင်း​ပျောက် ကုထုံး​မရှိ။ သို့သော် (ပ​ဋိ​အနု​ဇီဝ​တစ်မျိုး​ဖြစ်သော) ဘင်​ဇော​လ်​ပါ​အောက်​ဆိုက်​ပါရှိ​သည့် ဂျဲလ်၊ က​ရင်း(မ်)၊ လို​ရှင်း၊ ဆေးရည်၊ ဆေး​ဆပ်ပြာ​နှင့် မျက်နှာဖုံး​စ​သော ဆေးခန်း​တွင်​တိုက်ရိုက်​ဝယ်ယူ​သုံးစွဲ​နိုင်​သည့် ဆေး​များ​ရှိ​ပေ​သည်။ (ထို့​ထက်​တစ်ဆင့်​တိုး၍ အ​ကုသ​ခံ​ဖို့​လိုလျှင် သင့်​မိသားစု​ဆရာဝန်​နှင့် တိုင်ပင်​နိုင်​သည်။) ဆပ်ပြာ သို့​မဟုတ် ဘင်​ဇော​လ်​ပါ​အောက်​ဆိုက်​ပါရှိ​သည့် ဆေးရည်​ဖြင့်​အသားအရေ​ကို စင်ကြယ်​အောင်​ဆေးကြော​ပေး​လျှင် အထောက်အကူ​ပြု​ကြောင်း​အများ​က တွေ့ရှိ​ရသည်။ သို့သော်​အဆီ​ပါ​သော ဆပ်ပြာ​နှင့်​ကော့​စ​မက်​တစ်​များ​ကို​ရှောင်ပါ။

အချို့​လူငယ်များသည်​အထွေထွေ​ကျန်းမာ​ရေး​ကို ဂရုစိုက်​ခြင်း​ဖြင့် ဝက်​ခြံ​မာ​အခြေအနေ ကောင်းမွန်​တိုးတက်လာ​သည်ကို​တွေ့ရ​သည်—ကာယ​လေ့ကျင့်ခန်း များများ​ပြုခြင်း၊ အတတ်နိုင်ဆုံး​လေ​ကောင်း​လေ​သန့် ရှူရှိုက်​ခြင်း၊ အိပ်ရေးဝ​အောင်​အိပ်စက်ခြင်း စ​သည်​တို့ဖြစ်သည်။ အဆီ​အ​စိမ့်​လွတ် အစားအစာ​စားသောက်ခြင်း​၏​အကျိုး​အာနိသင်​နှင့် ပတ်သက်​၍ သုတေသီ​များ​ငြင်းခုံ​နေကြ​ဆဲ​ဖြစ်​သော်လည်း သ​ရေ​စာ​ကို​ရှောင်​ကာ မျှတသော​အာဟာရ​မှီဝဲခြင်း​သည် အဓိပ္ပာယ်​ရှိသော​လုပ်ရပ်​ဧကန်​ဖြစ်​ပေ​သည်။

မည်သို့​ပင်​ဖြစ်စေ၊ စိတ်မရှည်​၍​မဖြစ်။ ကြာမြင့်စွာ​တည်ရှိ​လာသော ပြဿနာ​ရပ်​ကို ည​ဉ့်​တွင်း​ချင်း​ဖြေရှင်း၍​မရပါ။ အထက်​ဆို​ခဲ့​သော စ​န်ဒ​ရာ​က ဤသို့​ဆိုပါ​သည်– “တစ်​နှစ်လောက်​ကြာ​တော့​မှ ကျွန်မ​အသားအရေ​ချောမွတ်​လာတယ်။ ဒါပေမဲ့ ခြောက်​ပတ်​အတွင်း သိသိသာသာ​ပြောင်းလဲ​လာတာကို တွေ့ရ​ပါ​တယ်။” သင်​ရွေးချယ်သော ဆေး​နည်း​အတိုင်း၊ ဇွဲ​မပျက်​ဘဲ ကုသ​ပြုစု​လျှင်​သက်သာရာ​ရနိုင်​ပေ​သည်။

ထို​အတောအတွင်း၊ အနည်းငယ်​သော​အစက်အပြောက်​ကြောင့်၊ ကိုယ့်​ကိုယ်ကို​အထင်သေး​လွန်း​ကာ အခြားသူ​တို့​နှင့်​မပြော​ရဲ​မဆို​ဝံ့​လောက်​အောင် အရှက်​မကြီး​ပါ​နှင့်။ သင့်​အသားအရေ​ကို သင်​အလွန်​သတိပြုမိ​မည်​မှန်​သော်လည်း၊ သင်​ထင်​သလော​က်​အခြားသူများ သင့်ကို​သတိထား​မိ​မည်​မဟုတ်ပေ။ ထို့​ကြောင့်၊ အကောင်းမြင်​စိတ်၊ လန်းဆန်း​သော​စိတ်သဘောထား​ရှိပါ။ လက်မ​နှေး​ဘဲ​သင့်​ဝက်​ခြံ​မာ​ကို တတ်နိုင်​သ၍​ကုသ​ပါ!

[စာမျက်နှာ ၈၃ ပါ​ရုပ်ပုံ]

မိမိ​မကြိုက်​သည့် မိမိ၏​အင်္ဂါ​အစိတ်အပိုင်းကို​မှ နောက်​တစ်ယောက်က မနာလို​ဖြစ်​မိ​သည်လည်း​ရှိ၏

[စာမျက်နှာ ၈၆ ပါ​ရုပ်ပုံ]

မဂ္ဂဇင်း​စံပြ​မယ်​တို့​နောက်ကွယ်​တွင် အလှဆင်​အဖွဲ့ရှိကြောင်း လူငယ်များ​သိ​လေ့​မရှိပေ