ငါကျောင်းထွက်လိုက်ရင် ကောင်းမလား
အခန်း ၁၇
ငါကျောင်းထွက်လိုက်ရင် ကောင်းမလား
ဂျက်သည်ကျောင်းသား ကျောင်းခေါ်ချိန်စာရင်းကိုင်လုပ်ခဲ့သည်မှာ ၂၅ နှစ်ပင်ရှိခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ကျောင်းပြေးကလေးတစ်ယောက်သည် ဂျက်မကြားဖူးသောဆင်ခြေဆင်လက်တစ်ခုမျှ မပေးနိုင်ဘဲအကျပ်ရိုက်နေရှာသည်။ ဂျက်က ဤသို့ဆို၏– “ကလေးတွေပေးတဲ့ ဆင်ခြေဆင်လက်အမျိုးစုံကို ကျွန်တော်ကြားခဲ့ဖူးပြီ။ ဥပမာ၊ ‘ကျွန်တော်ဒီနေ့ဖျားတော့မယ်လို့ထင်တယ်။’...‘အလာစကာမှာရှိတဲ့ အဖိုးဆုံးသွားလို့။’” ဂျက်“အကြိုက်ဆုံး” ဆင်ခြေဆင်လက်ဟာဘာလဲ။ ယောက်ျားကလေးသုံးယောက်၏ အဆိုပင်ဖြစ်သည်။ “နှင်းထူလွန်းလို့ ကျောင်းဆောင်ကိုရှာမတွေ့နိုင်တဲ့ အတွက်ပါ” ဟူသတတ်။
ဂွကျလောက်အောင်အကျိုးအကြောင်းမဲ့လွန်းသော ၎င်းဆင်ခြေဆင်လက်များက လူငယ်အမြောက်အမြားကျောင်းကို ရွံမုန်းကြကြောင်းသာဓကပြနေ၏။ အရေးမထားသည့် (“အရေးမကြီးဘူးထင်တယ်”) သဘောကအစ၊ လုံးလုံးလျားလျားစက်ဆုပ်သည့် (“ကျောင်းကိုရွံတယ်၊ မုန်းတယ်”) သဘောအဆုံး၊ မနှစ်မြို့သည့်သဘောအမျိုးမျိုးကို ပြကြသည်။ ဥပမာ၊ ဂယ်ရီသည်ကျောင်းသွားရတော့မည် ဟူသောစိတ်ဖြင့် အိပ်ရာမှအထ၊ ချက်ချင်းပင်ပျို့ချင်အန်ချင်လာသည်။ “ကျောင်းနဲ့နီးလာတဲ့အခါ၊ ကျွန်တော်ဇောချွေးပြန်ပြီး ကြောက်လာတတ်တယ်။... အိမ်မပြန်လို့မဖြစ် ပြန်ခဲ့ရတယ်။” လူငယ်အမြောက်အမြားလည်း အလားတူစွာအစွဲအလမ်းကြီးသော ကြောက်ခြင်းမျိုးဖြင့်ကျောင်းကို ကြောက်လန့်ကြသည်—၎င်းကိုဆရာဝန်များက ကျောင်းကြောက်ဝေဒနာဟု သမုတ်ကြသည်။ ၎င်းသည်များသောအားဖြင့် ကျောင်းတွင်းရမ်းကားမှု၊ ရွယ်တူရက်စက်မှုအပြင်၊ အမှတ်ကောင်းရဖို့ တိုက်တွန်းဖိနှိပ်မှုခံရခြင်းများကြောင့်ဖြစ်သည်။ ယင်းလူငယ်များသည် (မိဘများ၏ချော့မော့ခြင်းနှင့်အတူ) ကျောင်းသွားကြမည်ဖြစ်သော်လည်းစိတ်ထဲမှာမူ ပွက်လောထရုံမက၊ ခန္ဓာပိုင်းဆိုင်ရာဆင်းရဲခြင်းပင် ခံစားကြရရှာသည်။
ယင်းကြောင့်၊ လုံးလုံးကျောင်းမတက်ဘဲနေသည့် လူငယ်များအရေအတွက်သည်များလွန်းသဖြင့် စိုးရိမ်ဖွယ်ကောင်းသော်လည်း အံ့ဩစရာမဟုတ်။ အမေရိကန်တစ်နိုင်ငံတည်းမှာပင်၊ မူလတန်းနှင့်အထက်တန်းကျောင်းသား နှစ်သန်းခွဲ နေ့စဉ်ကျောင်းပျက်ကြသည်။ နယူးယောက်တိုင်း က နယူးယောက်မြို့အထက်တန်းကျောင်းမှ “အမြဲကျောင်းပျက်” သောကျောင်းသား (ကျောင်းသားဦးရေ၏သုံးပုံတစ်ပုံ) များလွန်းရကား “စာသင်၍မဖြစ်နိုင်သလောက်အခြေသို့ ဆိုက်နေကြောင်း” ရေးသားတင်ပြလိုက်သည်။
အချို့လူငယ်များသည် ထို့ထက်ပင် ပြတ်သားသည့် ခြေလှမ်းကိုလှမ်းကြသည်။ “ကျောင်းဟာ ငြီးငွေ့စရာကြီး။ ပြီးတော့စည်းကမ်းကိုင်လွန်းတယ်” ဝေါလ်တာဆိုသော လူငယ်တစ်ဦးကဆို၏။ သို့နှင့် (အထက်တန်းကျောင်းမှ ပညာသင်ဆဲ) ကျောင်းထွက်လိုက်သည်။ အန်ထော်နီးယားဆိုသော မိန်းကလေးလည်းကျောင်းထွက်လိုက်သည်။ ကျောင်းစာအခက်တွေ့၍ဖြစ်သည်။ “ကျွန်မဘာတွေဖတ်လို့ဖတ်မှန်းတောင် မသိတော့၊ ဘယ်လိုလုပ်ပြီးကျောင်းစာလိုက်နိုင်မှာလဲ။ အတန်းထဲမှာငုတ်တုတ်ထိုင်ပြီးနေတာ လူလဲထိုင်းသထက်ထိုင်းလာတယ်။ ဒါကြောင့် ကျွန်မကျောင်းထွက်လိုက်တယ်လေ။”
ကမ္ဘာတစ်ဝန်းမှ ကျောင်းစနစ်သည် ကြီးလေးသောပြဿနာရပ်များနှင့် ရင်ဆိုင်နေရသည်မှန်၏။ သို့တစေ၊ ယင်းကြောင့်ကျောင်းကိုစိတ်ပျက်ပြီး တစ်ဝက်တစ်ပျက်နှင့် ထွက်ရတော့မည်လော။ ကျောင်းထွက်သည့်နောက်ပိုင်း၌ မိမိဘဝပေါ်အဘယ်ဆိုးကျိုးကောင်းကျိုးသက်ရောက်နိုင်သနည်း။ ကျောင်းအပြီးနေရန် အကြောင်းများရှိသလော။
ကျောင်းပညာတန်ဖိုး
မိုက်ကယ်သည် အထက်တန်းကျောင်းဒီပလိုမာရဖို့ ကျောင်းပြန်တက်ခဲ့သည်။ ဘာကြောင့်ဟု အမေးခံရသောအခါသူက “ကျောင်းပညာလိုအပ်မှန်း သဘောပေါက်လို့ပါ” ဟုဖြေကြားခဲ့သည်။ သို့သော် “ကျောင်းပညာ” ဆိုတာဘာလဲ။ လူများအထင်ကြီးလောက်အောင် သိသမျှကိုရွတ်ပြနိုင်သည့် အစွမ်းအစလော။ ၎င်းကိုပညာဟုမခေါ်နိုင်။ အုတ်ခဲတစ်ပုံကို အိမ်တစ်ဆောင်ဟု မခေါ်နိုင်သည့်အလားပင်ဖြစ်သည်။
ကျောင်းပညာသည်သင့်ကို လူကြီးဘဝအတွက် အသင့်ပြင်နိုင်ဖို့သင့်သည်။ ၁၈ နှစ်တိုင်ကျောင်းအုပ်အဖြစ်လုပ်ကိုင်ခဲ့သူ အယ်လင်အောစတီလ်က “စဉ်းစားတတ်ရန်၊ ပြဿနာဖြေရှင်းတတ်ရန် သင်ကြားပေးသောပညာ၊ အဘယ်အရာသည်ဆင်ခြင်တုံတရားနှင့်ညီညွတ်၍ အဘယ်အရာသည်မညီညွတ်ကြောင်း သင်ကြားပေးသောပညာ၊ ကြည်လင်ပြတ်သားစွာစဉ်းစားတတ်ရန်၊ အချက်အလက်ဟူသည် အဘယ်အရာဖြစ်ကြောင်းနားလည်နိုင်ရန်၊ အစိတ်အပိုင်းနှင့်ကိုယ်ထည်တို့၏ ဆက်စပ်ပုံကိုနားလည်နိုင်ရန် လိုအပ်သည့်အခြေခံဉာဏ်စွမ်းရှိဖို့ သင်ကြားပေးသောပညာ၊ ထိုသို့သောအဆုံးအဖြတ်များ ချတတ်ဖို့၊ သိမြင်ခွဲခြားတတ်ဖို့၊ ပညာသင်ယူနည်းနှင့် ပတ်သက်သောပညာရပ်” နှင့်ပတ်သက်၍ ပြောကြားခဲ့ပေသည်။
ဤအပိုင်းတွင် ကျောင်းသည်မည်သည့်ကဏ္ဍမှ ပါဝင်သနည်း။ လွန်ခဲ့သောရာစုနှစ်ပေါင်းများစွာက ရှောလမုန်ဘုရင်သည် “အတွေ့အကြုံနုသူအား ပါးနပ်မှုကိုလည်းကောင်း၊ လူငယ်အားအသိသုတနှင့် စဉ်းစားဉာဏ်သတ္တိကိုလည်းကောင်း” ပေးရန်နယပုံပြင်စကားများရေးသားခဲ့ပေသည်။ (သု. ၁:၁-၄) မှန်ပေသည်။ သက်ငယ်တို့သည် အတွေ့အကြုံနု၏။ သို့ရာတွင် ကျောင်းသည်စဉ်းစားဉာဏ်သတ္တိကို မွေးမြူပျိုးထောင်ပေးသည်။ အကြောင်းအရာများကို ရွတ်ဆိုတတ်ဖို့လောက်သာမဟုတ်ဘဲ ၎င်းတို့ကိုဝေဖန်စိစစ်ပြီး၊ အကျိုးဖြစ်ထွန်းစေသော ကြံစည်ချက်များပေါ်ပေါက်လာစေရန်ဖြစ်သည်။ အချို့ကျောင်းများ၏ သင်ကြားပုံကို လူတော်တော်များများက ပြစ်တင်ဝေဖန်ခဲ့သည်မှန်သော်လည်း ကျောင်းသည်တကယ်ပင် လူကိုဦးနှောက်မသုံးမနေ အသုံးပြုစေသည်။ ဂဲသြမေတြီပုဒ်စာကို အဖြေရှာခြင်း၊ ရာဇဝင်ခုနှစ်သက္ကရာဇ်စာရင်းများကို ကျက်မှတ်ခြင်းသည် ထိုအခါအခိုက်တွင်သင့်ဘဝနှင့် ဘာမျှအဆက်အစပ်မရှိဟု ထင်ရမည်မှန်၏။ သို့တစေ၊ အထက်တန်းကျောင်းကို အောင်မြင်စွာဖြတ်ကျော်ခြင်းလမ်းညွှန် ဟူသောစာအုပ်၌ ဘာဘရာမေယာက ဤသို့ရေးသည့်အတိုင်းဖြစ်သည်– “အစမ်းစာမေးပွဲများ၌ ဆရာများမေးလိုသော အချက်အလက်များ၊ သိမှတ်စရာအချက်များအားလုံးကို မည်သူမျှမှတ်မိမည်မဟုတ်သည်မှာမှန်ပါသည်။ သို့ရာတွင်၊ ဆည်းပူးနည်း၊ အကွက်ချကြံစည်နည်းအတတ်များကိုကား ဘယ်တော့မျှမေ့မည်မဟုတ်။”
ကျောင်းပညာ၏ရေရှည်အကျိုးကို လေ့လာခဲ့ကြသော တက္ကသိုလ်ပါမောက္ခသုံးဦးလည်း အလားတူစွာ ဤသို့မှတ်ချက်ချခဲ့ကြသည်– “ပို၍ပညာတတ်မြောက်သောသူများသည် အသေကျက်မှတ်ခဲ့သော အကြောင်းအရာများကို သာမကမိမိတို့ခေတ်ရှိ ကမ္ဘာကိုလည်းပို၍နောကျေသည်။ ၎င်းပြင်ပို၍သုတရှာမှီးတတ်သည်။ သတင်းအချက်အလက်လာရာဘက်သို့ ပို၍နားစွင့်တတ်ပေသည်။...ကျောင်းနှင့်အနှစ်များစွာဝေးကွာရုံမက၊ ဇရာပိုင်းသို့ရောက်ခဲ့ငြား၊ [ကျောင်းပညာများသူနှင့် နည်းသူတို့စပ်ကြား] အဆိုပါခြားနားချက်များသည် မပျောက်မပျက်တည်မြဲတည်ရှိသည်ကို တွေ့ရပါသည်။”—ကျောင်းပညာ၏တည်တံ့သော အကျိုးအာနိသင်များ။
အရေးအကြီးဆုံးကား၊ ကျောင်းပညာသည် သင့်အားခရစ်ယာန်ဝတ္တရားများ ထမ်းရွက်နိုင်ရန် တန်ဆာတပ်ဆင်ပေးနိုင်သည်။ ဖတ်ရှုလေ့လာခြင်း နည်းကောင်းများတတ်မြောက်၍ စာဖတ်ခြင်းအတတ်ပိုင်နိုင်လျှင် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို သာ၍လွယ်ကူစွာဆည်းပူးနိုင်၏။ (ဆာလံ ၁:၂) ကျောင်းတွင်ပြောနည်းဆိုနည်းကိုပါ သင်ကြားခဲ့ပြီဖြစ်ရကား၊ အခြားသူများအားသမ္မာကျမ်းစာကိုပို၍ လွယ်ကူစွာပို့ချနိုင်ပေမည်။ ရာဇဝင်၊သိပ္ပံ၊ပထဝီနှင့်သင်္ချာအတတ်သည်လည်း အသုံးဝင်၍၊ နောက်ခံ၊ စိတ်ဝင်စားမှု၊ ယုံကြည်ခြင်းမတူသူများနှင့် အဓိပ္ပာယ်ရှိစွာပြောဆိုဆက်ဆံနိုင်ရန် သင့်အားအထောက်အကူပြုမည်။
ကျောင်းနှင့်အလုပ်အကိုင်
ကျောင်းသည်နောင်အလုပ်အကိုင် ရနိုင်မရနိုင်ဟူသော အချက်ပေါ်ကြီးစွာသောသြဇာသက်ရောက်နိုင်သည်။ အဘယ်ကြောင့်နည်း။
ပညာရှိရှောလမုန်က ကျွမ်းကျင်စွာလုပ်ကိုင်တတ်သူနှင့်ပတ်သက်၍ ဤသို့ဆိုသည်– “ထိုသူသည်သာမညလူ၏အမှုကို မဆောင်ရွက်၊ ရှင်ဘုရင်၏အမှုတော်ကို ဆောင်ရွက်ရ၏။” (သု. ၂၂:၂၉) ယနေ့တိုင် ထို့နည်းတူဖြစ်သည်။ အမေရိကန်အလုပ်သမားသမဂ္ဂဆိုင်ရာဌာနမှ အင်းနက်စ်ဂရင်းဆိုသူက “အတတ်ပညာမရှိလျှင် ဘဝအဘက်ဘက်တွင် အောက်ကျနောက်ကျ၏” ဟုထုတ်ဖေါ်ပြောကြားခဲ့သည်။
သို့ဖြစ်၍ကျောင်းမှတစ်ဝက်တစ်ပျက်နှင့် ထွက်လာသူများအဖို့ အလုပ်အကိုင်ရရန်အလားအလာသည် မကောင်းလှချေ။ အထက်ဆိုခဲ့သောဝေါလ်တာသည် အနာခံပြီးမှ သင်ခန်းစာယူခဲ့သည်။ “ကျွန်တော်အလုပ်လျှောက်ခဲ့တာ မနည်းတော့ဘူး။ ဒါပေမဲ့မရနိုင်ဘူး။ ကျွန်တော့်မှာ ဒီပလိုမာမရှိလို့ပေါ့။” သူဤသို့လည်း ဝန်ခံခဲ့သည်– “တစ်ခါတလေလူတွေသုံးတဲ့ အသုံးအနှုန်းတွေကို ကျွန်တော်နားမလည်နိုင်ဘူး။ ကိုယ့်ကိုယ်ကိုဉာဏ်တုံးလိုပဲမှတ်တယ်။”
တစ်ဝက်တစ်ပျက်နှင့်ကျောင်းထွက်ခဲ့သော ၁၆ မှ ၂၄ နှစ်အရွယ်များ၏ အလုပ်လက်မဲ့နှုန်းသည် “ကျောင်းအပြီးနေသူသက်တူများ၏ အလုပ်လက်မဲ့နှုန်းနှစ်ဆ၊ အထွေထွေအလုပ်လက်မဲ့နှုန်း၏ သုံးဆနီးပါးရှိ” သည်။ (နယူးယောက်တိုင်း) ဆယ်ကျော်သက် စာအုပ်၌ စာရေးဆရာ အက်ဖ်ဖိလစ်ရိုက်စ်က ထပ်ဆင့်၍ ဤသို့ဆို၏– “ကျောင်းဆက်မတက်သူတို့သည် အခွင့်အရေးတံခါးကို ပိတ်လိုက်သည်နှင့်မခြားပါ။” တစ်ဝက်တစ်ပျက်နှင့်ကျောင်းထွက်ခဲ့သူသည် သမားရိုးအကျဆုံးအလုပ်အကိုင်များ လုပ်ကိုင်ရာ၌လိုအပ်သော အခြေခံအတတ်ပညာများကိုပင် ပိုင်ပိုင်နိုင်နိုင်တတ်မြောက်မည်မဟုတ်။
ပေါလ်ကော်ပါမင်က အရေးအဖတ်ကလိမ်ကျ ဟူသောစာအုပ်၌ ဤသို့ရေးသားသည်– “မကြာမီကပြုလုပ်သော လေ့လာမှုတစ်ရပ်က ခန့်မှန်းချက်အားဖြင့်၊ ထမင်းချက်အလုပ်လုပ်နိုင်ဖို့ ခုနစ်တန်းအဆင့်၊ စက်ပြင်တစ်ယောက်ဖြစ်ဖို့ ရှစ်တန်းအဆင့်၊ အကူစာရေးအလုပ်ရဖို့ ကိုးတန်းဆယ်တန်းအဆင့်လိုအပ်ကြောင်းပြ၏။” သူဆက်၍ ဤသို့ဆို၏– “ကျောင်းဆရာ၊ သူနာပြု၊ စာရင်းကိုင် သို့မဟုတ် အင်ဂျင်နီယာအလုပ်ရရန် ထို့ထက်စာတတ်ရမည်မှာ လျောက်ပတ်သောတွက်ဆချက်ဖြစ်သည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။”
သို့ဖြစ်သဖြင့်၊ အဖတ်စသောအခြေခံပညာကို ကြိုးစားသင်ကြားသောကျောင်းသားများသည် အလုပ်အကိုင်ရဖို့ လမ်းပို၍များပေသည်။ သို့သော်၊ ကျောင်းနေခြင်းဖြင့်ရနိုင်သော အခြားတာရှည်အကျိုးတစ်ရပ်ကားအဘယ်နည်း။
သာ၍ကောင်းသောသင်
အဆိုပါတာရှည်အကျိုးကျေးဇူးကား ကိုယ့်ဗလနှင့်ကိုယ့်ပျော့ကွက်ကိုသိနိုင်ခြင်းတည်း။မကြာသေးမီကကွန်ပျူတာဆိုင်ရာလုပ်ငန်းတစ်ရပ်ကိုစတင်လုပ်ကိုင်သောမစ်ချယ်လ်ကဤသို့ဆို၏–“ကျောင်းဟာကျွန်တော့်ကို အကျပ်အတည်းအောက်အလုပ်လုပ်တတ်ဖို့၊ အစမ်းစာမေးပွဲဖြေတတ်ဖို့၊ကိုယ့်ခံစားထင်မြင်ချက်ကိုထုတ်ဖော်ပြောကြားတတ်ဖို့ပညာပေးပါတယ်။”
‘ကျောင်းဟာကျွန်မကိုကိုယ့်ကျရှုံးမှုပေါ် မှန်ကန်စွာမြင်တတ်ဖို့ ပညာပေးခဲ့ပါတယ်၊’ အခြားလူငယ်တစ်ဦးကဆိုသည်။ သူမသည်မိမိ၏ရှုံးနိမ့်မှုအတွက် မိမိကိုယ်ကိုအပြစ်မတင်၊ အခြားသူများပေါ် အပြစ်ဖို့လေ့ရှိခဲ့သည်။ အချို့လူငယ်တို့သည် စည်းကမ်းကြပ်မတ်သော ကျောင်းအချိန်ဇယားကိုလိုက်နာရာမှ အကျိုးခံစားခဲ့ရကြသည်။ လူအမြောက်အမြားတို့က ကျောင်းစည်းကမ်းကျပ်တည်းခြင်းသည် နုနယ်သောဦးနှောက်ကလေးများကြီးထွားမှုကို ဟန့်တားသည်ဟုအပြစ်ဆိုကြသော်လည်း ရှောလမုန်ကလူငယ်တို့အား“ပညာနှင့်အဆုံးအမ [စည်းကမ်း] ကိုသိမြင်ရန်” အားပေးပေသည်။ (သု. ၁:၂) စည်းကမ်းစောင့်ထိန်းသောကျောင်းများသည် စည်းကမ်းရှိ၍ ကြံရည်ဖန်ရည်နှင့်ပြည့်စုံသောဉာဏ်ရှင်များကို မွေးထုတ်နိုင်ခဲ့ကြပေသည်။
ထို့ကြောင့်ကျောင်းနေဘဝမှ အကျိုးကျေးဇူးအပြည့်အဝရယူသင့်ပေသည်။ အဘယ်သို့ ရယူနိုင်သနည်း။ သင့်ကျောင်းစာက အစချီ၍ပြောကြပါစို့။
ဆွေးနွေးရန်မေးခွန်းများ
◻ကျောင်းနှင့်ပတ်သက်၍ မကောင်းမြင်သောလူငယ် အဘယ်ကြောင့်ဤမျှတိုင်များသနည်း။ သင်ကိုယ်တိုင် ဤကိစ္စကိုမည်သို့ ရှုမြင်သနည်း။
◻ကျောင်းသည်စဉ်းစားဉာဏ်သတ္တိကို မည်သို့မွေးမြူပေးသနည်း။
◻တစ်ဝက်တစ်ပျက်နှင့်ကျောင်းထွက်ခြင်းသည် နောင်အလုပ်အကိုင်ရနိုင်စွမ်းကို မည်သို့ထိခိုက်စေနိုင်သနည်း။ အဘယ်ကြောင့်နည်း။
◻ကျောင်းဆက်တက်ခြင်းဖြင့် အခြားအဘယ်အကျိုးကျေးဇူးများ ခံစားနိုင်သနည်း။
[စာမျက်နှာ ၁၃၅ ပါအကျဉ်းဖော်ပြချက်]
“အတန်းထဲမှာ ငုတ်တုတ်ထိုင်ပြီးနေတာ လူလဲထိုင်းသထက်ထိုင်းလာတယ်။ ဒါကြောင့်ကျွန်မ ကျောင်းထွက်လိုက်တယ်လေ”
[စာမျက်နှာ ၁၃၈ ပါအကျဉ်းဖော်ပြချက်]
“မကြာမီကပြုလုပ်သော လေ့လာမှုတစ်ရပ်က ခန့်မှန်းချက်အားဖြင့်၊ ထမင်းချက်အလုပ်လုပ်နိုင်ဖို့ ခုနစ်တန်းအဆင့်၊ စက်ပြင်တစ်ယောက်ဖြစ်ဖို့ ရှစ်တန်းအဆင့်၊ အကူစာရေးအလုပ်ရဖို့ ကိုးတန်းဆယ်တန်းအဆင့် လိုအပ်ကြောင်းပြ၏”
[စာမျက်နှာ ၁၃၆ ပါ ရုပ်ပုံ]
ကျောင်း၌သင်ကြားခဲ့သည့် စည်းကမ်းသည် သင့်တစ်သက်တာကို အကျိုးပြုနိုင်သည်
[စာမျက်နှာ ၁၃၇ ပါ ရုပ်ပုံ]
ကျောင်းမှပို့ချသော အခြေခံအတတ်ပညာများကို မပိုင်နိုင်သောသူတို့အဖို့ နောင်အလုပ်အကိုင်ရရန် အလားအလာမကောင်းလှ