ငါဘာလုပ်ငန်းကိုရွေးချယ်ရင် ကောင်းမလဲ
အခန်း ၂၂
ငါဘာလုပ်ငန်းကိုရွေးချယ်ရင် ကောင်းမလဲ
‘ငါ့ဘဝကို ဘယ်လိုအသုံးချရင်ကောင်းမလဲ။’ သင်သည် အနှေးနှင့်အမြန် အထက်ပါစိန်ခေါ်မေးခွန်းကို ရင်ဆိုင်ရမည်ဖြစ်သည်။ စိတ်ရှုပ်လောက်အောင် မြားမြောင်လှသောရွေးချယ်စရာလုပ်ငန်းတွေ တသီတတန်းကြီး—ဆေးသိပ္ပံ၊ စီးပွားရေး၊ အနုပညာ၊ ပညာရေး၊ ကွန်ပျူတာသိပ္ပံ၊ အင်ဂျင်နီယာ၊ လက်မှုပညာ။ “ကိုယ်ကြီးပြင်းလာစဉ်ခံစားနေကျ သက်သောင့်သက်သာတဲ့ဘဝမျိုးကို ဆက်လက်ထိန်းသိမ်းနိုင်ခြင်းကို ... အောင်မြင်မှုလို့ကျွန်တော်သတ်မှတ်တယ်” ဟူ၍ဆိုသောလူငယ်၏အမြင်မျိုးကို သင်လည်းပိုက်ထားကောင်းပိုက်ထားပေမည်။ သို့မဟုတ်၊ အခြားသူများကဲ့သို့ ယခုထက်ကြီးပွားချမ်းသာလိုသော ဆန္ဒရှိချင်ရှိမည်။
သို့သော်စီးပွားဥစ္စာရယူခြင်းထက် အခြားအောင်မြင်မှုရှိသေးသလော။ လောကီလုပ်ငန်းသည် တကယ့်ကျေနပ်မှုကိုပေးနိုင်သလော။
‘ဘာအဓိပ္ပာယ်မှမရှိ’
စွဲမက်စရာ၊ စိတ်လှုပ်ရှားစရာ၊ ဝင်ငွေရွှင်သောလုပ်ငန်း! လောကီလုပ်ငန်းများကို ရုပ်ရှင်၊ တီဗွီနှင့်စာအုပ်များက ထိုသို့ပင်ရေးချယ်သရုပ်ဖော်ကြသည်။ သို့ရာတွင် လောကီလုပ်ငန်းဘက်၌ အဆင့်မြင့်မြင့်တက်လိုသူတို့သည် အဆိုပါအောင်မြင်မှုများရရှိနိုင်ရန် အသိအမှတ်ပြုခံရရေးအတွက် သေရေးရှင်ရေးတမျှ အကြိတ်အနယ်ဘက်ပြိုင်ကြရသည်။ “အရှိန်အဟုန်ဖြင့်ကြီးပွားတိုးတက်နိုင်သော၊ ခေတ်အမီဆုံးကိရိယာကိုင်တွယ်ရသောလုပ်ငန်း” လုပ်ကိုင်သူ လူကြီးပေါက်စတော်တော်များများ “မကျေမချမ်းမှု၊ သောက၊ စိတ်ကျခြင်း၊ ဘဝအဓိပ္ပာယ်ကင်းမဲ့မှု၊ ယုံမှားလွန်စိတ်ဝေဒနာမှစ၍ အခြားမြောက်များစွာသောကိုယ်ခန္ဓာဝေဒနာများ ခံစားကြရကြောင်း” ဒေါက်တာ ဒေါက်ဂလပ်စ်လာဘိုင်းယားက ပြောပြသည်။
ရှေးအခါက ရှောလမုန်ဘုရင်သည် လောကီအောင်မြင်မှုသက်သက်၏အချည်းနှီးဖြစ်ခြင်းကို လှစ်ဟဖော်ထုတ်ခဲ့သည်။ ရှောလမုန်သည် အတိုင်းအဆမဲ့ဥစ္စာပစ္စည်းကျောထောက်နောက်ခံဖြင့် လုပ်ငန်းအောင်မြင်မှု ဒုနှင့်ဒေး အံ့မခန်းအောင် မှတ်တမ်းတင်ခဲ့သည်။ (ဒေသနာ ၂:၄-၁၀ ကိုဖတ်ပါ။) သို့တစေ၊ ရှောလမုန် ဤသို့နိဂုံးချုပ်၍ဆိုခဲ့သည်– “ငါ့လက်မှုရှိသမျှနှင့် ကြိုးပမ်းစွာလုပ်ကိုင်မှုကိုစဉ်းစားရာ၊ အလုံးစုံပင်အနတ္တအမှု [“ဘာအဓိပ္ပာယ်မှမရှိ၊” ယနေ့အင်္ဂလိပ်ဘာသာပြန်]၊ လေကိုကျက်စားသောအမှုဖြစ် ... [သည်] ကိုသိမြင်ရ၏။”—ဒေသနာ ၂:၁၁။
အလုပ်အကိုင်တစ်ခုသည် ဥစ္စာနှင့်လူတို့၏သိမှတ်မှုကိုရယူစေနိုင်သော်လည်း မိမိ၏ ‘ဝိညာဏလိုအပ်ချက်များ’ ကိုမူ မဖြည့်ဆည်းပေးနိုင်။ (မဿဲ ၅:၃) သို့ဖြစ်၍ ဘဝတစ်လျှောက်လုံး လောကီအောင်မြင်မှုအတွက်သာ လုံးပန်းနေသူများသည် ကျေနပ်ချမ်းသာမှုကိုရမလိုလိုနှင့် မရနိုင်ဘဲရှိကြသည်။
ကျေနပ်မှုပေးသောလုပ်ငန်း
ရှောလမုန်ဘုရင် ဤသို့အကြံပြု၏– “အဆုံးစကားဟူမူကား၊ အရာခပ်သိမ်းကိုကြားသိခဲ့ပြီ။ လူရှိသမျှတာဝန်ဖြစ်သည်နှင့်အညီ၊ ပညတ်တော်များကိုစောင့်ရှောက်၍ ဘုရားသခင်ကိုခန့်ညားလော့။” (ဒေသနာ ၁၂:၁၃၊ သမ) ယနေ့ခရစ်ယာန်များ၏ အဓိကတာဝန်မှာ ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောခြင်းပင်တည်း။ (မဿဲ ၂၄:၁၄) ဘုရားသခင်နှင့်ပတ်သက်သော မိမိတို့၏တာဝန်ကို အလေးထားသည့်လူငယ်များသည် ဗီဇအတိုင်း ဟောပြောချင်သောဆန္ဒ မရှိသည်တိုင်အောင်၊ ယင်းလုပ်ငန်း၌တတ်နိုင်သမျှအပြည့်အဝ ဆောင်ရွက်လိုသောစိတ်၏တိုက်တွန်းခြင်းကို ခံရကြပေသည်။ (၂ ကောရိန္သု ၅:၁၄ နှိုင်းယှဉ်။) အထောင်အသောင်းသောလူငယ်များသည် အချိန်ပြည့်လောကီလုပ်ငန်းကို လုပ်ကိုင်ကြမည့်အစား၊ အချိန်ပြည့်ရှေ့ဆောင်ဧဝံဂေလိကြေညာသူများအဖြစ်ကို ရွေးချယ်ခဲ့ကြပေသည်။ အချို့တို့သည် တိုင်းတစ်ပါးသာသနာပြုများ၊ သို့မဟုတ် ကင်းမျှော်စင်အသင်း၏ဌာနခွဲရုံးများ၌ အမှုတော်ထမ်းရွက်ကြပေသည်။
စီမံခန့်ခွဲရေးအတွင်းရေးမှူးအလုပ်ကိုစွန့်၍ ရှေ့ဆောင်ဖြစ်လာသော အဲမလီက “ကျွန်မတကယ်ပဲ ဒီအလုပ်ကိုမြတ်နိုးလာမိတယ်” ဟုဆို၏။ မှန်ပေသည်။ အချိန်ပြည့်အမှုတော်ဆောင်လုပ်ငန်းသည် စိတ်ကူးထဲရှိသမျှ ကျေနပ်မှုအပေးဆုံး၊ စိတ်လှုပ်ရှားဖွယ်အကောင်းဆုံးလုပ်ငန်းဖြစ်၏! “ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်” ဖြစ်ခွင့်ထက် အဘယ်အခွင့်အရေး သာ၍ထူးမြတ်နိုင်သေးသနည်း။—၁ ကောရိန္သု ၃:၉၊ သမ္မ။
တက္ကသိုလ်ပညာ—သာ၍အခွင့်အလမ်းကောင်းသလော
ရှေ့ဆောင်အမှုတော်ဆောင်အများသည် အချိန်ပိုင်းအလုပ်ဖြင့် အသက်မွေးကြသည်။ သို့သော် နောင်၌အိမ်ထောင်ကိုကျွေးမွေးရန်လိုလာလျှင် မည်သို့ဆိုမည်နည်း။ မိမိ၏ငယ်မျစ်နုပျိုသောအရွယ်ကို ဘုရားသခင်လုပ်ငန်းတော်အတွက် အပ်နှင်းခဲ့သည်ဖြစ်ရာ လုံးဝနောင်တရမည်မဟုတ်!
သို့တစေ၊ လူငယ်တစ်ယောက် ရှေးဦးစွာတက္ကသိုလ်ဘွဲ့တစ်ခုခုယူပြီးနောက်မှ အမှုတော်ဆောင်လျှင် ပို၍လက်တွေ့မကျပေလော။ခရစ်ယာန်လူငယ်တစ်ဦး ကျောင်းပညာ နှစ်ပေါင်းမည်မျှဆည်းပူးရမည်ကို သမ္မာကျမ်းစာက မသတ်မှတ်ပါ။ ပညာရေးကိုလည်း ပြစ်တင်ရှုတ်ချခြင်းမပြုပါ။ “ကြီးမြတ်သောသွန်သင်သူ” ယေဟောဝါသည် မိမိလူမျိုးတော်အား ကောင်းစွာဖတ်တတ်၊ ရှင်းလင်းစွာပြောတတ်ရန်အားပေးတော်မူပေသည်။ (ဟေရှာယ ၃၀:၂၀၊ ကဘ; ဆာလံ ၁:၂; ဟေဗြဲ ၅:၁၂) ထို့ပြင်ပညာသည် လူအမျိုးမျိုးအကြောင်း၊ ကျွန်ုပ်တို့နေထိုင်သောကမ္ဘာအကြောင်း ကျယ်ကျယ်ပြန့်ပြန့်နားလည်စေနိုင်ပါသည်။
သို့ဆိုသော်လည်း၊ တက္ကသိုလ်ဘွဲ့ရဖို့ အချိန်နှင့်ငွေ တောင်ပုံယာပုံ ပုံ၍ရင်းနှီးရသည်ဖြစ်ရကား တကယ်ပင် တန်၍လော။ * တက္ကသိုလ်ဘွဲ့ရသူများ အထက်တန်းကျောင်းအောင်သူများထက် လစာမြင့်မား၍ အလုပ်လက်မဲ့အဖြစ်နည်းသည်ဟု စာရင်းဇယားများကပြနေသည်မှန်သော်လည်း သင့်ကောလိပ်ပညာရေးကိုစီစဉ်ခြင်းဟူသောစာအုပ်က ၎င်းစာရင်းဇယားမှာ ပျမ်းမျှခြင်းကိုသာပြသော ဇယားများဖြစ်သည်ဟုဆိုပါသည်။ တက္ကသိုလ်အောင်သူအနည်းစုသာ မိုးထိလစာ တကယ်ရကြသည်။ ကျန်သူများမှာ များစွာနိမ့်၍ရကြသည်။ ထို့ပြင်၊ တက္ကသိုလ်အောင်သူများ မြင့်မားသောလစာရကြခြင်းမှာ သူတို့၏ “ထူးချွန်မှု၊ ပြင်းပြသောစိတ်ဇော၊ အလုပ်အကိုင်ရရန်အခွင့်လမ်းများခြင်း၊ ... ထူးခြားသောပင်ကိုယ်စွမ်းရည်များ” ကြောင့်လည်းဖြစ်နိုင်သည်—ပညာမည်မျှဆည်းပူးခဲ့သည်ဆိုသည့် အချက်တစ်ခုတည်းကြောင့်သာမဟုတ်။
အမေရိကန် အလုပ်သမားဌာနက အောက်ပါအတိုင်းဆို၏– “ဘွဲ့[တက္ကသိုလ်]သည် အလုပ်အကိုင်ဈေးကွက်၌ အောင်မြင်မှု ဧကန်ရမည်ဟူ၍အာမမခံတော့ချေ။ ပညာသည်၊ စက်မှုနှင့်မန်နေဂျာလုပ်ငန်း၌ အလုပ်ခန့်အပ်ခံရသော[တက္ကသိုလ်ဘွဲ့ရများ၏]အချိုးအစားသည် ... ကျဆင်းခဲ့သည်။ အကြောင်းကား၊ ၎င်းလုပ်ငန်းများသည် တိုးများလျက်နေသော ဘွဲ့ရများအရေအတွက်နှင့်လိုက်မီအောင် တိုးချဲ့လျက်မနေသောကြောင့်ပင်။ ရလဒ်ကား၊ ၁၉၇၀နှင့်၁၉၈၄ခုနှစ်စပ်ကြား အလုပ်ဈေးကွက်သို့ဝင်ရောက်ခဲ့ကြသော[တက္ကသိုလ်]ဘွဲ့ရ၅ဦးတွင်၁ဦးသည် များသောအားဖြင့် ဘွဲ့ရဖို့မလိုသည့်လုပ်ငန်းကိုလုပ်ကိုင်ခဲ့ရသည်။ ဘွဲ့ရပေါလွန်းသည့်ယင်းအဖြစ်သည် ၁၉၉၀ ပြည့်လွန်နှစ်လယ်တိုင် ဆက်လက်တည်ရှိသွားမည့်ဟန်ရှိသည်။”
နောက်ထပ်စဉ်းစားရန်အချက်များ
တက္ကသိုလ်ဘွဲ့ကြောင့် အလုပ်အကိုင်ကောင်းရဖို့အခွင့်လမ်းပို၍ ကောင်းချင်ကောင်းမည်။ သို့မဟုတ်၊ ပို၍ကောင်းချင်မှကောင်းမည်။ သို့ရာတွင် မငြင်းသာသည့်အချက်တစ်ချက်မှာ “ကျန်ကြွင်းသောအချိန်သည် တိုတောင်းပြီ”! (၁ ကောရိန္သု ၇:၂၉) တက္ကသိုလ်ပညာ ဘယ်လိုအကျိုးပေးသည်ဟုဆိုပင်ငြားလည်း၊ တက္ကသိုလ်တွင် လေးနှစ် သို့မဟုတ် လေးနှစ်မကသောအချိန်ကိုအသုံးပြုခြင်းသည် ဆိုခဲ့သည့်ကျန်ကြွင်းသောအချိန်ကို ကောင်းစွာအသုံးချရန်ရောက်မည်လော။—ဧဖက် ၅:၁၆။
တက္ကသိုလ်ပညာသည် သင့်အား သင့်ဝိညာဏပန်းတိုင်များသို့ဦးတည်ပေးမည်လော။ သို့မဟုတ် ၎င်းတို့နှင့် ဝေးအောင်ဦးလှည့်စေမည်လော။ မြင့်မားသောလစာရရှိရေးသည် ခရစ်ယာန်တစ်ဦး ဦးစားပေးရမည့်အရာ မဟုတ်ကြောင်း သတိရပါ။ (၁ တိမောသေ ၆:၇၊ ၈) သို့ရာတွင် အမေရိကန်တက္ကသိုလ်အုပ်ချုပ်ရေးမှူးများအား မေးမြန်းစုံစမ်းကြည့်ရာ ၎င်းတို့က ယနေ့ကျောင်းသားများသည် ‘အလုပ်အကိုင်ကိုသာစိတ်စွဲနေသူ၊ ကြီးပွားချမ်းသာရေးကိုသာတွေးနေသူ၊ ကိုယ့်အရေးကိုသာစိတ်ဝင်စားသူများ’ ဖြစ်ကြကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။ ကျောင်းသားတစ်စုက “ငွေ။ တို့ပြောသမျှအကြောင်း ငွေချည်းပဲလို့ထင်ရတယ်” ဟုဆိုကြသည်။ အကြိတ်အနယ်ပြိုင်ဆိုင်မှုနှင့် အတ္တဆန်သောရုပ်ဝါဒအသိုင်းအဝိုင်းအတွင်း နှစ်မြုပ်လျက်နေပါက သင့်အားမည်သို့ထိခိုက်စေနိုင်မည်နည်း။
တက္ကသိုလ်ကျောင်းများ၌ ၁၉၆၀ ပြည့်လွန်နှစ်များကဲ့သို့ အဓိကရုဏ်းမြင်ကွင်းများ ရှိချင်မှရှိတော့မည်မှန်၏။ သို့သော် တက္ကသိုလ်ကျောင်းသားများအုံကြွမှုနည်းပါးသွားသည့်အတွက် ကျောင်းဝင်းအခြေအနေ ကောင်းမွန်သည်ဟုဆိုနိုင်မည်လော။ တက္ကသိုလ်ကျောင်းဝင်းဘဝလေ့လာချက်တစ်ရပ်က အောက်ပါအတိုင်း မှတ်ချက်ချလိုက်သည်။ “ကျောင်းသားများသည် ကိုယ်ရေးကိုယ်တာကိစ္စနှင့်ပေါင်းသင်းဆက်ဆံရေးဘက် အကန့်အသတ်မရှိသလောက် လွတ်လပ်မှုရပါသေးသည်။” မူးယစ်ဆေးဝါးနှင့်အရက်ကို ထင်သလိုသုံးစွဲကြသည်။ ကြုံသလိုလိင်ဆက်ဆံခြင်းသည် ထုံးစံတစ်ရပ်ဖြစ်၏—ခြွင်းချက်မဟုတ်။ သင့်နိုင်ငံရှိတက္ကသိုလ်ကျောင်းများ ထိုသို့ဖြစ်နေပါက ထိုနေရာ၌ နေထိုင်ခြင်းသည် သီလစင်ကြယ်စွာနေရန်အားထုတ်ကြိုးပမ်းရာ၌ သင့်အဖို့အတားအဆီးတစ်ရပ် ဖြစ်မနေပေလော။—၁ ကောရိန္သု ၆:၁၈။
အဆင့်မြင့်ပညာနှင့်ထိတွေ့လာသည်နှင့်အမျှ “အဓိကကျသောဘာသာရေးအယူကိုဆည်းကပ်ခြင်း” လည်း လျော့နည်းလာကြောင်း ခိုင်လုံသောမှတ်တမ်းတင်ချက်ရှိသည်ဖြစ်ရာ၊ ဤအချက်လည်းစိုးရိမ်စရာတစ်ကွက်ဖြစ်သည်။ (လောကီရေးခေတ်တွင် သန့်ရှင်းမြင့်မြတ်မှု) အမှတ်ကောင်းရလိုသောဖိအားကြောင့် အချို့ခရစ်ယာန်လူငယ်များ ဝိညာဏလုပ်ငန်းများကိုအလစ်ဟင်းခံသဖြင့် တက္ကသိုလ်ကျောင်း၌ အားပေးသော လောကီအတွေးအခေါ်များ၏ အရှိုက်ထိုးခြင်းကိုခံရကြလေသည်။ အချို့သည်ယုံကြည်ခြင်းသင်္ဘော ပျက်ခဲ့ကြရလေသည်။—တက္ကသိုလ်ပညာအပြင် အခြားရွေးချယ်စရာများ
ဤအချက်များကိုထောက်ရှု၍ ခရစ်ယာန်လူငယ်အမြောက်အမြားက တက္ကသိုလ်မတက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ အများသောသူတို့က ယေဟောဝါသက်သေများအသင်းတော်၌ပို့ချသောသင်တန်း—အထူးသဖြင့် သီအိုကရက်တစ်ဓမ္မအမှုကျောင်း—သည်သူတို့အား အလုပ်အကိုင်ရှာဖွေရာ၌ ထက်မြက်သောလက်နက်အဖြစ် အထောက်အကူပြုသည်ကိုတွေ့ရှိခဲ့ရသည်။ တက္ကသိုလ်ဘွဲ့တစ်ခုပိုင်ဆိုင်မထားသော်လည်း ထိုလူငယ်များသည် သင်ကြားခြင်းခံရသဖြင့်စကားပြောဆိုရာ၌ တည်ငြိမ်၍ကျွမ်းကျင်ရုံမက၊ တာဝန်များကိုလည်းနိုင်နင်းစွာ ထမ်းရွက်နိုင်ကြပေသည်။ ထိုမျှမက အထက်တန်းကျောင်းနေစဉ် အချို့သည် လက်နှိပ်စက်၊ ကွန်ပျူတာပရိုကရမ်၊ ကားပြင်၊ စက်မှုလုပ်ငန်း စသည့်သင်တန်းများတက်ကြသည်။ ယင်းပညာရပ်များသည် အချိန်ပိုင်းအလုပ်အတွက် လမ်းဖွင့်ပေး၏။ အလုပ်ရလွယ်သောပညာလည်းဖြစ်သည်။ လူငယ်များစွာတို့သည် ‘လက်ဖြင့်ကိုင်တွယ်၍လုပ်’ ရသောအလုပ်ကို ရွံမုန်းကြသော်လည်း သမ္မာကျမ်းစာက “အားစိုက်သောအလုပ်” ကိုသိက္ခာတင်ထားပေသည်။ (ဧဖက် ၄:၂၈; သု. ၂၂:၂၉ နှိုင်းယှဉ်။) ယေရှုခရစ်သော်မှ လက်မှုပညာကောင်းစွာတတ်မြောက်သဖြင့် “လက်သမား” ဟူ၍ပင်သမုတ်ခြင်းခံရပေသည်!—မာကု ၆:၃။
အချို့နိုင်ငံများ၌ တက္ကသိုလ်ဘွဲ့ရ ပေါလွန်းလှရကား၊ အခြားအလုပ်သင်တန်းတစ်ခုခုမတက်လျှင် ရိုးရိုးအလုပ်ကလေးရဖို့ပင်ခက်သည်မှန်၏။ သို့ရာတွင် စီးပွားဖြစ်ပညာရပ်များပို့ချသော အလုပ်သင်အစီအစဉ်၊ အသက်မွေးမှု သို့မဟုတ် စက်မှုလက်မှုကျောင်းများ၊ အချိန်တိုတက္ကသိုလ်သင်တန်းများ ရှိတတ်ကြရာ ၎င်းတို့အတွက် အချိန်နှင့်ငွေအနည်းငယ်ရင်းနှီးရုံနှင့် တက်ရောက်သင်ကြားနိုင်ပေသည်။ အလုပ်အကိုင်ဆိုင်ရာစာရင်းဇယားများ၌ ထည့်သွင်းဖော်ပြခြင်းမရှိသော အချက်တစ်ချက်ကိုလည်း ဘယ်တော့မျှမမေ့ပါနှင့်။ ဝိညာဉ်ရေးရာများကို ဦးစားထားသူတို့အား ဘုရားသခင်ကျွေးမွေးတော်မူမည်ဟူသော ကတိတော်ပင်တည်း။—မဿဲ ၆:၃၃။
ဒေသကိုလိုက်၍ အလုပ်ရရေးအလားအလာနှင့် ပညာရေးစနစ် မတူကြပါ။ လူငယ်များ၏အစွမ်းအစနှင့် စိတ်ပါရာလည်းမတူကြချေ။ ခရစ်ယာန်အမှုဆောင်ခြင်းလုပ်ငန်းသည် အကျိုးရှိ၏ဟုကျွန်ုပ်တို့ အားပေးသည်မှန်သော်လည်း ကိုယ်တိုင်ရွေးချယ်ရမည်သာ။ သင့်အနေဖြင့် မည်သည့်အတိုင်းအတာအထိ ပညာဆည်းပူးသင့်သည်ကိုဆုံးဖြတ်ရာ၌ သင်နှင့်သင့်မိဘများ အဘက်ဘက်မှ ဂရုတစိုက်ချင့်ချိန်ရမည်။ ဆုံးဖြတ်ချက်ချရာ၌ ‘လူတစ်ဦးစီ မိမိဝန်ကိုမိမိ ထမ်းရွက်ရမည်’ ဖြစ်သည်။—ဥပမာ၊ သင့်မိဘများက သင့်အားမတက်မနေ တက္ကသိုလ်တက်ခိုင်းလျှင် သူတို့ကွပ်ကဲမှုအောက် ရှိနေသ၍ နာခံရန်သာရှိသည်။ * (ဧဖက် ၆:၁-၃) မိဘနှင့်အတူနေစဉ် တက္ကသိုလ်အသိုင်းအဝိုင်း၌မနစ်မွန်းမိရန် တိမ်းရှောင်နိုင်ပေသည်။ ဥပမာ၊ သင်တန်းများကို သတိနှင့်ရွေးချယ်ပါ။ လောကီအဘိဓမ္မာ အတွေးအခေါ်များအစား၊ လုပ်ငန်းဆိုင်ရာအတတ်ကိုအာရုံပြု၍သင်ပါ။ အပေါင်းအသင်း ဂရုစိုက်ပါ။ (၁ ကောရိန္သု ၁၅:၃၃) စည်းဝေးတက်ခြင်း၊ အမှုဆောင်ခြင်းနှင့် ကိုယ်ပိုင်လေ့လာမှုအားဖြင့် ဝိညာဉ်ရေးသန်မာစွာနေပါ။ တက္ကသိုလ်ကျောင်း မတက်မနေ တက်ရသောအချို့လူငယ်များသည် လျောက်ပတ်သော သင်တန်းအချိန်ဇယားကိုရွေးချယ်ခြင်းဖြင့် ရှေ့ဆောင်ပင်လုပ်နိုင်ကြသေးသည်။
အကြိမ်ကြိမ်ဆုတောင်းလျက် အလုပ်ကိုဂရုတစိုက်ရွေးချယ်ပါ။ သို့မှသာ ပျော်ရွှင်မှုရနိုင်သည်သာမက ‘ကောင်းကင်ဘဏ္ဍာကိုပါသိုမှီးစုဆောင်း’ နိုင်မည်တည်း။—မဿဲ ၆:၂၀။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 15 အမေရိကန်တွင်၊ တက္ကသိုလ်ပညာသင်စရိတ်သည် တစ်နှစ်လျှင်ပျမ်းမျှ ဒေါ်လာ၁၀,၀၀၀ ထက်မက ကုန်ကျသည်ဖြစ်ရာ၊ ကျောင်းသားများသည်နှစ်ရှည်လများ အကြွေးပေးဆပ်မှ ကျေနိုင်တော့သည်။
^ အပိုဒ်၊ 26 သင့်မိဘကျေနပ်အောင် လေးနှစ်တာဘွဲ့တစ်ခုယူဖို့လိုချင်မှလိုမည်။ ဥပမာ အမေရိကန်တွင် အငယ်တန်းကောလိပ်ဒီဂရီကို အသက်မွေးဝမ်းကျောင်းနှင့် ဝန်ထမ်းဆိုင်ရာဌာနတော်တော်များများက လက်ခံကြသည်။ အချိန်လည်း နှစ်နှစ်သာလိုအပ်သည်။
ဆွေးနွေးရန်မေးခွန်းများ
◻လောကီလုပ်ငန်းများသည် အဘယ်ကြောင့် ပျော်ရွှင်မှုကိုမပေးသနည်း။
◻ဘုရားသခင်ကိုကြောက်ရွံ့သောလူငယ်များ အဘယ်ကြောင့် အချိန်ပြည့်အမှုဆောင်လုပ်ငန်းလုပ်ရန် စဉ်းစားသင့်သနည်း။
◻အဆင့်မြင့်ပညာသည် အဘယ်အကျိုးကျေးဇူးများဖြစ်ထွန်းစေနိုင်သည်ဟု ဆိုကြသနည်း။ ၎င်းအဆိုများ အမြဲပင်မှန်ကန်သလော။
◻တက္ကသိုလ်ပညာ အဘယ်အန္တရာယ်များဖြစ်စေနိုင်သနည်း။
◻လူငယ်တစ်ဦး တက္ကသိုလ်ပညာအပြင် အဘယ်ပညာရပ်များရွေးချယ်နိုင်သေးသနည်း။
[စာမျက်နှာ ၁၇၅ ပါအကျဉ်းဖော်ပြချက်]
အလုပ်အကိုင်တစ်ခုသည် ဥစ္စာနှင့်လူတို့၏သိမှတ်မှုကိုရယူစေနိုင်သော်လည်း မိမိ၏ ‘ဝိညာဏလိုအပ်ချက်များ’ ကိုမူ မဖြည့်တင်းပေးနိုင်
[စာမျက်နှာ ၁၇၇ ပါအကျဉ်းဖော်ပြချက်]
“ဘွဲ့ [တက္ကသိုလ်] သည်အလုပ်အကိုင်ဈေးကွက်၌ အောင်မြင်မှုဧကန်ရမည်ဟူ၍ အာမမခံတော့ချေ။”