ဆရာနဲ့အဆင်ပြေအောင် ဘယ်လိုပေါင်းရမလဲ
အခန်း ၂၀
ဆရာနဲ့အဆင်ပြေအောင် ဘယ်လိုပေါင်းရမလဲ
“မတရားလုပ်တဲ့ဆရာကို ကျွန်မသိပ်ခံပြင်းတယ်။” မိန်းမငယ် ဗီကီကဆိုသည်။ သင်လည်း အလားတူခံစားချက်မျိုးရှိမည်မှာမလွဲ။ အမေရိကန်လူငယ် ၁၆၀,၀၀၀ နှင့်ပတ်သက်သော ၁၉၈၁ ခုနှစ်လေ့လာချက်အရ ၇၆ ရာခိုင်နှုန်းက ဆရာများသည်တစ်နည်းမဟုတ် တစ်နည်းမျက်နှာလိုက်သည်ဟု စွပ်စွဲခဲ့သည်!
မိမိတို့အမှတ်ကောင်းကောင်းရဖို့ ကောင်းပါလျက်နှင့် ဆရာကအမှတ်အပေးနည်းသည်ဟူ၍ ထင်မှတ်ကာမကျေမချမ်းဖြစ်ကြသည်။ အဆုံးအမပြင်းထန်လွန်းသည်၊ မလိုအပ်ဘဲနှင့်ဆုံးမသည်၊ လူမျိုးရေးဘက်လိုက်၍ဒဏ်ခတ်သည်ဟု ယူမှတ်ကာစိတ်ဆိုးကြသည်။ ဆရာ့အချစ်တော်ကို ဆရာကအထူးအရေးပေး မျက်နှာလိုက်သည်ကို မြင်ကြသောအခါ၊ ဒေါသထွက်ကြကုန်၏။
မှန်ပါသည်၊ ဆရာသမားများသည် ခြောက်ပြစ်ကင်း သဲလဲစင်ဖြစ်ဖို့ဝေးပါသည်။ သူတို့မှာလည်း အကျင့်ဆိုးလေးများ၊ ပြဿနာများမက၊ ဘက်လိုက်မှုလေးများပင် ကိုယ်စီရှိပါသည်။ သို့သော် သမ္မာကျမ်းစာက “အမျက်ထွက်သည်တိုင်အောင် စိတ်မတိုနှင့်” ဟု သတိပေး၏။ (ဒေသနာ ၇:၉) ဆရာသမားများပင် “များစွာသောအရာတို့၌မှားတတ်ကြ၏။ တစ်စုံတစ်ယောက်သောသူသည် စကားအားဖြင့်မှားခြင်းမရှိလျှင်၊ ထိုသူသည်စုံလင်သောသူဖြစ်၏။ ကိုယ်တစ်ကိုယ်လုံးကိုလည်း ချုပ်တည်းနိုင်သောသူဖြစ်၏။” (ယာကုပ် ၃:၂) ထို့ကြောင့်သင်သည် သင့်ဆရာအားသံသယအကျိုး ခံစားခွင့်ပေးမည်လော။
ဖရက်ဒီဆိုသောလူငယ်တစ်ဦးက ဆရာဖြစ်သူ “လူတိုင်းကိုအော်ငေါက်နေ” ကြောင်းသတိပြုမိသည်။ ဖရက်ဒီက အလိမ္မာသုံး၍ဆရာ့ကို တီးခေါက်ကြည့်ရာ၊ ဆရာအော်ငေါက်သည့်အကြောင်းရင်းကို သိရှိရလေသည်။ ဆရာက “ဒီမနက်ကားပြဿနာဖြစ်လို့ပါ။ ဆရာကျောင်းအလာ လမ်းတစ်ဝက်မှာ ကားအင်ဂျင်အပူလွန်တာနဲ့ ကျောင်းနောက်ကျသွားလို့ပါကွာ” ဟုဆရာက ရှင်းပြ၏။
ဆရာနှင့်ဆရာ့အချစ်တော်များ
ဆရာက ဆရာ့အချစ်တော်များကို အထူးမျက်နှာသာပေးသည်နှင့်ပတ်သက်၍ မည်သို့ဆိုမည်နည်း။ ဆရာဖြစ်သူထမ်းရွက်ရသော ဝန်ပိုး၊ တွေ့ကြုံရသောအကျပ်အတည်းတို့မှာ အများနှင့်မတူ တမူထူးခြားကြောင်း သတိရပါ။ ကြီးကောင်ဝင်ဆိုသောစာအုပ်က ကျောင်းဆရာများဟူသည် “ဘေးကျပ်နံကျပ်အဖြစ်ဆိုး” နှင့်မကင်းသူများဖြစ်ကြောင်း၊ “စိတ်လေလွင့်လေ့ရှိသော” လူငယ်တစ်စု၏အာရုံကို ဆွဲဆောင်ရန်အားထုတ်ရကြောင်း၊ ... ဆရာများသည် စိတ်ဘောင်ဘင်ခတ်၍အာရုံပျံ့လွယ်သော ဆယ်ကျော်သက်တစ်စု၊ ၁၅ မိနစ်ထက်လွန်၍ အာရုံစူးစိုက်နိုင်သည့်ဓလေ့မရှိသော လူငယ်တစ်စုကိုရင်ဆိုင်ကြရကြောင်း” ဖော်ပြထားသည်။
သို့ဖြစ်ရကား စာကြိုးစား၊ စကားကိုအာရုံစိုက်နားထောင်၊ ဆရာကိုလေးစားသောကျောင်းသားအား ဆရာကအထူးအရေးပေးသည်မှာ အဆန်းမဟုတ်။ ဆရာကို ‘မျက်နှာလိုမျက်နှာရ’ လုပ်သူများက သင့်ထက်သာ၍အရေးပေးခံရသောအခါ မခံချိမခံသာဖြစ်မိပေမည်။ သို့သော် သင့်ဆရာသည် သင့်ပညာရေးကိုလျစ်လျူမရှုထားလျှင် စာကြိုးစားသောကျောင်းသားတစ်ယောက် ဆရာ့အချစ်တော်ဖြစ်ရသည်ကို သင်အဘယ်ကြောင့်မကျေမချမ်းဖြစ်ပြီး သဝန်ကြောင်ရမည်နည်း။ ထို့ပြင် ကိုယ့်အနေနှင့် ယခုထက်ပို၍စာကြိုးစားလျှင်ကောင်းပေသည်။
အတန်းထဲကစစ်ပွဲ
မိမိဆရာနှင့်ပတ်သက်၍ ကျောင်းသားတစ်ဦးက ဤသို့ဆို၏– “သူဟာ ကျွန်တော်တို့အားလုံး သူ့ကိုစစ်ကြေညာထားတယ်လို့ထင်ပြီး ကျွန်တော်တို့ကိုလက်ဦးအောင် ဆော်တော့တာပဲ။ သူဟာ ယုံမှားလွန်ဝေဒနာရှင်ပါပဲ။” သို့သော် ဆရာများကလည်း မိမိတို့အနေဖြင့် “ယုံမှားလွန်ဝေဒနာရှင်” အနည်းအကျဉ်းဖြစ်သင့်သည်ဟု ယူမှတ်ကြသည်။ သမ္မာကျမ်းစာကြိုပြောသည့်အတိုင်း ယခုကာလသည် “ခဲယဉ်းသောကာလ” ဖြစ်၍ကျောင်းသားများသည် “ကိုယ်ကိုမချုပ်တည်းနိုင်သောသူ၊ ကြမ်းကြုတ်သောသူ၊ အကောင်းကိုမုန်းသောသူ” များဖြစ်တတ်ကြသည်။ (၂ တိမောသေ ၃:၁-၃၊ သမ္မ) ယူအက်စ်သတင်းနှင့် ကမ္ဘာ့အစီရင်ခံစာက “ဆင်ခြေဖုံးရပ်ကွက်တော်တော်များများ၌ ကျောင်းဆရာများသည် အဓမ္မမှုကိုကြောက်၍နေရကြသည်” ဟူ၍ ရေးသားဖော်ပြလိုက်သည်။
ကျောင်းဆရာဟောင်း ရိုလန်ဘက်က ဆရာများနှင့်ပတ်သက်၍ ဤသို့ဆို၏– “ကလေးများက ဆရာများ ပြန်၍မအော်ငေါက်ခင် မည်သည့်အတိုင်းအတာအထိ ဆရာများကိုညွတ်အောင်တွန်းဖိ၍ရသည်ကို စမ်းသပ်ရန်...မိမိတို့၌ဝမ်းတွင်းပါတာဝန်ရှိသည်ဟု မြင်တတ်ကြသည်။...ကလေးများက ဆရာသစ်တစ်လက် ပေါက်ကွဲတော့မည့်အဆင့်မရောက်မီ သီသီကလေးလိုသေးသည်ကိုမြင်လျှင် ထပ်၍တွန်းဖိကြသည်။” သင်သော်လည်းကောင်း၊ သင့်အတန်းသားများသော်လည်းကောင်း၊ ဆရာကိုမနားမနေ နှောင့်ယှက်တိုက်ခိုက်သည့် လုပ်ရပ်များတွင်ကြံရာပါဖြစ်သလော။ သို့ပြုလျှင်ဆရာ့တုံ့ပြန်မှုကြောင့် မအံ့သြပါနှင့်။
သမ္မာကျမ်းစာက “ညှဉ်းဆဲခြင်းသည် ပညာရှိသောသူကိုရူးစေတတ်၏” ဟုဆိုသည်။ (ဒေသနာ ၇:၇) အချို့ကျောင်းများ၌ ကြောက်ရွံခြင်းနှင့်မလေးမခန့်ပြုခြင်း လွှမ်းမိုးနေသည်ဖြစ်ရကား၊ ဆရာများလည်းအတုံ့အပြန်လွန်ပြီး ပြင်းပြင်းထန်ထန်အရေးယူ ဆုံးမဒဏ်ခတ်သူများဖြစ်လာကြသည်။ ကြီးကောင်ဝင်မိသားစုလက်စွဲစာအုပ်က “မိမိတို့၏အပြုအမူဖြင့် ဆရာများ၏ယုံကြည်ချက်ကို ရှုတ်ချဟန်ရှိသော ... ကျောင်းသားများကိုယ်တိုင် ဆရာများ၏အထင်သေးရှုတ်ချမှုကို ခံရလေ့ရှိသည်” ဟုတင်ပြထားသည်။ မှန်သည်၊ ရန်လိုသောဆရာသည်များသောအားဖြင့် ကျောင်းသားများ၏ပုံသွင်းမှုကြောင့်ဖြစ်သည်။
အတန်းထဲ၌ ဆရာကိုရက်စက်စွာကျီစယ်သည့် ကိစ္စကိုလည်းစဉ်းစားကြည့်ပါ။ ငယ်ရွယ်သူ ဗယ်လရီက လူစားထိုးဆရာများခံရသော “ညှဉ်းပန်းမှု၊ လူးလိမ့်အောင်နှိပ်စက်မှု” နှင့်ပတ်သက်၍ပြောရာတွင် ပုံကြီးမချဲ့ပါ။ ရိုလန်ဘက်က ထပ်ဆင့်၍ဤသို့ဆိုသည်– “အစားထိုးဆရာများခမျာ အတန်းသားရဲ့ခြောက်လှန့်တာကို ရက်ရက်စက်စက်ခံကြရရှာတယ်။ အက်ပြီးပေါက်ကွဲတဲ့အမှတ်ရောက်တဲ့အထိ တွန်းဖိခံကြရရှာတယ်။” ကျောင်းသားများသည် သေချာပေါက် ဒဏ်လွတ်မည်ကိုသိ၍ စာအုပ်ခဲတံများကို တစ်ပြိုင်တည်းကြမ်းပြင်ပေါ်ပစ်ချကာ ခနော်ခနဲ့နိုင်သလိုလိုလုပ်ပြပြီး ဟားကွက်ရှာတတ်ကြသည်။ သို့တည်းမဟုတ်၊ ဆရာပြောသမျှ တစ်ခွန်းတပါဒမှနားမလည်သလို ‘အယောင်ဆောင်’ ကာဆရာ့ကို စိတ်ပျက်အောင်ဖန်တီးကြသည်။ ငယ်ရွယ်သူဘော့က “တို့ကအပျော်သပိတ်မှောက်ကြတာ” ဟူ၍ရှင်းလင်းပြောဆို၏။
သို့ရာတွင် သင်သည်အတန်းထဲ၌ ရက်စက်ခြင်းမျိုးစေ့ကိုကြဲလျှင် ရန်လိုသောဆရာကို ရိတ်သိမ်းရမည်ကိုမအံ့သြနှင့်။ (ဂလာတိ ၆:၇ နှိုင်းယှဉ်။) ရွှေစည်းမျဉ်းကိုသတိရပါ။ “သင်တို့သည် ကိုယ်၌သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ပြုကြလော့။” (မဿဲ ၇:၁၂) ဆရာ့ကိုကျီစယ်သည့်အထဲတွင် ကြံရာပါမဖြစ်နှင့်။ ဆရာ့စကားကိုဂရုတစိုက်နားထောင်ပါ။ ပူးပေါင်းလုပ်ဆောင်ပါ။ အချိန်တန်လျှင် ရန်မူသည့်သဘော လျော့နည်းသွားဖို့အကြောင်းရှိသည်—အနည်းဆုံး သင့်ပေါ်ရန်နည်းလာပါမည်။
‘ကျွန်တော့်ဆရာကျွန်တော့်ကို ကြိုက်တာမဟုတ်ဘူး’
တစ်ခါတစ်ရံ၊ စရိုက်ချင်းမတည့်၍ဖြစ်စေ၊ အထင်လွဲ၍ဖြစ်စေ၊ သင့်ဆရာ သင့်ကိုရန်မူလာခြင်းဖြစ်နိုင်သည်။ စပ်စုသည်ကို ပုန်ကန်သည်ဟုထင်ပြီး ပေါက်ကရပြုမူပြောဆိုသည်ကို မိုက်သည်ဟုထင်ယောင်ထင်မှားဖြစ်တတ်သည်။ ဆရာကသင့်ကိုမကြိုက်လျှင်လည်း သင့်ကိုအရှက်ခွဲတတ်သည်။ သို့နှင့် တစ်ဦးနှင့်တစ်ဦးရန်စရှည်လာလေတော့သည်။
သမ္မာကျမ်းစာက ဤသို့ဆို၏– “အဘယ်သူကိုမျှ ရန်တုံ့မမူကြနှင့်။ ... တတ်နိုင်သမျှအတိုင်း လူအပေါင်းတို့နှင့် အသင့်အတင့်နေကြလော့။” (ရောမ ၁၂:၁၇၊ ၁၈) ဆရာအား ဖီလာကန့်လန့်မလုပ်မိရန် ကြိုးစားပါ။ မလိုအပ်သည့်ဆိုင်ပြိုင် ခုခံမှုကိုရှောင်ပါ။ ဆရာအပြစ်ဆိုစရာအကြောင်းမရှိစေနှင့်။ အမှန်ဆိုလျှင်၊ ဆရာနှင့်ခင်မင်စွာပေါင်းဖို့ပင်ကောင်း၏။ ‘ဘာပြောတယ်၊ သူ့ကိုခင်မင်ရမယ်တဲ့လား’ ဆိုပြီးအသင်မေးမည်။ မှန်ပါသည်။ ဆရာအတန်းထဲသို့ဝင်လာသောအခါ ယဉ်ကျေးသည့်အနေနှင့် ဆရာ့ကိုလေးစားစွာနှုတ်ဆက်ပါ။ စိတ်မပျက်အားမလျှော့ဘဲ ဆရာ့ကိုယဉ်ကျေးစွာဆက်ဆံပါက—တစ်ခါတစ်ရံ အပြုံးကလေးနှင့်ဆက်ဆံပါက—သင့်အပေါ်အထင်အမြင်ပြောင်းလဲသွားနိုင်ဖွယ်ရှိ၏။—ရောမ ၁၂:၂၀၊ ၂၁ နှိုင်းယှဉ်။
မည်သို့သောအခြေအနေမျိုးနှင့်ပဲတွေ့တွေ့ ပြုံးလိုက်ရုံနှင့်အဆင်ပြေသွားမည်ကားမဟုတ်။ သို့သော် ဒေသနာ ၁၀:၄ ကဤသို့အကြံပြု၏– “မင်း [သို့မဟုတ် အာဏာပိုင်တစ်ဦး] သည်သင့်ကိုစိတ်ဆိုးလျှင် ကိုယ်နေသင့်ရာအရပ်မှမရွေ့နှင့်။ သည်းခံခြင်းသည်ကြီးလေးသော အပြစ်ကိုဖြေတတ်၏။” “ဖြည်းညင်းသောစကားသည်စိတ် [ဒေါသ] ကိုဖြေတတ်” ကြောင်းကိုလည်းမမေ့နှင့်။—သု. ၁၅:၁။
‘ငါဒါ့ထက်ကောင်းတဲ့အဆင့် ရထိုက်ရက်နဲ့’
အထက်ပါစကားမှာ ကြားနေကျ အပြစ်ဆိုစကားဖြစ်သည်။ ဆရာ့ထံတင်ပြ၍ဆွေးနွေးပါ။ သမ္မာကျမ်းစာက ဒါဝိဒ်မင်းကြီး၏ကြီးလေးသောအပြစ်ကို ဖော်ထုတ်ရမည့်ကိစ္စနှင့်ပတ်သက်သော ခက်ခဲသည့်ကိစ္စကို နာသန်မည်သို့ကိုင်တွယ်ကြောင်း ရေးသားထားသည်။ နာသန်သည် နန်းတော်ထဲသို့အတင်းအဓမ္မဝင်လာပြီး အော်ကြီးဟစ်ကျယ်နှင့် ဒါဝိဒ်ကိုမစွပ်စွဲခဲ့ပါ။ ပါးနပ်လိမ္မာစွာပြုခဲ့ပေသည်။—၂ ဓမ္မရာဇဝင် ၁၂:၁-၇။
သင်လည်း ရိုကျိုးနှိမ့်ချစွာ၊ အေးငြိမ်းစွာ ဆရာ့ထံချဉ်းကပ်နိုင်၏။ ကျောင်းဆရာဟောင်း ဘရူးစ်ဝက်ဘာက ဤသို့သတိပေး၏– “ကျောင်းသားကပုန်ကန်လျှင် ဆရာကခေါင်းမာ၏။ ဒေါကြီးမောကြီးနှင့် ပြောဆိုလျှင်ဖြစ်စေ၊ ငါ့ပေါ်မတော်မတရားလုပ်သည်၊ ငါကလဲ့စားချေမည် ဆိုသောလေသံမျိုးနှင့်လာလျှင်ဖြစ်စေ၊ ဘာမျှအရာရောက်မည်မဟုတ်။” လူကြီးဆန်ဆန်ပြုပါ။ ဆရာအဘယ်စနစ်ကိုသုံး၍အမှတ်ပေးသည်ကို နားလည်ပါရစေဟု အစချီနိုင်ပါသည်။ ၎င်းနောက် “ဆရာ့အဆုံးအဖြတ် မှားသည့်သဘောမဖြစ်စေဘဲ ဆရာမျက်စိလျှမ်း၍ဖြစ်စေ၊ အတွက်အချက်ချော်၍ဖြစ်စေ၊ မိမိအဆင့်နိမ့်ခဲ့ရခြင်းဖြစ်ကြောင်း သက်သေထူပါ။ ဆရာ့အမှတ်ပေးစနစ်ကိုသာသုံးပါ။ အဘယ်မှာမှားနေသည်ကို ဆရာ့အားထောက်ပြပါ” ဟုဝက်ဘာက ဆက်၍ဆို၏။ သင့်အဆင့်ကို သူပြန်၍ပြုပြင်ချင်မှ ပြုပြင်မည်။ သို့တစေ၊ ဆရာ့စိတ်အစဉ်တွင် ဒီသူငယ်ဟာအသိဉာဏ်ရင့်ကျက်ပါပေတယ် ဟူသောအထင် ကျန်ရစ်ခဲ့မည်ဖြစ်သည်။
မိဘများအား အသိပေးပါ
သို့သော် တစ်ခါတစ်ရံ အပြောနှင့်မပြီး။ စူစမ်၏တွေ့ကြုံမှုကိုကြည့်ပါ။ သူသည်ဂုဏ်ထူးဆောင် ကျောင်းသူတစ်ဦး။ ဆရာတစ်ယောက် သူမအားအဆင့်လျှော့၍လျှော့၍ပေးလာသည်ကို သတိပြုမိသဖြင့် အထိတ်တလန့်ဖြစ်ခဲ့သည်။ ဘာ့ကြောင့်နည်း။ စူစမ်သည် ယေဟောဝါသက်သေတစ်ဦးဖြစ်၍ ယင်းကြောင့်ဆရာမက သူမကိုမလိုမုန်းထား၍ဖြစ်သည်။ ဆရာမလည်းဝန်ခံ၏။ စူစမ်က “တကယ့်ကိုစိတ်ပျက်စရာကောင်းတယ်။ ကျွန်မဖြင့် ဘာလုပ်ရမှန်းမသိ” ဟုဆိုရှာသည်။
စူစမ်ဤသို့နောက်ကြောင်းပြန်၏– “ကျွန်မအရဲစွန့်ပြီး ဒီဆရာမအကြောင်းကို [ကြင်ဖော်မဲ့မိဘဖြစ်သူ] မေမေ့ကိုပြောပြတယ်။ မေမေက ‘ဒါဆိုရင်မေမေ ဆရာမနဲ့ပြောကြည့်မယ်’ ဆိုပြီးပြောပါတယ်။ ဒါနဲ့၊ ဧည့်သည်လက်ခံချိန်အတွင်း ဆရာမဆီသွားပြီး ပြဿနာကိုတင်ပြလိုက်တယ်။ ကျွန်မက မေမေစိတ်ဆိုးသွားမယ်လို့ထင်တာပဲ။ တကယ်ကျတော့လဲ မဟုတ်ဘူး။ သူဆရာမနဲ့ လေသံအေးအေးပြောခဲ့တယ်။” ဆရာမသည် စူစမ်အားအခြားဆရာနှင့်သင်ကြားရန် စီစဉ်လိုက်သည်။
သပွတ်အူလိုက်သည့်ကိစ္စတိုင်း ချောချောမောမောနှင့်ပြီးပြတ်သည်ချည်း မဟုတ်သည်ကား မှန်၏။ တစ်ခါတစ်ရံ သည်းခံရုံမှအပ ဘာမျှမတတ်နိုင်။ သို့ရာတွင် ဤနှစ်အတွင်း သင့်ကျောင်းဆရာနှင့် သင့်မြတ်အောင်ပေါင်းလျှင် နောင်နှစ်အသစ်တစ်ဖန်ပြန်စနိုင်ပါသည်။ ထိုအခါ အတန်းသားအသစ်မက—ဆရာအသစ်တစ်လက်နှင့်ပင် ပေါင်းသင်းဆက်ဆံရဖို့အကြောင်းရှိပေသည်။
ဆွေးနွေးရန်မေးခွန်းများ
◻မတရားသဖြင့် သင့်အားဆက်ဆံသောဆရာကို မည်သို့သဘောထားနိုင်သနည်း။
◻ဆရာများသည် အဘယ်ကြောင့် အချစ်တော်များကိုပို၍အရေးပေးလေ့ရှိကြသနည်း။
◻ငြီးငွေ့စရာကောင်းသည်ဟု ထင်ရသောဆရာထံမှ မည်သို့ပညာသင်ကြားနိုင်သနည်း။
◻အချို့ကျောင်းဆရာများ အဘယ်ကြောင့် ကျောင်းသားများကိုရန်စောင်ဟန်ရှိကြသနည်း။
◻အတန်းထဲ၌ ရွှေစည်းမျဉ်းကိုမည်သို့အသုံးချနိုင်သနည်း။
◻မိမိသည်မတရားသဖြင့်အမှတ်လျှော့ခံရသည်၊ ဆက်ဆံခံရသည်ဟုထင်လျှင် မည်သို့ပြုနိုင်သနည်း။
[စာမျက်နှာ ၁၅၈ ပါအကျဉ်းဖော်ပြချက်]
ဆရာ့အချစ်တော် အထူးအရေးပေးခံရသည့်အတွက် အခြားသူများအခဲမကျေဖြစ်တတ်ကြ၏
[စာမျက်နှာ ၁၆၃ ပါအကျဉ်းဖော်ပြချက်]
“ဆင်ခြေဖုံးရပ်ကွက်တော်တော်များများ၌ ကျောင်းဆရာများသည် အဓမ္မမှုကိုကြောက်၍ နေရကြသည်။” —ယူအက်စ်သတင်းနှင့် ကမ္ဘာ့အစီရင်ခံစာ
[စာမျက်နှာ ၁၆၀၊ ၁၆၁ ပါလေးထောင့်ကွက်နှင့် ရုပ်ပုံ]
‘ဆရာကိုယ်၌ငြီးငွေ့စရာကြီး!’
ကြီးကောင်ဝင်မိသားစုလက်စွဲက ဤသို့ရေးသား၏– “အချို့လေ့လာချက်များကလူပျိုအပျိုပေါက်ကျောင်းသူကျောင်းသားအများသည်ဆရာဆရာမများကိုအပြစ်ရှာတတ်ကြ၏။ ငြီးငွေ့စရာကောင်းသည်၊ ဟာသမလုပ်တတ်ဟု ညည်းကြသည်။” တစ်နေ့နေ့ သင်လည်း ‘ငိုချင်စိတ်ပေါက်’ လောက်အောင်ငြီးငွေ့စရာကောင်းသော ဆရာတစ်လက်ရချင်ရမည်။ သင် မည်သို့ပြုနိုင်သနည်း။
ဆယ်ကျော်သက်တစ်ဦး၏ အာရုံစူးစိုက်နိုင်စွမ်းအဆင့်သည် စက်မှုအနုပညာ၊ ကာယဆိုင်ရာပညာနှင့်ဂီတဘက်တွင် အတော်ပင်မြင့်မားကြောင်း၊ သို့ရာတွင် ဘာသာစကားနှင့်ရာဇဝင်ဘက်တွင် အာရုံစူးစိုက်နိုင်စွမ်းအဆင့်သည် တစ်ရှိန်ထိုးနိမ့်ကျသွားသည်ကိုတွေ့ရကြောင်း မကြာသေးမီက စမ်းသပ်မှုတစ်ရပ်က တင်ပြလိုက်သည်။
ကာယဆိုင်ရာပညာရေးနည်းပြဆရာ သို့မဟုတ် ဂီတနည်းပြဆရာများသည် အကယ်ဒမီဘာသာရပ်ဆရာများထက် ဉာဏ်ရည်ထက်သောကြောင့်လော။ မဖြစ်တန်ရာ။ များစွာသော ကျောင်းသားများ အကယ်ဒမီပညာရပ်များအပေါ်မကောင်းမြင်ကြ၍သာဖြစ်ဟန်တူသည်။ ကျောင်းသားတစ်ယောက်က ဘာသာရပ်တစ်ခု ငြီးငွေ့စရာကောင်းသည်ဟု သတ်မှတ်ထားလျှင် စိုကရေးတီးလောက်ကျွမ်းကျင်သောဆရာများပင် ၎င်းကျောင်းသား၏အာရုံကို ဖမ်းမထားနိုင်ချေ! သို့ဖြစ်လျှင် အချို့သောဘာသာရပ်များနှင့်ပတ်သက်သည့် သင့်သဘောထားကို ပြုပြင်ရန်လိုခြင်း မဖြစ်နိုင်ပေလော။ သင်ကြားသောဘာသာရပ်ပေါ် ခါတိုင်းထက်ပို၍စိတ်ဝင်စားရုံနှင့် ကျောင်းစာငြီးငွေ့သည့်အဖြစ်ကို ဖျောက်ဖျက်နိုင်ဖွယ်ရှိပေသည်။
ရံဖန်ရံခါ၊ ဘာသာရပ်ကိုစိတ်ဝင်စားသော ကျောင်းသားများပင် ဆရာအသင်အပြ “မကောင်း”ဟု ထင်မှတ်တတ်သည်။ ဆရာအသင်အပြ “ကောင်း” သည်ဟုဆိုရာ၌ တကယ်တမ်းအားဖြင့် ဘာကိုပြောလိုသနည်း။ မိန်းကလေးတစ်ဦးက “ကျွန်မတို့ရဲ့သင်္ချာဆရာမကို ကျွန်မတို့သိပ်သဘောကျတယ်။ သူစာပြတာ ပျော်စရာကြီး” ဟုဆို၏။ ယောက်ျားကလေးတစ်ယောက်က အင်္ဂလိပ်စာပြဆရာ ‘ရယ်စရာအများကြီးပြောတတ်’ သည့်အတွက်တော်သည်ဟု အမွှမ်းတင်ခဲ့သည်။
သို့ရာတွင်၊ ကျောင်းသားများအကြိုက်ဖြစ်ခြင်း၊ ကျောင်းသားများကို ဖြေဖျော်နိုင်ခြင်းသည် ဆရာတစ်ဦး၏အဖိုးတန် အရည်အချင်းတစ်ရပ်ဖြစ်နိုင်သော်လည်း ‘သူတစ်ပါးကို သွန်သင်နိုင်စွမ်း’ တည်းဟူသော အရည်အချင်းကိုကား အစားမထိုးနိုင်ပါ။ (၂ တိမောသေ ၂:၂) ဤနေရာ၌ကျမ်းစာက ဝိညာဏအရည်အချင်းများကို ရည်ညွှန်း၍ဆိုနေသည်မှန်သော်လည်း ဆရာတစ်ယောက်အနေနှင့် မိမိပို့ချသောဘာသာရပ်ကို ကောင်းစွာနားလည်ထားရန်လိုကြောင်း ထင်ရှားစေပါသည်။
ဝမ်းနည်းစရာမှာ၊ ဆရာတစ်ယောက်၌ သိနားလည်ခြင်းနှင့် ဖျော်ဖြေနိုင်သောအရည်အချင်း နှစ်ရပ်စလုံးအမြဲဒွန်တွဲ၍မနေပါ။ ၂ ကောရိန္သု ၁၀:၁၀; ၁၁:၆၊ သက) အချို့သူများက ပေါလုအဟောအပြောညံ့သည် ဆိုသောအချက်ကိုသာကြည့်ပြီး သူ့ဟောပြောချက်ကိုဂရုမစိုက်လျှင် အဖိုးတန်အသိပညာများ လက်လွတ်ဆုံးရှုံးလိမ့်မည်။ ကျောင်းနှင့်ပတ်သက်၍လည်းထပ်တူအမှား မပြုပါနှင့်! ဆရာတစ်ယောက်ကို အသင်အပြ “မကောင်း” ဟုဆိုကာ စာရင်းထဲမှဖယ်မထုတ်မီ ‘သူပြောတာကိုသူကိုယ်တိုင်နားလည်ရဲ့လား။ သူ့ဆီကပညာရနိုင်သလား’ ဟူ၍ သင့်ကိုသင်မေးကြည့်ပါ။
ဥပမာ၊ တမန်တော်ပေါလုသည် ဘုရားသခင့်နှုတ်ကပါဌ်တော် သင်ကြားပြသမှု၌ ထူးချွန်သောသွန်သင်ပြသသူတစ်ဦးမှန်ပါလျက်နှင့် သူ့လက်ထက်ရှိအချို့ခရစ်ယာန်များက ပေါလုသည် “ငါတို့ရှေ့မှောက်၌မူ ... သတ္တိကြောင်သူ၊ အဟောအပြောညံ့သူဖြစ်သည်” ဟုအပြစ်ဆိုကြသည်။ ပေါလုက ဤသို့ဖြေကြားသည်– “ငါသည် အဟောအပြောညံ့သူဖြစ်သော်လည်း အသိပညာရှိသူဖြစ်၏။” (ငြီးငွေ့ဖွယ်စကားပြောတတ်သောဆရာအား သာမန်ထက်ပို၍ ဂရုစိုက်နားထောင်ဖို့လိုပေမည်။ ဆရာပြောနေသောစကားပေါ် အာရုံစူးစိုက်နိုင်အောင် မှတ်ချက်ရေးပါ။ ငြီးငွေ့ဖွယ်သော စာသင်ခန်း ဆွေးနွေးပွဲကိုဖြည့်စွက်သည့်အနေနှင့် အိမ်၌ထပ်၍သင်အံလေ့လာမှုပြုပါ။
ကိုယ်တိုင်ဆရာမဖြစ်သော ဘာဘရာမေရာက ဖြည့်စွက်၍ ဤသို့ဆို၏– “သင်ခန်းစာတစ်ရပ်ကို အကြိမ်ပေါင်းမည်မျှ တပည့်များအား ပို့ချခဲ့ပြီကိုမမှတ်မိနိုင်တော့သော ဆရာများသည် လှေနံဓားထစ် ပုံသေနည်းဖြင့် သင်ကြားတတ်ကြသည်။” ဆွေးနွေးခန်းတက်တက်ကြွကြွဖြစ်လာအောင်သင်မည်သို့ဆောင်ရွက်နိုင်သနည်း။ လက်ထောင်၍ဖြည့်စွက်ချက်များတောင်းခံပါ။ ... သူသိသမျှကို တကယ်ပြောထုတ်လာအောင်ပြုပါ။ ဤသို့ပြုသည်ကို ဆရာ စိတ်ဆိုးမည်လော။ သင်က လေးစားစွာတောင်းခံလျှင် စိတ်ဆိုးမည်မဟုတ်ပါ။ (ကောလောသဲ ၄:၆) မေရာဤသို့ဆို၏– “သင်၏ဆရာသည် ခါတိုင်းထက်ပြင်ဆင်၍လာသည်ကိုတွေ့ရပါလိမ့်မည်။ သူသည် အပေါ်ယံကြောလောက်သာ ပို့ချတော့မည်မဟုတ်။”
တက်ကြွသောစိတ်သည် ကူးစက်တတ်သည်။ သင်၏သင်ကြားလိုသောဆန္ဒဇောသည်လည်း ဆရာ့ကိုအသက်သွင်းလိုက်သလိုဖြစ်နိုင်သည်။ ညဉ့်တွင်းချင်းပြောင်းလဲသွားဖို့ကား မမျှော်လင့်ပါနှင့်။ အချို့ဘာသာရပ်များနှင့်ပတ်သက်လာလျှင် သည်းခံရုံမှအပ ဘာမျှမတတ်နိုင်ပါ။ သို့သော်သင်သည် ကောင်းစွာနားထောင်သူဖြစ်ပြီး ပို့ချသောစာကိုတကယ်ပင် စိတ်ပါဝင်စားလျှင် ဆရာက ငြီးငွေ့စရာဖြစ်သည်တိုင် သူ့ထံမှပညာရနိုင်ပေသည်။
[စာမျက်နှာ ၁၆၂ ပါရုပ်ပုံ]
ကျောင်းတွင်းအဓမ္မမှု တိုးများလာသဖြင့် ကျောင်းဆရာအလုပ် မလွယ်ကူတော့
[စာမျက်နှာ ၁၆၄ ပါရုပ်ပုံ]
မတရားဟု ထင်လျှင် ဆရာ့ထံ ရိုသေကိုင်းရှိုင်းစွာ ချဉ်းကပ်ပါ