မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဒီကောင်တွေငါ့ကိုဘာကြောင့် ဒီလောက်တောင်နှောင့်ယှက်ရသလဲ

ဒီကောင်တွေငါ့ကိုဘာကြောင့် ဒီလောက်တောင်နှောင့်ယှက်ရသလဲ

အခန်း ၁၉

ဒီ​ကောင်​တွေ​ငါ့ကို​ဘာကြောင့် ဒီလောက်တောင်​နှောင့်ယှက်​ရသလဲ

ဒီ​ယောက်ျားက​လေး​၏​ခြေလှမ်း​ပုံ​ကို​က အိုး​မ​လုံအုံ​ပွင့်​သည့် ပုံစံ​မျိုး။ သက်သောင့်သက်သာ​မရှိ။ ကိုယ့်​ကိုယ်​လည်း အယုံအကြည်​မရှိ။ မိမိ​ရောက်နေ​သည့်​ပတ်ဝန်းကျင်​သစ်​ကြောင့် က​သိ​က​အောင့်​ကြီး​ဖြစ်နေ​ရှာ​သည်​မှာ အထင်းသား။ ကျောင်းသား​ဟောင်း​များ​က သူ့ကို​ကျောင်းသား​သစ်​မှန်း​ရိပ်မိ​ကြသည်​နှင့် ကျီး​လို​ဝိုင်းအုံ​လာပြီး ပက်ပက်စက်စက်​ညစ်ညမ်း​ကြမ်းကြုတ်​စွာ ဆဲဆို​လေ​တော့​သည်! သူ့​ခမျာ​မျက်နှာ​တစ်ပြင်လုံး​နီး​မြန်း​ကာ အနီးဆုံး​ခိုလှုံရာ—အိမ်သာ​ထဲ​သို့ တ​ကြိုး​တည်း​ပြေး​ရ​ရှာ​၏။ အိမ်သာ​အပြင်ဘက်​မှ ဟားတိုက်​ရယ်မော​သံ​မှာ​မြည်​ဟီး​လျက် ပဲ့တင်ထပ်​လျက်​ရှိသည်။

လူငယ်​အတော်များများ​သည် အခြားသူ​ကို​အနိုင်ကျင့်၊ နောက်​ပြောင်​ကျီစယ်​စော်ကား​ကာ ဖျော်ဖြေမှု​ရှာ​သည့်​ဉာဉ်ဆိုး​ရှိသည်။ ကျမ်းစာ​ခေတ်​မှာ​ပင် အချို့​လူငယ်များ​ယုတ်ညံ့​သည့် စရိုက်​မျိုးကို​ပြသ​ခဲ့​ကြသည်။ ဥပမာ၊ တစ်ခါ​က၊ ယောက်ျားက​လေး​တစ်စု​သည် ပရောဖက်​ဧလိရှဲ​ကို​နှောင့်ယှက်​ကြသည်။ ဧလိရှဲ​၏​ဌာန​န္တ​ရ​ကို မခန့်မညား၊ မထီလေးစား​သည့်​သဘောဖြင့် “ဟေ​ဦး​ပြည်း [ခေါင်းတုံး] တက်​ဦး​လော့။ ဟေ​ဦး​ပြည်း၊ တက်​ဦး​လော့” ဟု​ဟစ်အော်​သရော်​ကြသည်။ (၄ ဓမ္မရာဇဝင် ၂:၂၃-၂၅) ယနေ့လူငယ်​တော်​တော်​များများ​လည်း အခြားသူများ​အား စော်ကား​ထိပါး​သည့်​စကား​မျိုးကို ပြော​သည့်​ဗီဇ​ရှိကြသည်။

အတန်း​ထဲ​ကြီးကောင်​င​င်​သည့်​ဝေဒနာဆို​သော စာအုပ်​ရေးသားသူ​ထဲ​မှ​တစ်ယောက်က ဤသို့​ဆို​၏– “ကိုး​တန်း​တုန်း​က ကျွန်တော်​ဟာ​အ​ပု​ဆုံး။ ဉာဏ်​အထက်​ဆုံး​လဲ​ဖြစ်၊ အ​ပု​ဆုံး​လဲ​ဖြစ်​တော့ အထက်တန်း​ကျောင်းသား​တစ်ယောက်​အနေ​နဲ့ ဒုက္ခ​လှလှ​ကြီး​ဆိုက်​ခဲ့​ရတယ်​ပေါ့။ ကျွန်တော်​ပု​လို့ မ​ထိုးကြိတ်​ချင်​တဲ့​လူတွေက ကျွန်တော့်​ကို​င​ချွန်​င​ထက်​ဆိုပြီး​ထိုးကြိတ်​ကြ​ပါ​တယ်။ ‘မျက်စိ​လေးလုံး’ ဆို​တဲ့​နာမည်​မ​က​လို့၊ ‘လမ်းလျှောက်​အဘိဓာန်’ လို့​နာမည်​ပေး​ကြတယ်။ နောက်ထပ်​ညစ်ပတ်​တဲ့​နာမည်​ပေါင်း ၈၀၀ နဲ့​လဲ​ကင်ပွန်းတပ်​ကြ​ပါ​တယ်။” ကလေး​များ​အထီးကျန်​ဟူသော စာအုပ်​ပြုစုသူ​က ဤသို့​ထပ်ဆင့်​ရေးသား​လိုက်​သည်“အင်္ဂါ​ချွတ်ယွင်း​သော၊ စကားပြော​အခက်အခဲ​ရှိသော၊ ခန္ဓာ​အစိတ်အပိုင်း​နှင့် အကျင့်​ဘက်​သိသိသာသာ တစ်မူထူး​ခြား​သောက​လေး​များသည် အခြား​ကလေး​များ​ကျီစယ်​နောက်​ပြောင်​စ​ရာ​ဖြစ်သည်။”

ရံဖန်ရံခါ​လူငယ်များသည် ရက်စက်​သော​ဗိုလ်​လု​ပွဲ​နှင့်​မ​ခြား​သည့် ယှဉ်ပြိုင်​မှု​ထဲ​ပါဝင်​ဆင်နွှဲခြင်း​ဖြင့်​ခုခံ​ကြသည်။ (များသောအားဖြင့် တစ်ဖက်​မိဘများနှင့် ပတ်သက်သော) ဆဲရေး​တိုင်းထွာ​စကား​နာ​ဖြင့် တစ်ဖက်သားကို နာ​သည်ထက်​နာ​အောင် ထိုးနှက်​ကြသည်။ အချို့​လူငယ်များ​ခမျာ ရွယ်တူ​တို့၏​နှောင့်ယှက်​ရမ်းကား​ခံရသော​အခါ အခု​အခံ​မဲ့​ဖြစ်​ကြ​ရ​ရှာ​သည်။ လူငယ်​တစ်ဦး​က​မိမိသည် အတန်းသား​များ​၏ နှောင့်ယှက်မှု​ကြောင့် တစ်ခါတစ်ရံ ‘အော့​တော့​မလို၊ အံ​တော့​မလို’ ခံစားရ​သည်​တိုင်​အ​လန့်​ကြီး​လန့်၊ စိတ်​အ​ညစ်​ကြီး​ညစ်​ရ​ကြောင်း ပြန်ပြောင်း​သတိရ​ခဲ့​သည်။ သူ့​ခမျာ​အခြား​ကျောင်းသား​များ မိမိ​အား​ဘာလုပ်​တော့​မည်​ဟု တွေး​ကြောက်​ရ​သဖြင့်​ကျောင်းစာ​ပေါ် အာရုံ​မ​စူးစိုက်​နိုင်အောင်​ဖြစ်​ခဲ့​ရသည်။

ရ​ယ်​စ​ရာ​မဟုတ်

သင်သည်​ရွယ်တူ​တို့၏​ရက်စက်​သော ပစ်မှတ်​ဖြစ်​ခဲ့​ဘူး​သလော။ ၎င်းကို​ဘုရားသခင်​က ရ​ယ်​စ​ရာ​အဖြစ်​မ​မှတ်​ကြောင်း​သိရ​လျှင် နှစ်သိမ့်မှု​ရနိုင်​ပေမည်။ အာဗြဟံ​၏​သား​ဣဇာက် နို့​ကွာ​အခမ်းအနား​စားသောက်ပွဲ​နှင့် ပတ်သက်သော​သမ္မာကျမ်းစာ​မှတ်တမ်း​တစ်ရပ်​ကို သုံးသပ်ကြည့်​ပါ။ အာဗြဟံ​၏​သားကြီး​ဣရှမေလ​သည် ဣဇာက်​ရမည့်​အမွေ​ကို မနာလို​ဖြစ်​ဟန်​ရှိသဖြင့် ဣဇာက်​အား “သရော်” (က​ဘ) လေ​သည်။ သို့သော်၊ သဘော​ရိုး​ဖြင့် အပျော်​ကစား​ခြင်း​လုံးဝ​မဟုတ်​ပဲ ‘ညှဉ်းဆဲ’ သည့်​အလား​ဖြစ်​ခဲ့​သည်။ (ဂလာတိ ၄:၂၉) ဣဇာက်​မိခင်​စာရာ​က နောက်​ပြောင်​မှု​၌ ရန်လို​သည့်​သဘော​ပါ​သည်ကို​မြင်​၏။ မိမိ​သား​ဣဇာက်​မှ​တစ်ဆင့်၊ ‘မျိုးနွယ်တော်’ မေရှိယကို​ပေါ်ထွန်း​စေရန်​တည်း​ဟူသော ယေဟောဝါ​၏​ရည်ရွယ်တော်မူချက်​ကို ပြောင်ပြောင်တင်းတင်း​စော်ကား​သည်​ဟု စာရာ​ရှုမှတ်​၏။ သို့​နှင့်​စာရာ​တောင်းဆိုချက်​နှင့်​အညီ၊ ဣရှမေလ​နှင့်​သူ၏​မိခင်​သည် အာဗြဟံ​၏​အိမ်ထောင်​မှ​ပြင်ပ​သို့ နှင်ထုတ်​ခံရ​လေ​သည်။—ကမ္ဘာဦး ၂၁:၈-၁၄

ထို့​နည်းတူ၊ လူငယ်များ သင့်​အား​နာ​စေလို၍​နှောင့်ယှက်​သည့်​ကိစ္စ—အထူးသဖြင့်၊ သင်သည် သမ္မာကျမ်းစာ​စံနှုန်း​နှင့်​အညီ ကြိုးစား​နေထိုင်​သည်ကို သရော်​စော်ကား​သည့်​ကိစ္စ​သည် ရ​ယ်​စ​ရာ​မဟုတ်။ ဥပမာ၊ ခရစ်ယာန်​လူငယ်များသည် မိမိတို့​ယုံကြည်ခြင်းကို အခြားသူများ​အား​ပြောကြား​တတ်​ပေ​သည်။ သို့သော် ယေဟောဝါ​၏​လူငယ်​သက်သေခံ​တစ်စု​ပြော​သည့်​အတိုင်း– “ကျောင်း​က​ကလေး​တွေ ကျွန်တော်​တို့​တစ်အိမ်​တက်​ဆင်း​ဟောပြောတာကို နောက်​ပြောင်​ပြီး​ကျွန်တော်​တို့ကို သိက္ခာ​ချ​ကြတယ်။” မှန်​ပေ​သည်။ ဘုရားသခင့် ရှေး​သစ္စာရှိ​ကျွန်​များ​ကဲ့သို့၊ ခရစ်ယာန်​လူငယ်များသည် “ကဲ့ရဲ့” ခြင်း​စုံစမ်းမှု​ခံရ​ကြသည်။ (ဟေဗြဲ ၁၁:၃၆) သူတို့သည်​ဤ​ရှုတ်ချမှု​များ​ကို သတ္တိရှိရှိ​ရင်ဆိုင်​သည်းခံ​ကြသည်​မှာ ချီးကျူး​ဖွယ်​ဖြစ်၏!

သူတို့​ဘာကြောင့်​ဒီလိုလုပ်​ကြ​တဲ့​အကြောင်း

သို့​တ​စေ၊ သင့်ကို​ညှဉ်းဆဲ​သူများ​အား သင့်ထံ​မှ​ထွက်သွား​စေရန် မည်သို့​လုပ်​ရ​ပါ​လိမ့်​ဟု အသင်​တွေးတော​မိ​ပေမည်။ ပထမ၊ သူတို့​ဘာကြောင့် လူကို​စ​ရ​ကြောင်း စဉ်းစား​ကြည့်​ပါ။ “လူသည်​ရ​ယ်​စဉ်​အခါ​ပင်၊ ဝမ်းနည်း​သော​သဘော​ရှိ၏” ဟု​သမ္မာကျမ်းစာ​က နယပုံပြင် ၁၄:၁၃ ၌​ဆို​၏။ လူငယ်​တစ်စု​တစ်ယောက်ယောက်​ကို သရော်​လိုက်​သောအခါ ရ​ယ်​သံ​ပေါက်ကွဲ​လေ​သည်။ သို့သော်၊ သူတို့သည် ‘စိတ်နှလုံး​ချမ်းမြေ့​၍​ရွှင်လန်းစွာ ဟစ်ကြွေး​လိုက်ခြင်း’ မဟုတ်။ (ဟေရှာယ ၆၅:၁၄) စိတ်ထဲ​၌​ဆူ​ပွက်​နောက်ကျိ​နေသည့်​အဖြစ်ကို လှစ်ဟ​နေခြင်း​သာ။ ဤ​ညှဉ်းဆဲ​သူတို့၏ မိုက်ရူး​ရဲ​သတ္တိ နောက်ကွယ်​၌၊ ‘တို့ကို​တို့​သဘောကျ​တာ​မဟုတ်ဘူး။ ဒါပေမဲ့၊ သူများကို​နှိမ်​လိုက်ရ​ရင် နေလို့​ပို​ကောင်း​သလိုပဲ’ ဟူသော​သဘော​မျိုး​ပုန်းလျှိုး​လျက်​ရှိ​ချင်​ရှိ​မည်။

မနာလိုမှု​ကြောင့်​လည်း ဖြစ်ချင်​ဖြစ်​မည်။ သမ္မာ​ကျမ်းစာပါ​ဆယ်ကျော်သက်​ယောသပ်​၏ မှတ်တမ်း​ကို​ပြန်သတိရ​ပါ။ သူသည်​ဖေ​ဖေ့​အချစ်ဆုံးသား​ဖြစ်သော​ကြောင့် အစ်ကို​များ​က​သူ့ကို​အတိုက်အခံလုပ်​ကြသည်။ ပြင်းထန်သော​မနာလိုမှု​ကြောင့် စကား​နာ​ထိုး​ရုံ​နှင့်​မပြီး၊ ညီ​ငယ်​အား​သတ်​ရန်​ပင် ကြံစည်​ခဲ့​ကြသည်! (ကမ္ဘာဦး ၃၇:၄၊ ၁၁၊ ၂၀) ယနေ့လည်း ထို့​အတူ​ပင်၊ ထူးချွန်​သော​ကျောင်းသား၊ ဆရာ့​အချစ်​တော်​ကျောင်းသား​များသည် ရွယ်တူ​များ​၏​မလိုမုန်းထားမှု​ကို​ခံရ​ကြသည်။ ‘သူ့ကို​စော်ကားခြင်း​ဖြင့်’ သိက္ခာ​ချ​တတ်ကြ​သည်။

ထို့​ကြောင့်၊ မိမိတို့​ကိုယ်ကို​မလုံမလဲ​ဖြစ်​ခြင်း၊ မနာလို​ခြင်း​နှင့် ကိုယ့်​ကိုယ်ကို​အထင်သေးခြင်း​တို့သည် သူတစ်ပါးကို​နောက်​ပြောင်​ကဲ့ရဲ့​သည့် အကြောင်းရင်း​များ​ဖြစ်သည်။ သို့ဖြစ်၍၊ အိုး​မ​လုံအုံ​ပွင့်​သော​လူငယ်​အချို့ ကိုယ့်​တန်ဖိုး​ကိုယ်​အထင်သေး​သည့်​အတွက်၊ သင်လည်း​ကိုယ့်​ကိုယ်ကို အထင်မသေး​လိုက်ပါ​နှင့်။

နှောင့်ယှက်မှု​ကို ရပ်​တံ့​စေခြင်း

ဆာလံဆရာ​က “မထီမဲ့မြင်​ပြုသောသူ​တို့၏ အစည်းအဝေး​၌​မ​ထိုင် ... သော​သူသည် [ပျော်ရွှင်​၏၊ က​ဘ]” ဟူ၍​ဆို​၏။ (ဆာလံ ၁:၁) ကိုယ့်​ထံ​မှ​အာရုံလွဲ​စေ​လို​သဖြင့် ကိုယ်​ပါ​မထီမဲ့မြင်​ပြု​လျှင် အပြန်အလှန်​စော်ကားခြင်း​သည် သံသရာ​ရှည်လျား​ရုံ​သာ​ရှိ​မည်။ ဘုရား​ရေး​အကြံ​ကား၊ “အဘယ်သူကိုမျှ ရန်​တုံ့​မ​မူ​ကြ​နှင့်။ ... အကောင်း​အားဖြင့် အဆိုးကို​နိုင်​လော့။”—ရော​မ ၁၂:၁၇-၂၁

ဒေသနာ ၇:၉ က ဤသို့​ထပ်ဆင့်၍​ဆို​၏– “အမျက်ထွက်​သည်​တိုင်အောင် စိတ်​မ​တို​နှင့်။ အမျက်​သည်​မိုက်​သော​သူ၏ စိတ်နှလုံး​၌​နေရာကျ​တတ်၏။” ဟုတ်​ပေ​သည်။ သူတစ်ပါး​၏​အနောက်​အ​ပြောင်​ကို အဘယ်ကြောင့်​ဤမျှ​တိုင် အလေးထား​ရသနည်း။ သင့်​ကိုယ်လုံးကိုယ်ပေါက်​ကို​အကြောင်းပြု၍ သင့်​အား​သရော်​လျှင်၊ သင့်​မျက်နှာ​သွင်ပြင်​၏ အပြစ်​အနာအဆာ​ကို ရ​ယ်​လျှင်၊ စိတ်နာ​မည်​မှာ​မှန်​၏။ သို့​တ​စေ၊ ၎င်း​ဝေဖန်ချက်​များသည် နား​ခါး​သော်လည်း နာ​စေ​လို​သည့်​သဘော​ပါ​ချင်​မှ​ပါ​မည်။ ထို့​ကြောင့် တစ်ယောက်ယောက်​က သင့်​အား​အမှုမဲ့​အမှတ်မဲ့​ဖြစ်စေ—တမင်တကာ​ဖြစ်စေ—အနာ​ပေါ်​တုတ်​ကျ​အောင်​ပြောဆို​မိ​လျှင် မ​ကြေကွဲ​ပါ​နှင့်။ ညစ်ညမ်း​ပြီး ဘုရားတရား​စော်ကား​သည့် စကား​မဟုတ်လျှင် ရ​ယ်​စ​ရာ​အဖြစ်​မြင်တတ်​ပါ။ “ရ​ယ်​ရသော​အချိန်​လည်း​ရှိ၏။” ကစား​လို​၍​စ​သည်ကို စိတ်ဆိုး​ခြင်း​သည်​လွန်​မင်း​သော တုံ့ပြန်​မှု​ဖြစ်​ချိမ့်​မည်။—ဒေသနာ ၃:၄

သို့ရာတွင် စ​သောအခါ​ပက်​စက်​၍ နာ​စေ​လို​သည့်​သဘော​ပါ​လျှင် မည်သို့​နည်း။ သရော်​သူသည်​သင့်​တုံ့ပြန်​ပုံ၊ ခံပြင်း​ပုံ​ကို​ကြည့်​ပြီး အူ​မြူး​လို​၍​သရော်​ကြောင်း​မှတ်​ပါ​လေ။ ကိုယ်​က​စကား​နာ ပြန်​ထိုး၊ ခုခံ၊ ငိုယို​လျှင် သူ့ကို​အားပေး​ရာ​သာ​ကျ​ပြီး သူ၏​နောက်​ပြောင်​မှု​သည် ရပ်စဲ​တော့​မည်​မဟုတ်။ သင်​ခံပြင်း​သည်ကို​မြင်ပြီး သူ​မ​နော​ခွေ့​သွား​အောင်​လိုက်၍ မ​ဖန်တီး​ပါ​နှင့်။ အကောင်းဆုံး​ရှောင်တိမ်း​နည်း​မှာ၊ ဖုတ်​လေ​တဲ့​ငါး​ပိ၊ ရှိသည်​လို့​မထင်၊ မသိ​ဖာသာ​နေ​လိုက်ပါ။

ရှောလမုန်​ဘုရင် ဤသို့​ထပ်၍​ဆို​သည်– “သူတစ်ပါး​ပြော​သမျှ​သော​စကား​တို့ကို မ​မှတ်​နှင့်။ [“လူများ​ပြော​သော​စကား​အ​ခွန်း​တိုင်း အရေး​မ​လုပ်​နှင့်။”—ယနေ့ အင်္ဂလိပ်​ဘာသာပြန်] သို့ပြု​လျှင်​ကိုယ်​ကျွန်​ကျိန်ဆဲ​သော​စကား​ကို ကြား​လိမ့်​မည်။ သင်သည်​ကိုယ်တိုင်​သူတစ်ပါး​တို့ကို အ​ဖန်​ဖန်​ကျိန်ဆဲ​ကြောင်းကို ကိုယ်​စိတ်နှလုံး​ထဲမှာ​သိ​၏။” (ဒေသနာ ၇:၂၁၊ ၂၂) သရော်​သူတို့၏​အ​ရွဲ့​တိုက်​စကား​ကို “အရေး​လုပ်” လျှင်​သူတို့၏​ဝေဖန်ချက်​အတွက် အပူ​လွန်​ရာ​ရောက်မည်။ သူတို့၏​ဝေဖန်ချက်​သည် ခိုင်လုံ​ပါသလော။ တမန်တော်​ပေါလု​လည်း မနာလို​သူ​ရွယ်တူ​တို့၏ မတရား​ပြောဆို​ဝေဖန်မှု​ကို ခံ​ခဲ့​ရသည်။ သို့သော်​သူက “သင်တို့​မှ​စ၍ အခြား​လူများ​တို့သည်​ငါ့ကို ... စီရင်​သော်လည်း၊ ငါသည်​အမှု​မထား။ ... ငါ့ကို​စီရင်​သော​သူ​ကား [ယေဟောဝါ၊ က​ဘ] ပေ​တည်း” ဟု​တုံ့ပြန်​လိုက်​သည်။ (၁ ကောရိန္သု ၄:၃၊ ၄) ပေါလု​နှင့်​ဘုရားသခင်​၏​ဆက်ဆံ​ရေး​သည် ခိုင်မာ​လှ​ရ​ကား၊ သူသည်​မတရားသော​အပြစ်​ပြော​ဝေဖန်မှု​ကို ခံရပ်​နိုင်​သည့်​ယုံကြည်​စိတ်ချမှု​နှင့် အတွင်း​အင်အား​ပိုင်ဆိုင်​ပေ​သည်။

သင့်​အလင်း​ကို​ထွန်းလင်း​စေပါ

သင်သည်​မိမိ၏​ခရစ်ယာန်​ဘဝ​လမ်းစဉ်​ကြောင့် တစ်ခါတစ်ရံ​ကဲ့ရဲ့​ရှုတ်ချခြင်း​ခံရ​မည်။ ယေရှု​ခရစ်​ကိုယ်တော်တိုင် ထိုသို့​သော “ဆန့်ကျင်​တိုက်ခံ​စကား” ခံ​ခဲ့​ရသည်။ (ဟေဗြဲ ၁၂:၃က​ဘ) ယေရမိ​လည်း ယေဟောဝါ​၏​သတင်း​တော်​ကို ရဲရင့်စွာ​ပြောဆို​သည့်​အတွက် “တစ်​နေ​ကုန်​လူ​ရ​ယ်​စ​ရာ​ဖြစ်” (က​ဘ) ခဲ့​ရသည်။ မနားတမ်း​အနှောင့်အယှက်​ခံရ​သဖြင့် သူသည်​တဒင်္ဂ​မျှ​စိတ်ပျက်​ခဲ့​ရှာ​သည်။ “ထို​ကြောင့်၊ ငါသည်​နှုတ်ကပါဌ်တော်​ကို မကြား​မပြော၊ နာမတော်​ကို​အမှီပြု၍ မဟောဘဲ​နေ” တော့​မည်​ဟု​ဆုံးဖြတ်​လိုက်​သည်။ သို့ရာတွင်၊ သူသည်​ဘုရားသခင်​နှင့် အမှန်တရားကို​ချစ်​မြတ်နိုး​လှ​သဖြင့် နောက်ဆုံး​၌​မိမိ၏​ကြောက်​စိတ်​ကို တွန်းလှန်​နိုင်​ခဲ့​ပေ​သည်။—ယေရမိ ၂၀:၇-၉

ယနေ့​ခရစ်ယာန်​လူငယ်​အချို့​လည်း စိတ်ဓာတ်ကျ​ခဲ့​ကြသည်။ အနောက်​အ​ပြောင်​ရပ်​တံ့​စေလို၍ မိမိ​ခရစ်ယာန်​ဖြစ်သည်​ကို ကွယ်ဝှက်​ခဲ့​ကြသည်။ သို့သော် အဆုံး​၌​ဘုရားသခင်​ကို ချစ်သော​စိတ်၏​စေ့ဆော်မှု​ကြောင့် မိမိတို့​ကြောက်​စိတ်​ကို​ကျော်လွှား​ကာ ‘မိမိတို့​အလင်း​ကို​ထွန်းလင်း​စေ’ ခဲ့​ကြသည်! (မဿဲ ၅:၁၆) ဥပမာ၊ဆယ်ကျော်သက်​ယောက်ျားက​လေး​တစ်ယောက်က ဤသို့​ဆို​၏– “ကျွန်တော့်​သဘောထား ပြောင်းလဲ​ခဲ့​ပါ​တယ်။ ခရစ်ယာန်​တစ်ဦး​အဖြစ်​အမြင်​ခံရတာ​ကို နေရာတကာ​သယ်သွား​ရတဲ့ ဝန်ထုပ်​လို​မ​မှတ်​တော့​ဘဲ၊ ဂုဏ်ယူ​စ​ရာ​လို့​သာ​သဘော​ပိုက်​လာ​ပါ​တယ်။” သင်လည်း​ဘုရားသခင်​ကို သိခြင်း၊ သူတစ်ပါး​အား​ကူညီ​ရန် အသုံးတော်ခံ​ရခြင်း​တည်း​ဟူသော အခွင့်အရေး​ကြောင့် “ဝါကြွား” နိုင်၏။—၁ ကောရိန္သု ၁:၃၁

သို့သော်လည်း၊ တစ်ချိန်​လုံး​အခြားသူများ​အား​ဝေဖန်​၍​ဖြစ်စေ၊ ဘဝင်မြင့်​သူ​အဖြစ် လူများ​အထင်​ရောက်​စေ​၍​ပဲ​ဖြစ်စေ၊ အခြားသူများ​၏​ရန်ကို မဖိတ်​ပါ​နှင့်။ အခွင့်အရေး​ရ​လျှင်​ရ​သလို သူတစ်ပါး​အား​သင့်​ယုံကြည်ခြင်းကို မျှဝေပါ။ သို့သော် “နူးညံ့​သော​သဘော၊ [လေးစား​ကိုင်းရှိုင်း​မှု၊ က​ဘ]” ဖြင့်​ပြု​ပါ။ (၁ ပေတရု ၃:၁၅) ကျောင်းနေ​စဉ်၊ သင်၏​မွန်မြတ်သော​စာရိတ္တ​သည် သင့်​အဖို့​အကောင်းဆုံး အကာအကွယ်​ဖြစ်​ပေမည်။ အခြား​သူများ​သည် သင်၏​ရဲရင့်​သော​ရပ်တည်မှု​ကို​မနှစ်သက်​လျှင်​တောင်၊ ၎င်း​ကြောင့်​သင့်ကို​မလေးစား​ချင်​ပဲ​နှင့် လေးစား​ကြ​ရ​လိမ့်​မည်။

ဗ​နက်​စာ​အမည်​ရှိ​မိန်းကလေး​တစ်ဦး​သည် မိန်းကလေး​တစ်စု​၏​နှောင့်ယှက်မှု​ကို အမြဲ​ခံရ​ရှာ​သည်။ ရန်စ​ချင်​၍​သူ့ကို​ရိုက်​ကြ၊ တွန်း​ကြသည်။ စာအုပ်​အောက်ကျ​အောင် ပုတ်ချ​ကြသည်။ နို့​ချော့​က​လက်ကို သူ့​ခေါင်း​ပေါ်​သို့​လောင်းချ​၍ သူ့​ဝတ်စုံ​ဖြူ​ကို ပေကျံ​အောင်​ပင်​ပြု​ခဲ့​ကြသည်။ သို့သော် သူသည်​ရန်ကို​ရန်​မတုံ့​ခဲ့။ နောက်ပိုင်း၌​ဗ​နက်​စာ​သည် ယေဟောဝါသက်သေ​များ​၏​စည်းဝေးပွဲ​ကြီး​တစ်ခု​တွင် အဆိုပါ​အုပ်စု​ခေါင်းဆောင်​ကို​တွေ့​၏! “မင်းကို​တို့​မုန်း​ခဲ့တယ်။ မင်းရဲ့​အေးဆေး​တည်ငြိမ်မှု​ပြိုပျက်​တာ​ကို တစ်ကြိမ်​ပဲ​ဖြစ်ဖြစ်​တွေ့​လိုက်​ချင်​တယ်၊” ယခင်​က​ဗ​နက်​စာ​ကို အနိုင်ကျင့်​ခဲ့​သူက​ဆို​၏။ သို့သော်၊ သူသည်​ဗ​နက်​စာ​ဘာကြောင့်​ဒီလောက်​ပင် ဣန္ဒြေ​တည်ငြိမ်​နိုင်တာ​လဲ​ဆို​သော​စူးစမ်း​စိတ်​ကြောင့် ယေဟောဝါသက်သေ​များ​၏​သမ္မာကျမ်းစာ​ပို့ချမှု​တစ်ရပ်​ကို လက်သင့်ခံ​ခဲ့​သည်။ သူ​ဆက်၍​ဤသို့​ဆို​၏– “တို့​လေ့လာ​သိရှိခဲ့တဲ့​အချက်​ကို တို့​တစ်ခါ​ထဲ​သဘောကျ​မိတယ်။ နက်ဖြန်​တို့​နှစ်ခြင်း​ခံ​တော့​မယ်။”

ထို့​ကြောင့် ရွယ်တူ​များ​၏ “ဆန့်ကျင်​တိုက်ခံ​စကား” ကြောင့်​စိတ်ဓာတ်​မကျ​ဆင်း​ပါ​နှင့်။ သင့်တော်​သည့်​နေရာတွင် ဟာသ​လို​သဘောထား​ပါ။ အဆိုးကို​ကြင်နာ​မှု​ဖြင့်​တုံ့ပြန်ပါ။ ရန်​မီးကို​ယပ်​မ​ခပ်​နှင့်။ အချိန်တန်သော် သင့်ကို​ညှဉ်းပန်း​သူတို့သည် သင့်ကို​သရော်​ပြီး အူမ​ရွှင်​နိုင်​ကြ​တော့။ အကြောင်း​မှာ၊ “ထင်း​မ​ရှိလျှင်​မီး​သေတတ်​၏။”—သု. ၂၆:၂၀

ဆွေးနွေး​ရန်​မေးခွန်းများ

◻သူတစ်ပါး​အား ရက်ရက်စက်စက်​ကျီ​စား​သူတို့ကို ဘုရားသခင်​မည်သို့ ရှုမှတ်​တော်​မူ​သနည်း။

◻လူငယ်များ​ပြုသော နှောင့်ယှက်မှု​နောက်ကွယ်​၌ အဘယ်​စိတ်သဘောထား​ရှိ​တတ်​သနည်း။

◻နောက်​ပြောင်​မှု​လျော့နည်း​သွား​ရုံ​မ​က၊ ရပ်​တံ့​သွား​အောင် မည်သို့ပြု​နိုင်​သနည်း။

◻သင်သည်​ကျောင်း​၌​အခြားသူများ​၏ အ​ပြောင်​အနောက်​ကို​ခံရ​သော်လည်း အဘယ်ကြောင့် ‘သင့် အလင်း​ကို​ထွန်းလင်း​စေ’ ရန်​အရေးကြီး​သနည်း။

◻ကျောင်းတွင်း​သောင်းကျန်း​ရမ်းကားမှု​မှ မိမိကိုယ်ကို​အဘယ်​နည်းများဖြင့် ကာကွယ်​နိုင်​သနည်း။

[စာမျက်နှာ ၁၅၅ ပါ​အကျဉ်း​ဖော်ပြချက်]

ညှဉ်းဆဲ​သူတို့၏ မိုက်ရူး​ရဲ​သတ္တိ နောက်ကွယ်​၌၊ ‘တို့ကို​တို့​သဘောကျ​တာ မဟုတ်ဘူး။ ဒါပေမဲ့၊ သူများကို​နှိမ်​လိုက်ရ​ရင် နေလို့​ပို​ကောင်း​သလိုပဲ’ ဟူသော သဘော​မျိုး​ပုန်းလျှိုး​လျက်​ရှိ​ချင်​ရှိ​မည်

[စာမျက်နှာ ၁၅၂ ပါ​လေးထောင့်ကွက်​နှင့်]

အ​ထိုး​မခံ​ရအောင်​ဘယ်လို​ရှောင်​ရမလဲ

‘ကျောင်း​သွားတဲ့အခါ ကိုယ့်​အသက်ကို ဖက်​နဲ့​ထုပ်​သွား​သလိုပဲ။’ ကျောင်းသား​တော်​တော်​များများ ထိုသို့​ဆို​ကြသည်။ သို့သော် လက်နက်​ဆောင်​သွား​လျှင် မိုက်​ရာ​ရောက်​ပြီး​ဒုက္ခ​ကို​လက်​ယပ်​ခေါ်​သည်​နှင့်​မ​ခြား​ပါ။ (သု. ၁၁:၂၇) သို့ဖြစ်​လျှင် သင့်ကိုယ်​သင် မည်သို့​ကာကွယ်​နိုင်​မည်​နည်း။

အန္တရာယ်​စက်​ကွင်း​ကို​သိ​ပြီး​ရှောင်ပါ။ အချို့​ကျောင်း​များ​၌ ဆောင်​ကူး​လမ်းကြား၊ လှေကား​ဆောင်​နှင့် အဝတ်​လဲ​ခန်း​တို့သည်​တကယ့်​အန္တရာယ်​စက်​ကွင်း​များ​ဖြစ်သည်။ အများသုံး​အိမ်သာ​များသည်​လည်း ရန်ပွဲ​အတွက်​စုဝေး​သည့်​နေရာ၊ မူးယစ်​ဆေးဝါး​သုံးစွဲ​သည့် နေရာ​အဖြစ်​နာမည်ကြီး​လွန်း​သဖြင့် အချို့​လူငယ်များသည် ၎င်း​နေရာများ​သို့​သွား​မည့်​အစား အောင့်၍​သာ​နေကြ​သည်။

အပေါင်း​သင်း​ကို​ကြည့်​ရွေးပါ။ လူငယ်​တစ်ယောက် ရန်ပွဲ​တွင်​ပါဝင်​ကြ​ခြင်း​မှာ များသောအားဖြင့် အပေါင်းအသင်း​မှား​၍​ဖြစ်သည်။ (သု. ၂၂:၂၄၊ ၂၅ ကို​ကြည့်​ပါ။) ကျောင်းနေ​ဖက်​များ​ကို အရေးမစိုက်​ပဲ​နေလျှင်လည်း စိမ်းကား ခံရ​မည်။ သင့်ကို ရန်လို​မည်။ ခင်မင်​ဖော်ရွေ​၍ ယဉ်ကျေး​လျှင်​မူ သင့်​အား​အနှောင့်အယှက်​ပြု​မည်​မဟုတ်​တော့။

ရန်ပွဲကို​ရှောင်။ “အချင်းချင်း​စိန်​မ​ခေါ်​နှင့်။” (ဂလာတိ ၅:၂၆၊ က​ဘ၊ အောက်ခြေမှတ်ချက်) သင်​အောင်ပွဲခံ​လျှင်​တောင်၊ သင့်​ပြိုင်ဘက်​သည်​နောက်​တစ်ပွဲ​နွှဲ​ဖို့ အခွင့်အခါ​ကို​ချောင်း​နေ​မည်​သာ။ ထို့​ကြောင့် အစ​ကတည်းက ရန်​မဖြစ်​မိအောင် စကား​အလိမ္မာသုံး​ပြီး ရှောင်ထွက်​ပါ။ (သု. ၁၅:၁) အပြော​နှင့်​မပြီး​လျှင် လျှောက်​ထွက်—ပြေးထွက်​ပါ။ ထိုးကြိတ်​သတ်ပုတ်​ခြင်း​ကို ရှောင်တိမ်း​ပါ။ “အသက်ရှင်​သော​ခွေး​သည် သေ​သော​ခြင်္သေ့​ထက် သာ၍​ကောင်းမြတ်” ကြောင်း​သတိရပါ။ (ဒေသနာ ၉:၄) မရ​သည့်​အဆုံး လိုအပ်​သလို အကျိုးသင့်အကြောင်းသင့်​သော​နည်းဖြင့် သင့်ကိုယ်​သင်​ကာကွယ်​ပါ။—ရောမ ၁၂:၁၈

သင့်​မိဘများ​အား​ပြောပြ​ပါ။ အများအားဖြင့် လူငယ်များသည် “သူရဲဘော​နည်း​သည်​ဟု မိဘများ​၏​အထင်​ကို​ခံရ​မည့်​ပြင်၊ အနိုင်ကျင့်သူ​များ​ကို ငုံ့​ခံရ​ကောင်းလား​ဆိုပြီး ဆူ​မည်​ကို​စိုး​၍ ကျောင်း​၌​တွေ့ကြုံ​ရသော အကြမ်းဖက်မှု​များ​ကို​မိဘများ​အား​မပြော​ဘဲ နေတတ်​ကြသည်။” (ကလေး​များ​၏ အထီးကျန်မှု) သို့သော်၊ မိဘများ​ဝင်ရောက်​ဖြေရှင်း​မှ​သာ ဒုက္ခ​အေးငြိမ်း​သွားလေ့​ရှိသည်။

ဘုရားသခင်​ထံ​ဆုတောင်း​ပါ။ အ​ထိုး​အကြိတ်​ခံရ​ခြင်း​မှ ကာကွယ်​တော်​မူ​မည်​ဟူ၍​ကား ကိုယ်တော်​အာမမခံ​ပါ။ သို့သော် ရန်လို​သူများ​နှင့်​ရင်ဆိုင်​နိုင်​ရန် သတ္တိ​ကိုလည်း​ကောင်း၊ အခြေအနေ​အေးငြိမ်း​သွား​ရန် ဖန်တီး​တတ်သော​ပညာ​ကိုလည်း​ကောင်း ပေးစွမ်း​နိုင်​သည်။—ယာကုပ်​၁:၅။

[စာမျက်နှာ ၁၅၁ ပါ​ရုပ်ပုံ]

လူငယ်​အတော်များများ​ရွယ်တူ​တို့၏ နှောင့်ယှက်မှု​အမဲကောင်​ဖြစ်​ကြ​ရှာ​သည်

[စာမျက်နှာ ၁၅၄ ပါ​ရုပ်ပုံ]

သရော်​သူသည် သင်၏​ခံပြင်း​ပုံ​ကို​ကြည့်​ပြီး အူ​မြူး​ချင်​၏။ ကိုယ်​က စကား​နာ​ပြန်​ထိုး၊ ငိုယို​လျှင် သူ့ကို​အားပေး​ရာ​သာ​ကျ​မည်

[စာမျက်နှာ ၁၅၆ ပါ​ရုပ်ပုံ]

အစ​ခံရသော​အခါ ဟာသ​လို သဘောထား​လိုက်ပါ