အဆင့်တိုးတက်လာအောင် ဘယ်လိုလုပ်ရမလဲ
အခန်း ၁၈
အဆင့်တိုးတက်လာအောင် ဘယ်လိုလုပ်ရမလဲ
‘ဘာအတွက်စိတ်အပူဆုံးလဲ’ ဟုမူလတန်းကျောင်းသားတစ်စုကို မေးသောအခါ၊ “အဆင့်အတွက်” ဟု ၅၁ ရာခိုင်နှုန်းကဖြေဆိုကြသည်။
ယင်းကြောင့်လည်း၊ အဆင့်ကောင်းရဖို့အရေးသည် လူငယ်တို့၏အပူလုံးကြီးတစ်ခုဖြစ်နေသည်မှာ အံ့ဩစရာမဟုတ်။ အတန်းအောင်မလား၊ ကျမလား၊ လခကောင်းသော အလုပ်ရမလား၊ လခနည်းသည့် အလုပ်ကိုရမလား၊ မိဘများ၏ အချီးအမွမ်းကိုခံရမလား၊ သူတို့၏ အဆူအပူကို ခံရမလား၊ အဆင့်ကောင်းမကောင်းပေါ်မူတည်သည်။ အဆင့်နှင့်စာမေးပွဲသည် သူ့တန်ဖိုးနှင့်သူရှိသည်ဟု ဝန်ခံရပေမည်။ ယေရှုခရစ်သော်မှ မကြာခဏမိမိတပည့်များကို ဉာဏ်စမ်းတော်မူခဲ့သည်။ (လုကာ ၉:၁၈) ကျောင်းတွင်းတိုင်းတာခြင်းနှင့်အဖိုးဖြတ်ခြင်း ဆိုသောစာအုပ်၌ ရေးသားထားသည့် အတိုင်းဖြစ်သည်– “စာမေးပွဲ၏ရလဒ်များက ကျောင်းသားတစ်ယောက်၏ထူးချွန်သည့် အပိုင်းနှင့်အားနည်းသည့်အပိုင်းများကိုဖော်ထုတ်နိုင်ပြီး နောက်နောင်စာကြိုးစားရန် တိုက်တွန်းပေးသည်။” သင်၏အဆင့်ကိုကြည့်ပြီး သင့်မိဘများလည်းသင်ကျောင်းစာကြိုးစားမကြိုးစား အကဲဖြတ်နိုင်ပေသည်။
မျှမျှတတရှိခြင်း
သို့ရာတွင်၊ အဆင့်အတွက်စိတ်ပူလွန်းလျှင် အားပြတ်စေလောက်သော စိတ်ဆင်းရဲမှုကိုဖန်တီး၍ အကြိတ်အနယ်ယှဉ်ပြိုင်မှုဖြစ်ပေါ်စေနိုင်သည်။ သက်ငယ်ဆိုင်ရာ စာအုပ်တစ်အုပ်က အထူးသဖြင့်၊ ကောလိပ်အကြိုကျောင်းသားများသည် “ပြိုင်ဆိုင်ခြင်းတည်းဟူသော ရှုတ်ထွေးမှုနှင့်ငြိပြီး ပညာဆည်းပူးခြင်းအစား၊ အဆင့်အတန်းကို သာပဓာနပြုကြလေတော့သည်” ဟုတင်ပြ၏။ ရလဒ်ကား၊ ဒေါက်တာဝီလျံဂလာစာဆိုသည့်အတိုင်း၊ ကျောင်းသားများသည် “ကျောင်းသက်ငယ်ငယ်နှင့်ပင်၊ ဘာတွေကိုဖြေရမလဲဟူ၍ မေးပြီး... ဖြေရမည့်စာများကိုသာ ကျက်မှတ်လာတတ်ကြသည်။”
ရှောလမုန်ဘုရင် ဤသို့သတိပေး၏– “တစ်ဖန်ကြိုးစားအားထုတ်ခြင်းအမှုနှင့်၊ ကောင်းမွန်စွာပြီးစီးသော အမှုအလုံးစုံတို့ကိုလည်းကောင်း၊ ထိုသို့သောအမှုတို့ကြောင့်၊ [အချင်းချင်းယှဉ်ပြိုင်ရ၊ ကဘ] ကြောင်းကိုလည်းကောင်း ငါဆင်ခြင်၏။ ထိုအမှုအရာသည် အနတ္တအမှု၊ လေကိုကျက်စားသောအမှုဖြစ်၏။” (ဒေသနာ ၄:၄) ဥစ္စာပကာသနအတွက်ဖြစ်စေ၊ ပညာဂုဏ်ပုဒ်အတွက်ဖြစ်စေ အသေအလဲယှဉ်ပြိုင်ခြင်းသည် အချည်းနှီးဖြစ်သည်။ ဘုရားသခင်ကိုခန့်ညားကြောက်ရွံ့သောလူငယ်များသည် ကျောင်းစာကြိုးစားရမှန်းသိ၏။ သို့သော် ကျောင်းပညာကို ဘဝအရေးကြီးဆုံးအရာအဖြစ် အဓိကမထားကြပဲ၊ မိမိတို့စားဝတ်နေရေးအတွက် ဘုရားသခင်ကိုအားထားလျက် ဝိညာဉ်ရေးရာများကို ရှာဖွေဆည်းပူးကြပေသည်။—မဿဲ ၆:၃၃; အလုပ်အကိုင်ရွေးချယ်ခြင်းနှင့် ပတ်သက်၍ အခန်း ၂၂ ကိုကြည့်ပါ။
ထို့ပြင်ပညာဟူသည် စာမေးပွဲတွင်အမှတ်များများရရုံသာ မဟုတ်။ ဗဟုသုတအကြမ်းထည်ကို စုဆောင်းပြီး ၎င်းမှဆီလျော်၍ လက်တွေ့ကျသော မှတ်ချက်ချယူခြင်းတည်းဟူသောအတတ်၊ ရှောလမုန်သမုတ်သော “စဉ်းစားဉာဏ်သတ္တိ” ကိုမွေးမြူခြင်းမည်၏။ (သု. ၁:၄) ဖြီးဖြန်း၍ဖြေခြင်း၊ ကပ်ခါမှအပူတပြင်းစာကျက်ခြင်း၊ ကလိမ်ကျ၍ဖြေခြင်းဖြင့် အောင်မှတ်ရသောလူငယ်သည် ဘယ်တော့မျှစဉ်းစားခြင်းအတတ်ကို ဟုတ္တိပတ္တိမသင်ယူနိုင်။ အမှတ်အဆင့်မြင့်မြင့်ရပြီးခဲ့သော်လည်း၊ နောက်ပိုင်း၌စာရင်းမချိန်ကိုက်တတ်ပါက ဘာအကျိုးရှိသနည်း။
သို့ဖြစ်၍အဆင့်ကောင်းရလျှင်ပြီးရောဟူသော သဘောမထားရန်အရေးကြီး၏။ အဆင့်သည်ကျောင်းစာတိုးတက်မှု၏ အတိုင်းအတာဟုယူမှတ်သင့်ပေသည်။ သို့ရာတွင် သင့်အစွမ်းအစကိုပြသော အမှတ်ကောင်းကို မည်သို့ရယူနိုင်သနည်း။
တာဝန်သိသိပညာသင်ပါ!
ကျောင်းဆရာလင်းဒါနီးလ်စင်အဆိုအရ၊ စာညံ့သောကျောင်းသားများသည် “မတရားသောစာမေးပွဲ မေးခွန်းများထုတ်တယ်၊ ဆရာငါ့ကို ငဲ့ကွက်တယ်၊ ငါလာဘ်မကောင်းဘူး၊ ငါ့ကြမ္မာဆိုးတယ်၊ ရာသီမကောင်းဘူးဟုဆိုကာ၊ မိမိတို့အဆင့်ညံ့သည့် အဖြစ်အတွက်၊ မိမိတို့ချုပ်ကိုင်၍မရသော အရာများပေါ်အပြစ်ဖို့ကြသည်။” သို့သော် သု. ၁၃:၄) မှန်၏။ ပျင်းရိခြင်းသည် အဆင့်ညံ့ရခြင်း၏ တရားခံအစစ်ဖြစ်သည်။
သမ္မာကျမ်းစာက “ပျင်းရိသောသူသည်အဘယ်အရာကိုမျှ တောင့်တ၍မရတတ်” ဟုဆို၏။ (ကျောင်းသားကောင်းတစ်ယောက်မူ၊ တာဝန်သိသိဖြင့် သင်အံတတ်သည်။ ဆယ်ကျော်သက်မဂ္ဂဇင်းက အဆင့်မြင့်ရသော အထက်တန်းကျောင်းသားများအား စစ်တမ်းထုတ်ခဲ့ရာ၊ သူတို့၏ အောင်မြင်ခြင်းသော့ချက်ကား အဘယ်နည်း။ “ကိုယ့်ရည်မှန်းချက်က ကိုယ့်ကိုအားဖြည့်ပေးလို့ပေါ့၊” တစ်ယောက်က ထိုသို့ဖြေ၏။ နောက်တစ်ယောက်က “အချိန်ဇယားအတိုင်းလုပ်၊ အချိန်ကိုဖွဲ့စည်းအသုံးချဖို့လိုပါတယ်။” “ကိုယ့်အတွက် ကိုယ်ပန်းတိုင်တွေထားရပါတယ်၊” အခြားတစ်ယောက်က ဆိုပြန်သည်။ မှန်ပေသည်။ သင်အဆင့်ကောင်းမကောင်း၊ အများအားဖြင့်၊ သင်မချုပ်ထိန်းနိုင်သော အကြောင်းများပေါ်မူမတည်၊ သင့်ပေါ်မူတည်သည်—-ကျောင်းစာကြိုးစားအားထုတ်လိုသောဆန္ဒ မည်မျှအထိရှိသည်ဟူသည့် အချက်ပေါ်မူတည်သည်။
‘ငါစာကျက်ရက်သားနဲ့’
အချို့လူငယ်များ ထိုသို့ပင်ဆိုကြသည်။ မိမိတို့သည်အရိုးပေါ်အောင်စာကျက်ပါလျက်နှင့် သဲထဲရေသွန်ဖြစ်ရသည်ဟု ထင်မှတ်ကြသည်။ သို့တစေ၊ စတင်းဖော့တက္ကသိုလ် (ယူအက်စ်အေ) မှ သုတေသီများလွန်ခဲ့သောနှစ်အနည်းငယ်တွင်၊ ကျောင်းသား၇၇၀ခန့်အား သင့်ကိုယ်သင် လုံ့လမည်မျှစိုက်၍စာကျက်သည်ထင်သလဲဟူ၍မေးမြန်းစုံစမ်းခဲ့သည်။ အမှတ်အဆင့်နိမ့်သောကျောင်းသားများက မိမိတို့သည်အခြားသူများလောက်ပင် ကြိုးစား၍စာကျက်ပါသည်ဟု ဖြေကြားကြသည်ကို အံ့သြလောက်အောင်တွေ့ရှိရသည်။ သို့တစေ၊ သူတို့၏စာကျက်သည့်စရိုက်ကို ဆန်းစစ်ကြည့်သောအခါ၊ အမှတ်အဆင့်မြင့်သော မိမိတို့ကျောင်းနေဖက်များထက် များစွာလျှော့၍ အိမ်စာလုပ်ကြောင်းပေါ်လွင်လာသည်။
ဘာသင်ခန်းစာရသနည်း။ သင်သည်လည်း ထင်သလောက်စာမကျက်ဘဲနေခြင်း ဖြစ်တန်ရာသည်။ ပြုပြင်စရာဖြစ်သည်။ ပညာရေးဆိုက်ကိုလိုဂျီဂျာနယ်မှ ဆောင်းပါးတစ်ရပ်က “အိမ်စာကို အချိန်ပိုပေးပြီးကျက်မှတ်” ရုံနှင့် “အထက်တန်းကျောင်းသားများ၏အဆင့်ကို တိုးတက်ကောင်းမွန်စေနိုင်” ကြောင်းရေးသား တင်ပြထားသည်။ စင်စစ်အားဖြင့်၊ “ပျမ်းမျှဉာဏ်ရည်ထက်နိမ့်သူသည် ရက်သတ္တပတ်တစ်ပတ်လျှင်၁နာရီမှ၃နာရီ အချိန်ယူပြီးအိမ်စာကျက်ပါက၊ သာမန်ဉာဏ်ရည်ရှိ ကျောင်းသားများရနိုင်သော အဆင့်သို့တိုးတက်လာနိုင်သည်။”
တမန်တော်ပေါလုသည် ပန်းတိုင်သို့ရောက်ရန် ပုံစကားအားဖြင့်၊ မိမိ ‘ကိုယ်ကိုထိုး၍နှိပ်စက်လေ့ရှိ၏။’ (၁ ကောရိန္သု ၉:၂၇) သင်လည်းအလားတူ၊ ကိုယ့်ကိုယ်ကို အကြမ်းကိုင်ဖို့လိုချင်လိုမည်။ အထူးသဖြင့်တီဗွီစသော စိတ်ပြန့်စေသည့်အရာများကြောင့် စာကိုအာရုံစိုက်၍မကျက်မှတ်နိုင်သည့် အခါများတွင်ဖြစ်သည်။ “အိမ်စာ မပြီးမချင်း၊ တီဗွီမကြည့်ရ!” ဟူသော စာတမ်းကိုတီဗွီပေါ်တင်ထားဖို့ပင် လိုကောင်းလိုမည်။
စာအံဝန်းကျင်
စာကျက်ရန်သီးသန့်ထားသော ဆိတ်ငြိမ်သည့်နေရာတစ်နေရာရှိလျှင် အကျိုးရှိပေမည်။ အခြားတစ်ယောက်နှင့် တစ်ခန်းတည်းနေရလျှင်ဖြစ်စေ၊ အခန်းကျဉ်းလျှင်ဖြစ်စေ၊ ကြံဆတီထွင်ပါ! မီးဖိုဆောင် သို့မဟုတ် အခြားတစ်ယောက်၏အိပ်ခန်းကို ညတိုင်းတစ်နာရီ၊ နှစ်နာရီစာကျက်ခန်းအဖြစ်သတ်မှတ်ကာ သုံးနိုင်ဖွယ်ရှိသည်။ နောက်ဆုံး နည်းလမ်းအနေနှင့်၊ လူထုစာကြည့်တိုက်၊ သို့မဟုတ် မိတ်ဆွေတစ်ဦးအိမ်ကို အသုံးပြုနိုင်ပေသည်။
ဖြစ်နိုင်လျှင်၊ စာအုပ်များကို ဖြန့်ထားနိုင်လောက်အောင်ကျယ်သော စားပွဲကိုအသုံးပြုပါ။ တစ်ချိန်လုံးခဲတံ၊ စာရွက်စသည်တို့ကို ထယူစရာမလိုအောင် အသင့်ထားရှိပါ။ ဆိုရမှာ ဝမ်းနည်းပါသည်၊ တီဗွီနှင့်ရေဒီယိုတို့ကို ဖွင့်ထားပါက၊ တယ်လီဖုန်းနှင့် ဧည့်သည်လာသကဲ့သို့ပင်၊ အာရုံပျက်ပြားစေနိုင်သည်။
မျက်စိလည်းမစူး၊ လုံလည်းလုံလောက်သော အလင်းရဖို့လည်းလို၏။ အလင်းကောင်းမှ စာကျက်ရာ၌ မပင်ပန်း၊ မျက်စိကိုလည်း အကာအကွယ်ပေးသည်။ ဖြစ်နိုင်လျှင်၊ လေအဝင်အထွက်နှင့် အပူချိန်ကိုဂရုပြုပါ။ အေးမြမြအခန်းသည် ပူနွေးသောအခန်းထက်ပိုကောင်း၍ စာကျက်ရာ၌ အားတက်သရောရှိစေသည်။
စာကျက်ဖို့စိတ်ပင်မပါလျှင် မည်သို့နည်း။ လူ့ဘဝဟူသည် စိတ်ကြိုက်လုပ်နိုင်လောက်အောင် အမြဲစည်းစိမ်ခံစားနိုင်သည်မဟုတ်။ နောင်တွင်သင်သည် စိတ်ပါပါ၊ မပါပါ၊ နေ့စဉ်အလုပ်ဆင်းရမည်။ ထို့ကြောင့် အိမ်စာကို၊ ကိုယ့်ကိုဆုံးမ လေ့ကျင့်ခြင်း၊ နောင်အလုပ်ခွင် အတွေ့အကြုံအတွက် ဇာတ်တိုက်ခြင်းအဖြစ်သဘောထားပါ။
လုပ်ငန်းတစ်ရပ်ကဲ့သို့ယူမှတ်ပါ။ ပညာရေးပုဂ္ဂိုလ်တစ်ဦးက ဤသို့အကြံပြုသည်– “ဖြစ်နိုင်လျှင်၊ သတ်မှတ်ထားသောနေရာ၊ သတ်မှတ်သောအချိန်တွင် နေ့စဉ်စာကျက်သင့်သည်။ ဤနည်းအားဖြင့်စာကျက်ခြင်းသည် အကျင့်တစ်ခုဖြစ်လာပြီး... စာမကျက်လိုသော စိတ်ကိုတိုက်ဖျက်နိုင်လိမ့်မည်။”သင်၏စာကျက်နည်း
ဖိလိပ္ပိ ၃:၁၆ ၌ပေါလုက ခရစ်ယာန်များအား “ယခုမီသမျှအတိုင်း တစ်နည်းတည်းကျင့်” ရန်တိုက်တွန်း၏။ ခရစ်ယာန်တို့၏ နေထိုင်မှုဆိုင်ရာနည်းလမ်းကို ပေါလုဆိုနေခြင်းဖြစ်သည်။ သို့သော် စာကျက်ပုံနှင့် ပတ်သက်လာသောအခါ၌လည်း၊ နည်းလမ်းတစ်ခု၊ သို့မဟုတ် လုပ်ပုံလုပ်နည်းတစ်ရပ်ကို လိုက်နာလျှင်အထောက်အကူပြု၏။ ဥပမာ၊ ကျက်မှတ်ရမည့်စာကိုဖွဲ့စည်းပါ။ (နိုင်ငံခြားဘာသာစကားနှစ်ရပ် ကဲ့သို့သော) အလားတူဘာသာရပ်များကို ဆက်တိုက်မကျက်မှတ်ပါနှင့်။ ဘာသာတစ်ရပ်နှင့်တစ်ရပ်စပ်ကြား တစ်ထောက်နားပါ။ အထူးသဖြင့် အိမ်စာပိသောအခါဖြစ်သည်။
ဖတ်စာများလျှင်၊ အောက်ပါနည်းကို စမ်းကြည့်ပါ။ ပထမ၊ စာကိုခြုံငုံ၍ကြည့်ပါ။ ကျက်စာ၏ယေဘုယျသဘောကို သိနိုင်ရန်အပေါ်ယံမှ လျှပ်၍ကြည့်ပါ။ ခေါင်းစဉ်ငယ်၊ ဇယားစသည်တို့ကို သတိပြုပါ။ ဒုတိယ၊ အခန်းခေါင်းစည်း သို့မဟုတ် ခေါင်းစဉ်ဝါကျများပေါ်မူတည်ပြီး မေးခွန်းထုတ်ပါ။ (သင့်အားဖတ်စာပေါ် အာရုံစူးစိုက်စေလိမ့်မည်။) ပြီးလျှင်၊ စ၍ဖတ်ပါလေ။ ဖတ်ရင်းမေးခွန်းများ၏အဖြေကိုရှာပါ။ အပိုဒ်တစ်ပိုဒ် သို့မဟုတ် အပိုင်းတစ်ပိုင်းဖတ်ပြီးလျှင်၊ ဖတ်ခဲ့သည့်အချက်အလက်များကို စာအုပ်မကြည့်ဘဲ၊ မှတ်ဉာဏ်ဖြင့် ပြန်ပြောကြည့်ပါ။ ကျက်စာတစ်ခုလုံး ကျက်ပြီးနောက်၊ အပိုင်းတစ်ခုစီကို မှတ်မိ၊ မမှတ်မိ၊ စမ်းသည့်အနေဖြင့် ခေါင်းစဉ်ငယ်များကို လျှပ်၍ကြည့်ကာ ပြန်လည်သုံးသပ်ပါ။
ဤနည်းသည် ကျောင်းသားများအားဖတ်စာ ၈၀ ရာခိုင်နှုန်းကိုမှတ်မိစေနိုင်သည်ဟု အချို့သူများဆိုကြသည်။အခြားပညာရေးပုဂ္ဂိုလ်တစ်ဦးက ဤသို့ဆို၏– “အချက်အလက်တစ်ခုသည် သီးခြားမရပ်တည်၊ အခြားအကြောင်းနှင့် အမြဲဆက်စပ်လျက်နေကြောင်း ကျောင်းသားများသိရန် အရေးကြီးသည်။” ထို့ကြောင့်၊ ကျက်မှတ်ရာများကိုသိနှင့်သောအရာ၊ တွေ့ကြုံဘူးသောအရာများနှင့် ဆက်စပ်၍ကြည့်တတ်ပါ။ သိရှိလာသောအရာ၏ လက်တွေ့ကျတန်ဖိုးကို မြင်အောင်ရှာပါ။
စိတ်ဝင်စားဖွယ်ကား၊ ဘုရားသခင်ကိုခန့်ညားကြောက်ရွံ့သောလူငယ်သည် တပန်းသာ၏။ အကြောင်းမှာ၊ သမ္မာကျမ်းစာက “[ယေဟောဝါ]ကိုကြောက်ရွံ့သောသဘောသည် ပညာ၏[အစ၊ ကဘ]ဖြစ်၏” ဟုဆို၏။ (သု. ၁:၇) ဥပမာ၊ ရူပဗေဒနိယာမတရားများကို ကျက်မှတ်ရသည်မှာ ငြီးငွေ့စရာဖြစ်ချင်ဖြစ်မည်။ သို့ရာတွင်၊ ဘုရားသခင့်ဖန်ဆင်းရာများကိုထောက်ရှု၍ ဘုရားသခင့် ‘အရူပအရည်အချင်းများအထင်းသားပေါ်လွင်နေ’ ကြောင်းသိမြင်နိုင်သည်ဖြစ်ရကား ကျက်စာကိုသာ၍ အဓိပ္ပာယ်ပြည့်ဝစေသည်။ (ရောမ ၁:၂၀) ရာဇဝင်လည်း၊ ယေဟောဝါ၏ရည်ရွယ်ချက်များပြီးမြောက် အောင်မြင်ခြင်းအကြောင်းကို မကြာခဏဖော်ပြသည်။ (လက်ရှိအင်္ဂလို-အမေရိကန်ညွန့်ပေါင်း အပါအဝင်) ကမ္ဘာ့အာဏာစက်ခုနစ်ခုအကြောင်းကို သမ္မာကျမ်းစာထဲ၌ပင်ဆွေးနွေးထားသည်!—ဗျာဒိတ် ၁၇:၁၀; ဒံယေလအခန်းကြီး ၇။
မိမိသိရှိလာသောအချက်များကို သိနှင့်ပြီးသောအရာများ၊ မိမိ၏ခရစ်ယာန်ယုံကြည်ခြင်းနှင့် ဆက်စပ်ကြည့်လိုက်သောအခါ၊ အကြောင်းအရာများသည် မိမိအတွက်အဓိပ္ပာယ်ရှိလာ၍၊ အသိသုတလည်းနားလည်ခြင်းအဆင့်သို့ တိုးတက်လာသည်။ ရှောလမုန်ဆိုသည့်အတိုင်း၊ “နားလည်တတ်သူအဖို့ အသိသုတသည်လွယ်သောအရာဖြစ်၏။”—သု. ၁၄:၆၊ ကဘ။
‘နောက်တစ်ပတ် အစမ်းစာမေးပွဲဖြေရမယ်’
ဤစကားများကြောင့် လန့်ဖြန့်သွားရန်မလို။ ရှေးဦးစွာ၊ မည်သို့သောစာမေးပွဲဖြစ်သည်ကို ဆရာ့အပြောမှ အရိပ်အမြွက်သိအောင်သုံးသပ်ကြည့်ပါ။ ဥပမာ၊ စာစီစာကုံးလား၊ သို့တည်းမဟုတ်၊ ကြိုက်နှစ်သက်ရာလား။ ထို့ပြင်၊ စာမေးပွဲမတိုင်မီ ရက်များအတွင်း၊ မည်သို့သောမေးခွန်းများထုတ်မည်ကို သိအောင်ဆရာ့စကားမှ သဲလွန်စရှာပါ။ (“အခုဆရာပြောမဲ့အချက်ဟာ အင်မတန်အရေးကြီးတယ်၊” “အဲဒါကိုမမေ့နဲ့” စသောအပြောမျိုးသည် ကြားနေကျအရိပ်အခြေစကားများပင်ဖြစ်သည်ဟု အထက်တန်းပညာဆိုင်ရာမဂ္ဂဇင်းက ဆို၏။) ၎င်းနောက်၊ မှတ်ချက်များ၊ ဖတ်စာအုပ်များနှင့် အိမ်စာများကို ပြန်လည်သုံးသပ်ပါ။
“သံကိုသံဖြင့်ထက်စေသကဲ့သို့၊ လူသည်အဆွေခင်ပွန်း၏ မျက်နှာကိုထက်စေတတ်၏” ဟူ၍ ရှောလမုန်ကျွန်ုပ်တို့အား သတိရစေသည်။ (သု. ၂၇:၁၇) သူငယ်ချင်း သို့မဟုတ် မိဘတစ်ဦးက သင့်အားမေးခွန်းထုတ်ကာ လေ့ကျင့်စေနိုင်သည်။ သို့မဟုတ်၊ သင်ဆိုပြသည်ကိုနားထောင်ခိုင်းပါ။ စာမေးပွဲမတိုင်မီညဉ့်တွင်၊ သက်သောင့်သက်သာနေပြီး အိပ်ရေးဝအောင်အိပ်ပါ။ “အဘယ်သူသည်စိုးရိမ်ခြင်းအားဖြင့် မိမိအသက်တာကိုတစ်တောင်ခန့်မျှ တိုးပွားစေနိုင်သနည်း” ဟုယေရှုမေးတော်မူ၏။—မဿဲ ၆:၂၇။
စာမေးပွဲကျ
စာမေးပွဲကျလျှင်—အထူးသဖြင့်၊ စာကြိုးစားပြီးမှကျလျှင် သိက္ခာအထိနာတတ်သည်။ သို့ရာတွင်၊ ပညာရေးပုဂ္ဂိုလ် မတ်စ်ရာ့ဖတီက ကျွန်ုပ်တို့အားဤသို့သတိရစေသည်– “ကျွန်ုပ်တို့အသက်ရှင်နေသ၍ကာလ၊ ကျွန်ုပ်တို့သိသောအရာ၊ ကျွန်ုပ်တို့၏အောင်မြင်ပုံတို့နှင့်ပတ်သက်၍ အမြဲပင်အမှတ်ပေးခံရပါသည်။ ... ကလေးများအားလူ့ဘဝဆိုတာ လိုတရဟု အထင်ရှိစေရန် အယုံသွင်းသောကျောင်းသည် စင်စစ်အားဖြင့်ကျောင်းဟု မခေါ်နိုင်။ အိပ်မက်စက်ရုံသာဖြစ်သည်။” စာမေးပွဲကျ၍အရှက်ရခြင်းသည် သင့်အားအမှားမှသင်ခန်းစာယူကာ တိုးတက်စေလျှင် တန်ဖိုးရှိသည်ဟုပင် ဆိုနိုင်ပေသည်။
မိဘအားအဆင့်ညံ့သည့်မှတ်တမ်းကိုပြ၍ ရင်ဆိုင်ရမည်ဖြစ်၍ မည်သို့ဆိုမည်နည်း။ ကြောက်သောကြောင့် ဉာဏ်နီဉာဏ်နက်ထုတ်ကာ ရွှေ့ဆိုင်းရွှေ့ဆိုင်းလုပ်တတ်ကြသည်။ လူငယ်တစ်ဦးက ဤသို့ဇာတ်ကြောင်းပြန်၏– “ကျွန်တော်မှတ်တမ်းကတ်ကို မီးဖိုချောင်စားပွဲပေါ်တင်ထားလိုက်တယ်။ ပြီးတော့အိမ်ပေါ်ထပ်တက်ပြီး နောက်တစ်နေ့အထိအိပ်ပစ်လိုက်တာပဲ။”
နောက်တစ်ယောက်က ဤသို့– “ကျွန်တော်ကျတော့၊ တစ်စက္ကန့်အလိုကျမှ မေမေကိုပြတယ်။ မနက်ဘက်၊ မေမေအလုပ်ဆင်းခါနီးအချိန်မှ သူ့ဆီယူသွားပြီး ‘မေမေဒီမှာလက်မှတ်ထိုးရမယ်’ ဆိုပြီးပြောပါတယ်။ ကျွန်တော့်ကိုဆူဖို့ သူ့မှာအချိန်မရှိဘူး”— အနည်းဆုံးတော့၊ ထိုအခိုက်တွင် မဆူဖြစ်ပါ။ အချို့သက်ငယ်များသည် အမှတ်များကို ညာ၍ပင်ပြကြ၏!သို့သော်၊ သင်ကျောင်းစာတော်မတော်၊ သင့်မိဘများသိထိုက်သည်။ သင်ရသောအဆင့်သည် သင့်အရည်အချင်းကိုပြနေဖို့ မိဘများမျှော်လင့်ကြမည်မှာ ဓမ္မတာ။ သင့်အဆင့်သည်ညံ့ဖျင်းပါက ထိုက်သင့်သလိုအပြစ်ဒဏ်ခံရဖို့ သင်မျှော်လင့်နိုင်သည်။ ထို့ကြောင့်မိဘအား အမှန်ပြောပါ။ “အဘ၏နည်းဥပဒေသ [ဆုံးမမှု၊ ကဘ] ကိုနားထောင်လော့။ အမိ၏တရားကိုလည်း မပယ်နှင့်။” (သု. ၁:၈) မိဘများတောင်းဆိုချက်သည် မတရားမြင့်မားလွန်းသည်ဟု သင်ထင်လျှင်သူတို့ထံတင်ပြပါ။—အခန်း ၂ ပါ “မိဘကိုဘယ်လိုလုပ်ပြီး ရင်ဖွင့်ရပါ့မလဲ” ကြားညှပ်ကိုကြည့်ပါ။
အဆင့်သည်အရေးကြီးသလောက်၊ သင့်လူ့တန်ဖိုးကို အပြီးအပိုင်ဆုံးဖြတ်သောအရာမဟုတ်။ သို့တစေ၊ ကျောင်းနေချိန်ကို အခွင့်ကောင်းယူပြီး အတတ်နိုင်ဆုံး ပညာဆည်းပူးပါ။ များသောအားဖြင့် ၎င်းလုံ့လသည်အဆင့်ကောင်းအဖြစ် ထင်ဟပ်လာမည်ဖြစ်၍ သင်နှင့်သင့်မိဘများဝမ်းမြောက်ကျေနပ်ရမည်တည်း။
ဆွေးနွေးရန်မေးခွန်းများ
◻အမှတ်များသည် အဘယ်ရည်ရွယ်ချက်ကို ဖြည့်စွက်ပေးသနည်း။ ၎င်းကို အဘယ်ကြောင့်မျှမျှတတရှုမှတ်သင့်သနည်း။
◻တာဝန်သိသိပညာသင်ရန် အဘယ်ကြောင့်အရေးကြီးသနည်း။
◻ကျောင်းပြင်ပလှုပ်ရှားမှုများတွင် ပါဝင်ခြင်းနှင့်ပတ်သက်၍ အဘယ်အရာများကို ထည့်သွင်းစဉ်းစားထိုက်သနည်း။
◻အဆင့်တိုးတက်အောင်ပြုသည့် အချို့နည်းများကားအဘယ်နည်း။
◻စာမေးပွဲအတွက်မည်သို့ အသင့်ပြင်နိုင်သနည်း။
◻စာမေးပွဲကျရှုံးခြင်းကို မည်သို့ရှုမှတ်သင့်သနည်း။ ၎င်းကို မိဘများမသိအောင် ကွယ်ဝှက်ထားသင့်သလော။
[စာမျက်နှာ ၁၄၁ ပါအကျဉ်းဖော်ပြချက်]
ဖြီးဖြန်း၍ ဖြေခြင်း၊ ကပ်ခါမှအပူတပြင်းစာကျက်ခြင်း၊ ကလိမ်ကျ၍ဖြေခြင်းဖြင့် အောင်မှတ် ရသောလူငယ်သည် ဘယ်တော့မျှစဉ်းစားခြင်းအတတ်ကို ဟုတ္တိပတ္တိ မသင်ယူနိုင်
[စာမျက်နှာ ၁၄၄၊ ၁၄၅ ပါလေးထောင့်ကွက်နှင့် ရုပ်ပုံ]
ကျောင်းပြင်ပလှုပ်ရှားမှုများကော
သက်ငယ်တော်တော်များများက ကျောင်းပြင်ပလှုပ်ရှားမှုများသည် လူကိုအောင်မြင်ဖြစ်မြောက်ခြင်းခံစားချက်ကို ပေးစွမ်းနိုင်သည်ဟု တွေ့ရှိရသည်။ ဘော်လ်တီမိုး၊ မေရီလန် (ယူအက်စ်အေ) မှယောက်ျားကလေးတစ်ယောက်ကဤသို့ဆို၏– “ကျွန်တော်ကလပ်ရှိသမျှ ဆိုရမလောက်ပါဝင်ခဲ့တယ်။ ကျွန်တော်ကြိုက်တဲ့ပစ္စည်းတွေနဲ့ ထိတွေ့ပြီးအလုပ်လုပ်ရတဲ့အတွက် သဘောကျမိတယ်။ ကျွန်တော် ကားကိုသဘောကျတဲ့အတွက်၊ ကားကလပ်ထဲ ဝင်လိုက်တယ်။ ကွန်ပျူတာကို မြတ်နိုးတဲ့အတွက်၊ ကလပ်ထဲဝင်ခဲ့တယ်။ အော်ဒီယိုကိုကြိုက်လို့လဲ ကလပ်ထဲဝင်ခဲ့တယ်။” အထူးသဖြင့်၊ ကောလိပ်အကြိုကျောင်းသားများသည် ကျောင်းပြင်ပလှုပ်ရှားမှုများတွင်ပါဝင်ရန် တိုက်တွန်းခံရကြသည်။
သို့သော်၊ ယခင်ကကျောင်းဆရာဖြစ်ခဲ့သူ၊ ယူအက်စ် ဖရက်ဒရယ် အစိုးရအရာရှိတစ်ဦးက နိုးလော့!အားဤသို့ပြောကြားသည်– “ကျောင်းသားတွေဟာ ကျောင်းစာထက်ပိုပြီးကျောင်းပြင်ပလှုပ်ရှားမှုများကို အချိန်ပေးပုံရတယ်။ ဒါကြောင့်အဆင့်ကောင်းရဖို့ မလွယ်ဘူးပေါ့။” ဟုတ်ပေသည်။ ကျောင်းပြင်ပလှုပ်ရှားမှုများနှင့် ပတ်သက်လာလျှင်မျှမျှတတရှိဖို့ မလွယ်ပါ။ ဘေ့စ်ဘောအသင်းတွင်ပါဝင်ကစားလေ့ရှိခဲ့သော ကေသီဆိုသူမိန်းကလေးက ဤသို့ဆိုသည်– “လေ့ကျင့်ကစားတဲ့နောက်မှာတော့ပင်ပန်းလွန်းလို့ ဘာမှမလုပ်နိုင်တော့ဘူး။ ကျောင်းစာထိခိုက်လာတယ်။ ဒါကြောင့် ဒီနှစ်တော့မပါဝင်တော့ဘူး။”
ဝိညာဏအန္တရာယ်များလည်းရှိသေးသည်။ ခရစ်ယာန်အမျိုးသားတစ်ဦး မိမိငယ်စဉ်အခါနှင့်ပတ်သက်၍ အောက်ပါအတိုင်းပြောကြား၏– “ကျွန်တော်က၊ ကျောင်းစာ၊ ကျောင်းအသင်းမှာပါဝင်လေ့ကျင့်မှုနဲ့ ဝိညာဏလှုပ်ရှားမှုဆိုတဲ့ လှုပ်ရှားမှုသုံးရပ်ကိုတစ်ချိန်တည်း မျှမျှတတထားနိုင်မယ်ဆိုပြီးထင်ခဲ့တယ်။ ဒါပေမဲ့၊ ဒီသုံးခုအတိုက်အခံဖြစ်လာတဲ့အခါတိုင်း၊ ကျွန်တော့်ဘဝရဲ့ဝိညာဏအပိုင်းဟာ အနစ်နာခံရတာချည်းပဲ။”
ကျောင်းအားကစားအသင်းနှစ်ခုတွင် ပါဝင်သောလူငယ်သဲမွန်က ဤအချက်ကိုသဘောတူ၏– “[ဝိညာဏသွန်သင်မှုခံယူဖို့၊ နိုင်ငံတော်] ခန်းမစည်းဝေးတွေကို ကျွန်တော်မတက်ရောက်နိုင်ခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့၊ အင်္ဂါနေ့မှာနယ်ဆင်းရတယ်။ ကြာသပတေးနေ့မှာနယ်ဆင်းရတယ်။ စနေနေ့လည်းနယ်ဆင်းရပြီးနောက် မနက် ၂ နာရီထိုးမှပြန်လာနိုင်တယ်။” “ကာယလေ့ကျင့်ခြင်းသည် အကျိုးအနည်းငယ်ပေး” သည်မှန်သော်လည်း၊ “ဘုရားတရားဆည်းကပ်ခြင်းသည် အရာခပ်သိမ်းအကျိုးပေး” ကြောင်းသတိရရန်အရေးကြီးလှပေသည်။—၁ တိမောသေ ၄:၈၊ ကဘ။
သီလဆိုင်ရာ အန္တရာယ်များကိုလည်းစဉ်းစားပါ။ သင်သည်သီလသြဇာကောင်းရှိသော မိတ်ကောင်းဆွေမွန်များနှင့် ထိတွေ့ပေါင်းသင်းနေမည်လော။ သူတို့၏စကားဝိုင်းတွင် ဘာအကြောင်းတွေကိုပြောကြမည်နည်း။ ကလပ်အသင်းသားများ၏ ဩဇာသည်သင့်အပေါ် ဆိုးကျိုးသက်ရောက်စေနိုင်မည်လော။ ၁ ကောရိန္သု ၁၅:၃၃ က “မကောင်းသောအပေါင်းအသင်းများသည်အသုံးဝင်သော အကျင့်များကိုဖျက်ဆီးတတ်သည်” ဟု သတိပေး၏။
စိတ်ဝင်စားဖွယ်မှာ၊ ယေဟောဝါသက်သေလူငယ်အများအပြားသည် မိမိတို့၏ကျောင်းဆင်းပြီးအချိန်ပိုင်းကို အားကစားထက်ပို၍ အကျိုးပြုသောအရာများအတွက် အသုံးပြုကြပေသည်။ ဥပမာ၊ အခြားသူများအားဖန်ဆင်းရှင်ကို သိကျွမ်းရန်ကူညီခြင်းဖြစ်သည်။ ကောလောသဲ ၄:၅၊ (ကဘ) ကဤသို့အကြံပြု၏– “ပြင်ပလူတို့နှင့်ပတ်သက်၍ပညာဖြင့် အစဉ်လျှောက်လျက်၊ ကိုယ့်အဖို့အခွင့်ချိန်ခါကို ဝယ်ယူလော့။”
[စာမျက်နှာ ၁၄၃ ရုပ်ပုံ]
ကျောင်းသားများသည် ခပ်ပေါ့ပေါ့စာကျက်သည့်အတွက် ကိုယ့်ပြစ်ကိုယ်ကြရသည်။ ... အောင်မှတ်မရကြ
[စာမျက်နှာ ၁၄၆ ရုပ်ပုံ]
ကျောင်းပြင်ပလှုပ်ရှားမှုများ တစ်ဖက်၊ အိမ်စာတစ်ဖက်၊ လှေနံနှစ်ဘက် နင်းဖို့မလွယ်
[စာမျက်နှာ ၁၄၈ ရုပ်ပုံ]
မိဘများညံ့ဖျင်းသောမှတ်တမ်းကတ်ကိုမြင်လျှင် စိတ်ဆိုးမည်သေချာ၏။ သို့သော် သူတို့၏တောင်းဆိုချက်သည် မတရားမြင့်မားလွန်းသည်ဟု သင်ထင်လျှင်သူတို့ထံတင်ပြပါ