မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အလုပ်ရအောင် (ပြီးတော့ မြဲအောင်!) ဘယ်လိုလုပ်ရမလဲ

အလုပ်ရအောင် (ပြီးတော့ မြဲအောင်!) ဘယ်လိုလုပ်ရမလဲ

အခန်း ၂၁

အလုပ်​ရအောင် (ပြီး​တော့ မြဲ​အောင်!) ဘယ်လို​လုပ်ရမလဲ

အထက်တန်း ပညာရပ်​ဆိုင်ရာ မဂ္ဂဇင်း​၌​ရေးသား​ဖော်ပြ​သော လေ့လာချက်​တစ်ရပ်​က အမေရိကန်​အထက်တန်း​ကျောင်းသား​များ​အား အဘယ်​ဘဝ​ပန်းတိုင်​များ​ကို “အရေး​အကြီးဆုံး” အဖြစ် သတ်မှတ်​သနည်း​ဟု မေးခဲ့သည်။ ရှစ်​ဆ​ယ့်​လေး​ရာခိုင်နှုန်း​က “တည်မြဲသော​အလုပ်အကိုင်​ရ​ရေး” ဟု ဖြေဆို​ကြသည်။

သင်သည် ကျောင်း​ပြီး​သည့်​နောက် အလုပ်​လုပ်ပြီး မိမိ​နှင့်​မိမိ၏​မိသားစု​အသုံးစရိတ်​အတွက် တစ်ဖက်​တစ်​လမ်း​ဝင်ငွေ​ရှာ​လို​ပေမည်။ သို့​မဟုတ်၊ အချိန်ပိုင်း​အလုပ်ကို​ရှာပြီး အချိန်ပြည့်​ဧဝံဂေလိ​ကြေညာသူ လုပ်​လို​ပေမည်။ (အခန်း ၂၂ ရှု။) မည်သို့ဖြစ်စေ၊ သင်သည်​လူငယ်​ဖြစ်​လျှင်၊ ကမ္ဘာ​တ​ဝန်း ငွေကြေး​ဖောင်းပွ​မှု​ကြောင့်​လည်းကောင်း၊ မ​ကျွမ်းကျင်​သော​အလုပ်သမား​များ​အား အလုပ်​အ​ခန့်​နည်းသော​ကြောင့်​လည်းကောင်း အလုပ်​ရဖို့​မလွယ်ကူ​တော့။ သို့ဖြစ်​လျှင် အလုပ်​ဈေးကွက်​ထဲ​သို့ ပြေပြစ်​ချောမော​စွာ မည်သို့​ဝင်ရောက်​နိုင်​မည်​နည်း။

ကျောင်း—အလုပ်သင်​ရာ​ဌာန

အလုပ်သမား​ရှာဖွေ​စုဆောင်းခြင်း​၌ အတွေ့အကြုံရင့်​ကျက်​ပြီ​ဖြစ်သော က​လစ်​လ​န်​ဂျုံး​ဆို​သူက အောက်ပါ​အတိုင်း​အကြံပြု​လိုက်​သည်– “အထက်တန်း​ကျောင်း​ပညာ ကောင်းကောင်း​ဆည်းပူး​ထား။ အရေး၊ အဖတ်၊ အပြော ကောင်းစွာ​တတ်မြောက်​အောင် သင်ကြား​ထား​ဖို့​အရေးကြီးကြောင်း အထူး​အလေးအနက် ပြော​ရန်​မလိုပါ။ ယဉ်ကျေး​သိမ်မွေ့​မှု ရှိဖို့လည်း​လို​သည်။ သို့​မှ​သာ အလုပ်​လောကတွင်​ထိတွေ့​သော လူ​သူများ​နှင့် ဆက်ဆံ​တတ်​မည်။”

ဘတ်​စ်​ကား​ယာဉ်မောင်း​သည် ဆိုက်ရောက်​ချိန်​နှင့် ထွက်ခွာ​ချိန် အချိန်ဇယား​ကို​ဖတ်​နိုင်​ရမည်။ စက်ရုံ​အလုပ်သမား​များ​အနေ​နှင့် အလုပ်​ပြီးစီး​ကြောင်း​အစီရင်ခံ​ချက်​စ​သည့်​မှတ်တမ်းများ ရေး​ဖြည့်​တတ်​ရမည်။ အရောင်း​စာရေး​ဖြစ်​လျှင် ဂဏန်း​အတွက်​အချက်​တတ်​ရမည်။ လုပ်ငန်း​မှန်သမျှ​တွင် ဆက်သွယ်​ပြောဆိုခြင်း အတတ်ပညာ​လိုအပ်​သည်။ ၎င်းတို့သည် ကျောင်း​၌ ပိုင်ပိုင်နိုင်နိုင်​သင်ကြား​နိုင်သော ပညာရပ်​များ​ဖြစ်၏။

ဇွဲအကျိုးပေး​မှု

“သင်သည်​ကျောင်း​ထွက်၍​အလုပ်​ရှာလျှင် ဘယ်တော့​မျှ လက်မလျှော့​နှင့်” ဟု​ဂျုံး​က ဆို​သည်။ “အင်တာဗျူး​နှစ်ခု​သုံးခု​ဝင်​ဖြေ​ပြီး​ရုံ​နှင့် အိမ်ပြန်​ထိုင်စောင့်​မနေ​နှင့်။ ဤ​နည်း​မျိုး​ဖြင့် ဘယ်တော့​မျှ​အလုပ်​မရနိုင်​ပါ။” လူငယ်​စဲလ်​သည်​ခု​နစ်​လ​တိုင် အလုပ်ရှာ​တော့​မှ ခန့်စာ​ရခဲ့​သည်။ စဲလ်​က “‘ငါ့​အလုပ်ဟာ အလုပ်ရှာ​ဖို့​ပဲ’ ဆိုပြီး ကိုယ့်​ကိုယ်ကို​သတိပေး​ပါ​တယ်။ တစ်ပတ်​ငါး​ရက်၊ တစ်ရက်​ရှစ်​နာရီ၊ ခု​နစ်​လ​တိုင်တိုင် အလုပ်ရှာ​ခဲ့တယ်။ မနက်စောစော​စီး​စီး​အလုပ်ရှာ​တဲ့‘အလုပ်’ စပြီး ညနေပိုင်း​လေး​နာရီ​အထိ​ရှာပါ​တယ်။ ည​များ​မှာ​ဆိုရင် ခြေထောက်​တွေ​ရော​င်​လို့​ပဲ။ နောက်​မနက်​မှာ ‘ကျွန်တော့်​ကို​ကျွန်တော် စိတ်ဓာတ်​မြှင့်တင်’ ပြီး အလုပ်​အ​ရှာ​ထွက်​ခိုင်း​ရ​ပါ​တယ်။”

အဘယ်ကြောင့်​စဲလ်​သည် လက်မလျှော့​ခဲ့​သနည်း။ စဲလ် ဤသို့​ဖြေကြား​၏– “အလုပ်ခန့်​ဌာန​ရောက်​တိုင်း ‘ကြိုးစား​အားထုတ်​လော့’ ဆို​တဲ့ ယေရှုရဲ့​စကား​ကို ကျွန်တော်​ပြန်​ပြီး​သတိ​ယူတယ်။ တစ်နေ့​သောအခါ ငါ​အလုပ်​ရမယ်၊ ခု​ရင်ဆိုင်​နေရ​တဲ့​အခြေအနေ​ဆိုး​ကို ကျော်လွှား​သွား​လိမ့်​မည်​ဆိုပြီး စဉ်းစား​ပြီး​နေပါတယ်။”—လုကာ ၁၃:၂၄

ဘယ်​ကို​သွားပြီး​အလုပ်ရှာ

သင်သည် ဆင်ခြေ​ဖုံး​ရပ်ကွက်​များ​၌ နေထိုင်ပါ​က စိုက်​ပျိုး​မွေးမြူရေး​ခြံ၊ သစ်သီးခြံ​များ​၌ စ၍​အလုပ်ရှာ​ပါ။ သို့​မဟုတ် မာလီ​အလုပ်ကို​ရှာ​လုပ်နိုင်​ပေ​သည်။ မြို့ကြီးပြကြီး​များ​၌ နေထိုင်​လျှင် သတင်းစာ​ကြော်ငြာ​များ​၌ ရှာကြည့်​ပါ။ ၎င်း​ကြော်ငြာ​များသည် မည်သည့်​အလုပ်​အတွက် မည်သို့သော​အရည်အချင်း လိုအပ်ကြောင်း အရိပ်အမြွက်​ပေး​သည်​ဖြစ်၍ မိမိ​၌​လိုအပ်သော​အရည်အချင်း​ရှိကြောင်း အလုပ်ရှင်​အား ရှင်းလင်း​တင်ပြ​ရာ​၌ အထောက်အကူ​ပြု​ပေ​သည်။ မိဘ၊ ဆရာ၊ အလုပ်​ရှာဖွေရေး​ကိုယ်စားလှယ်​အဖွဲ့​များ၊ ဝန်ထမ်း​ရေးရာ​ဌာန​များ၊ မိတ်ဆွေများ​နှင့် အိမ်နီးချင်း​များ​ထံ​တွင်​လည်း စုံစမ်း​မေးမြန်း​နိုင်​သည်။

အလုပ်​မြဲ​ခြင်း

ဝမ်းနည်းစရာမှာ၊ စီးပွားရေး​အကျပ်အတည်း​ကြောင့် အလုပ်​လက်မဲ့​ပြဿနာ​ပေါ်လာ​သောအခါ အများအားဖြင့် လူငယ်များ ဦးဦးဖျားဖျား အလုပ်​ဖြုတ်​ခံ​ကြ​ရ​ရှာ​သည်။ သို့သော် သင်​ဤ​အဖြစ်မျိုး​နှင့်​ကြုံ​ဖို့​မလိုပါ။ မစ္စတာ​ဂျုံး​က ဤသို့​ဆို​၏– “အလုပ်​မြဲ​သူများ​မှာ မခိုမကပ် အလုပ်လုပ်​ရန်​ဆန္ဒရှိ​သူ၊ အလုပ်ရှင်​ခိုင်းသမျှ မညီး​မ​ညူ​လုပ်ဆောင်ရန် အသင့်ရှိ​သော​သဘောထား ပိုက်​ထား​သူများ​ပင်​ဖြစ်​ပေ​သည်။”

သင့်​သဘောထား​ဆို​ရာ​၌၊အလုပ်၊ အလုပ်ရှင်၊ လုပ်​ဖက်​တို့​နှင့်​ပတ်သက်​သည့်သင့်​စိတ်​နေ​သဘောထားကိုဆိုလို​သည်။သင့်​သဘောထား​သည်သင့်​အလုပ်​၏​အရည်အသွေး​တွင်ပေါ်လွင်​နေသည်။ သင့်​အလုပ်ရှင်​သည် သင့်​ကုန်​ထုတ်​စွမ်းအား​ကို​သာမက သင့်​သဘောထားကို​ပါ ထည့်သွင်း​စဉ်းစား​ပြီး​မှ သင့်ကို​အလုပ်​ဖြုတ်​မ​ဖြုတ် ဆုံးဖြတ်​မည်​ဖြစ်သည်။

ဂျုံး ဤသို့​ဆက်၍​ဆိုပါ​သည်– “သင်သည်​အထက်​အမိန့်​ကို တစ်​သ​ဝေ​မ​တိမ်း နာခံ​နိုင်​သည်​သာမက တစ်ချိန်​လုံး ကွပ်ကဲ​နေ​ရန်​မလို​ဘဲ​နှင့်​ပင် တောင်းဆို​သည်ထက် ပို​၍​အလုပ်လုပ်​နိုင်စွမ်း​ရှိကြောင်းကို သင့်​အလုပ်ရှင်​အား သိမြင်စေပါ။ အကြောင်းရင်း​မှာ ကျပ်တည်း​သော​အလုပ်သမား​ဈေးကွက်​၌ အလုပ်​မြဲ​သော အလုပ်သမား​များ​မှာ လုပ်​သက်​အရ​င့်​ဆုံး ဖြစ်ချင်​မှ​ဖြစ်​မည်။ ကုန်​ထုတ်​စွမ်းအား ကောင်း​သူများ​သာ​ဖြစ်သည်။”

ဤ​စကား​မှန်ကန်ကြောင်း စဲလ် တွေ့ရှိ​ရသည်။ သူ​ဤသို့​ဆို​၏– “ကျွန်တော်​ဟာ ကျွန်တော့်​အလုပ်ရှင် စိတ်ကြိုက်​ဖြစ်အောင် အမြဲ​ပဲ​လိုက်လျော​ပါ​တယ်။ လိုအပ်​တဲ့​အခါ​များ​မှာ ကျွန်တော့်​အချိန်ဇယား​ကို ပြုပြင်​ဖို့​အသင့်ရှိ​ပါ​တယ်။ အထက်​အမိန့်​ကို​နာခံ​ပြီး ရိုသေ​လေးစားမှု​ရှိပါတယ်။” သူ့​စကား​က “သင်တို့ကို​ပိုင်​သော သခင်​များ​၏​စကား​ကို အစဉ်​နားထောင်​ကြလော့။ ... မျက်နှာ​ရ​ရန် သူတို့၏​ရှေ့မှောက်၌​သာ​လျှင် သူတို့၏​စကား​ကို နားထောင်​သည်မဟုတ်၊ သခင်​ဘုရား​ကို ကြောက်ရွံ့​သော​သဘော​အားဖြင့် သူတို့၏​စကား​ကို နားထောင်​ကြလော့” ဟူသော​သမ္မာကျမ်းစာ​၏​သြဝါဒ​ကို သတိရ​စေ​၏။—ကောလောသဲ ၃:၂၂သ​က

ကြောက်​စိတ်​ကို​ဖြေဖျောက်​ခြင်း

သင်သည်​အလုပ်ခွင်​တွင် လူသစ်​ဖြစ်​လျှင် ရက်​ဦး​ပိုင်း​တွင် ကြောက်​စိတ်​ရှိ​မည်​မှာ​မ​ဆန်း​ပါ။ ‘သူတို့ ငါ့ကို​ကြိုက်​မှ​ကြိုက်​ပါ​လေ​စ၊ ဒီ​အလုပ်ကို ငါ​နိုင်​မှ​နိုင်​ပါ့​မလား၊ ငါ့​အလုပ်ကို ကျေနပ်​ကြ​မလား၊ သူတို့ရှေ့ ငါ​လူ​အတစ်ယောက်​မဖြစ်ပါစေနဲ့​လို့​ဘဲ မျှော်လင့်တယ်’ ဆိုပြီး တောင်​တွေး​မြောက်​တွေး တွေးမိ​ပေမည်။ ဤ​နေရာ၌ သင်​သတိထားဖို့​လို​သည်။ သို့​မဟုတ်ပါ​က သင့်​ကြောက်​စိတ်​က သင့်​အကောင်းမြင်​သဘောကို တစ်​တိ​တိ ကိုက်​ဖျက်​လိမ့်​မည်။

သင်သည် သင့်​ကုမ္ပဏီ​အကြောင်း သိ​သ​ထက်​သိအောင် လေ့လာခြင်း​အားဖြင့် မြန်မြန်ဆန်ဆန်​အံဝင်ဂွင်ကျ​ပြီး ကြောက်​စိတ်​ပြ​ယ်​စေနိုင်​သည်။ ကြည့်​ပါ။ နားထောင်ပါ။ ဖတ်ရှု​ပါ။ လျော်​ကန်​သော​အချိန်၌ ကိုယ့်​လုပ်ငန်း​ပိုင်း၊ ကိုယ့်​လုပ်ဆောင်ပုံ​တို့​နှင့်​ပတ်သက်ပြီး ကြီးကြပ်သူ​အား မေးမြန်းပါ—လူရှေ့​သူ​ရှေ့​အူ​ကြောင်​ကြောင်​ဖြစ်​မည်​မဟုတ်ပါ။ ကိုယ့်​ကိုယ်ကို​လည်း​မေးကြည့်ပါ။ ‘ငါ့​အလုပ်ဟာ ငါ့​ဌာန​ပိုင်း​မှာ ဘယ်လို​ဂွင်​ကျ​သလဲ၊ ကုမ္ပဏီ​ရဲ့​ရည်မှန်းချက်​ထဲမှာ ဘယ်လို​အံဝင်​သလဲ။’ ရရှိသော​အဖြေ​များသည် သင့်​အား​အလုပ်​ဆိုင်ရာ​အကျင့်ကောင်း​များ မွေးမြူ​စေ​သည်​သာမက အလုပ်​၌​ကျေနပ်မှု​ကို ခံစား​စေနိုင်​လိမ့်​မည်။

လုပ်ဖော်​လုပ်​ဖက်​များနှင့် သင့်သင့်မြတ်မြတ်​ရှိ​ခြင်း

လုပ်ငန်း​မှန်သမျှ လူမှု​ဆက်ဆံ​ရေး​နှင့်​မကင်း​ချေ။ အခြား​သူများ​နှင့် ကောင်းသော​ဆက်ဆံ​ရေး​ရှိ​မှ​သာ အလုပ်​မြဲ​နိုင်​သည်။ “တတ်နိုင်​သမျှ​အတိုင်း လူအပေါင်း​တို့​နှင့်​အသင့်အတင့်​နေကြ​လော့။” (ရောမ ၁၂:၁၈) သို့ပြု​လျှင် မလို​အပ်သော ကတောက်ကဆတ်​ဖြစ်​ခြင်း၊ အလုပ်ခွင်​တွင် ပဋိပက္ခ​ဖြစ်​ခြင်း​ရှိတော့မည်​မဟုတ်။

တစ်ခါတစ်ရံ သင့်​လုပ်ဖော်​လုပ်​ဖက်​များ​၏ နောက်ခံ​နှင့်​ဥပဓိရုပ်​သည် သင်​နှင့်​အခြား​နား​ကြီး ခြားနား​လျက်​ရှိ​ချင်​ရှိ​မည်။ သို့သော် မိမိ​နှင့်​မတူ​သည့်​လူကို နိမ့်ကျ​သည်​ဟု​မထင်​လိုက်ပါ​နှင့်။ သူ၌ အများ​နှင့်​မတူ တစ်မူထူး​ခြား​နိုင်သော​အခွင့်အရေး​ရှိသည်​ဖြစ်​ရာ ၎င်းကို​လေးစားပါ။ မ​ခန့်​မ​ငြား​ဆက်ဆံခြင်း​ကို မည်သူမျှ​မလိုလား​ပါ။ တစ်ပြား​မတန် ဆက်ဆံခံရ​သလို​ခံစားရ​ပါ​သည်။ လူမှန်​သမျှ အခြားသူများ​၏​တလိုတလား​ဆက်ဆံခြင်း—လူ​လို​သူလို​ဆက်ဆံခြင်း​ကို ခံ​လို​သည်​ချည်း​ပင်။ သင့်​လုပ်ဖော်ကိုင်ဖက်​များနှင့် အလုပ်ရှင်​အား လေးစား​စွာ​ဆက်ဆံခြင်း​ဖြင့် သူတို့၏​တန်ပြန်​လေးစားမှုကို ရယူပါ။

အတင်းအဖျင်း​ကို​ရှောင်

စဲလ် ဤသို့​ဆို​၏– “အတင်းအဖျင်း​ပြော​ခြင်း​သည် ဆိုးသော​ကျော့ကွင်း​ဖြစ်သည်။ အလုပ်ရှင်​နှင့်​အခြားသူများ မိမိ​ပေါ်​အထင်အမြင်​သေး​စေ​သည်။” တစ်ဆင့်​စကား​တစ်ဆင့်​ကြား​ခြင်း (အင်္ဂလိပ်​ဘာသာ​အရ၊ စပျစ်​ပင်​သည် အကောင်းဆုံး​သတင်း​ဌာန​မဟုတ်။ သင့်​လက်​သို့ စပျစ်​ချ​ဉ် နာကြည်း​ရွံမုန်း​စ​ရာ​များ) ရောက်လာဖို့​ပင် အကြောင်း​ဖန်တီး​နိုင်​သည်။ ၎င်း​စပျစ်​ပင်​ပေါ်​မှ အသီးများ​သည် များသောအားဖြင့် တစ်​ဆိတ်​ကိုတစ်​အိတ် လုပ်ထား​သော စကား​များ​ဖြစ်​ပြီး သူတစ်ပါး​အသရေ—ကိုယ့်​အသရေ ပျက်ယွင်း​စေ​သည်။ ထို့​ကြောင့် အတင်းအဖျင်း​ပြော​ချင်​သော​အာသာ​ကို ငြိမ်းသတ်​လိုက်ပါ။

တစ်ချိန်​လုံး​အပြစ်​ပြော​နေသူကို မည်သူမျှ​မနှစ်သက်​ဆို​သည်ကို​လည်း မမေ့​ပါ​နှင့်။ လုပ်ငန်းခွင်​၌ တစ်စုံတစ်ခု​ကြောင့် စိတ်​အနှောင့်အယှက်​ဖြစ်​လျှင် စပျစ်​ပင်​မှ​တစ်ဆင့် အသံ​မ​လွှင့်​ပါ​နှင့်။ အုပ်ချုပ်​မှူး​ထံ​တင်ပြ​ပါ။ သို့ရာတွင် သူ့​ရုံးခန်း​ထဲ​သို့​ဒေါသတကြီး​နှင့်​မဝင်​ပါ​နှင့်။ နောက်ပိုင်း၌ စိတ်​လိုက်​မာန်​ပါ ပြော​မိ​သော​စကား​များ​အတွက် သံ​ဝေ​ဂ​ရ​ပါ​လိမ့်​မည်။ ပုဂ္ဂိုလ်ရေး​ထိခိုက်အောင်​လည်း မပြော​ပါ​နှင့်။ ဖြစ်ရပ်မှန်​အတိုင်းသာ​ပြောဆို​ပါ။ ပြဿနာ​ကို​ရှင်းလင်း​တင်ပြ​စဉ် အတတ်နိုင်ဆုံး ရှင်းလင်း​၍ ရိုးသားမှု​ရှိပါစေ။ ‘ဆရာ့​ဆီ​အကူအညီ​တောင်း​ပါ​ရစေ၊’ ‘ကျွန်တော်​မှား​ချင်​လဲ​မှား​မယ်၊ ဒါပေမဲ့၊ ကျွန်တော်​ဟာ ... နဲ့​ပတ်သက်ပြီး ဒီလို​ခံစားရ​ပါ​တယ်’ စ​သော​စကား​ဖြင့် အစချီ​နိုင်​ပါ​သည်။

အချိန်​တိကျမှု​သည်​အရေးကြီး​၏

အလုပ်​မ​မြဲ​ခြင်း​၏​အဓိက​အကြောင်းရင်း​နှစ်ခု​မှာ အလုပ်​နောက်ကျ​၍​လာ​ခြင်း​နှင့် အလုပ်​ရက်​ပျက်ကွက်ခြင်း​ပင်​ဖြစ်သည်။ စက်​မှု​လက်မှု​ထွန်းကားသော မြို့ကြီး​တစ်မြို့​အတွက်​လုပ်ဆောင်​သော လုပ်ငန်း​နှင့်​သင်တန်း​ဒါရိုက်တာ​တစ်ဦး​က လူငယ်​အလုပ်သမား​များနှင့်​ပတ်သက်ပြီး ဤသို့​ဆို​သည်– “သူတို့ဟာ မနက်​အိပ်ရာထ​တဲ့​အကျင့်၊ အမိန့်​နာခံ​တတ်​တဲ့​အကျင့် ရအောင်​သင်ယူဖို့​လို​ပါ​တယ်။ ဒါတွေကို​မှ​တတ်​အောင်​မသင်​နိုင်​ရင် အလုပ်​လက်မဲ့​ရောဂါ​နာတာရှည်​ဘဝနဲ့​ပဲ စခန်း​သွား​ကြ​ရမှာပဲ။”

စဲလ်​သည် အချိန်​အတိအကျ​လုပ်ကိုင်​ခြင်း​သင်ခန်းစာ​ကို ခဲ​ရာ​ခက်ဆစ် သင်ယူ​ခဲ့​သည်။ “ကျွန်တော်​ဟာ အလုပ်​နောက်ကျ​လာတဲ့​အကျင့်​ကြောင့် သုံးလ​နဲ့​ပဲ ပထမ​အလုပ်ပြုတ်​ခဲ့​ရတယ်။ အဲ​သလို​အလုပ်ပြုတ်​ခဲ့​တော့ တခြား​အလုပ်ရှာ​ဖို့​ပို​ခက်​သွားတာ​ပေါ့။” စဲလ်​ခမျာ​သက်ပြင်းချ​၍ ထိုသို့​ပြော​ခဲ့​ရှာ​သည်။

ရိုးသားမှု​၏​တန်ဖိုး

အလုပ်သမား​ရှာဖွေ​စုဆောင်းသူ​ဂျုံး​က “ရိုးသားမှု​သည်​လူကို​အလုပ်​မြဲ​ရန် အကူအညီ​ပေး​ပေ​သည်” ဟု​ဆို​၏။ ရိုးသား​သည်​ဆို​ရာ​မှာ ပစ္စည်း​မခိုး​ရုံ​တ​မယ်​သာ​မဟုတ်၊ အလုပ်ခွင်​အတွင်း လွန်လွန်​မင်း​မင်း​ရပ်နား​ကာ အချိန်ကို​ခိုး​သည့်​အလုပ်​မျိုးကို မ​လုပ်ရန်​လည်း​ဖြစ်သည်။ ရိုးသား​သော​အလုပ်သမား​ကို လူ​တို့​တန်ဖိုး​ထား​၏။ အားထား​ယုံကြည်​၏။ ဥပမာ၊ သီးသန့်​အဝတ်​အထည်​စ​တိုး​တစ်ခု​၌​လုပ်ကိုင်​သော ယေဟောဝါသက်သေ​ခံ​လူငယ်​တစ်ဦး​သည် ရိုးသား​သူ​ဟူသော နာမည်​ကောင်း​ရထား​ပေ​သည်။

သူ​ဤသို့​နောက်ကြောင်းပြန်​၏– “တစ်နေ့၊ မန်နေဂျာ​ဟာ ကုန်​လှောင်​ခန်း​ထဲ​က အဝတ်​တစ်ထည်​ထဲမှာ ပစ္စည်း​တစ်ခု​ဖွက်​ထား​တာ​ကို တွေ့​လိုက်ရတယ်။ စ​တိုး​အလုပ်သမား​တစ်ယောက် ပစ္စည်း​ခိုး​နေတာပဲ။ အလုပ်ဆင်း​ချိန်မှာ ကျွန်တော် မန်နေဂျာ​ရုံးခန်း​ကို​သွားတော့ မမျှော်လင့်​ဘဲ အလုပ်သမား​အားလုံး​ကို​တွေ့​လိုက်ရတယ်။ သူတို့​အားလုံး​ကို စစ်ဆေး​ဖို့​ခေါ်ထား​တာ​ဖြစ်တယ်။ ကျွန်တော်​တစ်ယောက်​ထဲ အစစ်​အ​ဆေး​မခံခဲ့​ရ​ဘူး။”

ခရစ်ယာန်​လူငယ်​တော်​တော်​များများ အလားတူ​တွေ့ကြုံ​မှု​မျိုး​ရှိခဲ့​ကြ​ပြီး အများ​တကာ တန်ဖိုး​ထားသော အလုပ်သမား​များ ဖြစ်​ခဲ့​ကြ​ပေ​သည်။ ထို့​ကြောင့်၊ အလုပ်ကို​ကြိုး​စား၍​ရှာပါ။ ဇွဲ​မပျက်​နှင့်။ လက်မလျှော့​နှင့်။ အပင်ပန်းခံ​ရှာ၍ အလုပ်ကို​ရသောအခါ အားကြိုးမာန်တက်​အလုပ်​လုပ်ပြီး​မြဲမြဲကိုင်​စွဲ​ပါ​လေ။

ဆွေးနွေး​ရန်​မေးခွန်းများ

◻ကျောင်း​အလုပ်​သည် လုပ်ငန်း​ရှာဖွေ​ရာ​၌ မည်သို့​အကျိုး​သက်ရောက်​စေနိုင်​သနည်း။

◻အလုပ်အကိုင်​ရှာဖွေ​ရာ​၌ အဘယ်ကြောင့်​ဇွဲရှိ​ဖို့ အရေးကြီး​သနည်း။

◻အဘယ်​နေရာများ​၌ အလုပ်​ရှာဖွေ​နိုင်​ပြီး အဘယ်သူ​များနှင့်​တိုင်ပင်​နိုင်​သနည်း။

◻အလုပ်​အင်တာဗျူး​ဝင်​ခြင်း​နှင့်​ပတ်သက်​၍ အဘယ်​အကြံဉာဏ်​များ​ရှိ​သနည်း။

◻အလုပ်​အ​ဖြုတ်​မခံ​ရအောင် သင့်ကို​သင် မည်သို့​ကာကွယ်​နိုင်​သနည်း။

[စာမျက်နှာ ၁၆၆ ပါ​အကျဉ်း​ဖော်ပြချက်]

“အရေး၊ အဖတ်၊ အပြော ကောင်းစွာ​တတ်မြောက်​အောင် သင်ကြား​ထား​ဖို့ အရေးကြီးကြောင်း အထူး​အလေးအနက် ပြော​ရန်​မလိုပါ

[စာမျက်နှာ ၁၇၀ ပါ​အကျဉ်း​ဖော်ပြချက်]

“‘ငါ့​အလုပ်ဟာ အလုပ်ရှာ​ဖို့​ပဲ’ ဆိုပြီး ကိုယ့်​ကိုယ်ကို​သတိပေး​ပါ​တယ်”

[စာမျက်နှာ ၁၆၈ ပါ​လေးထောင့်ကွက်​နှင့် ရုပ်ပုံ]

အလုပ်​အင်တာဗျူး​ဖြေခြင်း

“အဦးဆုံး​သော​ထင်မြင်​ပုံ​သည် အဓွန့်ရှည်​သော​ထင်မြင်​ပုံ​ဖြစ်​ကြောင်း အလုပ်​အင်တာဗျူး မဝင်​မီ​ကတည်းက သတိရပါ၊” အလုပ်​ဆိုင်ရာ​အကြံပေး က​လစ်​လ​န်​ဂျုံး​က ထိုသို့​အကြံပေး​၏။ အင်တာဗျူး​သို့ ဂျင်း​နှင့် ကင်​ဗတ်​ရွက်ဖျင်​ဖိနပ် ဝတ်ဆင်​၍​မသွား​မိ​ရန် သူ​သတိပေး​၏။ သပ်ရပ်​သန့်ရှင်းမှုကို​လည်း သူ​အထူးပြု​၏။ အလုပ်ရှင်​များ​က လူတစ်ယောက်​သည် ဝတ်စား​သည့်​ပုံစံ​အတိုင်း အလုပ်လုပ်​လိမ့်​မည်​ဟု ယူမှတ်​ကြသည်။

ရုံး​အလုပ်​လျှောက်​သောအခါ ရုံး​သား​နှင့်​တူ​အောင် ဝတ်ဆင်​သွားပါ။ စက်ရုံ​လုပ်ငန်း​လျှောက်ထား​လျှင် သန့်ရှင်း၍ မီး​ပူ​တိုက်​ထားသော​ရှ​ပ်​ကို​ဝတ်​ပါ။ ဖိနပ်​လည်း​သပ်သပ်ရပ်ရပ်​ရှိပါစေ။ အမျိုးသမီး​ဖြစ်​လျှင် ဣန္ဒြေရရ ဝတ်ဆင်ပါ။ အလှ​ဆီ​များ​ကို တော်​သင့်​သလော​က်​သာ သုံးစွဲ​ပါ။ ရုံး​လုပ်ငန်း​အတွက်​လျှောက်​လျှင် ခေတ်​မ​ဆန်​လွန်း​ဘဲ ရုံး​အလုပ်​နှင့်​လိုက်ဖက်​စွာ​ဆင်ယင်​ပါ။

တစ်ယောက်တည်း​သွား​ရန်​ဂျုံး​က​သတိပေး​ပါ​သည်။ မိခင်​နှင့်​သူငယ်ချင်းများ​ကို​ပါ ခေါ်​သွားပါ​က အလုပ်ရှင်​က သင့်​အား​လူ​လား​မ​မြောက်​သေး​ဟု ယူမှတ်​လိမ့်​မည်။

‘အလုပ်ရှင်​က မင်း​မှာ​အလုပ်​ပိုင်း​ဆိုင်ရာ​တွေ့ကြုံ​မှု​ရှိရဲ့လား ဆိုပြီး​မေး​ရင် ဘယ်လို​ဖြေ​ရ​ပါ​လိမ့်’ ဟူ၍ သင်​တွေးတော​မိ​မည်။ မ​ဖြီးဖြန်း​ပါ​နှင့်။ ချဲ့​၍​ပြော​လျှင် အလုပ်ရှင်​လည်း ထိုးထွင်း​မြင်နိုင်​ပါ​သည်။ ရိုးသားပါ။

ပထမ​အလုပ်အကိုင် “အစစ်” ကို​ရှာနေ​သည်​ပဲ​ထား၊ သင်၌​ယခင်​က​လုပ်ငန်း​တွေ့ကြုံ​မှု ရှိ​နှင့်​ပြီ​ဖြစ်​ကြောင်း သင်​သိချင်​မှ​သိမည်။ နွေ​ရာသီ​အလုပ်လုပ်​ခဲ့​ဘူး​သလော။ ကလေး​ထိန်း​ဘူး​သလော။ အိမ်အလုပ်​တစ်ခုခု​ကို အမြဲ​တာဝန်​ယူ၍​လုပ်ခဲ့ဘူး​သလော။ ဝတ်ပြုရာ​ဌာန​၌ တာဝန်​တစ်ခုခု​ကို​ထမ်းရွက်​ခဲ့​ဖူး​သလော။ လူရှေ့​သူ​ရှေ့​ဟောပြောခြင်း သင်တန်းတက်​ခဲ့​ဘူး​သလော။ ယင်း​အချက်အလက်​များ​ကို အင်တာဗျူး​တွင် ဖြေဆို​၍​ဖြစ်စေ၊ ကောက်နုတ်​ချက်​၌​ထုတ်​သွင်း​ဖော်ပြ​၍​ဖြစ်စေ၊ သင်သည် တာဝန်​ထမ်းဆောင်​နိုင်​သူ​တစ်ဦး​ဖြစ်​ကြောင်း သက်သေထူ​နိုင်​ပါ​သည်။

အလုပ်ရှင်​သိ​လို​သော​အခြား​အချက်​တစ်ချက်​မှာ သင့်​အနေ​နှင့် ကုမ္ပဏီ​နှင့် လျှောက်ထား​သော​အလုပ်​ပေါ် မည်မျှ​တိုင်​စိတ်ဝင်စား​သည် ဟူ​သည့်​အချက်​ပင်​ဖြစ်သည်။ မိမိသည် ၎င်း​အလုပ်ကို​လုပ်​လို​ကြောင်း၊ လုပ်နိုင်​ကြောင်း သူတို့​ယုံ​အောင်​ပြု​ဖို့​လို​သည်။ “ဒီ​အလုပ် ငါ့​အတွက်​ဘာ​အကျိုးရှိ​လို့လဲ” ဟူသော​သဘော​မျိုးကို​ပြ​လျှင် သင့်​အား​မေးမြန်း​သော​သူသည် သင့်​အပေါ်​စိတ်ဝင်စား​တော့​မည်​မဟုတ်။

အချိန်ပြည့် သို့​မဟုတ် အချိန်ပိုင်း​အလုပ်​ရ​ရန် လျှောက်ထား​ခြင်း​သည်​ခက်ခဲ​သော်လည်း အောင်မြင်​နိုင်​ပါ​သည်။ ထို့ပြင်၊ ၎င်း​အလုပ်ကို​သုံးပြီး အခြားသူများ​အား​ကူညီ​နိုင်​လျှင် ကျေနပ်​ရောင့်ရဲမှု​ကို လစာ​အပြင် အခွင့်အရေး​များ​အဖြစ်ပင် ရယူ​ခံစား​နိုင်​ပေမည်။

လုပ်​အင်တာဗျူး​ဖြေ​သောအခါ မည်သို့ပြု​ရန်

လူကြီး​လို​နေပါ။ အလုပ်​သဘောဖြင့်​ကိုင်တွယ်​ပါ။ အလုပ်ရှင်​ကို​လေးစား​စွာ နှုတ်​ခွန်း​ဆက်​ပါ။ သူ့​အား “မစ္စတာ (ဦး)” မည်သူ​မည်ဝါ​ဟု​ခေါ်​ပါ။ “ဂျက်၊” “ဘတ်​ဒီ၊” သို့​မဟုတ်၊ “ပဲ​လ်” ဆိုပြီး ရင်းနှီး​သည့်​သဘောဖြင့် သူ့​နာမည်​ကို မ​ခေါ်​ပါ​နှင့်။

ထိုင်ခုံ​တွင် မတ်​မတ်​ထိုင်​ပါ။ ခြေစုံ ကြမ်းပြင်​ပေါ်​ရှိပါစေ။ ဖျတ်လတ်​သော​အကြည့်​ရှိပါ။ ကြို၍​စီစဉ်​ထား​လျှင် တည်ငြိမ်​၍ သက်သောင့်သက်သာ​ရှိ​မည်။

စဉ်းစား​ပြီး​မှ​မေးခွန်း​ကို​ဖြေပါ။ ယဉ်ကျေး၊ တိကျ​မှန်ကန်၊ ရိုးသား​၍ ပွင့်လင်းမှု​ရှိပါစေ။ အပြည့်အစုံ​ဖြေကြား​ပါ။ ကြွားလုံး​မ​ထုတ်​နှင့်။

မှတ်ချက်​စာရွက်​တစ်​ရွက်​တွင် လုပ်ခဲ့​သည့်​အလုပ်၊ နေ့စွဲ၊ လစာ၊ လုပ်ကိုင်​သည့်​အလုပ်​အမျိုးအစား​နှင့် အလုပ်​ထွက်​ခဲ့​ရခြင်း​အကြောင်းရင်း​တို့ကို ရေးမှတ်​သွားပါ။

မိမိ​တက်​ခဲ့​သည့်​သင်တန်း​နှင့် အလုပ်​အတွေ့အကြုံ​တို့​က မိမိ​လျှောက်ထား​သော​အလုပ်​အတွက် မည်သို့​အထောက်အကူ​ပြု​မည်​ကို ရှင်းလင်း​တင်ပြ​ရန်​အသင့်ရှိ​ပါ။

ထောက်ခံသူ​များ​အဖြစ်၊ သင့်​အကြောင်း၊ သင့်​အလုပ်​အကြောင်း​သိ​ရှိ၍ အားထား​လောက်​သော ပုဂ္ဂိုလ်​သုံးဦး​၏​အမည် (နှင့်​လိပ်စာ​အပြည့်အစုံ) ကို​ပေး​ပါ။

ကိုယ့်​ကိုယ်ကို​စိတ်ချမှု​ရှိပါ။ တက်ကြွ​မှု​ရှိပါ။ သို့သော် မ​ဖြီးဖြန်း​နှင့်။ သဒ္ဒါ​ကျ​ကျ စကား​ပီပီ ပြောဆို​ပါ။ စကား​အပြော​မများ​နှင့်။

အာရုံ​စူးစိုက်​နားထောင်ပါ။ ယဉ်ကျေး​၍​လိမ္မာ​ပါးနပ်​ပါ။ အရေး​အကြီးဆုံး​ကား သင့်​အလုပ်ရှင်​လောင်း​နှင့် အငြင်းအခုံ​မဖြစ်​နှင့်။

အလုပ်ရှင်​သည် ယခု​အလုပ်​တွင် သင် မည်မျှ​သင့်တော်​မည်​ဆို​သည့်​အချက်​ကို​သာ စိတ်ဝင်စား​သည်။ သင့်ကိုယ်​ရေး​ကိုယ်တာ​ပြဿနာ၊ အိမ်​နှင့်​ငွေ​ရေး​ကြေး​ရေး​ပြဿနာ​အကြောင်း မပြော​ပါ​နှင့်။

အလုပ်​ရမည့်​အလားအလာ​မ​ရှိလျှင်၊ နောက်နောင်​တွင် ကုမ္ပဏီ​၌​ပေါ်ပေါက်​ဖို့​အကြောင်း​ရှိသော အလုပ်​နှင့်​ပတ်သက်​၍ အကြံဉာဏ်​တောင်း​ပါ။

အင်တာဗျူး​ပြီးလျှင်ပြီးချင်း အလုပ်ရှင်​ထံ ကျေးဇူး​တင်​စာတို​တို​ရေးပို့​ပါ။ *

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 64 ပင်ရင်း​နယူးယောက်​ပြည်နယ် အလုပ်အကိုင်​ချထား​ရေး​ရုံး ဘရိုရှာ အလုပ်ရှင်​ထံ “သင့်ကိုယ်ကို​ရောင်းချ” နည်း

[စာမျက်နှာ ၁၆၇ ပါ​ရုပ်ပုံ]

ကျောင်း​၌​သင်ကြား​ခဲ့​သည့် အတတ်ပညာ​များသည် တစ်နေ့​သောအခါ သင့်​လုပ်ငန်း​အတွက်​အဖိုးတန်​ပစ္စည်း​ဖြစ်လာ​နိုင်​သည်