ငါလက်ထပ်ဖို့ အသင့်ရှိပြီလား
အခန်း ၃၀
ငါလက်ထပ်ဖို့ အသင့်ရှိပြီလား
အိမ်ထောင်ပြုခြင်းဟူသည် ကစားစရာမဟုတ်။ လင်နှင့်မယား ရာသက်ပန်ပေါင်းသင်း၍ အခြားအဘယ်လူသားထက်မဆိုရင်းနှီးဖို့ ဘုရားသခင်ရည်ရွယ်တော်မူ၏။ (ကမ္ဘာဦး ၂:၂၄) သို့ဖြစ်၍ အိမ်ထောင်ဖက်ဟူသည်—အသက်ထက်ဆုံး—မခွဲတမ်းပေါင်းဖော်ရမည့်သူဖြစ်၏။
မည်သည့်အိမ်ထောင်မဆို၊ အနည်းနှင့်အများ “ဝေဒနာနှင့်ပူဆွေးမှု” ရှိမည်သာ။ (၁ ကောရိန္သု ၇:၂၈၊ အင်္ဂလိပ်ကျမ်းစောင်သစ်) သို့ရာတွင် အမူအကျင့်သိပ္ပံပါမောက္ခ မာစီ လာစ်ဝဲလ်က ဤသို့သတိပေး၏– “အိမ်ထောင်တစ်ခု တည်မြဲမည်မတည်မြဲမည်နှင့်ပတ်သက်၍ စောဒကမတက်အတည်ပြုလက်ခံသော အချက်တစ်ချက်ရှိသည်ဆိုလျှင်၊ ၎င်းအချက်မှာ အလွန်နုပျိုစဉ် အိမ်ထောင်ပြုသူများသည် ပြဿနာပေါင်း သောင်းခြောက်ထောင်ရင်ဆိုင်ရမည် ဟူ၍ပင်ဖြစ်သည်။”
အဘယ်ကြောင့် ဤမျှများပြားလှသော သက်ငယ်အိမ်ထောင် မအောင်မြင်သနည်း။ သင့်အနေနှင့် အိမ်ထောင်ပြုရန်အသင့်ရှိမရှိ ဆုံးဖြတ်ရာ၌ အထက်ပါမေးခွန်း၏အဖြေသည် အလွန်အရေးပါပေမည်။
ကြီးမားလှသော မျှော်လင့်ချက်
မြီးကောင်ပေါက်မိန်းကလေးတစ်ဦးက ဤသို့ဝန်ခံ၏၊ “အိမ်ထောင်ရေးနဲ့ပတ်သက်လို့ ကျွန်မတို့ဘာဆိုဘာမှ မသိခဲ့ကြဘူး။ ထင်သလိုသွား၊ ထင်သလိုလာ၊ ကြိုက်သလိုလုပ်၊ ပန်းကန်ဆေးချင်ရင်ဆေး၊ မဆေးချင်ရင်လဲ ရတယ်လို့ထင်ခဲ့တယ်။ တကယ်တမ်းကျတော့ ဒီလိုမဟုတ်ပါလား။” လူငယ်တော်တော်များများ အိမ်ထောင်ရေးနှင့်ပတ်သက်၍ ထိုသို့သော ကလေးဆန်သည့်အမြင်ရှိကြ၏။ ချစ်ဗိမာန်ဆောက်သည်ဟုထင်မှတ်ကြသည်။ လူကြီးပုံဖမ်းလို၍ စုလျားရစ်ပတ် လက်ထပ်ကြခြင်းလည်းဖြစ်နိုင်သည်။ အချို့မှာ အိမ်၊ ကျောင်း သို့မဟုတ် အသိုင်းအဝိုင်း၌ ရင်ဆိုင်ရသောအခြေအနေဆိုးမှ လွတ်မြောက်လိုသည့်အတွက်သာဖြစ်သည်။ မိန်းကလေးတစ်ဦးက မိမိနှင့်စေ့စပ်ထားသူအား ဤသို့ရင်ဖွင့်ခဲ့သည်– “ကျွန်မတို့လက်ထပ်တဲ့အခါ ကျွန်မသိပ်ဝမ်းသာမှာပဲ။ ဦးနှောက်ခြောက်ခံပြီး ဘာဆုံးဖြတ်ချက်မှ ချစရာလိုတော့မှာမဟုတ်ဘူး!”
သို့သော် အိမ်ထောင်ပြုခြင်းသည် စိတ်ကူးယဉ်မဟုတ်၊ ပြဿနာအတွက် ၉၆ ပါးရောဂါပျောက်ဆေးလည်းမဟုတ်။ ၎င်းအစား၊ အသစ်သောပြဿနာတစ်စုံ ပေါ်ပေါက်စေသည်။ အသက် ၂၀ အရွယ်တွင် ပထမကလေးရခဲ့သောဗစ်ကီက ဤသို့ဆို၏၊ “ဆယ်ကျော်သက်တော်တော်များများ အိမ်ဆောက်တမ်းကစားတဲ့သဘောနဲ့ အိမ်ထောင်ပြုကြတယ်။ ပျော်စရာကောင်းသလိုလိုပဲ! ကလေးကို ချစ်စရာကောင်းတဲ့ ကစားစရာအရုပ်လိုမြင်တယ်။ တကယ်တမ်းကျတော့ အဲဒီလိုမဟုတ်ဘူး!”
လူငယ်များစွာတို့သည် လိင်ဆက်ဆံမှုနှင့်ပတ်သက်၍လည်း လက်တွေ့မဆန်သောမျှော်လင့်ချက်များရှိကြသည်။ ၁၈ နှစ်အရွယ်တွင် အိမ်ထောင်ပြုခဲ့သော လူငယ်တစ်ဦးက ဤသို့ဆို၏– “ကျွန်တော်လက်ထပ်ပြီးတဲ့နောက် လိင်စည်းစိမ်ကြီးဟာ မကြာမီမှာဘဲ ပေါ့ရွှတ်ရွှတ်ဖြစ်သွားတာကိုတွေ့ရတယ်။ ပြီးတော့ ပြဿနာအလုံးလိုက်အခဲလိုက် ဝင်လာတော့တာပဲ။” ဆယ်ကျော်သက်လင်မယားဆိုင်ရာ လေ့လာမှုတစ်ရပ်အရ၊ ငွေရေးကြေးရေးပြီးနောက်၊ အငြင်းပွားမှုအဖြစ်များဆုံးသောပြဿနာမှာ လိင်ဆက်ဆံသည့်ကိစ္စပင်ဖြစ်ကြောင်း တွေ့ရှိရသည်။ တစ်ကိုယ်ကောင်းစိတ်ကင်းမဲ့၍ စိတ်ချုပ်တည်းခြင်းရှိမှသာ ကျေနပ်ဖွယ်မောင်နှံဆက်ဆံရေးရှိနိုင်သည်ဖြစ်ရကား၊ လူငယ်များ ၎င်းအရည်အသွေးများမွေးမြူရန် ပျက်ကွက်တတ်သဖြင့် အဆိုပါပြဿနာဖြစ်ပေါ်ရသည်မှာ အဆန်းမဟုတ်။—၁ ကောရိန္သု ၇:၃၊ ၄။
ထို့ကြောင့် သမ္မာကျမ်းစာက ခရစ်ယာန်များအား “လူငယ့်ပွင့်လန်းစအရွယ်” ကိုကျော်လွန်မှသာ အိမ်ထောင်ပြုရန် ပညာရှိရှိတိုက်တွန်း၏။ (၁ ကောရိန္သု ၇:၃၆) တဏှာဒီရေမြင့်တက်နေစဉ် အိမ်ထောင်ပြုလျှင် အတွေးချော်ပြီး မိမိခင်ပွန်းလောင်း၏အနာအဆာကိုမမြင်နိုင်ဘဲ ရှိတတ်ချေသည်။
တာဝန်ထမ်းရန် အသင့်မဖြစ်သေး
မြီးကောင်ပေါက် သတို့သမီးတစ်ဦးက မိမိလင်သားအကြောင်း ဤသို့ဆို၏– “ခု ကျွန်မတို့လက်ထပ်ပြီးပြီဆိုတော့၊ သူဟာ ဆက်ဆံချင်တဲ့အခါကျမှပဲ ကျွန်မပေါ်စိတ်ဝင်စားတော့တယ်။ သူ့ယောက်ျားသူငယ်ချင်းတွေလောက်ကိုပဲ အရေးကြီးတယ်လို့ သူထင်ပါတယ်။ ... ကျွန်မဟာ သူ့အတွက် တစ်မိုးအောက်တစ်ယောက်ဖြစ်မှာပဲလို့ ထင်မိခဲ့တယ်။ ဒါပေမဲ့ ကျွန်မလှည့်စားခံခဲ့ရပြီ။” ဤအချက်က ငယ်ရွယ်သောယောက်ျားအများ၏ လွဲမှားသောအယူတစ်ခုကို ပေါ်လွင်စေသည်။ ၎င်းအယူမှာ မိမိတို့သည် လင်သားအနေနှင့် ရှေ့ဆက်ပြီးတစ်ကိုယ်ရေသမားပုံစံဖြင့် နေထိုင်သွားလာနိုင်သေးသည်ဟူသော အယူမှားပင်တည်း။
၁၉ နှစ်အရွယ် သတို့သမီးတစ်ဦးက သက်ငယ်မယားအများ ရင်ဆိုင်လေ့ရှိသောပြဿနာတစ်ရပ်ကို ညွှန်ပြခဲ့၏– “အိမ်သန့်ရှင်း၊ ထမင်းချက်တာထက် တီဗွီကြည့်ပြီးအိပ်တာကိုပဲ ကျွန်မလိုလားတယ်။ ကျွန်မယောက္ခမတွေလာတဲ့အခါ ကျွန်မရှက်မိတယ်။ သူတို့အိမ်က အမြဲသန့်လို့ပြန့်လို့၊ ကျွန်မအိမ်ကျတော့ ပွနေတာပဲ။ ကျွန်မ ထမင်းချက်လဲ ညံ့မှညံ့။” မိန်းကလေးတစ်ယောက် အိမ်မှုမနိုင်လျှင် အိမ်ထောင်အတွက် မည်မျှတိုင်ကိုယ်စိတ်ဆင်းရဲရလေခြင်း! (အထက်၌ကိုးကားခဲ့သော) ဗစ်ကီက ဤသို့ဆို၏၊ “အိမ်ထောင်ရေးဆိုတာ ကတိခံဝန်ချက်နဲ့ကင်းတာမဟုတ်ဘူး။ ကစားစရာမဟုတ်ဘူး။ မင်္ဂလာဆောင်တုန်းက ပျော်တာမျိုးကုန်လွန်ခဲ့ပြီ။ နေ့စဉ်နေမှုထိုင်မှုတစ်ရပ် ဖြစ်လာပြီ။ လွယ်တာမဟုတ်ဘူး။”
မိသားစု၏ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် အကြိတ်အနယ် ဝမ်းစာရှာသည့်ကိစ္စကို မည်သို့ပြောမည်နည်း။
ဗစ်ကီ၏အမျိုးသား မာ့ခ်က ဤသို့ပြော၏– “ကျွန်တော်မှတ်မိပါသေးတယ်။ ဦးဆုံးအလုပ်အတွက် ကျွန်တော် မနက် ၆ နာရီ အိပ်ရာထရတယ်။ ‘မလွယ်တဲ့အလုပ်ပါလား။ ဘယ်တော့များမှ လွတ်ငြိမ်းပါ့မလဲ’ ဆိုပြီး တွေးခဲ့မိတယ်။ ပြီးတော့ အိမ်ပြန်လာတဲ့အခါမှာ ဗစ်ကီတစ်ယောက် ငါတစ်နေကုန် ကြုံခဲ့ရတဲ့အဖြစ်ကို နားမလည်ပါလားဆိုပြီးတော့လည်းထင်ခဲ့တယ်။”ငွေရေးကြေးရေးပြဿနာများ
ထိုမှတစ်ဆင့် ငွေတည်းဟူသော လင်မယား အချင်းများသည့်ကိစ္စ ဖြစ်ပေါ်လာသည်။ သက်ငယ်လင်မယား လေးဆယ့်ရှစ်စုံက လက်ထပ်ပြီးနောက် သုံးလအကြာတွင် မိမိတို့ရင်ဆိုင်ရသော ကြီးမားသည့်ပြဿနာမှာ “မိသားစုဝင်ငွေသုံးစွဲသည့်ကိစ္စ” ဖြစ်ကြောင်း ဝန်ခံကြသည်။ သုံးနှစ်လွန်သည့်နောက် အဆိုပါ စုံတွဲများအနက် ၃၇ စုံကိုပြန်၍မေးမြန်းခဲ့သည်။ ဤတစ်ကြိမ်လည်း ငွေပြဿနာ အဓိက—ပို၍ပင် သောကဖြစ်ရကြောင်းသိရှိရသည်! ဘီလ်ဆိုသူက “စိတ်ကျေနပ်ချမ်းသာအောင် လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့ခြမ်းဖို့ ဘယ်တော့မှပိုက်ဆံမလောက်တော့ကာ ဘဝမှာဘာပျော်စရာရှိသေးလို့လဲ။ ... နောက်တစ်ရက်ကူးဖို့တောင် မဖူလုံတော့ ရန်ဖြစ်ပြီးစိတ်ညစ်ကြရတာပေါ့ဗျာ။”
ဆယ်ကျော်သက်တို့သည်အများအားဖြင့် အလုပ်လက်မဲ့ ဖြစ်သူအများဆုံး၊ ဝင်ငွေအနည်းဆုံး။ ယင်းကြောင့် ငွေပြဿနာအများဆုံးရင်ဆိုင်ရ၏။ ရွိုင်းဆိုသူက ဤသို့ဝန်ခံရှာသည်၊ “ကျွန်တော့်အိမ်ထောင်ကို ဝမ်းဝအောင် ကျွန်တော် မကျွေးမွေးနိုင်တဲ့အတွက် ကျွန်တော့်မိဘတွေနဲ့ နေထိုင်ရပါတယ်။ ဆက်ဆံရေး တကယ်ပဲတင်းမာခဲ့ကြတယ်။ အထူးသဖြင့် ကျွန်တော်တို့မှာလဲကလေးတစ်ယောက်နဲ့ကိုး။” နယပုံပြင် ၂၄:၂၇ ဤသို့အကြံပြု၏– “ပြင်အရပ်မှာသင်၏အလုပ်ကိုပြင်လော့။ လယ်တော၌ ကိုယ်အဖို့ပြင်ဆင်လော့။ နောက်မှ သင်၏နေရာအိမ်ကိုဆောက်လော့။” သမ္မာကျမ်းစာခေတ်၌ ယောက်ျားတို့သည် နောင်၌မိသားစုတစ်ခုကိုကျွေးမွေးနိုင်ရန် အလုပ်ကို အားထုတ်၍လုပ်ကိုင်ကြပေသည်။ ယနေ့သက်ငယ်လင်ယောက်ျားများသည် လိုအပ်သောပြင်ဆင်မှုမရှိသဖြင့် မိသားစုကိုကျွေးမွေးထောက်ပံ့ရေးဝန်ပိုးကြီး အလွန်လေးလံသည်ကိုတွေ့ရှိကြရသည်။
သို့သော်၊ ဇနီးမောင်နှံတို့သည် ရုပ်ပစ္စည်းနှင့်ပတ်သက်၍ ကလေးဆန်သောအမြင်ရှိလျှင် အတော်အသင့်ဖြစ်သောဝင်ငွေသော်မှ ငွေပြဿနာကိုပြေလည်စေနိုင်မည်မဟုတ်။ လေ့လာချက်တစ်ရပ်က “ဆယ်ကျော်သက်တို့သည် မိမိတို့မိဘများ အနှစ်နှစ်အလလစုဆောင်းပြီးမှ ဝယ်ခြမ်းနိုင်ခဲ့သော ပစ္စည်းတော်တော်များကို မိမိတို့မိသားစုများအတွက် ချက်ချင်းဝယ်နိုင်ဖို့မျှော်လင့်ကြ” ကြောင်းတင်ပြခဲ့သည်။ အဆိုပါရုပ်ပစ္စည်းစည်းစိမ်ကို မရမနေခံစားလိုခြင်းကြောင့် အကြွေးလည်နစ်ခဲ့ကြသည်။ “စားရန်၊ ဝတ်ရန်” နှင့် တင်းတိမ်သောရင့်ကျက်မှုမရှိရကား အိမ်ထောင်၌ဆင်းရဲခြင်းကိုတိုးပွားစေကြ၏။—၁ တိမောသေ ၆:၈-၁၀။
“ကွာလိုက်လေခြင်း”
မိုရင်း ဤသို့ဇာတ်လှန်၏– “ဒေါန်ကို ကျွန်မချစ်ခဲ့မိတယ်။ သူဟာသိပ်ချော၊ သိပ်သန်မာတဲ့ အားကစားသမားတစ်ယောက်။ နာမယ်လဲကျော်... ကျွန်မတို့အိမ်ထောင် အောင်ကိုအောင်မြင်ရမယ်။” သို့သော် မအောင်မြင်ခဲ့ပါ။ မိုရင်းဤသို့ဆို၏၊ “ဒေါန်ဘာလုပ်လုပ် ကျွန်မအမြင်ကပ်တဲ့အထိ သူ့ကိုမခံမရပ်နိုင်ဖြစ်လာတယ်—သူထမင်းစားတဲ့အခါ နှုတ်ခမ်းစုပ်သပ်တဲ့အသံကိုတောင်မှ ကျွန်မကြားပျင်းတဲ့အထိပါပဲ။ နောက်ဆုံး၊ ကျွန်မတို့နှစ်ယောက် လုံးဝမခံနိုင်တဲ့အထိဖြစ်လာတယ်။” သူတို့၏အိမ်ထောင်သည် နှစ်နှစ်အတွင်းပြိုကွဲခဲ့ရသည်။
အဘယ်ပြဿနာကြောင့်နည်း။ မိုရင်းဤသို့ရှင်းပြ၏၊ “ကျွန်မတို့နှစ်ယောက်ရဲ့ဘဝပန်းတိုင်ဟာ ကွာလိုက်လေခြင်း။ ကျွန်မဟာ အသိချင်းဖလှယ်နိုင်တဲ့လူတစ်ယောက်ကိုလိုအပ်မှန်း ခုမှပဲသိရတော့တယ်။ ဒါပေမဲ့၊ ဒေါန်ရဲ့ဘဝတစ်ခုလုံးဟာ အားကစားပဲ။ကျွန်မ ၁၈ နှစ်အရွယ်တုန်းက သိပ်အရေးကြီးတယ်လို့ထင်ခဲ့တာဟာ ကျွန်မအတွက် ရုတ်ချည်း အဓိပ္ပာယ်မဲ့ဖြစ်သွားတယ်။” လူငယ်များသည် မိမိတို့အိမ်ထောင်ဖက်၌ရှိအပ်သော အရည်အချင်းနှင့်ပတ်သက်၍ ကလေးဆန်ဆန်မျှော်လင့်တတ်သည်။ ရုပ်ရည်ကိုအဓိကထားကြ၏။ နယပုံပြင် ၃၁:၃၀ (သမ) က ဤသို့သတိပေး၏– “ဖွယ်ရာခြင်းသည် လှည့်စား၍ အဆင်းလှခြင်းလည်း အချည်းနှီးဖြစ်တတ်၏။”
မိမိကိုယ်ကို စိစစ်ခြင်း
ဘုရားသခင်အား လေးနက်စွာကတိပြုပြီး ‘နောက်မှ၊ ပြန်လည်စိစစ်’ သောသူကို သမ္မာကျမ်းစာက ဆင်ကန်းတောတိုး ဟုသမုတ်၏။ (သု. ၂၀:၂၅) သို့ဖြစ်၍ အလွန်အရေးကြီးသော အိမ်ထောင်ကတိသစ္စာမဆိုမီ ကျမ်းစာဖြင့် မိမိကိုယ်ကိုစစ်ဆေးလျှင် အဓိပ္ပာယ်မရှိပေလော။ သင့်ဘဝပန်းတိုင်များမှာ အဘယ်နည်း။ အိမ်ထောင်ပြုခြင်းကြောင့် မည်သို့ပြောင်းလဲသွားနိုင်သနည်း။ လိင်ဆက်ဆံခြင်းအတွက်၊ သို့မဟုတ် ပြဿနာကိုရှောင်တိမ်းလိုသည့်အတွက် အိမ်ထောင်ပြုလိုသလော။
ထို့ပြင် လင့်ဝတ်မယားဝတ်ကိုထမ်းရွက်ရန် အဘယ်အထိပြင်ဆင်ထားသနည်း။ အိမ်ထောင်တစ်ခုကိုနိုင်နင်းပြီလော။ အသက်မွေးဝမ်းကျောင်းရှာနိုင်ပြီလော။ သင်သည် တစ်ချိန်လုံးမိဘများနှင့် ပဋိပက္ခဖြစ်နေလျှင် အိမ်ထောင်ဖက်နှင့် သင့်မြတ်စွာပေါင်းသင်းနိုင်မည်လော။ အိမ်ထောင်ရေးနှင့်အတူ လိုက်ပါလာသော စုံစမ်းမှုနှင့်ဒုက္ခများကို ခံရပ်နိုင်မည်လော။ ငွေသုံးစွဲမှု၌ “သူငယ်၏စရိုက်များ” ကိုသင်တကယ်ပင်စွန့်ပစ်ခဲ့ပြီလော။ (၁ ကောရိန္သု ၁၃:၁၁) သင်၌အရည်အချင်း ရှိမရှိ သင့်မိဘများ ပြောစရာများစွာရှိမည်မုချ။
အိမ်ထောင်ရေးသည် သာယာပျော်ရွှင်မှုများစွာပေးနိုင်သလို အခံရခက်ဆုံး ဝေဒနာများကိုလည်း ဖန်တီးနိုင်သည်။ သင်အသင့်ဖြစ်မဖြစ် ဟူသောအချက်ပေါ်များစွာမူတည်၏။ သင်သည် ဆယ်ကျော်သက်သာဖြစ်သေးလျှင် အတန်ကြာစောင့်ဆိုင်းပြီးမှ ရည်းစားထားပါလေ။ စောင့်ဆိုင်းရသည့်အတွက် မနစ်နာနိုင်ပါ။ သင့်အား အသင့်ပြင်ဖို့သာ အချိန်ပေးမည်ဖြစ်သဖြင့် အကယ်၍သင်သည် အိမ်ထောင်ပြုခြင်းတည်းဟူသော အလွန်အရေးကြီးသည့် ရာသက်ပန်ခြေလှမ်းကိုလှမ်းသောအခါ အသင့်ဖြစ်နေမည်တည်း။
ဆွေးနွေးရန်မေးခွန်းများ
◻အချို့လူငယ်များ၌ အဘယ်မရင့်ကျက်သည့်အမြင်မျိုးရှိကြသနည်း။
◻လိင်အတွက်သာ အိမ်ထောင်ပြုခြင်းသည် အဘယ်ကြောင့်လက်တွေ့မဆန်ဟု သင်ယူဆသနည်း။
◻အချို့လူငယ်များသည် လင့်ဝတ်၊ မယားဝတ် ထမ်းရွက်ရန် အသင့်မဖြစ်သေးကြောင်း မည်သို့ သက်သေပြခဲ့ကြသနည်း။
◻သက်ငယ်လင်မယားများ အဘယ်ကြောင့် ငွေရေးကြေးရေးပြဿနာ ရှိတတ်ကြသနည်း။
◻အိမ်ထောင်ဖက်ရွေးချယ်ရာ၌ လူငယ်အချို့ အဘယ်အမှားများပြုခဲ့ကြသနည်း။
◻မိမိအိမ်ထောင်ပြုရန် အသင့်ရှိမရှိနှင့်ပတ်သက်၍ သင့်ကိုယ်သင်အဘယ်မေးခွန်းများ မေးနိုင်သနည်း။ ဤအခန်းပါအချက်အလက်များကို သုံးသပ်ပြီးနောက် သင်သည် အိမ်ထောင်ပြုရန် မည်မျှအထိအသင့်ရှိသည်ဟုထင်သနည်း။
[စာမျက်နှာ ၂၄၀ ပါအကျဉ်းဖော်ပြချက်]
“အိမ်ထောင်တစ်ခု တည်မြဲမည်မတည်မြဲမည်နှင့်ပတ်သက်၍ စောဒကအတည်ပြုလက်ခံသော အချက်တစ်ချက်ရှိသည်ဆိုလျှင်၊ ၎င်းအချက်မှာ အလွန်နုပျိုစဉ် အိမ်ထောင်ပြုသူများသည် ပြဿနာပေါင်းသောင်း ခြောက်ထောင်ရင်ဆိုင်ရမည် ဟူ၍ပင်ဖြစ်သည်။” —အမူအကျင့်သိပ္ပံပါ မောက္ခ မာစီ လာစ်ဝဲလ်
[စာမျက်နှာ ၂၃၇ ပါအကျဉ်းဖော်ပြချက်]
လူငယ် များစွာတို့သည် ဤကလေးများနည်းတူ အိမ်ထောင်ပြုရန် အသင့်မရှိပါ