မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ငါဟာ ချိန်းတွေ့ဖို့အသင့် ရှိပြီလား

ငါဟာ ချိန်းတွေ့ဖို့အသင့် ရှိပြီလား

အခန်း ၂၉

ငါဟာ ချိန်းတွေ့​ဖို့​အသင့် ရှိပြီ​လား

နိုင်ငံ​များစွာ​၌ ချိန်းတွေ့​မှု​ကို အချစ်​အပန်းဖြေ၊ အပျော်​အဖြစ်​သဘောထားကြ​သည်။ သို့ဖြစ်၍ ပုံစံ​အမျိုးမျိုးဖြင့် ချိန်းတွေ့​မှု​ပြု​ကြသည်။ အချို့​သူတို့​အဖို့၊ ချိန်းတွေ့​ခြင်း​သည် အ​ကျ​အ​န စီစဉ်​ထား​သည့် ကိစ္စ​တစ်ရပ်​ဖြစ်၍—ပန်း​လက်ဆောင်၊ ချိုမြိန်​သော​ညစာ​နှင့် ဂွတ်​နို​က်​အနမ်း​များ မပါ​လျှင်​မပြီး​ချေ။ အချို့​သူများ​အဖို့​မူ၊ ကိုယ်​နှစ်သက်သော လိင်​ခြား​သူ​တစ်ဦး​နှင့်အတူ အချိန်​သုံးစွဲခြင်း​သာ​ဖြစ်သည်။ တစ်​ပူး​ပူး တစ်တွဲ​တွဲ နေကြပါ​လျက်​နှင့်၊ ‘တို့​က သူငယ်ချင်း​လို​နေတာပါ’ ဟု ဆို​သော​သူများ​လည်း​ရှိပါ​သေး​သည်။ ချိန်းတွေ့​တယ်လို့​ပဲ​ဆို​ဆို၊ အတူ​သွား အတူ​လာတယ်လို့​ပဲ​ပြောပြော၊ တွေ့ဆုံ​ကြတယ်​လို့​ပဲ​ကင်ပွန်းတပ်​တပ်၊ အဖြစ်​က​တော့ တစ်ခု​တည်း​သာ– ယောက်ျားက​လေး​တစ်ဦး​နှင့် မိန်းကလေး​တစ်ယောက် များသောအားဖြင့် အထိန်းအကွပ်​မပါဘဲ အတူတကွ အချိန်​များစွာ​သုံးစွဲ​၍ ကူး​လူး​ဆက်ဆံ​ပေါင်းသင်း​ခြင်း​သာ​တည်း။

သမ္မာကျမ်းစာ​ခေတ်​၌ ချိန်းတွေ့​သည့်​ဓလေ့​မရှိ။ သို့​တ​စေ၊ ဦးနှောက်​သုံး​လျက် သတိ​တရား​လက်ကိုင်​ထား​ကာ ကျက်သရေ​ရှိ​ရှိ ချိန်းတွေ့​ပါ​က နှစ်ဦး​သား တစ်ဦး​ကိုတစ်​ဦး နည်း​မှန်​လမ်းမှန် သိကျွမ်း​ရန်ပြု​လုပ်​သည့်​နည်း​တစ်ရပ်​ဖြစ်​ပေ​သည်။ ပျော်ရွှင်ဖွယ်​လည်း​ဖြစ်​နိုင်​သည်။ သို့သော် သင့်​အနေ​နှင့် ချိန်းတွေ့​နိုင်ပြီ​ဟု​ဆို​နေခြင်း​လော။

ချိန်းတွေ့​ရန်​ဖိအားပေး​မှု

သင်သည် ချိန်းတွေ့​ရန် စေ့ဆော်​တိုက်တွန်းခြင်း​ခံရ​ကောင်း​ခံရ​ပေမည်။ သင့်​ရွယ်တူ​အများ​လည်း သမီး​ရည်းစား​ထား​ကြ​မည်​ဖြစ်​သဖြင့် သင်သည် လူ​ဆန်း​မ​လုပ်ချင်။ စေတနာ​ပါ​သော အပေါင်းအသင်း​နှင့် ဆွေမျိုး​များ​၏​စေ့ဆော်မှု​လည်း​ဖြစ်ချင်​ဖြစ်​မည်။ ၁၅ နှစ်အရွယ် မေရီ​အန်း ချိန်းတွေ့​ရန်​အခေါ်​ခံရ​စဉ် အဒေါ်​ဖြစ်သူ​က ဤသို့​အကြံပြု​လိုက်​သည်– “နင်​ဒီ​ကောင်လေး​နဲ့​လက်ထပ်​ထပ်​မ​ထပ်​ထပ် ဒီ​ကိစ္စ​နဲ့​ဘယ်လိုမှ​မပတ်သက်​ဘူး။ သမီး​ရည်းစား​ထား​တာ​ဟာ သဘာဝ​ကြီးထွားမှု​တစ်စိတ်​တစ်ပိုင်း​လို့​သာ​ဆို​ရမှာ။ ... ကုန်​ကုန်​ပြော​ရ​ရင်၊ ကောင်လေး​တွေ ကိုယ့်​အနား​လာ​တိုင်း ဝေးဝေး​နှင်​မယ်​ဆိုရင် ကိုယ့်ကို လူ​ကြိုက်​နည်းလာ​မယ်၊ ဘယ်သူကမှ​လာပြီး ချိန်းတွေ့​တော့​မှာ​မဟုတ်ဘူး။” မေရီ​အဲ​န်း ဤသို့​နောက်ကြောင်းပြန်​၏– “အဒေါ်​ပြော​တဲ့​စကား​တွေ ကျွန်မ​ရိုး​တွင်း​ချ​ဉ်​ဆီ​ထဲ​စိမ့်ဝင်​ခဲ့တယ်။ ကျွန်မ​ဟာ အခွင့်ကောင်း​တစ်ခု​ကို လက်လွှတ်​အရှုံး​ခံ​နေတာ​များလား​လို့။ ကိုယ်တော်​ချော​က ကိုယ်ပိုင်​ကား​နဲ့။ ငွေ​လဲ​ပေါ​လို့​ပဲ။ သူနဲ့​သာ​ရည်းစား​ထား​ရင် အရမ်းပျော်​ရမှာပဲ။ သူ့​နဲ့​ချိန်းတွေ့​ရင်​ကောင်း​မလားလို့။”

အချို့​လူငယ်များ​အဖို့​ဆိုလျှင် ရင်းနှီး​ကြင်နာ​မှု ခံစား​လို​သော​ဆန္ဒ​၏​စေ့ဆော်​ခြင်း​ကြောင့် သမီး​ရည်းစား​ထား​လို​ခြင်း​ဖြစ်သည် ၁၈ နှစ်အရွယ် အဲ​န်း​က ဤသို့​ဆို​၏– “ကျွန်မ​ဟာ မေတ္တာနဲ့ လေးမြတ်မှု​ကို ဆာလောင်​နေတဲ့​လူတစ်ယောက်​ပါ။ ကျွန်မ​ဟာ မိဘတွေ​နဲ့​မ​ရင်းနှီး​တော့ ကြင်နာ​ယုယမှု​ရ​လို​ရ​ငြား ပြီး​တော့ ကျွန်မ​ရင်ဖွင့်သံ​ကို နားလည်မှု​အပြည့်အဝ​နဲ့ နားထောင်​မဲ့​လူတစ်ယောက် ရှိ​လို​ရှိ​ငြား ကျွန်မ​ရဲ့​ချစ်သူ​ဘက်​ကို ဦးလှည့်​ခဲ့​ရ​ပါ​တယ်။”

မည်သို့​ဆို​စေ​ကာ​မူ၊ ဆယ်ကျော်သက်​တစ်ဦး​အနေ​ဖြင့် ဖိအားပေး​မှု​ခံရ​ရုံ​နှင့် ရည်းစား​မထားသင့်! အကြောင်းရင်း​တစ်ခု​မှာ၊ ရည်းစား​ထားခြင်း​ဟူသည် ကလေး​ကစားစရာ​မဟုတ်—အိမ်ထောင်ဖက်​ရွေးချယ်​သည့်​ကိစ္စ​ဖြစ်သည်။ အိမ်ထောင်ရေး​ဟုတ်​စ။ အမှန်အတိုင်း​ဝန်ခံ​ရ​လျှင် ရည်းစား​ထားသော​လူငယ်များ​အဖို့ အိမ်ထောင်ရေး​သည် နောက်​ပိတ်​ဆုံး​ကျ​မှ စဉ်းစား​သည့်​ကိစ္စ​ဖြစ်သည်။ သို့ရာတွင်၊ စုံတွဲ​တစ်တွဲ​အနေ​နှင့် မိမိတို့​လက်ထပ်​နိုင် မ​ထပ်​နိုင် ဆို​သည့်​ကိစ္စ​ကို ဆန်းစစ်​ရန်​အတွက်​မဟုတ်လျှင် အခြား​အဘယ်​ခိုင်လုံ​သော​အကြောင်းကို​ပြ​၍ ဤမျှ​တိုင်​အချိန်​သုံးစွဲ​ပြီး​ပေါင်းသင်း​သွားလာ​ရသနည်း။ ရေရှည်​တွက်​လိုက်​သောအခါ အိမ်ထောင်ရေး​အတွက်​မဟုတ်ဘဲ အခြား​အကြောင်းကြောင့်​ရည်းစား​ထား​လျှင် “ပျော်စရာ” ဖြစ်​မည့်​အစား၊ ဒုက္ခ​လှလှ​တွေ့ရ​ဖို့ အကြောင်း​များ​၏။ အဘယ်ကြောင့်​နည်း။

ချိန်းတွေ့မှု​၏​အမှောင်ခြမ်း

တစ်ခု​အနေ​နှင့်​ဆို​ရ​လျှင်၊ လူငယ်များသည် သမ္မာကျမ်းစာ​အခေါ် “လူငယ့်​ပွင့်လန်း​စ​အရွယ်၊” အထိ​နာ​လွယ်​သည့်​သမယ​၌ တည်​ဆဲ​ဖြစ်၏။ (၁ ကောရိန္သု ၇:၃၆က​ဘ) ထို​အချိန်ပိုင်း​တွင် လိင်ဆက်ဆံ​လို​သော​ရမ္မက် လှိုင်းလုံး​လို​တ​လိမ့်​လိမ့်​တက်​လျက်​ရှိသည်။ ၎င်း​သည် ဘာမျှ​မမှား​ပါ။ ကြီးကောင်​င​င်​ခြင်း​၏ တစ်စိတ်​တစ်ပိုင်း​သာ​ဖြစ်၏။

သို့သော်၊ ဤ​နေရာ၌ ဆယ်ကျော်သက်​ချိန်းတွေ့ခြင်း​၏ မဟာ​ပြဿနာ​တစ်ရပ်​ရှိ​နေသည်– မြီး​ကောင်​ပေါက်​တို့သည် လိင်ဆိုင်ရာ​ခံစားချက်​များ​ကို ထိန်းချုပ်​ရာ​၌ အ​ပျံ​သင်​စ​သာ​ဖြစ်၏။ သင့်​အနေ​ဖြင့် လိင်ဆိုင်ရာ​ဘုရားသခင့်​ဥပဒေ​များ​ကို​နားလည်​ပြီး စင်ကြယ်​စွာ​နေထိုင်ဖို့​လည်း တကယ်​ပင်​ဆန္ဒရှိ​မည်​မှန်​၏။ (အခန်းကြီး ၂၃ရှု။) သို့​ပါ​လျက်​ကယ်၊ ဘဝ၏​ဇီဝ​ဆိုင်ရာ​အပိုင်း​က စတင်​ကခုန်​လာပြီ– ကိုယ့်​ဆန္ဒရှိ​သည်​ဖြစ်စေ မရှိ​သည်​ဖြစ်စေ—လိင်​ခြား​သူ​တစ်ဦး​နှင့်အတူ အနေ​များ​လေ​လေ၊ လိင်ဆက်ဆံ​လို​စိတ် ပြင်းပြ​လေ​လေ​ဖြစ်သည်။ (စာမျက်နှာ ၂၃၂-၃ ရှု။) ကျွန်ုပ်​တို့၏​ခန္ဓာကိုယ်​သည် ဤသို့​ပင်​ဆောက်​တည်ထား​၏! နောက်ထပ်​အရွယ်​ကြီးရင့်​၍ ကိုယ့်​ခံစားချက်​များ​ကို ထိန်းချုပ်​နိုင်​သည့်​အချိန်​မရောက်မီ၊ ချိန်းတွေ့ခြင်း​သည် သင့်​အဖို့ မ​နိုင်​မ​နင်း​သည့်​ကိစ္စ​ဖြစ်​နိုင်၏။ ဝမ်းနည်းစရာမှာ လူငယ်​တော်​တော်​များများ တစ်ခါ​သေ​ဖူး​မှ ပျဉ်​ဖိုး​နားလည်​တော့​သည်။

လုလင်​တစ်ဦး​က ဤသို့​ဆို​၏၊ “ကျွန်တော်​တို့ ချိန်းတွေ့​ခါ​စ​တုန်း​က ... လက်​တောင်​မကိုင်​ဘူး။ နမ်း​တောင်​မ​နမ်း​ဘူး။ သူ့​အနားမှာ​နေပြီး သူနဲ့​စကားပြော​ရ​ရုံ​နဲ့​ပဲ​ကျေနပ်​ပြီ။ ဒါပေမဲ့ သူဟာ​သိပ်​ပြီး​ချစ်ခင်​ကြင်နာ​တတ်​ပြီး ကျွန်တော်​နဲ့​ကပ်​နေ​အောင်​ထိုင်​တတ်တယ်။ ကြာ​တော့ ကျွန်တော်​တို့ လက်တွေ​ကိုင်​ပြီး​နမ်း​လာကြတယ်။ ဒါ​ကြောင့် ကျွန်တော်​မှာ​လိင်ဆက်ဆံ​ချင်​တဲ့​စိတ်​ပြင်းပြ​လာတယ်။ ကျွန်တော်​စိတ်​တွေ​ဖောက်​လာတယ်။ ဘယ်လောက်ထိ​လဲ​ဆို၊ သူ့​အနားမှာ​နေပြီး သူနဲ့​စကားပြော​ရုံ​သာ​မဟုတ်​တော့​ဘဲ၊ သူ့ကို​ဖက်ပြီး ထိတွေ့​နမ်းရှုပ်​ချင်စိတ်​ပေါက်​လာတယ်။ ဘယ်လိုမှ​လဲ အာသာမပြေ​နိုင်ဘူး! တကယ့်​တ​ဏှာရူး​ဖြစ်​သွားတာ​ပဲ။ တစ်ခါ​တ​လေ​များ ကိုယ့်​ကိုယ်ကို​အပေါ​စား​လို့​ထင်​ပြီး​ရှက်မိ​တယ်။”

ထို့​ကြောင့် ချိန်းတွေ့​ရာ​က မတရားသော​လိင်ဆက်ဆံမှု​ဖြစ်လေ့​ရှိသည်​မှာ မ​ဆန်း​ပါ။ ရာ​ပေါင်း​များစွာ​သော​ဆယ်ကျော်သက်​များ​ကို စစ်တမ်း​ထုတ်​ကြည့်​ရာ၊ မိန်းကလေး ၈၇ ရာခိုင်နှုန်း၊ ယောက်ျားက​လေး ၉၅ ရာ​ခိုင်​နှိုင်း​က လိင်​ရေး​သည်​ချိန်းတွေ့​မှု​တွင် “အတော်​ကလေး​အရေးပါ​သည်၊ သို့​မဟုတ် အလွန်​အရေးပါ​သည်” ဟု​ယူဆကြ​ကြောင်း​သိရှိ​ရသည်။ သို့ရာတွင်၊ မိန်းကလေး ၆၅ ရာခိုင်နှုန်း၊ ယောက်ျားက​လေး ၄၃ ရာခိုင်နှုန်း​က ချိန်းတွေ့​စဉ်၊ မလိုလား​ပါ​လျက်​နှင့် လိင်ဆက်ဆံ​ခဲ့​သည့်​အခါ​ရှိ​ဖူး​ကြောင်း ဝန်ခံ​ကြသည်!

အသက် ၂၀ အရွယ်​လော်​ရက်​တာ​က ဤသို့​ဇာတ်ကြောင်း​ပြန်​၏– “တစ်ယောက်ကို​တစ်ယောက် တွေ့​ဖန်​များ​လေ​လေ၊ ငြိ​လေ​လေ​ဖြစ်​လာတယ်။ အနမ်း​ဟာ ခြောက်ကပ်​ကပ်​ဖြစ်လာ​တော့ မကိုင်​သင့်တဲ့​နေရာကို ကိုင်တွယ်​လာကြတယ်။ ကျွန်မ​ကို​ကျွန်မ​ရွံ​လွန်းလို့ တုန်လှုပ်​ချောက်ချား​ခဲ့တယ်။ နောက်တော့ ကျွန်မ​ရည်းစား​က ‘အဆုံးအထိ​သွား’ ဖို့​တောင်းဆို​လာတယ်။... ကျွန်မ​လဲ​ဘယ်လို​လုပ်​ရ​မှန်း​မသိ စိတ်​အ​ရှုပ်​ကြီး​ရှုပ်ထွေး​ခဲ့တယ်။ ‘ကျွန်မ​သူ့ကို အလွတ်​မခံနိုင်​ဘူး’ ဆိုတာ​တစ်ခု​ပဲ စဉ်းစား​မိတယ်။ အရမ်း​စိတ်ညစ်​ခဲ့တယ်!”

စုံတွဲ​တိုင်း လိင်ဆက်ဆံမှု​ဖြင့် စခန်း​သိမ်း​ကြသည်​ချည်း​မဟုတ်​သည်​ကား​မှန်​၏; အချို့​စုံတွဲ​များ​က သီ​သီ​ကလေး​သာ​လို​တော့​သည်။ သို့​တ​စေ၊ လိင်ဆက်ဆံ​ချင်​သော​ဆန္ဒ​ကို ထကြွ​စေပြီး​နောက်​မှ အသရေ​ရှိ​ရှိ အာသာပြေ​အောင်​မစွမ်းဆောင်​နိုင်သော​အခါ မည်သို့​ခံစားရ​သနည်း။ မုချ ဆ​တ်​တ​ငံ့ငံ့​ဖြစ်​ရ​ချေ​အံ့။ လိင်​နှင့်​ပတ်သက်​၍​သာ စိတ်ပျက်​ရသည်​မဟုတ်။

စိတ်​လွန်ဆွဲပွဲ

လုလင်​တစ်ဦး၏ ဘေးကျပ်နံကျပ်​အဖြစ်ကို​ကြည့်​ပါ– ‘ကျွန်တော် အစပိုင်း​မှာ ကေ​သီ​ကို သိပ်​ကြိုက်​ခဲ့တယ်။ တစ်ခါ​က သူ့​အနေ​နဲ့​မ​လုပ်သင့်​ဘူးလို့​ယူဆတဲ့​အလုပ်ကို​လုပ်ဖို့ သူ့ကို​ကျွန်တော် ဖျောင်းဖျ​သွေးဆောင်ခဲ့တယ်​ဆိုတာ ဝန်ခံ​ပါ​တယ်။ အခု ကျွန်တော့်​ကို​ကျွန်တော်​ရွံ​လာတယ်။ ဘာကြောင့်လဲ​ဆိုတော့ ကျွန်တော် သူ့​အပေါ်​စိတ်​မဝင်​စား​တော့​ဘူး။ ခု၊ ကေ​သီ​စိတ်​မ​နာ​အောင် ဘယ်လို​လုပ်ပြီး သူ့ကို​အဆက်ဖြတ်​ရ​ကောင်း​မလဲ။ ခက်​တော့​တာ​ပဲ။’ မဟာ​အရှုပ်တော်ပုံ​ပါ​က​လား! သင်​သာ​ကေ​သီ​ဖြစ်​လျှင် မည်သို့​ခံစားရ​မည်​နည်း။

ဆယ်ကျော်သက်​အ​သဲကွဲ​ခြင်း​သည် အဖြစ်​များသော​ရောဂါ​တစ်ပါး။ လူငယ်​တစ်စုံ လက်​တွဲ၍ လမ်းလျှောက်​လာသော​အခါ မြင်ရ​သူ​အဖို့ အားကျစရာ​ဖြစ်သည်​ကား မှန်​၏။ သို့ရာတွင် နောက်​တစ်နှစ် ၎င်း​စုံတွဲ​သည် လက်ထပ်​ဖို့​မဆို​ထား​ဘိ၊ နှစ်​ကိုယ်​တွဲ နွှဲ​နေကြ​ဦး​မည်​ဟု ဆိုနိုင်​ဖို့​အကြောင်း​မည်မျှ​ခိုင်လုံ​သနည်း။ မရှိသလောက်​ပင်။ ဆယ်ကျော်သက်​တို့၏ အချစ်​ဇာတ်လမ်း​သည် အမြဲတမ်း​ဟု​ဆို​ရ​မလောက် ပျက်စီးခြင်း​ဖြင့်​အဆုံးသတ်​ကြ​၏။ လက်ထပ်​ပြီး​ဇာတ်သိမ်း​သည့်​အဖြစ် ရှား​လှ​သည်။ အ​သဲကွဲ​ပြီး ပြည်ဖုံးကား​ချ​သည်​က​များ​လှ​၏။

ပြော​ရမည်​ဆိုလျှင်၊ ငယ်ရွယ်​လွန်း​သည့်​အချိန်၌ သင်၏​ပင်​ကိုယ်​စရိုက်​သည် မတည်ငြိမ်​သေး။ မိမိသည် မည်သူ​မည်ဝါ၊ မိမိ၏​အကြိုက်၊ မိမိ၏​ဘဝ​ရည်မှန်းချက် စ​သည်​တို့​နှင့်​ပတ်သက်​၍ စူးစမ်း​နေဆဲ။ ယနေ့ သင်​စိတ်ဝင်စား​သော​သူသည် နောက်​တစ်နေ့​တွင် ငြီးငွေ့စရာ​ဖြစ်သွား​နိုင်​သည်။ သို့သော် အချစ်​ပန်း​များ ပွင့်​ချင်​သလို​ပွင့်​ဖို့​အခွင့်ပေး​လိုက်​လျှင် တစ်ယောက်​မဟုတ် တစ်ယောက်​တော့ အ​သဲကွဲ​ရ​စ​မြဲ။ သို့ဖြစ်၍ “ချစ်သူ​မိန်းကလေး​နှင့် က​တောက်​က​ဆ​ဖြစ်” ၍​လည်းကောင်း၊ “ချစ်​ရေး​နိမ့်” ၍​လည်းကောင်း လူငယ်​ပိုင်း​ကိုယ့်​ကိုယ်ကို​သတ်​သေခြင်း​ဖြစ်ပွား​နိုင်​ကြောင်း သုတေသန​ပြုချက်​များ​က တင်ပြ​သည်ကို​တွေ့ရ​သည်​မှာ မ​ဆန်း။

ငါ​အသင့်​ဖြစ်​ပြီ​လား

ဘုရားသခင်​က လူငယ်များ​အား ဤသို့​မိန့်တော်မူ၏– “အချင်း​လူပျို [သို့​မဟုတ် မိန်းမပျို]၊ အသက်​ပျို​သောအခါ ပျော်မွေ့​လော့။ အရွယ်​ကောင်း​စဉ်​ကာလ​တွင် စိတ်​ရွှင်လန်းခြင်း​ရှိ​လော့။ ကိုယ့်​စိတ်​အလို​နှင့် မျက်စိ​အလို​သို့​လိုက်​လော့။” လူငယ်များသည် တကယ်​ပင် မိမိတို့ “စိတ်​အလို ... သို့​လိုက်” တတ်ကြ​သည်။ သို့သော် ၎င်း “အလို” များသည် ပျော်စရာ​ထင်​ရသလောက် ကိုယ်​စိတ်​နှစ်ပါး​ဆင်းရဲမှု​ဖြင့် နိဂုံး​ချုပ်​လေ့​ရှိသည်။ ထို့​ကြောင့် သမ္မာကျမ်းစာ​က နောက်​အခန်းငယ်​၌ ဤသို့​ဆက်၍​ဆို​၏– “အသက်​ပျို​ခြင်း​အရာ​နှင့် အရွယ်​ကောင်းခြင်း​အရာ​သည် အ​န​တ္တ​ဖြစ်သော​ကြောင့် စိတ်ဒုက္ခ​နှင့်​ကာယ​ဒုက္ခ​ကို ပယ်ရှား​လော့။” (ဒေသနာ ၁၁:၉၊ ၁၀သမ္မ) “စိတ်ဒုက္ခ” သည် အလွန်​စိတ်​ဆင်းရဲခြင်း​ဖြစ်၏။ “ကာယ​ဒုက္ခ” မှာ ကိုယ်​ပေါ်​ကျရောက်​သော ဘေး​ဥ​ပါ​ဒ်​တစ်မျိုး​ကို​ဆိုလို​နိုင်​သည်။ နှစ်မျိုး​စ​လုံး ဘဝကို​ဒုက္ခ​ပင်လယ်​ဝေ​စေနိုင်​သည်။

သို့ဖြစ်၍ ရည်းစား​ထားခြင်း​ကိုယ်နှိုက်​က ကိုယ်​စိတ်​နှစ်ပါး​ဆင်းရဲခြင်း​၏​တရားခံ​ဟု​ဆို​ရမည်​လော။ ထိုသို့​ဆို​ဖို့​မလိုပါ။ သို့သော် မှားယွင်းသော​ရည်ရွယ်ချက် (‘အပျော်သက်သက်​အတွက်’) သို့​မဟုတ် အသင့်​မဖြစ်သေး​ဘဲ ရည်းစား​ထား​လျှင် ထို​အဖြစ်မျိုး​သို့​ရောက်​နိုင်​သည်! ထို့​ကြောင့် သင့်​အခြေအနေ​ကို​ဆန်းစစ်​ရာ​၌ အောက်ပါ​မေးခွန်း​သည် အထောက်အကူ​ဖြစ်​လိမ့်​မည်။

ရည်းစား​ထားခြင်း​သည် ငါ့ရဲ့​စိတ်​လှုပ်ရှားမှု​ပိုင်း​ဆိုင်ရာ​ကြီးထွားမှု​ကို ဟန့်တား​မည်​လော။ ချိန်းတွေ့​မှု​သည် သင့်​ပေါင်းသင်း​ဆက်ဆံမှု​ကို မိန်းကလေး-ယောက်ျား​ကလေး​ဆက်ဆံ​ရေး​အဖြစ်သို့ ရောက်​သည်​တိုင် ကျဉ်း​ကျုံ့​စေနိုင်​သည်။ ထိုသို့ဖြစ်​မည့်​အစား၊ အခြားသူများ​ပါ ပါဝင်​လာအောင် သင့်​ဆက်ဆံ​ရေး​နယ်ပယ်​ကို​တိုးချဲ့​လျှင် အကျိုးမရှိ​ပေ​လော။ (၂ ကောရိန္သု ၆:၁၂၊ ၁၃ နှိုင်းယှဉ်။) စူ​စ​မ်​အမည်​ရှိ​မိန်းမပျို​တစ်ဦး​က ဤသို့​ဆို​၏– “အသင်းတော်​ထဲ​က သက်ကြီး​ပိုင်း ခရစ်ယာန်​အမျိုးသမီးများ​နဲ့ ရင်းနှီးတဲ့​မိတ်ဆွေ​ဖြစ်အောင် ကျွန်မ​ပေါင်း​တတ်လာ​ပါ​တယ်။ သူတို့မှာ​အဖော်​လိုတယ်။ ကျွန်မ​လဲ သူတို့မှာ​ရှိတဲ့ လူကို​တည်ငြိမ်​စေနိုင်​တဲ့​သြဇာ လိုအပ်​တယ်။ ဒါ​ကြောင့် ကျွန်မ​သူတို့ဆီ ကြုံ​ရင်​ကြုံ​သလို အလည်အပတ်​သွားတယ်။ တစ်ယောက်​နဲ့​တစ်ယောက် ပြော​ကြ​ဆို​ကြ​ရ​ယ်​ကြ​မော​ကြတယ်။ သူတို့နဲ့ ရာသက်ပန်​မိတ်ဆွေ လုပ်နိုင်​ခဲ့တယ်။”

ပျို​ပျို​အို​အို၊ အိမ်ထောင်သည်၊ တစ်ကိုယ်ရေ​သ​မား၊ ယောက်ျား​မိန်း​မ​မရွေး၊ မိတ်​ပေါင်း​စုံ​ထား​လျှင် လိင်​ခြား​သူ​အပါအဝင် လူပေါင်း​စုံ​နှင့်​ဣန္ဒြေရရ ပေါင်းသင်း​တတ်​မည်။ သို့ပြု​ရာ​၌​လည်း ချိန်းတွေ့ခြင်း​ထက် အခက်အခဲ သိသိသာသာ လျော့နည်း​ပါ​လိမ့်​မည်။ ထို့ပြင် အိမ်ထောင်သည်​များနှင့် ပေါင်းသင်း​ဆက်ဆံခြင်း​အားဖြင့် အိမ်ထောင်ရေး​ကို အရှိအတိုင်း ရှုမြင်​နိုင်စွမ်း​ရှိလာ​မည်။ နောင်​၌ သင်သည် အသင့်​ဖြစ်သည်​နှင့်​အမျှ ကောင်းသော​အိမ်ထောင်ဖက်​ရွေးချယ်​နိုင်​ပြီး ကိုယ့်​အိမ်ထောင်​ဝတ္တရား​ကိုလည်း​ထမ်းရွက်​နိုင်​ပေ​လိမ့်​မည်။ (သု. ၃၁:၁၀) ဂေး​အမည်​ရှိ မိန်းကလေး​တစ်ဦး​က ဤသို့​မှတ်ချက်ချ​၏– “ကျွန်မ​ဟာ အိမ်ထောင်ပြု​ဖို့​အသင့်​မဖြစ်သေး​ဘူး။ ကိုယ့်​ဓာတ် ကိုယ်​သိအောင်​လေ့လာ​နေတုန်းပဲ။ ပြီး​တော့ ဆွတ်ခူး​ရ​မဲ့ ဝိညာဏ​ပန်းတိုင်​တွေ​လဲ အများကြီး​ရှိသေးတယ်။ ဒါ​ကြောင့် တကယ်ပဲ​လိင်​မတူ​သူ​တစ်ယောက်​နဲ့ သိပ်​ရင်းနှီး​ဖို့​မလွယ်​ဘူး။”

ငါဟာ အသည်း​ခွဲ (ကွဲ) ချင်​လို့လား။ အိမ်ထောင်ပြု​ရန် အလားအလာ​မရှိဘဲ​နှင့် မေတ္တာ​နှောင်ကြိုး​ရစ်ပတ်​လျှင် နှစ်ဦးစလုံး အသည်းကွဲ​နိုင်​သည်။ အတွေ့​၏​အရသာ​ကို မြည်းစမ်း​လို​၍ လူတစ်ယောက်​အပေါ် အချစ်​အာရုံ ပုံ​နှင်း​ခြင်း​သည် တရား​ပါ​မည်​လော။မဿဲ ၇:၁၂ ရှု။

မိဘ​ဘာ​ပြော​သနည်း။ ကိုယ်​မမြင်​သော​အန္တရာယ်​ကျော့ကွင်း​များ​ကို မိဘများ​မြင်တတ်​သည်။ သူတို့လည်း လူငယ်​ဖြစ်​ခဲ့​ဖူး​သည်မဟုတ်​လော။ လိင်​မတူ​သော​လူငယ်​နှစ်ဦး အတူတကွ​အနေ​များ​လျှင် အဘယ်​ပြဿနာ​များ ဖြစ်ပေါ်​လာနိုင်​ကြောင်း သူတို့​သိ​ကြ​၏! ထို့​ကြောင့် သင်​ရည်းစား​ထား​သည်ကို မိဘ​က​သဘောမတူ​လျှင် မ​ပုန်ကန်​နှင့်။ (ဧဖက် ၆:၁-၃) အရွယ်​မ​တိုင်​သေး​သဖြင့် စောင့်ဆိုင်း​သင့်​သည်​ဟု သူတို့​ထင်​မှတ်၍​ဖြစ်​ပေမည်။

သမ္မာကျမ်းစာ​ရဲ့​စာရိတ္တ​ကို ငါ​လိုက်​နိုင်​မလား။ လူသည် “လူငယ့်​ပွင့်လန်း​စ​အရွယ်” ကို​ကျော်လွန်​ခဲ့​ပါ​က ကာ​မ​ရမ္မက်​လှုံ့ဆော်​စိတ်​ကို ပို​၍​ကောင်းစွာ​ထိန်းကွပ်​နိုင်​မည်—သို့​တိုင် လွယ်လွယ်​နှင့်​မဟုတ်​ချေ။ သင်သည် ဤ​အရွယ်​တွင် လိင်​ခြား​သူ​တစ်ဦး​နှင့် ရင်းနှီး​စွာ​ပေါင်းသင်း​ဆက်ဆံ​သော်လည်း စင်ကြယ်မှု​ကို​ထိန်းသိမ်း​နိုင်​ရန် တကယ်​ပင်​အသင့်ရှိ​ပြီ​လော။

စိတ်ဝင်စားဖွယ်​ကား၊ လူငယ်များစွာ​တို့သည် မိမိတို့​ကိုယ်ကို ထိုသို့​မေးမြန်း​ကြ​စဉ် (အထက်​ဆို​ခဲ့​သော) မေရီ​အဲ​န်း​ကဲ့သို့ အဖြေ​ထွက်ကြ​၏။ မေရီ​အဲ​န်း​ဤသို့​ဆို​၏– “ချိန်းတွေ့​မှု​နဲ့​ပတ်သက်​လို့ သူများ​သဘောထား​ရဲ့​သြဇာ​လွှမ်းမိုးမှုကို မခံ​ဘူးဆို​ပြီး ကျွန်မ​စိတ်​ဒုံးဒုံး​ချ​ခဲ့တယ်။ အိမ်ထောင်ပြု​နိုင်​တဲ့​အရွယ် မရောက်မချင်း၊ လင်​ကောင်း​တစ်ယောက်​မှာ ရှိ​အပ်​တဲ့​အရည်အသွေး​နဲ့ ပြည့်ဝ​တဲ့​လူတစ်ယောက်ကို မတွေ့မချင်း ကျွန်မ​ရည်းစား​မထားဘူး​လို့ စိတ်ပိုင်း​ဖြတ်​ခဲ့တယ်။”

သို့​နှင့်​မေရီ​အဲ​န်း​သည် သင်​ရည်းစား​မထား​ခင် ကိုယ့်ကို​မေး​ရမည့် အထက်ပါ​မေးခွန်း​ကို မေးလိုက်​ပါ​သည်။

ဆွေးနွေး​ရန်​မေးခွန်းများ

◻“ချိန်းတွေ့” ဆို​သော​အခေါ်အဝေါ်​သည် သင့်​အဖို့​အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။

◻အချို့​လူငယ်များ အဘယ်ကြောင့် ရည်းစား​ထား​ရန် စေ့ဆော်​ခံရ​သနည်း။

◻“လူငယ့် ပွင့်လန်း​စ​အရွယ်” တွင် အဘယ်ကြောင့် ရည်းစား​မထား​အပ်​သနည်း။

◻လူငယ်​တစ်ဦး ချိန်းတွေ့ခြင်း​နှင့်​ပတ်သက်​၍ “ဒုက္ခ​ကို​မည်သို့​ဖယ်ရှား” နိုင်​သနည်း။

◻ယောက်ျားက​လေး​နှင့် မိန်းကလေး ‘သူငယ်ချင်း​လို​ချစ်’ ကြသောအခါ ပေါ်ပေါက်​လာနိုင်​သော ပြဿနာ​အချို့​ကား အဘယ်နည်း။

◻သင်သည် ရည်းစား​ထား​ရန် အသင့်ရှိ​မရှိ​မည်သို့​သိနိုင်​သနည်း။

[စာမျက်နှာ ၂၃၁ ပါ​အကျဉ်း​ဖော်ပြချက်]

“အနမ်း​ဟာ ခြောက်ကပ်​ကပ်​ဖြစ်လာ​တော့ မကိုင်​သင့်တဲ့​နေရာကို ကိုင်တွယ်​လာကြတယ်။ ကျွန်မ​ကို​ကျွန်မ​ရွံ​လွန်းလို့ တုန်လှုပ်​ချောက်ချား​ခဲ့တယ်။ နောက်တော့ ကျွန်မ​ရည်းစား​က ‘အဆုံးအထိ​သွား’ ဖို့​တောင်းဆို​လာတယ်”

[စာမျက်နှာ ၂၃၄ ပါ​အကျဉ်း​ဖော်ပြချက်]

‘ကေ​သီ​စိတ်​မ​နာ​အောင် ဘယ်လို​လုပ်ပြီး သူ့ကို​အဆက်ဖြတ်​ရ​ကောင်း​မလဲ။ ခက်​တော့​တာ​ပဲ’

[စာမျက်နှာ ၂၃၂ ပါ​လေးထောင့်ကွက်​နှင့် ရုပ်ပုံ]

ယောက်ျားက​လေး​နှင့် မိန်းကလေး ‘သူငယ်ချင်း​လို​ပဲ​ချစ်’ နိုင်​သလား

လူငယ်များ​ဘောင်​တွင် အများ​ခေါ် တ​ဏှာ​မဲ့​မေတ္တာ (တ​ဏှာ​မပါဘဲ ကြင်နာ​ချစ်ခင်​သော ကျားမ​အချစ်) သည်​အတော်ပင် ခေတ်​စား​သည်။ ၁၇ နှစ်အရွယ် ဂ​ရက်​ဂို​ရီ​က ဤသို့​ခံယူ​သည်– “မိန်းကလေးတွေ​ဟာ ကိုယ်ချင်းစာ ကြင်နာ​တတ်​တဲ့​အတွက် ကျွန်တော်​သူတို့နဲ့​စကားပြော​ရတာ​လွယ်တယ်။” အချို့​လူငယ်များ​က ထိုသို့​သော​ခင်မင်မှု​သည် မိမိတို့​အား လူ့​စရိုက်​ပြည့်ဝ​စေရန် အထောက်အကူ​ဖြစ်စေ​သည်​ဟု​အခြေ​အတင် ဆို​ကြ​၏။

သမ္မာကျမ်းစာ​က “မိန်းမပျို​တို့ကို အလွန်​စင်ကြယ်သော​အခြင်းအရာ​နှင့်​တကွ” ဆက်ဆံ​ရန် လူပျို​များ​အားတိုက်​တွန်း​ထား​သည်။ (၁ တိမောသေ၅:၂) ဤ​မူကို​ကျင့်သုံး​လျှင် လိင်​ခြား​သူများ​နှင့် စင်ကြယ်​မွန်မြတ်သော​ခင်မင်မှု​ဖြင့် အမှန်ပင်​ခင်မင်​နိုင်​သည်။ ဥပမာ၊ တမန်တော်​ပေါလု​သည် တစ်ကိုယ်ရေ​ဖြစ်​သော်လည်း ခရစ်ယာန်​အမျိုးသမီး တော်​တော်​များများ​နှင့် ခင်မင်မှု​ရှိ​ပေ​သည်။ (ရောမ ၁၆:၁၊ ၃၊ ၆၊ ၁၂ ရှု။) သူသည် “သတင်းကောင်း​ကြေညာ​ရာ​တွင် ငါ​နှင့်အတူ အထူး​ကြိုးစား​အားထုတ် လုပ်ဆောင်ခဲ့” သော​အမျိုးသမီး​နှစ်ဦး​အကြောင်း ရေးသားခဲ့​သည်။ (ဖိလိပ္ပိ ၄:၃၊ သ​မ) ယေရှု​ခရစ်​လည်း အမျိုးသမီးများနှင့် မျှတ​မွန်မြတ်သော​ပေါင်းသင်း​ခြင်း​ရှိခဲ့​သည်။ ကိုယ်တော်​သည် အကြိမ်​များစွာ မာသ​နှင့်​မာရိတို့၏​ဧည့်ဝတ်ပြု​ခြင်း​ကို​ခံ​ယူ၍ သူတို့နှင့်​စကား​ဖောင်ဖွဲ့​တော်​မူ​ခဲ့​သည်။—လုကာ ၁၀:၃၈၊ ၃၉; ယောဟန် ၁၁:၅

သို့ရာတွင် “တ​ဏှာ​မဲ့​အချစ်” သည် အများအားဖြင့် မလုံမလဲ​အရေခြုံ​ထားသော​ရာ​ဂ​မေတ္တာ၊ သို့​မဟုတ် ကတိ​ခံ​ဝန်​စ​ရာ​မလို​ဘဲ တစ်ဖက်သား​၏​ကြင်နာ​ယုယမှု​ကို ရယူ​သည့်​နည်း​တစ်မျိုး​သာ​ဖြစ်သည်။ ခံစားချက်​ဟူသည် လွယ်​လင့်​တကူ ဖောက်ပြန်​ပြောင်းလဲ​တတ်​သဖြင့် သတိရှိ​ရန်လို​၏။ ဒေါက်တာ မာရီယန် ဟ​င်​လဒ်​က ဤသို့​သတိပေး​သည်– “တစ်​နာရီ ဆယ်​မိုင်​နှုန်း​ဖြင့် ညင်ညင်သာသာ​မောင်း​နေသော ခင်မင်မှု​သည် ဆိုင်း​မ​ဆ​င့် ဗုံ​မ​ဆ​င့် တစ်မုဟုတ်ချင်း တစ်​နာရီ​မိုင်​တစ်​ရာနှုန်း​ဖြင့် တစ်​ဇွတ်ထိုး​ပြေး​သည့် ရာ​ဂ​ချစ်​အသွင်​သို့ ကူး​ပြောင်း​သွား​နိုင်​သည်။”

ဆယ့်ခြောက်​နှစ်အရွယ်​ရှိ မိုက်​ဆို​သူသည် ၁၄ နှစ်အရွယ် မိန်းကလေး​တစ်ဦး​နှင့် “သူငယ်ချင်း​လို​ခင်” မိ​သည့်​အချိန်တွင် အကြောင်း​သိခဲ့​ရသည်– “နှစ်ယောက်​ထဲ သီးသန့် တွေ့​ဖန်​များ​လာတဲ့အခါ သူငယ်ချင်း​လို​မနေနိုင်​တော့​မှန်း ကျွန်တော် ခဏ​တွင်း​ချင်း သတိပြုမိတယ်။ ကျွန်တော်​တို့​နှစ်ယောက်​ရဲ့​ဆက်ဆံ​ရေး​ဟာ နက်ရှိုင်း​သည်ထက် နက်ရှိုင်း​လာတယ်။ မကြာခင်​မှာပဲ တစ်ဦး​ပေါ်​တစ်ဦး အထူး​ခံစားချက်​တွေ ဖြစ်ပေါ်​လာ​ပါ​တယ်။ ခု​ထိ​ပါ​ပဲ။” ကျွန်တော်​တို့​နှစ်ယောက်စလုံး အရွယ်​မ​ရောက်​သေး​တော့ အဲ့ဒီ​ခံစားချက်​တွေ​ကြောင့် ဆ​တ်​တ​ငံ့ငံ့​ဖြစ်​ရတယ်။

အလွန်​ရင်းနှီးမှုကြောင့် ထို့​ထက်​ဝမ်းနည်းဖွယ်​ကောင်း​သည့်​အဖြစ်သို့ ဆိုက်ရောက်​နိုင်​သည်။ လူငယ်​တစ်ဦး​သည် မိမိ​ထံ ကိုယ်ရေးကိုယ်တာ​ပြဿနာ ရင်ဖွင့်​ပြောဆို​လာသော မိန်းကလေး​သူငယ်ချင်း​တစ်ဦး​ကို နှစ်သိမ့်​အားပေး​ရာ၊ မကြာမီ တစ်ယောက်ကို​တစ်ယောက် ကိုင်တွယ်​ပွတ်သပ်​လေ​တော့​သည်။ ရလဒ်​ကား​အဘယ်နည်း။ ဩတ္တပ္ပ​စိတ်နောက်​ကျိ​သွား​သည့်​အပြင် တစ်ဦး​ပေါ်​တစ်ဦး​လည်း​စိတ်နာ​ခဲ့​ကြသည်။ အချို့​သူများ​ဆိုလျှင် လိင်ဆက်ဆံခြင်း​ပင်​ပြု​ခဲ့​ကြသည်။ ယနေ့​ဆိုက်​ကို​လို​ဂျီ ၏​စစ်တမ်း​အရ– “ဖြေကြားသူ ထက်ဝက်​နီးပါး (၄၉ ရာခိုင်နှုန်း) သည် ခင်မင်​ရာ​မှ​လိင်ဆက်ဆံ​သည့်​အဖြစ်သို့​ရောက်​ခဲ့​ကြသည်။” စင်စစ်​အားဖြင့် “သုံးပုံတစ်ပုံ​နီးပါး (၃၁ ရာခိုင်နှုန်း) က​လွန်ခဲ့သော​လ​အတွင်း မိမိ​ခင်မင်​သူနှင့် လိင်ဆက်ဆံ​ခဲ့​ကြောင်း တင်ပြ​ခဲ့​သည်။”

‘ဒါပေမဲ့၊ ကျွန်တော့်​အနေ​နဲ့ ကျွန်တော့်​သူငယ်ချင်း​အပေါ် အဲဒီလို​စိတ်​မျိုး​မရှိဘူး။ သူ့ကို ဘယ်တော့မှ တ​ဏှာ​စိတ်​နဲ့​ချစ်​မိ​မှာ​မဟုတ်ဘူး။’ ဟုတ်​ချင်​ဟုတ်​မည်။ သို့သော် နောင်​၌​မည်သို့​ခံစားရ​မည်​နည်း။ ထို့ပြင်၊ “မိမိ​စိတ်​နှလုံးကို ကိုးစား​သော​သူသည် လူမိုက်​ဖြစ်၏။” (သု. ၂၈:၂၆) ကျွန်ုပ်​တို့၏​နှလုံး​သည် စဉ်းလဲ​၍​လှည့်စား​တတ်၏။ စိတ်၏​ရည်​သန်​ချက်​အစစ်အမှန်​ကို မမြင်နိုင်​အောင် ဖုံးကွယ်​တတ်​သည်။ ၎င်း​ပြင် သင့်​သူငယ်ချင်း သင်​နှင့်​ပတ်သက်​၍ မည်သို့​ခံစားရ​ကြောင်း သင်​အမှန်ပင်​သိ​သလော။

ခင်မင်မှု​အကြောင်းရင်း ဆို​သော​စာအုပ်​၌ အလဲ​န် လွိုင် မက်​ဂျင်း​နစ် က “ကိုယ့်​ကိုယ်ကို​အ​ယုံ​မကြီး​နှင့်” ဟူ၍​အကြံပြု​၏။ အကာအကွယ်​ယူပါ။ ကောင်းစွာ​ကွပ်ကဲ​သော အုပ်စု​လိုက် ပြုလုပ်​သည့် လှုပ်ရှားမှု​ဘောင်​အတွင်း​သာ ထို​သူနှင့်​သွားလာ​ပေါင်းသင်း​ပါ။ မသင့်​လျော်​သော ကြင်နာ​ယုယမှု​များနှင့် ရာဂစိတ်​နိုးကြွ​စေသော အခြေအနေ​များ​ကို​ရှောင်ပါ။ အကျပ်​တွေ့လျှင် လိင်​မတူ​သော​လူငယ်​တစ်ဦး​အား ပြောပြ​မည့်​အစား မိဘများ​ထံ​ဖြစ်စေ၊ ကိုယ့်ထက်​အသက်ကြီးသူ​ထံ​ဖြစ်စေ ရင်ဖွင့်ပါ။

ထိုသို့​အကာအကွယ်​ယူပါ​လျက်​နှင့်၊ တစ်ဖက်သား​က ကိုယ့်​ပေါ်​တစ်ဖက်သတ်​ချစ်​လာ​လျှင် မည်သို့​နည်း။ “အမှန်အတိုင်း​ပြောပါ။” သင့်​အနေအထား​ကို​သိပါ​စေ။ (ဧဖက် ၄:၂၅) ဤမျှ​နှင့်​မပြီး​လျှင် ခပ်​ခွာ​ခွာ​နေပါက အကောင်းဆုံး​ဖြစ်​ပေမည်။ “သမ္မာ​သတိရှိ​သော​သူသည် ဘေး​ကို​မြော်မြင်​၍ ပုန်း​နေတတ်​၏။ မ​လိမ္မာ​သော​သူ​မူ​ကား သွား​မြဲ​သွား​၍​ဒဏ်​ခံရ​၏။” (သု၊ ၂၂:၃) ခင်မင်မှု​အကြောင်းရင်း အမည်​ရှိ စာအုပ်​ဆို​သည့်​အတိုင်း– “လိုအပ်​လျှင် အလွတ်​ရု​န်း​ပါ။ တစ်ခါတစ်ရံ ကိုယ်​မည်မျှ​ပင်​ကြိုးစား​စေ​ကာ​မူ၊ လိင်​ခြား​သူ​တစ်ဦး​နှင့်​ခင်မင်မှု​သည် အောက်ခြေ​လွတ်​တတ်​သည်။ ဘယ်​ကို​ဦးတည်​နေသည်​ကိုလည်း ကျွန်ုပ်​တို့​သိ​၏။” ထိုသို့​သောအခါ “တပ်​ခေါက်” ဖို့​လို​လာ​သည်။

[စာမျက်နှာ ၂၂၇ ပါ​ရုပ်ပုံ]

လူငယ်တို့​သည် ရည်းစား​ထား​ရန်၊ စုံတွဲ​ခုတ်​ရန် စေ့ဆော်​တိုက်တွန်းခြင်း​ခံရ​တတ်​သည်။

[စာမျက်နှာ ၂၂၈ ပါ​ရုပ်ပုံ]

ရည်းစား​ထားခြင်း​ကြောင့် လူငယ်တို့​သည် မလိုချင်​သော အ​ဖက်​အနမ်း​ပြုလုပ်​ရန် စေ့ဆော်​ခြင်း​ခံရ​၏

[စာမျက်နှာ ၂၂၉ ပါ​ရုပ်ပုံ]

ချိန်းတွေ့ခြင်း​၏ ဖိအား​နှင့် ကင်းလွတ်​သော အခြေအနေ​မျိုး​အောက်​၌ လိင်​မတူ​သူတို့နှင့် တ​ပျော်​တ​ပါး​ပေါင်းသင်း​ဆက်ဆံ​နိုင်​ပေ​သည်

[စာမျက်နှာ ၂၃၀ ပါ​ရုပ်ပုံ]

အများ​အခေါ် တ​ဏှာ​မဲ့​အချစ်​သည် အသည်းကွဲ​ကာ​စခန်း​သိမ်း​ကြ​စ​မြဲ