မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တစ်ဖက်သတ်အချစ်ကို ဘယ်လိုဖြေဖျောက်ရမလဲ

တစ်ဖက်သတ်အချစ်ကို ဘယ်လိုဖြေဖျောက်ရမလဲ

အခန်း ၂၈

တစ်ဖက်သတ်​အချစ်​ကို ဘယ်လို​ဖြေဖျောက်​ရမလဲ

လူငယ်​ရေးရာ​မဂ္ဂဇင်း​တစ်စောင်​က “တစ်ဖက်သတ်​အချစ်​သည် ဆယ်ကျော်သက်​များ​အဖို့ အအေး​မိ​ဖျား​သည့်​ပ​မာ နှံ့ပြား​လှ​သည်” ဟု​ရေးသားခဲ့​သည်။ လူငယ်​တိုင်း​လို​လို တွေ့ကြုံဖူး​၍ ဂုဏ်​မပျက်၊ အပြုံး​မပျက် ကပ်ကျော်​ကာ လူကြီး​ပိုင်း​သို့​ကူး​မြောက်​နိုင်​ခဲ့​ကြ​ပေ​သည်။ သို့ရာတွင်၊ တစ်ဖက်သတ်​ချစ်​စိတ်မွှန်​နေသော​အခါ မ​ပြုံး​နိုင်​ကြ​ရှာ။ လူငယ်​တစ်ဦး​က ဤသို့​ဆို​၏– “ကျွန်တော်​စိတ်​အပျက်​ကြီး​ပျက်​ခဲ့တယ်။ ဘာမှ​မ​လုပ်နိုင်​ဘဲ​ကိုး။ သူ့​အသက်​က ကျွန်တော့်​ထက်​ကြီး​လွန်း​မှန်း​သိပါ​ရက်​နဲ့ ကျွန်တော် သူ့ကိုပဲ​ကြိုက်​ခဲ့​မိတယ်။ အလူးအလဲ​ကို​ခံ​လိုက်ရတယ်​ဗျာ။”

တစ်ဖက်သတ်​အချစ်​ကို သုတေသန​ပြုခြင်း

သီလ​ပျက်​သော၊ သို့​မဟုတ်၊ အိမ်ထောင်သည်​တစ်ဦး​ပေါ် တစ်ဖက်သတ်​စွဲလမ်းခြင်း​ကဲ့သို့​သော မ​လျောက်ပတ်​သည့်​စုံမက်မှု​မျိုး​သာ​မဟုတ်လျှင်—တစ်ယောက်​သော​သူ​အပေါ် ထိုသို့​သော​ပြင်းပြ​သည့်​ခံစားချက်​ရှိသည်​မှာ အပြစ်​မဟုတ်။ (သု. ၅:၁၅-၁၈) သို့သော်၊ ငယ်ရွယ်​သောအခါ “လူငယ်တို့​၏​တပ်မက်​ခြင်း” သည် အတွေး​နှင့် အပြု​အမူ​များ​ကို စိုးမိုး​လေ့​ရှိ၏။ (၂ တိမောသေ ၂:၂၂) လူငယ်​သည် ပျို​မျစ်​သည့်​အရွယ်​၌ ပေါက်ဖွား​ပွင့်အန်​လာသော ပြင်းပြ​သည့်​အာသာဆန္ဒ​များ​ကို ထိန်းချုပ်​ရာ​၌ စိမ်း​ဆ​တ်​ဆ​တ်​ဖြစ်နေ​သေး​သဖြင့် အချစ်စိတ်​ကြွ​လျက်​နေပြီး—ကိုယ့်​အချစ်​ကို ဒလဟော​သွန်​၍ ချစ်​ရမည့်​ချစ်​ဖက်​ကို ရှာမတွေ့​ဘဲ ရှိ​တတ်​ချေ​သည်။

ထို့ပြင်၊ “မိန်းကလေး​များသည် ယောက်ျားက​လေး​များ​ထက် စော​၍​လူမှု​ဆက်ဆံ​ရေး​တွင် တည်ငြိမ်မှု​ရှိပြီး ဣန္ဒြေရ​၏။” ထို့​ကြောင့်၊ မိန်းကလေး​များ​က၊ “မိမိတို့၏​အတန်း​တူ​ယောက်ျားက​လေး​များသည် ကျောင်း​ဆရာများ” သို့​မဟုတ်၊ မိမိတို့​ထက်​အသက်ကြီး​၍ လက်လှမ်းမမီ​နိုင်သော​အမျိုးသားများ​နှင့်​စာ​လျှင် “မရင့်ကျက်၊ ငြီးငွေ့စရာ​ဖြစ်သည်​ကို တွေ့ရ​တတ်​သည်။” (ဆ​ယ့်​ခု​နစ်​နှစ်​မဂ္ဂဇင်း) သို့​နှင့်၊ မိန်းကလေး​တစ်ဦး​က မိမိ​အနှစ်သက်ဆုံး​ကျောင်း​ဆရာ၊ ခေတ်ပေါ်​အဆိုကျော် သို့​မဟုတ် မိမိ​ထက်​အသက်ကြီး​သော​အသိ​တစ်ဦး​သည် မိမိ၏ “အသည်းစွဲ” အဖြစ် ထင်မှတ်​တတ်​သည်။ ယောက်ျားက​လေး​များလည်း အလားတူ အရူးအမူး​စွဲလမ်း​တတ်​သည်။ တကယ်တော့ မမီ​တဲ့​ပန်း တုံး​ခု​၍​လှမ်း​ခြင်း​သည် စိတ်ကူးယဉ်​သက်​သက်သာ။

တစ်ဖက်သတ်​အချစ်—အဘယ်ကြောင့်​ဥပဒ်​ရှိကြောင်း

တစ်ဖက်သတ်​အချစ်​သည် များသောအားဖြင့် အံ့ဩစရာ​ကောင်း​လောက်​အောင် သက်တမ်း​တို​လှ​၏။ သို့​ပါ​သော်လည်း လူငယ်​တစ်ဦး​ကို ဥပဒ်​များစွာ​ဖြစ်စေ​နိုင်​သည်။ ပြော​ရမည်​ဆိုလျှင်၊ လူငယ်များ မြတ်နိုး​တွယ်တာ​သည့်​အရာ​တော်​တော်​များများ​မှာ အဖိုးတန်အရာ​များ​ပင်မ​ဟုတ်​ချေ။ ပညာရှိ​တစ်ဦး​က “လူမိုက် [မိုက်​သော​အရာ၊ က​ဘ] တို့ကို မြင့်မြတ်​ရာ​၌​တင်ထား [ကြပြီ]” ဟု​ဆို​၏။ (ဒေသနာ ၁၀:) သို့​နှင့် အဆိုကျော်​တစ်ဦး​သည် အသံ​ကောင်း ရုပ်​ဖြောင့်​သည့်​အတွက် သူ့ကို​ဘုရား​တစ်ဆူ​လို ကိုးကွယ်​ကြသည်။ သို့သော် သူ၏​သီလ​သည် ချီးမွမ်းဖွယ်​ဖြစ်​သလော။ သူသည် “သခင်​ဘုရား​၌” အပ်နှံ​ထားသော​ခရစ်ယာန်​တစ်ဦး​မှန်​သလော။—၁ ကောရိန္သု ၇:၃၉

သမ္မာကျမ်းစာ​က “လောကီ​မိတ်သဟာယ​သည် ဘုရားသခင်​နှင့်​ဆန့်ကျင်ဘက်​ဖြစ်သည်” ဟု​လည်း​သတိပေး​၏။ (ယာကုပ် ၄:၄) သင်သည် ဘုရားသခင်​ရှုတ်ချ​ပြစ်တင်​တော်​မူ​ဖွယ်​အကျင့်​ရှိသည့်​ပုဂ္ဂိုလ်​တစ်ဦး​ကို​မှ စွဲလမ်း​နေလျှင် ဘုရားသခင်​နှင့်​မိတ်ပျက်​သွားဖို့ အန္တရာယ်​မရှိပေ​လော။ “ရုပ်တု ... ကို​ကြ​ဉ်​ရှောင်​ကြလော့” ဟူ၍လည်း သမ္မာကျမ်းစာ​က သတိပေး​၏။ (၁ ယောဟန် ၅:၂၁) လူငယ်​တစ်ယောက်​သည် မိမိ​အခန်းနံရံ​ကို အဆိုကျော်​တစ်ဦး၏​ရုပ်ပုံများ​ဖြင့် အပြည့်​စီ​ချယ်​ထား​လျှင် သင်​မည်သို့​ဆို​မည်​နည်း။ “ရုပ်တု​ကိုးကွယ်” ရာ​မ​ရောက်​ပေ​လော။ ဘုရားသခင့်​စိတ်တော်နှင့် မည်သို့​တွေ့​နိုင်​မည်​နည်း။

အချို့​လူငယ်များသည် ဆင်ခြင်​ဉာဏ်​ကို​ပင်​ဘေးဖယ်​ပြီး စိတ်ကူးယဉ်​ကို အသားပေး​၏။ မိန်းမငယ်​တစ်ဦး​က ဤသို့​ဆို​၏– “ကျွန်မ​နဲ့​ပတ်သက်ပြီး ရှင်​ဘယ်လို​ခံစားချက်​ရှိသလဲ​လို့ သူ့ကို​မေး​တိုင်း—သူက ဘာ​ခံစားချက်​မှ​မရှိပါဘူး​ဆိုပြီး​ပဲ အမြဲတမ်း​ငြင်းဆို​တယ်။ ဒါပေမဲ့ သူ့​အကြည့် သူ့​အပြုအမူကို​ထောက်​ရုံ​နဲ့ ကျွန်မ​သိနိုင်​ပါ​တယ်။” ၎င်း​ယောက်ျား​ပျို​က သူ​မအပေါ်​အမှန်ပင်​စိတ်​မဝင်​စား​ကြောင်း အသာအယာ ရှင်းလင်း​တင်ပြ​ခဲ့​သော်လည်း မိန်းမပျို​က​လက်မခံနိုင်​ချေ။

နောက် မိန်းကလေး​တစ်ဦး​က​လည်း မိမိသည်​အဆိုကျော်​တစ်ဦး​ပေါ် မည်သို့​မည်​ပုံ တစ်ဖက်သတ်​စွဲလမ်း​လျက်​ရှိကြောင်း ရေးသားခဲ့​သည်– ‘သူ့ကို ကျွန်မ​ရဲ့​ရည်းစား​ဖြစ်စေ​ချင်​တယ်။ ဖြစ်​နိုင်​ပါစေ​လို့လဲ​ဆုတောင်း​ခဲ့တယ်! သူ့​ဓာတ်​ပုံ​အယ်​လ်​ဘ​န်​ကို ဖက်ပြီး​အိပ်​တဲ့​အကျင့်​ရှိခဲ့တယ်။ သူနဲ့​အနီးကပ်​ဆုံး​ဖြစ်ဖို့ ဒီ​နည်း​ပဲ​ရှိတယ်​လေ။ သူ့ကို​မရ​ရင် ကျွန်မ​ကိုကျွန်မ သတ်ပစ်လိုက်​မယ် ဆို​တဲ့​အဖြစ်ကို​ရောက်နေ​ပါ​ပြီ။’ ဤသို့​သော​မိုက်ရူး​ရဲ​စွဲလမ်းမှု​သည် ဘုရားသခင့်​စိတ်တော်နှင့် တွေ့​နိုင်​မည်​လော။ ကိုယ်တော်​က “ကျိုးကြောင်း​ညီညွတ်သော​ဉာဏ်” (က​ဘ) ရှိပါ​ဟု​မိန့်တော်မူ၏။—ရောမ ၁၂:၃

သမ္မာကျမ်းစာ​က နယပုံပြင် ၁၃:၁၂ ၌ ဤသို့​ဆို​၏– “မျှော်လင့်​သော​အရာ​သည် ဖင့်နွှဲ​လျှင် စိတ်​နှလုံးကို ပူပန်​စေ​တတ်၏။” သို့ဖြစ်၍ မမီ​တဲ့​ပန်း တုံး​ခု​၍​လှမ်း​ခြင်း​သည် ဥပဒ်​ဖြစ်စေ​နိုင်သော တစ်ဖက်သတ်​အချစ်​ဖြစ်၍ ဆရာဝန်​များ​က ၎င်း​ကြောင့် “စိတ်ကျ​ခြင်း၊ သောက၊ အထွေထွေ​စိတ်ဒုက္ခ ... အိပ်မပျော်​ခြင်း သို့​မဟုတ် ထိုင်း​မှိုင်း​လေးလံ​ခြင်း၊ ရင်​အောင့်​ရင်​နာ​ခြင်း သို့​မဟုတ် အသက်ရှူ​ကျပ်​ခြင်း​ဖြစ်​ရသည်” ဟု​ဆို​ကြသည်။ (၂ ဓမ္မရာဇဝင် ၁၃:၁၊ ၂ နှိုင်းယှဉ်။) တစ်ဖက်သတ်​ချစ်​ဝေဒနာရှင်​မိန်းကလေး​တစ်ဦး​က “ကျွန်မ​မှာ စား​လည်း​မဝင်။ ... စာ​လည်း​မ​ကျက်​နိုင်။ ... နေ့ခင်း​ကြောင်​တောင် သူ့ကိုပဲ​တွေး​ပြီး​နေ​မိတယ်။ ... စိတ်​အရမ်း​ညစ်​တာ​ပဲ” ဟုဝန်ခံ​၏။

မိမိ​ဘဝ​အပေါ် စိတ်ကူးယဉ်​၏​စိုးမိုးခြင်း​ကို​ခံ​လျှင် မည်မျှ​တိုင် အထိ​နာ​သည်ကို စဉ်းစား​ကြည့်​ပါ။ ဒေါက်တာ လောရင့်​ဘောင်​မင်​က အထိန်းအကွပ်မဲ့ တစ်ဖက်သတ်​အချစ်​၏ လက္ခဏာ​ဦး​မှာ “စာကျက်ခြင်း​လုံ့လ​လျော့နည်းလာ​ခြင်း” ပင်​ဖြစ်သည်​ဟု​ဆို​၏။ အိမ်သူအိမ်သား မိတ်ဆွေများ​နှင့် ခွဲ​၍​တ​သီး​တခြား နေ​လာ​သည်လည်း​ရှိသည်။ အရှက်​လည်း​ရနိုင်​သည်။ စာရေးသူ ဂေ​လ် ရွှပ်တ်စ်​က “ဒါကို​ကျွန်တော်​ဝန်ခံ​ရမှာ​ရှက်​တယ်။ ဒါပေမဲ့ ကျွန်တော် ဂျူဒီ​ကို တစ်ဖက်သတ်​စွဲလမ်း​ခဲ့​တုန်း​က လူ​ပြ​က်​လို​ဖြစ်​ခဲ့​ရတယ်။” တစ်ဖက်သတ်​စွဲလမ်း​စိတ် ပြယ်ပျောက်​သည့်​နောက်​မှာ​ပင်၊ တစ်ချိန်က လူတစ်ယောက်​ယောက်​နောက် တစ်​ကောက်​ကောက်​လိုက်ခဲ့​သည့်​အဖြစ်၊ လူရှေ့​သူ​ရှေ့​အမြင်​မတော်​ခဲ့​ပုံ၊ အရူး​ဖြစ်​ခဲ့​ရ​ပုံ​များသည် မှတ်ဉာဏ်​ထဲ ကြာမြင့်စွာ​စွဲ၍ ထင်​ကျန်ရစ်​တတ်​သည်။

အဖြစ်မှန်​ကို ရင်ဆိုင်​ခြင်း

လူ့​သမိုင်း​တွင် ပညာ​အရှိဆုံး​ပုဂ္ဂိုလ်​ထဲ​မှ တစ်ဦး​အပါအဝင်​ဖြစ်သူ ရှောလမုန်​ဘုရင်​သည် မိမိ​အား​ချစ်​တုံ့​မပြန်​သော မိန်းကလေး​တစ်ယောက်ကို အရူးအမူး​ချစ်​ခဲ့​သည်။ သူက ထို​မိန်းကလေး​အား “လ​ကဲ့သို့​တင့်တယ်​လျက်၊ နေကဲ့သို့ကြည်လင်​လျက်” ရှိသည်​ဟူ၍ အလှ​ပ​ဆုံး​ကဗျာ သီကုံး​စပ်ဆို​ကာ အမွှမ်းတင်​ခဲ့​သော်လည်း သဲ​ထဲ​ရေ​သွန်​ဖြစ်​ခဲ့​ရ​ရှာ​သည်!—ရှောလမုန်သီချင်း ၆:၁၀သမ္မ

သို့သော်နောက်ဆုံး​၌ရှောလမုန်​သည် မိန်းကလေး​ပေါ်​လက်လျှော့​လိုက်​လေ​သည်။ သင့်​အနေ​နှင့်​လည်း စိတ်​ကို​မည်သို့ပြန်​ထိန်း​နိုင်​သနည်း။ သမ္မာကျမ်းစာ​က “မိမိ​စိတ်နှလုံး​ကိုကိုး​စား​သော​သူသည် လူမိုက်​ဖြစ်၏” ဟု​ဆို​၏။ (သု. ၂၈:၂၆) အထူးသဖြင့် စိတ်ကူးယဉ်​အချစ်​၏​ညွတ်​ကွင်း​ထဲ​သို့ ကျရောက်​သောအခါ​၌​ဖြစ်၏။ “ပညာသတိ​နှင့်​ကျင့်​သော​သူ​မူ​ကား ဘေးလွတ်​တတ်၏။” ဆိုလိုသည်မှာ၊အမှန်​ကို​အမှန်အတိုင်း​မြင်တတ်​ခြင်း​ဖြစ်သည်။

ဒေါ​တ်​တာ ဟောင်း​ဝပ်​ဒ် ဟဲလ်​ပင် “နည်း​မှန်​လမ်း​ကျ​သော​မျှော်လင့်ခြင်း​ကို အခြေအမြစ်​မဲ့​မျှော်လင့်ချက်​မှ မည်သို့​ခွဲခြား​နိုင်​သနည်း” ဟု​မေး​၏။ “ခေါင်း​အေးအေး​ထားပြီး အဖြစ်မှန်​ကို ဂရုတစိုက်​သုံးသပ်ခြင်း​ဖြင့်​ဖြစ်သည်။” စဉ်းစား​ကြည့်​ပါ– ဤ​သူနှင့် အချစ်​စခန်း​ဖွင့်​နိုင်​ဖို့ အခွင့်လမ်း​မည်မျှ​ရှိ​သနည်း။ အကျော်အမော်​တစ်ယောက်​ဖြစ်​လျှင် တစ်သက်​မှာ​တစ်ခါ တွေ့ချင်​မှ​တွေ့​မည်! ဆရာ​လို​လူတစ်ယောက်ကို ကြိုက်​မိ​သည်​ဆိုလျှင်​လည်း အဖြစ်​ခြင်း​မခြားနား​လှ။

၎င်း​ပြင်၊ ကိုယ့်​အ​သဲ​စွဲ​က ကိုယ့်​အပေါ်မှာ ခု​ထိ​စိတ်​မှ​ဝင်စား​ပါ​စ။ စိတ်​မဝင်​စား​သေး​လျှင် နောင်​၌​စိတ်ပြောင်း​လာ​မည်​ဟု​ထင်​ဖို့ ခိုင်လုံ​သော​အကြောင်းရင်းရှိသလော။ သို့​တည်း​မဟုတ်၊ မိမိသည်​သူ့​စကား​နှင့်​အပြုအမူကို အ​ကျ​ကောက်နေ​ခြင်း​သာ​လော။ နိုင်ငံ​အများ​၌ ယောက်ျားက အစပြု​၍​ချစ်ရေးဆို​သည့်​ဓလေ့​ရှိ၏။ မိန်းကလေး​က မိမိ​အပေါ်​လုံးဝ​စိတ်​မဝင်​စား​သော​သူ တစ်ဦး​နောက်​စိုက်​စိုက်​လိုက်​လျှင် အရှက်ကွဲ​တတ်​ပါ​သည်။

ထို့ပြင်၊ တစ်ဖက်သား​က တကယ်​ပင်​မေတ္တာ​တုံ့ပြန်လာ​လျှင် သင်​ဘာ​ပြု​မည်​နည်း။ အိမ်ထောင်ပြုခြင်း​တည်း​ဟူသော​ဝတ္တရား​ကို ထမ်းရွက်​ရန်​အသင့်ရှိ​ပြီ​လော။ မ​ရှိလျှင်၊ “စိတ်နှလုံး​မှ ပူဆွေး​ခြင်း... ကို... ပယ်ရှား” ကာစိတ်ကူးယဉ်​ကမ္ဘာ​ထဲ​မှ​ထွက်​လာ​ပါ​လေ။ “ချစ်​ရသော​အချိန်” ရှိသဖြင့်၊ ယင်းသည်​ယခု​ထက် အသက်အရွယ်​ပို​၍​ကြီးသော​အခါ၊ နှစ်​အတန်ကြာ​သည့်​နောက်​မှ ဖြစ်​ကောင်း​ဖြစ်​မည်။—ဒေသနာ၃:၈။ ၁၁:၁၀၊ သ​မ

ကိုယ့်​ခံစားချက်​ကို​ဆန်းစစ်​ပါ

ဒေါ​င်​တာ ချားလ်​ဇ​က်စ်​ထ​ရို​က ဤသို့​ဆို​၏– “မိမိ​တစ်ဖက်သတ်​စွဲလမ်း​သော​သူကို မိမိ​က ‘ခြောက်ပြစ်ကင်း​စင်းလုံးချော​ချစ်သူ’ အဖြစ်​မှတ်ယူ​သောအခါ​ဖြစ်စေ၊ တစ်ဖက်သား​မှာ ခင်ပွန်း​၌​ရှိ​အပ်သော ကြန်အင်​လက္ခဏာ​အလုံးစုံ​နှင့် ပြည့်ဝ​သည်​ဟု​ထင်မှတ်​သောအခါ​ဖြစ်စေ အချစ်​စိတ်မွှန်​ခြင်း​ဖြစ်ပေါ်​လာ​သည်။” သို့သော်၊ ကမ္ဘာ​ပေါ်​၌ “ခြောက်ပြစ်ကင်း​စင်းလုံးချော​ချစ်သူ” ဟူ၍​မရှိပါ။ သမ္မာကျမ်းစာ​က “လူအပေါင်း​တို့သည် ဒုစရိုက်​ကို​ပြု​၍ ဘုရားသခင့်​ရှေ့တော်၌ အသရေပျက်​ကြပြီ” ဟု​ဆိုပါ​သည်။—ရောမ ၃:၂၃

ထို့​ကြောင့်​ကိုယ်ကို​မေးပါ– ငါ့​နှလုံးသား​ထဲ​ကလူ​ရဲ့​အကြောင်း ငါ​ဘယ်လောက်​နားလည်​သလဲ။ ငါဟာ အရိပ်​တစ်ခု​ကို​ချစ်​နေတာလား။ သူ့ရဲ့​အနာအဆာ​ကို ငါ​မမြင်​ဘဲ​နေ​သလား။ ကိုယ့်​အိပ်မက်​ချစ်သူ​ကို အရှိအတိုင်း သုံးသပ်ကြည့်​လိုက်​ရုံ​နှင့် အရူးအမူး​အချစ်​ပြယ်ပျောက်​သွား​နိုင်​သည်! သူ့​အပေါ် ငါ​ဘယ်လို​အချစ်​နဲ့​ချစ်​နေပါ​လိမ့် ဟူ၍လည်း​စိစစ်​ကြည့်​သင့်​သည်။ စာရေး​ဆရာ ကေ​သီ မက်​ကွိုင်​က ဤသို့​ရေးသား​လိုက်​သည်– “မရင့်ကျက်​သော​အချစ်​သည် တစ်ခဏချင်း​ဖြစ်ပေါ်​ပြီး ပျောက်ပျက်​သွား​နိုင်​သည်။ ... ကိုယ့်ကို​သာ​အဓိက​ထား​သည်။ ကိုယ်​က တစ်ယောက်​သော​သူကို ချစ်​နေပါ​သည်​ဆိုပြီး မ​နော​ကျနေ​ခြင်း​သာ​ဖြစ်သည်။ ... မရင့်ကျက်​သော​အချစ်​သည် မျှော့​လို​တွယ်ကပ်​သည်၊ ကိုယ်​သာ​ပိုင်ဆိုင်​လို​သည်၊ သဝန်တို​သည်။ ... မရင့်ကျက်​သော​အချစ်သည် သဲ​လဲ​စင်​ဖြစ်​ရန်​တောင်းဆို​သည်။”—၁ ကောရိန္သု ၁၃:၄၊ ၅ နှိုင်းယှဉ်။

သူ့ကို​မေ့​ပစ်လိုက်

အမှန်အတိုင်း​ဝန်ခံ​ရ​လျှင်၊ တစ်လောက​လုံး​၏​အတွေးအခေါ်​ပညာ​သော်​မှ သင့်​ခံစားချက်​ကို လုံးလုံးလျားလျား မပြေ​ပျောက်စေ​နိုင်။ သို့ရာတွင်၊ ပြဿနာ​ကို ရှင်သန်​နေ​အောင် မလုပ်ဘဲ​နေလျှင်လည်း​ရ​ပါ​သည်။ အချစ်​ဝတ္ထု​ဖတ်ခြင်း၊ တီဗွီ​အချစ်​ဇာတ်လမ်း​ကြည့်​ခြင်း၊ အလားတူ​တေးသီချင်း​နားထောင်ခြင်း​ပြု​ရုံ​နှင့် ကြင်ဖော်​မဲ့​အ​ဆွေး​ဓာတ်​ကို ပို​ကဲ​စေနိုင်​သည်။ သို့ဖြစ်၍ တ​သသ လွမ်း​မနေ​နှင့်။ “ထင်း​မ​ရှိလျှင် မီး​သေ” ၏။—သု. ၂၆:၂၀

သင့်ကို​တကယ်​ချစ်၍ သင့်​အကျိုးကို​လိုလား​သော​သူများ​အား စိတ်ကူးယဉ်​အချစ်​ဖြင့် အစားထိုး​၍​မရပါ။ သူတို့နှင့်​ခွဲ​၍ ‘တ​သီး​တခြား’ မနေ​ပါ​နှင့်။ (သု. ၁၈:၁) သင့်​မိဘများ သင့်​အား များစွာ​ထောက်ကူ​နိုင်​သည်။ ဘယ်လို​ပင်​အုံ့​ပုန်း​လုပ်​၍​နေ​နေ သင့်​မိဘများ​က သင့်​လွမ်း​နာ​ကျနေ​သည့်​အဖြစ်ကို မြင်ပြီး​သား ဖြစ်ချင်​ဖြစ်​မည်။ ဘာကြောင့် သူတို့​ထံ​ရင်​မ​ဖွင့်​ပဲ​နေသနည်း။ (သု. ၂၃:၂၆ နှိုင်းယှဉ်။) ရင့်ကျက်သော​ခရစ်ယာန်​တစ်ဦး​လည်း သင့်​နှလုံးသား​စကား​ကို စာနာ​စိတ်ဖြင့်​နားထောင်​ပေမည်။

ဆယ်ကျော်သက်​ဆိုင်ရာ စာရေး​ဆရာ အက်စ်တာ ဒေးဗစ်​ဒို​ဝ​စ်ဇ်​က “အလုပ်​များနေ​ပါ” ဟု တိုက်တွန်း​၏။ ဝါသနာ​တစ်ခု​ကို​လိုက်စား​ပါ။ ကာယ​လေ့ကျင့်ခန်း​ယူပါ။ ဘာသာ​စကား​တစ်ရပ် သင်ကြား​ပါ။ ကျမ်းစာ​သုတေသန​တစ်ရပ် ပြုလုပ်​ပါ။ အသုံးဝင်​သော​လုပ်ငန်း​တစ်ရပ်​ထဲ​၌ အာရုံ​ဝင်စား​နေလျှင် အဆက်ဖြတ်​ဝေဒနာ များစွာ​သက်သာ​နိုင်​သည်။

တစ်ဖက်သတ်​အချစ်​ကို​ဖြေဖျောက်​ဖို့​မလွယ်​ပါ။ သို့သော်၊ အချိန်​ကုန်လွန်​သည်​နှင့်​အမျှ ဝေဒနာ​သက်သာ​လာ​မည်။ ထို​အခါ ကိုယ့်​အကြောင်း၊ ကိုယ့်​ခံစားချက်​အကြောင်း ပို​၍​နားလည်​လာ​မည်။ နောင်​၌ အချစ်စစ်​အချစ်​မှန်နှင့်​တွေ့သော​အခါမှာလည်း ရင်ဆိုင်​ရန်​အသင့်ရှိ​ပါ​လိမ့်​မည်! သို့ရာတွင် ‘အချစ်စစ်​အချစ်​မှန်’ ကို မည်သို့ခွဲခြား​နိုင်​မည်​နည်း။

ဆွေးနွေး​ရန်​မေးခွန်းများ

◻လူငယ်များ​ဘောင်​တွင် အဘယ်ကြောင့် တစ်ဖက်သတ်​အချစ်​အကြိုက် များ​သနည်း။

◻မည်သို့သော​ပုဂ္ဂိုလ်​များ​ကို လူငယ်များ စိတ်ကူး​ထဲ​စွဲမက်​လေ့​ရှိကြ​သနည်း။ အဘယ်ကြောင့်​နည်း။

◻တစ်ဖက်သတ်​အချစ်​သည် အဘယ်ကြောင့်​ဥပဒ်​ဖြစ်စေ​နိုင်​သနည်း။

◻လူငယ်​တစ်ဦး တစ်ဖက်သတ်​အချစ်​ကို မည်သို့​ဖျောက်ဖျက်​နိုင်​သနည်း။

◻လူငယ်​တစ်ဦး စိတ်ကူးယဉ်​အချစ် ရှင်သန်​စေခြင်း​ကို မည်သို့​ရှောင်ရှား​နိုင်​သနည်း။

[စာမျက်နှာ ၂၂၃ ပါ​အကျဉ်း​ဖော်ပြချက်]

‘ကျွန်မ​မှာ စား​လည်း​မဝင်။ စာ​လည်း​မ​ကျက်​နိုင်။ နေ့ခင်း​ကြောင်​တောင် သူ့ကိုပဲ​တွေး​ပြီး​နေ​မိတယ်။ စိတ်​အရမ်း​ညစ်​တာ​ပဲ’

[စာမျက်နှာ ၂၂၀ ပါ​ရုပ်ပုံ]

မမီ​တဲ့​ပန်း တုံး​ခု​လို့​လှမ်း​သော အဖြစ်မျိုး​မရှား​ပါ

[စာမျက်နှာ ၂၂၀ ပါ​ရုပ်ပုံ]

ခေါင်း​အေးအေး​ထားပြီး သူ့ကို​အရှိအတိုင်း သုံးသပ်​လိုက်​ရုံ​နှင့် သူ့​အပေါ်​စုံမက်​သော စိတ်​ကို ကုစား​နိုင်​သည်