မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပိုးပန်းမှုအောင်မြင်နိုင်ဖို့ ငါဘယ်လိုလုပ်နိုင်မလဲ

ပိုးပန်းမှုအောင်မြင်နိုင်ဖို့ ငါဘယ်လိုလုပ်နိုင်မလဲ

အခန်း ၃၂

ပိုးပန်းမှု​အောင်မြင်​နိုင်​ဖို့ ငါ​ဘယ်လို​လုပ်နိုင်မလဲ

“အများအားဖြင့် အိမ်ထောင်​ပြိုပျက်​ခြင်း​သည် ပိုးပန်းမှု​ပြိုပျက်​ခြင်း​ပင်​ဖြစ်သည်။ ဤ​အချက်​ကို ထပ်ခါတလဲ​လဲ ပြော​သင့်​ပေ​သည်။” အိမ်ထောင်ရေး​ဘဝ သုတေသန​ပြုသူ ပေါ​အိတ်ခ်ျ လ​န်ဒစ်​က အထက်ပါ​အတိုင်း​ဆို​၏။ လူးဝစ်​က ၎င်း​အဆို​မှန်ကန်ကြောင်း ထောက်ခံ​၏။ သူ ဤသို့ရှင်းလင်း​တင်ပြ​သည်– “ကျွန်မ​ရဲ့​မဟာ​အမှား​က ဘာလဲ​ဆိုတော့၊ အဲ​န်​ဒီ​ဟာ ဘယ်လို​ပုဂ္ဂိုလ်​လဲ​ဆိုတာ​ကို​ကျွန်မ မသိ​ခင် သူ့​အပေါ်​အကြင်နာ​မေတ္တာ​နှောင်ကြိုး သွယ်​ခဲ့​ခြင်း​ပါ​ပဲ။ ကျွန်မတို့​ရဲ့​ပိုးပန်းမှု​ဟာ​လဲ နှစ်ယောက်​ထဲ​သာ ဆို​တဲ့​အစား​မျိုး​က​များ​တယ်။ အဲဒီ ‘အ​မွန်မြတ်​ဆုံး’ အခြေအနေ​များ​အပြင်ဘက်မှာ သူ့ရဲ့​တုံ့ပြန်​မှု​ကို ကျွန်မ ဘယ်တော့မှ မမြင်​ခဲ့​ပါ​ဘူး။” သူတို့၏​အိမ်ထောင်ရေး​သည် ကွာရှင်း​ခြင်း​နှင့်အတူ ပြိုကွဲ​ခဲ့​သည်။ ဤ​အဖြစ်ဆိုး​ကို ရှောင်ရှား​နိုင်သော​သော့ချက်​ကား အဘယ်နည်း။ အောင်မြင်စွာ​ပိုးပန်း​ခြင်း​ပင်​တည်း!

ချိန်း​မ​တွေ့​ခင်

“ပညာသတိ​ရှိသောသူ​မူ​ကား၊ မိမိ​ခြေလှမ်း​များ​ကို ကြည့်ရှု​တတ်၏။” (သု. ၁၄:၁၅) သင်​ကောင်းစွာ​မသိ​သူ​တစ်ဦး​အပေါ် မေတ္တာ​နှောင်ကြိုး​ပတ်ရစ်​ပါ​က—တစ်ဖက်​သူသည် စုံမက်​စ​ရာ​ကောင်း​သူ​ဖြစ်စေ​ကာ​မူ ဒုက္ခ​ကို​လက်​ယပ်​ခေါ်​သည်​နှင့်​မ​ခြား​ပါ။ စိတ်​လှုပ်ရှားမှု​နှင့် ဘဝ​ပန်းတိုင်​များ​အရာ​၌ မိမိ​နှင့်​အလှမ်းဝေး​လှ​သော လူတစ်ယောက်​နှင့် အိမ်ထောင်ကျ​သည့်​အဖြစ်သို့ ရောက်သွား​နိုင်​သည်! ထို့​ကြောင့် ဦးဆုံး​လူအုပ်​အသိုင်းအဝိုင်း​၌ ထို​သူကို အကဲခတ်​လျှင် ပညာရှိ​လမ်းစဉ်​ဖြစ်​မည်။ ပ​မာ​အားဖြင့်၊ သူ​အပန်းဖြေမှု​တစ်မျိုး​ပြု​နေခိုက်​ဖြစ်သည်။

သာယာသော​အိမ်ထောင်သက် ဆယ်နှစ်​တာ​ရှိပြီ​ဖြစ်သော ဒေးဗစ်​က ဤသို့​ဆို​၏– “အစပိုင်း​မှာ သိပ်​ရင်းနှီး​လို့​ရှိရင် ကျွန်တော့်​စိတ်​ရှား​မှု​ကြောင့် အဆုံးအဖြတ် တိမ်း​မှား​မှာ​ကို ကျွန်တော်​သိတယ်။ ဒါ​ကြောင့် ရို့စ်​ပေါ် ကျွန်တော်​စိတ်ဝင်စား​နေမှန်း ရို့စ်​ကို​အသိ​မပေး​ဘဲ သူ့ကို​ခပ်​လှမ်း​လှမ်း​ကနေ​ပြီး အကဲခတ်​ကြည့်​ခဲ့တယ်။ သူ လူတွေနဲ့ ဘယ်လို​ဆက်ဆံ​သလဲ၊ သူဟာ ကြာ​ပေး​တတ်​တဲ့​မိန်း​မစား​လား​ဆိုတာ​ကို​ကျွန်တော် မြင်နိုင်တယ်။ စကားစမြည်​ပြော​ရင်း၊ သူ့​အခြေအနေ​နဲ့ သူ့​ဘဝ​ပန်းတိုင်​အကြောင်းကိုပါ ကျွန်တော်​သိခွင့်​ရခဲ့တယ်။” တစ်ဖက်သား​အကြောင်း ကောင်းစွာ​သိကျွမ်း​သော​သူ​တစ်ယောက်​နှင့် ပြောဆို​မေးမြန်း​လျှင်​လည်း အထောက်အကူ​ရနိုင်​သည်။—သု. ၃၁:၃၁ နှိုင်းယှဉ်။

ပထမ​အကြိမ်​ချိန်းတွေ့ခြင်း

တစ်ယောက်​သော​သူသည် မိမိ၏​သင့်လျော်​သော​အိမ်ထောင်ဖက်​ဖြစ်​နိုင်​ဖွယ်​ရှိသည်​ဟု ယူမှတ်​သောအခါ သူ့​ထံ​ချဉ်းကပ်​၍ သူနှင့်​အကျွမ်းဝင်​လို​ကြောင်း ထုတ်ဖော်​ပြောဆို​နိုင်​သည်။ * သူက​သဘောတူ​သည်​ဆိုပါစို့။ ပထမ​တစ်ကြိမ်​ချိန်းတွေ့​မှု​ကို တခမ်းတနား​ကြီး လုပ်ဖို့​မလိုပါ။ နေ့လည်စာ​စား​ရန် ချိန်းတွေ့​နိုင်​သည်။ သို့​မဟုတ်၊ အုပ်စု​တစ်စု​အတွင်း ချိန်းတွေ့​ရုံ​နှင့်​လည်း​ပြီး​နိုင်​သည်။ ဤ​နည်း​အားဖြင့်၊ တစ်ဦး​ကိုတစ်​ဦး​ပို​၍​သိကျွမ်း​လာနိုင်​ပြီး ဆက်၍​စခန်း​သွား​သင့်​မသင့် ဆုံးဖြတ်​နိုင်​ပါ​လိမ့်​မည်။ စည်း​ကြီး​ကမ်း​ကြီး​အတိုင်း နည်းနည်း​လျှော့​လျှင် နှစ်ဦး​သား သက်သောင့်သက်သာ ရှိကြပါ​လိမ့်​မည်။ အချိန်မတန်​ဘဲ ကတိ​လည်း​မ​လွန်​စေ​နှင့်။ သို့​မှ​သာ တစ်ဖက်​ဖက်​က စိတ်​မဝင်​စား​တော့​သောအခါ အ​သဲကွဲ၊ အရှက်ရ​သက်သာ​ပါ​လိမ့်​မည်။

မည်သို့​မည်​ပုံ​ချိန်းတွေ့​သည်​ဖြစ်စေ အချိန်မီ​သွားပါ။ သပ်ရပ်​ညီ​ထွေ​စွာ​ဝတ်ဆင်ပါ။ စကား​အပြောကောင်း​သူ​တစ်ယောက်​ဖြစ်ပါ။ ကောင်းစွာ​နားထောင်သူ​တစ်ဦး​လည်း​လုပ်ပါ။ (ယာကုပ် ၁:၁၉) လိုက်နာ​ရန် ကျပ်တည်း​သော​စည်းမျဉ်း​မရှိ​သော်လည်း ယောက်ျား​ပျို​တစ်ဦး​အနေ​နှင့် ဒေသန္တရ​ယဉ်ကျေးမှု​ဓလေ့​ကို လိုက်​လို​ပေမည်။ မိန်းမငယ်​အဖို့ တံခါးဖွင့်​ပေးခြင်း၊ နေရာ​ထိုင်​ခင်း​ပေးခြင်း စ​သည်​တို့​ပါဝင်​ပေမည်။ မိန်းမငယ်​အနေ​နှင့် မင်းသမီး​တစ်ပါး​လို ဆက်ဆံမှု​မျိုးကို မမျှော်လင့်​သော်လည်း ချိန်းတွေ့​သူနှင့် သိမ်မွေ့စွာ ပူးပေါင်း​ဆောင်ရွက်​သင့်​ပေ​သည်။ အပြန်အလှန်​လေးစားခြင်း​အားဖြင့် နောင်​အနာဂတ်​အတွက် စံ​ထား​နိုင်​ပေ​သည်။ ယောက်ျား​သည် ‘မိမိ၏​ဇနီး​အား အားနွဲ့သူ​မှတ်၍​လေးစား’ ရန်၊ ဇနီး​ဖြစ်သူ​လည်း ‘မိမိ​ခင်ပွန်း​အား ရိုသေ’ ရန် ဘုရားသခင် ပညတ်တော်​မူ​၏။—၁ ပေတရု ၃:၇; ဧဖက် ၅:၃၃

လက်ကိုင်​ခြင်း၊ နမ်း​ခြင်း၊ ဖက်​ခြင်း​တို့သည် လျောက်ပတ်​၏​လော။ လျောက်ပတ်​လျှင် အဘယ်​အချိန်​မှာ​နည်း။ ရာဂစိတ်​ကြောင့်​မဟုတ်ဘဲ၊ ချစ်ခင်​သော​သဘောဖြင့် ထိုသို့ပြုခြင်း​သည် စင်ကြယ်​လျောက်ပတ်​ပေ​သည်။ ရှု​လ​မိတ် (ရှုနင်​မြို့သူ) မိန်းကလေး​နှင့် မိမိ​ချစ်၍​မကြာမီ​လက်ထပ်​တော့​မည့်​သူ သိုးကျောင်းသား​ကလေး​တို့​ချင်း တင့်​သင့်​လျောက်ပတ်​စွာ နမ်း​ဖက်​မှု​ပြု​ခဲ့​ကြ​ကြောင်း သမ္မာ​ကျမ်းစာပါ ရှောလမုန်သီချင်း​က အရိပ်အမြွက်​ပြ​ပေ​၏။ (ရှောလမုန်သီချင်း ၁:၂; ၂:၆; ၈:၅) သို့သော် နမ်း​ဖက်​ရာ​မှ ညစ်ညမ်း​သည့်​အဖြစ်၊ လိင်​စာရိတ္တ​ပျက်ပြားမှု​သို့ မ​ရောက်​စေရန် စင်ကြယ်သော​ထို​စုံတွဲ​ကဲ့သို့ သတိပြု​ရန်လို​သည်။ * (ဂလာတိ ၅:၁၉၊ ၂၁) မိမိတို့​ချင်း သစ္စာ​ထားပြီး​သည့်​ပြင် လက်ထပ်​မည့်​ဆဲ​ဆဲ​ဖြစ်သော​အချိန်​ရောက်​မှ ထိုသို့​သော​ချစ်ခင်​ရင်းနှီးမှုကို​ပြုသင့်​၏။ စိတ်​ချုပ်တည်း​ခြင်း​ရှိ​မှ၊ သင်သည် အောင်မြင်​သော​ပိုးပန်းမှု​၏ အဓိက​ပန်းတိုင်​မှ သွေဖီ​တော့​မည်​မဟုတ်။ ၎င်း​ပန်းတိုင်​မှာ ...

“စိတ်နှလုံး​၏​အတွင်းလူ” ကို​သိကျွမ်းခြင်း

၁၉၈၀၊ မေလ​ထုတ် ထိမ်းမြား​မင်္ဂလာ​နှင့် အိမ်ထောင်​ဂျာနယ် ၌ သုတေသန​အသင်း​တစ်သင်း​က ဤသို့​တင်ပြ​၏– တစ်ယောက်​အကြောင်း​တစ်ယောက် ပို​၍​အတွင်းကျကျ​သိကျွမ်း​သည့်​နောက်​မှ လက်ထပ်​ကြ​လျှင် အိမ်ထောင်​ပို​၍​ခိုင်မြဲ​ကြီးပွား​ပုံ​ရ၏။” မှန်​ပေ​သည်၊ မိမိ​ကြင်ဖော်​၏ “အတွင်းလူ” ကို​သိကျွမ်းခြင်း​သည် အရေးပါ​လှ​၏။—၁ ပေတရု ၃:၄

သို့ရာတွင်၊ သူ့​နှလုံး​ထဲ​မှ​အကြံအစည်​ကို ‘ခပ်ယူ’ ရာ​၌ လုံ့လ​နှင့် ဝေဖန်​ပိုင်းခြား​ဉာဏ်​ရှိဖို့လို​သည်။ (သု. ၂၀:၅) သို့ဖြစ်၍ သင့်​အဖော်​၏​အတွင်းသဘော​ကို​သိနိုင်​ရန် အထောက်အကူ​ဖြစ်စေ​နိုင်​မည့် လှုပ်ရှား​သွားလာ​ဆောင်ရွက်မှု​များ ပြုလုပ်​ဖို့​စီစဉ်​ပါ။ အစပိုင်း​၌ ရုပ်ရှင်​ပြဇာတ်​များ​သို့ အတူ​သွား​ရုံ​နှင့်​လုံလောက်​သော်လည်း (ရိုး​လား​စ​ကိတ်​စီး​ခြင်း၊ ဘောလုံး​ပစ်​ကစား​ခြင်း၊ တိရစ္ဆာန်ရုံ၊ ရှေးဟောင်း​ပစ္စည်း​ပြတိုက်​နှင့် အနုပညာ​ပြခန်း​သို့​သွားခြင်း စ​သော) စကား​အပြန်အလှန်​ပြော​ဖို့ အခွင့်လမ်း​ဖန်တီး​နိုင်သော လှုပ်ရှား​သွားလာ​မှုများ​ပြုလုပ်​လျှင် တစ်ဦး​ကိုတစ်​ဦး သိကျွမ်း​စေရန် သာ၍​ထောက်ကူ​နိုင်​သည်။

သူ့​ခံစားချက်​ကို အရိပ်အမြွက်​လောက်​သိ​လိုလျှင် လွတ်လပ်​စွာ​ဖြေဆို​နိုင်သော မေးခွန်းများကို​မေးပါ။ ဥပမာ၊ ‘အားလပ်ချိန်​ကို ဘယ်လို​သုံး​သလဲ။’ ‘ငွေ​အဓိက​မကုန်​ဘဲ ဘာလုပ်​ချင်​တဲ့​ဆန္ဒရှိ​သလဲ။’ ‘တို့​ဘုရားဝတ်​ပြု​မှု​ရဲ့ ဘယ်​အပိုင်း​ကို​အနှစ်သက်ဆုံး​လဲ။ ဘာကြောင့်လဲ။’ ဤ​မေးခွန်းများ​မေး​လျှင် သူသည် ခရေစေ့​တွင်း​ကျ ဖြေဆို​မည်​ဖြစ်​ပြီး သူ​ဘာကို​အမြတ်တနိုး​ထား​ကြောင်း သင့်​အား​သိစေ​ပေမည်။

ဆက်ဆံ​ရေး​နက်ရှိုင်း​လာပြီး နှစ်ဦး​သား လက်ထပ်​ဖို့ အလေးအနက်​စဉ်းစား​လာ​သည်​နှင့်​အမျှ မိမိ​ခံယူ​ချက်၊ အဘယ်​မှာ၊ အဘယ်​ပုံ​ဖြင့်​နေထိုင်​မည်၊ ငွေ​ရေး​ကြေး​ရေး​အပြင် နှစ်ယောက်စလုံး အိမ်ပြင်ထွက်​အလုပ် လုပ်​မ​လုပ်၊ သားသမီး​များ၊ ပဋိသန္ဓေ​ထိန်းချုပ်ခြင်း၊ အိမ်ထောင်​တာဝန်​နှင့်​ပတ်သက်သော တစ်ဦးချင်း​ခံယူ​ချက်၊ ရက်​တို​နှင့်​ရေရှည်​စီမံကိန်း​ပန်းတိုင်၊ ယင်း​ပန်းတိုင်​များ​ဆွတ်ခူး​နည်း စ​သော​အရေးပါသည့်​အကြောင်း​များ​ကို လေးနက်​တည်ကြည်​စွာ​ဆွေးနွေး​ရန်လို​လာ​သည်။ ယေဟောဝါ​၏​လူငယ်​သက်သေခံ​များစွာ​တို့သည် ကျောင်းထွက်​ပြီး​နောက် အချိန်ပြည့် ဧဝံဂေလိ​ကြေညာ​သူများ​ဖြစ်လာ​ကြ​၏။ အိမ်ထောင်​ပြုပြီး​နောက်​မှာလည်း ထိုသို့​ပင်​ဆက်လက်​၍​အမှုတော် ထမ်း​လို​ကြ​ပေ​သည်။ သို့ဖြစ်၍ သင်တို့​နှစ်ဦး ဝိညာဏ​ပန်းတိုင်​ချင်း စပ်​ဟပ်​လိုက်ဖက်​မှု​ရှိမရှိ သတိပြု​ရန် လိုအပ်​လာပြီ။ အိမ်ထောင်ရေး​အပေါ် ကောင်းကျိုး​ဆိုးကျိုး​သက်ရောက်​စေနိုင်​မည့်​မိမိ၏​အတိတ်ကို​ပါ ဖွင့်ပြော​ရန် အချိန်တန်ပြီ။ ကြီးမားသော​အကြွေး သို့​မဟုတ် ဝန်ခံချက်​များ စ​သည့်​ကိစ္စ​များ ပါဝင်​ကောင်း​ပါဝင်​မည်။ စိုးရိမ်ဖွယ်​ရောဂါ​နှင့် နောက်ဆက်တွဲ​အကျိုး စ​သော​ကျန်းမာ​ရေး​ကိစ္စ​များ​ကိုလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေး​သင့်​သည်။

ဆွေးနွေး​စဉ် ဧလိဟု​ကို​တု​ပါ။ သူက “ကျွန်ုပ်​သည် နှလုံး​ထဲ​မှ ဖြောင့်​ဖြောင့်​ပြော​၍ ရိုးသား​စွာ​ဆိုပါ​သည်” ဟု​ပြော​၏။ (ယောဘ ၃၃:၃ဝီလျံ​ဘက်​ရေး​သည့် ယနေ့​ဘာသာ​စကား​နှင့်​သမ္မာကျမ်းစာ) အက်စတာ​က မိမိ၏​ပိုးပန်း​ခြင်း​သည် သာယာသော​အိမ်ထောင်​အတွက် မည်သို့​မည်​ပုံ လမ်းခင်း​ပေး​ခဲ့​ကြောင်း ဤသို့​ဆို​၏– “ကျွန်မ​သဘော​မတူတဲ့​အခါ၊ ဘယ်တော့မှ ‘ဟန်​လုပ်ပြီး’ ဂျေး​ကို​သဘောတူ​ပါ​တယ်လို့ မပြောခဲ့​ဖူး​ဘူး။ ခု​လဲ​ဒီလိုပဲ။ ကျွန်မ​ဟာ အမြဲ​တန်း​ရိုးသား​ပွင့်လင်း​ဖိုကြိုးစား​တယ်။”

တစ်ဖက်သား အနေ​ရ​ကြပ်​မှာ​စိုး​၍ အငြင်းပွား​နိုင်​ဖွယ်​အကြောင်းအရာများ​ကို မဆွေးနွေး​ဘဲ ရှောင်ဖယ်​ဖုံးကွယ် မ​လုပ်​နှင့်။ ဘက်​သ်​သည် ဂျွန်​နှင့် ပိုးပန်း​စဉ် ဤ​အမှား​ကို​ပြု​ခဲ့​သည်။ ဘက်​သ်​က မိမိသည် နောင်ရေး​အတွက် စုဆောင်း​ရမည်၊ ငွေ​မ​ဖြုန်းတီး​ရ ဟူသော​ခံယူ​ချက်​ရှိကြောင်း ထုတ်ဖော်​ပြောကြား​သောအခါ ဂျွန်​က​လည်း သဘောတူ​သည်​ဟု​ဆို​၏။ ဘက်​သ်​က နောက်ထပ်​မ​မေးတော့။ ငွေ​ရေး​ကြေး​ရေး​ဘက်တွင် မိမိတို့​နှစ်ယောက် တစ်စိတ်​တစ်​ဝမ်း​တည်း​ရှိသည်​ဟု မှတ်​လေ​သည်။ သို့သော် အနာဂတ်​အတွက်​စုဆောင်း​သည်​ဆို​ရာ​၌ ဂျွန်​ဆိုလိုချက်​မှာ ပြိုင်ကား​တစ်စီး​အတွက် စုဆောင်းခြင်း​ဖြစ်​ကြောင်း နောက်ပိုင်း၌ သိ​ရတော့​သည်! လက်ထပ်​သည့်​နောက်​၌ ငွေ​သုံးစွဲပုံ​နှင့်​ပတ်သက်သော သဘော​ကွဲလွဲ​မှု​သည် နာကြည်းဖွယ်​ကောင်း​လောက်​အောင် သိသာ​လာ​သည်။

ထိုသို့​သော​အထင်လွဲ​မှု​မဖြစ်အောင် တားဆီး​နိုင်​သည်။ အထက်​ဆို​ခဲ့​သော လူးဝစ်​က မိမိ၏​ပိုးပန်းမှု​ကို ပြန်၍​ဆင်ခြင်​ပြီး ဤသို့​ဆို​၏– “ကျွန်မ သူ့ကို​နောက်ထပ်​မေးခွန်းတွေ အများကြီး​မေးခဲ့​ဖို့​ကောင်းတယ်။ ဥပမာ၊ ‘တကယ်လို့ ကျွန်မ​ကိုယ်ဝန်​ရပြီ။ ဒါပေမဲ့ မောင်​က ကလေး​မလိုချင်ဘူး​ဆို​လို့​ရှိရင် ဘယ်လို​လုပ်မလဲ။’ ‘တကယ်လို့​ကျွန်မတို့ သူများ​ပေါ်​အကြွေးတင်​တယ်။ ဒါပေမဲ့ ကျွန်မ​က အိမ်မှာ​ပဲ​နေပြီး ကလေး​ထိန်း​မယ်​ဆို​လို့​ရှိရင် ဒီ​ကိစ္စ​ကို မောင်​ဘယ်လို​ဖြေရှင်း​မလဲ’ ဆို​တဲ့​မေးခွန်းတွေ​ပေါ့။ ကျွန်မ သူ့​တုံ့ပြန်​ပုံ​ကို​ကောင်းကောင်း​မှတ်သား​ခဲ့​မှာပဲ။” ဤသို့​သော​ဆွေးနွေးခန်း​များ​က လက်မထပ်မီ တွေ့​ဖို့​ကောင်းသော နှလုံး​ထဲ​မှ​အတွင်းသဘော​ကို ပေါ်လွင်​စေနိုင်​သည်။

သူ့ပြုမူ​လှုပ်ရှား​ပုံ​ကို​ကြည့်!

အက်စတာ​က ဤသို့​ရှင်းလင်း​၏၊ “လူတစ်ယောက်ဟာ ကိုယ်​နဲ့​နှစ်ယောက်​ထဲ​နေတဲ့​အခါမှာ ကိုယ့်​အပေါ် သဘောထား​အင်မတန်​ကောင်း​တတ်​ပါ​တယ်။ ဒါပေမဲ့ တခြား​လူတွေ​ရှိတဲ့​အခါကျတော့ မမျှော်လင့်​တဲ့​အခြေအနေ​နဲ့ သူ​ပက်ပင်းတိုး​ပါ​လေ​ရော။ ကိုယ့်​သူငယ်ချင်း​တစ်ယောက်ယောက်​က သူ့​စိတ်​နဲ့​မ​တွေ့​တဲ့ စကား​တစ်ခွန်း​ပြော​ကြည့်​ပါ​လား။ ဖိအား​အောက်မှာ​သူ့​တုံ့ပြန်​မှု​ကို တွေ့ရ​ပါ​လိမ့်​မည်။ သူငယ်ချင်း​ကို သူ​ကြိမ်းမောင်း​လိုက်​မလား။ အ​ရွဲ့​ပဲ​တိုက်​လိုက်​မလား။” အက်စတာ ဤသို့​မှတ်ချက်ချ​လိုက်​သည်– “ပိုးပန်း​တဲ့​အချိန်အတွင်း သူ့​မိတ်ဆွေ၊ ကိုယ့်​မိတ်ဆွေ​တွေ၊ သူ့​အိမ်သား၊ ကိုယ့်​အိမ်သားတွေ​ကြားထဲ​နေတာဟာ အထောက်အကူ အများကြီး​ဖြစ်​နိုင်တယ်။”

အပန်းဖြေ​ခြင်း​အပြင်၊ နှစ်ယောက်​အတူ အလုပ်လုပ်​ပါ။ ဘုရားသခင့်​နှုတ်ကပါဌ်တော်​ကို ဖတ်ရှု​လေ့လာခြင်း၊ ခရစ်ယာန်​ဓမ္မ​အမှု​အပါအဝင် ခရစ်ယာန်​လုပ်ငန်းများ​ကို​အတူ​လုပ်ဆောင်ပါ။ ထို့ပြင် လက်ထပ်​ပြီး​သည့်​နောက် နေ့စဉ်​နှင့်​အမျှ လုပ်ကိုင်​ရမည်​ဖြစ်သော—ဈေးဝယ်၊ ချက်ပြုတ်၊ ပန်းကန်​ဆေး၊ အိမ်​သန့်ရှင်းရေး စ​သော အိမ်မှု​လုပ်ငန်းများ​ကိုလည်း အတူ​လုပ်ကိုင်​ပါ။ တကယ့်​ဘဝ​အခြေအနေ​မျိုး​အောက် အတူ​နေပြီး —သူ၏​အညံ့​ဆုံး​အဖြစ်ကို​ပင်​တွေ့​နိုင်သော​အခါ—သူ့​ဇာတိရုပ်​ကို မျက်နှာဖုံး​မပါဘဲ၊ အရှိအတိုင်း မြင်ရ​ပါ​လိမ့်​မည်။

ရှောလမုန်သီချင်း​ပါ သိုးကျောင်းသား​ကလေး​သည် မိမိ​မြတ်နိုးသော​မိန်းကလေး​၏​စိတ်ပျက်​ပုံ၊ နေ​ပူ​စပ်​ခါး​ထဲ ချွေးတဒီးဒီး​ဖြင့် ပင်ပန်း​တ​ကြီး အလုပ်လုပ်​ကိုင်​ပုံ​ကို​တွေ့ခဲ့​ရသည်။ (ရှောလမုန်သီချင်း ၁:၅၊ ၆; ၂:၁၅) ရှောလမုန်​ဘုရင်​၏​သွေးဆောင်ခြင်း​ကို သူ​မ​သစ္စာရှိ​ရှိ တွန်းလှန်​ခဲ့​ပုံ​ကို​ပါ မြင်ခဲ့​ရပြီး​နောက် သူ​ဤသို့​ဆို​၏– “ငါ​၏​ချစ်​ဆွေ၊ သင်သည် ခြောက်ပြစ်ကင်း​၍ တစ်ကိုယ်လုံး​လှ​ပေ​၏။” (ရှောလမုန်သီချင်း ၄:၇သ​မ) သူ​မ​သည် စုံလင်သူ​ဖြစ်သည်​ဟု ပြောနေခြင်း​မဟုတ်ဘဲ၊ သီလ​ဘက်တွင် အပြစ်​အနာအဆာ​မရှိခြင်း​ကို သူ​ဆိုလို​မှန်း​သိသာ​ပေ​သည်။ သူမ၏​ခန္ဓာ​အလှ​သည် သူမ၏​သီလ​ခွန်အား​ကြောင့် ကျက်သရေ​တိုး​ခဲ့​ပေ​သည်။ ထို့​ကြောင့် သူမ၏ အပြစ်​အနာအဆာ​သည် မဆိုစလောက်​ဖြစ်​ခဲ့​ပေ​သည်။—ယောဘ ၃၁:၇ နှိုင်းယှဉ်။

လူတစ်ယောက်ကို အလားတူ​စွာ တန်ဖိုး​ဖြတ်​ဖို့ အချိန်​လို​သည်။ ထို့​ကြောင့် အ​လော​သုံး​ဆယ် မ​ပိုးပန်း​နှင့်။ (သု. ၂၁:၅) သာမန်​အားဖြင့် ယောက်ျား​နှင့်​မိန်း​မတို့​သည် တစ်ဖက်သား​မေတ္တာကို​ပိုင်ဆိုင်​နိုင်​ဖို့ အစွမ်းကုန် ကြိုးစား​တတ်ကြ​သည်။ သို့ရာတွင် လုံလောက်​သော​အချိန်ပေး​ပါ​က အကျင့်ဆိုး၊ ဉာဉ်ဆိုး​ကလေး​များ တစ်နည်း​မဟုတ် တစ်နည်း​ပေါ်လွင်​လာ​တတ်​သည်။ ပိုးပန်း​စဉ် အချိန်​ယူ​ရုံ​မ​က၊ ၎င်း​အချိန်ကို ကောင်းစွာ​အသုံးချ​သော စုံတွဲ​တို့သည် လက်ထပ်​သည့်​နောက်​၌ လွယ်​လင့်​တကူ ညှိနှိုင်း​ပါ​လိမ့်​မည်။ မျက်စိ​ကျယ်ကျယ်​ဖွင့်​ထား​သဖြင့် နောင်​ပေါ်လာ​နိုင်​မည့်​သဘော​ကွဲလွဲ​မှု​ကို ဖြေရှင်း​နိုင်​မည်​ဟူသော ယုံကြည်ချက်​ကိုင်စွဲ​ကာ အိမ်ထောင်ပြု​နိုင်​ကြ​ပေ​သည်။ အောင်မြင်​သော​ပိုးပန်းမှု​သည် အောင်မြင်​ချမ်းမြေ့​သော​အိမ်ထောင်ရေး​အတွက် လမ်းခင်း​ခဲ့​ပေ​ပြီ။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 8 ဤ​အချက်​သည် ချိန်းတွေ့​သော​ဓလေ့​ရှိပြီး ခရစ်ယာန်​များ​အဖို့ လျောက်ပတ်​သော​ဓလေ့​ဟု ယူမှတ်​သော​နိုင်ငံ​များနှင့်​သာ​ဆိုင်​ပါ​သည်။ များသောအားဖြင့် အမျိုးသား​က အစပြု​ပါ​သည်။ သို့​တ​စေ၊ အမျိုးသား​က ရှက်​၍ မဝံ့မရဲ​ဖြစ်​လျှင် အမျိုးသမီး​က​ဣန္ဒြေရရ မိမိ​ခံစားချက်​ကို​ထုတ်ဖော်​နိုင်​ပေ​သည်။ အဘယ်​ကျမ်း​မူ​က​မျှ မတားမြစ်​ပါ။—ရှောလမုန်သီချင်း ၈:၆ နှိုင်းယှဉ်။

^ အပိုဒ်၊ 10 အခန်း ၂၄၊ “လက်မထပ်မီ သံဝါသပြု​တာ​ကို ဘယ်လို​ငြင်းဆန်​နိုင်​မလဲ” ကို​ရှု။

ဆွေးနွေး​ရန်​မေးခွန်းများ

◻ပိုးပန်း​ခြင်း​၏​အဓိက​ရည်မှန်းချက်​ကား အဘယ်နည်း။ ၎င်း​သည် အိမ်ထောင်​ပျော်ရွှင်မှု​အတွက် မည်မျှ​အရေးပါ​သနည်း။

◻အဘယ်အရာ​သည် တစ်ဖက်သား​၏ ‘အတွင်းလူ’ ကို သိကျွမ်း​ရန်​အကူအညီ​ဖြစ်စေ​သနည်း။

◻မည်သို့သော​အပြန်အလှန်​ပြောဆိုမှု​သည် ပိုးပန်းမှု​ကို အောင်မြင်​စေနိုင်​သနည်း။

◻အမျိုးမျိုးသော​အခြေအနေ​အောက် အတူတကွ အချိန်​သုံးစွဲခြင်း​သည် အဘယ်ကြောင့် အထောက်အကူ ဖြစ်​နိုင်​သနည်း။

◻အဘယ်အရာ​များ​က ဆက်ဆံမှု​မပြေ​ပြစ်​ကြောင်း အချက်ပြ​သနည်း။

◻အဘယ်အခါ​မျိုး​၌ ပိုးပန်းမှု​ကို အဆုံးသတ်​သင့်​သနည်း။

[စာမျက်နှာ ၂၅၅ ပါ​အကျဉ်း​ဖော်ပြချက်]

“တစ်ယောက်​အကြောင်း တစ်ယောက်​ပို​၍ အတွင်းကျကျ သိကျွမ်း​သည့်​နောက်​မှ လက်ထပ်​ကြ​လျှင် အိမ်ထောင်​ပို​၍​ခိုင်မြဲ ကြီးပွား​ပုံ​ရ၏။” —ထိမ်းမြား​မင်္ဂလာ​နှင့် အိမ်ထောင်​ဂျာနယ်

[စာမျက်နှာ ၂၄၈၊ ၂၄၉ ပါ​လေးထောင့်ကွက်​နှင့် ရုပ်ပုံ]

လမ်းခွဲ​လိုက်ရင် ကောင်း​မလား

အချစ်​ခရီးသည် ဆုံးဖြတ်ချက်​ချ​ရမည့် လမ်းဆုံ​လမ်းခွ​သို့​ရောက်​သောအခါ စိတ်​နှစ်ခွ ဒွိဟ ဖြစ်လာ​မည်​မှာ​မ​ဆန်း​ချေ။ ကိုယ်​နှင့်​ချိန်းတွေ့​သော​သူ၏ လျစ်လျူ​မ​ရှု​သင့်​သည့် အပြစ်​အနာအဆာ​ကြောင့်​ဖြစ်စေ၊ မိမိတို့​နှစ်ဦး​၏​ဆက်ဆံမှု​ကိုယ်နှိုက်​က မပြေ​ပြစ်​၍​ဖြစ်စေ ထိုသို့​သော သို့​လော​စိတ်​ပေါ်လာ​လျှင်​မည်သို့​နည်း။

ဥပမာ၊ တစ်ဦး​ပေါ်​တစ်ဦး ချစ်​ကြင်နာ​သော​ပုဂ္ဂိုလ်​များ​ပင်​လျှင် သဘော​ကွဲလွဲ​သည့်​အခါ​ရှိ​တတ်​သည်။ (ကမ္ဘာဦး ၃၀:၂; တမန်တော် ၁၅:၃၉ နှိုင်းယှဉ်။) သို့သော် အရာရာတိုင်း​လို​လို သဘောချင်း​မ​တိုက်ဆိုင် ဆွေးနွေး​တိုင်း ရန်ဖြစ်​ရ၊ သို့​မဟုတ်၊ ဆက်ဆံ​ရေး​သည် ကွဲ​ချီ​တစ်ခါ​ကောင်း​ချီ​တစ်​လှည့် သံသရာ​မပြတ် လည်​နေလျှင် သတိပြု​လော့! ဆရာဝန်​ပေါင်း ၄၀၀ အား​စစ်တမ်း​ကောက်ချက်​အရ၊ မပြတ်​တမ်း ကတောက်ကဆတ်​ဖြစ်​ခြင်း​က “အိမ်ထောင်ပြု​ရန် စိတ်​လှုပ်ရှားမှု​ဘက်တွင် အသင့်​မဖြစ်သေး” ဟူသော​အချက်​ကို ကွက်ကွက်ကွင်းကွင်း​ညွှန်ပြ​နေကြောင်း၊ “နှစ်ဦး​စပ်ကြား မပြေ​ငြိမ်း​နိုင်သော​ပဋိပက္ခ” ရှိသည်​ကို​ပင် ဖော်ထုတ်​နေခြင်း​ဖြစ်​နိုင်​ကြောင်း သိရှိ​ရသည်။

အခြား​စိုးရိမ်ဖွယ်​အကြောင်း​မှာ ခင်ပွန်း​လောင်း စိတ်​အနှောင့်အယှက်​ဖြစ်စေ​နိုင်​သည့် ပင်​ကိုယ်​စရိုက်​ရှိကြောင်း တွေ့ရ​ခြင်း​ပင်​ဖြစ်သည်။ သူသည် ထ​စ်​က​နဲ​ဆို​ဒေါသ​ပေါက်ကွဲ​လျှင်​လည်းကောင်း၊ အတ္တစိတ်၊ မရင့်ကျက်​မှု၊ ဗလောင်းဗလဲ​ဆန်​မှု၊ ခေါင်းမာ​မှု စ​သော​အရိပ်အယောင်​များ သန်း​နေလျှင်လည်း​ကောင်း သူနှင့်​ရာသက်ပန်​ပေါင်းသင်း​လို​မည်​လော ဟူ၍​စဉ်းစားစရာ​ဖြစ်နေ​သည်။ သို့​ပါ​လျက်​နှင့် လူ​တော်​တော်​များများ​သည် ၎င်းကို​လျစ်လျူရှု​၏။ ထို​အပြစ်​အနာအဆာ​များ​အတွက် ဆင်ခြေ​ဆင်​လက်​ပေး​၏။ ဘာပဲ​ဖြစ်ဖြစ် ဆက်​စခန်း​သွား​မည်​ဟု သန္နိဌာန်ချ​ထား​ပုံ​ရ၏။ အဘယ်ကြောင့်​နည်း။

ခရစ်ယာန်​စစ်​တို့သည် ပိုးပန်း​ခြင်း​ကို အလေးအနက်​ထား​သင့်​သည့်​အတိုင်း အလေးအနက်​ထားသော​ကြောင့် အချို့​က​မိမိတို့​နှင့်​ချိန်းတွေ့​သော​သူကို လက်မ​ထပ်​မနေ​လက်ထပ်​ရမည်ဟု ထင်မှတ်​ကြသည်။ သူနှင့်​ရင်ဆိုင်​ဖြေရှင်း​ရန် မ​ဝံ့၍​လည်း​ဖြစ်​မည်။ သူ့​အား စိတ်​မထိခိုက်​စေလို၍​လည်း​ဖြစ်​မည်။ အချို့​သူတို့​မူ နောက်​တစ်ယောက် ရှာမတွေ့​မှာ​ကို​စိုး​၍​သာ​ဖြစ်​မည်။ မည်သို့ဖြစ်စေ၊ ယင်း​တို့သည် ပြဿနာ​ပေါင်း​ဖြင့်​ရောဂါစွဲ​နေသော ပိုးပန်းမှု​ကို အချိန်ဆွဲ​ထား​သင့်​သည့်​အကြောင်းပြချက်​များ​မဟုတ်။

ပိုးပန်း​ခြင်း​၏​ရည်ရွယ်ချက်ကား အိမ်ထောင်ပြု​နိုင် မပြု​နိုင် စူးစမ်းခြင်း​သာ​ဖြစ်သည်။ ခရစ်ယာန်​တစ်ဦး​သည် စိတ်ရင်းမှန်​ဖြင့်​ပိုးပန်း​ပါ​က ပိုးပန်းမှု​မပြေ​မ​ပြစ်​ဖြစ်လာ​သောအခါ ဆက်​စခန်း​သွား​ရန် တာဝန်​မရှိပါ။ ထို့ပြင်၊ ‘ငါ​နောက်​တစ်ယောက်ကို ရှာ​လို့​ရ​ချင်​မှ​ရမယ်’ ဆို​သော​ယူဆချက်​ကို​အရင်းခံ​ပြီး ယိုယွင်း​နေသော ပိုးပန်းမှု​ကို အချိန်ဆွဲ​ထား​လျှင် မမှား​ပေ​လော။ တစ်ကိုယ်ကောင်း​ဆန်​ရာ မ​ရောက်​ပေ​လော။ (ဖိလိပ္ပိ ၂:၄ နှိုင်းယှဉ်။) ထို့​ကြောင့် သင်တို့​နှစ်ဦး​၏​ပြဿနာ​ကို—ရင်ဆိုင်​ဖြေရှင်း​ရန်​အရေးကြီး​၏—မျက်နှာ​မလွှဲ​သင့်။ သူ့ကို အထူး​အာရုံ​စူးစိုက်​ခြင်း​ဖြင့် အစပြု​ပါ​လေ။

ဥပမာ၊ ဤ​အမျိုးသမီး​သည် နာခံမှု​နှင့်​လုပ်ရည်ကိုင်ရည်​ရှိသော​ဇနီး​ဖြစ်​မည်​ဟူသော အထောက်အထား​ရှိသလော။ (သု. ၃၁:၁၀-၃၁) ဤ​အမျိုးသား​သည် ကိုယ်ကျိုး​စွန့်​မေတ္တာ​ရှိပြီး မိသားစုကို ဝဝလင်လင် ရှာကျွေး​နိုင်​သူ​ဖြစ်​မည် ဟူသော​သာဓက ရှိသလော။ (ဧဖက် ၅:၂၈၊ ၂၉; ၁ တိမောသေ ၅:၈) သူက​မိမိသည် စိတ်​ထက်သန်​သော ဘုရား​ကျေးကျွန်​တစ်ပါး​ပါ ဟု​ဆို​ချင်​ဆို​မည်။ သို့သော် အပြော​ကို​အလုပ်​ဖြင့်​ထောက်ခံ​သလော။—ယာကုပ် ၂:၁၇၊ ၁၈

သင့်​အနေ​နှင့် အချိန်​များစွာ​မြှုပ်နှံ​ခဲ့​ရုံ​မ​က သူ့​အပေါ်မှာ​လည်း သံယောဇဉ်​ရှိလာ​သည့်​နောက်​၌ သူဟာ ခြောက်​ပြစ်​မကင်း​ပါ​လား​ဟု​ဆို​ကာ အလျင်စလို နောက်​မဆုတ်​လိုက်ပါ​နှင့်။ (ယာကုပ် ၃:၂) သူ့​အနာအဆာ​များ​မှာ အသေးအဖွဲ​ဖြစ်၍ ဥပေက္ခာပြု​ကာ ပေါင်းသင်း​သွား​နိုင်​ဖွယ်​ရှိပါ​သည်။

သို့ရာတွင် အသေးအဖွဲ​မဟုတ်လျှင် မည်သို့​နည်း။ ရင်ဖွင့်​နှီးနှော​ပါ။ သင်တို့၌ ဘဝ​ရည်မှန်းချက်​နှင့်​အမြင်ချင်း အောက်ခြေသိမ်း သဘော​ကွဲလွဲ​မှု ရှိကြ​သလော။ သို့​မဟုတ်၊ အထင်လွဲ​မှု​မျှ​သာ​လော။ နှစ်ဦးစလုံး ‘စိတ်​ကို​ထိန်းချုပ်’ လျက် အသာအယာ မဖြေရှင်း​တတ်​၍​လော။ (သု. ၂၅:၂၈) သူ၏​အကျင့်ဆိုး​ကလေး​များ​ကြောင့် သင်​စိတ်ဆိုး​စ​ရာ​ဖြစ်​လျှင် သူ့​အနေ​နှင့် စိတ်​နှိမ့်ချစွာ​ဝန်ခံ​ကာ ကြိုး​စား၍​ပြုပြင်​ရန်​ဆန္ဒရှိ​သလော။ သင့်​အနေ​နှင့်​လည်း စိတ်​ကောက်​မလွယ်​ဖို့ ပြုပြင်​ရန်လို​သလော။ (ဒေသနာ ၇:၉) ‘မေတ္တာဖြင့် အချင်းချင်း​သည်းခံခြင်း’ သည် သာယာသော​အိမ်ထောင်​အတွက် အသက်သွေး​ကြော​ဖြစ်၏။—ဧဖက် ၄:၂

ရင်ဖွင့်​၍​ဆွေးနွေး​လျှင် ခင်မင်မှု​ကို​မပျက်​ပြား​စေ​သည်​သာမက ပိုမို​ကြီးထွား​စေရန် ပျိုးထောင်​ရာ​ပင်​ရောက်​၏! သို့သော် ဆွေးနွေးပွဲ​ကြောင့် ဆက်ဆံ​ရေး အေးစက်​စက်​ဖြစ်လာ​လျှင် ကပ်​ဆိုက်​လုဆဲ​လက္ခဏာ​ဖြစ်၍ သတိပြုပါ​လေ။ (သု. ၂၂:၃) အိမ်ထောင်​ပြုပြီး​နောက် အခြေအနေ​တိုးတက်လာ​ချင်​မှ​လာ​မည်။ တပ်​ခေါက်​လိုက်​လျှင် နှစ်ဦးစလုံး​အတွက်​အကောင်းဆုံး ဖြစ်ချင်​ဖြစ်​မည်။

[စာမျက်နှာ ၂၅၃ ပါ​ရုပ်ပုံ]

တစ်ဦး​ကိုတစ်​ဦး အုပ်စု​အတွင်း အကဲခတ်​လျှင် မေတ္တာ​နှောင်ကြိုး သွယ်​စ​ရာ​မလို​ဘဲ အချင်းချင်း သိကျွမ်း​နိုင်​သည်

[စာမျက်နှာ ၂၅၄ ပါ​ရုပ်ပုံ]

ဒေသန္တရ​ဓလေ့​နှင့် ယဉ်ကျေးမှုကို လိုက်နာခြင်း​ဖြင့် လက်ထပ်​သည့်​နောက်​၌ ဆက်လက်​သုံးစွဲ​နိုင်သော အချင်းချင်း​လေးစားမှု​စံနမူနာကို ပြ​ဌာန်း​နိုင်​သည်

[စာမျက်နှာ ၂၅၉ ပါ​ရုပ်ပုံ]

ပိုးပန်းမှု​တစ်ရပ်​ကို စခန်း​ဆက်သွား​၍​မရ​မှန်း သိသာ​လာသော​အခါ အကြင်နာ​ဆုံးသော​နည်း​မှာ​မျက်နှာ​ချင်း​ဆိုင်​ကာ အကျိုးအကြောင်း​ရှင်းလင်း တင်ပြခြင်း​ပင်​တည်း