မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အချစ်စစ် အချစ်မှန်ဖြစ်မှန်း ငါဘယ်လိုလုပ် သိနိုင်မလဲ

အချစ်စစ် အချစ်မှန်ဖြစ်မှန်း ငါဘယ်လိုလုပ် သိနိုင်မလဲ

အခန်း ၃၁

အချစ်စစ် အချစ်​မှန်​ဖြစ်​မှန်း ငါ​ဘယ်လို​လုပ် သိနိုင်​မလဲ

ချစ်ခြင်း​မေတ္တာ—ဟူသည် အချစ်​စိတ်ကူးယဉ်​သူများ​အဖို့ လျှို့ဝှက်​ဆန်းကြယ်သော​ခံစားချက်၊ တစ်သက်​မှ​တစ်ခါ​သာ​ကြုံဖူး​သော​ပီတိ​ဖြစ်သည်။ မေတ္တာ​ဟူသော နှလုံးသား​ရေးရာ​သက်​သက်၊ နားမလည်​နိုင်၊ ခံစား​ရုံ​သာ​ခံစား​နိုင်သော​အရာ​ဖြစ်သည်​ဟု သူတို့​ယုံကြည်​ကြသည်။ မေတ္တာသည် အရာခပ်သိမ်း​အပေါ် အောင်​ပန်း​ဆွတ်​ပြီး ထာဝရ​တည်မြဲ​သည်​ဟူ​၏။ ...

စိတ်ကူးယဉ် မေတ္တာ​ဘွဲ့​က အထက်ပါ​အတိုင်း​ဖွဲ့ဆို​ပါ​သည်။ ချစ်​ရခြင်း​သည် တ​မူ​ထူး​သော​ကြည်နူး​မှု​ဖြစ်သည်​မှာ ယုံမှားဖွယ်​မရှိ။ သို့ရာတွင် မေတ္တာ​စစ် မေတ္တာ​မှန်​ဟူသည် အဘယ်နည်း။

မြင်​မြင်​ချင်း အချစ်​လော

ဒေးဗစ်​သည် ဂျဲင်​နက်​အား ပါတီပွဲ​တစ်ပွဲ​၌ ပထမ​အကြိမ်​တွေ့ဆုံ​ခဲ့​သည်။ ဂျဲင်​နက်​သည် ကိုယ်ခန္ဓာ​အချိုးအစား​ပြေပြစ်​ပြီး ရ​ယ်​သောအခါ ဆံ​လျ​ဉ်​လေး​က မျက်စိ​ကို​ဖုံး​တော့​မလို​လို မ​ခို.တ​ရို့နှင့်​မို့၊ ဒေးဗစ်​က သူ့ကို​မြင်​မြင်​ချင်း စွဲမက်​ခဲ့​သည်။ ဂျဲင်​နက်​အနေ​နှင့်​လည်း ဒေးဗစ်​၏ အာဝဇ္ဇန်း​နှင့် မျက်လုံး​ညို​ကြောင့် အ​ညှို့​ခံ​ခဲ့​ရသည်။ နှစ်ဦး​သား မြင်​မြင်​ချင်း ချစ်​ခဲ့​ကြ​သည့်​ပုံပြင်​ပ​မာ!

နောက်​ရက်သတ္တပတ်​သုံး​ပတ်​အတွင်း သူတို့​နှစ်ဦး မ​ခွဲ​နိုင်​မခွာ​ရက်​ဖြစ်​ခဲ့​ကြသည်။ တစ်ည​၌ ဂျဲင်​နက်​သည် ရည်းစား​ဟောင်း​ထံ​မှ တယ်လီဖုန်း​ကို​နားထောင်​ရာ ထိတ်လန့်ဖွယ်​စကား​ကြား​ခဲ့​ရသည်။ နှစ်သိမ့်မှု​ရ​လို​ရ​ငြား ဒေးဗစ်​ကို​ဖုန်း​ဆက်​သောအခါ ဒေးဗစ်​က​လန့်​ပြီး​စိတ်​အို​က်​ကာ အေးစက်​စက် တုံ့ပြန်​လိုက်​သည်။ မိမိတို့​ထင်​ခဲ့​သည့် ထာဝရ​မေတ္တာ​စမ်းရေ​သည် ထို​ည​တွင်း​ချင်း​ခန်းခြောက်​သွား​လေ​တော့​သည်။

ရုပ်ရှင်၊ စာအုပ်​နှင့် တီဗွီ​ဇာတ်လမ်း​များ​က မြင်​မြင်​ချင်း​အချစ်​သည် ရာသက်ပန်​တာ​ရှည်​သည်​ဟု သင့်​အား​အယုံသွင်း​ချင်​သည်။ အမှန်​အားဖြင့်၊ ရုပ်​ဆင်း​ဆွဲဆောင်မှု​ကြောင့် စ​လျှင်​စ​ချင်း တစ်ယောက်ကို​တစ်ယောက် သတိထား​မိ​ကြ​ခြင်း​ဖြစ်သည်။ လူငယ်​တစ်ဦး ပြော​သည့်​အတိုင်း​ပင်– “လူတစ်ယောက်ရဲ့ ပင်​ကိုယ်​စရိုက်​ကို ‘မြင်’ ဖို့​မလွယ်​ဘူး။” သို့ဖြစ်၍ နာရီ​ပိုင်း၊ ရက်​ပိုင်း​လောက်​သာ​သိကျွမ်း​ခဲ့​လျှင်၊ ဘာကို “ချစ်​မိ” ခြင်း ဖြစ်​သနည်း။ သူ့​ကိုယ်ဟန်​အသွင်အပြင်​လောက်​သာ​မဟုတ်လော။ စင်စစ်​အားဖြင့်၊ သင်သည် သူ့​အတွေး၊ သူ့​မျှော်လင့်ချက်၊ စိုးရိမ်မှု၊ ကြံရွယ်ချက်၊ အကျင့်၊ လုပ်ရည်ကိုင်ရည်၊ စွမ်းဆောင်မှု​တို့​နှင့်​ပတ်သက်​၍ ကောင်းစွာ​မသိ​သေး​ပါ။ သင်သည် သူ့​အခွံ​ကို​သာ​မြင်ရ​၏။ “နှလုံး​၏​အတွင်းလူ” ကို​မမြင်​သေး။ (၁ ပေတရု ၃:၄) ထို​မေတ္တာ​မျိုး​သည် မည်မျှ​ကြာရှည်ခံ​နိုင်​မည်​နည်း။

ရုပ်ရည်​သည်​လှည့်စား​တတ်၏

ထို့ပြင် ပြင်​ပန်း​သဏ္ဌာန်​သည် လှည့်စား​တတ်၏။ သမ္မာကျမ်းစာ​က “ဖွယ်​ရာ​ခြင်း​သည် လှည့်​စား၍ အဆင်းလှ​ခြင်း​လည်း အချည်းနှီး​ဖြစ်တတ်​၏” ဟု​ဆို​၏။ အရောင်​တ​ဖိတ်ဖိတ်တောက် လက်ဆောင်​ထုပ်​စက္ကူ​ကို​ကြည့်ရုံ​နှင့် အတွင်းမှာ ဘာ​ပစ္စည်း​ရှိသည်​ကို​မပြော​နိုင်။ အမှန်​အားဖြင့် အလှ​ပ​ဆုံး လက်ဆောင်​ထုပ်​စက္ကူ​အတွင်း​၌ အသုံးမဝင်​သော​လက်ဆောင်​ကို တွေ့ချင်​တွေ့ရ​မည်။—သု. ၃၁:၃၀သ​မ

နယပုံပြင်​ကျမ်း​က ဤသို့​ဆို​ပြန်​သည်– “သမ္မာ​သတိ​မရှိ၊ အဆင်းလှ​သော​မိန်းမသည် ဝက်​မ​နှာခေါင်း​ဖျား​၌​တပ်​သော ရွှေ​တန်ဆာ​နှင့်​တူ​၏။” (သု. ၁၁:၂၂) နှာ​ကွင်း​သည် သမ္မာကျမ်းစာ​ခေတ်​၌ ခေတ်​စား​၏။ အလွန်​လှပ​တင့်တယ်​၍ များသောအားဖြင့် ရွှေ​အတိ​ဖြင့်​လုပ်​၏။ ထို့​ကြောင့် အမျိုးသမီး​ကိုယ်​၌ အထင်ရှားဆုံး​ကား​ရွှေ​တန်ဆာ​ဖြစ်သည်​မှာ ဆို​ဖွယ်​မရှိ။

သို့ဖြစ်၍ နယပုံပြင်​ကျမ်း​က “သမ္မာ​သတိ​မရှိ” သော​မိန်း​မလှ​တစ်ဦး​ကို “ဝက်​မ နှာခေါင်း​ဖျား​၌ တပ်​သော ရွှေ​တန်ဆာ” နှင့်​နှုင်း​ယှဉ်​သည်​မှာ လျော်​ကန်​လှ​၏။ လှပသော ၎င်း​တန်ဆာ​သည် ဆင်ခြင်​ဉာဏ်​ကင်းမဲ့​သော​မိန်း​မ​နှင့်​မလိုက်ဖက်၊ သူ့​ကိုယ်​ပေါ်​၌ အချည်းနှီး​ဖြစ်သည်။ ကြာသော် သူ့​အား ရှု​ချ​င့်​စ​ဖွယ် မဖြစ်စေ​နိုင်​တော့။ ထည်ဝါ​တင့်​ဆန်း​သော​ရွှေ​နှာ​ကွင်း​ဖြင့် ဝက်​ကို​တန်ဆာဆင်​သည်​နှင့်​မ​ခြား​ပါ​တကား! ထို့​ကြောင့် လူတစ်ယောက်​၏​အတွင်း​သဏ္ဌာန်​ကို​လျစ်လျူရှု​ကာ၊ ရုပ်ရည်​ကို​မှ ‘ချစ်​ကြိုက်’ မိ​လျှင် မဟာ​အမှား​ပါ​တကား။

“အ​စဉ်းလဲ​ဆုံးသော​အရာ”

သို့သော် အချို့နှလုံးသား​မှ ဆို​လာ​လျှင် မှား​သည်​မရှိ ဟု​ထင်မှတ်​ကြသည်။ ‘နှလုံးသား ပြော​သော​စကား​ကို​သာ နားထောင်ပါ။’ ‘အချစ်စစ် အချစ်​မှန်​ကို​သိရပါလိမ့်မယ်!’ ဟု​အခြေ​အတင်​ပြော​ကြ​၏။ ဝမ်းနည်းဖွယ်​ကား၊ ၎င်း​သည်​အဖြစ်မှန်​နှင့် လား​လား​ကြီး​ဆန့်ကျင်​၏။ ၁၈ နှစ်​မှ ၂၄ နှစ်အရွယ် လူငယ်များ​အား စစ်တမ်း​ထုတ်​ကြည့်​ရာ၊ ၁,၀၇၉ ယောက်​သော​သူက ၎င်း​အချိန်အထိ၊ ပျမ်းမျှ အချစ်​ပွဲ ခု​နစ်​ပွဲ နွှဲ​ခဲ့​ကြ​ကြောင်း တင်ပြ​ကြသည်။ အများ​က မိမိတို့၏ ယခင်​ချစ်​ရေး​ကိစ္စ​မှာ တဒင်္ဂ​သာ​ဖြစ်သော အရူးအမူး​ချစ်ခြင်း​မျိုး​သာ​ဖြစ်​ကြောင်း ဝန်ခံ​ကြသည်။ သို့​ပါ​သော်လည်း၊ အဆိုပါ လူငယ်များ​က “မိမိတို့​လက်ရှိ​အချစ်​မှာ အချစ်စစ်​အချစ်​မှန်​ဖြစ်သည်​ဟု တစ်​လေသံ​တည်း​ဖြင့်​ဖော်ပြ​ကြသည်”! သို့သော် နောင်​တစ်နေ့​၌ သူတို့​အများထု​က​လက်ရှိ​အချစ်​ကို ယခင်​က​အချစ်​မျိုး​လို—အရူးအမူး​အချစ်​အဖြစ် —မြင်လာ​ဖို့​အကြောင်း​က​များ​၏။

ကြေကွဲစရာ​မှာ၊ နှစ်စဉ် အထောင်အသောင်း​သော​စုံတွဲ​တို့သည် ‘အချစ်စစ်​အချစ်​မှန်’ မှတ်​ပြီး လက်ထပ်ခဲ့​ကြ​ရာ မကြာမီ​အချိန်​တွင်း မဟာ​အမှား​ကြီး မှား​ခဲ့​ကြသည်​ကို​တွေ့ရ​လေ​သည်။ လိင်အချစ်သို့​မဟုတ် အရူးအမူး​အချစ် ဟူသော​စာအုပ်​၌ ရေး​ရှော့​က “သိုးများ​သည် သား​သတ်​ရုံ​သို့​သွား​ကြ​သည့်​အလား၊ အမျိုးသား၊ အမျိုးသမီး​တို့သည် [အချစ်​စိတ်မွှန်​ခြင်း] ၏​ဖြားယောင်းမှု​ကြောင့်၊ သံ​လျှပ်​ကို​ရေ​ထင် ရွှေ​သမင်​အလိုက်​မှား​ကာ အိမ်ထောင်ပြု​ကြသည်​တကား” ဟု​ရေးသား​လိုက်​သည်။

“မိမိ​နှလုံးကို​ကိုးစား​သော​သူသည် လူမိုက်​ဖြစ်၏။” (သု. ၂၈:၂၆) ကျွန်ုပ်​တို့​နှလုံး​၏ ပိုင်းဖြတ်ချက်​သည် အလွဲလွဲ​အမှား​မှား အဖြစ်​များ​လိုက်​လေ​ခြင်း။ စင်စစ် သမ္မာကျမ်းစာ​က “နှလုံး​သည် အ​စဉ်းလဲ​ဆုံးသော​အရာ​ဖြစ်သည်” ဟု​ဆို​၏။ (ယေရမိ ၁၇:၉သက်ဝင်​ကျမ်း) အထက်တွင် နယပုံပြင်​ကျမ်း​က ဤသို့​ဆက်၍​ဆို​၏– “ပညာသတိ​နှင့်​ကျင့်​သော​သူ​မူ​ကား ဘေးလွတ်​တတ်၏။” သင်လည်း သမ္မာကျမ်းစာ​၌​ဖော်ပြ​သော​မေတ္တာ​စစ်—ဘယ်တော့​မျှ​အရေး​မ​နိမ့်​သော​မေတ္တာကို အရူးအမူး​အချစ်​နှင့် ဂ​ဃ​န​ဏ ခွဲခြား​သိ​မြင်လျှင် အခြား​လူငယ်များ​ကြုံ​ရသော​ဘေး​နှင့် စိတ်ပျက်​စ​ရာ​များ​မှ လွတ်ကင်း​နိုင်​ပါ​မည်။

မေတ္တာ​စစ်​နှင့်​အရူးအမူး​အချစ်​တို့၏​ကွဲပြား​ဆန့်ကျင်မှု

၂၄ နှစ်အရွယ် ကယ်​လ်ဗင်​က “အရူးအမူး​အချစ်​ဟာ မျက်​ကန်း။ ကန်း​ပြီး​နေချင်​တဲ့​အချစ်။ အဖြစ်မှန်​ကို မျက်နှာ​လွှဲတယ်” ဟူ၍​ဝန်ခံ​၏။ ကင်​ညာ​ဆို​သူ ၁၆ နှစ် အရွယ် မိန်းကလေး​က ထပ်ဆင့်၍ ဤသို့​ဆို​၏၊ “လူတစ်ယောက်​ပေါ် အချစ်​စိတ်မွှန်​ပြီ​ဆိုရင် သူ​ဘာလုပ်လုပ် ခြောက်ပြစ်ကင်း​လို့​ပဲ​ထင်​တယ်။”

အရူးအမူး​အချစ်​သည် မေတ္တာ​တု။ စိတ်ကူးယဉ်​ပြီး အတ္တဆန်​သည်။ အချစ်​စိတ်မွှန်​သူတို့က ‘ငါ သူ့​အပါး​မှာ​နေရ​တာ သိက္ခာ​ရှိတယ်။ ငါ​အိပ်မပျော်​ဘူး။ ဆန်း​ကျယ်​လွန်းလို့ ငါ​မယုံနိုင်​လောက်​အောင်​ဘဲ’ ဟူ၍​တစ်မျိုး၊ ‘သူ့​ကြောင့် ငါ​တကယ်ပဲ စိတ်ထဲ​အေးမြ​နေတာ’ ဟူ၍​တစ်​ဖုံ ပြော​သည့်​ဉာဉ်​ရှိကြ​၏။ “ငါ” ဟူ၍ အကြိမ်​မည်မျှ​သုံးနှုန်း​ကြသည်​ကို သတိပြုပါ။ အတ္တစိတ်​ပေါ်​အခြေပြု​သော​ဆက်ဆံမှု​သည် မုချ​ပျက်သုဉ်း​အံ့! သို့ရာတွင် မေတ္တာ​စစ်​နှင့်​ပတ်သက်သော သမ္မာကျမ်းစာ​၏​အနက်ဖွင့်​ချက်​ကို သတိပြုပါ– “မေတ္တာသည် သည်းခံ​တတ်၏။ ကြင်နာ​သနားတတ်​၏။ မနာလို​စိတ်​မရှိ။ ... ကြွားဝါ​မှုမရှိ။ မာန်​မာန​မရှိ။ မ​လျောက်ပတ်​သည့်​အမှုကို​မပြု​တတ်။ ကိုယ်ကျိုး​ကို​မ​ရှာ​တတ်။ ဒေါသ​အမျက်မထွက်​တတ်။ သူတစ်ပါး​၏​အပြစ်ကို မှတ်၍​မထားတတ်။”—၁ ကောရိန္သု ၁၃:၄၊ ၅သ​က

ကျမ်းစာမူ​ပေါ် အခြေပြု​သော​မေတ္တာသည် “ကိုယ်ကျိုး​ကို​မ​ရှာ​တတ်” သဖြင့် အတ္တ​မ​ဆန်၊ တစ်ကိုယ်ကောင်း​စိတ်​လည်း​မရှိ။ စုံတွဲ​တစ်တွဲ​သည် တစ်ဦး​ပေါ်​တစ်ဦး ပြင်းပြ​သော​အချစ်စိတ်​ဖြင့် စွဲမက်​ကြ​မည်​မှန်​သော်လည်း ဆင်ခြင်​ဉာဏ်၊ အချင်းချင်း​လေးစားမှု​ဖြင့်​ထိန်းထား​ပေ​သည်။ သင်၌ အချစ်စစ်​အချစ်​မှန်​ရှိလျှင် ကိုယ်​နှင့်​အမျှ တစ်ဖက်သား​အကျိုးနှင့်​စိတ်​ချမ်းမြေ့မှု​ကို ရှေ့ရှု​ပါ​လိမ့်​မည်။ စိတ်​လှုပ်ရှားမှု​၏​စိုးမိုးခြင်း​ကို​ခံ​ပြီး ဆင်ခြင်​ဉာဏ်​ကင်းမဲ့​စွာ​ကျင့်ကြံ​မည်​မဟုတ်။

မေတ္တာ​စစ်​၏​သာဓက​တစ်ရပ်

သမ္မာ​ကျမ်းစာပါ ယာကုပ်နှင့်​ရာခေလ​တို့၏​အတ္ထုပ္ပတ္တိ​သည် ပေါ်လွင်​သော​သာဓက​တစ်ရပ်​ဖြစ်၏။ ရာခေလ​သည် ဖခင်​၏​သိုးများ​ကို​ရေ​တိုက်​ဖို့ ရေတွင်း​သို့​အ​လာ ယာကုပ်နှင့်​တွေ့ဆုံ​ခဲ့​ခြင်း​ဖြစ်သည်။ ရာခေလ​သည် “အဆင်းသဏ္ဌာန်​လှ​၍ မျက်နှာ​လည်း ရှု​ချင်​ဖွယ်​ဖြစ်” သောကြောင့်​သာ ယာကုပ်​က​သူ့​ပေါ်​ချက်ချင်း စိတ်​ညွတ်​ခဲ့​သည်မဟုတ်။ သူ​မ​သည် ယေဟောဝါ​ဝတ်ပြုသူ​တစ်ဦး​ဖြစ်၍​တည်း။—ကမ္ဘာဦး ၂၉:၁-၁၂၊၁၇က​ဘ

ယာကုပ်​သည် ရာခေလ​၏​မိသားစု​နှင့် တစ်လ​တင်းတင်း နေထိုင်ခဲ့​သည့်​နောက် မိမိသည် ရာခေလ​ကို​ချစ်​မိ​ကြောင်း၊ သူ​မ​နှင့်​လက်ထပ်​လို​ကြောင်း​စကား​ဆို​လာ​သည်။ အချစ်​စိတ်မွှန်​ခြင်း​သာ ဟု​ဆို​မည်​လော။ လုံးဝ​မဟုတ်! သူသည် တစ်လ​အတွင်း ရာခေလ​အား နဂို​အခြေအနေ​အောက်​၌ မြင်နိုင်​ခဲ့​သည်—မိဘ​မှ​အစ အခြားသူများ​အပေါ် ရာခေလ​၏​ဆက်ဆံပုံ၊ သိုးထိန်း​ကျောင်း​ပုံ၊ ယေဟောဝါ​၏​ဝတ်ပြုရေးကို မည်မျှ​အလေးအနက်​ထား​ပုံ စ​သည်​တို့ကို ယာကုပ်​က အကဲခတ်​နိုင်​ခဲ့​ပေ​သည်။ သူမ၏ “အကောင်း” နှင့် “အဆိုး” နှစ်မျိုး​စ​လုံး​ကို တွေ့ခဲ့​မည်​မုချ။ သို့ဖြစ်၍ သူ​မ​အပေါ်​ထား​ရှိသော​မေတ္တာသည် ထိန်း​မ​နိုင်​သည့်​စိတ်​လှုပ်ရှားမှု​မဟုတ်။ ဆင်ခြင်​ဉာဏ်​နှင့် လေးမြတ်မှု​ပေါ်​အခြေပြု​သော တစ်ကိုယ်ကောင်း​စိတ်​ကင်း​သည့်​မေတ္တာ​ဖြစ်​ပေ​သည်။

သို့ဖြစ်​ရ​ကား၊ ယာကုပ်​က မိမိသည် ရာခေလ​ကို​ဇနီး​အဖြစ်​ရယူရန် သူမ၏​ဖခင်​အတွက် ခု​နစ်​နှစ်​အလုပ်လုပ်ဖို့​သဘောတူ​ကြောင်း ထုတ်ဖော်​ပြောဆို​နိုင်​ခဲ့​ခြင်း​ဖြစ်သည်။ အရူးအမူး​ချစ်​ခဲ့​ခြင်း​ဖြစ်​လျှင် ဤမျှ​တိုင် တာရှည်ခံ​နိုင်​ခဲ့​မည်​မဟုတ်! အတ္တ​မ​ဆန် သူ​မ​အကျိုးကို​တကယ်​လိုလား​သော အချစ်စစ်​ရှိခဲ့​၍​သာ ထို​မျှ​ကြာညောင်း​သော​အချိန်ကို “ရက်​အနည်းငယ်​ပ​မာ” သူ​ထင်မှတ်​ခဲ့​ခြင်း​ဖြစ်သည်။ မေတ္တာ​စစ်​ရှိကြ​၍​လည်း ထို​ကာလပိုင်း​အတွင်း အပျို​ရည်​သန့်သန့် နေနိုင်​ခဲ့​ကြ​ပေ​သည်။—ကမ္ဘာဦး ၂၉:၂၀၊ ၂၁

အချိန်​လို​သည်!

ထို့​ကြောင့် မေတ္တာ​စစ်သည် အချိန်​၏​တိုက်စားမှု​ကို​မ​ဖြုန်။ စင်စစ်၊ တစ်ယောက်​သော​သူနှင့်​ပတ်သက်သော သင့်​ခံစားချက်​ကို စမ်းသပ်​ရာ​၌ အကောင်းဆုံးနည်း​မှာ အချိန်​အချို့​ကုန်လွန်​စေခြင်း​ပင်​ဖြစ်၏။ ထို့ပြင်၊ စ​န်ဒ​ရာ အမည်​ရှိ​မိန်းမငယ်​တစ်ဦး​ပြော​သကဲ့သို့ပင်– “လူတစ်ယောက်က ‘ငါဟာ​ဒီလို​လူစား​ပဲ။ ခု​ငါ့​အကြောင်း အကုန်​သိရော​ပေါ့’ ဆိုပြီး တစ်ခွန်း​တည်း​ပြောလိုက်​ရုံ​နဲ့ သူ့​ပင်​ကိုယ်​စရိုက်​ကို​အကုန်အစင် သိနိုင်​တာ​မဟုတ်ဘူး။” မိမိ​စိတ်ဝင်စား​သော​သူ​အကြောင်းကို သိဖို့​အချိန်​လို​သည်။

အချိန်ပေး​ခြင်း​ဖြင့် မိမိ​လည်း သမ္မာကျမ်းစာ​၏​ရောင်ခြည်​အောက်တွင် မိမိ၏​အချစ်​ကို ဆန်းစစ်​ကြည့်​နိုင်​သည်။ မေတ္တာသည် “မ​လျောက်ပတ်​သည့်​အမှုကို​မပြု​တတ်။ ကိုယ်ကျိုး​ကို​မ​ရှာ​တတ်” ကြောင်း​သတိရပါ။ သင့်​အပေါင်းအဖော်​သည် သင့်​ကြံရွယ်​မှုများ​အောင်မြင်​စေ​လို​သည့်​ဆန္ဒ​ပြင်းပြ​သလော—သို့​တည်း​မဟုတ်၊ သူ သို့​မဟုတ် သူမ၏​ကြံရွယ်ချက်​အောင်မြင်​ဖို့​လောက်​သာ​ကြည့်​သလော။ သူသည် သင့်​ယူဆချက်​နှင့်​ခံစားချက်​ကို​လေးစား​သလော။ တစ်ကိုယ်ကောင်း​ဆန်​သော ရာဂစိတ်​ကို​ဖြေ​သိပ်​လို​သဖြင့် တကယ်​ပင် ‘မ​လျောက်ပတ်​သော​အမှု’ ကို​ပြု​ဖို့ သင့်​အားတိုက်​တွန်း​သလော။ သင့်​အား လူရှေ့​သူ​ရှေ့​ချိုးနှိမ်​သလော။ သို့​မဟုတ် ချီးမြှင့်​သလော။ ယင်း​သို့​သော​မေးခွန်းများ​မေး​ခြင်း​ဖြင့် မိမိ၏​ခံစားချက်​ကို ပို​၍​ဓမ္မ​ဓိ​ဋ္ဌာန်​ကျ​ကျ စိစစ်​နိုင်​မည်။

ဆင်​ကန်း​တော​တိုး​အချစ်​မျိုး​သည် ဘေးဒုက္ခ​ကို​လက်​ယပ်​ခေါ်​၏။ ၂၀ အရွယ် ဂျီ​လ်​ဆို​သူက “ကျွန်မ​ဟာ အချစ်​ရေစီးကြောင်း​ထဲ​အ​လော​သုံး​ဆယ် ခုန်ဆင်း​ပြီး နက်နက်ရှိုင်းရှိုင်း ကူး​ခဲ့တယ်” ဟု​ဆို​၏။ နှစ်လ​မျှ ချစ်​လေပွေ​တိုက်၍​အဆုံး၊ လက်ထပ်​တော့​သည်။ သို့သော် ယခင်​က ငုပ်​လျှိုး​နေသည့် အနာအဆာ​များ​ပြူထွက်​လာ​လေ​သည်။ ဂျီ​လ်​သည် မိမိ၏​ပူပန်မှု​အချို့နှင့် အတ္တစိတ်​တည်း​ဟူသော ဇာတိရုပ်​လုံး​ကို ပြ​လာ​သည်။ သူမ၏​ခင်ပွန်း ရ​စ်ခ်​သည်လည်း အချစ်​ညှို့​ဓာတ်​ပြေ​၍ တစ်ကိုယ်ကောင်း​ဆန်​လာ​သည်။ အိမ်ထောင်သက်​နှစ်နှစ်​ကြာပြီး​နောက် တစ်နေ့​သော်၊ ဂျီ​လ်​သည် မိမိ​ခင်ပွန်း​အား “ဆန်​ကုန်​မြေ​လေး၊” “ငပျင်း၊” “လူ​ပျော့” ယောက်ျား​မျိုး​ဟု အော်​ကြီး​ဟစ်​ကျယ် ဆို​လေ​သည်။ ရ​စ်ခ်​က ဂျီ​လ်​၏​မျက်နှာကို လက်သီး​ဖြင့်​ထိုး​၏။ ဂျီ​လ်​လည်း မျက်ရည်​မျက်​ခွက်​နှင့် အိမ်ထဲ​မှ တစ်ဟုန်ထိုး ဆော​င့်​ထွက်သွား​လေ​၏—သူတို့၏​အိမ်ထောင်ရေး​လည်း ဤမျှ​နှင့်​စခန်း​သိမ်း​ခဲ့​လေ​သည်။

သမ္မာကျမ်းစာ​သြဝါဒ​ကို​လိုက်နာ​ခဲ့​ပါ​မူ သူတို့​အိမ်ထောင် ပြိုကွဲ​ခဲ့​မည်​မဟုတ်။ (ဧဖက် ၅:၂၂-၃၃) သို့သော် လက်မထပ်မီ တစ်ယောက်ကို​တစ်ယောက် ကောင်းစွာ​သိကျွမ်း​ခဲ့​လျှင်​လည်း ခုလို​ဖြစ်ချင်​မှ​ဖြစ်​မည်! သူတို့၏​ချစ်​ခဲ့​သည့်​အရာ​သည်လည်း “ရုပ်” မဟုတ်ဘဲ၊ အကောင်းအဆိုး​ဒွန်တွဲ​လျက်​နေသော တကယ့်​ပင်​ကိုယ်​လူ ဖြစ်​ခဲ့​ပေမည်။ သူတို့​မျှော်လင့်​ခဲ့​သည့်​အရာများ​လည်း အစွဲအလမ်း​နှင့် ပို​၍​ကင်းရှင်း​ခဲ့​ပေမည်။

မေတ္တာ​စစ်သည် ည​တွင်း​ချင်း ပေါက်ဖွား​မလာ​ပါ။ ကောင်းသော​အိမ်ထောင်ဖက်​ဖြစ်​မည့်​သူသည် အလွန်​စွဲမက်​စ​ရာ​ကောင်း​သူ​တစ်ဦး ဖြစ်ချင်​မှ​လည်း​ဖြစ်​မည်။ ဥပမာ၊ ဘာ​ဘ​ရာ​သည် ပျိုရွယ်သူ​အမျိုးသား​တစ်ယောက်ကို​တွေ့ခဲ့​သည်။ ထို​သူသည် အစပိုင်း​၌—အလွန်​စွဲမက်​စ​ရာ လူတစ်ယောက်​မဟုတ်​ခဲ့​ကြောင်း ဘာ​ဘ​ရာ​ဝန်ခံ​၏။ “ဒါပေမဲ့ ကျွန်မ​သူ့ကို​သိကျွမ်း​လာ​သည်​နှင့်​အမျှ အရင်​လို​မဟုတ်တော့ဘူး။” ဘာ​ဘ​ရာ​က ဇာတ်​လှန်​၏– “စ​တီ​ဖင်​ဟာ သူများ​အကျိုးကို​လိုလား​ပြီး သူ့​အကျိုး​ထက်​ကို ပို​ပြီး​ရှေ့ရှု​တတ်တယ်​ဆိုတာ ကျွန်မ​တွေ့ရ​တယ်။ ဒါတွေဟာ လင်​ကောင်း​တစ်ယောက်​ရဲ့​ကြန်အင်​ဖြစ်​မှန်း ကျွန်မ​နားလည်​ပါ​တယ်။ ဒါနဲ့ သူ့ကို​စိတ်ပါ​လာပြီး သူ့ကို​ချစ်​လာ​မိတယ်။” သို့နှင့်၊ ခိုင်မြဲ​သော​အိမ်ထောင် ဖြစ်လာ​ပါ​သည်။

သို့ဖြစ်၍ အချစ်စစ် အချစ်​မှန်​ကို သင်​မည်သို့​ခွဲခြား​နိုင်​သနည်း။ သင့်​နှလုံးသား​က စကားပြော​ချင်​ပြော​မည်။ သို့သော် သမ္မာကျမ်းစာ​ဖြင့်​လေ့ကျင့်​ထားသော​ဉာဏ်​ကို​အားထားပါ။ အပေါ်ယံ “ရုပ်” အလွှာ​ကို​ထိုးဖောက်​၍ တစ်ဖက်သား​အကြောင်း ကောင်းစွာ​သိကျွမ်း​အောင်​လုပ်ပါ။ ခင်မင်​သိကျွမ်းမှု​ကို ပန်း​လို​ပွင့်​လာဖို့ အချိန်ပေး​ပါ။ အရူးအမူး​ချစ်ခြင်း​သည် တစ်ခဏချင်း အဖျား​ဒီဂရီ အထွတ်အထိပ်​သို့ တက်ပြီး​နောက် ပျောက်​ပြ​ယ်​သွား​တတ်​ကြောင်း သတိရပါ။ အချစ်စစ်​မူ​ကား၊ အချိန်​ကုန်လွန်​သည်​နှင့်​အမျှ ကြီးထွား​သန်စွမ်း​လာပြီး “စည်းလုံးမှု​၏ စုံလင်သော​အနှောင်အဖွဲ့” ဖြစ်လာ​သတည်း။—ကောလောသဲ ၃:၁၄

ဆွေးနွေး​ရန်​မေးခွန်းများ

◻ရုပ်ရည်​ကို​ကြည့်​ပြီး​ချစ်​ကြိုက်​ခြင်း​သည် အဘယ်ကြောင့်​အန္တရာယ်များ​သနည်း။

◻အချစ်စစ်​ကို​ဝေခွဲ​ရာ​၌ သင့်​နှလုံးကို သင်​အားထား​နိုင်​သလော။

◻မေတ္တာ​နှင့် အရူးအမူး​အချစ်​တို့၏​ခြားနား​ချက်​အချို့​ကား အဘယ်နည်း။

◻အဘယ်ကြောင့် သမီး​ရည်းစား​များ လက်တွဲ​ဖြုတ်​တတ်ကြ​သနည်း။ သို့ပြု​တိုင်း မှား​သည်​ဆို​မည်​လော။

◻အချစ်​စခန်း​သိမ်း​၍ အပယ်ခံ​ရ​လျှင် စိတ်​ကို​မည်သို့​ဖြေဖျောက်​နိုင်​သနည်း။

◻အချိန်​ယူပြီး တစ်ယောက်ကို​တစ်ယောက် သိကျွမ်း​အောင်​ပြု​ဖို့ အဘယ်ကြောင့် အရေးကြီး​သနည်း။

[စာမျက်နှာ ၂၄၂ ပါ​အကျဉ်း​ဖော်ပြချက်]

လူကို​ချစ်တာ​လား၊ “ရုပ်” ကို ချစ်တာ​လား

[စာမျက်နှာ ၂၄၇ ပါ​အကျဉ်း​ဖော်ပြချက်]

“အရူးအမူး​အချစ်​ဟာ မျက်​ကန်း။ ကန်း​ပြီး​နေချင်​တဲ့​အချစ်။ အဖြစ်မှန်​ကို မျက်နှာ​လွှဲတယ်။”—၂၄ နှစ်အရွယ်​ယောက်ျား

[စာမျက်နှာ ၂၅၀ ပါ​အကျဉ်း​ဖော်ပြချက်]

“အခု​ဆိုရင်၊ ‘နေကောင်း​ပါ​သလား​ရှင်’ ဆိုတာ​လောက်​ပဲ ပြော​နိုင်​တော့​တယ်။ ဘယ်သူ့ကိုမှ အနား​အ​ကပ်​မခံ​တော့​ဘူး”

[စာမျက်နှာ ၂၄၈၊ ၂၄၉ ပါ​လေးထောင့်ကွက်​နှင့် ရုပ်ပုံ]

ကွဲ​နေတဲ့​အ​သဲ​ကို ဘယ်လို​ကုစား​နိုင်​မလဲ

ကိုယ်လက်​ထပ်​မည့်​သူ​မှာ သူ​ပင်​ဖြစ်​ကြောင်း သင်​သဘောပေါက်ခဲ့​သည်။ သူနှင့် တူ​နှစ်​ကိုယ်​နေရ​သည်​မှာလည်း ကြည်နူး​စ​ဖွယ်၊ ဝါသနာ​က​လည်း​အတူတူ တစ်ယောက်ကို​တစ်ယောက်​လည်း ခုံမင်​နှစ်သက်​မိ​သည်။ သို့သော် ၎င်း​ဆက်ဆံမှု​သည် ဒေါသ​အိုး​ပေါက်ကွဲခြင်း​နှင့်အတူ ရုတ်ခြည်း​ပျက်ပြား​သွား​၏—မျက်ရည်​စီး​ကြောင်း​နှင့်အတူ ပျော်ဝင်​ပျောက်လွင့်​ခဲ့​ရလေ​ပြီ။

မေတ္တာ​ဓာတ်ပြု​ပုံ ဟူသော​စာအုပ်​၌ ဒေါက်တာ မိုက်ကယ် လို​င်ဘို​ဝ​စ်ဇ်​က မေတ္တာ​သက်ဝင်​ခြင်း​ကို မူးယစ်​ဆေးဝါး​၏​တန်ခိုး​အာနိသင်​နှင့် နှိုင်းယှဉ်​၏။ ထိုသို့​သော​အချစ် ခန်းခြောက်​သောအခါ မူးယစ်​ဆေးဝါး​ကဲ့သို့ ပြင်းထန်သော ‘ဆေးဖြတ်​ဝေဒနာ​လက္ခဏာ’ ဖြစ်ပေါ်​လာနိုင်​သည်။ အရူးအမူး​အချစ်​နှင့် ‘အချစ်စစ်’ ဟူ၍လည်း ခွဲခြား​မှုမရှိ​ပါ နှစ်မျိုး​စ​လုံး လူကို​ယစ်​မူး​စေ​လောက်​အောင် ပျော်မြူး​ကြည်နူး​စေနိုင်​သလို—ရွှေ​လက်တွဲ​ဖြုတ်​သောအခါ ရင်​ကွဲ​နာ​ကျ​ပြီး ဝမ်းနည်း​ပက်လက်​ဖြစ်စေ​နိုင်​သည်။

လက်တွဲ​ဖြုတ်​ရာ​မှ ခံစား​ရသော​အပယ်ခံ ခံစားချက်၊ နာကြည်းမှု​နှင့်​ဒေါသ​တို့​ကြောင့် သင်သည်​နောင်ရေး​ကို​စိတ်နာ​မိ​ပေမည်။ မိန်းမငယ်​တစ်ဦး​က ရည်းစား​၏​စွန့်ပစ်ခြင်း​ကို​ခံ​ခဲ့​ရသည့်​အတွက် ‘အချစ်​ဒဏ်’ အလူးအလိမ့် ခံ​လိုက်ရ​သည်​ဟု​ဆို​၏။ “အခု​ဆိုရင်၊ [ယောက်ျား​တွေ​ကို နှုတ်ဆက်​ရင်] ‘နေကောင်း​ပါ​သလား​ရှင်’ ဆိုတာ​လောက်​ပဲ ပြော​နိုင်​တော့​တယ်။ ဘယ်သူ့ကိုမှ အနား​အ​ကပ်​မခံ​တော့​ဘူး။” လူတစ်ယောက်​ပေါ် သံယောဇဉ်​ကြီးမား​လေ​လေ။ ရွှေ​လက်တွဲ​ဖြုတ်​ဒဏ်လည်း နက်ရှိုင်း​လေ​လေ​ဖြစ်၏။

မှန်​ပေ​သည်၊ လွတ်လပ်​စွာ​ပိုးပန်း​ခြင်း​နှင့်အတူ ပေး​ဆပ်​ရသော​အဖိုးအခ​မှာလည်း ကြီးမား​လှ​၏– ၎င်းမှာ အပယ်ခံ​ဖြစ်ဖို့​အကြောင်း​ပင်​တည်း။ မေတ္တာ​စစ် ဧကန်​ရှင်သန်​မည်​ဟူသော အာမခံချက် မရှိပါ။ ထို့​ကြောင့် တစ်ယောက်​သော​သူက စိတ်ရင်းမှန်​ဖြင့် သင့်ကို​ပိုးပန်း​ခဲ့​သော်လည်း နောက်ပိုင်း၌ လက်ထပ်​ဖို့​မသင့်​ဟု ဆုံးဖြတ်​ပါ​က သင့်​အပေါ်​မတရား​ပြု​ရာ​ကျ​သည်​ဟု တပ်အပ်​မဆို​နိုင်​ပါ။

ပြဿနာ​မှာ၊ အလိမ္မာ​ဆုံး၊ အကြင်နာ​ဆုံး​နည်းဖြင့် ရွှေ​လက်တွဲ​ဖြုတ်​သည်​တိုင်အောင်။ ကြေကွဲ​နာကြည်းမှု မလွဲမသွေ​ခံစားရ​မည်​ဖြစ်သည်။ သိက္ခာ​ကျ​သည်​ဟု​ထင်​စ​ရာ​အကြောင်း​မရှိ။ သင့်ကို​သူ “မျက်စိ​မကျ” သည့်​အတွက် နောက်​တစ်ယောက်​လည်း သင့်ကို​မျက်စိ​မကျ​ဟု​မဆို​နိုင်!

ပျက်သုဉ်း​ခဲ့​သည့်​ချစ်​ရေး​ကို ခေါင်း​အေးအေး​ဖြင့် လက်ခံ​လိုက်ပါ။ ခုလို​လက်တွဲ​ဖြုတ်​ခြင်း​က သူ့​၏​စိတ်​လှုပ်ရှားမှု​ပိုင်း​၌ မရင့်ကျက်​မှု၊ စိတ်​မပိုင်​နိုင်​မှု၊ အခြေအနေ​နှင့် လိုက်လျောညီထွေ​စွာ မကျင့်​ကြံ​တတ်​ခြင်း၊ သည်းခံခြင်း​တရား​ကင်းမဲ့မှု၊ သင့်​အပေါ်​စာနာမှု​မရှိခြင်း​စ​သော သူ၏​မနှစ်မြို့ဖွယ်​စရိုက်​များ​ကို မီး​မောင်း​ထိုး​ပြသ​လို ဖြစ်ချင်​ဖြစ်​မည်။ ၎င်းတို့သည်​ခင်ပွန်း​ကောင်း​တစ်ယောက်​၏​ကြန်အင် လုံးဝ​မဟုတ်။

သို့သော် သင်က​သူနှင့်​အတူ သာယာသော​အိမ်ထောင် ဆောက်​တည်​နိုင်​သည်​ဟု အ​ခိုင်​အ​လုံ​ယုံကြည်ပါ​လျက်​နှင့်၊ သူက​တစ်ဖက်သတ်​လက်တွဲ​ဖြုတ်​ခြင်း​ဖြစ်​လျှင် မည်သို့​နည်း။ သင့်​ခံစားချက်​ကို သူ့​အား ထုတ်ဖော်​ပြောကြား​ခွင့်​ရှိ​ပေ​သည်။ အထင်လွဲ​၍​ဖြစ်ချင်​ဖြစ်​မည်။ ဆူညံ​ဆူညံ​လုပ်​လျှင် ဘာမျှ​အရာရောက်​မည်​မဟုတ်။ သူက လမ်းခွဲ​ရမည်ဟု တင်းခံ​လျှင် ကိုယ့်​အပေါ် ခံစားချက်​ကင်းမဲ့​သူ​တစ်ဦး၏​မေတ္တာကို​ရဖို့ အောက်ကျို့ပြီး မျက်ရည်​ခံ​ထိုး​စ​ရာ​မလို။ ရှောလမုန်က “စောင့်ထိန်း​ရန်​အချိန်​နှင့် စွန့်ပစ်​ရန်​အချိန်” ရှိသည်​ဟု​ဆိုပါ​သည်။—ဒေသနာ ၃:၆။ သ​မ။

နဂို​ကတည်းက အပျော်​ကြံ​ဖို့​လောက်​သာ သင့်​အား​အသုံးပြု​ခဲ့​သည်​ဟု ထင်မှတ်​ရန် သင်၌​ခိုင်လုံ​သော​အကြောင်း​ရှိလျှင် မည်သို့​နည်း။ ကလဲ့စားချေ​ဖို့​မလိုပါ။ သူ့​၏​ကောက်ကျစ်​စဉ်းလဲ​ခြင်း​ကို ဘုရားသခင် မသိဘဲ​မနေ။ ကိုယ်တော့်​နှုတ်ကပါဌ်တော်​က ဤသို့​ဆို​၏– “ရက်စက်​သော​သူ​မူ​ကား မိမိကိုယ်ကို ဒုက္ခ​ရောက်​စေ​တတ်၏။”—သု. ၁၁:၁၇၊ သမ္မ; သု. ၆:၁၂-၁၅ နှိုင်းယှဉ်။

ရံဖန်ရံခါ သင်သည် အတိတ်​က အချစ်​ဇာတ်လမ်း​၏​ခြောက်လှန့်​မှု​ကို​ခံရ​ပြီး လွမ်း​နာ​ကျ​လျက်​နေချင်​နေ​မည်။ ထို​အခါ​မျိုး​၌ ချုံးပွဲချ​ငို​ပစ်လိုက်​ပါ။ အလုပ်များလျက်​နေလျှင်လည်း အထောက်အကူ​ရ၏။ ကိုယ်လက်​လှုပ်ရှား​ရသော​အလုပ်​မျိုး သို့​မဟုတ် ခရစ်ယာန်​ဓမ္မ​အမှု​များ​ဆောင်ရွက်လျက်​နေပါ။ (သု. ၁၈:၁) ရွှင်လန်းစရာ​များ၊ တည်ဆောက်​ဖွယ်​သော​အရာများ​အပေါ် အာရုံပြု​လျက်​နေပါ။ (ဖိလိပ္ပိ ၄:၈) ခင်မင်​သူ​တစ်ဦးထံ ရင်ဖွင့်ပါ။ (သု. ၁၈:၂၄) သင့်ကို​သင် လူ​လား​မြောက်​ပြီ​ဟု​ယူမှတ်​သည်​ပဲ​ထား၊ မိဘများလည်း နှစ်သိမ့်မှု​များစွာ ပေး​နိုင်​ပေ​သည်။ (သု. ၂၃:၂၂) ထို့​ထက်​ကား၊ ယေဟောဝါ​ထံ​ရင်ဖွင့်ပါ။

တစ်ကြိမ်​အ​သဲကွဲ​ပြီး​နောက်​၌ မိမိ၏​ပင်​ကိုယ်​စရိုက်​အချို့​ကို ပြုပြင်​ရန်လို​အပ်​ကြောင်း နားလည်​လာပေမည်။ မည်သို့သော​အိမ်ထောင်ဖက်​ကို ရ​လို​သည်​နှင့်​ပတ်သက်​၍ သင်၏​အမြင်​ပို​၍​ရှင်းလင်း​လာ​ခဲ့​ပေမည်။ သင်သည် အချစ်​တစ်ပွဲ ဆုံးရှုံး​ခဲ့ပြီ​ဖြစ်​ရ​ကား နောက်​တစ်ယောက်ကို တွေ့ပြန်​လျှင် ဉာဏ်​အလိမ္မာသုံး​လျက် ပိုးပန်း​တော့​မည်​ဖြစ်၏—နောက်​တစ်ယောက်ကို​တွေ့​ဖို့ အခွင့်လမ်း​လည်း သင်​ထင်​သလော​က် မရှား​ပါ။

[စာမျက်နှာ ၂၄၅ ပါ​ဇယား]

မေတ္တာ​လား၊ အရူးအမူး​အချစ်လား

မေတ္တာ အရူးအမူး​အချစ်

၁။ တစ်ကိုယ်ကောင်း​မ​ကြံ ၁။ တစ်ကိုယ်ကောင်း​ဆန်​သည်။ ချုပ်ချယ်​လွန်း​သည်။

တစ်ဖက်သား ‘သူ​ငါ့​အတွက်ဘာလုပ်​ဆောင်ပေး​သလဲ’

အကျိုးကို​သယ်ပိုး​သည် ဟူ၍​စဉ်းစားတတ်​သည်

၂။ ရုတ်ခြည်း ချစ်စိတ်​မဝင်၊ ၂။ အချစ်​မြန်​သည်၊ နာရီ​ပိုင်း သို့​မဟုတ်

နှစ်​ရှည်​လ​များ​ကုန်လွန်​သည့်​နောက်​မှ ရက်​ပိုင်း​အတွင်း

မေတ္တာ​ဝင်လာ​၏ ဖြစ်ချင်​ဖြစ်​မည်

၃။ တစ်ဖက်သား​၏​ပင်​ကိုယ်​စရိုက်​တစ်ခုလုံး​နှင့် ၃။ တစ်ဖက်သား​၏​ရုပ်ရည်​ကို ခုံမင်​စွဲမက်​မိ​သည်။

ဝိညာဏ​အရည်အသွေးများ​၏ စိတ်ဝင်စား​မိ​သည် (‘သူ့​မျက်လုံး​တွေ ဆွဲဆောင်မှု​ကို ခံရ​သည် စိတ်ကူးယဉ်​ဆန်​လိုက်တာ။’

‘သူ့​ကိုယ်လုံး​လေး​က လှ​မှ​လှ’)

၄။ သင့်​အား သာ၍​ကောင်းသော​ပုဂ္ဂိုလ် ၄။ ဖျက်ဆီး​နိုင်စွမ်း၊ ဖရိုဖရဲ​ဖြစ်စေ​နိုင်

တစ်ဦး ဖြစ်စေ​နိုင်​သည့်​အာနိသင်​ရှိသည် စွမ်း​ရှိသည်

၅။ တစ်ဖက်သားကို​အရှိအတိုင်း​ရှုမှတ်​တတ်​သည်။ ၅။ လက်တွေ့​မ​ဆန်။ တစ်ဖက်သားကို သူ့​အနာအဆာ​ကို​မြင်​သော်လည်း ခြောက်ပြစ်ကင်း​ဟု​ထင်မှတ်​သည်။

ချစ်မြဲချစ်​၏ တစ်ဖက်သား​၌ ကြီးမားသော​အနာအဆာ​ရှိ​ကောင်း​ရှိ​မည်​ဟု သံသယ​ဖြစ်​လျက်​နှင့် လျစ်လျူရှု​သည်

၆။ သဘော​ကွဲလွဲ​သော်လည်း ၆။ မကြာမကြာ စကား​များသည်။ ထုတ်ဖော်​ဆွေးနွေး​၍ ဘာကို​မျှ​မယ်​မယ်​ရ​ရ မဖြေရှင်း​နိုင်။

ဖြေရှင်း​နိုင်​သည်ကို​တွေ့ရ​သည် “အနမ်း” ဖြင့် ဖြေရှင်း​သည်​က များ​၏

၇။ တစ်ဖက်သား​အား ၇။ ရယူခြင်း၊ အထူးသဖြင့်

ပေး​လို​ကမ်း​လို ကာ​မ​စည်းစိမ်​ရယူခြင်း​ကို

ဝေခွဲ​လို​သော​ဆန္ဒရှိ​သည် အထူး​အလေးပေး​သည်

[စာမျက်နှာ ၂၄၄ ပါ​ရုပ်ပုံ]

ရုပ်​ချော​သလော​က် ဆင်ခြင်​ဉာဏ်​မဲ့​သော​ယောက်ျား သို့​မဟုတ် မိန်းမသည် ‘ဝက်​နှာခေါင်း​၌​တပ်​သော ရွှေ​နှာ​ကွင်း​နှင့်​မ​ခြား​ပါ’

[စာမျက်နှာ ၂၄၆ ပါ​ရုပ်ပုံ]

လူ​သူ​ရှေ့ သင့်ကို​အမြဲ​ချိုးနှိမ်​သော​သူသည် သင့်​အပေါ်​အချစ်စစ်​မဲ့​သူ​ဖြစ်ဖို့ အကြောင်း​များသည်