ငါဘာကြောင့် ဒီလောက်တောင်စိတ်ညှိုးငယ်ရသလဲ
အခန်း ၁၃
ငါဘာကြောင့် ဒီလောက်တောင်စိတ်ညှိုးငယ်ရသလဲ
မယ်လာနီသည် အမြဲပင်မေမေ့သမီးအလိမ္မာဖြစ်ခဲ့သည်—၁၇ နှစ်အရွယ်ရောက်သည်အထိဖြစ်သည်။ နောက်သော်၊ ကျောင်းတွင်းလှုပ်ရှားမှုမှရပ်ဆဲလိုက်သည်။ ပါတီလည်းမသွားတော့။ ကျောင်းစာဘက်တွင် အေအဆင့်မှ စီအဆင့်သို့ကျသွားသည်တိုင် အရေးမစိုက်ဘဲနေလေသည်။ မိဘများက အသာတကြည်မေးမြန်းသောအခါ ဒေါသတကြီးဖြင့် “ကျွန်မဖာသာနေပါရစေ။ ကျွန်မဘာမှမဖြစ်ဘူး” ဟုဟစ်အော်လိုက်သည်။
၁၄ နှစ်အရွယ်မာ့ခ်သည် စိတ်မြန်လက်မြန်ပြီး ရန်လိုတတ်သည်။ တုံးဆိုတိုက်၊ ကျားဆိုကိုက်၊ ထစ်ကနဲနှင့်ဒေါသအိုးပေါက်ကွဲတတ်သည်။ ကျောင်း၌လှုပ်လှုပ်ရွရွ ဆူပူသောင်းကျန်းတတ်သည်။ စိတ်နှင့်မတွေ့လျှင်၊ သို့မဟုတ် စိတ်ဆိုးလျှင် သဲကန္တာရကိုဖြတ်ပြီး မော်တော်ဆိုင်ကယ်ဒုံးစိုင်းမောင်းတတ်သည်။ စကေ့ဘုတ်ကိုစီးပြီး တောင်ပူစာစောင်းအောက်ထိုးဆင်းတတ်သည်။
မယ်လာနီနှင့်မာ့ခ် နှစ်ယောက်စလုံး တစ်မျိုးတည်းသောဝေဒနာဖြစ်သည့် စိတ်ကျခြင်း (စိတ်ညှိုးငယ်ခြင်း) ဝေဒနာခံစားနေရကြသည်။ စိတ်ကျန်းမာရေးဆိုင်ရာ အမျိုးသားသမဂ္ဂမှဒေါက်တာဒေါ်နယ်မက္ကနျူးက ကျောင်းနေကလေး၁၀မှ၁၅ရာခိုင်နှုန်းစိတ်မတည်ငြိမ်ခြင်းဝေဒနာ ခံစားနေကြရဖွယ်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့ထက်အရေအတွက် နည်းသည့်ကလေးများသည် ပြင်းထန်သောစိတ်ကျဝေဒနာ ခံစားနေကြရသည်။
ရံဖန်ရံခါ၎င်းဝေဒနာသည် ခန္ဓာပိုင်းဆိုင်ရာ အကြောင်းရင်းကြောင့်ဖြစ်ပေါ်လာတတ်သည်။ အချို့သောကူးစက်ရောဂါ သို့မဟုတ် အတွင်းစိမ့်ဂလင်းအဖွဲ့ အင်ဒိုကရင်းစနစ်ဆိုင်ရာရောဂါဖြစ်သော မီးယပ်သွေးလည်ပတ်ခြင်းဆိုင်ရာ ဟော်မုန်းပြောင်းလဲမှု၊ ဟိုက်ပိုဂလီစီးမီးယားခေါ် သွေးတွင်းသကြားဓာတ်နည်းလွန်းခြင်း၊ အချို့သောဆေးကုသမှု၊ အဆိပ်သင့်သတ္တုနှင့်ဓာတုပစ္စည်းများနှင့်ထိတွေ့ခြင်း၊ ဓာတ်မတည့်ခြင်း အာဟာရဓာတ်မမျှတမှု၊ သွေးအားနည်းခြင်း—ဤအရာများအားလုံးတို့သည် စိတ်ကျဝေဒနာကို အစပျိုးပေးနိုင်သည်။
စိတ်ကျခြင်း၏အမြစ်ဖြစ်သောဖိနှိပ်မှုများ
သို့ရာတွင်၊ ဆယ်ကျော်သက်အရွယ်ကိုယ်နှိုက်က စိတ်ဆင်းရဲမှု၏ဇာစ်မြစ်ဖြစ်သည်။ လူကြီးကဲ့သို့ လောကဓံတရား၌ကျင်လည်ခြင်းမရှိသေးသဖြင့် လူငယ်တစ်ဦးသည် မိမိအားမည်သူမျှအရေးမစိုက်ဟု ထင်မှတ်ကာ၊
သာမညကိစ္စလေးအတွက်နှင့်ပင် စိတ်ထိခိုက်ပြီးညှိုးငယ်တတ်သည်။မိဘဆရာသမားနှင့် သူငယ်ချင်းများ၏မျှော်လင့်ချက်ကို မဖြည့်စွက်နိုင်သည့်အတွက်လည်း စိတ်ညစ်တတ်ကြသည်။ ဥပမာ၊ ဒေါ်နယ်သည်ကျောင်းစာတော်မှ မိမိ၏ပညာတတ်မိဘနှစ်ပါးအလိုကျမည်ဟု ထင်မှတ်ထားသည်။ ထိုသို့ပြုရန်ပျက်ကွက်ခဲ့သဖြင့် စိတ်ညှိုးငယ်ကာ သေကြောင်းပင်ကြံခဲ့သည်။ “ကျွန်တော်ဘာလုပ်လုပ် အဆင်မပြေဘူး။ လူတိုင်းစိတ်ပျက်အောင်သာလုပ်ခဲ့ပါတယ်” ဟုဒေါ်နယ်ခမျာမြည်တမ်းရှာသည်။
တာဝန်မကျေခြင်းဟူသောအသိစိတ်ကြောင့် စိတ်ကျဝေဒနာအစပြုနိုင်ကြောင်း ဧပဖြောဒိတ်မည်သောသူ၏အဖြစ်မှ သိသာနိုင်သည်။ ပထမရာစုမှ ဤသစ္စာရှိခရစ်ယာန်သည် အကျဉ်းကျနေသောတမန်တော်ပေါလုကို အလုပ်အကျွေးပြုဖို့ အထူးစေလွှတ်ခံရသည်။ သို့သော် သူသည်ပေါလုထံသို့ရောက်သောအခါ ဖျားလေတော့သည်။ သို့နှင့်ပေါလုက သူ့ကိုပြန်၍ပြုစုရလေသည်။ ယင်းကြောင့်၊ ဧပဖြောဒိတ်သည် ဝတ္တရားမကျေပွန်ဟူသော အသိစိတ်ဖြင့် “စိတ်မသာလျက်နေ” ရှာမည်မှာသဘောပေါက်လွယ်ပါသည်။ သူမဖျားမီပြုခဲ့သမျှကောင်းမှုများကို သူမေ့လျော့ခဲ့ဟန်တူသည်။—ဖိလိပ္ပိ ၂:၂၅-၃၀။
ဆုံးရှုံးခြင်းခံစားချက်
ဖရန်စင်း ကလပ်စဘရွန့်က အသေစောသည့်အရွယ်—လူငယ်နှင့်သေကြောင်းကြံစည်မှု ဆိုသောစာအုပ်တွင် ဤသို့ရေးသားသည်– “စိတ်လှုပ်ရှားမှုကြောင့်ဖြစ်ပွားသည့် စိတ်ကျခြင်း၏အကြောင်းရင်းများအနက်၊ နှစ်နှစ်ကာကာတွယ်တာမြတ်နိုး၍ ချစ်ရသောသူ သို့မဟုတ် အမြတ်တနိုးထားသည့် အရာဝတ္ထုတစ်ခုဆုံးရှုံးခြင်းတည်းဟူသော ခံစားချက်ပါဝင်သည်။ မိဘတစ်ဦးသေဆုံး၍ဖြစ်စေ၊ ကွာရှင်း၍ဖြစ်စေ ဆုံးရှုံးရခြင်း၊ အလုပ်အကိုင် လက်လွတ်ဆုံးရှုံးရခြင်း၊ ကျန်းမာရေးဆုံးရှုံးသွားခြင်း စသည်တို့သည် စိတ်ညှိုးငယ်ခြင်း၏အကြောင်းရင်းဖြစ်နိုင်သည်။
သို့သော် လူငယ်တစ်ဦးအဖို့အပြင်းထန်ဆုံးသောဆုံးရှုံးမှုဒဏ်မှာ မေတ္တာဆုံးရှုံးခြင်း၊ အပယ်ခံရခြင်း၊ လျစ်လျူရှုခံရခြင်းပင်ဖြစ်သည်။ မာရီဆိုသောမိန်းမငယ်တစ်ဦးက ဤသို့ထုတ်ဖော်ပြောဆိုပါသည်– “ကျွန်မတို့မေမေကကျွန်မတို့ကိုပစ်သွားတဲ့အခါ၊ ကျွန်မဖြင့်သစ္စာအဖောက်ခံရသလိုခံစားရပြီး အထီးကျန်လိုဖြစ်ခဲ့ရပါတယ်။ ကျွန်မရဲ့ကမ္ဘာဟာ ချာချာလည်သွားပါတယ်။”
သို့ဖြစ်၍ လူငယ်များသည်အိမ်ထောင်၌ လင်မယားကွာရှင်းမှု၊ အရက်သောက်ကြူးမှု၊ သွေးသားနီးသူချင်းလိင်ဖောက်ပြားမှု၊ မယားရိုက်နှက်မှု၊ ကလေးမတော်မတရားပြုမူမှုစသည့် အိမ်ထောင်ပြဿနာများနှင့် ရင်ဆိုင်ရသောအခါ၊ သို့မဟုတ်၊ ကိုယ့်ပြဿနာနှင့်ကိုယ် လုံးလည်လိုက်နေသောမိဘတစ်ဦး၏ အရေးမလုပ်ခြင်းခံရသောအခါ မည်မျှတုန်လှုပ်နာကြဉ်းကြရှာမည်ကို တွေးကြည့်ပါ။ သမ္မာကျမ်းစာ၏နယပုံပြင်စကား မှန်ကန်လှသည်တကား– “သင်သည်အမှုရောက်သောကာလ၌ စိတ်ပျက်လျှင် [စိတ်ကျခြင်းကိုခုခံသော စွမ်းအားအပါအဝင်] အားနည်း” ချိမ့်မည်။ (သု. ၂၄:၁၀) လူငယ်တစ်ဦးသည်မိမိကြောင့် မိမိအိမ်ထောင်၌ ပြဿနာများဖြစ်ရသည်ဟုဆိုကာ မိမိကိုယ်ကိုပင် မှားမှားယွင်းယွင်း အပြစ်တင်ချင်တင်မည်။
ရောဂါလက္ခဏာကိုသိမှတ်ခြင်း
စိတ်ကျခြင်းဝေဒနာ၏ အတိမ်အနက်အမျိုးမျိုးရှိသည်။ လူငယ်တစ်ဦးသည် မကြည်သာသည့်အခြင်းအရာတစ်ခုခုကြောင့် အခိုက်အတန့်အားဖြင့် စိတ်အားငယ်သွားနိုင်သည်။ သို့သော်ယင်းသို့သောဝမ်းနည်းခြင်းသည် အချိန်တိုတိုကလေးအတွင်း ပြေပျောက်သွားတတ်သည်။
သို့ရာတွင် ထိုဝမ်းနည်းသည့်စိတ်နေစိတ်ထားသည် အချိန်တာရှည်နေပြီးလူငယ်သည်လည်း ကိုယ့်ကိုယ်ကိုအသုံးမကျဟု ထင်မှတ်ခြင်း၊ ကြောင့်ကြခြင်း၊ ဒေါသထွက်ခြင်းနှင့်ယှဉ်တွဲလျက် အကောင်းမမြင်ခံစားချက်သဘောမျိုးပိုက်နေလျှင်၊ ထိုမှတစ်ဆင့်ဆရာဝန်များသမုတ်သော အဆင့်နိမ့်နာတာရှည်စိတ်ကျဝေဒနာအဖြစ်သို့ ကူးပြောင်းသွားနိုင်သည်။ အထက်ဆိုခဲ့သော မာ့ခ်နှင့်မယ်လာနီတို့၏အတွေ့အကြုံ သာဓကပြသည့်အတိုင်း ဝေဒနာလက္ခဏာများသည် အတော်ပင်ခြားနားနိုင်ပေသည်။ လူငယ်တစ်ဦးသည်ကြောင့်ကြစိတ်၏ အတိုက်အခိုက်ကို ခံရကောင်းခံရမည်ဖြစ်ပြီး အခြားတစ်ဦးသည်တစ်ချိန်လုံးမောဟိုက်ပြီး၊ စားမဝင်၊ အိပ်မပျော်၊ ပေါင်ချိန်ကျ၊ သို့မဟုတ် ဆက်တိုက်မတော်တဆထိခိုက်ဒဏ်ရာရတတ်သည်။
အချို့လူငယ်များသည် မိမိတို့၏စိတ်ကျဝေဒနာကို ဖုံးဝှက်သည့်အနေနှင့်၊ မနားတမ်းကပွဲပါတီပွဲနွှဲ၊ လော်လီဖောက်ပြားခြင်း၊ အများပြည်သူပိုင်ပစ္စည်းကို ဖျက်လိုဖျက်ဆီး၊ အရက်အလွန်အကြူးသောက်ခြင်းစသည်တို့ကိုပြုကာ စိတ်လွတ်ကိုယ်လွတ်ပျော်ကြသည်။ ၁၄ နှစ်အရွယ်ယောက်ျားကလေးတစ်ယောက်က ဤသို့ဝန်ခံသည်– “ကျွန်တော်ဘာကြောင့်တစ်ချိန်လုံး ထွက်လည်နေရသလဲမသိဘူး။ ကျွန်တော်သိတာကတော့၊ တစ်ယောက်ထဲနေရင်၊ ဘယ်လောက်အနေရခက်တယ်ဆိုတာပါပဲ။” သမ္မာကျမ်းစာ ဖော်ပြသည့်အတိုင်းပင်ဖြစ်သည်။ “လူသည် ရယ်စဉ်အခါပင်၊ ဝမ်းနည်းသောစိတ်သဘောရှိ၏။”—သု. ၁၄:၁၃။
အခိုက်အတန့် စိတ်ညှိုးငယ်ခြင်းထက် ပိုလာသောအခါ
အဆင့်နိမ့်နာတာရှည်စိတ်ကျခြင်းကို မကုစားလျှင် ပို၍ကြီးလေးသောရောဂါ—ကြီးမားသောစိတ်ကျဝေဒနာအဆင့်သို့တက်သွားနိုင်သည်။ (စာမျက်နှာ ၁၀၇ ကိုရှု။) ကြီးမားသောစိတ်ကျဝေဒနာရှင်မာရီက ဤသို့ဆို၏– “ကျွန်မကိုယ်တွင်းမှာ ‘သေ’ နေသလိုခံစားရတယ်။ အသက်ရှင်ရုံသာရှင်ပြီး စိတ်လှုပ်ရှားမှုဆိုလို့ဘာမှမရှိဘူး။ တစ်ချိန်လုံးကြောက်ပဲကြောက်နေတယ်။” ကြီးမားသောစိတ်ကျဝေဒနာဖြစ်သောအခါ ဝမ်းနည်းသည့်စိတ်နေစိတ်ထားသည် မပြတ်မစဲဘဲလနှင့်ချီ၍ ကြာညောင်းတတ်သည်။ သို့ဖြစ်၍ ဤသို့သောစိတ်ကျခြင်းအမျိုးအစားသည် ဆယ်ကျော်သက်များသတ်သေမှု အများဆုံးပါဝင်သည်။ နိုင်ငံများစွာတို့တွင် သေကြောင်းကြံမှုကို “ဖုံးကွယ်လျက်နေသော ကူးစက်ရောဂါ” အဖြစ်ယူမှတ်လာကြပြီဖြစ်သည်။
ကြီးမားသောစိတ်ကျခြင်းနှင့် ဆက်နွယ်သည့်အစွဲမြဲဆုံး—သေစေတတ်ဆုံးသော စိတ်လှုပ်ရှားမှုမှာ မျှော်လင့်ခြင်းကင်းမဲ့သည့် နက်ရှိုင်းသောခံစားချက်မျိုးပင်ဖြစ်သည်။ ပါမောက္ခဂျွန်အီးမက်က ၁၄ နှစ်အရွယ် ဗီးဗီယံအကြောင်းရေးသားခဲ့သည်။ ဗီးဗီယံသည်ကြီးကျယ်သော စိတ်ကျဝေဒနာရှင်တစ်ဦးဖြစ်သည်။ အပြင်ပန်းအားဖြင့် သူသည်မေတ္တာပြည့်ဝသော မိဘများစောင့်ရှောက်မှုအောက်မှ ဆိုစရာမရှိသောမိန်းကလေးတစ်ယောက်ဖြစ်ပေသည်။ သို့ပါလျက်ကယ်၊ သူသည်ယူကြုံးမရစိတ်ပျက်ဝမ်းနည်းကာ ကြိုးဆွဲချသေခဲ့ရှာသည်။ ပါမောက္ခမက်က ဤသို့ရေးသားခဲ့သည်– “ဗီးဗီယံသည် မိမိ၏စိတ်ကျသည့်အဖြစ် မည်သည့်အခါပြေပျောက်သွားမည်၊ မိမိသည် နာကျင်ခြင်းဝေဒနာမှ မည်သည့်အခါ အပြီးအပြတ်လွတ်ငြိမ်းလာမည်ကို မသိနိုင်ရှာသည့်အတွက် ယင်းသို့မိမိကိုယ်ကိုသတ်သေရန် ဆုံးဖြတ်ခဲ့လိုက်ခြင်းဖြစ်သည်။”
သို့ဖြစ်၍ ကြီးကျယ်သောစိတ်ကျခြင်းဝေဒနာရှင်များသည် မိမိတို့အခြေအနေဘယ်တော့မျှ ကောင်းလာမည်မဟုတ်၊ မိမိတို့၌အနာဂတ်မရှိဟု ထင်မှတ်ကြသည်။ ပါရဂူများ အဆိုအရ၊ ဤသို့သောမျှော်လင့်ချက်ကင်းသည့်ခံစားချက်သည် ကိုယ်ကိုသတ်သေသောအပြုအမူသို့ ဦးတည်လျက်ရှိသည်။
သို့သော် ကိုယ်ကိုသတ်သေခြင်းသည် ဖြေရှင်းနည်းမဟုတ်။ အိပ်မက်ဆိုးဘဝမှ နိုးလာသောမာရီက ဤသို့ဝန်ခံ၏– “ကျွန်မကိုယ်ကို ကျွန်မသတ်သေဖို့ကြံစည်ခဲ့တာ အမှန်ပါ။ ဒါပေမဲ့၊ ကိုယ့်ကိုယ်ကို မသတ်သေမချင်းမျှော်လင့်ချက်ရှိစမြဲဆိုတဲ့ အသိစိတ်ရှိခဲ့တယ်။” ကိုယ့်ကိုယ်ကိုအဆုံးစီရင်ခြင်းသည် ဘာပြဿနာကိုမျှမဖြေရှင်းပါ။ ဝမ်းနည်းစရာမှာ၊ လူငယ်အများတို့သည် မျှော်လင့်ချက်ကင်းမဲ့သောအခါ အခြားနည်းလမ်းကောင်းကိုမမြင်တတ်။ ထို့ကြောင့်မာရီသည် ကိုယ်တွင်းသို့ဟီးရိုးအင်းထိုးသွင်းခြင်းဖြင့် မိမိ၏ပြဿနာကိုဖုံးဖိထားရန် အားထုတ်ခဲ့သည်။ “ဟီးရိုးအင်းရဲ့အာနိသင်မပြေမချင်း ကျွန်မကိုကျွန်မယုံကြည်ချက်အပြည့်ရှိတယ်” ဟုဆိုသည်။
သေးငယ်သော စိတ်ကျဝေဒနာကို ကုသခြင်း
စိတ်ကျခြင်းခံစားချက်ကိုကုသရာတွင် သဘာဝကျသောနည်းလမ်းများရှိသည်။ နယူးယောက်မြို့ စိတ်ကျဝေဒနာဆိုင်ရာအထူးကု ဒေါက်တာနေသန်အက်စ်ကလိုင်း ဤသို့ထုတ်ဖော်ပြောကြားသည်– “အချို့လူတို့သည်ဆာလောင်မှုကြောင့် စိတ်ကျဝေဒနာခံစားရခြင်းဖြစ်သည်။ လူတစ်ယောက်သည် နံနက်စာမစားဘဲနေမည်။ အကြောင်းတစ်ခုခုကြောင့် နေ့လည်စာကိုပါ လက်လွှတ်ခဲ့ရသော် သုံးနာရီထိုးသောအခါ၊ ငါဘာကြောင့် နေထိုင်မကောင်းပါလိမ့်ဟု တွေးတောသည်။”
စားသောအစာပေါ်မှာလည်း မူတည်သည်။ မျှော်လင့်ချက်ကင်းသည့် ခံစားချက်ဒဏ်ပိသောမိန်းမငယ်ဒယ်ဘီက အောက်ပါအတိုင်းဝန်ခံသည်– “သရေစာဟာ ကျွန်မရဲ့ စိတ်နေစိတ်ထားကို ဒီလောက်တောင် ဥပဒ်ပြုနိုင်မှန်း ကျွန်မနားမလည်ခဲ့ဘူး။ ကျွန်မသရေစာ အများကြီးစားတယ်။ ခုတော့၊ သကြားလုံးလျှော့စားတဲ့အခါ နေလို့ထိုင်လို့ပိုကောင်းတာကိုတွေ့ရတယ်။” အထောက်အကူပြုသော အခြားနည်းများရှိသေးသည်။ ကာယလေ့ကျင့်ခန်းတစ်မျိုးမျိုးပြုလုပ်လျှင် စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်သည်။ တစ်ခါတစ်ရံဆေးစစ်ခံလျှင်ကောင်း၏။ အကြောင်းမှာ၊ စိတ်ကျခြင်းသည် ခန္ဓာနာမကျန်းဖြစ်ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်နိုင်သည်။
စိတ်တိုက်ပွဲတွင်အောင်ပန်းဆွတ်ခြင်း
များသောအားဖြင့် ကိုယ်နှင့်ပတ်သက်၍မကောင်းမြင်သည့် အတွေးအခေါ်များတွေးခေါ်ခြင်းကြောင့် စိတ်ကျခြင်းခံစားရတတ်သည်။ သို့မဟုတ် ဝေဒနာတိုးလာတတ်သည်။ “လူတွေရဲ့ဝေဖန်ပြစ်တင်ခြင်းကို ခံရပေါင်းများလာတဲ့အခါ၊ ကိုယ့်ကိုယ်ကိုတစ်ပြားမတန်ဘူးလို့ ထင်လာတတ်တယ်” ဟု ၁၈ နှစ်အရွယ် အဲဗလင်းခမျာညည်းရှာသည်။
စဉ်းစားကြည့်ပါ။ သင့်တန်ဖိုးကို အခြားသူများက ဖြတ်ရမည်လော။ ခရစ်ယာန်တမန်တော်ပေါလုလည်း အလားတူစွာကဲ့ရဲ့ဝေဖန်ခြင်းခံရသည်။ အချို့ကပေါလုသည်လူပျော့လူညံ့၊ အဟောအပြောမကောင်းသူဟု သမုတ်ကြသည်။ ဤသို့သောအပြစ်ဆိုစကားများကြောင့် ပေါလုသည်မိမိကိုယ်ကိုတစ်ပြားမတန်ဟူ၍ ယူမှတ်သလော။ လုံးဝမယူမှတ်ခဲ့ပါ! ၂ ကောရိန္သု ၁၀:၇၊ ၁၀၊ ၁၇၊ ၁၈။
ဘုရားသခင့်စံတော်မီခြင်းသာ အရေးကြီးကြောင်းပေါလုသိ၏။ အခြားသူများဘာပြောပြော၊ ပေါလုအနေနှင့်၊ ဘုရားသခင့်မစမှုဖြင့် အထမြောက်ခဲ့သည့်အလုပ်များကြောင့် ဝါကြွားနိုင်သည်။ သင်လည်းမိမိသည် ဘုရားသခင့်ရှေ့နေရာရထားသည်ဟူသောအချက်ကို အစဉ်သတိရလျှင်ညှိုးငယ်သည့် စိတ်နေစိတ်ထား ပြေပျောက်သွားပါလိမ့်မည်။—သို့သော် မိမိ၏တစ်စုံတစ်ခုသောအားနည်းချက် သို့မဟုတ် အပြစ်ကြောင့်စိတ်ကျနေလျှင် မည်သို့နည်း။ ဘုရားသခင်က ဣသရေလလူတို့အား ဤသို့မိန့်တော်မူ၏– “သင်တို့၏အပြစ်သည်နီသောအဆင်းရှိသော်လည်း၊ မိုးပွင့်ကဲ့သို့ဖြူလိမ့်မည်။” (ဟေရှာယ ၁:၁၈) ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်၏ကရုဏာနှင့် သည်းခံခြင်းကို ဘယ်တော့မျှ လျစ်လျူမရှုပါနှင့်။ (ဆာလံ ၁၀၃:၈-၁၄) သို့ရာတွင်သင့်အနေနှင့်လည်း ပြဿနာကိုဖြေရှင်းရန် အားထုတ်နေသလော။ အပြစ်စွန်းထင်းသော စိတ်ခံစားချက်ကို ဖျောက်ဖျက်လိုပါက ကိုယ်လုပ်သင့်လုပ်ထိုက်ရာကို လုပ်ရမည်ဖြစ်သည်။ နယပုံပြင်ကျမ်းဆိုသည့်အတိုင်း– “မိမိအပြစ်ကိုဖော်ပြဝန်ချ၍ စွန့်ပစ်သောသူမူကား၊ ကရုဏာတော်ကိုခံရလိမ့်မည်။”—သု. ၂၈:၁၃။
ညှိုးငယ်သောစိတ်ကို ဖြေဖျောက်သည့်အခြားနည်းတစ်နည်းမှာ၊ သင့်တင့်လျောက်ပတ်သော ပန်းတိုင်များထားရှိခြင်းပင်ဖြစ်သည်။ ကျောင်းတွင်ပထမရမှအောင်မြင်သည်ဟု မဆိုနိုင်။ (ဒေသနာ ၇:၁၆-၁၈) စိတ်ပျက်စရာများသည် ဘဝ၏အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း လက်သင့်ခံပါ။ စိတ်ပျက်စရာများနှင့်ကြုံရသောအခါ၊ ‘ငါဘာပဲဖြစ်နေဖြစ်နေ၊ ဘယ်သူမှအရေးမလုပ်ဘူး၊ ဘယ်တော့မှလည်းအရေးလုပ်ကြမှာ မဟုတ်ဘူး’ ဟုထင်မှတ်မည့်အစား၊ ‘ငါပြန်ကောင်းလာမှာပါ’ ဟုကိုယ့်ကိုယ်ကို အားပေးပါ။ အားရပါးရ ငိုချလိုက်လျှင်လည်းမှားသည်ဟု မဆိုနိုင်။
ထမြောက်အောင်မြင်မှုများ၏တန်ဖိုး
စိတ်ဓာတ်ကျသည့်အဖြစ်ကို အောင်မြင်စွာဖြတ်ကျော်ခဲ့သူ ဒက်ဖနီက ဤသို့အကြံပြုသည်– “မျှော်လင့်ခြင်းကင်းမဲ့တဲ့ခံစားချက်ဟာ သူ့အလိုအလျောက်ပြယ်ပျောက် မသွားတတ်ပါဘူး။ စိတ်အပြောင်းအလဲလုပ်ဖို့လိုတယ်။ ကိုယ်ခန္ဓာပါပါဝင်ဖို့လိုတယ်။ တစ်ခုခုထလုပ်ဖို့လည်းလိုတယ်။” လင်းဒါကိုစဉ်းစားကြည့်ပါ။ ညှိုးငယ်သောစိတ်ထားကို အားထုတ်တွန်းလှန်နေသောအခါ၌ သူဤသို့ပြုသည်ဟုဆို၏– “ကျွန်မဟာအထည်တွေကို တစ်ချုပ်ထဲချုပ်ပြီးနေပါတယ်။ ကိုယ့်အတွက် ကိုယ်အဝတ်အထည်တွေချုပ်လုပ်တယ်လေ။ ကြာတော့၊ ကျွန်မစိတ်ကို အနှောင့်အယှက်ဖြစ်စေတဲ့ဟာတွေကို မေ့သွားရော။ တကယ်ထိရောက်တဲ့နည်းပဲ။” မိမိကိုယ်ကိုအထင်အမြင်သေးခြင်းသည် စိတ်ညှိုးငယ်မှု၏အဓိကတရားခံဖြစ်ရကား၊ မိမိကျွမ်းကျင်သောအလုပ်ကိုလုပ်ခြင်းအားဖြင့် မိမိ၏တန်ဖိုးကို မြှင့်တင်ပေးနိုင်သည်။
သင့်အားသာယာပျော်ရွှင်စေသော လှုပ်ရှားမှုများကိုပြုခြင်းသည်လည်း အကျိုးပေးသည်။ ကိုယ်ကြိုက်နှစ်သက်ရာတစ်ခုခုကို ဝယ်ခြမ်းပါ။ ကစားခုန်ပေါက်ပါ။ ကိုယ်အကြိုက်ဆုံးဟင်းလျာ ချက်ပြုတ်ပါ။ စာအုပ်ဆိုင်တွင် စာအုပ်များလှန်လှောဖတ်ရှုပါ။ အပြင်ထွက်ထမင်းစားပါ။ စာဖတ်ပါ။ (အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော) နိုးလော့! မဂ္ဂဇင်းပါ ပဟေဠိစသည်တို့ကို ကစားပါ။
ဒယ်ဘီကမိမိသည် ခရီးတိုထွက်ခြင်း၊ ပန်းတိုင်ကလေးများထားရှိခြင်းဖြင့် မိမိ၏စိတ်ညှိုးငယ်မှုကို ကုစားနိုင်ကြောင်းတွေ့ရှိရသည်။ သို့ရာတွင်၊ အခြားသူတစ်ယောက်အတွက်အကျိုးဆောင်ခြင်းသည် ဒယ်ဘီအဖို့ အထောက်အကူအပြုဆုံးဖြစ်သည်။ “ဒီမိန်းမငယ်ကိုတွေ့စက သူဟာအင်မတန်စိတ်အားငယ်နေတဲ့ အချိန်ဖြစ်တယ်။ ဒါနဲ့ကျွန်မသူ့ကို ကျမ်းစာသင်ပေးတယ်” ဟု ဒယ်ဘီက ထုတ်ဖော်ပြောဆို၏။ “ဒီလိုနဲ့ ပတ်စဉ်ကျမ်းစာဆွေးနွေးလာတဲ့အခါ၊ သူ့ကိုကျွန်မက ညှိုးငယ်တဲ့စိတ်ဖြေဖျောက်နည်း ပြောပြခွင့်ရခဲ့တယ်။ သမ္မာကျမ်းစာဟာ သူ့ကိုမျှော်လင့်ချက်အစစ်အမှန်ပေးခဲ့တယ်။ တစ်ချိန်တည်းမှာကျွန်မလည်း အကူအညီရခဲ့တယ်။” ယေရှုမိန့်တော်မူသည့်အတိုင်း– “အစွန့်အကြဲခံခြင်းအရာထက် စွန့်ကြဲခြင်းအရာသည်သာ၍ [ပျော်ရွှင်မှု၊ ကဘ] ရှိသည်။”—တမန်တော် ၂၀:၃၅။
တစ်ယောက်ယောက်ထံ ဖွင့်ဆိုပါ
“ဝမ်းနည်းခြင်းအကြောင်းသည် ညှိုးငယ်စေတတ်၏။ ကောင်းသောစကားမူကား၊ ရွှင်လန်းစေတတ်၏။” (သု. ၁၂:၂၅) နားလည်မှုပြည့်ဝသောလူတစ်ယောက်ထံမှလာသည့် “ကောင်းသောစကား” တစ်ခွန်းသည် အခြေအနေကိုအကြီးအကျယ်ပြောင်းလဲစေနိုင်သည်။ လူ့နှလုံးအတွင်းသဘောကို မည်သူမျှမသိနိုင်။ ထို့ကြောင့်အကူအညီပေးနိုင်၍ ယုံကြည်အားထားထိုက်သူတစ်ဦးထံ ရင်ဖွင့်ပါ။ သု. ၁၇:၁၇ အရ၊ “မိတ်ဆွေသည် အခါခပ်သိမ်းချစ်တတ်ပြီး ဒုက္ခကာလ၌ညီအစ်ကိုတစ်ယောက်ဖြစ်လာသည်။” (အခြေခံအင်္ဂလိပ်ဘာသာ သမ္မာကျမ်းစာ) ၂၂ နှစ်အရွယ်ရှိ အီဗင်က ဤသို့ဆို၏– “ရင်ထဲမှာသိုထားလို့ရှိရင် ကိုယ်တစ်ယောက်ထဲဝန်ထုပ်ကြီးကို ရွက်ထားသလိုပါပဲ။ အကူအညီပေးနိုင်တဲ့ အရည်အချင်းရှိသူဆီရင်ဖွင့်လိုက်တဲ့အခါ အများကြီးပေါ့သွားတာပဲ။”
သို့သော်သင်က‘ကျွန်တော်စမ်းကြည့်ပြီးပါပြီ။ ရလဒ်ကတော့၊ဘဝကိုအကောင်းဘက်ကနေပြီး ကြည့်ပါဆိုတဲ့ လက်ချာမျိုးအရိုက်ခံရရုံသာ အဖတ်တင်ပါတယ်’ဟုဆိုချင်ဆိုမည်။သို့ဖြစ်လျှင်၊နားလည်မှုပြည့်ဝသော နားထောင်သူတစ်ဦးဖြစ်ရုံသာမက၊လက်တွေ့ကျကျအကြံပေးတတ်သူလည်းဖြစ်သောလူကို အဘယ်မှာရှာနိုင်မည်နည်း။—အကူအညီရှာတွေ့ခြင်း
ပထမခြေလှမ်းအနေနှင့်၊ ‘သင့်နှလုံးကို သင့်မိဘအားပေးပါ။’ (သု. ၂၃:၂၆) သင့်မိဘများသည် အခြားသူထက် သင့်အကြောင်းပို၍နားလည်၏။ သူတို့ကိုသာအခွင့်ပေးလျှင် သင့်ကိုအမြဲလိုလိုကူညီနိုင်သည်။ ပြဿနာကြီးလေးသည်ကိုတွေ့ရလျှင် ကျွမ်းကျင်ရာဌာနမှ အကူအညီရနိုင်ရန်ပင် သင့်အဖို့ အစီအစဉ်ပြုလုပ်ပေးနိုင်သည်။ *
ခရစ်ယာန်အသင်းတော်သားများထံမှလည်း အကူအညီရနိုင်သည်။ မာရီက အောက်ပါအတိုင်း ထုတ်ဖော်ပြောကြားခဲ့သည်– “ကျွန်မဘယ်လောက်စိတ်ညှိုးငယ်သလဲဆိုတာကို ဘယ်သူမှမသိဘူးဆိုပြီးနှစ်အတန်ကြာအောင် ဟန်ဆောင်လာခဲ့တယ်။ ဒါပေမဲ့၊ နောက်တော့၊ အသင်းတော်ထဲက အရွယ်ကြီးတဲ့ အမျိုးသမီးတစ်ဦးထံ ပုံအပ်ပြီးရင်ဖွင့်လိုက်တယ်။ သူဟာတကယ့်ကိုပဲနားလည်မှုပြည့်ဝတဲ့ သူတစ်ယောက်။ သူလည်းတစ်ခါက ကျွန်မလိုအဖြစ်မျိုးနဲ့ ကြုံခဲ့ဖူးသတဲ့။ ဒါကြောင့်၊ တခြားလူတွေလည်း ငါ့လိုအဖြစ်မျိုးကြုံဖူးခဲ့မဲ့ပေ၊ အကောင်းပကတိပြန်ဖြစ်လာနိုင်ပါကလားဆိုတဲ့ အမြင်မျိုးရလာခဲ့ပါတယ်။”
မာရီ၏စိတ်ကျဝေဒနာသည် တစ်မုဟုတ်ချင်းပျောက်ခဲ့သည်ကားမဟုတ်။ သို့သော် သူနှင့်ဘုရားသခင့်ဆက်ဆံရေး နက်ရှိုင်းလာသည်နှင့်အမျှ၊ တစ်စစနှင့်၊ သူ့စိတ်မတည်ငြိမ်မှုကို သူကုစားလာတတ်သည်။ သင်သည်လည်းယေဟောဝါ၏ စစ်မှန်သောဝတ်ပြုသူများဘောင်တွင် သင့်အကျိုးကိုတကယ်လိုလားသော မိတ်ဆွေများနှင့် “မိသားစု” ကိုရှာဖွေတွေ့ရှိနိုင်သည်။—မာကု ၁၀:၂၉၊ ၃၀; ယောဟန် ၁၃:၃၄၊ ၃၅။
သာမန်ထက်လွန်ကဲသော တန်ခိုးစွမ်းအင်
သို့ရာတွင်ညှိုးငယ်သောစိတ်ကို ဖြေဖျောက်သည့်အထက်မြက်ဆုံးအထောက်အကူကား ဘုရားသခင့်အထံတော်မှလာ၍၊ ၎င်းကိုတမန်တော်ပေါလုက “သာမန်ထက်လွန်ကဲသော တန်ခိုးစွမ်းအင်” ဟုခေါ်ဆို၏။ (၂ ကောရိန္သု ၄:၇) ကိုယ်တော်ကိုအားထားလျှင် စိတ်ဓာတ်ကျခြင်းတိုက်ဖျက်ရာတွင် သင့်အားမစတော်မူမည်။ (ဆာလံ ၅၅:၂၂) သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်၊ သင်၌ရှိသောသာမန်ခွန်အားထက်ထူးကဲသော အင်အားကိုပေးတော်မူ၏။
ဘုရားသခင်နှင့်ထိုသို့သော မိတ်သဟာယရှိလျှင်တကယ်ပင်နှစ်သိမ့်မှုရနိုင်သည်။ ဂျော်ဂျီယာခေါ်မိန်းမငယ်တစ်ဦးက “ကျွန်မဝမ်းနည်းတဲ့အချိန်များမှာ၊ အများကြီးဆုတောင်းပါတယ်။ ကျွန်မရဲ့ပြဿနာ ဘယ်လောက်ပဲနက်ရှိုင်းပါစေ၊ ယေဟောဝါကျွန်မအတွက် ထွက်လမ်းဖွင့်ပေးမယ်ဆိုတာကိုကျွန်မသိတယ်။ ”ဒက်ဖနီလည်း သဘောတူသည်။ “ယေဟောဝါကို ဘာမဆိုပြောပြနိုင်တယ်။ ရင်ကိုသာဖွင့်ပါ။ လူတွေမတတ်နိုင်ပေမဲ့၊ ယေဟောဝါကျွန်မတို့ပေါ် တကယ်နားလည်မှုရှိပြီး ကြည့်ရှုစောင်မပါတယ်။”
ထို့ကြောင့်သင်စိတ်ညှိုးငယ်လျှင် ဘုရားသခင်ထံဆုတောင်းပါ။ ပညာရှိ၍နားလည်မှုပြည့်ဝတဲ့လူကိုရှာပြီး ခံစားချက်ကိုရင်ဖွင့်ပါ။ ခရစ်ယာန်အသင်းတော်၌ ကျွမ်းကျင်သောအကြံပေးသူများဖြစ်သည့် “အသက်ကြီးသူများ” ကိုတွေ့ရပေမည်။ (ယာကုပ် ၅:၁၄၊ ၁၅) သူတို့သည် သင့်အားဘုရားသခင်နှင့် အစဉ်မိတ်ဖြစ်နိုင်ရန် ကူညီဖို့အသင့်ရှိကြ၏။ ဘုရားသခင်သည် သင့်ကိုနားလည်တော်မူ၏။ သင့်စိုးရိမ်မှုကို ရှေ့တော်၌သွန်ချရန် ဖိတ်ခေါ်တော်မူ၏။ အကြောင်းမှာ ကိုယ်တော်သည် “သင်တို့ကိုသတိနှင့်ကြည့်ရှုတော်မူ” ၏။ (၁ ပေတရု ၅:၆၊ ၇) သမ္မာကျမ်းစာတကယ်ပင် အောက်ပါအတိုင်းကတိပြု၏– “အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့်သင်တို့၏ စိတ်နှလုံးတို့ကိုစောင့်မလိမ့်မည်။”—ဖိလိပ္ပိ ၄:၇။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 40 ဆေးပါရဂူအများက ကြီးမားသောစိတ်ကျဝေဒနာရှင်များကို တတ်ကျွမ်းသူပညာရှင်များထံပြသ၍ အကုသခံစေရန် အကြံပြုကြပါသည်။ ကိုယ့်ကိုယ်ကိုသတ်သေသည့် အန္တရာယ်ရှိသောကြောင့်ပင်ဖြစ်သည်။ ဥပမာ၊ ဆေးဘက်ကျွမ်းကျင်ရာပညာရှင်များကသာ ညွှန်ကြားကုသမှုပြုနိုင်သည့် ကုသမှုမျိုးလိုအပ်ကောင်းလိုအပ်မည်။
ဆွေးနွေးရန်မေးခွန်းများ
◻အဘယ်အရာများသည် လူငယ်တစ်ယောက်အားစိတ်ညှိုးငယ်စေနိုင်သနည်း။ သင်ထိုသို့ခံစားဖူးသလော။
◻အဆင့်နိမ့်နာတာရှည်စိတ်ကျဝေဒနာ၏ လက္ခဏာများကို သင်ဖော်ပြနိုင်သလော။
◻ကြီးမားသောစိတ်ကျဝေဒနာကို သင်လက်ညိုးထိုးပြနိုင်သလော။ ၎င်းသည် အဘယ်ကြောင့်ကြီးကျယ်သော ဝေဒနာတစ်ရပ်ဖြစ်သနည်း။
◻စိတ်နွမ်းလျခြင်းကို တိုက်ခိုက်သည့်နည်းအချို့ကို ဖော်ပြပါ။ ယင်းအကြံပြုချက်များ သင့်အဖို့လက်တွေ့ကျသလော။
◻အပြင်းအထန်စိတ်ညှိုးငယ်သောအခါ အဘယ်ကြောင့်ရင်ဖွင့်ပြောဆိုရန် အလွန်အရေးကြီးသနည်း။
[စာမျက်နှာ ၁၀၆ ပါအကျဉ်းဖော်ပြချက်]
ပြင်းပြသောစိတ်ကျဝေဒနာသည် ဆယ်ကျော်သက်များသေကြောင်းကြံမှု၏ အဓိကတရားခံဖြစ်သည်
[စာမျက်နှာ ၁၁၂ ပါအကျဉ်းဖော်ပြချက်]
ဘုရားသခင်နှင့်ရင်းနှီးစွာဆက်ဆံခြင်းသည် ကြီးမားသောစိတ်ကျ ဝေဒနာကို ကုစားရာ၌အထောက်အကူပြု၏
[စာမျက်နှာ ၁၀၇ ပါလေးထောင့်ကွက်]
ကြီးမားသော စိတ်ကျဝေဒနာဖြစ်နိုင်မည်လော
မည်သူမဆိုကြီးမားသည့်ပြဿနာမဖြစ်ဘဲနှင့်၊ အောက်ပါလက္ခဏာတစ်ခု သို့မဟုတ် တစ်ခုထက်မကအခိုက်အတန့်ဖြစ်ပေါ်နိုင်သည်။ သို့ရာတွင်၊ လက္ခဏာအတော်များများ မပျောက်ပြယ်ဘဲနေလျှင်လည်းကောင်း၊ သို့မဟုတ် ၎င်းတို့အနက်တစ်ခုခုသည်ပြင်းပြသဖြင့် မိမိပြုနေကျလှုပ်ရှားမှုများရပ်တန့်ရလျှင်လည်းကောင်း၊ မိမိ၌ (၁) ရောဂါတစ်ခုခုရကောင်းရမည်ဖြစ်၍ ဆရာဝန်တစ်ဦး၏ အသေးစိတ်ဆေးစစ်ခြင်းကိုခံဖို့လိုမည်။ သို့မဟုတ် (၂) ပြင်းထန်သောစိတ်ဝေဒနာ—ကြီးမားသည့်စိတ်ကျဝေဒနာ ခံစားနေရခြင်းဖြစ်ကောင်းဖြစ်မည်။
ဘာဆိုဘာမျှပျော်ရွှင်မှုမပေး။ တစ်ချိန်ကသင်နှစ်သက်ခဲ့သည့် လှုပ်ရှားမှုများသည် သင့်အားပျော်ရွှင်မှုမပေးတော့။ သင့်ကိုယ်သင်ရှိသည်မထင်၊ နှင်းထုထဲရောက်နေသည့်အလား၊ ခြောက်ကပ်သည့်ဘဝကို ကူးနေရသည်ဟုခံစားရမည်။
တစ်ပြားမတန်ခံစားချက်မျိုး။ မိမိဘဝသည် လူ့ဘောင်အတွက်လုံးဝအကျိုးမပြု၊ လုံးဝအသုံးမဝင်၊ ဆန်ကုန်မြေလေးဟု ခံစားရသည်။ အပြစ်စွန်းထင်းသည့် စိတ်ရှိသည်။
ကြီးမားသောစိတ် ဘောင်ဘင်ခတ်မှု။ သင်သည်တစ်ချိန်က ပွင့်လင်းသူဖြစ်ခဲ့ပါကယခုသိုသိပ်သူဖြစ်သွားသည်။ သို့မဟုတ် သိုသိပ်သူမှပွင့်လင်းသူဖြစ်သွားသည်။ မကြာခဏငိုတတ်သည်။
လုံးဝမျှော်လင့်ခြင်းမဲ့သည့်ခံစားချက်။ ဘာမဆိုအဆိုးချည်းပဲ၊ ကိုယ့်အနေနှင့်လည်း ဘာမျှမတတ်နိုင်၊ အခြေအနေလည်း ဘယ်တော့မျှကောင်းလာမည်မဟုတ်ဟု ထင်ရ၏။
ငါသေရင်ကောင်းသား။ စိတ်ဆင်းရဲသောကသည် ကြီးမားလှ၍ ငါသေရင်ကောင်းသားဟု မကြာခဏ ထင်မှတ်သည်။
အာရုံမစူးစိုက်နိုင်။ အကြောင်းတစ်ခုခုကို အဖန်ဖန်စဉ်းစားတတ်၏။ စာဖတ်သော်လည်းနားမလည်နိုင်။
အစားနှင့်ဝမ်းသွားခြင်းဘက်တွင်မူမမှန်ခြင်း။ ခံတွင်းပျက် သို့မဟုတ် အစားကြူးလိုက်။ ပြတ်တောင်းပြတ်တောင်းဝမ်းချုပ်လိုက် သို့မဟုတ် ဝမ်းလျှောလိုက်ဖြစ်ခြင်း။
အိပ်ကျင့်ပြောင်းလဲခြင်း။ အိပ်ရေးမကောင်း သို့မဟုတ် အအိပ်လွန်ခြင်း။ မကြာခဏ အိပ်မက်ဆိုးမက်ခြင်း။
နာကျင်ကိုက်ခဲခြင်း။ ခေါင်းကိုက်၊ ကြွက်တက်၊ ဝမ်းဗိုက်နှင့်ရင်ဘတ် နာကျင်ခြင်း။ အကြောင်းမဲ့မောဟိုက်ခြင်း။
[စာမျက်နှာ ၁၀၈ ပါရုပ်ပုံ]
လူငယ်တစ်ဦးမိဘမျှော်လင့်သည့် အတိုင်း မဖြစ်သောအခါ စိတ်ညှိုးငယ်နိုင်သည်
[စာမျက်နှာ ၁၀၉ ပါရုပ်ပုံ]
အခြားသူများထံ ရင်ဖွင့်၍ပြောဆိုခြင်းသည် အကောင်းဆုံးကုစားနည်းတစ်ရပ်ဖြစ်သည်
[စာမျက်နှာ ၁၁၀ ပါရုပ်ပုံ]
အခြားသူများအတွက် အကျိုးဆောင်ခြင်းသည်လည်း စိတ်ညှိုးငယ်ခြင်းကို ဖြေဖျောက်သည့် နည်းတစ်မျိုးဖြစ်သည်