မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ငါဘာကြောင့် ဒီလောက်တောင် အရှက်ကြီးရသလဲ

ငါဘာကြောင့် ဒီလောက်တောင် အရှက်ကြီးရသလဲ

အခန်း ၁၅

ငါ​ဘာကြောင့် ဒီလောက်တောင် အရှက်​ကြီး​ရသလဲ

“ကျွန်မ​ကို​မြင်​တဲ့​လူတိုင်း​က ကျွန်မ​ကို​လှ​မှ​လှ​ဆိုပြီး​တ​ဖွဖွ​ပြော​ကြတယ်” ဟု​မိန်းမငယ်​တစ်ဦး​သတင်း​ဆောင်းပါး​သို့ စာရေး​၍​ဆို​သည်။ သို့​ပါ​လျက်​နှင့်၊ သူ​ဤသို့​ဆက်၍ ရေးသားခဲ့​သည်– “ကျွန်မ​မှာ​သူများနဲ့ စကားပြော​ရမှာ​ခက်​တဲ့​ပြဿနာ​ရှိနေတယ်။ သူများကို​ကြည့်​ပြီး​စကားပြော​ရ​ရင် ကျွန်မ​မျက်နှာ​တစ်ခုလုံး​နီ​လာပြီး လည်ချောင်း​က အသံ​တွေ​လည်း​ပိတ်ဆို့​လာတယ်။ ... အလုပ်ခွင်မှာ​ကျွန်မ​ကို ‘မာန​ခဲ’ ဆိုပြီး​ပြော​တာလဲ မ​နဲ​ပါ​ဘူး​ရှင်။ ကျွန်မ​သူများနဲ့​မှ စကား​မပြော​တာ။ ... ကျွန်မ​မာနကြီး​တာ မဟုတ်​ရ​ပါ​ဘူး​ရှင်။ ရှက်လို့​ပါ။”

စစ်တမ်း​ထုတ်​ချက်​တစ်ရပ်​က မေးမြန်း​ခံရ​သူ ၈၀ ရာခိုင်နှုန်း​သည်​တစ်ချိန်​တစ်ခါ​က ရှက်​ခဲ့​ဘူး​ကြောင်း၊ ၄၀ ရာခိုင်နှုန်း​မှာ​ယခု​တိုင်​မိမိတို့​ကိုယ်ကို ရှက်တတ်​သူ​အဖြစ်​ယူမှတ်​လျက် ရှိကြောင်း​ဖော်ပြ​ပါ​သည်။ ရှေး​အချိန်​ကတည်းက လူသားများ​သည် ရှက်တတ်​ခဲ့​ကြသည်​မှန်​၏။ သမ္မာကျမ်းစာ​က မောရှေ​သည်​ရှက်​သဖြင့် ဘုရားသခင့်​ပြောရေးဆိုခွင့်​ရှိသူ​အဖြစ် ဣသရေလလူ​မျိုး​များ​ရှေ့​ပြောဆို​ရမည်ကို နောက်​တွန့်​ခဲ့​ကြောင်း ရေးသား​တင်ပြ​ထား​သည်။ (ထွက်မြောက်ရာ ၃:၁၁၊ ၁၃; ၄:၁၊ ၁၀၊ ၁၃) ခရစ်ယာန်​တပည့်တော် တိမောသေ​သည်လည်း ရှက်ကြောက်​၍​မပြော​ရဲ​မဆို​ဝံ့၊ မိမိ​လက်၌​အပ်နှင်း​ထားသော အခွင့်အာဏာကို​ကောင်းစွာ​မ​သုံး​ဘဲ​နေခဲ့​ပုံ​ရသည်။—၁ တိမောသေ ၄:၁၂; ၂ တိမောသေ ၁:၆-၈

ရှက်​ခြင်း​ဆို​သည်​အဘယ်နည်း

ရှက်​ခြင်း​ဆို​သည်​မှာ၊ လူ​ဘုံ​အလယ်—သူစိမ်း​တစ်ရံ၊ အာဏာ​ရှိသူ၊ လိင်​ခြား​သူ​ရှေ့​မဆို​ထား​နှင့်၊ သက်တူရွယ်တူ​များ​အလယ်မှာ​ပင် အနေရခက်​သည့်​ခံစားချက်​ကို ဆိုလို​သည်။ ကိုယ့်​ကိုယ်ကို သိ​တတ်​လွန်း​ခြင်း​ဖြစ်၍ နည်း​အမျိုးမျိုးဖြင့် လူကို​နှိပ်စက်​တတ်​သည်။ ရှက်တတ်​သူတို့သည်​မျက်​လွှာ​ကို ချထား​ပြီး​နှလုံး​အ​ခုန်​မြန်​လျက် စကား​မ​ထွက်​နိုင်​ဘဲ​နေကြ​ရှာ​သည်။ အချို့​က​မူ၊ ဣန္ဒြေ​မရ၊ က​ရား​ရေ​လွှတ်​တ​တွတ်တွတ် ပြောတတ်​ကြသည်။ သို့သော်​အချို့​သည် မပြော​ရဲ၊ မဆို​ရဲ၊ မိမိတို့၏​ထင်မြင်ချက်​နှင့် အကြိုက်ကို​မထုတ်ဖော်​ဝံ့​ဘဲ​ရှိ​ချေ​သည်။

သို့​ဆို​ငြား​လည်း၊ အမှန်​အားဖြင့် အ​ထိုက်​အသင့်​ရှက်ကြောက်ခြင်း​သည် ကောင်း​သည့်​အပိုင်း​လည်း​ရှိ​ပေ​သည်။ ၎င်း​သည်​ကျိုးနွံ​ခြင်း၊ စိတ်​နှိမ့်ချ​ခြင်း​တို့​နှင့် ဆက်​နွယ်​နေသည်။ ဘုရားသခင်​လိုလား​သော၊ ချီးမွမ်း​တော်​မူ​သော အရာများ​အနက်၊ ‘ဘုရားသခင်​နှင့်အတူ​ကျိုးနွံ​စွာ​လိုက်လျှောက်ခြင်း’ ပါဝင်​သည်။ (မိက္ခာ ၆:၈က​ဘ) သတိပညာ​ရှိ၍ အ​တင့်​မ​ရဲ၊ နိုင်ထက်စီးနင်း​ကျူးကျော်​လို​ခြင်း​မရှိသည့် အသွင်​ကို​ဆောင်​လျှင်​အခြား​အကျိုး​ရရှိနိုင်​သည်။ အရှက်အကြောက်​ရှိသူ​ကို ကောင်းစွာ​နားစွင့်​သူ​တစ်ဦး​အဖြစ် လူ​တို့​တန်ဖိုး​ထား​တတ်ကြ​သည်။ သို့ရာတွင်၊ ရှက်ကြောက်ခြင်း​ကြောင့် မိမိတို့၏​အစွမ်းအစ​ကို​မမြင်၊ အသုံး​မချ​ဘဲ​နေလျှင်လည်း​ကောင်း၊ မိမိတို့၏​ဆက်ဆံ​ရေး၊ အလုပ်​နှင့်​ခံစားချက်​တို့ကို​ပါ ထိခိုက်​ပျက်ပြား​လာ​စေ​လျှင် တစ်ခုခု​လုပ်ရန်​အချိန်တန်ပြီ။

ကောင်းသော​ခြေလှမ်း​အစ​မှာ​ပြဿနာ​ကို နားလည်ခြင်း​ဖြစ်သည်။ (သု. ၁:၅) ရှက်​ခြင်း​သည်​မိမိ​အရည်အသွေးကို​မဖော်​ထုတ်; မိမိ​အပြု​အမူ၊ မိမိ​တုံ့ပြန်​ပုံ၊ အခြား​သူများ​နှင့်​ဆက်ဆံ​ရာ​မှ သင်အံ​သိရှိ၊ စွဲမြဲ​လာသော​ပုံစံ​ကို​သာ​ပြ​သည်။ သင်က​အခြားသူများ​သင့်​အား ပြစ်တင်​ဝေဖန်​နေသည်၊ သင့်ကို​မနှစ်သက်​ဟု ထင်မှတ်​၏။ အခြား​သူများ​သည် သင့်​ထက်​မြတ်​သည်၊ ပုံမှန်​သည်​ဟု​ထင်မှတ်​၏။ ကိုယ့်​ကိုယ်ကို အခြား​သူများ​နှင့်​ဆက်​နွယ်​ကြည့်​ဖို့ ကြိုးစား​လျှင် က​မော​က်​က​မ ဖြစ်​လိမ့်​မည်​ဟု ထင်မှတ်​သည်။ ကသောင်းကနင်း​ဖြစ်​ကုန်​မည်​ဟု မျှော်လင့်​ထား​သည်။ မျှော်လင့်သည့်​အတိုင်း​လည်း​ဖြစ်လာ​သည်။ အကြောင်း​မှာ၊ သင်သည်​စိတ်​သက်သောင့်သက်သာ​မရှိ၊ မိမိ​ထင်မြင်​သည့်​အတိုင်း ပြုမူ​သောကြောင့်​ပင်​တည်း။

သင့်​ဘဝ​အပေါ် ရှက်​ခြင်း​က​သက်ရောက်​စေသော​အကျိုးဆက်

မပြော​ရဲ​မဆို​ဝံ့၊ ချော​င်ကုတ်၍​နေလျှင်​သော်လည်း​ကောင်း၊ အခြား​သူများကို​အရေး​မ​လုပ်​သည်​အထိ ကိုယ်​ကိုယ်ကို​ဗျာများ​နေလျှင်လည်း​ကောင်း၊ သူတစ်ပါး​အထင်အမြင်​တွင် သင်သည်​မာန​ခဲ၊ မ​ဖော်ရွေ​သူ၊ ငြီးငွေ့​သူ​ဖြစ်နေ​ရုံ​မ​က သူတစ်ပါး​ပေါ်​အရေးမစိုက်​သူ၊ အသိအမြင်​ခေါင်​သူ​ပင်​ဖြစ်သွား​နိုင်​သည်။ ကိုယ့်​အကြောင်းကို​ချည်း​တွေး​နေလျှင် ဆွေးနွေး​နေသော အရာများ​ပေါ်​အာရုံစိုက်​နိုင်​တော့​မည်​မဟုတ်။ သို့ဖြစ်၍ လာသော​သတင်း​အချက်အလက်​များ​ကို ကောင်းစွာ​နားမထောင်။ သို့​နှင့်​ကြောက်​ပါ​သည်​ဆို​မှ​ဘဲ ဖြစ်လာ​တော့​သည်—သူများ​မျက်စိ​အောက် အရူး​ဖြစ်​ရလေ​သည်။

အချုပ်​ဆို​ရ​လျှင်၊ သင်သည်​ရှက်​ခြင်း​တည်း​ဟူသော အကျဉ်းထောင်​အတွင်း ကိုယ့်​ကိုယ်ကို​ထောင်ချ​ထား​သည့် အပြင်​ထောင်​တံခါး​သော့​ကို​ပါ လွှင့်ပစ်​ခဲ့​ချေ​ပြီ။ အခွင့်အရေး​များ​ကို လက်လွှတ်​လိုက်​သည်။ ကိုယ်​မလိုလား​သော​အရာများ၊ အခြေအနေ​များ​ကို​မှ​လက်ခံ​၏—အရင်းအမြစ်​ကို​ရှာ​သော်၊မိမိသည်​မပြော​ရဲ မဆို​ဝံ့၊မိမိ၏​ထင်မြင်ချက်​ကို မထုတ်ဖော်​ဘဲ​နှုတ်ဆိတ်​နေခြင်း​ကြောင့်​ပင်​တည်း။ မိမိသည်​လူများ​နှင့်​တွေ့ဆုံ မိတ်ဖွဲ့ခြင်း​တည်း​ဟူသော ရွှင်လန်းမှု​ကို​အရှုံး​ခံ​၏။ မိမိ​ဘဝကို​စိုပြေ​စေ​မည့် အလုပ်များ​ကို​လက်လွှတ်​လိုက်​လေ​ပြီ။ အခြားသူများ​လည်း ဆုံးရှုံး​ကြ​ရသည်။ သင့်​အား​အမှန်အတိုင်း မသိကျွမ်း​နိုင်​ကြ။

ရှက်​ခြင်း​ကို​အနိုင်ယူ

အချိန်​လုံ့လ​နှင့်အတူ၊ စရိုက်​ကို​ပြုပြင်​နိုင်​ပေ​သည်။ ဦးစွာ၊ ငါ့ကို​များ​သူ​တန်ဖိုး​ဖြတ်​နေ​ရော့​လား​ဆို​ကာ တွေး​မ​ပူ​နှင့်​တော့။ သူ​ဘာလုပ်​မည်၊ ဘာ​ပြော​မည်​ဆို​ကာ သူကိုယ်တိုင်​သူ့​အတွေး​နှင့် သူ​အလုပ်များ​နေချင်​လည်း​များနေ​မည်။ သူကကလေး​ဆန်​ဆန်​သင့်ကို နောက်​ပြောင်​လျှင် သူ့​အမှား​သာ​ဟု​နားလည်​ပါ။ “ပညာ​မဲ့​သော​သူသည် မိမိ​အိမ်နီးချင်း​ကို​မထီမဲ့မြင်​ပြု​တတ်၏။” (သု. ၁၁:၁၂) မိတ်ဆွေ​ပီသ​သူများ​သည် သင့်​အပြင်ပန်း​ကို​မကြည့်၊ သင့်​ဥပဓိရုပ်​စစ်စစ်​ကို​သာ ကြည့်​ပြီး​အကဲဖြတ်ပါ​သည်။

ထို့ပြင်​အပြုသဘောပါပါ စဉ်းစားတတ်​ပါ။ မည်သူမျှ​ခြောက်ပြစ်ကင်း​မဟုတ်။ အားသန်ချက်၊ အားနည်းချက်ကိုယ်စီ​နှင့်​ချည်း။ တစ်ယောက်​နှင့်​တစ်ယောက်​အမြင်ချင်း၊ အကြိုက်​ချင်း​လည်း မတူ​ကြောင်း​သတိရပါ။ သင့်​ယူဆချက်​ကို သူ​လက်မခံ​ရုံ​နှင့် သင့်​အား​ပုဂ္ဂိုလ်​တစ်ဦး​အဖြစ် ပယ်ချ​ရာ​မ​ရောက်​ပါ။

သူတစ်ပါးကို​တရား​မျှတ​စွာ ထင်မြင်​ယူမှတ်​တတ်​ဖို့​လည်း​လို​သည်။ တစ်ခါ​က ရှက်တတ်​သူ​ဖြစ်​ခဲ့​သော​လူငယ်​တစ်ဦး ဤသို့​ဆို​၏– “ကျွန်တော်​နဲ့​ပတ်သက်​လို့ ကျွန်တော်​အချက်​နှစ်ချက်​တွေ့ရှိ​ရတယ်...တစ်ချက်​အနေ​နဲ့၊ ကျွန်တော်​ဟာ အတ္တဆန်​လွန်း​တယ်။ ကိုယ့်​အကြောင်းကို​ချည်း​တွေး​တတ်တယ်။ ကျွန်တော်​ပြော​တာ​ကို သူများ​ဘယ်လို​ထင်​ပါ​လိမ့်​ဆိုပြီး ပူ​တတ်တယ်။ ဒုတိယ​အချက်​အနေ​နဲ့၊ ကျွန်တော်​ဟာ​သူများ​ပေါ် မကောင်း​ထင်​တတ်တယ်—တခြား​လူတွေကို အယုံအကြည်​ကင်းမဲ့​တယ်။ သူတို့​ငါ့ကို​အထင်သေး​မှာပဲ​ဆို​တဲ့ အတွေးမျိုး​နဲ့။”

၎င်း​လူငယ်​သည် ယေဟောဝါသက်သေ​များ​၏ စည်းဝေး​တစ်ခု​သို့​တက်ရောက်​၏။ “ကျွန်တော်​ဟောပြောချက်​တစ်ခု​ကို ကြားနာ​ခဲ့​ရတယ်။ ဒီ​ဟောပြောချက်​ကျွန်တော့်​ကို အထောက်အကူ​အများကြီး​ပေး​ခဲ့တယ်။” သူ​ဤသို့​နောက်ကြောင်းပြန်​ပါ​သည်။ ‘ဟောပြောသူက မေတ္တာဟာ​ပွင့်လင်း​တဲ့​အကြောင်း၊ ကိုယ့်​မှာ​မေတ္တာ​ရှိလို့​ရှိရင် သူများ​အဆိုးကို​မစဉ်း​စား၊ အကောင်း​သာ​စဉ်းစားတတ်​တဲ့ အကြောင်း​တင်ပြ​ခဲ့တယ်။ ဒါ​ကြောင့်​ကျွန်တော်​ဟာ လူတွေ​စိတ်ရင်း​မကောင်း​ဘူးဆို​တဲ့ အမြင်မျိုး​ကို​ရှောင်​တတ်​လာတယ်။ “သူတို့​နားလည်မှု​ရှိကြ​မှာ​ပါ။ သူတို့​အကြင်နာတရား​ရှိကြ​မှာ​ပါ။ သူတို့​ကိုယ်ချင်းစာ​နာ​ကြ​မှာ​ပါ” ဆိုပြီး​ကျန်​တော့်​ကို ကျွန်တော်​တရား​ချပါ​တယ်။ ဒါနဲ့​ကျွန်တော်​ဟာ လူတွေကို​ယုံစား​လာ​တတ်​ပါ​တယ်။ တချို့​လူတွေ​ကျွန်တော့်​ကို အထင်မှား​ကြ​တာ​ရှိပေမဲ့၊ အဲဒါဟာ​သူတို့ရဲ့​အမှား​ဆိုတာ သဘောပေါက်​လာ​မိတယ်။’

“ဒိ​ပြင်၊ ကျွန်တော်​ဟာ သူတစ်ပါး​ပေါ်မှာ​လဲ လှိုက်လှိုက်လှဲလှဲ​မေတ္တာ​ပွား​တတ်လာ​ပါ​တယ်။ တခြား​လူတွေကို​ပို​ပြီး လက်ကမ်း​ကြိုဆို​တတ်လာ​ပါ​တယ်။” သူ​ဆက်လက်​၍ ရှင်းလင်း​တင်ပြ​၏။ “အစပိုင်း​မှာ​တော့ ကိုယ့်ထက်​ငယ်​တဲ့​လူတွေ​ပေါ်မှာ စမ်း​ကြည့်​တယ်။ နောက်တော့၊ တခြား​လူတွေ​အိမ်ကို အလည်အပတ်​သွားပါ​တယ်။ လူတွေ​ဘာများ​လိုအပ်​သလဲ​ဆိုပြီး အမြဲ​သတိပြု​လာ​တတ်တယ်။ ဘယ်လို​ကူညီ​ရမလဲ​ဆိုပြီး စဉ်းစား​လာ​တတ်တယ်။” သူသည် ဤနည်းဖြင့် လုကာ ၆:၃၇၊ ၃၈ ပါ​ယေရှု​သြဝါဒ မှန်ကန်ကြောင်း​သိမြင်​လာ​ခဲ့​သည်– “သူတစ်ပါးကို အပြစ်​မစီရင်​ကြ​နှင့်။ မစီရင်လျှင်​သင်တို့သည် အပြစ်စီရင်​ခြင်း​နှင့် ကင်းလွတ်​ကြလိမ့်မည်။ သူတစ်ပါး​အားပေး​ကြလော့။ ပေး​လျှင်​သူတစ်ပါး​သည်​သင်တို့ အားပေး​ကြလိမ့်မည်။...အကြောင်း​မူ​ကား၊ အ​ကြင်​ချိန်၊ တင်း​ပမာဏ​နှင့် သင်တို့သည်​သူတစ်ပါး​အားပေး​၏၊ ထို​ပမာဏ​အတိုင်း ကိုယ်​ခံရ​ကြ​မည်။”

အစပြုခြင်း

ထို့​ကြောင့်​ပေါင်းသင်း​ဆက်ဆံ​တတ်​ပါ—နှုတ်​ခွန်း​ဆက်​ပြီး​စကားစမြည် အစပျိုး​တတ်​ပါ။ ရာသီဥတု​စ​သော အကြောင်း​ရိုးရိုး​ကလေး​နှင့်​ပင် အစချီ​နိုင်​သည်။ သင်၌ ၅၀ ရာခိုင်နှုန်း​သာ တာဝန်​ရှိကြောင်း၊ ကျန်​တစ်ဝက်​မှာ အခြားသူ​၏​တာဝန်ဖြစ်​ကြောင်း မှတ်​ပါ​လေ။ အပြော​မှား​လျှင် ကိုယ့်​ကိုယ်ကို​အပြစ်မတင်​ပါ​နှင့်။ သူများ​ရ​ယ်​လျှင်​လိုက်ရ​ယ်​ပါ။ “အပြော​လွဲသွား​တယ်​ဗျာ” ဟု​ဆို​လိုက်​ရုံ​နှင့် သက်သောင့်သက်သာ​ဖြစ်လာ​ပြီး စကား​ဆက်​မပြတ်​ပြော​နိုင်​ပါ​သည်။

နေသာ​ထိုင်​သာအောင်​ဝတ်ဆင်ပါ။ သို့သော်​သန့်ရှင်း၍ မီး​ပူ​တိုက်​ထားသော အဝတ်​ဖြစ်ပါစေ။ ကိုယ့်​အနေ​နှင့်​အသန့်​ပြန့် လျောက်ပတ်​ဆုံး​ဝတ်ဆင်​ထား​ပါ​က၊ ဝတ်​ပုံ​ဆင်​ပုံ​နှင့်​ပတ်သက်​၍ စိုးရွံ့​စ​ရာ​မရှိတော့ဘဲ​ပြော​နေသည့် စကား​ပေါ်​အာရုံ​စူးစိုက်​နိုင်​လိမ့်​မည်။ မတ်​မတ်​ရပ်ပါ—သက်သောင့်သက်သာ​ရှိပါ။ ကြည့်​ကောင်း​ရှုပျော်​သော မျက်နှာထား​ဖြင့်​ပြုံးပါ။ ခင်မင်​သော အကြည့်​ဖြင့်​ကြည့်​ပါ။ သူ​တစ်​ထူး​အပြော​ကို သဘောတူ​သည့်​အနေ​နှင့်​ခေါင်းညိတ်​ပါ။ သို့​မဟုတ် စကား​ဖြင့်​အသိအမှတ်ပြု​ပါ။

လူရှေ့​ဟောပြော​ရခြင်း၊ သို့​မဟုတ် လူတွေ့မေးမြန်း​ခြင်း​စ​သော​ခက်ခဲ​သည့် အခြေအနေ​မျိုး​နှင့်​ရင်ဆိုင်​ရ​လျှင် အတတ်နိုင်ဆုံး​ပြင်ဆင်​၍​လာ​ပါ။ ပြော​ရမည့်​အချက်အလက်​များ​ကို လေ့ကျင့်​ပါ။ လေ့ကျင့်ခြင်း​အားဖြင့်လည်း ပြောပုံ​ပြောနည်း​ဆိုင်ရာ ပြဿနာ​များ​ကို ဖြေရှင်း​နိုင်၊ လျော့နည်း​စေနိုင်​သည်။ ၎င်း​သည်​အခြား​ပညာရပ်​များ​ကို သင်ကြား​သကဲ့သို့ အချိန်​လို​၏။ သို့သော် အကျိုး​ရလဒ်ကို​မြင်​သောအခါ အောင်မြင်​လို​သော​စိတ်အားတက်​ကြွလာ​မည်​ဖြစ်၏။

ဘုရားသခင့်​မစမှု​ကိုလည်း လျစ်လျူ​မ​ရှု​သင့်။ ရှေး​ဣသရေလ​နိုင်ငံ​၏ ပထမ​ဘုရင်​ရှောလုသည် အရှက်အကြောက်​ကြီး​ခဲ့​သည်။ (၁ ဓမ္မရာဇဝင်​ အခန်းကြီး ၉ နှင့် ၁၀) သို့ရာတွင်၊ လုပ်​ရ​ကိုင်​ရမည့် အချိန်​ရောက်လာသော​အခါ၊ “ဘုရားသခင်​၏​ဝိညာဉ်​တော် [ရှောလု​အပေါ်] သက်ရောက်” လေ​သဖြင့်​ရှောလုသည် လူ​တို့ကို​ခေါင်းဆောင်​ကာ အောင်ပွဲ​ဆင်နွှဲ​ခဲ့​ပေ​သည်။—၁ ဓမ္မရာဇဝင်​ အခန်းကြီး ၁၁

ယနေ့​ခရစ်ယာန်​လူငယ်များသည် အခြား​သူတို့အား ဘုရားသခင်​နှင့်​ကိုယ်တော့်​ကတိထားရာ ဖြောင့်မတ်​သော​ကမ္ဘာသစ်​အကြောင်း သိမြင်​နားလည်​လာဖို့​ကူညီ​ရန် တာဝန်​ရှိသည်။ (မဿဲ ၂၄:၁၄) ဤ​သတင်းကောင်းကို သယ်ဆောင်​ပြီး စကြဝဠာ​အမြင့်ဆုံး​အာဏာရှင်​ကို ကိုယ်စား​ပြု​ရသည်​ဖြစ်​ရ​ကား၊ ကိုယ့်​ကိုယ်ကို​ယုံကြည်​သော​စိတ် အမှန်​ဖြစ်ပေါ်​လာ​မည်​ဖြစ်၍ ကိုယ့်​အကြောင်းကို​တွေး​ပြီး ရှက်​နေ​တော့​မည်​မဟုတ်။ သို့ဖြစ်၍​သင်သည် ဘုရားသခင်​ကို​သစ္စာရှိ​စွာ​ဝတ်ပြု​လျှင် သင့်ကို​ကောင်းချီး​ပေး​၍ သင့်​အရှက်​ပြဿနာ​ကို​ကျော်လွှား​စေရန် မုချ​ထောက်မ​တော်​မူ​မည်​ဖြစ်​ကြောင်း စိတ်ချ​နိုင်​ပေ​သည်။

ဆွေးနွေး​ရန်​မေးခွန်းများ

◻ရှက်​ခြင်း​မည်​သည် အဘယ်နည်း။ ရှက်တတ်​သူသည် လူရှေ့​မည်သို့ပြုမူ​တတ်​သနည်း။ သင်လည်း​အတော်အတန်​ရှက်တတ်​သလော။

◻ရှက်တတ်​သူသည် လူ​ဘုံ​အလယ်တွင် အဘယ်ကြောင့်​ကိုယ့်​ကိုယ်ကို အ​ယုံကြည်​ကင်းမဲ့​သနည်း။

◻အရှက်​သည် လူကို​မည်သို့​ဆုံးရှုံး​စေ​သနည်း။

◻အရှက်​ကို ဖြေဖျောက်​သည့်​နည်း​အချို့​ကား အဘယ်နည်း။ ၎င်း​အကြံပေး​ချက်​များ သင့်အတွက်​အရာရောက်​သလော။

[စာမျက်နှာ ၁၂၁ ပါ​အကျဉ်း​ဖော်ပြချက်]

အရှက်​ကြီး​သူသည် မိတ်သဟာယ​နှင့်​အခွင့်အရေး​များ လက်လွတ်​ဆုံးရှုံး​ရသည်

[စာမျက်နှာ ၁၂၄ လေးထောင့်ကွက်]

အောက်ပါ​အတိုင်း​ပြုခြင်း​ဖြင့် ရှက်စိတ်​ကို​ဖြေဖျောက်​နိုင်​သည်

ပြောင်းလဲ​ပြုပြင်​လို​သော ဆန္ဒရှိ​ခြင်း​နှင့် တကယ်​ပင်​ပြုပြင်​ပြောင်းလဲ​နိုင်​သည်​ဟု ယုံကြည်ခြင်း

အပျက်​အတွေး​ကို အပြု​လုပ်ရပ်​ဖြင့် အစားထိုး​ခြင်း

လက်တွေ့ကျ​၍ အဓိပ္ပာယ်​ရှိသော​ပန်းတိုင်​များ ထား​ရှိ​ခြင်း

စိတ်​ကို​သက်သောင့်သက်သာ​ထားခြင်း​နှင့် ကြောင့်ကြ​မှု​ကို ဖြေဖျောက်​တတ်​ခြင်း

ရင်ဆိုင်​ရမည့် အခြေအနေ​ကို ကြို၍​ဇာတ်​တိုက်​ထားခြင်း

တ​စ​စ​တိုးတက်အောင်​မြင်​သော တွေ့ကြုံ​မှုများ​ဖြင့် ယုံကြည်​စိတ်ချမှု​ဖြည့်တင်း​ခြင်း

လူ​ချင်း​အတူတူ၊ အမြင်​ခြားနား​တတ်​ကြောင်း၊ အခြားသူများ​လည်း မှား​တတ်​ကြောင်း​သတိရခြင်း

လေ့ကျင့်မှု​ဖြင့် အတတ်ပညာ​များ​ကို ထက်မြက်​စေပြီး အသစ်​သော​ပညာရပ်​များ​ကို ဆည်းပူးခြင်း

မေတ္တာ​တရား​နယ်ပယ်​ကို ချဲ့ထွင်​၍​သူတစ်ပါးကို ကူညီ​ခြင်း

တင့်​တင့်တယ်​တယ်၊ ရှု​ချင်​စ​ဖွယ်​ဝတ်ဆင်​ပြီး ကိုယ်ကို​ယုံကြည်​စိတ်ချ​စွာ ပြုမူ​လှုပ်ရှားခြင်း

ဘုရားသခင့်​မစမှု​ကို အားထားခြင်း

ခရစ်ယာန်​စည်းဝေးများ​တွင် တက်ကြွ​စွာ​ပါဝင်ခြင်း​နှင့် မိမိ​ယုံကြည်ခြင်းကို​အခြား​သူများ​နှင့် ထက်သန်​စွာ​ဝေမျှခြင်း

[စာမျက်နှာ ၁၂၃ ပါ​ရုပ်ပုံ]

အရှက်​ကြီး​သူသည် အခြားသူများ​မိမိ​အား အထင်သေး​သည်​ဟု တွေး​မြင်တတ်​သည်

[စာမျက်နှာ ၁၂၃ ပါ​ရုပ်ပုံ]

ပေါင်းသင်း​ဆက်ဆံ​တတ်​ပါ—ပြုံးပါ၊ နှုတ်​ခွန်း​ဆက်​ပါ၊ စကားစမြည်​ပြောပါ