ငါ့ကိုငါဘာကြောင့် မကြိုက်သလဲ
အခန်း ၁၂
ငါ့ကိုငါဘာကြောင့် မကြိုက်သလဲ
“ငါ့ကိုငါထူးကဲတယ်လို့ နဲနဲလေးတောင်မှမထင်ဘူး။” လူးဝစ်ခမျာထိုသို့မြည်တမ်းရှာသည်။ သင်လည်းတစ်ခါတစ်ရံ ကိုယ့်ကိုယ်ကိုအားမလိုအားမရဖြစ်မိသလော။
ဟုတ်ပါသည်။ လူတိုင်းကိုယ့်တန်ဖိုးကို ကိုယ်သိသောစိတ်အတန်အရာရှိဖို့လိုသည်။ ၎င်းကိုအချို့သူတို့က “လူ့ဘဝကို သိက္ခာတင်သည့်အမွှေးအကြိုင်” ဟုတင်စား၏။ ထို့ပြင်သမ္မာကျမ်းစာကလည်း “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့” ဟုဆို၏။ (မဿဲ ၁၉:၁၉) ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်လျှင်၊ အခြားသူတို့ကိုလည်း အားမလိုအားမရဖြစ်ဖို့အကြောင်းရှိသည်။
‘ငါဘာပဲလုပ်လုပ်အဆင်မပြေဘူး’
မိမိနှင့်ပတ်သက်၍ အဘယ်ကြောင့်ဤသို့သောအကောင်းမမြင် ခံစားချက်များရှိတတ်ကြသနည်း။ တစ်ချက်အနေနှင့်၊ သင်သည်အစွမ်းအစ အကန့်အသတ်သာရှိသောကြောင့်စိတ်ပျက်နိုင်သည်။ သင်သည်ကြီးပြင်းနေဆဲဖြစ်၍ များသောအားဖြင့် ကိုးရိုးကားရားနိုင်ပြီး၊ လက်ထဲပစ္စည်းလွတ်ကျလိုလွတ်ကျ၊ ခလုတ်တိုက်လိုတိုက်ကာနေ့စဉ်နှင့်အမျှ အရှက်ရတတ်သည်။ ထို့ပြင်၊ လူကြီးလိုအတွေ့အကြုံမရှိသေးသဖြင့်၊ စိတ်ပျက်စရာများမှ ပြန်လည်မခုန်တက်တတ်ချေ။ သင်၏ “တွေးမြင်ဉာဏ်စွမ်း” သည်လည်း “အသုံးချခြင်းဖြင့်” လုံလောက်စွာလေ့ကျင့်ခြင်းမခံရသေးသဖြင့် ဆုံးဖြတ်ချက်ချတိုင်း ပညာအရှိဆုံးဖြစ်ချင်မှဖြစ်မည်။ (ဟေဗြဲ ၅:၁၄) တစ်ခါတစ်ရံမိမိသည် ဘာကိုမျှမှန်အောင်မလုပ်တတ်မကိုင်တတ် ဟုထင်ရသည်။
မိမိသည်မိဘမျှော်လင့်သည့်အတိုင်း မပြုလုပ်နိုင်သည့်အတွက်ကြောင့်လည်း လူ့တန်ဖိုးနိမ့်ကျသည်ဟု ထင်စရာအကြောင်းတစ်ရပ်ဖြစ်သည်။ လူငယ်တစ်ဦးက ဤသို့ဆို၏– “ကျောင်းမှာအမှတ်အများဆုံးမရရင်၊ မိဘတွေကဘာကြောင့်မရတာလဲလို့ မေးကြပါတယ်။ သု. ၁:၈၊ ၉) စိတ်ဓာတ်ကျမည့်အစား၊ ဝေဖန်ချက်ကိုသက်သောင့်သက်တာစွာလက်သင့်ခံ၍ သင်ခန်းစာယူပါ။
ပြီးတော့အသုံးမကျတဲ့ကောင်ဆိုပြီး ပြောပါတယ်။ မိဘများသည် မိမိတို့သားသမီးများအတတ်နိုင်ဆုံး စာကြိုးစားကြရန် တိုက်တွန်းကြမည်မှာ ဓမ္မတာ။ သင်သည်ထိုက်သင့်သလောက်စာမတော်လျှင်၊ အပြောခံရမည်မှာသေချာပါသည်။ သမ္မာကျမ်းစာ၏သြဝါဒမှာ ဤသို့– “ငါ့သား [သို့မဟုတ်၊ သမီး] အဘ၏နည်းဥပဒေသကို နားထောင်လော့။ အမိ၏တရားကိုလည်းမပယ်နှင့်။” (သို့ရာတွင်၊ မိဘများက သင့်ကိုအခြားတစ်ယောက်နှင့် မတရားစွာခိုင်းနှိုင်းလျက်ဆိုလာလျှင် မည်သို့ပြုမည်နည်း။ (ဥပမာ၊ “မင်းအစ်ကိုပေါလ်လို ဘာကြောင့်မတော်ရသလဲ။ သူအမြဲတမ်းကျောင်းသားလူရည်ချွန်ဆိုတဲ့ ဂုဏ်ထူးကိုရတယ်။”) ဤသို့ အနှိုင်းခံရသောအခါ တစ်ခါတစ်ရံအခံရခက်သော်လည်း အချက်ကျပေသည်။ သင့်မိဘများက သင့်ကိုကောင်းစေလို၍ဖြစ်သည်။ အကယ်၍သင်ကလွန်လွန်းသည်ဟုထင်လျှင် သူတိုနှင့်အေးငြိမ်းစွာဆွေးနွေးပါလေ။
ကိုယ့်သိက္ခာကိုတည်ဆောက်ခြင်း
ကျစပြုသောသိက္ခာကို မည်သို့ဆယ်နိုင်သနည်း။ အဦးဆုံး၊ မိမိအဖိုးတန်အရည်အသွေးများနှင့် အားနည်းချက်များကို ရိုးရိုးသားသားဆန်းစစ်ကြည့်ပါ။ အားနည်းချက်များသည် သေးသေးမွှားမွှားမျှသာဖြစ်ကြောင်းတွေ့ရပါလိမ့်မည်။ အမျက်ထွက်မြန်၊ တစ်ကိုယ်ကောင်းဆန်ခြင်းစသော ကြီးလေးသည့်ချွတ်ယွင်းချက်များကို မည်သို့ဆိုမည်နည်း။ အထူးဝီရိယစိုက်ထုတ်ကာပြုပြင်ပါ။ သင့်သိက္ခာပြန်တက်လာမည်မုချ။
သင်၌အဖိုးတန် အရည်အသွေးအချို့ရှိသည်ဆိုသည့်အချက်ကိုလည်း မမေ့ပါနှင့်။ ချက်တတ်ပြုတ်တတ်၊ ကားတာယာလဲတတ်သည်ကို အရေးမကြီးဟု သင်ထင်ကောင်းထင်မည်။ သို့သော် ထမင်းဆာနေသူ၊ ကားဘီးပေါက်၍သောင်တင်နေသော ယာဉ်မောင်းတစ်ယောက်သည် သင်၌ထိုသို့အတတ်ပညာရှိသည့်အတွက် သင့်ကိုအထင်ကြီးပါလိမ့်မည်။
သင့်သီလများကိုလည်းစဉ်းစားကြည့်ပါ။ သင်သည်လုံ့လဝီရိယရှိသလော။ စိတ်ရှည်သလော။ လူကိုသနားတတ်သလော။ ရက်ရောသလော။ ကြင်နာတတ်သလော။ ဤအရည်အသွေးများနှင့်စာလျှင် သေးမွှားသောအနာအဆာများသည် မဆိုစလောက်ပါ။အောက်ပါစာရင်းတိုကိုသုံးသပ်လျှင်လည်း အထောက်အကူပြုနိုင်ပေသည်။
အလှမ်းမီနိုင်သောပန်းတိုင်များထားရှိပါ– ကောင်းကင်မှကြယ်ကိုချည်းချိန်နေလျှင် အကြီးအကျယ်စိတ်ဓာတ်ကျနိုင်သည်။ မီနိုင်သောပန်းတိုင်များကိုထားပါ။ လက်နှိပ်စက်ရိုက်ခြင်းအတတ်စသည့် ပညာများသင်ကြားလျှင်မကောင်းပေလော။ တူရိယာတစ်မျိုးမျိုးတီးမှုတ်တတ်ရန်၊ ဘာသာခြားစကားတစ်မျိုးမျိုးပြောဆိုတတ်ရန်သင်ကြားပါ။ စာဖတ်ခြင်းဘက်တိုးတက်အောင်၊ ကျယ်ပြန့်အောင်ပြုပါ။ တတ်မြောက်အောင်မြင်မှုကြောင့် လူ့သိက္ခာ၊ လူ့တန်ဖိုးပါတစ်ပါတည်း မြင့်တက်လာတတ်ပေသည်။
အလုပ်ကိုအရည်အသွေးကောင်းအောင်လုပ်ပါ– အလုပ်ကိုဖြစ်ကတတ်ဆန်းလုပ်လျှင် ကိုယ့်ကိုယ်ကိုအားရမည်မဟုတ်။ ဘုရားသခင်သည် မိမိ၏ဖန်ဆင်းခြင်းအမှု၌ ပျော်မွေ့တော်မူ၏။ ဖန်ဆင်းခြင်းအဆုံးတွင်လည်း ၎င်းကာလပိုင်းများကို “ကောင်း” သည်ဟုကြေညာတော်မူသည်။ (ကမ္ဘာဦး ၁:၃-၃၁) သင်လည်းအိမ်၌ဖြစ်စေ၊ ကျောင်း၌ဖြစ်စေ၊ ဝီရိယစိုက်ထုတ်၍ ကျွမ်းကျင်စွာလုပ်ဆောင်ခြင်းဖြင့် အလုပ်၌မွေ့လျော်တတ်ပါ။—သု. ၂၂:၂၉။
သူတစ်ထူးအတွက်အကျိုးဆောင်ခြင်း– အခန့်သားထိုင်ပြီး သူတစ်ပါး၏အလုပ်အကျွေးကိုခံခြင်းအားဖြင့် မိမိ၏လူ့တန်ဖိုး၊ လူ့သိက္ခာကို အလိုလိုမြှင့်တင်နိုင်သည်မဟုတ်။ ယေရှုက “သင်တို့တွင်အထွတ်အမြတ်လုပ်ချင်သောသူသည်လည်း အလုံးစုံတို့၏စေခိုင်းရာကျွန် [သို့မဟုတ်၊ အစေခံ] ဖြစ်ရမည်” ဟုမိန့်တော်မူ၏။—မာကု ၁၀:၄၃-၄၅။
ဥပမာ၊ ၁၇နှစ်အရွယ်ကင်းသည် နွေရာသီကျောင်းပိတ်ချိန်တွင်၊ တစ်လလျှင်အချိန်နာရီ ပေါင်း၆၀သီးသန့်အသုံးပြုကာအခြားသူများအားသမ္မာကျမ်းပညာပို့ချ၏။သူဤသို့ဆို၏–“ကျွန်မယေဟောဝါနဲ့ပိုပြီးရင်းနှီးလာတယ်။လူတွေပေါ်မေတ္တာစစ်မေတ္တာမှန်ထားရှိလာတတ်တယ်။”ဤမိန်းမပျို၌ လူ့တန်ဖိုး၊လူ့သိက္ခာကင်းမဲ့သည့်ခံစားချက်ရှိမည်မထင်။
မိတ်ဆွေကိုသတိနှင့်ရွေးပါ– ၁၇ နှစ်အရွယ်ဘာဘရာက ဤသို့ဆို၏– “ကျွန်မကိုယ်တိုင်နဲ့ကျွန်မဆက်ဆံရေးဟာ အင်မတန်ပျော်စရာမကောင်းတဲ့ဆက်ဆံရေးမျိုး။ ကျွန်မပေါ်အယုံအကြည်ရှိတဲ့ လူတွေနဲ့ကျရင်၊ ကျွန်မလဲဟန်ကျတယ်။ ကျွန်မကိုအပိုစက်ပစ္စည်းလို သဘောထားတဲ့လူတွေနဲ့ကျရင်ကျွန်မလဲထုံထိုင်းလာပါတယ်။”
စိတ်နေမြင့်သူ၊ စော်ကားတတ်သူတို့သည် အမှန်ပင်လူကိုဟန်ပျက်စေသည်။ သို့ဖြစ်၍ သင့်အကျိုးကိုတကယ်လိုလားသော၊ သင့်ကိုဆောက်တည်သော မိတ်ဆွေများကိုရွေးချယ်ပါ။—သု. ၁၃:၂၀။
ဘုရားသခင်ကိုသင့်အရင်းနှီးဆုံးမိတ်ဆွေအဖြစ်ထားပါ– ဆာလံဆရာဒါဝိဒ်က “[ယေဟောဝါ]သည်ငါ၏ကျောက်၊ ငါ၏မြို့ရိုး... ဖြစ်တော်မူ၏” ဟုကြွေးကြော်၏။ (ဆာလံ ၁၈:၂) သူ၏ယုံကြည်ကိုးစားမှုမှာ မိမိကိုယ်တိုင်မဟုတ်၊ ယေဟောဝါနှင့်ရင်းနှီးမှုဖြစ်၏။ သို့ဖြစ်၍နောက်ပိုင်း၌ ရန်သူများ၏တိုက်ခိုက်မှုခံရသောအခါ၊ သူသည်ဟန်ချက်မပျက်၊ ပြင်းထန်သောဝေဖန်ပြစ်တင်ခြင်းကို ခံရပ်နိုင်ခဲ့ခြင်းဖြစ်ပေသည်။ (၂ ဓမ္မရာဝင် ၁၆:၇၊ ၁၀) သင်သည်လည်း “ဘုရားသခင်၌ချဉ်းကပ်” နိုင်၏။ သို့ပြုခြင်းဖြင့်မိမိ၌ ဝါကြွားမည့်အစား၊ ကိုယ်တော်၌ “ဝါကြွား” နိုင်ပေလိမ့်မည်။—ယာကုပ် ၂:၂၁-၂၃။ ၄:၈; ၁ ကောရိန္သု ၁:၃၁။
လမ်းသေလမ်းဆုံး
စာရေးဆရာတစ်ယောက် ဤသို့ရေးသားခဲ့သည်– “ပင်ကိုယ်စရိုက်ချိနဲ့၍ ကိုယ့်ကိုယ်ကိုအထင်သေးသော မြီးကောင်ပေါက်များသည် တစ်ခါတစ်ရံမျက်နှာအတုအယောင်တပ်ပြီး ပတ်ဝန်းကျင်ကိုရင်ဆိုင်တတ်ကြသည်။” အချို့မှာ “လူကြမ်းမင်းသားကြီး၊” ဖက်ရှင်လောကတွင်ထင်ပေါ်ပြီး လော်လီဖောက်ပြားသောသူ၊ တရားလွန်သရုပ်ပျက်နိုင်လွန်းစွာဝတ်ဆင်သော ပန့်ခ်ရော့ကာခေါ် ကျယ်လောင်ဆူညံသောတီးဝိုင်းအဖွဲ့ဝင်များ၏ ပုံစံကိုဖမ်းကြသည်။ သို့သော်ထိုမျက်နှာတုများနောက်ကွယ်၌၊ ၎င်းလူငယ်တို့သည်မိမိကိုယ်ကို အထင်သေးသည့်ခံစားချက်နှင့် နပန်းသတ်နေကြရရှာသည်။—သု. ၁၄:၁၃။
ဥပမာ၊ “ညှိုးငယ်သည့်စိတ်ကိုဖျောက်ဖျက်ရန် [သူတစ်ပါး၏အလိုရှိမှုကိုခံရခြင်းဖြင့်] မိမိ၏တန်ဖိုးကိုမြှင့်တင်ရန် ချစ်ခင်စုံမက်မှုကိုရယူရန်နှင့်၊ ကိုယ်ဝန်ဆောင်ခြင်းဖြင့်၊ အခြားလူသား—ရင်သွေးငယ်—တစ်ယောက်၏မေတ္တာနှင့်ခြွင်းချက်မရှိလက်သင့်ခံမှုရယူနိုင်ရန်” လော်လီဖောက်ပြားသူတို့ကိုစဉ်းစားကြည့်ပါ။ (ဆယ်ကျော်သက်စိတ်ကျမှုကိုရင်ဆိုင်ခြင်း) စိတ်ကူးယဉ်ကမ္ဘာမှ လွတ်မြောက်လာသောမိန်းမငယ်တစ်ဦးက ဤသို့ရေးသားတင်ပြလိုက်သည်– “ကျွန်မဟာကျွန်မရဲ့ဖန်ဆင်းရှင်နဲ့ မြဲမြံခိုင်ခံ့တဲ့ဆက်ဆံရေးတည်ဆောက်မဲ့အစား၊ လိင်ရင်းနှီးမှုကိုနှစ်သိမ့်မှုအဖြစ် အစားထိုးခဲ့တယ်။ ကျွန်မဆောက်တည်ခဲ့သမျှဟာ၊ အထီးကျန်စိတ်နဲ့တိုးလာတဲ့ စိတ်ညှိုးငယ်မှုတွေအဖြစ်နဲ့သာ အဖတ်တင်ခဲ့တယ်။” ထို့ကြောင့်ထိုသို့သောအနာဂတ်မဲ့ လမ်းသေလမ်းဆုံးကိုသတိနှင့်ရှောင်ပါ။
သတိတရားလက်ကိုင်ထား
စိတ်ဝင်စားဖွယ်ကား၊ ကျမ်းစကားများသည် မိမိကိုယ်ကိုယ်အထင်ကြီးလွန်းခြင်းမရှိရန် အတန်တန်သတိပေး၏။အဘယ်ကြောင့်နည်း။ ကျွန်ုပ်တို့သည် မိမိလူ့တန်ဖိုးကိုမြှင့်တင်ရန် အားထုတ်ရာ၌ပစ်မှတ်ကိုကျော်၍ပစ်တတ်သောကြောင့်ဖြစ်တန်ရာသည်။လူအတော်များများကြွားဝါလာမည်။ မိမိတို့တတ်ကျွမ်းရာများနှင့် အစွမ်းအစများကို ပုံကြီးချဲ့ကာ ဝင့်ဝါမော်ကြွားကြသည်။ အချို့ကသူတစ်ပါးကိုနှိမ်ခြင်းဖြင့် မိမိကိုယ်ကိုမြှောက်ပင့်ကြသည်။
ပထမရာစု၊ ရောမမြို့ရှိခရစ်ယာန်အသင်းတစ်ခုတွင် ဂျူးလူမျိုးနှင့်ဂျူးလူမျိုးမဟုတ်သောတစ်ပါးအမျိုးသားများ အချင်းချင်းပြိုင်ဆိုင်မှုဖြစ်ပွားခဲ့သည်။ ထို့ကြောင့်တမန်တော်ပေါလုက တစ်ပါးအမျိုးသားများအား၊ မိမိတို့သည်ဘုရားသခင့်မျက်နှာသာတော်ရ အနေအထား၌ “အကိုင်းဆက်” ခြင်းခံရသည်မှာ ဘုရားသခင့် “ကျေးဇူးတော်” ကြောင့်သာဖြစ်ကြောင်း သတိရစေသည်။ (ရောမ ၁၁:၁၇-၃၆၊ ကဘ) ကိုယ်ကိုဖြောင့်မတ်သည်ဟုထင်သော ဂျူးတို့လည်းမိမိတို့၏မစုံလင်မှုနှင့် ရင်ဆိုင်သတ်ပုတ်ကြရသည်။ “အဘယ်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည်ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ။”—ရောမ ၃:၂၃။
ပေါလုသည်သူတို့ကိုသိက္ခာမချဘဲ ဤသို့ရေးသားခဲ့သည်– “သင်တို့သည်ကိုယ်ကို ထင်သင့်သည်အတိုင်းထက်လွန်၍ မထင် [ရန်] ... ငါသည်ကိုယ်ခံရသောကျေးဇူးတော်ကို အမှီပြုလျက်သင်တို့တွင်ရှိသမျှသော သူတို့ကိုမှာထား၏။” (ရောမ ၁၂:၃) ထို့ကြောင့်၊ မိမိ၌လူ့ဂုဏ်သိက္ခာအတန်အရာရှိသည်ဟု “ထင်သင့်” သည်မှန်သော်လည်း၊ မလွန်ကဲသင့်။
ဒေါက်တာအယ်လင်ဖရုမ်းဆိုသည့်အတိုင်း– “မိမိနှင့်ပတ်သက်၍တော်လောက်သော အထင်အမြင်ရှိသူသည်ဝမ်းမနည်းပါ။ သို့သော် သူသည်မြူးကြွနေရန်မလို။ ... သူသည် အဆိုးမြင်သူမဟုတ်။ သို့သော်သူ၏အကောင်းမြင်ဝါဒသည် အထိန်းအကွပ်မဲ့သည်လည်းမဟုတ်။ သူသည်မိုက်ရူးရဲမဟုတ်သော်လည်း ဘာကိုမျှမကြောက်သောသူလည်းမဟုတ်။ ...မိမိသည်တစ်ချိန်လုံးထူးချွန်အောင်မြင်သူမဟုတ်ကြောင်း၊ အဆက်မပြတ်ရှုံးနိမ့်သူလည်း မဟုတ်ကြောင်းနားလည်၏။”
ထို့ကြောင့်ကိုယ်ကိုလျောက်ပတ်စွာ ထင်မှတ်ပါ။ “ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင်ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသောသူတို့အား ကျေးဇူးပြုတော်မူ၏။” (ယာကုပ် ၄:၆) ကိုယ်၌အဖိုးတန်အရည်အသွေးများရှိကြောင်းသိမှတ်ပါ။ ကိုယ့်အမှားကိုလည်းလျစ်လျူရှုမထားနှင့်။ ကြိုးစားပြုပြင်ပါ။ တစ်ခါတစ်ရံကိုယ့်ကိုယ်ကို သံသယဖြစ်မိချင်လည်းဖြစ်မိဦးမည်။ သို့တစေ၊ ကိုယ့်တန်ဖိုးကို သံသယဖြစ်ရန်မလို။ ဘုရားသခင် သင့်အားအရေးတယူရှိကြောင်းကိုလည်း သံသယမဖြစ်နှင့်။ အကြောင်းမှာ၊ “ဘုရားသခင်ကိုချစ်သောသူသည် ဘုရားသခင်၏သိမှတ်ခြင်းကိုခံရ၏။”—၁ ကောရိန္သု ၈:၃၊ ကဘ။
ဆွေးနွေးရန်မေးခွန်းများ
◻အချို့လူငယ်များ အဘယ်ကြောင့်ကိုယ်နှင့်ပတ်သက်၍ အကောင်းမမြင်တတ်ကြသနည်း။ ဤလူငယ်များကို သင်ကိုယ်ချင်းစာနိုင်သလော။
◻မိဘတို့၏တောင်းဆိုချက်များကို သင်မည်သို့ကိုင်တွယ်နိုင်သနည်း။
◻မိမိ၏လူ့သိက္ခာကို ဆောက်တည်သောနည်းအချို့ကား အဘယ်နည်း။
◻လူ့သိက္ခာဆောက်တည်မှုဘက်တွင် အနာဂတ်မဲ့ လမ်းသေလမ်းဆုံးများကား အဘယ်နည်း။
◻အဘယ်ကြောင့်ကိုယ့်ကိုယ်ကို အထင်မကြီးလွန်းရန် သတိပြုရမည်နည်း။
[စာမျက်နှာ ၉၈ ပါအကျဉ်းဖော်ပြချက်]
ကိုယ့်တန်ဖိုးကိုသိတတ်သော စိတ်သည် “လူဘဝကိုသိက္ခာတင်သည့် အမွှေးအကြိုင်” ဟူ၍သမုတ်ခံရသည်
[စာမျက်နှာ ၉၈ ပါရုပ်ပုံ]
သင်သည် မိမိကိုယ်ကို အပယ်ခံ၊ လူညံ့ဟု ထင်သလော။ ဖြေရှင်းနည်းရှိ၏
[စာမျက်နှာ ၁၀၁ ပါရုပ်ပုံ]
လူကြွားလုပ်ခြင်းဖြင့် မိမိ၏လူ့တန်ဖိုးကိုမမြှင့်တင်နိုင်
[စာမျက်နှာ ၁၀၂ ပါရုပ်ပုံ]
တစ်ခါတစ်ရံသင်သည် ငါဘာလုပ်လုပ်အဆင်မပြေပါလားဟု ခံစားမိသလော