ငါ့ပူဆွေးဝမ်းနည်းပုံ မူမှန်ပါရဲ့လား
အခန်း ၁၆
ငါ့ပူဆွေးဝမ်းနည်းပုံ မူမှန်ပါရဲ့လား
မစ်ချယ်လ်တစ်ယောက်ဖခင်ဆုံးသောနေ့ကို ဤသို့ဇာတ်ကြောင်းပြန်၏– “ကျွန်တော်ဟာ ထိတ်လန့်တကြားဖြစ်ခဲ့တယ်...‘လုံးဝမဖြစ်နိုင်တာ’ ဆိုပြီး ကိုယ့်ကိုယ်ကိုတပြောထဲပြောနေမိတယ်။”
သင်ချစ်မြတ်နိုးသော—သင့်မိဘ၊ညီအစ်ကို၊ညီအစ်မ သို့မဟုတ်သူငယ်ချင်းတစ်ယောက်သေဆုံးခဲ့သည်ဆိုအံ့။ သင်သည်ဝမ်းနည်းရုံမက၊ စိတ်ဆိုးခြင်း၊ စိတ်ရှုပ်ထွေးခြင်းနှင့် ကြောက်လန့်ခြင်းလည်းခံစားရပမည်။ မည်မျှတိုင်စိတ်ကိုတင်းထားသည်တိုင်အောင် မျက်ရည်မဆည်နိုင်ခဲ့။သို့မဟုတ်၊နာကျင်မှုကိုရင်ဝယ်မျိုသိပ်ထားမည်။
တကယ်ပါ။ မိမိမြတ်နိုးသောသူတစ်ယောက်သေဆုံးသွားသောအခါ ပူဆွေးကြေကွဲရသည်မှာ ဓမ္မတာပင်။ ယေရှုခရစ်သော်မှ၊ ရင်းနှီးသောမိတ်ဆွေသေဆုံးပြီဟူသော သတင်းကိုကြားရသောအခါ “အလွန်ညှိုးငယ်ခြင်း” ရှိပြီး “မျက်ရည်ကျတော်မူ၏။” (ယောဟန် ၁၁:၃၃-၃၆; ၂ ဓမ္မရာဇဝင် ၁၃:၂၈-၃၉ နှိုင်းယှဉ်။) အခြားသူများလည်း သင့်ကဲ့သို့ခံစားရကြောင်းနားလည်လျှင် အခံရလွယ်ပါလိမ့်မည်။
အဖြစ်မှန်ကိုငြင်းပယ်ခြင်း
အစပိုင်း၌ သင်သည်ထုံလျက်နေမည်။ အိပ်မက်ဆိုးတစ်ခုသာဖြစ်ပါစေ၊ တစ်ယောက်ယောက်က ငါ့ကိုဒီအိပ်မက်ဆိုးထဲကနေပြီး နိုးလိုက်ရင် အခြေအနေအရင်လိုပဲဖြစ်သွားမှာပါဟု သင့်စိတ်ထဲ၌ မျှော်လင့်ခြင်းကြီးစွာဖြင့်မျှော်လင့်ခဲ့ပေမည်။ ဥပမာ၊ စင်းဒီ၏မိခင်သည် ကင်ဆာဖြင့်သေဆုံးခဲ့သည်။ စင်းဒီ ဤသို့ဆို၏– “မေမေဆုံးပြီဆိုတဲ့အဖြစ်ကို ကျွန်မတကယ်လက်မခံသေးဘူး။ ယခင်တစ်ချိန်က မေမေနဲ့ဆွေးနွေးဖူးတဲ့ ကိစ္စတစ်ရပ်ပေါ်လာတဲ့အခါ၊ ‘မေမေ့ကိုပြောပြဦးမှ’ ဆိုတဲ့အတွေးပေါ်ပေါ်လာတယ်။”
မိဘသားချင်းဆုံးရှုံးသူတို့သည် မိမိတို့၏မြတ်နိုးရသူမသေခဲ့ပါဟု ငြင်းဆန်တတ်ကြသည်။ သူ့ကိုလမ်းပေါ်မှာ ရုတ်ခြည်းတွေ့လိုက်ရသည်၊ ဖြတ်သန်းသွားသောဘတ်စ်ကားပေါ်မှာ မြင်လိုက်ရသည်၊ မြေအောက်လမ်းပေါ်တွင် ရိပ်ကနဲတွေ့လိုက်ရသည်ဟုပင် ထင်မှတ်တတ်ကြသည်။ ဆင်တူယိုးမှားလူတစ်ယောက်ယောက်ကို ဖြတ်ကနဲမြင်လိုက်ရသည်နှင့် တစ်ပြိုင်နက်၊ လက်စသတ်တော့ သူမသေသေးပါလားဟူသော မျှော်လင့်ချက်စိတ်ထဲပေါ်လာတတ်သည်။ ဘုရားသခင်သည်လူကို ရှင်ဖို့ရန်ဖန်ဆင်းခဲ့၏။ သေဖို့ရန်မဟုတ်ကြောင်းသတိရလေ။ (ကမ္ဘာဦး ၁:၂၈။ ၂:၉) ထို့ကြောင့်သေခြင်းတရားကို လက်ခံရန်မလွယ်ကူသည်မှာဓမ္မတာပင်ဖြစ်သည်။
“သူဘာကြောင့် ငါ့ကိုဒီလိုရက်စက်ရသလဲ”
ကွယ်လွန်သူအပေါ် အနည်းငယ်စိတ်ဆိုးမိသည့်အခါများပင်ရှိခဲ့သော် မအံ့သြပါနှင့်။ စင်းဒီ ဤသို့ဇာတ်ကြောင်းပြန်၏– “မေမေဆုံးသွားတဲ့အခါ၊ ကျွန်မတစ်ခါတလေတွေးမိတယ်။ ‘မေမေသေမယ်ဆိုတာသမီးတို့ကိုလဲ မှာမထားပါလား။ အသေမြန်လှချည်လား’ ဆိုပြီး စိတ်ထဲပြောမိတယ်။ ကျွန်မဖြင့်အပယ်ခံရသလို ခံစားမိတယ်။”
မောင်နှမတစ်ယောက်ယောက်ဆုံးသောအခါ၌လည်း အလားတူခံစားချက်များဖြစ်ပေါ်လာနိုင်သည်။ ကယ်ရင်း ဤသို့ဆို၏။ “သေသွားတဲ့လူတစ်ယောက်ပေါ် ဒေါသထွက်တာကို ရယ်စရာလို့ပဲဆိုချင်ဆို။ ကျွန်မအစ်မဆုံးသွားတဲ့အခါ၊ ကျွန်မတကယ်ပဲဒေါသထွက်မိတယ်။ ‘မမဟာညီမကိုတစ်ကောင်ကြွက်ဖြစ်အောင် စွန့်ပစ်ရက်တယ်။ ညီမပေါ်ရက်စက်လှချည်လား’ ဆိုတဲ့ အတွေးမျိုးခေါင်းထဲပေါ်ပေါ်လာတယ်။” အချို့ကသူ့ကြောင့် ငါဒီလောက်တောင်နာကြည်းကြေကွဲရတယ်ဆိုပြီး စိတ်ဆိုးတတ်ကြသည်။ သူမသေခင်၊ သူ့အတွက်ဘယ်လောက်တောင်အချိန်ကုန် လူပန်းခံပြီးပြုစုစောင့်ရှောက်လိုက်ကြတာ၊ ငါ့ကျတော့ပစ်ထားကြတယ်ဟု ပြန်တွေးကာ မကျေမချမ်းဖြစ်တတ်ကြသည်။ ကြေကွဲသောမိဘများလည်း နောက်ကလေးတစ်ယောက်သေမှာကို အစိုးရိမ်လွန်ကာ အခြားကလေးများအပေါ် ရုတ်ခြည်းခြံခတ်၍ဝင်းကာလျက် ကြပ်ကြပ်မတ်မတ်စောင့်ထိန်းလာသောအခါ၊ ၎င်းကလေးများသည် သေဆုံးသူပေါ်ရန်လိုသည့်သဘော ဖြစ်လာနိုင်သည်။
“အကယ်၍သာ...”
ကိုယ့်ကိုယ်ကိုလည်း အပြစ်တင်တတ်ကြသည်။ ‘ဒို့ဘက်ကဘာလုပ်ဖို့ ပျက်ကွက်ခဲ့ပါလိမ့်။ ဆရာဝန်ပြောင်းကုဖို့ကောင်းပါရက်နဲ့ မပြောင်းခဲ့လို့များလား’ ဟူသောသို့လောသို့လောမေးခွန်းများ စိတ်ထဲတဖွားဖွားပေါ်ပေါက်လာတတ်သည်။ ‘အကယ်၍သာ၊ ငါတို့ဒီလောက်ရန်မဖြစ်ခဲ့လို့ရှိရင်၊’ ‘အကယ်၍သာ၊ ငါသူ့အပေါ်ကြင်ကြင်နာနာဆက်ဆံခဲ့လို့ရှိရင်၊’ ‘အကယ်၍သာ၊ ငါစတိုးဆိုင်ကိုသွားခဲ့လို့ရှိရင်၊ ခုလိုဖြစ်မှာမဟုတ်ဘူး’ ဟူသော အကယ်၍သာဆိုသောအတွေးမျိုးလည်းရှိသေးသည်။
မစ်ချယ်လ် ဤသို့ဆို၏– “ကျွန်တော်ဟာဖေဖေ့ပေါ်ပိုပြီး စိတ်ရှည်ပြီးနားလည်မှုရှိခဲ့ရင် အကောင်းသား။ ဖေဖေအိမ်ပြန်လာတဲ့အခါ၊ ပင်ပန်းစရာမလိုအောင်အိမ်အလုပ်ဝိုင်းလုပ်ပေးခဲ့ရင် အကောင်းသား။” အဲလ်လီဆာက ဤသို့ပြော၏– “မာမီဖျားပြီးရုတ်တရက်ကွယ်လွန်သွားတဲ့အခါ၊ သူနဲ့ပတ်သက်ပြီး ကျွန်မမှာမဖြေဖျောက်နိုင်တဲ့ ခံစားချက်တွေဖြစ်ပေါ်ခဲ့တယ်။ အခုကျွန်မကိုကျွန်မအပြစ်ချည်းတင်မိတယ်။ သူ့ကိုကျွန်မပြောသင့်ခဲ့တာတွေ၊ မပြောသင့်ခဲ့တာတွေ၊ ကျွန်မမှားခဲ့တာတွေကို ပြန်တွေးပြီးနေတယ်။”
သူသေတာငါ့ကြောင့်ဟူ၍ပင် ကိုယ့်ကိုယ်ကိုအပြစ်တင်မိမည်။ စင်းဒီ ဤသို့ပြန်ပြော၏– “ကျွန်မမေမေနဲ့ စကားများခဲ့တဲ့အဖြစ်တွေ၊ ကျွန်မကြောင့် မေမေစိတ်ဆင်းရဲခဲ့ရတဲ့အဖြစ်တွေကို တွေးတွေးပြီးကျွန်မကိုကျွန်မ အပြစ်တင်မိတယ်။ ကျွန်မမေမေ့ကို စိတ်ဆင်းရဲအောင်လုပ်ခဲ့တဲ့အတွက်၊ မေမေဖျားတာလဲကျွန်မရဲ့ပယောဂနဲ့ မကင်းဘူးလို့ထင်ရပါတယ်။”
“သူငယ်ချင်းတွေကို ဘယ်လိုပြောပြရကောင်းမလဲ”
မုဆိုးမတစ်ဦးမိမိသားနှင့်ပတ်သက်ပြီး ဤသို့ဆို၏– “ဂျော်နီလေးခမျာ သူ့ဖေဖေဆုံးသွားတဲ့အကြောင်း သူငယ်ချင်းတွေကို အသိမပေးချင်ဘူး။ သူအနေရအထိုင်ရခက်တယ်။ စိတ်လဲဆိုးတယ်။ မနေတတ်မထိုင်တတ်ဖြစ်လို့ စိတ်ဆိုးတာ။”
မိသားစုအတွင်းသေခြင်းနှင့်ကြေကွဲခြင်းဆိုသောစာအုပ်က အောက်ပါအတိုင်းရှင်းလင်းတင်ပြ၏– “‘သူငယ်ချင်းတွေကို ဘယ်လိုပြောပြရကောင်းမလဲ’ ဟူသောမေးခွန်းသည် ကျန်ရစ်သောမောင်နှမများအဖို့ အရေးအပါဆုံးမေးခွန်းဖြစ်သည်။ သူတို့သည်၊ မိမိတို့သူငယ်ချင်းများ မိမိတို့၏တွေ့ကြုံခံစားမှုကို နားမလည်ဟုများသောအားဖြင့် ထင်မှတ်ကြသည်။ မိမိတို့ခံစားရသောဆုံးရှုံးနစ်နာမှုကို သူငယ်ချင်းများအားပြောပြသောအခါ စိုက်ကြည့်၊ ကြောင်ကြည့်အကြည့်ခံရတတ်ရှာသည်။...သို့ဖြစ်၍ခံရသူကလေးတို့သည် မိမိတို့မှာအပယ်ခံ၊ အပစ်ပယ်ခံမက၊ အူကြောင်ကြောင်လူစားမျိုးဖြစ်သည်ဟုပင် မှတ်ထင်တတ်ကြ၏။”
သို့ရာတွင်၊ တစ်ခါတစ်ရံအခြားသူများသည် ကြေကွဲဝမ်းနည်းနေသော သူငယ်ချင်းတစ်ယောက်အား မည်သို့ပြန်ပြောရမည်ကို မသိသဖြင့်ဘာမျှမပြောဘဲနေခြင်းသာ ဖြစ်ကြောင်းနားလည်ပါလေ။ သင့်ဆုံးရှုံးခြင်းက သူလည်းသင့်နည်းတူ သားချင်းတစ်ယောက်ဆုံးရှုံးနိုင်ကြောင်း သတိရစေပေမည်။ ၎င်းကိုသတိမရလိုသောကြောင့် သင့်ထံမှရှောင်ဖယ်သွားခြင်းဖြစ်ကောင်းဖြစ်မည်။
ပူဆွေးမှုကိုရင်ဆိုင်ခြင်း
ပူဆွေးဝမ်းနည်းမှုသည် ဓမ္မတာဖြစ်ကြောင်းသိရှိပါက၊ ၎င်းကိုရင်ဆိုင်သောအခါများစွာ အထောက်အကူရ၏။ အဖြစ်မှန်ကိုဝန်မခံခြင်းကသာ ကြေကွဲမှုကိုအချိန်ဆွဲရာရောက်သည်။ အချို့မိသားစုများထမင်းစားစဉ်အခါ၊ သေဆုံးသူလာ၍မိမိတို့နှင့်အတူ ထမင်းစားတော့မည့်အလား၊ သူ့အဖို့နေရာချန်လှပ်တတ်ကြသည်။ သို့သော် အိမ်ထောင်တစ်ခုမူကား၊ ဤသို့မပြု။ မိခင်ဖြစ်သူ ဤသို့ရှင်းလင်းတင်ပြ၏– “ကျွန်မတို့ထမင်းဝိုင်းမှာအရင်လို ပုံစံနှင့်မထိုင်တော့ဘူး။ ကျွန်မအမျိုးသားဟာဒေးဗစ်ရဲ့နေရာကို ယူလိုက်တယ်။ ဒီတော့လဲ၊ နေရာလပ်မနေတော့ဘူးပေါ့။”
ကိုယ်ပြောသင့်ရာကိုမပြော၊ မပြောသင့်ရာပြောခဲ့၊ လုပ်ခဲ့သည်မှန်သော်လည်းများသောအားဖြင့် ၎င်းအကြောင်းကြောင့်မိမိမြတ်နိုးသူ သေဆုံးရခြင်းမဟုတ်ဟူသောအချက်ကို နားလည်ထားလျှင်လည်း အကျိုးပြု၏။ ၎င်းပြင်၊ “ငါတို့ရှိသမျှသည်အများသောအားဖြင့် မှားတတ်ကြ၏။”—ယာကုပ် ၃:၂။
ဝေမျှခံစားခြင်း
ဒေါက်တာ အဲလ်ဂရိုးလ်မင်း အောက်ပါအတိုင်း အကြံပြုသည်– “ပဋိပက္ခဖြစ်နေသော စိတ်လှုပ်ရှားမှုများကို သိမှတ်ရုံနှင့် မလုံလောက်ပါ; ၎င်းတို့ကိုပွင့်လင်းစွာ ရင်ဆိုင်ဖြေရှင်းရန်လိုသည်။ ... သင့်ခံစားချက်များကို ဝေမျှရမည်အချိန်ပင်ဖြစ်သည်။” တသီးတခြားနေရမည့် အချိန်မဟုတ်။—သု. ၁၈:၁၊ ကဘ။
ပူဆွေးမှုကိုလက်မခံလျှင်၊ “ဝေဒနာကိုအချိန်ဆွဲပြီး ကြေကွဲမှုဖြစ်စဉ်ကို ကြန့်ကြာစေရုံသာဖြစ်သည်” ဟုဒေါက်တာ အဲလ်ဂရိုးလ်မင်းက ဆို၏။ သူဤသို့အကြံပေးသည်– “ဂရုတစိုက်နားထောင်မည့် လူတစ်ယောက်ကိုရှာပြီး ရင်ဖွင့်ပါ။ သင့်ရဲ့ခံစားချက်တွေဟာ ပုံမှန်ဖြစ်တယ်ဆိုတာကို နားလည်တတ်တဲ့ မိတ်ဆွေဖြစ်ဖို့လိုတယ်။” မိဘတစ်ဦး၊ မောင်နှမတစ်ယောက်၊ သူငယ်ချင်းတစ်ယောက်၊ သို့မဟုတ်၊ ခရစ်ယာန်အသင်းတော်အကြီးအကဲတစ်ဦးအနေဖြင့် တကယ်ပင်ပံ့ပိုးမှုကိုပေးစွမ်းနိုင်၏။
ငိုချင်သည်ဆိုလျှင် မည်သို့ပြုရမည်နည်း။ ဒေါက်တာ အဲလ်ဂရိုးလ်မင်းထပ်၍ ဤသို့ဆို၏– “အချို့သူများ၊ အချို့ယောက်ျားမိန်းမနှင့်ကလေးများအတွက် မျက်ရည်သည်အကောင်းဆုံးကုသမှုဖြစ်သည်။ ငိုချလိုက်ခြင်းသည်ပူဆွေးသောကနှင့် နာကျင်ခြင်းဝေဒနာကိုသက်သာစေသော သဘာဝနည်းလမ်းဖြစ်ပေသည်။”
မိသားစုလိုက် ပြန်၍အားတင်းခြင်း
သားချင်းတစ်ယောက်သေဆုံးသောအခါ မိဘများသည် မိမိအားများစွာမစနိုင်၏—မိမိလည်းမိဘများအဖို့ အကူအညီဖြစ်စေနိုင်သည်။ ဥပမာ၊ အင်္ဂလန်မှဂျိန်းနှင့်စေရာတို့သည် ၂၃ နှစ်အရွယ်မောင်ဖြစ်သူ ဒယ်ရယ်လ်ဆုံးရှုံးခဲ့ကြရှာသည်။ သူတို့သည် မိမိတို့ဝမ်းနည်းသည့်အဖြစ်ကို မည်သို့ကျော်လွှားခဲ့ကြသနည်း။ ဂျိန်းဤသို့ဖြေကြား၏– “ကျွန်မတို့လေးယောက်ရှိတော့ဟာ၊ ကျွန်မကဖေဖေနဲ့အတူ၊ လုပ်စရာတွေကို ဇောက်ချပြီးလုပ်တယ်။ စေရာလဲမေမေနဲ့အတူ၊ တွေ့ရာအလုပ်ကိုလုပ်ပြီးနေတယ်လေ။ ဒီတော့ကျွန်မတို့ချည်းမဖြစ်ခဲ့ဘူး။” ဂျိန်းထပ်ဆင့်၍ ဤသို့ဆိုသည်– “ဖေဖေငိုတာကိုကျွန်မတစ်ခါမှ မမြင်ခဲ့ဖူးဘူး။ သူတစ်ကြိမ်မကငိုခဲ့တယ်။ တစ်နည်းအားဖြင့်ကောင်းတယ်လို့ ဆိုနိုင်တယ်။ ပြန်ကြည့်လိုက်တဲ့အခါ၊
ကျွန်မစိတ်ချမ်းသာမိတယ်။ ဖေဖေငိုတဲ့အခါ ကျွန်မဖေဖေ့နားမှာနေပြီးနှစ်သိမ့်မှု ပေးနိုင်ခဲ့လို့ပါပဲ။”အားဖြည့်ပေးသောမျှော်လင့်ချက်
အင်္ဂလန်မှလူငယ်ဒေးဗစ်၏ဂျင်နက်ခေါ် ၁၃ နှစ်အရွယ်ညီမငယ်သည် သရက်ရွက်ရောင်နာတစ်မျိုးဖြစ်သော ဟော့ဂ်ျကင်ရောဂါဖြင့် သေဆုံးခဲ့သည်။ သူဤသို့ဆို၏– “ကျွန်တော့်ကိုအင်မတန်အကျိုးပြုခဲ့တဲ့ အချက်တစ်ခုကတော့၊ ဈာပနဟောပြောချက်ထဲက ကိုးကားတဲ့ကျမ်းချက်တစ်ချက်ပါပဲ။ အဲဒီကျမ်းချက်က ဒီလိုဆိုပါတယ်။ ‘အကြောင်းမူကား၊ လောကီသားတို့ကိုဖြောင့်မတ်ခြင်းတရားနှင့် ညီလျော်စွာစစ်ကြောစီရင်မည့်နေ့ရက်ကို ချိန်းချက်တော်မူပြီ။ ထိုသူယေရှုကိုသေခြင်းမှ ထမြောက်စေတော်မူသောအားဖြင့် ခပ်သိမ်းသောလူတို့အား ယုံလောက်သောသက်သေ (အာမခံချက်၊ ကဘ) ကိုပြတော်မူပြီ။’ ဟောပြောသူက ရှင်ပြန်ထမြောက်ခြင်းနဲ့ပတ်သက်ပြီး ‘အာမခံချက်’ ဆိုတဲ့စကားလုံးကို အလေးအနက်ပြုပြီးပြောတယ်။ ဈာပနဟောပြောချက်အပြီးမှာ ကျွန်တော်ခွန်အားအများကြီးရခဲ့ပါတယ်။”—တမန်တော် ၁၇:၃၁; မာကု ၅:၃၅-၄၂၊ ၁၂:၂၆၊ ၂၇; ယောဟန် ၅:၂၈၊ ၂၉; ၁ ကောရိန္သု ၁၅:၃-၈ တို့ကိုလည်းရှု။
သမ္မာကျမ်းစာပါ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်သည် ဝမ်းနည်းပူဆွေးမှုကို မပယ်ဖျက်ပါ။ သင့်မြတ်နိုးသူကို သင်ဘယ်တော့မျှမေ့မည်မဟုတ်။ သို့သော်၊ လူအမြောက်အမြားတို့သည် သမ္မာကျမ်းစာပါကတိတော်များကြောင့် တကယ့်နှစ်သိမ့်မှုခံစားခဲ့ရကြသဖြင့် နောက်ဆုံး၌၊မြတ်နိုးသူတစ်ယောက်ဆုံးရှုံးခြင်းဝေဒနာမှတစ်စစသက်သာရာရခဲ့ကြပေသည်။
ဆွေးနွေးရန်မေးခွန်းများ
◻မိမိချစ်သောသူတစ်ယောက်သေဆုံးသဖြင့် ပူဆွေးဝမ်းနည်းရသည်ကို သင့်အနေနှင့်သဘာဝကျသည်ဟု ထင်သလော။
◻ပူဆွေးသူတစ်ဦး အဘယ်စိတ်လှုပ်ရှားမှုများ ခံစားရသနည်း။ အဘယ်ကြောင့်နည်း။
◻ကြေကွဲသောလူငယ်တစ်ယောက် မိမိ၏ပူဆွေးမှုကို အဘယ်နည်းများဖြင့် ဖြေဖျောက်နိုင်သနည်း။
◻မြတ်နိုးရသူတစ်ဦးဆုံးရှုံးခဲ့ရသော မိတ်ဆွေတစ်ဦးကို သင်မည်သို့နှစ်သိမ့်နိုင်သနည်း။
[စာမျက်နှာ ၁၂၈ ပါအကျဉ်းဖော်ပြချက်]
“မေမေဆုံးပြီဆိုတဲ့အဖြစ်ကို ကျွန်မတကယ်လက်မခံသေးဘူး... ‘မေမေ့ကို ပြောပြဦးမှ’ ဆိုတဲ့ အတွေးပေါ်ပေါ်လာတယ်”
[စာမျက်နှာ ၁၃၁ ပါအကျဉ်းဖော်ပြချက်]
“မေမေဆုံးသွားတဲ့အခါ၊ ...‘မေမေသေမယ်ဆိုတာသမီးတို့ကိုလဲ မှာမထားပါလား။ အသေမြန်လှချည်လား’ ဆိုပြီး စိတ်ထဲပြောမိတယ်။ ကျွန်မဖြင့် အပယ်ခံရသလို ခံစားမိတယ်”
[စာမျက်နှာ ၁၂၉ ပါရုပ်ပုံ]
“ဒါတကယ်ဖြစ်နေတာ မဟုတ်ဘူး”
[စာမျက်နှာ ၁၃၀ ပါရုပ်ပုံ]
ချစ်ရသူတစ်ဦးသေဆုံးသောအခါ ကြင်နာတရားပြည့်ဝတဲ့ လူတစ်ယောက်ရဲ့ထောက်မမှုကို လိုအပ်၏