အထီးကျန်စိတ်ကို ဘယ်လိုဖျောက်ဖျက် ရပါလိမ့်
အခန်း ၁၄
အထီးကျန်စိတ်ကို ဘယ်လိုဖျောက်ဖျက် ရပါလိမ့်
စနေနေ့ညဉ့်ဖြစ်သည်။ ယောက်ျားကလေးတစ်ယောက်တည်း အခန်းထဲငုတ်တုတ်ထိုင်နေသည်။
“စနေတနင်္ဂနွေကိုမုန်းတယ်!” သူကျယ်လောင်စွာ ဟစ်အော်လိုက်သည်။ သို့သော် အခန်းထဲ၌ သူ့ကိုဖြေကြားမည့်သူတစ်ယောက်မျှမရှိ။ မဂ္ဂဇင်းတစ်စောင်ကောက်ကိုင်လိုက်သည်။ ပင်လယ်ကမ်းခြေမှလူငယ်တစ်စု၏ပုံကိုတွေ့ရသည်။ မဂ္ဂဇင်းကိုနံရံဆီသို့ ပစ်ပေါက်လိုက်သည်။ မျက်ရည်ဝဲလာသည်။ သွားဖြင့်အောက်နှုတ်ခမ်းကို ကိုက်ထားသော်လည်း မျက်ရည်များမဆည်နိုင်အောင်ဖြိုင်ဖြိုင်ကျလာသည်။ ဆက်၍မအောင့်နိုင်သည့်အဆုံး၊ ခုတင်ပေါ်သို့ကိုယ်ကိုပစ်ထိုးလိုက်ပြီး “ဘာလို့ငါ့ကိုတစ်ယောက်ထဲအမြဲပစ်ထားရတာလဲ” ဟုဆိုကာ ရှိုက်ကြီးတငင်ငိုရှာလေတော့သည်။
တစ်ခါတစ်ရံသင်လည်း—လောကနှင့် အဆက်ဖြတ်ခံရ၊ အထီးကျန်၊ တစ်ကောင်ကြွက်၊ အရာမဝင်၊ ဟာလာဟင်းလင်းကြီး အဖြစ်မျိုးခံစားဖူးသလော။ ခံစားရဖူးလျှင်၊ စိတ်မပျက်ပါနှင့်။ အထီးကျန်ဖြစ်ရသည်မှာ ပျော်စရာမဟုတ်သော်လည်း အသက်ကိုဥပဒ်ဖြစ်စေနိုင်သောရောဂါမဟုတ်။ ရိုးရိုးပြောရလျှင်၊ အထီးကျန်ခံစားမှုသည် သတိပေးချက်တစ်ရပ်ဖြစ်သည်။ ဆာလောင်မှုသည် အစာလိုနေပြီဖြစ်ကြောင်းသတိပေး၏။ အထီးကျန်ခံစားချက်သည်လည်း၊ အပေါင်းအဖော်၊ နီးစပ်မှု၊ ရင်းနှီးမှုလိုနေပြီဖြစ်ကြောင်း သတိပေးခြင်းဖြစ်သည်။ အစာစားမှ ကောင်းစွာသွားလာလှုပ်ရှားနိုင်၏။ ထို့နည်းတူ၊ အပေါင်းအဖော်ရှိမှသာ နေပျော်ထိုင်ပျော်မည်။
တောက်နေသောမီးသွေးပုံကို တွေ့ဖူးသလော။ မီးသွေးတစ်ခဲကို ထိုအပုံထဲမှ ခွဲထုတ်လိုက်သောအခါ ၎င်းမီးခဲမီးငြိမ်းသွားပါသည်။ ၎င်းကိုမီးခဲအတွင်းသို့ပြန်ထည့်လိုက်သောအခါ မီးပြန်တောက်၏။ ကျွန်ုပ်တို့လူသားများသည်လည်း တသီးတခြားနေသောအခါ ကြာရှည်စွာမ“တောက်၊” ကောင်းစွာလှုပ်ရှားဆောင်ရွက်ခြင်းမပြုနိုင်။ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ကိုဆောက်တည်သောအခါ အဖော်လိုအပ်အောင်ဆောက်တည်ခဲ့သည်။
တစ်ယောက်တည်းဖြစ်သော်လည်း အထီးကျန်မဖြစ်
စာစီကုံးရေးသူ ဟင်နရီဒေးဗစ် သောရိုးက “အဖော်မပါ တစ်ကိုယ်တည်းနေခြင်းထက်ကောင်းသော အဖော်ကိုကျွန်ုပ်မတွေ့ဖူးချေ” ဟုရေးသားခဲ့သည်။ သူ့အဆိုကို သင်သဘောတူသလော။ “တူတယ်” ဟု အသက် ၂၀ ရှိဘီးလ်က ဆို၏။ “ကျွန်တော်ဟာသဘာဝကို မြတ်နိုးတယ်။ တစ်ခါတလေကျွန်တော်လှေကလေးနဲ့ အင်းထဲဆင်းတယ်။ အင်းထဲမှာတစ်ယောက်ထဲ နာရီပေါင်းများစွာထိုင်ပြီးနေတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကျွန်တော်ဟာဘဝကို ဘယ်လိုအသုံးချနေသလဲဆိုတာကို ပြန်ပြောင်းစဉ်းစားဖို့အချိန်ရတယ်။ တကယ်ဟန်ကျတယ်။” နှစ်ဆယ့်တစ်နှစ်အရွယ် စတီဗင်ကလည်း သဘောတူသည်။ “ကျွန်တော်ဟာအခန်းတွဲအဆောက်အဦကြီးထဲမှာ နေထိုင်ပါတယ်။ တစ်ခါတလေကျွန်တော်ခေါင်မိုးပေါ်တက်ပြီး တစ်ယောက်ထဲနေပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တွေးတောတယ်၊ စဉ်းစားတယ်။ ဆုတောင်းတယ်။ လူကိုလန်းဆန်းသွားတာပဲ။”
မှန်သည်၊ တစ်ယောက်တည်းနေသည့်အဖြစ်ကို ကောင်းစွာအသုံးချလျှင် အကျေနပ်ကြီးကျေနပ်စရာဖြစ်နိုင်သည်။ ယေရှုလည်းထိုသို့ပြုတော်မူ၏– “နံနက်အချိန်၊ မိုးမလင်းမီ ကိုယ်တော်သည်ထပြီးလျှင် တောအရပ်သို့ [တစ်ကိုယ်တည်း၊ ကဘ] ထွက်ကြွ၍ဆုတောင်းတော်မူ၏။” (မာကု ၁:၃၅) ‘လူသည်ယာယီအားဖြင့် တစ်ကိုယ်တည်းမနေကောင်း’ ဟုယေဟောဝါမိန့်တော်မမူကြောင်း သတိရပါ။ လူသည် “တစ်ယောက်တည်း [ဆက်လက်၍၊ ကဘ] မနေကောင်း” ဟူ၍သာမိန့်တော်မူသည်။ (ကမ္ဘာဦး ၂:၁၈-၂၃) သို့ဖြစ်၍ တာရှည်စွာတစ်ယောက်တည်းနေခြင်းသာလျှင် လူကိုအထီးကျန်ဖြစ်စေသည်။ သမ္မာကျမ်းစာဤသို့ သတိပေးသည်။ “တသီးတခြားခွဲ၍နေသောသူသည် မိမိ၏အတ္တဆန္ဒကိုရှာ၍ လက်တွေ့ကျပညာအားလုံးကို လွန်ဆန်၍ဒေါသပေါက်ကွဲလိမ့်မည်။”—သု. ၁၈:၁၊ ကဘ။
တဒင်္ဂအထီးကျန်မှု
တစ်ခါတစ်ရံအထီးကျန်ခြင်းသည် မထိန်းကွပ်နိုင်သော အခြေအနေဖန်တီးမှုကြောင့်ဖြစ်သည်။ ဥပမာ၊ တစ်နယ်ရပ်ခြားသို့ပြောင်းရွှေ့ရ၍ ရင်းနှီးသောသူငယ်ချင်းများနှင့် ကွဲကွာရသည်။ စတီဗင်ဤသို့ စားမြုံ့ပြန်၏– “ကိုယ့်ရပ်ဌာနီမှာ ကျွန်တော်နဲ့ဂျိမ်းဟာသူငယ်ချင်း။ ညီအစ်ကိုအရင်းထက်တောင်ပိုလို့ရင်းနှီးတယ်။ ကျွန်တော်အိမ်ပြောင်းတော့၊ သူ့ကိုလွမ်းမိမယ်ဆိုတာသိပြီးသား။” စတီဗင်သည်သူငယ်ချင်းနှင့် ခွဲခဲ့သည့်သမယသို့ပြန်ရောက်သွားသည့်အလား၊ တစ်ခဏမျှစကားမပြောဘဲနေ၏။ “ကျွန်တော်လေယာဉ်ပေါ်တက်ရတော့မဲ့အခါ ရင်ထဲဆို့သွားတယ်။ ကျွန်တော်တို့နှစ်ဦးသားဖက်ထားမိတယ်။ ပြီးတော့ကျွန်တော်ခွဲထွက်လာခဲ့တယ်။ ကိုယ်မြတ်နိုးရတဲ့ဟာ ဆုံးရှုံးခဲ့ရပြီဆိုတဲ့ ခံစားချက်နဲ့ပေါ့။”
စတီဗင်သည် အသစ်သောအသိုင်းအဝိုင်းတွင် မည်သို့စခန်းသွားနေသနည်း။ သူဤသို့ဆို၏– “မလွယ်လှဘူး။ ကိုယ့်ရပ်ဌာနီမှာသူငယ်ချင်းတွေ ကျွန်တော့်ကိုကြိုက်ကြတယ်။ ဒီမှာတော့ဗျာ၊ ကျွန်တော်နဲ့အတူအလုပ်လုပ်တဲ့လူတချို့များဆိုရင် ကျွန်တော့်ကိုအလကားကောင်တစ်ယောက်လို ဆက်ဆံတယ်။ ကျွန်တော်နာရီကိုကြည့်ပြီး လေးနာရီနှုတ်မိတယ်။ (သူ့အချိန်နဲ့ကျွန်တော့်အချိန်ကွာခြားချက်ဟာ လေးနာရီပေါ့။) ပြီးတော့ဒီအချိန်မှာ ကျွန်တော်ဂျိမ်းနဲ့အတူဘာတွေကို လုပ်နေကြမယ်ဆိုတာကိုတွေးမိတယ်။ ကျွန်တော်အထီးကျန်တစ်ကောင်ကြွက်ဖြစ်ခဲ့ရတယ်။”
ကျွန်ုပ်တို့သည်လက်ရှိအခြေအနေ မကောင်းလှသောအခါ၊ ချိုမြိန်သောအတိတ်ကာလကို ရော်ရမ်းတမ်းတမိကြသည်။ သို့သော် သမ္မာကျမ်းစာ ဤသို့သတိပေး၏– “ရှေးကာလသည် ယခုကာလထက်အဘယ်ကြောင့်သာ၍ ကောင်းသနည်းဟူ၍ မမေးနှင့်။” (ဒေသနာ ၇:၁၀) အဘယ်ကြောင့် ဤသို့အကြံပြုသနည်း။
တစ်ချက်အနေနှင့်၊ အခြေအနေကောင်းမွန်လာနိုင်သည်။ ထို့ကြောင့်သုတေသီများက “တဒင်္ဂအထီးကျန်မှု” ဟူ၍သုံးနှုန်းကြသည်။ ထို့ကြောင့်လည်းစတီဗင်သည် မိမိ၏အထီးကျန်ခံစားချက်ကို ဖြေဖျောက်နိုင်ခဲ့ခြင်းဖြစ်သည်။ အဘယ်နည်းဖြင့်နည်း။ စတီဗင် ဤသို့ဖြေကြား၏– “ကိုယ့်ကိုအရေးတယူလုပ်တဲ့ လူတစ်ယောက်ကိုရင်ဖွင့်ခြင်းဟာ အထောက်အကူပြုတယ်။ လူဟာအတိတ်မှာနေလို့မဖြစ်နိုင်ဘူး။ ကျွန်တော်ဟာကိုယ့်ကိုယ်ကို အတင်းအကြပ်ပြုပြီး အခြားလူတွေနဲ့ပေါင်းတယ်။ သူတို့အပေါ်စိတ်ဝင်စားမှုပြပါတယ်။ တကယ်ထိရောက်တာပဲ။ မိတ်သစ်ဆွေသစ် တွေ့ခဲ့တယ်လေ။” ဂျိမ်းကော မည်သို့နည်း။ “ကျွန်တော်အမြင်မှားခဲ့တယ်။ ပြောင်းရွှေ့ခြင်းဟာ မိတ်ဆုံးခြင်းမဟုတ်ပါဘူး။ တစ်နေ့ကကျွန်တော်သူ့ဆီကို ဖုန်းဆက်ပြီးတစ်နာရီနဲ့၁၅မိနစ်ကြာအောင် စကားဖောင်ဖောင်ပြောခဲ့ကြပါသေးရဲ့။”
တာရှည်အထီးကျန်
သို့သော်တရိရိခံစားရသော အထီးကျန်စိတ်၏ဝေဒနာသည် တစ်ခါတစ်ရံကြာရှည်တတ်သဖြင့် ထွက်လမ်းမမြင်သလောက်ဖြစ်၏။ အထက်တန်းကျောင်းသားတစ်ဦး ရော်နီဤသို့ပြော၏– “ကျွန်တော်ဒီခရိုင်ကိုလာပြီး ကျောင်းတက်တာရှစ်နှစ်ရှိပါပြီ။ ဒါပေမဲ့ ဒီအချိန်တစ်လျှောက်၊ မိတ်ဆွေတစ်ယောက်မှမဖွဲ့နိုင်ခဲ့ဘူး။ ...ဘယ်သူမှကျွန်တော့်ခံစားချက်ကို မသိဘူး။ သိချင်မှာလည်း မဟုတ်ဘူး။ တစ်ခါတလေများ၊ ကျွန်တော်ရှေ့ဆက်ပြီး မခံနိုင်တော့ဘူးလို့ပဲထင်မိပါတယ်။”
ဆယ်ကျော်သက်တော်တော်များများ ရော်နီကဲ့သို့တာရှည်အထီးကျန်ခေါ် ဝေဒနာမျိုးကို ခံစားကြရရှာသည်။ တဒင်္ဂအထီးကျန်စိတ်ထက်ဆိုးသည်။ စင်စစ်အားဖြင့်၊ သုတေသီများက၊ ၎င်းဝေဒနာနှစ်မျိုးသည် “ရိုးရိုးအအေးမိခြင်းနှင့် နမိုးနီးယားခေါ်အဆုတ်အအေးမိခြင်း ပမာခြားနား” လှသည်ဆို၏။ သို့သော်နမိုးနီးယားသည် ကုသ၍ရသကဲ့သို့၊ တာရှည်အထီးကျန်ဝေဒနာသည်လည်း ကုသ၍ရပါသည်။ ပထမခြေလှမ်းမှာ အကြောင်းရင်းကိုနားလည်ရန်ဖြစ်သည်။ (သု. ၁:၅) ၁၆ နှစ်အရွယ်ရော်န်ဒါက တာရှည်အထီးကျန်ဝေဒနာ၏ အဖြစ်အများဆုံးသောအရင်းအမြစ်ကို တပ်အပ်ဖော်ပြလျက် ဤသို့ဆိုပါသည်– “ကျွန်မအထီးကျန်ခံစားချက်ပြင်းထန်တဲ့ အကြောင်းရင်းဟာဘာလဲဆိုတော့—အေးပေါ့လေ၊ ကိုယ့်ကိုယ်ကိုအားမလို အားမရဖြစ်နေတော့မှ ဘယ်ကလာသူငယ်ချင်းအပေါင်းအသင်းတွေ ရနိုင်မှာလဲ။ ကျွန်မကိုကျွန်မသိပ်သဘောကျတာ မဟုတ်ဘူး။”—အမေရိကမှအထီးကျန်။
ရော်န်ဒါ၏အထီးကျန်စိတ်ဝေဒနာသည် အတွင်းမှဖြစ်ပေါ်လာသည်။ သူ့ကိုယ်ကိုသူ အထင်သေးခြင်းသည် အုတ်တံတိုင်းပမာကာဆီးထားသဖြင့် သူသည်မိတ်မဖွဲ့နိုင်ဘဲရှိရှာသည်။ သုတေသီတစ်ဦးက ဤသို့ဆို၏– “‘ငါ့မှာဘာဆွဲဆောင်မှုမှမရှိဘူး။’ ‘ငါ့မှာသူများစိတ်ဝင်စားစရာကောင်းတာ ဘာမှမရှိဘူး။’ ‘ငါအသုံးမကျဘူး။’ ဤသည်ကားတာရှည်အထီးကျန်ဝေဒနာရှင်များအပြောများသော ခေါင်းစည်းများဖြစ်သည်။” သို့ဖြစ်၍ ၎င်းကိုဖြေဖျောက်သည့်သော့ချက်မှာ ကိုယ့်ကိုယ်ကိုလေးစားသော စိတ်ဆောက်တည်ခြင်းပင်ဖြစ်သည်။ (အခန်း ၁၂ ရှု။) ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း ကြန်အင်္ဂါများပါသော၊ သမ္မာကျမ်းစာသမုတ်သည့် “ဥပဓိရုပ်သစ်” ကိုမွေးမြူသည်နှင့်အမျှ၊ ကိုယ့်ကိုယ်ကိုလေးစားသည့်သဘောလည်း တိုးများလာမည်မုချ။—ကောလောသဲ ၃:၉-၁၂။
ထို့ပြင်၊ ကိုယ့်ကိုယ်ကို နှစ်သက်လာတတ်သည်နှင့်အမျှ၊ အခြားသူများလည်း သင်၏နှစ်လိုဖွယ်ကောင်းသော အရည်အသွေးများ၏ဆွဲဆောင်မှုကို ခံရမည်ဖြစ်သည်။ သို့ရာတွင်၊ ပန်းသည်ပွင့်လေမှ ၎င်း၏အရောင်အဆင်းအပြည့်အဝကို လူတို့မြင်နိုင်သကဲ့သို့ သင်လည်းအခြားသူများနှင့် မရှက်မကြောက်ပွင့်လင်းစွာဆက်ဆံမှသာ သင့်အရည်အသွေးများကို လူတို့လေးမြတ်လာနိုင်မည်ဖြစ်သည်။
ရှက်စိတ်ကိုဖြို စကားဆို
အမေရိကန်စိတ်ကျန်းမာရေးဆိုင်ရာ အမျိုးသားသမဂ္ဂမှမကြာမီကထုတ်ဝေသော စာစောင်တစ်ရပ်က ‘အထီးကျန်တစ်ဦးအတွက်အကောင်းဆုံးအကြံပေးချက်’မှာ‘အခြားသူများနှင့်ပါဝင်ပတ်သက်ခြင်း’ ပင်ဖြစ်သည်ဟုဆို၏။ ဤအကြံပေးချက်သည်၊ “ကျယ်ဝန်းသောစိတ်ရှိကြလော့၊”“ကိုယ်ချင်းစာတရား” ရှိလော့ဟူသော သမ္မာကျမ်းစာသြဝါဒနှင့်ညီညွတ်ပေသည်။ (၂ ကောရိန္သု၆:၁၁-၁၃; ၁ ပေတရု၃:၈၊ကဘ)ထိရောက်သောနည်းဖြစ်ပေသည်။ သူတစ်ပါးအကျိုးကို အရေးတယူဆောင်ရွက်လျှင် မိမိ၏အထီးကျန်စိတ်ကို မေ့ပျောက်သွားမည်သာမက အခြားသူများလည်း သင့်အရေးကိုစိတ်ဝင်စားလာရန်လှုံ့ဆော်ခံရပေမည်။
ယင်းကြောင့် ဆယ့်ကိုးနှစ်အရွယ်နက်တလီက အခြားသူများမိမိအားနှုတ်ခွန်းဆက်ရန် ငုတ်တုတ်ထိုင်စောင့်မနေတော့ဟု စိတ်ဆုံးဖြတ်လိုက်သည်။ သူဤသို့ဆို၏– “ကျွန်မကိုယ်တိုင်လည်းဖော်ရွေဖို့လိုတယ်။
သို့မဟုတ်လို့ရှိရင်၊ လူတွေကကျွန်မကို ဘဝင်မြင့်တယ်ထင်မှာပဲ။” ထို့ကြောင့်အပြုံးဖြင့်အစပြုပါ။ သူများလည်း အပြုံးဖြင့်တုံ့ပြန်လာပါလိမ့်မည်။သည့်နောက်၊ စကားစမြည်စပါ။ ၁၅ နှစ်အရွယ်လီလျံ ဤသို့ဝန်ခံသည်– “သူစိမ်းတွေဆီ ချဉ်းကပ်ဖို့ဆိုတာ ရင်ထိတ်စရာပါပဲ။ သူတို့ကျွန်မကို လက်သင့်မခံမှာစိုးတယ်။” လီလျံမည်သို့ စကားစသနည်း။ သူဤသို့ဆို၏– “ရှင်ဘယ်ကလာသလဲ၊ မည်သူမည်ဝါကိုသိသလား၊ စတဲ့မေးခွန်းရိုးရိုးလေးနဲ့ ကျွန်မအစချီပါတယ်။ ကျွန်မတို့နှစ်ယောက်စလုံး လူတစ်ယောက်ကိုသိချင်သိမယ်။ မကြာခင်မှာပဲစကားလက်ဆုံ ကျလျက်သားဖြစ်သွားပါတယ်။” ကြင်နာခင်မင်သောအပြုအမူနှင့် ရက်ရောသောသဒ္ဒါစိတ်ထားရှိခြင်းဖြင့်လည်း မွန်မြတ်သောမိတ်သဟာယဖွဲ့နိုင်ရန် အထောက်အကူပြုသည်။—သု. ၁၁:၂၅။
သင့်အား ဘယ်တော့မျှစိတ်ပျက်စေမည်မဟုတ်သော မိတ်ဆွေတစ်ဦးရှိသည်ကိုလည်း မမေ့လေနှင့်။ ယေရှုခရစ်က တပည့်တော်တို့အား ဤသို့မိန့်တော်မူ၏– “ငါသည်တစ်ကိုယ်တည်းနေသည်မဟုတ်။ ခမည်းတော်သည် ငါနှင့်အတူရှိတော်မူ၏။” (ယောဟန် ၁၆:၃၂) ယေဟောဝါသည် သင့်အရင်းနှီးဆုံးမိတ်ဆွေလည်းဖြစ်နိုင်၏။ သမ္မာကျမ်းစာကိုဖတ်ရှုခြင်း၊ ကိုယ်တော့်ဖန်ဆင်းရာများကို သုံးသပ်ခြင်းအားဖြင့် ကိုယ်တော့်ဥပဓိရုပ်တော်ကို လေ့လာသိကျွမ်းပါလေ။ ဆုတောင်းခြင်းအားဖြင့် ကိုယ်တော်နှင့်သင့်ဆက်ဆံရေးခိုင်မြဲစေပါ။ အဆုံးဆိုလျှင်၊ ယေဟောဝါဘုရားသခင်နှင့် မိတ်သဟာယဖြစ်ခြင်းသည် အထီးကျန်စိတ်ကို ကုစားသောအကောင်းဆုံးဆေးမြစ်ဖြစ်၏။
တစ်ခါတစ်ရံအထီးကျန်သလိုခံစားရသေးလျှင်၊ မပူပါနှင့်။ ဓမ္မတာတရားပါ။ သို့ရာတွင်၊ အရှက်လွန်သဖြင့် လူအနားမကပ်ရဲ၊ မိတ်မဖွဲ့ရဲဘဲဖြစ်နေလျှင် မည်သို့နည်း။
ဆွေးနွေးရန်မေးခွန်းများ
◻တစ်ယောက်တည်းဖြစ်တိုင်း မကောင်းဟုဆိုမည်လော။ တစ်ယောက်တည်းနေခြင်းမှ အကျိုးရယူနိုင်သလော။
◻အထီးကျန်ခံစားချက်သည် အများအားဖြင့် အဘယ်ကြောင့်တဒင်္ဂသာ ဖြစ်လေ့ရှိသနည်း။ သင်လည်း ဤအတိုင်းတွေ့ကြုံဖူးသလော။
◻တာရှည်အထီးကျန်ဝေဒနာဆိုသည် အဘယ်နည်း။ ၎င်းကိုမည်သို့ တိုက်ဖျက်နိုင်သနည်း။
◻‘ရှက်စိတ်ကိုဖြို’ စကားဆိုသည့် နည်းအချို့ကား အဘယ်နည်း။ သင့်အတွက်ဘာက ထောက်ကူခဲ့သနည်း။
[စာမျက်နှာ ၁၁၉ ပါအကျဉ်းဖော်ပြချက်]
အမေရိကန်စိတ်ကျန်းမာရေးဆိုင်ရာ အမျိုးသားသမဂ္ဂမှမကြာမီကထုတ်ဝေသောစာစောင်တစ်ရပ်က ‘အထီးကျန်တစ်ဦးအတွက် အကောင်းဆုံးအကြံပေးချက်’ မှာ ‘အခြားသူများနှင့်ပါဝင်ပတ်သက်ခြင်း’ ပင်ဖြစ်သည်ဟုဆို၏
[စာမျက်နှာ ၁၁၆ ပါရုပ်ပုံ]
ရေမြေရပ်ခြားဝေးသော်ငြားလည်းခင်မင်မှု မပျက်ဆက်သွယ်နိုင်စမြဲ
[စာမျက်နှာ ၁၁၈ ပါရုပ်ပုံ]
ရံဖန်ရံခါ တစ်ယောက်တည်းနေခြင်းသည် ပျော်စရာပါပေ