ငါဘာကြောင့် ‘မိဘကိုရို့သေ’ သင့်သလဲ
အခန်း ၁
ငါဘာကြောင့် ‘မိဘကိုရို့သေ’ သင့်သလဲ
“မိဘကိုရိုသေစွာပြုလော့။” ဤစကားသည် လူငယ်အတော်များများအဖို့ အမှောင်ခေတ်မှစကားအလားပင်။
လုံမပျိုဗေဒါသည် မူးယစ်ဆေးဝါး၊ သေရည်သေရက်သောက်သုံးသော ယောက်ျားကလေးတစ်ယောက်နှင့် ရည်းစားထားခြင်းဖြင့် ဖခင်ကိုဗြောင်တော်လှန်၏။ ဤမျှနှင့်မပြီး၊ ညလုံးပေါက် ပါတီပွဲတွင်ဝင်ကကာ ဖခင်ကိုမခန့်မညားပြု၏။ “ကျွန်မဖေဖေကျွန်မကို အကျပ်ကိုင်လွန်းလှတယ်။ ကျွန်မအသက် ၁၈ နှစ်၊ ဘာမဆိုသိပြီမှတ်တာပဲ။ ဖေဖေဟာ သဘောထားသိမ်ဖျင်းပြီး ကျွန်မပျော်တာကိုမရှုစိမ့်ဘူးလို့ ကျွန်မမှတ်တာပဲ။ ဒါကြောင့် ကျွန်မလည်းအပြင်ထွက်ပြီး ထင်ရာစိုင်းတော့တာပေါ့။”
လူငယ်အများသည် ဗေဒါလုပ်ရပ်ကို သဘောတူချင်မှတူမည်။ သို့သော်၊ မိဘများကသူတို့ကို အိပ်ခန်းရှင်း၊ အိမ်စာကျက်၊ ညအချိန်တန် အိမ်ပြန်ခိုင်းလျှင် ခံပြင်း၍ဆူပွက်ကြပါလိမ့်မည်။ ထို့ထက်မက အတည့်အလင်းပင် ဆန့်ကျင်ကြမည်။ သို့ရာတွင် မိဘအပေါ်သဘောထားပုံသည် အိမ်တွင်း၌ စစ်ကိုဖြစ်စေ၊ ငြိမ်းချမ်းရေးကိုဖြစ်စေ၊ ဖန်တည်းနိုင်သည်သာမက၊ ၎င်းလူငယ်၏ သေရေးရှင်ရေးလည်း ထိုသဘောထားပုံပေါ် မူတည်သည်။ အကြောင်းမှာ၊ ‘မိဘကိုရိုသေလော့’ ဟူသောပညတ်သည် ဘုရားသခင်ထံတော်မှ လာသည့်ပြင်၊ “သင်သည်ပြည်တော်၌ ကောင်းစား၍ အသက်တာရှည်မည်” ဟုကတိပြုတော်မူခြင်းဖြင့် ယင်းပညတ်တော်နာခံလိုသော ဆန္ဒကို စေ့ဆော်တော်မူသည်။ (ဧဖက်၆:၂၊၃) ဆုလာဘ်တော် သေးသေးဖွဲဖွဲမဟုတ်။ သို့ဖြစ်၍ မိဘကိုရိုသေခြင်းမည်သည် အမှန်တကယ်အဘယ်အဓိပ္ပာယ်ရှိသည်ကို အမြင်သစ်ဖြင့်ကြည့်ကြပါဦးစို့။
မိဘကို ‘ရိုသေခြင်း’ ၏အဓိပ္ပာယ်
“ရိုသေ” ဟုဆိုရာ၌၊ တရားဝင်ဖွဲ့စည်းတည်ထောင်ထားသော အထက်အာဏာပိုင်ကို သိမှတ်သည့် သဘောပါဝင်သည်။ ဥပမာ၊ ခရစ်ယာန်များသည် “ရှင်ဘုရင်ကိုရိုသေခြင်း ရှိကြလော့” ဟူ၍ပညတ်ခံရသည်။ (၁ ပေတရု ၂:၁၇) တိုင်းနိုင်ငံမင်းတစ်ပါး၏ လုပ်ရပ်ကို သင်အမြဲတမ်း သဘောတူချင်မှတူမည် မှန်သော်လည်း၊ သူ့ရာထူးဌာနန္တတရကိုကား လေးစားရမည်သာ။ ထို့အတူ၊ ဘုရားသခင်သည် အိမ်ထောင်၌မိဘများအား အာဏာအချို့အပ်နှင်းထားတော်မူသည်။ ယင်းကြောင့်သူတို့ သင့်အပေါ်ဥပဒေပြဌာန်းနိုင်ခွင့်တည်းဟူသော ဘုရားပေးအာဏာကို သင်အသိအမှတ်ပြုရမည်ဖြစ်သည်။ အခြားမိဘများ သင့်မိဘများထက် သက်ညှာမှုပို၍ ရှိကောင်းရှိမည်မှန်သော်လည်း၊ သင့်အဖို့အဘယ်အရာအကောင်းဆုံးဖြစ်သည်ကို ဆုံးဖြတ်ရန်သင့်မိဘများ၌ တာဝန်ရှိသည်—စံထားလည်း တစ်အိမ်ထောင်နှင့်တစ်အိမ်ထောင် မတူပါ။
ထို့ပြင်၊ အကောင်းဆုံးမိဘများပင်လျှင် ရံဖန်ရံခါ၊ အာဏာဖြင့်ပြုမူတတ်သည်သာမက၊ မတရားဟုထင်ရမလောက်ပင်။ သို့သော်နယပုံပြင် ၇:၁၊ ၂ (ကဘ) တွင်ပညာရှိမိဘတစ်ဦးက၊ “ငါ့သား [သို့မဟုတ်ငါ့သမီး] ငါ့ပညတ်များကိုစောင့်ရှောက်၍ ဆက်လက်အသက်ရှင်လော့” ဟုဆို၏။ ထိုနည်းထပ်တူ သင့်မိဘများ၏စည်းမျဉ်းများ၊ “ပညတ်များ” သည်သင့်ကောင်းကျိုးအတွက် ရည်စူးသည်သာများသည်။ သင့်မိဘများ၏ မေတ္တာစစ်နှင့်စိုးရိမ်၍သာဖြစ်သည်။
ပမာအားဖြင့်၊ ဂျွန်၏မိဘများက မိမိတို့အိမ်အနီးရှိ အရှိန်မြင့်ဖြင့် မောင်းသောခြောက်လမ်းသွား လမ်းမကြီးကိုဖြတ်ကူးတိုင်း၊ လူသွားစင်္ကြပေါ်မှ ဖြတ်ကူးရမည်ဟု ဂျွန်အားအတန်တန် မှာကြားထားသည်။ တစ်နေ့သော်၊ ကျောင်းသူနှစ်ဦးကဂျွန်အား
သတ္တိရှိရင်လမ်းမကြီးကို ဒီအတိုင်းဖြတ်ကူးပြစမ်းပါဟု စိန်ခေါ်လာသည်။ ထိုမိန်းကလေးနှစ်ဦးကဂျွန်ကို ‘သတ္တိကြောင်’ ဟုသရော်ကြသော်လည်း ဂျွန်သည်မမှု၊ လူသွားလမ်းကိုသာရွေး၍ လျှောက်သည်။ လမ်းတစ်ဝက်ကူးမိသောအခါ၊ စူးရှသောဘရိတ်အုတ်သံကို ကြားလိုက်ရသည်။ အောက်သို့ငုံ့အကြည့်၊ ထိုမိန်းကလေးနှစ်ဦး ကားတိုက်ခံရ၍ လေထဲလွင့်စင်သွားသည်ကို ထိတ်လန့်တကြားတွေ့လိုက်ရလေသည်။ မိဘစကားနားမထောင်တိုင်း အသေဆိုးဖြင့်သေရမည် ဟုကားမဆိုလိုပါ။ သို့ရာတွင်၊ နားထောင်လျှင် အကျိုးပေးသည်သာများ၏။‘မိဘကိုရိုသေ’ လျှင်၊ ပဲ့ပြင်မှုကိုလည်းခံမည်။ ဆုံးမခံရသောအခါ၌လည်း စိတ်ကောက်မည် သို့မဟုတ် ဒေါသအိုးပေါက်ကွဲ မည်မဟုတ်။ လူမိုက်သာ “အဘသွန်သင်ခြင်းကိုမထီမဲ့မြင်ပြု” ၏ဟုနယပုံပြင် ၁၅:၅ ၌ဆိုသည်။
အဆုံးဆိုရသော်၊ ရိုသေခြင်းမည်သည်၊ ဝတ္တရားအရသာအရိုအသေပေးခြင်းမဟုတ်။ မခံချိမခံသာ နာခံခြင်းလည်းမဟုတ်။ “ရိုသေ” ဟူ၍ဘာသာပြန်သော ကျမ်းစကားလုံး၏မူလအနက်မှာ လူတစ်ဦးကိုများစွာတန်ဖိုးထားခြင်းပင်။ ဤနည်းထပ်တူ၊ မိဘများအား တန်ဖိုးထား၊ ကိုင်းရှိုင်း၊ ချစ်ခင်အပ်ပေသည်။ မိဘများကို ကြင်နာမြတ်နိုး တန်ဖိုးထားခြင်းလည်းမည်၏။ သို့ရာတွင်၊ အချို့လူငယ်များသည် မိဘများအပေါ် ကြင်နာမြတ်နိုးခြင်း စိုးစဉ်းမျှမရှိ။
ပြဿနာမိဘများ—အရိုအသေခံထိုက်သလော
ဂျီးနာအမည်ရှိမိန်းမငယ်တစ်ဦးဤသို့ရေး၏– “ဖေဖေအရက်အများကြီးသောက်တယ်။ ပြီးတော့ဖေဖေနဲ့မေမေ တစ်ချိန်လုံးအော်ကြီးဟစ်ကျယ် စကားများကြတယ်။ ကျွန်မဖြင့်အိပ်တောင်မအိပ်နိုင်ဘူး။ ခုတင်ပေါ်မှာလှဲပြီး ငိုနေရုံပဲရှိတယ်။ ကျွန်မရဲ့ခံစားချက်ကိုလည်း မေမေ့ကိုထုတ်ဖော်မပြောရဲဘူး။ မေမေရိုက်မှာကြောက်တယ်။ ကျမ်းစာက ‘ဖခင်ကိုရိုသေပါ’ လို့ဆိုပေမဲ့ ကျွန်မမှာဖေဖေကိုရိုသေဖို့ ခက်လှတယ်။”
ထစ်ကနဲဒေါသထွက်၊ အကျင့်သီလပျက်၊ အရက်သောက်ကြူးသော၊ သေးသေးဖွဲဖွဲကစ၊ အငြင်းပွားသောမိဘများ—တကယ်ပင်ရိုသေခံထိုက်သလော။ ထိုက်ပါသည်။ အကြောင်းမှာ ကျမ်းစာသည်မိဘအား “ကျီစား [ပြက်ရယ်ပြု၊ ကဘ]” ခြင်းကို ပြစ်တင်ရှုတ်ချထားသည်။ (သု. ၃၀:၁၇) နယပုံပြင် ၂၃:၂၂ ကလည်းသင့်မိဘများ “သင့်ကိုဖြစ်ဖွားစေ” ကြောင်းသတိရစေသည်။ ဤအကြောင်းကိုယ်နှိုက်က မိဘကိုရိုသေရန် လုံလောက်သောအကြောင်းဖြစ်သည်။ တစ်ချိန်ကမိဘကို အလွန်မခန့်မညားပြုခဲ့သော ဂရက်ဂိုရီက၊ ယခုတော့အောက်ပါအတိုင်းဆိုပါသည်– “ကျွန်တော်ယေဟောဝါကို ကျေးဇူးတင်တယ်။ ဘာကြောင့်လည်းဆိုတော့၊ (မေမေ) ကျွန်တော့်ကိုကိုယ်ဝန်ဆောင်စဉ်က ကိုယ်ဝန်မဖျက်ချခဲ့ဘူး။ လူမမယ်အရွယ်မှာလည်း အမှိုက်ပုံထဲ စွန့်မပစ်ခဲ့တဲ့အတွက်ပါပဲ။ မေမေဟာ ကြင်ဖော်မဲ့မိဘဖြစ်ပြီး ကျွန်တော်တို့မောင်နှမခြောက်ယောက်ရှိတယ်။ မေမေအတွက်မလွယ်မှန်း ကျွန်တော်ကောင်းကောင်း သဘောပေါက်ပါတယ်။”
သင့်မိဘများသည် မစုံလင်သူများဖြစ်ကြသော်လည်း၊ သင့်အတွက်များစွာ ကိုယ်ကျိုးစွန့်ခဲ့ပေသည်။ ဂရက်ဂိုရီ ဤသို့ဆက်၍ဆိုပါသည်၊ “တစ်ခါက၊ ကျွန်တော်တို့မိသားစု စားစရာဆိုလို့ ပြောင်းဖူးဘူးတစ်ဘူးနဲ့ ဂျုံကြမ်းနဲနဲပါးပါးပဲပေါ့။ မေမေက ကျွန်တော်တို့ကလေးတွေကို ချက်ကျွေးပြီး သူကိုယ်တိုင်မစားဘဲနေရှာတယ်။ ကျွန်တော်ကတော့ ဗိုက်တင်းတင်းနဲ့ အိပ်ရာဝင်တယ်လေ။ ဒါပေမဲ့၊ မေမေဘာကြောင့် မစားဘဲနေသလဲဆိုပြီး တွေးတောမိတယ်။ ခု၊ ကျွန်တော်လည်း သားနဲ့သမီးနဲ့ ဖြစ်လာပြီဆိုတော့၊ မေမေခမျာ၊ တို့အတွက်အနစ်နာခံခဲ့ရှာပါလားဆိုပြီး သဘောပေါက်မိပါတော့တယ်။ (လေ့လာချက်တစ်ရပ်အရ၊ ကလေးတစ်ယောက်ကို ၁၈ နှစ်အရွယ်ရောက်အောင် ကျွေးမွေးပြုစုရာ၌ အမေရိကန်ငွေဒေါ်လာ ၆၆,၄၀၀ ကုန်ကြောင်းဖော်ပြသည်။)
မဿဲ ၂၃:၁-၃၊ ၂၅၊ ၂၆) အချို့မိဘများအား ဤမူဖြင့်မဆက်ဆံနိုင်ပေလော။
ပြီးတော့၊ မိဘတစ်ဦး ပုံသက်သေမကောင်းရုံနှင့်၊ သူပြောသမျှ၊ လုပ်သမျှမှားသည်ဟု မဆိုနိုင်ကြောင်းနားလည်ပါလေ။ ယေရှုလက်ထက်ရှိ ဘာသာရေးခေါင်းဆောင်များသည် ဖောက်ပြန်ကြ၏။ သို့တစေ၊ ယေရှုက၊ “သူတို့စီရင်ထုံးဖွဲ့သမျှတို့ကို စောင့်ရှောက်၍ပြုကြလော့။ [သို့သော်] သူတို့၏အကျင့်အတိုင်းမကျင့်ကြနှင့်” ဟုမိန့်တော်မူ၏။ (မခံမရပ်စိတ်ကို ဖြေသိပ်ခြင်း
မိဘတစ်ဦး မတော်မတရားအာဏာအလွဲသုံးနေသည်ဟု သင်ခံစားရလျှင် မည်သို့ဆိုမည်နည်း။ *စိတ်တည်တည်ငြိမ်ငြိမ်ထားပါ။ တန်ပြန်ပုန်ကန်ပါက၊ ဘာမှအရာရောက်မည်မဟုတ်။ ရွံမုန်းသောအပြုအမူဖြင့် အရွဲ့တိုက်လျှင်လည်း အကျိုးမပေး။ (ဒေသနာ ၈:၃၊ ၄; ဒေသနာ ၁၀:၄ နှိုင်းယှဉ်။) ၁၇ နှစ်အရွယ်မိန်းကလေးတစ်ဦးက၊ မိဘများမိမိကို လျစ်လျူရှုကာ သူတို့ချင်း တစ်ချိန်လုံးစကားများလျက် နေရကောင်းလားဆိုပြီး မိဘကိုရွံမုန်းလာသည်။ ထိုမှတစ်ဆင့်၊ မိဘများသင်ကြားပေးသည့် ကျမ်းစာမူများကိုပါ မုန်းတီးလာသည်။ တမင်အရွဲ့တိုက်ကာ၊ ရဲရဲတင်းတင်းလိင်ဖောက်ပြား၊ မူးယစ်ဆေးဝါး သုံးစွဲလေတော့သည်။ “ဖေဖေနဲ့မေမေကို ကလဲ့စားချေရမှတော်မယ်” ဟူသည် သူမ၏နာကြည်းသော ရှင်းလင်းချက်ဖြစ်၏။ သို့သော်၊ အရွဲ့တိုက်ရာက၊ သူမနာ၊ ကိုယ်နာဖြစ်ခဲ့ရလေသည်။
ကျမ်းစာက ဤသို့သတိပေးသည်– “ဒေါသကြောင့် အရွဲ့မတိုက်မိရန် သတိထားလေ။...ထိခိုက်နစ်နာစေသောအမှုဘက်သို့ လှည့်မသွားမိရန် အကာအကွယ်ယူလော့။” (ယောဘ၃၆:၁၈-၂၁၊ကဘ)မိဘများသည် ဘုရားသခင်ရှေ့မှောက်၌ မိမိတို့လုပ်ရပ်များအတွက် မိမိတို့တာဝန်ယူကြရမည်ဖြစ်ကြောင်း၊ ကြီးလေးသောမတရားပြုမှုအတွက် အစီရင်ခံကြရမည်ဖြစ်ကြောင်း၊ သဘောပေါက်ထားပါလေ။—ကောလောသဲ ၃:၂၅။
နယပုံပြင် ၁၉:၁၁ ကလည်း “သမ္မာသတိရှိသောသူသည် မိမိအမျက်ဒေါသကို ချုပ်တည်းတတ်၏။ သူတစ်ပါးပြစ်မှားခြင်းကို သည်းခံသောသူသည် ဘုန်းအသရေရှိ၏။” တစ်ခါတစ်ရံ၊ မိဘ၏နာကြည်းစရာကောင်းသော လုပ်ရပ်များကို မေ့ပျောက်ခွင့်လွှတ်လိုက်ပါက အကောင်းဆုံးပင်တည်း။ သူ့အဆိုးကိုချည်း တွေးနေမည့်အစား၊ သူ့အကောင်းကို အာရုံပြုပါလေ။ ဥပမာဆိုသော်၊ ဒေါဒီ၏မိခင်သည် အကြင်နာမဲ့၍ ပထွေးသည် အရက်သောက်ကြူး၏။ သူ့မိဘချွတ်ယွင်းချက်များ၏ နောက်ခံကိုထိုးထွင်းရှုမြင်ခြင်းဖြင့် မိမိ၏ခါးသီးစိတ်ကို မည်သို့ချုပ်တည်းခဲ့ကြောင်း မှတ်သားပါလေ။ “ကျွန်မမေမေ ကျွန်မတို့ကိုမချစ်တာဟာ၊ လူမမယ်အရွယ်တုန်းက မတော်မလျော်ပြုခံရသော ကလေးတစ်ယောက်ဖြစ်ခဲ့ရပြီး သူများပေါ်မေတ္တာထားရမှန်း အသင်ကြားမခံခဲ့ရရှာလို့ ဖြစ်မှာပါ။ ကျွန်မတို့ပထွေးကျတော့၊ အရက်မမူးတဲ့အခါမှာ ကျွန်မတို့ရဲ့အသွားအလာအလုပ်အကိုင်တွေကို အရေးစိုက်ပါတယ်။ အမြဲတမ်းရယ်လို့တော့ မဆိုနိုင်ဘူးပေါ့လေ။ ဘာပဲဖြစ်ဖြစ်၊ ကျွန်မတို့ညီအစ်မနှစ်ယောက်ကိုအမြဲပဲ အိုးနဲ့အိမ်နဲ့ထားပြီး ရေခဲသေတ္တာထဲမှာလဲ စားစရာတွေမပြတ်ဘူး။”
ဝမ်းသာစရာမှာ၊ အိမ်ထောင်ကိုလျစ်လျူရှုကာ ထင်ရာစိုင်းသော မိဘများမှာ အနည်းစုသာဖြစ်သည်။ များသောအားဖြင့်၊ သင့်မိဘများ သင့်အကျိုးကိုလိုလားပြီး စံပြကောင်းများ ဖြစ်ကြပေသည်။ သို့တစေ၊ သင်သည်သူတို့ကို တစ်ခါတစ်ရံစိတ်ဆိုးမိမည်မှာ မဆန်းပါ။ ရော်ဂျာဆိုသော လူငယ်တစ်ဦးက ဤသို့ဖွင့်ဆိုပါသည်။ “တစ်ခါတလေ၊ ကျွန်တော့်မေမေနဲ့ ကျွန်တော်ပြဿနာတစ်ရပ် ဆွေးနွေးတဲ့အခါ၊ သူကျွန်တော်ပြောတာကို သဘောမပေါက်တော့ ကျွန်တော်ဒေါပွပြီး စကားနာထိုးလိုက်တာပဲ။ ကျွန်တော်ဒီနည်းနဲ့ မေမေ့ကိုကလဲ့စားချေတယ်လေ။ ဒါပေမဲ့ကျွန်တော် လှည့်ထွက်သွားတဲ့နောက်ပိုင်းမှာတော့၊ စိတ်မကောင်းဖြစ်ရတယ်။ မေမေလဲစိတ်ကောင်းမှာမဟုတ်ဘူး။”
အဆင်အခြင်မဲ့စကားများသည်လူကို ‘ထိုး’ ၍ ‘နာကျင်’ စေနိုင်သော်လည်း ပြဿနာကိုကား မဖြေရှင်းနိုင်။ “ပညာရှိတို့၏လျှာမူကား အနာကိုပင် ပျောက်စေတတ်၏။” (သု. ၁၂:၁၈; ၁၅:၁) ရော်ဂျာဆက်၍ ဤသို့ဆိုပါသည်၊ “မလွယ်ပေမဲ့လည်း ကျွန်တော်မေမေ့ဆီပြန်သွားပြီး တောင်းပန်ပါတယ်။ နောက်တော့၊ အေးအေးလူလူနဲ့ ပြဿနာကို ဆွေးနွေးဖြေရှင်းနိုင်ခဲ့တယ်။”
‘ဖေဖေပြောတာမှန်တယ်’
စိတ်ဝင်စားဖွယ်ကား၊ အချို့လူငယ်များသည် မိဘများအား ဖီဆန်ခုခံခြင်းဖြင့် မိမိကိုယ်ကိုလည်းကောင်း၊ မိဘများကိုလည်းကောင်း ပင်ပန်းအောင်ပြုပြီး နောက်ဆုံးတွင်၊
မိဘပြောသမျှအမှန်ချည်း ဖြစ်နေသည်ကိုသာ တွေ့ရလေသည်။ သာဓကအားဖြင့်၊ အဦးပိုင်းက ဗေဒါ၏အဖြစ်ကိုကြည့်ပါ။ တစ်နေ့သ၌၊ သူသည်ရည်းစားနှင့်အတူ ကားထွက်မောင်းပါသည်။ သူ့ရည်းစားမှာ၊ ဆေးခြောက်၊ ဘီယာတို့ဖြင့် ယစ်မူးလျက်ရှိသည်ဖြစ်ရကား၊ ကားကိုမထိန်းနိုင်ဘဲ တစ်နာရီလျှင်မိုင် ၆၀[ကီလိုမီတာ ၁၀၀] နှုန်းဖြင့်ဓာတ်တိုင်ကို ဝင်တိုက်လေတော့သည်။ ဗေဒါအသက်မပျောက်ခဲ့သော်လည်း နဖူးပေါ်နက်ရှိုင်းရှည်လျားသော ဒဏ်ရာရရှိခဲ့သည်။ သူ့ရည်းစားသည် ကိုယ်လွတ်ရုန်းပြေးခဲ့သည်။ ဗေဒါကို ဆေးရုံတွင်လာကြည့်ဖော်ပင်မရ။ ကြက်ပျောက်ငှက်ပျောက်ပျောက်ခဲ့သည်။ဗေဒါဤသို့ဝန်ခံသည်။ “ဖေဖေမေမေဆေးရုံကိုရောက်လာတဲ့အခါ၊ ဖေဖေပြောသမျှမှန်ကန်ကြောင်း၊ သမီးအနေနဲ့ဖေဖေ့စကားကို အစကတည်းက နားထောင်ခဲ့ရင် ဒီလိုအဖြစ်ဆိုး တိုးဖို့မလိုကြောင်း ဝန်ချမိပါတယ်...ကျွန်မမဟာအမှားကြီးမှားခဲ့ပြီး အသက်ပါပျောက်ခဲ့မတတ်ပဲရှင်။” ယင်းအဖြစ်အပျက်ပြီးနောက်၊ ဗေဒါသည် မိဘများပေါ် စိတ်သဘောထား အပြောင်းလဲကြီးပြောင်းလဲခဲ့ပေသည်။
သင်လည်းပြောင်းလဲဖို့ လိုကောင်းလိုပေမည်။ ‘မိဘကိုရိုသေခြင်း’ သည်ရှေးရိုးဆန်ချင်လည်းဆန်မည်။ သို့ရာတွင် ပညာရှိလမ်းစဉ်ဖြစ်သည်သာမက၊ ဘုရားရှေ့ မှန်ကန်သောအမှုလည်း ဖြစ်ပေ၏။ သို့သော်သင့်အနေနှင့် မိဘကိုရိုသေလေးစားလိုသော်လည်း၊ အထင်လွဲခံရသည်၊ သို့မဟုတ်၊ ချုပ်ချယ်မှုခံရသည်ဟုယူမှတ်လျှင် မည်သို့ဆိုမည်နည်း။ ဤသို့သော အခြေအနေမျိုးအောက်တွင်၊ သင့်ဘဝတိုးတက်အောင် မည်သို့ဖန်တီးနိုင်မည်ကို ဆန်းစစ်ကြည့်ကြပါစို့။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 18 ဤနေရာတွင် ကျွန်ုပ်တို့သည်၊ ကလေးသူငယ်အပေါ် ခန္ဓာပိုင်း၊ လိင်ပိုင်းဆိုင်ရာ ကျူးကျော်ရမ်းကားမှု ပြုသည့်ကိစ္စမျိုးကို ပြောနေခြင်းမဟုတ်။ ထိုသို့သောပြစ်မှုမျိုးနှင့်ပတ်သက်လျှင်၊ သက်ဆိုင်ရာဌာနထံ အကူအညီတောင်းခံရန် လိုပေလိမ့်မည်။
ဆွေးနွေးရန်မေးခွန်းများ
◻မိဘကို ရိုသေသည်ဆိုရာမှာ အဘယ်အဓိပ္ပာယ်နည်း။
◻မိဘများအဘယ်အတွက် ဤမျှတိုင်များလှသော စည်းမျဉ်းကို ထုတ်ကြသနည်း။ ၎င်းစည်းမျဉ်းများ သင့်အားအကျိုးပြုနိုင်သလော။
◻သင့်မိဘများ၏ အကျင့်အကြံသည် ကဲ့ရဲ့စရာဖြစ်လျှင် သူတို့အားရိုသေရန် လိုသေးသလော။ အဘယ်ကြောင့်နည်း။
◻ရံဖန်ရံခါမိဘများအပေါ် စိတ်ဆိုးစရာရှိလျှင် အကျိုးဖြစ်ထွန်းသော အဘယ်နည်းများဖြင့် ဖြေရှင်းနိုင်သနည်း။ အဘယ်နည်းများမှာ မိုက်မဲသနည်း။
[စာမျက်နှာ ၁၆ ပါအကျဉ်းဖော်ပြချက်]
“ဖေဖေဟာ သဘောထားသိမ်ဖျင်းပြီး ကျွန်မပျော်တာကို မရှုစိမ့်ဘူးလို့ ကျွန်မမှတ်တာပဲ။ ဒါကြောင့် ကျွန်မလည်းအပြင်ထွက်ပြီး ထင်ရာစိုင်းတော့တာပေါ့”
[စာမျက်နှာ ၁၂ ပါရုပ်ပုံ]
မိဘများ ချမှတ်သော စည်းမျဉ်းများကို သင်မည်သို့ သဘောထားသင့်သနည်း
[စာမျက်နှာ ၁၄ ပါရုပ်ပုံ]
ကဲ့ရဲ့ဖွယ် အကျင့်ရှိသော မိဘများအား သင်ရိုသေ မည်လော