မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖေဖေနဲ့မေမေ ဘာကြောင့်ကွဲခဲ့ကြရသလဲ

ဖေဖေနဲ့မေမေ ဘာကြောင့်ကွဲခဲ့ကြရသလဲ

အခန်း ၄

ဖေဖေ​နဲ့​မေမေ ဘာကြောင့်​ကွဲ​ခဲ့​ကြ​ရသလဲ

“ကျွန်မ​ဖေဖေ ကျွန်မတို့​နဲ့​ခွဲ​သွားတဲ့​အချိန်ကို ကျွန်မ​မှတ်မိ​ပါ​တယ်။ ဘာဖြစ်​လို့​ဘာဖြစ်မှန်း ကျွန်မတို့​လုံးဝ​မသိလိုက်ဘူး။ မေမေ​အလုပ်ဆင်း​ရတယ်။ တစ်ချိန်​လုံး​ကျွန်မတို့​ချည်း​ပဲ အထီးကျန်​ဖြစ်​ကြရတယ်။ တစ်ခါ​တ​လေ၊ မေမေ​ပါ​ကျွန်မတို့ကို ပစ်​သွားပြီ​လား​ဆိုပြီး ပြတင်းပေါက်​နား​မှာ​ထိုင်ပြီး ငေး​မော​တွေးတော​ပြီး နေကြပါ​တယ်။...”

—ကွာရှင်း​သော​အိမ်ထောင်​မှ ကလေး​မ​တစ်ယောက်။

မိဘ​ကွဲ​၍​ခံရ​သော​ဒဏ်​သည် ကမ္ဘာ​ပျက်​ကပ်ဘေး​ကြီး​အလား အဓွန့်ရှည်​သော​ပူဆွေး​ကြေကွဲမှု​ကို ဖြစ်ပွား​စေ​၏။ အရှက်၊ အမျက်၊ သောက၊ အပယ်ခံ၊ ကိုယ့်​ကိုယ်ကို​အပြစ်တင်၊ စိတ်ကျ​ခြင်း​နှင့် ပြင်းပြ​သော​နစ်နာ​ဆုံးရှုံးမှု—ကလဲ့စားချေ​လို​သော စိတ်​များ​ကို​ပင် မီးညှိ​ပေး​သလို​အစပျိုး​ပေး​နိုင်​သည်။

မကြာမီ​က၊ သင့်​မိဘများ​ကွာရှင်း​ခဲ့​သော် သင်လည်း​ထို​ခံစားချက်​ဒဏ်​ကို ခံ​နေရ​ပေမည်။ ကျွန်ုပ်​တို့၏ ဖန်ဆင်း​ရှင်​သည်​သင့်​အား မိ​စုံ​ဖ​စုံ​ဖြင့်​ကြီးပြင်း​လာ​စေရန် ရည်ရွယ်​ထား​သည့်​အတွက်​ကြောင့်​ပင်။ (ဧဖက် ၆:၁-၃) သို့​ပါ​လျက်​နှင့်၊ ယခု​သော်​သင်​ချစ်သော​မိဘ​တစ်ဦး နေ့စဉ်​သင့်​အနားမှာ​ရှိ​သင့်​လျက်​နှင့် မရှိဘဲ​နေ​သဖြင့် သင့်​အဖို့​နစ်နာ​ဆုံးရှုံးမှုကြီး​တစ်ရပ်​ဖြစ်​ရသည်။ ခု​နစ်​နှစ်အရွယ်​သာ​ရှိ​စဉ်​အခါ မိဘ​ကွဲ​ခဲ့​ရှာ​သော​ပေါလ်​က “ကျွန်တော်​ဖေဖေ​ကို တကယ်ပဲ​အားကိုး​တယ်။ သူနဲ့အတူ​နေချင်​တယ်။ ဒါပေမဲ့​တရားရုံး​က မေမေ​သာ​ကျွန်တော်​တို့ကို ထိန်းသိမ်း​စောင့်ရှောက်​နိုင်​ခွင့်​ပေးတယ်” ဟူ၍​မြည်တမ်း​ရှာ​သည်။

မိဘများ​အဘယ်ကြောင့် ကွဲ​ကြ​ရသနည်း

များသောအားဖြင့် မိဘတို့​သည် မိမိတို့​စပ်ကြား​ဖြစ်ပွား​သော​ပြဿနာ​များ​ကို ကွယ်ဝှက်​ထား​တတ်ကြ​သည်။ ကလေး​ဘဝ​ရှိ​စဉ် မိဘ​ကွဲ​ခဲ့​သော​လင်း​က “ဖေဖေ​မေမေ​ရန်ဖြစ်တာကို ကျွန်တော်​မမှတ်မိ​ဘူး။ သူတို့​ချင်း​တဲ့​တယ်လို့​ပဲ​မှတ်တာ​ပဲ။” မိဘများ​ကတောက်ကဆတ် ဖြစ်​ကြသည်​ပဲ​ထား၊ ကွဲ​ကြသောအခါ​မူ ကလေး​များ​အဖို့​တုန်လှုပ်​စ​ရာ​ပင်!

အများအားဖြင့်၊ ကွဲ​ကြ​သည့်​အကြောင်းရင်း​မှာ၊ တစ်ဖက်​သော​မိဘ​က လိင်​အကျင့်ပျက်​ပြား​မှု​ကြောင့်​ဖြစ်သည်။ အပြစ်မဲ့​သော​အိမ်ထောင်ဖက်​အားဘုရားသခင်​က​ကွာရှင်း​ခွင့်​ကိုပေး​တော်​မူ​သည်။ (မဿဲ၁၉:၉) အချို့ကိစ္စ​များ​တွင်​မူ၊“အမျက်ထွက်ခြင်း၊အော်ဟစ်​ငေါ​က်ငေါ်​ခြင်း”နှင့်‘ဆဲရေး​တိုင်းထွာ​ခြင်း’ပြု​ရာ​က​အစ၊ကိုယ်​ထိ​လက်ရောက်​ဖြစ်လာ​သဖြင့်၊တစ်ဖက်​သော​မိဘ​ကမိမိ​နှင့်​သားသမီး​များ​၏ခန္ဓာပိုင်း​ဆိုင်ရာဘေးရန်​လုံခြုံမှု​အတွက်စိုးရိမ်​စ​ရာ​ဖြစ်လာ​သည်။—ဧဖက် ၄:၃၁

အချို့သော​ကွာရှင်းမှု​မှာ၊ ဘာ​မဟုတ်သည့်​ကိစ္စ​ဖြင့်​ဖြစ်သည်​ဟု ဝန်ခံ​ရ​ပေ​လိမ့်​မည်။ ပြဿနာ​များ​ကို ဖြေရှင်း​မည့်​အစား၊ မိမိတို့ ‘မပျော်’ ‘မေတ္တာ​ခန်းခြောက်​ပြီ’ ဟု​ဆို​ကာ​တစ်ကိုယ်ကောင်း​ဆန်​ဆန် ကွာရှင်း​ကြသည်။ ၎င်းကို​ဘုရားသခင်​နှစ်သက်​တော်​မ​မူ။ ကိုယ်တော်​သည် ‘လင်မယား​ကွာရှင်း​ခြင်း​ကို​မုန်းတီး’ တော်​မူ​၏။ (မာလခိ ၂:၁၆) အချို့​သူတို့သည် မိမိတို့​ခင်ပွန်း​ခရစ်ယာန်​ဖြစ်လာ​သည့်​အတွက် ကွာ​လိမ့်​မည်​ဟု​လည်း ယေရှု​အရိပ်အမြွက်​မိန့်တော်မူသည်။—မဿဲ ၁၀:၃၄-၃၆

မည်သို့​ပင်​ဖြစ်စေ၊မိဘများ​က​ကွာရှင်းမှု​နှင့်​ပတ်သက်ပြီးရေငုံ​၍​နေ​ကာ၊သင့်​အမေး​ကိုလည်း​မရေမရာဖြေကြား​သည်​ပဲ​ထား၊သင့်ကို​မချစ်​သော​သဘောမသက်ရောက်​ပါ။ *နာကြည်း​သောကြောင့်၊ကွာရှင်းမှု​နှင့်​ပတ်သက်​၍ဖွင့်​အန်​ဖို့​ဝန်​လေး​နေခြင်း​သာ​ဖြစ်​ပေမည်။ (သု.၂၄:၁၀) သူတို့​ချင်း​၏​ပျက်ကွက်မှု​ကိုဝန်ခံဖို့ရှက်ရွံ့​နေခြင်းလည်း​ဖြစ်တန်ရာ​သည်။

သင်​ဘာလုပ်​နိုင်

သင့်တော်​သော​အချိန်ကို​ရွေး​ပြီး သင်၏​စိုးရိမ်​ရာ​များ​ကို မိဘများနှင့်​အေးဆေး​စွာ​နှီးနှော​ပါ။ (သု.၂၅:၁၁) မိဘတို့​ကွာရှင်းမှု​ကြောင့် မိမိသည်​မည်မျှ​တိုင်​ကြေကွဲ​၍ စိတ်ရှုပ်​ထွေး​ရ​ကြောင်း၊ သိပါ​စေ။ သင့်​အား​ကျေနပ်ဖွယ်​ရှင်းလင်းချက် ပေး​ကောင်း​ပေး​ကြ​မည်။ မပေး​လျှင်​လည်း စိတ်မပျက်​ပါ​နှင့်။ ယေရှု​ပင်​မိမိ​တပည့်​များ မခံယူ​နိုင်​သေး​သော​အကြောင်းအရာများ​ကို မ​မြွက်​ဘဲ​နေ​တော်​မူ​ခဲ့​သည် မဟုတ်ပေ​လော။ (ယောဟန် ၁၆:၁၂) သင့်​မိဘများ မိမိတို့၏​အတွင်းရေး​ကို လူ​မသိအောင်​ထား​ရှိ​နိုင်သော အခွင့်​ရှိသည်​မဟုတ်ပေ​လော။

နောက်ဆုံး​အနေ​နှင့် သဘောပေါက်​ထား​ရမည်​မှာ၊ ကွာရှင်း​ခြင်း​သည် မည်သည့်​အကြောင်းရင်း​ကြောင့်​ပင် ဖြစ်စေ​ကာ​မူ၊ သူတို့​ချင်း​၏​အငြင်းအခုံ​သာ​ဖြစ်​ပြီး—သင်​နှင့်​အငြင်းပွား​နေခြင်း​မဟုတ်! ဝေါ​လ​စ​တိ​န်း​နှင့်​ကယ်လီ​သည် ကွာရှင်း​သော​အိမ်ထောင်​ပေါင်း ၆၀ ကို​သုံးသပ်​စဉ်၊ လင်မယား​တို့သည်​မိမိတို့​ကွဲ​ရခြင်း​မှာ၊ အချင်းချင်း​ကြောင့်၊ မိမိတို့​အလုပ်ရှင်၊ မိသားစုဝင်​များ၊ မိတ်ဆွေများ​ကြောင့်​ဟူ၍ အပြစ်တင်​ကြ​ကြောင်း​တွေ့ရှိ​ခဲ့​ရသည်။ သို့သော် “စိတ်ဝင်စားဖွယ်​ကောင်း​သည်​မှာ၊ တစ်ယောက်မျှ​သားသမီး​များ​ကို​အပြစ်မတင်” ကြောင်း​သုတေသီ​များ​က​ဆို​သည်။ သင့်​မိဘများ သင့်​အပေါ်​သဘောထား​မှာ မပြောင်းလဲ​ပါ။

အချိန်​၏​ကုစားမှု

“အနာ​ပျောက်စေ​ရသော​အချိန်” ရှိ၏။ (ဒေသနာ ၃:၃) အရိုးကျိုး​ခြင်း​ကဲ့သို့​သော ပကတိ​အနာ​သည် ရက်သတ္တပတ်​ပေါင်း​များစွာ၊ သို့​မဟုတ်၊ လပေါင်း​များစွာ ကြာညောင်း​မှ​လုံးဝ​ပျောက်ကင်း​နိုင်​သလို၊ စိတ်​လှုပ်ရှားမှု​ဆိုင်ရာ​အနာ​လည်း အချိန်​ယူ​၏။

ကွာရှင်းမှု​ဆိုင်ရာ သုတေသီ​ဝေါ​လ​စ​တိ​န်း​နှင့် ကယ်လီ​တို့​က၊ ကွာရှင်းမှု​ကြောင့်​ခံစား​ရသော “စိုးရွံ့​မှု၊ ကြေကွဲမှု၊ ထိတ်လန့်​၍​မယုံနိုင်​မှု​တို့သည်” ကွာရှင်း​၍​နှစ်​အနည်းငယ်​အတွင်း​လျော့​ပြ​ယ်၊ ပျောက်ကွယ်​သွား” ကြောင်း​တွေ့ရှိ​ကြ​ရသည်။ အချို့ပါရဂူ​များ​က ကွာရှင်းမှု​၏​အဆိုးဆုံး​အခြေအနေ​ပင်၊ သုံးနှစ်​အတွင်း​လွန်မြောက်​သွား​နိုင်​သည်​ဟု ယူမှတ်​ကြသည်။ သုံးနှစ်​ဆို​သော​ကာလ​သည် ကြာညောင်း​လှ​သည်​ဟု ထင်​ရ​သော်လည်း သင့်​ဘဝ​ပြန်လည်​အခြေကျ​နိုင်​ရန် ဆောင်ရွက်စရာ​များစွာ​ရှိသည်။

တစ်ခု​အနေ​နှင့်​ဆို​ရ​လျှင်၊ မိဘ​ကွဲကွာ​မှု​ကြောင့် ဖရိုဖရဲ​ဖြစ်​ခဲ့​ရသော​အိမ်တွင်းမှု​ကို ပြန်လည်​ဖွဲ့စည်း​ရန်လို​၏။ သင့်​မိဘများ​အနေ​နှင့်​လည်း စိတ်​လှုပ်ရှားမှု​ဆိုင်ရာ​အပိုင်း​တွင် ပြန်၍​အခြေကျ​လာရန် အချိန်​ယူဖို့​လို​သည်။ နောက်​မှ​သာ သင်​လိုအပ်သော​ထောက်မမှုကို ပေး​နိုင်​ကြ​မည်။ သင့်​အသက်တာ ပုံမှန်​လာ​သည်​နှင့်​အမျှ၊ သင်လည်း​ပြန်​ပြီး နေသားကျ​လာ​မည်​ဖြစ်သည်။

သို့သော်၊ ရှောလမုန်​ဤသို့​သတိပေး​သည်– “ရှေး​ကာလ​သည် ယခု​ကာလ​ထက်​အဘယ်ကြောင့် သာ၍​ကောင်း​သနည်း​ဟု မ​မေး​နှင့်။ ထိုသို့​မေး​လျှင်၊ ပညာ​တရား​အတိုင်း မေး​သည်မဟုတ်။” (ဒေသနာ ၇:၁၀) အတိတ်ကို ဆွေး​တ​သသ​တွေး​လျက်​နေပါက ပစ္စုပ္ပန်​ကို​မမြင်နိုင်​တော့။ မိဘ​မ​ကွဲ​မီ​အချိန်​က သင့်​အိမ်တွင်း​အခြေအနေ မည်သို့​နေသနည်း။ အဲ​န်​နက်​ဆို​သူက “တစ်ချိန်​လုံး​ရန်ဖြစ်—အော်​လား၊ ဆဲ​လား​လုပ်​နေကြ​တာ​ပဲ” ဟု​ဝန်ခံ​သည်။ ယခု​တွင်​သင်သည် အိမ်တွင်း​ငြိမ်သက်မှု​ခံစား​ရခြင်း မဖြစ်​နိုင်​ပေ​လော။

ဖေဖေ​နဲ့​မေမေ​ပြန်ပေါင်း​အောင် ကျွန်မ​လုပ်​နိုင်တယ်

အချို့လူငယ်များသည်မိဘများ​ပြန်ပေါင်း​စေဖို့စိတ်ကူးယဉ်​အိပ်မက်​မက်​ကြသည်။ သူတို့​မိဘများနောက်​အိမ်ထောင်ပြု​သွား​သည့်​နောက်​မှာ​ပင်ဤသို့​စိတ်ကူးယဉ်​နေတုန်း​ပင်​ဖြစ်​ပေမည်!

သို့သော်၊ မိဘ​ကွာရှင်းမှု​ကို ငြင်းပယ်​ခြင်း​သည်၊ အခြေအနေ​ကို မည်သို့​မျှ​မပြောင်းလဲ​စေပါ။ မျက်ရည်​ခန်း​အောင်​ပဲ​ငို​ငို၊ မည်မျှ​ခယ​ခယ၊ ဉာဏ်​ကုန်​အောင်​ပဲ​ကြံဖန်​ကြံဖန်၊ မိဘ​နှစ်ပါး​ပြန်ပေါင်း​အောင် ဖန်တီး​၍​ရမည်​မထင်​ပါ။ ထို့​ကြောင့်၊ မဖြစ်​နိုင်​သည့်​ကိစ္စ​ကို​တွေး​ပြီး အဘယ်ကြောင့်​ကိုယ့်​ကိုယ်ကို​ညှဉ်းဆဲ​မည်​နည်း။ (သု. ၁၃:၁၂) ရှောလမုန်က “ပျောက်ဆုံး​သော​အရာ​အလား၊ လက်လွှတ်​ရသည့်​အချိန်” လည်း​ရှိ၏​ဟု​ဆိုပါ​သည်။ (ဒေသနာ ၃:၆က​ဘ) သို့ဖြစ်၍​အဖြစ်မှန်​ကိုလည်း​ကောင်း၊ မိဘ​၏​ကွာရှင်းမှု​ကိုလည်း​ကောင်း၊ အရှိအတိုင်း​လက်သင့်ခံ​ပါ။ သို့ပြုခြင်း​သည် ပြဿနာ​ကို​ကျော်လွှား​သော ခြေလှမ်း​ကြီး​တစ်​လှမ်း​ပင်​ဖြစ်သည်။

မိဘ​နှင့်​ပြန်လည်​သင့်မြတ်ခြင်း

သင့်​ဘဝကို ဖရိုဖရဲ​ဖြစ်အောင် လုပ်ကြ​ရ​ကောင်းလား​ဆိုပြီး မိဘများ​အပေါ် စိတ်ဆိုး​ချင်​လည်း​စိတ်ဆိုး​စ​ရာ​ပင်။ လူငယ်​တစ်ဦး​က နာကြည်း​စွာ​ပြော​ခဲ့​သည့်​အတိုင်း​ပင် ဖြစ်သည်– “ကျွန်တော့်​မိဘတွေ တစ်ကိုယ်ကောင်း​ဆန်​လွန်း​တယ်။ ကျွန်တော်​တို့ မောင်နှမ​အကျိုးကို မကြည့်​ဘူး၊ သူတို့ရဲ့​လုပ်ပုံ​ကြောင့် ကျွန်တော်​တို့​မောင်နှမ​တစ်​တွေ ဘယ်လို​ခံရ​မယ်​ဆိုတာ​ကိုလည်း မစဉ်း​စား​ကြဘူး။ သူတို့ကြံရွယ်​သလိုပဲ၊ ဇွတ်​တ​ရွတ်​လုပ်ခဲ့ကြ​တာ​ပဲ။” သူ​ပြော​သလို​မှန်​ချင်​မှန်​မည်။ သို့သော် သင့်​ဘဝ​တစ်လျှောက်​လုံး၊ ဒေါသ​နှင့်​နာကြည်းမှု​ကို ဝန်ထုပ်ကြီး​လို​ပိုး​ပြီး​နေလျှင် သင့်ကို​မထိခိုက်​ဘဲ​နေပါ​မည်​လော။

သမ္မာကျမ်းစာ​က​ဤသို့​သြဝါဒ​ပေး​၏– “အမျက်ထွက်ခြင်း၊ အော်ဟစ်​ငေါ​က်ငေါ်​ခြင်း...ကို သင်တို့​မှ​ပယ်ရှား​ကြလော့။ အချင်းချင်း​ကျေးဇူးပြု​ခြင်း၊ သနားစုံမက်​ခြင်း၊ ...အချင်းချင်း​အပြစ်လွှတ်ခြင်း​ရှိကြလော့။” (ဧဖက် ၄:၃၁၊ ၃၂) သင့်​အား​ဤမျှ​တိုင် နာကြည်းအောင်​ပြု​ခဲ့​သူ​တစ်ဦး​ကို မည်သို့​ခွင့်လွှတ်​နိုင်​မည်​နည်း။ မိဘကို​အရှိအတိုင်း—မစုံလင်​သော​အပြစ်သား​များ​အဖြစ်​ရှုမှတ်​ပါ။ မှန်​ပေ​သည်။ မိဘများ​သော်​မှ ‘ဒုစရိုက်​ကို​ပြု​၍​ဘုရားသခင့်​ရှေ့တော်၌​အသရေပျက်​ကြ’ သည်​ချည်း​သာ။ (ရောမ ၃:၂၃) ဤသို့​သဘောပေါက်​ပါ​က သင့်​မိဘ​နှင့်​သင်​ပြန်လည်​သင့်မြတ်​လာနိုင်​မည်။

သင့်​ခံစားချက်​ကို​ဖွင့်​အန်​ပါ

ကျွန်ုပ်​တို့သည် လူငယ်​တစ်ဦး​အား မေးမြန်း​သောအခါ၊ သူက “ကျွန်တော့်​မိဘ​နှစ်ပါး​ကွာရှင်း​တာ​နဲ့​ပတ်သက်​တဲ့ ကျွန်တော့်​ခံစားချက်​ကို ကျွန်တော်​တစ်ခါ​ကမှ ဟုတ္တိပတ္တိ​မဆွေးနွေး​ခဲ့​ဖူး​ဘူး” ဟု​ဆိုပါ​သည်။ ၎င်း​လူငယ်​သည် မိဘများ​၏​ကွာရှင်းမှု​နှင့်​ပတ်သက်​၍ ပြောဆို​ရာ​တွင်၊ အစပိုင်း​၌ ခံစားချက်​ကင်းမဲ့​သော်လည်း ပြော​ယင်း​ဆို​ယင်း​စိတ်​လှုပ်ရှား​လာ​သည်။ မျက်ရည်​စက်​လက်​ပင်​ဖြစ်လာ​သည်။ နှစ်​ရှည်​လ​များ​မြှုပ်နှံ​ခဲ့​သော ခံစားချက်​များ​ပွင့်အန်​လာတော့​သည်။ သူက ဤ​အဖြစ်ကို အံ့အားသင့်​စွာ​ဖြင့်​ဝန်ခံခဲ့​သည်– “ခုလို​ရင်ဖွင့်​လိုက်တာ တကယ်ပဲ​သက်သာ​သွားတယ်။”

သင့်​အနေ​နှင့်​လည်း သီးခြားနေ​မည့်​အစား၊ တစ်ယောက်ယောက်​ထံ​ရင်ဖွင့်​လျှင် အကျိုး​ရှိ၏။ သင့်​ခံစားချက်၊ သင့်​စိုးရိမ်မှု​နှင့်​သောက​များ​ကို မိဘများ​အားထုတ်​ဖော်​ပြောကြား​ပါ။ (သု. ၂၃:၂၆ နှိုင်းယှဉ်။) ဝါရင့်​ခရစ်ယာန်​များလည်း သင့်​အား​ကူညီ​နိုင်​သည်။ ဥပမာ၊ က​စ်​သည်​ကွာရှင်းမှု​ကြောင့် ကွဲ​ပြတ်​လျက်​နေသည့် မိမိ၏​အိမ်သား​များ​ထံ​မှ ဘာ​ထောက်မမှု​မျှ​မရနိုင်​ရှာ။ သို့သော်​အခြား​နေရာတွင်​ရခဲ့​ပေ​သည်။ က​စ်​က “ခရစ်ယာန်​အသင်းတော်ဟာ ကျွန်တော့်​ရဲ့​မိသားစု​ဖြစ်​ခဲ့​ပါ​တယ်” ဟု​ဆိုပါ​သည်။

အချုပ်​မှာ​သင်သည် “ပတ္ထနာ​စကား​ကို​နားထောင်​တော်​မူ​သော​ဘုရား” သင့်​ကောင်းကင်ဘုံ​ရှင်​ထံ ရင်ဖွင့်​နိုင်​ပေ​သည်။ (ဆာလံ ၆၅:၂) ပေါလု​အမည်​ရှိ​လူငယ်​တစ်ဦး​က မိမိ​မိဘများ​ကွာရှင်း​သည့်​ဒဏ်​မှ မည်သို့​သက်သာရာ​ရခဲ့ကြောင်း အောက်ပါ​အတိုင်း​ပြန်​ပြောပြ​သည်– “ကျွန်တော်​တစ်ချိန်​လုံး ဆုတောင်း​တယ်။ ယေဟောဝါ​ဟာ တကယ့်​ပုဂ္ဂိုလ်​တစ်ပါး​ပဲ​ဆိုပြီး ကျွန်တော်​ခံစား​မိတယ်။”

ဘဝ​ခရီး​ကို​ဆက်​ခြင်း

မိဘ​ကွဲ​ခဲ့​သည့်​နောက်၊ အခြေအနေ​များသည် အရင်​နှင့်​တူ​ချင်​မှ​တူ​တော့​မည်။ သို့​တ​စေ၊ သင့်​ဘဝ​သည်မ​သီး​မ​ပွင့်​နိုင်၊မပျော်​နိုင်​တော့​ဟူသော​သဘောမသက်ရောက်​ပါ။သမ္မာကျမ်းစာ​က“အားထုတ်ခြင်း​အရာ​မှာပျင်းရိခြင်း​မရှိ”နှင့်​ဟု​အကြံပေး​၏။ (ရောမ၁၂:၁၁) မှန်​ပေ​သည်။ကြေကွဲမှု၊နာကြည်းမှုသို့​မဟုတ်ဒေါသ​ကြောင့်​တန့်​နေ​မည့်​အစား၊ဘဝ​ခရီး​ကို​ဆက်​ပါ​လေ!ကျောင်းစာ​ကိုအာရုံစိုက်​၍​ကျက်​ပါ။ဝါသနာ​တစ်ခုခု​ကို​လိုက်စား​ပါ။“သခင့်​လုပ်ငန်းတော်​၌လုပ်စရာ​များစွာ”ရှိပါ။—၁ ကောရိန္သု၁၅:၅၈။

လုံ့လ၊ သန္နိဌာန်​နှင့်​အချိန်​လိုအပ်​သည်။ သို့သော်၊ အဆုံး​၌၊ သင့်​မိဘ​၏​ကွဲကွာ​မှု​သည် သင့်​ဘဝကို​စိုးမိုး​လျက် ရှိနေ​တော့​မည်​မဟုတ်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 11 သုတေသီ​ဝေါ​လ​စ​တိ​န်း​နှင့်​ကယ်လီ​တို့​က “အလေ့​လာ​ခံ [မိဘ​ကွဲကွာ​သော] ကလေး​ငါး​ပုံ​လေး​ပုံ​သည် မိဘများ​ထံ​မှ​လုံလောက်​သော ရှင်းလင်းချက်​ကို​မရ​ကြ​ကြောင်း၊ မိမိတို့​အား ဆက်လက်​ကြည့်ရှု​ကျွေးမွေး​မည်​ဟူသော စိတ်ချ​လောက်​သည့် မိဘ​၏​ကတိပြု​ချက်​ကိုလည်း မရ​ကြ​ကြောင်း၊ စင်စစ်​အားဖြင့်၊ တစ်နေ့​သော​နံနက်​အိပ်ရာ​မှ​နိုး​သောအခါ မိဘ​တစ်ပါး​ပျောက်​နေသည်​ကို တွေ့ကြ​ရ” ကြောင်း​စုံစမ်း​သိရှိ​ရသည်။

ဆွေးနွေး​ရန်​မေးခွန်းများ

◻မိဘများ ကွဲကွာ​ရခြင်း​၏​အကြောင်း​အချို့ကား အဘယ်နည်း။

◻မိဘများ​၎င်းနှင့်​ပတ်သက်ပြီး​ပြောဆို​ရန်​အဘယ်ကြောင့်​ဝန်​လေး​ကြ​သနည်း။ ၎င်းနှင့်​ပတ်သက်ပြီး မိဘများ​က​မပြော​ဆို​လိုလျှင် သင်​မည်သို့ပြု​နိုင်​သနည်း။

◻အတိတ်​၌​အတွေး​မြှုပ်​ပြီး​နေခြင်း သို့​မဟုတ် မိဘ​ပြန်ပေါင်း​ကြဖို့​စိတ်ကူးယဉ်​ခြင်း​သည် အဘယ်ကြောင့်​အဓိပ္ပာယ်မဲ့​သနည်း။

◻မိဘ​ကွဲ​ခြင်း​ဒဏ်​မှ​သက်သာ​လာဖို့ အကောင်းမြင်​သဘော​ပါ​သည့် အဘယ်​အလုပ်​မျိုး​လုပ်ကိုင်​နိုင်​သနည်း။

◻သင့်​မိဘများ​ပေါ်​ဒေါသ​ထွက်​လျှင် မည်သို့​ဖြေဖျောက်​နိုင်​သနည်း။

[စာမျက်နှာ ၃၆ ပါ​လေးထောင့်ကွက်]

‘မိဘ​ကွာရှင်းမှု​ကြောင့် ငါ့​ဘဝ​ပျက်သုဉ်း​ရတော့​မလား’

အချို့လူငယ်များသည် မိဘများ​ကွဲကွာ​မှု​ကြောင့်၊ မိမိတို့​ဘဝကို မိမိတို့​ဖျက်ဆီး​ကြသည်။ မဆင်မခြင်​ဆုံးဖြတ်ချက် ချ​တတ်ကြ​သည်။ ဥပမာ၊ ကျောင်းထွက်​လိုက်​သည်။ အချို့က​မူ၊ မိဘများ​ကွဲ​ရ​ကောင်းလား​ဆိုပြီး မိဘကို​ဒဏ်ခတ်​သည့်​အလား—ဆိုး​ချင်​တိုင်း​ဆိုး​ကာ မိမိတို့၏​မ​ကျေ​ချမ်း​မှု​နှင့် ဒေါသကို​ဖြေဖျောက်​ဖို့ ထွက်ပေါက်​ရှာ​တတ်ကြ​သည်။ ဒင်း​နီ​ဆို​သူက ယခင်​က​အဖြစ်​ဟောင်း​ကို ပြန်ပြောင်း​ပြောပြ​သည်– “ကျွန်တော့်​မိဘတွေ ကွဲ​ခဲ့​တဲ့​နောက်ပိုင်း၊ ကျွန်တော်​ဟာ ဝမ်းနည်း​ပက်လက်​ဖြစ်​ပြီး စိတ်ဓာတ်ကျ​ခဲ့တယ်။ အဲဒီ​အချိန်​က​စပြီး ကျောင်း​မှာ​ပြဿနာ​ဖြစ်​လာတယ်။ စာမေးပွဲ​လည်း တစ်နှစ်​ကျ​ခဲ့တယ်။ အဲဒီ​နောက်ပိုင်း​မှာ​တော့...အတန်း​ထဲမှာ လူ့​ဂွ​စာ​ဖြစ်​လာတယ်။ လူတွေနဲ့​ရန်​အဖြစ်​များ​လာတယ်။”

မိဘ​အား​အထိတ်တလန့်​ဖြစ်စေ​သော အပြု​အမူ​များ​ကို​ပြုမူခြင်း​ဖြင့် မိဘ​၏​အာရုံ​ကို​ဖမ်းဆွဲ​နိုင်​ကောင်း ဖမ်းဆွဲ​နိုင်​မည်။ သို့ရာတွင်၊ ဘာ​အရာရောက်​သနည်း။ တစ်​ပူ​ပေါ်​နှစ်​ပူ​ဆ​င့်​ရုံ​သာ​မဟုတ်ပေ​လော။ ဒဏ်​ခံရ​သော တစ်ဦးတည်း​သူ​ကား အမှား​လုပ်​သူ​သာ​တည်း။ (ဂလာတိ ၆:၇) သင့်​မိဘများ​ကိုယ်တိုင် ဝေဒနာ​ခံစား​နေကြ​ရ​ကြောင်း၊ သင့်​အား​ပစ်ထား​သည်​ဟု သင်​ထင်​ရ​သော်လည်း၊တကယ်​ရက်စက်​ကြ​ခြင်း​မဟုတ်​ကြောင်း နားလည်​ဖို့ကြိုးစား​ပါ။ ဒင်း​နီ​မိခင် ဝန်ခံ​ရှာ​သည်– “ကျွန်မ​တကယ်ပဲ​ကလေး​တွေ​ကို လျစ်လျူရှု​ထားခဲ့​တယ်။ ကျွန်မ​အမျိုးသားနဲ့ ကွဲ​ခဲ့​တဲ့​နောက်ပိုင်း၊ ကျွန်မ​ကိုယ်နှိုက်​ပစ်​စ​လက်​ခတ်​ဖြစ်​ခဲ့တယ်​လေ။ ကလေး​တွေ​ကို​ဘယ်လိုမှ မကြည့်​နိုင်​ခဲ့​ဘူး။ ”

သမ္မာကျမ်းစာ​က ဟေဗြဲ ၁၂:၁၃ ၌​အကြံပေး​၏– “ခြေမစွမ်း​သော​သူတို့သည် အဆစ်​မ​ပြုတ်...စေခြင်း​ငှာ၊...ဖြောင့်သော​လမ်း​တို့ကို​ပြင်ဆင်​ကြလော့။” မိဘ​ဆုံးမမှု​မရ​လင့်​ကစား၊ ဆိုး​ရန်၊ တေရ​န်​အကြောင်း​မဟုတ်။ (ယာကုပ် ၄:၁၇) ကိုယ့်​လုပ်ရပ်​အတွက် ကိုယ်တိုင်​တာဝန်​ယူပါ။ ကိုယ့်​ကိုယ်ကို ဆုံးမ​ပါ။—၁ ကောရိန္သု ၉:၂၇

မဆင်မခြင်​ဆုံးဖြတ်ချက်​ချ​ခြင်း (ဥပမာ၊ အိမ်မှဆင်း​သွားခြင်း) လည်း​မပြု​နှင့်။ “ပညာသတိ​ရှိသောသူ​မူ​ကား၊ မိမိ​သွားရာလမ်းကို​စေ့စေ့​ကြည့်ရှု​တတ်၏။” (သု. ၁၄:၁၅) သင့်​မိဘများ​လောလောဆယ် သင့်​စကား​ကို​နား​မဝင်နိုင်​လောက်​အောင် စိတ်​ပျံ့လွင့်​နေလျှင်၊ သင့်​ထက်​အသက်ကြီး​သော မိတ်ဆွေ​တစ်ဦးဦး​နှင့်​တိုင်ပင်​ပါ။

ထို​မျှ​မ​က၊ သင်သည် နောင်ရေး​အတွက် တွေးပူ​စ​ရာ​များစွာ ရှိ​ကောင်း​ရှိ​မည်။ သင့်​မိဘတို့​အိမ်ထောင်ပျက်​ပြား​ခဲ့​သဖြင့်၊ မိမိ၏​အိမ်ထောင်ရေး​လည်း အောင်မြင်​ပါ့​မလား​ဆိုပြီး ကြောင့်ကြ​မိ​ပေမည်။ ဝမ်းသာစရာ​ကား အိမ်ထောင်​မသာယာမှု​သည်​မှည့်​ခြောက်​ကဲ့သို့ မွေးရာပါ​အမွေအနှစ်​မဟုတ်။ သင်သည်​သီးခြား​ပုဂ္ဂိုလ်​တစ်ဦး​ဖြစ်​ပြီး သင့်​အိမ်ထောင်ရေး​အောင်မြင်မှု​သည် မိဘများ​၏​ကျရှုံး​မှု​ပေါ်​မူ​မတည်၊ သင်​နှင့်​သင့်​အိမ်ထောင်ဖက် ဘုရားသခင့်​နှုတ်ကပါဌ်တော်​ကို မည်သည့်​အတိုင်းအတာ​အထိ လက်တွေ့​ကျင့်သုံး​သည်​ဟူသော​အချက်​ပေါ် အခြေပြု​သည်။

ထို့​ပြင်​တစ်ချိန်က​သင်​အမှုမဲ့၊ အမှတ်မဲ့​ထားခဲ့​သည့်​အရာများ—စား​ဝတ်​နေ​ရေး​နှင့် ငွေ​ရေး​ကြေး​ရေး​အတွက်​လည်း ယခု​မှ​စ၍ ပူပန်​ရ​ကောင်း​ပူပန်​ရတော့မည်။ သို့သော်၊ များသောအားဖြင့် မိဘများသည် မိမိတို့​ချင်း​ကွာရှင်း​သည့်​နောက် ကလေး​များ​ကို​ဆက်လက်​ကျွေးမွေး​ဖို့ အစီအစဉ်​ပြုလုပ်​ထား​လေ့​ရှိသည်။ မိခင်​ဖြစ်သူ အလုပ်ရှာ​လုပ်​၍​ပင် ကလေး​များ​ကို​ကျွေးမွေး​ကြ​ပေ​သည်။ သို့ပင်​ငြား​လည်း၊ ကွာရှင်းမှု​မုန်တိုင်း​ဒဏ်​ကို ကပ်ကျော်​ခြင်း အမည်​ရှိ​စာအုပ်​က ပွင့်လင်း​စွာ​သတိပေး​၏– “ယခင်​က တစ်အိမ်​ထောင်​ကို​သာ ကျွေး​ရသော​ဝင်ငွေ​သည် ယခု​သော်​နှစ်​အိမ်ထောင်​ကို ကျွေး​ရတော့မည်​ဖြစ်​ရ​ကား၊ အိမ်သား​တစ်ဦးစီ၏​လူနေမှု​အဆင့် ကျဆင်း​ရ​ချေ​မည်။”

ထို့​ကြောင့်၊ အဝတ်​သစ်​အစား​သစ်​စ​သော၊ ယခင်​က​စံစား​ခံစား​ခဲ့​သည့် ဥစ္စာ​ပစ္စည်း​များ ကင်းဝေး​သည့်​ဘဝမျိုး​နှင့်​နေသားကျ​အောင် နေရ​ချေ​မည်။ သို့သော်​သမ္မာကျမ်းစာ​က အောက်ပါ​အချက်​ကို သတိ​ရစေသည်– “ငါ​တို့သည်​လောက​ထဲ​သို့ အဘယ်အရာမျှ​မပါဘဲ​လာ​သည်​ဖြစ်၍၊ ထွက်သွား​လျှင်​လည်း၊ အဘယ်အရာကို​မျှ​ယူ၍​မသွား​နိုင်။” (၁ တိမောသေ ၆:၇၊ ၈) သင့်​အနေ​နှင့် မိသားစု​ဘတ်ဂျက်​အသစ်​ဆွဲ​ရာ​၌ အထောက်အကူ​ပင်​ပြု​နိုင်​ပေ​သည်။ ယေဟောဝါ​သည် “မိဘ​မရှိသော​သူတို့၏​အဘ” ဖြစ်​ကြောင်းကို​လည်း​မမေ့​ပါ​နှင့်။ (ဆာလံ ၆၈:၅) သင့်​လိုအပ်ရာ​အလုံးစုံ​ကို ထောက်မ​တော်​မူ​မည်။

ယေရမိ​ဤသို့​ဆို​၏– “လူသည်​အသက်​ပျိုစဉ်အခါ ထမ်းပိုး​ကို​ထမ်း[ဖို့]ကောင်း​၏။” (ယေရမိ​မြည်တမ်း၃:၂၇) မိ​တ​ကွဲ​ဘ​တ​ကွဲ​ဖြစ်သည်​ကို မြင်ရ​သည်​မှာ “ကောင်း” သည်​ဟု​မဆို​နိုင်​သော်လည်း၊ အဆိုးကို​သင့်​အဖို့​အကောင်း​ဖြစ်​လာအောင် ဖန်တီး​နိုင်​ပေ​သည်။

သုတေသီ​ဂျူးဒစ်​ဝေါ​လ​စ​တိ​န်း ဤသို့​သုံးသပ်ပါ​သည်– “[အိမ်ထောင်​ပြိုကွဲ​သူတို့၏ ကလေး​များ] အိမ်ထောင်ရေး​ပြဿနာ​၏ ထိပါးမှု​ဒဏ်​ကြောင့်၊ စိတ်​လှုပ်ရှားမှု​နှင့် အသိဉာဏ်​ဘက်​ရင့်ကျက်ခြင်း​သည် မှတ်သားဖွယ်​ဖြစ်သည်​သာမက၊ သနားစရာ​ကောင်းသော​အခါ​များလည်း​ရှိသည်။ သက်​ငယ်​တို့သည်...မိမိတို့​မိဘများ​၏​အတွေ့အကြုံကို လေးလေးနက်နက်​ဆင်ခြင်​ပြီး မိမိတို့​နောင်ရေး​အတွက် သင်ခန်းစာများ ရယူ​တတ်ကြ​ပေ​သည်။ သူတို့​လေး​သည် မိဘများ ပြု​ခဲ့​ကြသော​အမှား​များ​ကို မိမိတို့​ထပ်​မ​လုပ်မိ​ကြ​ရန် နည်းလမ်း​ရှာကြံ​တတ်ကြ​ပေ​သည်။”

သင့်​မိဘတို့​၏​ကွာရှင်း​ခြင်း​သည် သင့်​ဘဝတွင် အမှတ်အသား​တစ်ခု​အဖြစ် ထင်ကျန်​ခဲ့​မည်​မှာ​မလွဲ​ပါ။ သို့​ဆို​သော်လည်း ၎င်း​သည်​မှေးမှိန်​သွားသော အနာ​ရွတ်​ဖြစ်​မည်​လော၊ ပြည်တည်နာ​ဖြစ်နေ​မည်​လော။ သင့်​အပေါ်​များစွာ​မူတည်​ပေ​သည်။

[စာမျက်နှာ ၃၅ ပါ​ရုပ်ပုံ]

မိဘတို့​၏​အိမ်ထောင်ရေး​ပြိုကွဲ​သည်ကို မြင်ရ​သည်​မှာ နာကြည်းဖွယ်​အကောင်းဆုံး​သော တွေ့ကြုံ​မှု​မျိုး​ဖြစ်​နိုင်​သည်

[စာမျက်နှာ ၃၈ ပါ​ရုပ်ပုံ]

ယခင်​ဘဝ​နှောင်း​ဖြစ်​ကို​လွမ်း​နေလျှင် အ​ဆွေး​သာ​အဖတ်တင်​မည်