မိဘတွေဘာကြောင့် ငါ့ကိုနားမလည်တာလဲ
အခန်း ၂
မိဘတွေဘာကြောင့် ငါ့ကိုနားမလည်တာလဲ
မိမိအပေါ် သူတစ်ပါးနားလည်မှုရှိစေချင်သည်မှာ လူ့ဓမ္မတာပါပေ။ သို့ဖြစ်၍၊ သင်မြတ်နိုးသည့်အရာ၊ အရေးကြီးပါသည်ဟု ယူမှတ်သောအရာများကို ဝေဖန်လျှင်ဖြစ်စေ—အရေးမစိုက်ဘဲနေလျှင်ဖြစ်စေ—သင်စိတ်အပျက်ကြီးပျက်မိပေမည်။
ဆယ့်ခြောက်နှစ်အရွယ်ရောဘတ်သည်၊မိမိကြိုက်နှစ်သက်သောတေးသီချင်းအမျိုးအစားနှင့်ပတ်သက်ပြီးဖေဖေကနားလည်မှုမသုံးဟုခံစားရ၏။ရောဘတ်ကသူ့ဖေဖေနှင့်ပတ်သက်၍ဤသို့ဆို၏၊“‘မင်းသီချင်းကိုပိတ်ပစ်လိုက်!’ဆိုပြီးတအော်ထဲအော်၊တငေါက်ထဲငေါက်နေတာပဲ။ဒါကြောင့်ကျွန်တော်သီချင်းကိုကော၊သူ့ကိုပါတစ်ခါထဲပိတ်ပစ်လိုက်တာပဲ။”အခြားလူငယ်များလည်းရောဘတ်နည်းတူ၊မိဘများ၏နားလည်မှုကိုမရသောအခါ၊စိတ်ပိုင်းအားဖြင့်မိမိတို့၏သီးခြားကမ္ဘာအတွင်း၌အောင်းပြီးနေလိုက်ကြတော့သည်။လူငယ်ဆိုင်ရာကျယ်ပြန့်သောသုတေသနပြုချက်အရ၊မေးမြန်းခံလူငယ်၂၆ ရာခိုင်နှုန်းက“ကျွန်တော်အတတ်နိုင်ဆုံးအိမ်မကပ်ဘဲနေတာများတယ်”ဟုဝန်ခံကြသည်။
မြင်သည့်အတိုင်း၊အိမ်များစွာတို့တွင်၊ပျိုရွယ်သူများနှင့်သူတို့၏မိဘများစပ်ကြားဧရာမချောက်ကမ်းပါးခြားနေသည့်အလားရှိသည်။အဘယ်အကြောင်းရင်းကြောင့်နည်း။
“အစွမ်းသတ္တိ” နှင့် “ဖြူသောဆံပင်” တို့စပ်ကြားလွန်ဆွဲပွဲ
နယပုံပြင်၂၀:၂၉၌“လူပျို၏ဘုန်းကားအစွမ်းသတ္တိ” ဟုဆို၏။ သို့ရာတွင်အင်အားသို့မဟုတ် “အစွမ်းသတ္တိ” ကြောင့်၊ သင်နှင့်သင့်မိဘများအကြား အမျိုးမျိုးသောတိုက်ပွဲပေါက်ဖွားနိုင်သည်။ နယပုံပြင်က “လူအို၏ဂုဏ်အသရေကား ဖြူသောဆံပင်” ဟုဆက်၍ဆို၏။ သင့်မိဘများစာသားအတိုင်း ‘ဆံပင်ဖြူ’ ချင်မှဖြူမည်။ သို့တစေ၊ သင့်ထက်အသက်ကြီး၍ သင်နှင့်လည်းဘဝအမြင်ချင်းမတူပါ။ ဘဝဖြစ်ရပ်တိုင်းပျော်ပျော်နှင့် ဇာတ်သိမ်းသည်ချည်းမဟုတ်ကြောင်း သူတို့သဘောပေါက်ထားကြသည်။ ဘဝမုန်တိုင်းကို ခါးခါးသီးသီး ရင်ဆိုင်တိုးဝှေ့ခဲ့ပြီဖြစ်၍ ယခင်လူငယ်ဘဝကလောက် စိတ်ကူးယဉ်မဆန်လှတော့ချေ။ ဘဝအတွေ့အကြုံမှ ပေါက်ဖွားလာသောဤအသိတရား—“ဖြူသောဆံပင်” ရှိသောကြောင့် အချို့ကိစ္စများနှင့်ပတ်သက်၍ သင်လောက်စိတ်တက်ကြွချင်မှတက်ကြွမည်။
ငယ်ရွယ်သောဂျင်မီကဆိုသည်–“ကျွန်တော့်မိဘများဟာငယ်စဉ်အခါစီးပွားရေးကျဆင်းတဲ့ခေတ်နဲ့တိုးခဲ့ဘူးတဲ့အတွက်၊
ငွေကိုအရေးကြီးတဲ့ပစ္စည်းတွေဝယ်ဖို့၊မသုံးမဖြစ်တဲ့နေရာမှာသာသုံးစွဲဖို့စုဆောင်းချွေတာရမယ်ဆိုပြီးမှတ်ကြတာပဲ။ဒါပေမဲ့ကျွန်တော်လည်းလောလောလတ်လတ်အသက်ရှင်နေတဲ့လူတစ်ယောက်ပဲဗျာ။...ကျွန်တော်အပျော်ခရီးထွက်တဲ့ဝါသနာကကြီးတယ်ဗျ။” မှန်လှပေသည်၊လူငယ့်“အစွမ်း”နှင့်မိဘတို့၏“ဖြူသောဆံပင်”စပ်ကြားဧရာမချောက်ကမ်းပါးကြီးခြားလျက်ရှိပါသည်။သို့နှင့်၊ဝတ်စားဆင်ယင်ဖြီးလိမ်းပုံ၊လိင်ခြားသူနှင့်ဆက်ဆံပုံ၊မူးယစ်ဆေးဝါးနှင့်အရက်သုံးစွဲမှု၊ညအိမ်ပြန်ရမည့်အချိန်၊အပေါင်းအသင်း၊အိမ်အလုပ်စသည်စသည်တို့နှင့်ပတ်သက်၍အိမ်ထောင်များစွာသည်ခါးခါးသီးသီးစိတ်ဝမ်းကွဲလျက်ရှိကြသည်။သို့သော်ဤလူမျိုးဆက်ကွာဟမှုအတွက်ပေါင်းကူးတံတားခင်းပေးနိုင်ပါသည်။သို့တစေ၊သင့်မိဘများသင့်အပေါ်နားလည်မှုသုံးဖို့မမျှော်လင့်မီ၊သင်ကိုယ်တိုင်သူတို့အပေါ်ဦးစွာနားလည်မှုသုံးရမည်ဖြစ်သည်။မိဘများလည်းမနုဿလူသားပါ
“ကျွန်တော်ငယ်စဉ်တုန်းက၊ မေမေ့ကို ‘စုံလင်’ တယ်၊ ကျွန်တော့်လိုအားနည်းချက်နဲ့ ခံစားချက်တွေမရှိဘူးလို့ဘဲ ကလေးပီပီမှတ်ယူခဲ့တာပဲ။” ဂျွန်ကဆိုပါသည်။ နောက်ပိုင်း၌ မိဘနှစ်ပါးကွာရှင်းသဖြင့် မေမေတစ်ဦးတည်း သားသမီးခုနစ်ယောက်ကို ပြုစုကျွေးမွေးလာရရှာသည်။ ဂျွန်၏ညီမဧပြီက ဤသို့နှောင်းဖြစ်ကို ပြန်ဆိုပါသည်–“မေမေတစ်ယောက် အလုပ်မနိုင်မနင်းဖြစ်ပြီး စိတ်ပျက်ပျက်နဲ့ငိုတာကို ကျွန်မမြင်ယောင်မိတယ်။ ဒီတော့မှ ကျွန်မတို့အမြင်မှားမှန်းသိလာကြတယ်။ သူ့ခမျာ၊ ဘာမဆိုအချိန်မှန်၊ နည်းမှန်နဲ့လုပ်နိုင်ရမယ်ဆိုတာ ဘယ်ဖြစ်နိုင်ပါ့မလဲ။ သူလည်းခံစားချက်ရှိတဲ့လူသားပဲဟာ။”
မိဘများလည်း သင့်ကဲ့သို့ပင် ခံစားချက်ကိုယ်စီနှင့် သာမန်လူသားမျှသာဖြစ်သည်ဟု သဘောပေါက်လျှင်၊ သင်သူတို့အပေါ် နားလည်မှုသုံးတတ်ခြင်း၏ ခြေလှမ်းကြီးတစ်လှမ်းပင်ဖြစ်ပေသည်။ ဥပမာ၊ သင့်ကိုလူလားမြောက်အောင်မှ ကျွေးမွေးနိုင်ပါစ ဆိုပြီးမိမိတို့၏အစွမ်းကို သံသယဖြစ်ချင်လည်းဖြစ်ကြရှာမည်။ သို့တည်းမဟုတ်၊ သင်ရင်ဆိုင်ရသောစာရိတ္တဆိုင်ရာအန္တရာယ်များ၊ သွေးဆောင်မှုများကို တွေးကြောက်လွန်းသဖြင့် တစ်ခါတစ်ရံ တစ်ဆိတ်ကိုတစ်အိတ် လုပ်မိမည်မှာလည်း မဆန်းပါ။ ခန္ဓာ၊ ငွေကြေး၊ စိတ်လှုပ်ရှားမှုစသည့်ဘက်တွင်လည်း အခက်အခဲနှင့်လုံးပန်းလျက် နေချင်လည်းနေမည်။ သာဓကအားဖြင့်၊ ဖခင်တစ်ဦး မိမိအလုပ်အကိုင်ကို ရွံမုန်းနေရာ၊ ကလေးက “ကျောင်းဒဏ်မခံနိုင်ဘူး” ဟုဆိုလာလျှင်၊ ဖခင်လည်းကိုယ်ချင်းစာနာမည့်အစား၊ “ဘာဖြစ်တာလဲကွ။ မင်းတို့ကောင်တွေ ဒီလောက်ဇိမ်ကျနေတာတောင်မှ မကျေနပ်သေးဘူးလား!” ဆိုပြီးပြန်ဟောက်ထည့်လိုက်မည်။ အဆန်းမဟုတ်။
“သူ့အမှုအရာကို” ရှုမှတ်လော့
သို့ဖြစ်လျှင် သင့်မိဘခံစားချက်ကို မည်သို့သိနိုင်မည်နည်း။ “ကိုယ်အမှုအရာကိုသာ မရှုမှတ်ဘဲ သူ့အမှုအရာကို အချင်းချင်းရှုမှတ်” ခြင်းဖြင့်ဖြစ်သည်။ (ဖိလိပ္ပိ ၂:၄) သင့်မိခင်အား ဆယ်ကျော်သက်အရွယ်တုန်းက ဘယ်လိုနေသလဲ၊ ဘယ်လိုခံစားချက်၊ ဘာပန်းတိုင်ရှိခဲ့သလဲ၊ မေးကြည့်ပါ။ ဆယ်ကျော်သက်မဂ္ဂဇင်းက ဤသို့ဆိုသည်၊ “သင့်မိခင်ကသင်သည် သူ့ခံစားချက်၏ အကြောင်းရင်းပေါ်စိတ်ဝင်စားပြီး အမှုထားပါလားဟု သဘောသက်ဝင်လာလျှင်၊ သူလည်းသင့်ခံစားချက်ကို အရေးပေးလာဖို့ အလားအလာများပေသည်။” သင့်ဖခင်လည်း ထို့နည်းတူဖြစ်မည်မလွဲပါ။
ပဋိပက္ခဖြစ်သောအခါ၊ စိတ်ထိခိုက်လွယ်လှချည်လားဆိုပြီး မိဘကိုအဆောတလျင်အပြစ်မတင်လိုက်ပါနှင့်။ ကိုယ့်ကိုယ်ကိုမေးပါ။ ‘မေမေ (ဖေဖေ) နေမကောင်းလို့လား။ တစ်ခုခုအတွက်စိတ်ပူနေလို့ပဲလား။ ငါ့မဆင်မခြင်စကား၊ အပြုအမူကြောင့် စိတ်ထိခိုက်သွားတာများလား။ ငါ့ကိုပဲအထင်လွဲတာလား။’ (သု. ၁၂:၁၈) ဤသို့သော ကိုယ်ချင်းစာနာမှုသည်ပင် လူမျိုးဆက်ကွာဟမှုအတွက် ပေါင်းကူးတံတားခင်းခြင်း၏ နိဒါန်းကောင်းတည်း။ ယခု၊ သင်သည် သင့်မိဘများသင့်အပေါ် နားလည်လာအောင်ပြုလုပ်နိုင်ပေပြီ! သို့ရာတွင်လူငယ်များစွာ အခြေအနေကို လွန်စွာခက်အောင်ဖန်တီးကြသည်။ မည်သည့်နည်းဖြင့်နည်း။
နှစ်ဘဝစံခြင်း
ဆယ့်ခုနစ်နှစ်အရွယ်ဗစ်ကီသည် နှစ်ဘဝစံသူဖြစ်၏။ မိဘသဘောနှင့် လားလားကြီးဆန့်ကျင်လျက် ယောက်ျားကလေးတစ်ယောက်နှင့် တိတ်တိတ်ပုန်းရည်းစားထားသည်။
၎င်းယောက်ျားကလေးနှင့်ပတ်သက်သော မိမိ၏ခံစားချက်ကို မိဘများနားလည်နိုင်မည်မဟုတ်ဟု တထစ်ချမှတ်ယူသည်။ သို့နှင့်သူနှင့်မိဘများအကြား ကွာဟမှုကျယ်သည်ထက်ကျယ်လာသည်။ “တစ်ယောက်ကိုတစ်ယောက် စိတ်ညစ်အောင်သာလုပ်ကြပါတယ်” ဟုဗစ်ကီကဆိုပါသည်။ “ကျွန်မအိမ်ပြန်ရမှာကိုရွံမုန်းမိတယ်။” အိမ်ထောင်ပြုလိုက်မည်ဆိုပြီး ဆုံးဖြတ်သည်—အိမ်နှင့်ဝေးလျှင်ပြီးရောဆိုသည့် သဘောပင်!သက်ငယ်တော်တော်များများအလားတူပင်ရှေ့တစ်မျိုးနောက်တစ်ဖုံ၊နှစ်ဘဝစံကြသည်—မိဘများတားမြစ်ရာကိုတိတ်တိတ်ပုန်းလုပ်ကြသည်—ပြီးတော့၊မိဘများ‘မိမိတို့အပေါ်နားလည်မှုမရှိ’ဟုညည်း၏။ဝမ်းသာစရာကား၊ဗစ်ကီထက်အရွယ်ကြီးသောခရစ်ယာန်အမျိုးသမီးတစ်ဦးကဗစ်ကီအားအမြင်မှန်ရစေခဲ့သည်။ထိုအမျိုးသမီးကဗစ်ကီအားဤသို့ဖျောင်းဖျသည်–“ဗစ်ကီ၊မင်းမိဘဘက်ကလဲစဉ်းစားပါအုံး...မင်းကိုကြီးပြင်းလာအောင်ပြုစုလာခဲ့ကြတယ်။မင်းအပေါ်၁၇နှစ်တိုင်မေတ္တာပုံအပ်ပြီးချစ်ခဲ့ကြတဲ့မိဘတွေနဲ့တောင်ပြေပြစ်အောင်မဆက်ဆံနိုင်ဘူးဆိုရင်၊မင်းအပေါ်အဲဒီလောက်မေတ္တာမရှိသေးတဲ့ရွယ်တူတစ်ယောက်ကိုဘယ်လိုလုပ်ပြီး ပေါင်းနိုင်မလဲဗစ်ကီရာ။”
ဗစ်ကီမိမိကိုယ်ကိုရိုးသားစွာသုံးသပ်ကြည့်မိသည်။မကြာမီပင်၊မိဘများမှန်ကန်ပြီးမိမိ၏နှလုံးကသာမှားကြောင်းသိမြင်လာသည်။သို့နှင့်ရည်းစားကိုအဆက်ဖြတ်ကာမိဘနှင့်ပြန်လည်သင့်မြတ်အောင်စတင်လုပ်ဆောင်လေသည်။အကယ်၍သင်လည်းအရေးပါသောဘဝအစိတ်အပိုင်းတစ်ခုကိုမိဘမမြင်အောင်လျှိုထားပါကမိဘများအပေါ်ရိုးသားစွာဆက်ဆံရန်အချိန်တန်ပြီမဟုတ်ပေလော။—“မိဘကိုဘယ်လိုလုပ်ပြီးရင်ဖွင့်ရပါ့မလဲ” ကြားညှပ်ကိုရှု။
အချိန်ယူ၍ပြောပါဆိုပါ
‘ဖေဖေနဲ့အတူနေခဲ့သမျှ အချိန်တစ်လျှောက်၊ အပျော်ဆုံးအချိန်ပါပဲ!’ ဂျွန်သည်ဖခင်နှင့်အတူခရီးထွက်ခဲ့သည့်အချိန်ကို ပြန်ပြောနေခြင်းဖြစ်သည်။ “ကျွန်တော့်ဘဝတစ်လျှောက်၊ တစ်ခါမှဖေဖေနဲ့အတူ၊ နှစ်ယောက်ထဲခြောက်နာရီတိုင်တိုင် ရင်းရင်းနှီးနှီးမပေါင်းသင်းခဲ့ဖူးဘူး။ ခုတစ်ခါမှာတော့၊ အသွားခြောက်နာရီ၊ အပြန်ခြောက်နာရီ။ ကားရေဒီယိုကိုလဲ မဖွင့်ဘဲမောင်းခဲ့တယ်။ စကားဖောင်လိုက်တာဗျာ။ ခုမှတစ်ယောက်ကိုတစ်ယောက် ဓာတ်သိလာသလိုပါပဲ။ ဖေဖေဟာ ကျွန်တော်ထင်တာထက်ပိုသာတယ်။ ကျွန်တော်တို့နှစ်ယောက်ကို တကယ့်မိတ်ဆွေဖြစ်စေတယ်။” သင်လည်းဖေဖေမေမေနှင့် စကားဖောင်ဖောင်ပြောကြည့်ပါလေ—မှန်မှန်ဤသို့ ပြုစမ်းကြည့်ပါ။
အခြားသော လူကြီးများနှင့်မိတ်ဖွဲ့လျှင်လည်း အကူအညီဖြစ်၏။ ဗစ်ကီဤသို့ ဇာတ်ကြောင်းပြန်ပါသည်– “ကျွန်မဟာ လူကြီးတွေနဲ့တရင်းတနှီးလုံးဝမရှိခဲ့ဘူး။
ဒါပေမဲ့နောက်ပိုင်းမှာ မိဘကတခြားလူကြီးတွေနဲ့ သွားလာပေါင်းသင်းတဲ့အခါများမှာ၊ သူတို့နောက်တကောက်ကောက်လိုက်ဖြစ်အောင်လိုက်တာပဲ။ ကြာလာတော့ ကျွန်မလည်းကျွန်မမိဘအရွယ်၊ လူကြီးတွေနဲ့မိတ်ဆွေတွေဘာတွေတောင် ဖြစ်လာတာပေါ့။ ဒီတော့လည်းကျွန်မရဲ့အမြော်အမြင် ပြည့်ဝလာတာပေါ့။ မိဘတွေနဲ့ အပြန်အလှန်စကားပြောဖို့လွယ်လာတယ်။ မိသားစုရဲ့ စိတ်နေစိတ်ထားလည်း သိသိသာသာကြီးတိုးတက်ခဲ့တယ်။”ရွယ်တူမြီးကောင်ပေါက်တို့နှင့်သာ သွားလာပါက ဘဝအမြော်အမြင်သေးသွယ်ကျဉ်းမြောင်းတတ်ပြီး၊ သက်ကြီးဝါရင့်တို့နှင့်ပေါင်းသင်းလျှင်မူ ထိုအဖြစ်မျိုးမရောက်အောင်ရှောင်ရှားနိုင်ပေသည်။—သု. ၁၃:၂၀။ ခံစားချက်ကိုရင်ဖွင့်ပါ
“ကျွန်ုပ်သည်နှလုံးထဲမှ ဖြောင့်တန်းစွာပြောပါသည်။ နှုတ်ခမ်းဖျားမှလာသည့် အသိအမြင်ကို ရိုးရိုးသားသားမြွက်ဆိုပါသည်” ဟူ၍ငယ်ရွယ်သူဧလိဟုကဆို၏။ (ယောဘ ၃၃:၃၊ ဝီလျမ်ဘက်၏ ယနေ့ဘာသာစကားဖြင့်ပြန်ဆိုသော သမ္မာကျမ်းစာ) သင်သည်ဝတ်စားပုံ၊ ညအိမ်ပြန်ချိန် သို့မဟုတ် တေးသီချင်းစသည်တို့နှင့်ပတ်သက်၍ သင့်မိဘများနှင့်သဘောချင်း ကွဲလွဲသောအခါ၊ ဤနည်းဤပုံဖြင့်ပင် ပြောဆိုပါသလော။
လူငယ်ဂရက်ဂိုရီကမိခင်ဖြစ်သူသည်လုံးဝဆင်ခြင်တုံတရားကင်းသူဖြစ်သည်ဟုယူမှတ်သည်။ဖြစ်နိုင်သ၍အိမ်မပြန်ဘဲနေခြင်းဖြင့်မိမိနှင့်မိခင်စပ်ကြားဖြစ်ပွားသောအကြိတ်အနယ်ငြင်းခုံမှုကိုဖြေရှင်း၏။သို့သော်နောက်ပိုင်း၌၊အချို့ခရစ်ယာန်အကြီးအကဲများ၏အကြံပေးချက်ကိုကျင့်သုံးလေသည်။သူဤသို့ဆိုသည်၊“ကျွန်တော်မေမေ့ရှေ့ကျွန်တော့်ရဲ့ ခံစားချက်ကိုထုတ်ဖော်ပါတယ်။မေမေသိပြီးသားဆိုပြီးနေလိုက်မဲ့အစား၊သူ့ကိုရင်ဖွင့်ပြီးကျွန်တော်ဘာအတွက်ဘာကိုလုပ်ချင်ရတဲ့အကြောင်းရှင်းပြပါတယ်။မကြာခဏ၊ကျွန်တော့်နှလုံးထဲကခံစားချက်ရှိသမျှကိုအိတ်သွန်ဖာမှောက်ရင်ဖွင့်ပါတယ်။ကျွန်တော်မဟုတ်မဟပ်တာတွေလုပ်ချင်တာမဟုတ်ကြောင်းမေမေကျွန်တော့်ကိုကလေးလိုဆက်ဆံတဲ့အတွက်ဘယ်လောက်စိတ်မကျေမချမ်းဖြစ်ရကြောင်းရှင်းလင်းတင်ပြပါတယ်။အဲဒီနောက်တော့၊မေမေကျွန်တော့်ပေါ်တစစနားလည်မှုရှိလာတယ်။အခြေအနေလည်းအရင်ထက်အများကြီးကောင်းလာတယ်။”
သင်လည်း ‘နှလုံးထဲမှဖြောင့်တန်းစွာပြော’ ခြင်းဖြင့် အထင်လွဲမှုများစွာကို ဖြေရှင်းနိုင်ကြောင်းတွေ့ရပေမည်။
သဘောကွဲလွဲမှုများကို ကိုင်တွယ်ဖြေရှင်းခြင်း
သု. ၂၉:၁၁၊ ကဘ) အေးငြိမ်းစွာသင့်အမြင်၏တန်ဖိုးကို ဆွေးနွေးတင်ပြပါ။ “လူတိုင်းလုပ်တဲ့ဟာ၊ ဘာကြောင့်ငါမလုပ်ရဘူးလဲ” ဟုငြင်းနေမည့်အစား ဆိုင်ရာပြဿနာကိုသာ အဓိကထားဆွေးနွေးပါ။
သင်ရင်ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် သင့်မိဘများသင့်အမြင်ကို ချက်ချင်းလက်ခံလာမည်ဟူ၍ကား မဆိုလို။ ထို့ကြောင့်စိတ်ကို ထိန်းချုပ်ထားရမည်။ “ဉာဏ်မဲ့သူသည်စိတ် [စိတ်လှုံဆော်မှု] ရှိသ၍သွန်မှောက်တတ်သည်။ ဉာဏ်ရှိသူမူ ၎င်းကိုအဆုံးတိုင် ငြိမ်အောင်ထား၏။” (တစ်ခါတစ်ရံမိဘကမရဟုဆိုမည်။ သို့ရာတွင် သင့်အပေါ်နားလည်မှုမသုံးဟူသော အဓိပ္ပာယ်မသက်ရောက်ပါ။ အန္တရာယ်ကိုကြိုတင်ကာကွယ်ခြင်းသာ ဖြစ်ပေမည်။ ၁၆နှစ်အရွယ်မိန်းကလေးတစ်ဦးက“မေမေကျွန်မအပေါ်အတော်ကြပ်မတ်တယ်။ ဘာမလုပ်ရဘူး၊ညာမလုပ်ရဘူး၊ဘယ်အချိန်အိမ်ပြန်ရမယ်ဆိုပြီးအမိန့်ပေးတယ်။ကျွန်မစိတ်အနှောင့်အယှက်ဖြစ်မိတယ်။ ဒါပေမဲ့၊ သူ့စိတ်ထဲမှာကျွန်မကိုတကယ်ပဲအရေးတယူထားပါတယ်။...ကျွန်မကိုစိတ်တပူပူနဲ့စောင့်ရှောက်ပြုစုပါတယ်” ဟုဝန်ခံသည်။
နှစ်ဦးနှစ်ဘက် နားလည်မှုရှိရာက ပေါက်ဖွားလာသောစိတ်လုံခြုံမှုနှင့် ချစ်ခင်ကြင်နာမှုကား စကားဖြင့်သရုပ်မဖော်နိုင်လောက်အောင်ပင်။ ဤသို့သောအိမ်သည် ဆင်းရဲကာလအတွင်းခိုအောင်းရာဖြစ်၏။ သို့သော်၊ လူတိုင်းလုံ့လစိုက်မှသာတည်း။
ဆွေးနွေးရန်မေးခွန်းများ
◻အဘယ်ကြောင့်လူငယ်များနှင့် မိဘများမကြာမကြာ အငြင်းပွားကြသနည်း။
◻မိဘများအပေါ်ပို၍ နားလည်မှုရှိခြင်းဖြင့် သူတို့အပေါ်ထားရှိသောသင့်အမြင်ကို မည်သို့ပြောင်းလဲစေနိုင်သနည်း။
◻မိဘများကိုပို၍နားလည်နိုင်ရန် မည်သို့ပြုနိုင်သနည်း။
◻နှစ်ဘဝစံခြင်းသည် အဘယ်ကြောင့်သင်နှင့်မိဘစပ်ကြား ချောက်ကမ်းပါးကိုသာ၍နက်ရှိုင်းစေသနည်း။
◻ကြီးလေးသောပြဿနာနှင့် ရင်ဆိုင်ရသောအခါ မိဘအားအသိပေးခြင်းသည် အဘယ်ကြောင့်အကောင်းဆုံးဖြစ်သနည်း။ မိဘထံမည်သို့ ရင်ဖွင့်နိုင်သနည်း။
◻မိဘများသင့်ကို ပို၍နားလည်လာအောင် သူတို့အားသင်မည်သို့ကူညီနိုင်သနည်း။
[စာမျက်နှာ ၂၂ ပါအကျဉ်းဖော်ပြချက်]
“သင့်မိခင်က သင်သည်သူ့ခံစားချက်၏ အကြောင်းရင်းပေါ် စိတ်ဝင်စားပြီးအမှုထားပါလားဟု သဘောသက်ဝင်လာလျှင်၊ သူလည်းသင့်ခံစားချက်ကိုအရေးပေးလာဖို့ အလားအလာများပေသည်။”—ဆယ်ကျော်သက်မဂ္ဂဇင်း
[စာမျက်နှာ ၈ ပါလေးထောင့်ကွက်နှင့် ရုပ်ပုံ]
မိဘကိုဘယ်လိုလုပ်ပြီး ရင်ဖွင့်ရပါ့မလဲ
မိဘထံအမှားဝန်ခံရမည်မှာ သာယာဖွယ်အလုပ်မဟုတ်။ ငယ်ရွယ်သူဗင်းစ်ကဆိုသည်– “ကျွန်တော့်မိဘတွေကျွန်တော့်ကို အင်မတန်ယုံကြည်တယ်။ ဒါကြောင့်လည်းသူတို့ကို ဖွင့်ဟပြောပြရမှာမလွယ်ဘူး။ သူတို့စိတ်ထိခိုက်သွားမှာစိုးတယ်။”
မိမိအပြစ်ကိုဖုံးဖိသော လူငယ်များသည် ဩတ္တပစိတ်ဝေဒနာဒဏ်ကို ခံစားကြရသည်။ (ရောမ ၂:၁၅) မိမိတို့၏အပြစ်သည် သယ်ပိုး၍မနိုင်သော “လေးသောဝန်” ဖြစ်လာနိုင်သည်။ (ဆာလံ ၃၈:၄) မရှောင်မလွဲသာဘဲ မိဘကိုလိမ်လည်လှည့်ဖြားကြရမည်ဖြစ်သဖြင့် တစ်ပြစ်ပေါ်နှစ်ပြစ်ဆင့်ရလေသည်။ သို့ဖြင့်ဘုရားသခင်နှင့်ပါဆက်ဆံရေး ပျက်သုဉ်းရလေသည်။
သမ္မာကျမ်းစာက “မိမိအပြစ်ကိုဝှက်ထားသောသူသည် [အောင်မြင်မည်မဟုတ်] မိမိအပြစ်ကိုဖော်ပြဝန်ချ၍ စွန့်ပစ်သောသူမူကား၊ ကရုဏာတော်ကိုခံရလိမ့်မည်” ဟုဆိုသည်။ (သု. ၂၈:၁၃) ဆယ့်ကိုးနှစ်အရွယ် ဘက်တီပြောသကဲ့သို့ပင်ဖြစ်သည်– “ဘယ်လိုပဲပြောပြော၊ ယေဟောဝါဘာမဆို မြင်နိုင်တာပဲ။”
ကြီးလေးသောအပြစ်ဖြစ်လျှင်ယေဟောဝါထံဆုတောင်း၍အပြစ်ဝန်ချကာခွင့်လွှတ်ဖို့အသနားခံပါ။ (ဆာလံ၆၂:၈) ပြီးလျှင်မိဘထံဖွင့်ပြောပါ။ (သု.၂၃:၂၆) သင့်မိဘများ ဘဝအတွေ့ကြုံရှိသည်ဖြစ်၍ သင့်အားအမှားကိုစွန့်ရန်၊ နောက်တစ်ဖန်မလုပ်ရန်ကူညီနိုင်သည်။ ၁၈ နှစ်အရွယ်ခရစ်စ်က “ဖွင့်ပြောလိုက်တာတကယ်အကျိုးရှိတယ်။ တစ်ခါထဲ ဦးနှောက်ရှင်းသွားလို့ အထုပ်ကြီးကျသွားသလို စိတ်သက်သာသွားတာပဲ” ဟုဆိုသည်။ ပြဿနာကား၊ သင့်မိဘထံမည်သို့ ရင်ဖွင့်မည်နည်း။
သမ္မာကျမ်းစာက “လျောက်ပတ်သော [အချိန်တွင်ပြောသည့်] စကား” အကြောင်းဆိုထားသည်။ (သု. ၂၅:၁၁; ဒေသနာ ၃:၁၊ ၇ နှိုင်းယှဉ်။) အဘယ်သို့သောအချိန်သည် လျောက်ပတ်မည်နည်း။ ခရစ်စ်ကဆက်၍ “ကျွန်တော်ညစာစားတဲ့အချိန်အထိစောင့်တယ်။ ပြီးတော့ဖေဖေကိုပြောစရာရှိတယ်ဆိုပြီး အစချီလိုက်တယ်” ဟုဆိုသည်။ ကြင်ဖော်မဲ့မိဘတစ်ဦး၏သားက အခြားတစ်ချိန်ကိုယူသည်။ “ကျွန်တော်အများအားဖြင့် အိပ်ရာမဝင်ခင်မေမေ့ကို ဖွင့်ပြောတယ်; အဲဒီအချိန်မှာ သူစိတ်ပြေလက်ပျောက်ရှိတတ်တယ်။ သူအလုပ်ဆင်းလာတဲ့အချိန်များမှာဆိုရင် စိတ်ကောလူပါတင်းမာနေတတ်တယ်။”
“ဖေဖေမေမေ၊ ကျွန်တော့်စိတ်ထဲ အနှောင့်အယှက်ဖြစ်နေပါတယ်” ဟူ၍စကားစနိုင်ပါသည်။ အကယ်၍မိဘက အလုပ်များသဖြင့် အရေးမလုပ်သလိုနေလျှင် မည်သို့နည်း။ “ဖေဖေမေမေတို့ မအားမှန်းသိပါတယ်။ ဒါပေမဲ့၊ ကျွန်တော့်စိတ်ထဲ တကယ်အနှောင့်အယှက်ဖြစ်နေလို့ပါ။ ဖေဖေတို့နဲ့စကားပြောပါရစေ” ဟူ၍ဆိုနိုင်ပါသည်။ ၎င်းနောက်၊ “တခြားလူတွေကြားရင် ရှက်စရာကောင်းတဲ့အလုပ်မျိုး၊
ဖေဖေမေမေတို့ကော လုပ်ဘူးသလား” ဟုဆက်၍ဆိုနိုင်သည်။၎င်းနောက် အခက်ခဲဆုံးအပိုင်း ရောက်လေပြီ။ ကိုယ့်အမှားကိုမိဘထံ ဝန်ချရပေတော့မည်။ နှိမ့်ချသောစိတ်ဖြင့် “မှန်သောစကား” ကိုပြောပါ။ ကိုယ့်အမှား၏ အပြစ်ကြီးလေးမှုကို ပေါ့ပေါ့တန်တန်မပြုပါနှင့်။ စိတ်မချမ်းသာစရာ အသေးစိတ်အဖြစ်အပျက်များကို ထိမ်ဝှက်မထားပါနှင့်။ (ဧဖက် ၄:၂၅; လုကာ ၁၅:၂၁ နှိုင်းယှဉ်။) မိဘများနားလည်နိုင်သော အသုံးအနှုန်းကို သုံးနှုန်းပါ။ လူငယ်များအတွက်သာ အထူးအဓိပ္ပာယ်ရှိသော ဝေါဟာရမျိုးကိုမသုံးပါနှင့်။
အစပိုင်းတွင် သင့်မိဘများစိတ်ထိခိုက်ပြီး စိတ်ပျက်မိမည်မှာဓမ္မတာ။ ထို့ကြောင့်၊ ပြင်းထန်သောစကားဖြင့် သင့်ကိုဆူပူကြိမ်းမောင်းလျှင် မအံ့သြပါနှင့်။ စိတ်လည်းမဆိုးပါနှင့်။ အစကသူတို့သတိပေးစကားကို နားထောင် ခဲ့လျှင် ဤအဖြစ်မျိုးနှင့်တွေ့ချင်မှ တွေ့မည်။ သို့ဖြစ်၍စိတ်ငြိမ်ငြိမ်ထားပါ။ (သု. ၁၇:၂၇) သူတို့ကိုနားထောင်ပြီး သူတို့မည်သို့မေးမေး၊ ဖြေဆိုပါ။
သင်၌အမှားပြင်လိုသော စိတ်ဇောရှိသည်ကို သူတို့တွေ့လျှင် သဘောကျ၍မေ့နိုင်ကြမည်မဟုတ်။ (၂ ကောရိန္သု ၇:၁၁) သို့ရာတွင်၊ ခံသင့်ခံထိုက်သောအဆုံးအမကို ခံယူဖို့အသင့်ရှိပါ။ “ဆုံးမခြင်းမည်သည်ကား၊ ခံရစဉ်ဝမ်းမြောက်စရာမထင်၊ ဝမ်းနည်းစရာထင်တတ်၏။ သို့သော်လည်း၊ ဆုံးမခြင်းခံရသောသူတို့သည်၊ နောက်မှငြိမ်သက်ခြင်းနှင့် စပ်ဆိုင်သောဖြောင့်မတ်ခြင်းကို ခံရကြ၏။” (ဟေဗြဲ ၁၂:၁၁) ဤတစ်ကြိမ်သည် နောက်ဆုံးတစ်ကြိမ် သင့်မိဘထံမှ အကူအညီနှင့်ရင့်ကျက်သော အကြံဉာဏ်ရယူခြင်းမဟုတ်ကြောင်းလည်း သတိရပါလေ။ ပြဿနာအသေးအဖွဲကစ မိဘအားစိတ်ချယုံကြည်စွာ ဖွင့်ဟပြောဆိုတတ်သော အကျင့်ကိုမွေးမြူပါ။ သို့မှသာ ပြဿနာကြီးနှင့်ရင်ဆိုင်ရသောအခါ ရင်ဖွင့်ရမည်ကို ကြောက်တော့မည်မဟုတ်။
[ရုပ်ပုံ]
မိဘစိတ်လက် ကြည်သာသော အချိန်ကို ရွေးပါ