မိဘတွေ ငါ့ကိုလွတ်လပ်မှု ပိုပေးနိုင်အောင် ဘယ်လိုလုပ်ရမလဲ
အခန်း ၃
မိဘတွေ ငါ့ကိုလွတ်လပ်မှု ပိုပေးနိုင်အောင် ဘယ်လိုလုပ်ရမလဲ
သင်ကငါအရွယ်ရောက်ပြီမို့ သီတင်းပတ်ကုန်ရက်တွေမှာ ညဉ့်နက်အထိ လျှောက်လည်နိုင်သည်ဟုဆို၏။ သူတို့ကမရ၊ စောစောအိမ်ပြန်ရမည်ဟုဆိုကြ၏။ သင်ကလူတိုင်းပြောနေကြသည့် ရုပ်ရှင်သစ်ကို ကြည့်ချင်သည်ဆို၏။ သူတို့ကမကြည့်ရဟုတား၏။ သင်ကသူငယ်ချင်းကောင်းတချို့နှင့် တွေ့၍သွားလာပေါင်းသင်းချင်ပါသည်ဆိုပြီးပြော၏။ သူတို့ကမင်းရဲ့ သူငယ်ချင်းတွေကို အရင်ပြဦးဟုတောင်းဆိုသည်။
မြီးကောင်ပေါက်အရွယ်တွင်၊ သင့်မိဘများသည် သင့်အားအသက်ရှူပေါက်မရှိအောင် ချုပ်ချယ်လွန်းသည်ဟု ခံစားရပေမည်။ “ကျွန်တော်ဘာလုပ်ချင်ပါသည်” ဟုဆိုတိုင်း၊ မိဘက “ဘာမလုပ်ရ” ဟူ၍တားမြစ်သည်ချည်း။ အရာရာတိုင်းမိဘ၏ “အချောင်းအမြောင်း” နှင့်မကင်း။ ၁၅ နှစ်အရွယ်ဒယ်ဗီက ဤသို့ညည်းရှာသည်– “ကျွန်မဖေဖေကျွန်မဘယ်ရောက်နေတယ်၊ ဘယ်အချိန်အိမ်ပြန်လာမယ်ဆိုတာ အမြဲသိချင်တယ်။ မိဘအများဟာဒီလိုချည်းပဲ။ တကယ်ပဲသူတို့ဘာမဆိုသိရမှာလား။ လွတ်လပ်မှုလေးဘာလေးလည်း ပေးဦးမှပေါ့။”
လူငယ်များက သူတို့ကိုမိဘတွေက မလေးစားပါဟူ၍လည်း အပြစ်ဆိုကြ၏။ မိမိတို့အပေါ်ယုံကြည်မည့်အစား၊ တစ်ခုခုဖြစ်တိုင်း၊ မစစ်မကြောဘဲ၊ မိမိတို့ပေါ်အပြစ်ပုံချသည်။ မိမိတို့အကြိုက် ရွေးချယ်ခွင့်ပြုမည့်အစား၊ မိမိတို့အားဥပဒေအမျိုးမျိုးထုတ်ပြန်ကာ ချုပ်ချယ်သည်ဟုညည်းညူကြ၏။
“စိတ်သောကဆင်းရဲ”
သင့်မိဘများ တစ်ခါတစ်ရံသင့်ကို ကလေးလိုသဘောထား၍ ဆက်ဆံသလော။ သို့ဖြစ်လျှင်၊ မကြာသေးမီအချိန်က၊ သင်သည် တကယ်ပင်ကလေးလေးတစ်ယောက် အမှန်ဖြစ်ကြောင်းသတိရပါလေ။ သင့်မိဘများစိတ်အာရုံထဲ၌ သင်သည်လူမမယ်သနားကမားလေးတစ်ယောက်အဖြစ်ထင်ဟပ်စွဲလမ်းလျက်ရှိနေဆဲပါ။လွယ်လွယ်နှင့်လည်းမေ့ပျောက်လိမ့်မည်မဟုတ်။ကလေးဆန်ဆန်သင်မှားတတ်သောအမှားများကိုသူတို့မမေ့သေးပါ။ထို့ကြောင့်သင်ကြိုက်သည်ဖြစ်စေ၊မကြိုက်သည်ဖြစ်စေသင့်ကိုကာကွယ်လိုသည်။
သင့်အားကာကွယ်လိုသော၎င်းဆန္ဒသည် ပြင်းပြလှပေသည်။ ဖေဖေမေမေတို့သည် သင့်အဖို့အမိုးအကာ၊ အဝတ်အထည်၊ အစားအသောက်မနားမနေရှာဖွေကာ ဗျာများ၍မနေလျှင်သော်မှ၊ သင့်ကိုသွန်သင်ဆုံးမလေ့ကျင့်ခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်း ပြဿနာတို့နှင့်လုံးပန်းကြရရှာသည်။ သင့်အပေါ်တော်ရုံတန်ရုံသာ စိတ်ဝင်စားကြသည်မဟုတ်။ သင့်အားလူလားမြောက်အောင် မည်သို့မည်ပုံပြုစုပျိုးထောင်သည်နှင့်ပတ်သက်၍ ဘုရားရှေ့တာဝန်ရှိကြ၏။ (ဧဖက် ၆:၄) သင့်ကိုတစ်စုံတစ်ရာက ဘေးပြုလာလျှင်၊ ပူပန်ကြောင့်ကျကြ၏။
ယေရှု၏မိဘများကိုကြည့်ပါ။ ယေရုရှလင်မြို့မှအပြန်၊ ယေရှုမပါဘဲထွက်လာမှန်းမသိကြ။ ယေရှုပျောက်နေမှန်းသိကြသောအခါ၊ ရေးကြီးသုတ်ပြာ—အပူတပြင်းပင်—လိုက်ရှာကြ၏! နောက်ဆုံး၊ ယေရှုကို “ဗိမာန်တော်၌...တွေ့ကြ” သောအခါ၊ မိခင်က“ငါ့သား၊ အဘယ်ကြောင့်ငါတို့အားဤသို့ပြုသနည်း။ ညှိုးငယ်ကြောင့်ကြသောစိတ် [စိတ်သောကဆင်းရဲ၊ ကဘ] နှင့်မိဘတို့သည်မောင်ကိုရှာကြပြီ” ဟုဆို၏။ (လုကာ ၂:၄၁-၄၈) စုံလင်သောလူကလေးယေရှုသော်မှ မိဘများအားစိတ်ပူစရာဖြစ်စေနိုင်လျှင်၊ သင်သည်မိဘများအဖို့ မည်မျှတိုင်သောကဖြစ်စေနိုင်သည်ကို စဉ်းစားကြည့်ပါတော့။
မည်သည့်အချိန်အိမ်ပြန်လာရမည်ဆိုသည့် မပြတ်မစဲသောအငြင်းအခုံကိုပမာထား၍ ဆိုကြပါစို့။ သင်ကချုပ်ချယ်ရန် အကြောင်းမရှိဟုထင်၏။ သို့သော်မိဘရှုထောင့်မှနေ၍ ကြည့်ဘူးသလော။ ကျောင်းနေရွယ်များရေးသားသော မိဘအကြောင်းသိကောင်းစရာကလေးများလက်စွဲ ဟူသည့်စာအုပ်က မိဘများရှုထောင့်မှနေ၍ သုံးသပ်ပါသည်။ “ကလေးများအချိန်တန်အိမ်မပြန်လျှင် မိဘများဘာတွေကို တွေးမိတွေးရာတွေး၍ပူတတ်ကြောင်း” စာရင်းပြုစုကာတင်ပြထားသည်။ အဆိုပါစာရင်းဇယားအနက်၊ ‘မူးယစ်ဆေးဝါးသုံးခြင်း၊ ကားတိုက်ခံရခြင်း၊ ပန်းခြံထဲဂျပိုးထိုးလျက်နေခြင်း၊ ရဲ၏အဖမ်းကိုခံရခြင်း၊ ဝတ်လစ်စားလစ်ရုပ်ရှင်ကြည့်ခြင်း၊ မူးယစ်ဆေးဝါးရောင်းခြင်း၊ မုဒိမ်းကျင့်၊ ဓားပြအတိုက်ခံရခြင်း၊ အချုပ်ကျခြင်းနှင့် အိမ်ကိုအရှက်ခွဲခြင်း’ စသည်များပါဝင်သည်။
မိဘတိုင်းဤသို့အတွေးလွန်ချင်မှလွန်မည်။ သို့ပင်ငြားလည်း၊ လူငယ်တော်တော်များများ ထိုအဖြစ်မျိုးနှင့် တကယ်ပင်အမှုပတ်ကြသည်မမှန်ပေလော။ ထို့ကြောင့်၊ ညဉ့်နက်မှအိမ်ပြန်၊ ပေါက်ကရလူနှင့် ပေါင်းသင်းလျှင်ဘေးကြုံတတ်သည်ဟု မိဘကဆိုပါကစိတ်ဆိုးရမည်လော။ ယေရှု၏မိဘများသော်မှ ယေရှုဘယ်ရောက်နေမှန်း သိလိုကြသည်။ စဉ်းစားကြည့်ပါတော့။
ဘာကြောင့်ဒီလောက်တောင် ကာကွယ်ချုပ်ချယ်ကြရတာလဲ
အချို့လူငယ်များက မိမိတို့မိဘများ မိမိတို့ဘေးတွေ့မည်ကိုကြောက်ကြခြင်းမှာ စိတ်ဖောက်၍ အခြောက်တိုက်ကြောက်ခြင်းမျိုးသာ ဖြစ်သည်ဟုဆိုကြ၏။ သို့သော်၊ သင့်ကိုကြီးပြင်းလာအောင်ပြုစုရာ၌ သင့်မိဘများအချိန်နှင့် စိတ်အားမည်မျှတိုင်အရင်းအနှီးမြှုပ်နှံခဲ့သည်ကို မမေ့နှင့်။ သင်ကြီးလာ၍အိမ်ခွဲသွားမည်ကို တွေးရုံနှင့်ပင်စိတ်အနှောင့်ယှက် ဖြစ်ကြရှာသည်။ မိဘတစ်ဦးက “ကျွန်မရဲ့တစ်ဦးတည်းသောသား၊ ဆယ့်ကိုးနှစ်အရွယ်ရှိပြီ။ သူကျွန်မနဲ့အိမ်ခွဲပြီးထွက်သွားမယ်ဆိုတဲ့ အတွေးဒဏ်ကိုကျွန်မဖြင့်မခံနိုင်ဘူးရှင်” ဟူ၍စာရေးခဲ့ရှာသည်။
ထို့ကြောင့်အချို့မိဘများသည် သားသမီးများကို ခြံခတ်၍ဝင်းကာလျက် လွန်ကဲစွာအကာအကွယ်ပေးတတ်ကြသည်။ သို့ဖြစ်လင့်ကစား၊ သင့်အနေနှင့် လွန်လွန်ကဲကဲတုံ့ပြန်လျှင်မဟာအမှားကြီးဖြစ်လိမ့်မည်။ မိန်းမငယ်တစ်ဦး အောက်ပါအတိုင်း ဇာတ်ကြောင်းပြန်သည်– “ကျွန်မ ၁၈ နှစ်မပြည့်သေးခင်ကဆိုရင် ကျွန်မမေမေနဲ့ကျွန်မ အင်မတန်ရင်းနှီးတာပဲ။...[ဒါပေမဲ့] ကျွန်မလည်း တစစကြီးပြင်းလာရော၊ မေမေနဲ့ကျွန်မစပ်ကြား ပြဿာနာလည်းများလာတော့တာပဲ။ ကျွန်မလွတ်လပ်မှု နဲနဲရချင်လာတဲ့အခါ၊ ဒါကိုမေမေက ကျွန်မတို့နှစ်ဦးရဲ့ဆက်ဆံရေးကို ထိပါးတယ်လို့မြင်တာဖြစ်မှာပဲ။ ဒါကြောင့်ကျွန်မကို အရင်ကထက်ချုပ်ချယ်လာတယ်။ ကျွန်မလည်း မေမေနဲ့ပိုဝေးအောင် ရုန်းတော့တာပဲ။”
လွတ်လပ်မှုအတော်အတန်သုံးစွဲခြင်းသည် ကောင်းပါပေသည်။ သို့သော်၊ မိသားစုဆက်ဆံရေးကို အရှုံးခံ၍မပြုပါနှင့်။ သင်နှင့်မိဘဆက်ဆံရေးကို ပို၍လူကြီးပီသသောအုတ်မြစ်၊ အချင်းချင်းနားလည်မှု၊ သည်းခံမှု၊ လေးစားမှုရှိခြင်းတည်းဟူသော အခြေအမြစ်အပေါ်မည်သို့တည်ဆောက်နိုင်သနည်း။ မှတ်သားဖွယ်ရာမှာ၊ သူ့ကိုသင်လေးစားလျှင် သူလည်းသင့်ကိုလေးစားမည်။ တမန်တော်ပေါလုက “ကိုယ်ကာယနှင့်စပ်ဆိုင်သော အဘတို့လက်ဖြင့်ငါတို့သည်ဆုံးမခြင်းခံရသောအခါ၊ [ငါတို့သည်] သူတို့ကိုရိုသေကြ၏” ဟုဆို၏။ (ဟေဗြဲ ၁၂:၉) ထိုရှေးခရစ်ယာန်တို့၏မိဘများမှာ အမှားမပြုတတ်သူများမဟုတ်။ ပေါလုက “ငါတို့၏အသွေးအသားဖခင်များသည် မိမိတို့အကောင်းဆုံးဟု ထင်သည့်အတိုင်းသာပြုနိုင်ကြပါသည်” ဟူ၍ဆက်လက်ရေးသား၏။ (အခန်းငယ် ၁၀)—ယေရုရှလင်သမ္မာကျမ်းစာ။
ရံဖန်ရံခါ၊ ဤလူများလည်း အဆုံးအဖြတ်မှားတတ်ကြသည်။ သို့တစေ၊ မိမိတို့သားသမီးများ၏ အရိုအသေကိုခံထိုက်ကြပေသည်။ သင့်မိဘများလည်း အလားတူပင်။ သင့်မိဘများသည် ခြံခတ်၍ဝင်းကာသည့်အစားမျိုးဖြစ်ရုံနှင့် သင့်အနေနှင့်ပုန်ကန်ဖီဆန်ရန်အကြောင်းမဟုတ်ချေ။ သင်ကိုယ်တိုင်လိုလားသော အရိုအသေကိုပေးပါလေ။
အထင်လွဲမှု
သင်သည်မချုပ်ထိန်းနိုင်သော အခြေအနေများကြောင့် အိမ်ပြန်နောက်ကျဘူးသလော။ ထိုသို့သောအခါ၊ သင့်မိဘများက တစ်ဆိတ်ကိုတစ်အိတ်လုပ်သလော။ ဤလိုအထင်လွဲမှုများသည် မိဘများ၏လေးစားမှုကို ရယူနိုင်သောအခွင့်လမ်းတစ်ခုဖြစ်၏။ ယေရှုကိုမတွေ့၍စိတ်မကြည်မသာဖြစ်နေကြသော ယေရှုမိဘများ၊ ယေရှုကိုဗိမာန်တော်အတွင်း၊ အပြစ်ကင်းမဲ့စွာဆရာများနှင့် ဘုရားသခင့်နှုတ်ကပါဌ်တော် ဆွေးနွေးနေသည်ကိုတွေ့ကြ၏။ ထိုအခါ၊ ယေရှုမည်သို့ပြုကြောင်းပြန်ပြောင်းသတိရပါ။ မိမိပေါ်မတော်မတရား သံသယဖြစ်ရကောင်းလားဆိုပြီး မိဘများကိုဒေါသတကြီး မြည်တွန်တောက်တီးသလော။ သူမည်သို့ အေးအေးဆေးဆေးဖြေကြားသည်ကိုကြည့်ပါ။ “မိဘသည်အကျွန်ုပ်ကို အဘယ်ကြောင့်ရှာရပါသနည်း။ အကျွန်ုပ်သည် အဘအိမ်၌နေရသည်ကို မသိပါသလော။” (လုကာ ၂:၄၉) ဤကိစ္စတွင် ယေရှုထင်ရှားပြတော်မူသော ရင့်ကျက်သည့်မနောကို သူ့မိဘများစွဲလမ်းနှစ်သက်ခဲ့ကြမည်မလွဲ။ သို့ဖြစ်၍၊ “ဖြည်းညင်းသော [ဖြေကြား] စကားသည် [အမျက်] စိတ်ကိုဖြေတတ်” သည်သာမက၊ သင့်အားမိဘများက လေးစားလာစေနိုင်သည်။—သု. ၁၅:၁။
စည်းမျဉ်းနှင့်ကွပ်ကဲထိန်းသိမ်းမှုများ
သင့်မိဘများ၏ တောင်းဆိုချက်များကို သင်မည်သို့တုံ့ပြန်သနည်း။ ၎င်းပေါ်များစွာမူတည်၍ သင့်ကိုမိဘများက ဆက်ဆံတတ်ကြသည်။ အချို့သောလူငယ်များသည် စိတ်ကောက်ကြ၏။ လိမ်ပြောကြ၏။ ဗြောင်တိုက်ကာ မိဘကိုဖီဆန်ကြ၏။ ပို၍လူကြီးပီသသော နည်းကိုသုံးပါ။ ညဉ့်နက်မှအိမ်ပြန်သော အခွင့်ကိုရလိုလျှင် ကလေးဆန်ဆန်မတောင်းဆိုပါနှင့်။ “သူများကလေးတွေအားလုံး ညဉ့်နက်မှအိမ်ပြန်လည်း ဘာအရေးမှမဟုတ်ဘူး။ ငါ့ကျမှ” ဆိုပြီးမကျေမချမ်းမြည်တမ်းခြင်းမပြုပါနှင့်။ စာရေးဆရာ အင်ဒရီယာအီဂန်က အောက်ပါအတိုင်းအကြံပေးသည်– “သင်ဘာလုပ်ချင်သလဲဆိုတာကို အတတ်နိုင်ဆုံးသူတို့ကို [ပြောပြပါ]။
သို့မှလည်းသူတို့အနေနှင့် အခြေအနေကိုသဘောပေါက်နိုင်ပါလိမ့်မည်။...ဘယ်သူနှင့်ဘယ်ကိုသွားမည်၊ ဘာကြောင့်ညဉ့်နက်မှအိမ်ပြန်ဖြစ်မည်ကို အကုန်ပြောပြလျှင်၊...သင့်မိဘများက သင့်ကိုအခွင့်ပေးကောင်းပေးမည်။”သင့်မိဘက လုပ်သင့်လုပ်ထိုက်သည့်အတိုင်း၊ သင့်အပေါင်းအသင်းကို စစ်ကြောကန့်သတ်ပါက၊ ကလေးလို မငိုယိုပါနှင့်။ ဆယ့်ခုနစ်နှစ်အရွယ်ဆိုသောမဂ္ဂဇင်းက ဤသို့ပြုရန်ထောက်ခံပါသည်။ “တစ်ခါတစ်ရံအပေါင်းအသင်းကို အိမ်သို့ခေါ်ဆောင်လာပါ။ သို့မှသာ၊ သင်ကဘီးလ်နှင့် ရုပ်ရှင်ကြည့်ရန်သွားမည်ဟုဆိုသောအခါ၊ ‘ဘီးလ်၊ ဘယ်ဘီးလ်လဲ’ ဆိုပြီး သင့်ဖခင်ကတစ်ဖက်ခန်းမှနေပြီး အော်မေးတော့မည်မဟုတ်။ ”
ပို၍ “ပေးဦးမည်”
ဂျင်သည်ညီငယ်ရော်န်နှင့် ပတ်သက်၍ရယ်ပြုံးလျက်ဤသို့ဆို၏။ “ကျွန်တော်တို့နှစ်ယောက်၊ ၁၁ လသာကွာပေမဲ့၊ ဖေဖေမေမေဟာ ကျွန်တော်တို့နှစ်ယောက်ကို ဆက်ဆံတဲ့နေရာမှာ အကွာကြီးကွာခြားလှတယ်။ ကျွန်တော့်ကိုလွတ်လပ်မှု အများကြီးပေးတယ်။ အိမ်ကားမောင်းခွင့်ရတယ်။ တစ်နှစ်တုန်းကဆိုရင်၊ ညီငယ်တစ်ယောက်ကိုခေါ်ပြီး နယူးယောက်ကိုကားမောင်းသွားဖို့တောင် အခွင့်ပေးတယ်။”
ဂျင်အောက်ပါအတိုင်း ဆက်၍ဆိုသည်၊ “ရော်န်နဲ့ပတ်သက်ရင် နောက်တစ်မျိုး။ သူ့ကိုသိပ်ပြီးလွတ်လပ်မှု ပေးတာမဟုတ်ဘူး။ သူအသက်စေ့တာတောင်မှ ဖေဖေသူ့ကိုကားမောင်းမသင်ပေးဘူး။ သူ့ကိုသူပိုးပန်းတဲ့အရွယ်ရောက်ပြီလို့ ထင်တာတောင်မှ၊ သူ့ကိုအခွင့်မပေးကြဘူး။”
မျက်နှာလိုက်ခြင်းလော။ မဟုတ်။ ဂျင်အောက်ပါအတိုင်း ရှင်းပြ၏– “ရော်န်ဟာတာဝန်မသိတတ်ဘူး။ ပြောတော့မှထလုပ်တယ်။ ပေးတဲ့အလုပ်ကိုလည်း မကျေပွန်တတ်ဘူး။ ကျွန်တော်ဆိုရင်၊ မိဘကိုဘယ်တမှ ပြန်မပြောပေမဲ့။ ရော်န်ကျတော့၊ ငြင်းလိုက်ရမှ။ ဒီတော့၊ အမြဲတမ်းပဲ ကိုယ့်အတတ်နဲ့ကိုယ်စူးတာပေါ့။” မဿဲ ၂၅:၂၉ တွင် ယေရှုဤသို့ မိန့်မြွက်တော်မူသည်– “အကြင်သူသည်ရတတ်၏၊ ထိုသူ၌ကြွယ်ဝပြည့်စုံစေခြင်းငှာ ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏၊ ထိုသူ၌ရှိသမျှကိုပင် နှုတ်လိမ့်မည်။”
လွတ်လပ်မှုနှင့်တာဝန် ပို၍ရလိုသလော။ ရလိုလျှင်တာဝန်သိတတ်ပါ။ အဘယ်အလုပ်မျိုးလုပ်ခိုင်းလုပ်ခိုင်း၊ မပေါ့ဆပါနှင့်။ ယေရှုပြောသော ဥပမာတစ်ရပ်ထဲမှလူငယ်လိုမလုပ်ပါနှင့်။ သူ့ဖခင်က “ငါ့သား၊ ယနေ့ငါ့စပျစ်ဥယျာဉ်သို့သွား၍ လုပ်ဆောင်လော့” ဟုဆိုသောအခါ၊ သူက “သွားပါမည်အဘ” ဟုပြောပြီးမှ “မသွားဘဲနေ၏။” (မဿဲ ၂၁:၂၈၊ ၂၉) အလုပ်တစ်ရပ်ခိုင်းလာလျှင်၊ မည်မျှပင်သေးနုပ်စေကာမူ၊ မိမိအနေဖြင့်၊ အပြီးအစီးဆောင်ရွက်နိုင်ကြောင်း မိဘများယုံလောက်အောင်သက်သေပြပါ။
ဂျင်ကတစ်ချိန်က အဖြစ်ကိုပြန်ပြောပြသည်၊ “ကျွန်တော်တာဝန်ကျေပွန်နိုင်တယ်ဆိုတာကို ကျွန်တော့်မိဘတွေသိအောင် ကျွန်တော်သက်သေပြပါတယ်။ သူတို့ကျွန်တော့်ကိုဘဏ်လွှတ်တယ်။ လျှပ်စစ်ခွန်၊ ရေခွန်တွေဆောင်ဖို့လွှတ်တယ်။ ကုန်တိုက်ကြီးကိုလွှတ်ပြီး ပစ္စည်းတွေဝယ်ခိုင်းတယ်။ မေမေအလုပ်ဆင်းရတဲ့အခါများမှာ၊ မိသားစုအတွက် ထမင်းတောင်ချက်ပေးနိုင်တယ်။”
ကြံရည်ဖန်ရည်
သင့်မိဘများကသင့်အား ထိုအလုပ်များကိုမခိုင်းလျှင် မည်သို့နည်း။ ကိုယ်ထူကိုယ်ထပြီး ကြံဖန်လုပ်ကိုင်တတ်ပါ။ ဆယ့်ခုနစ်နှစ်အရွယ် မဂ္ဂဇင်းက ဤသို့အကြံပေး၏– “မိသားစုအတွက် ထမင်းတစ်နပ်ချက်ပါရစေဆိုပြီး တာဝန်ယူပါ။ ဘာကိုချက်မည်၊ ဘာဟင်း၊ ဘာအဖက်အစပ်ဝယ်မည်၊ ဘယ်လောက်ကုန်ကျမည်ကိုတွက်ချက်ပြီး၊ အဝယ်အခြမ်း၊ အချက်အပြုတ်အဆေးအကြောကအစ၊ အလုံးစုံကိုတာဝန်ခံပါ။” သင်သည်အချက်အပြုတ်မထူးချွန်လျှင်၊ အိမ်တွင်းအိမ်ပြင်ပတ်ဝန်းကျင်၌ ဘာလုပ်စရာကိုင်စရာရှိသည်ကို ရှာဖွေကြည့်ရှုပါ။ ဆေးကြောစရာပန်းကန်၊ လှည်းစရာတိုက်စရာကြမ်း၊ ရှင်းစရာအခန်းရှိသောအခါ၊ မိဘ၏အမိန့်ကို စောင့်နေရန်မလိုချေ။
လူငယ်တော်တော်များများ နွေရာသီ သို့မဟုတ် စနေတနင်္ဂနွေရက်များ၌ အချိန်ပိုင်းအလုပ်များ ရှာလုပ်တတ်ကြပေသည်။ သင်လည်းထိုသို့ပြုလျှင်၊ သင့်လုပ်ခကိုသင်စုဆောင်းထိန်းသိမ်းနိုင်ကြောင်း သက်သေထူခဲ့ပြီလော။ သင်နေသောအခန်းနှင့် စားစရိတ်အတွက် စိတ်လိုကိုယ်လျောက် မိဘများအားငွေအချို့ပြန်၍ထောက်မပါသလော။ (သင့်အသိုင်းအဝိုင်းတွင်၊ အိမ်ငှားခယခုမည်သည့်နှုန်းထားရှိသည်ကို တစေ့တစောင်းလေ့လာကြည့်ပါ။ အမြင်ကျယ်လာမည်။) မိဘအား ငွေအချို့ပြန်ပေးရသည့်အတွက်၊ ကိုယ်သုံးဖို့နည်းမည်မှန်သော်လည်း၊ သင့်မိဘများက သင်လူကြီးဆန်ဆန်ငွေသုံးသည်ကိုမြင်ပြီး သင့်အားလွတ်လပ်မှုပို၍ပေးဖွယ်ရှိ၏။
မိဘအရိပ်အောက်မှ ထွက်မြောက်ခြင်း
မိဘများအား အတွင်းလူမိတ်ဆွေအဖြစ်၊ ကြွယ်ဝသော အကြံဉာဏ်အဆုံးအမပေးသူများအဖြစ် ယူမှတ်သင့်သည်။ (ယေရမိ ၃:၄ နှိုင်းယှဉ်။) သို့ဆိုသော်လည်း၊ အသေးအဖွဲကအစ၊ အစစအရာရာ၌သူတို့၏အဆုံးအဖြတ်ကို ခံယူရမည်ဟုမဆိုလိုပါ။ မိမိ၏ “ထိုးထွင်းဉာဏ်စွမ်း” ကိုအသုံးချခြင်းဖြင့်သာ၊ ဆုံးဖြတ်ချက်ချရာ၌ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိလာမည်။—ဟေဗြဲ ၅:၁၄၊ ကဘ။
ထို့ကြောင့်၊ စိတ်အနှောင့်အယှက်ကလေးတွေ့တွေ့ချင်း မိဘထံအပြေးအလွှားသွားမည့်အစား၊ ဦးစွာ၊ ကိုယ့်ဟာကိုယ်ပြဿနာဖြေရှင်းကြည့်ပါ။ “စိတ်စောလွန်း” သို့မဟုတ်၊ စိတ်ဇောဆောင်မည့်အစား၊ သမ္မာကျမ်းစာအကြံပေးချက်အတိုင်းဦးစွာ “အသိသုတကိုဆင်ခြင်” ပါ။ (ဟေရှာယ ၃၂:၄၊ ကဘ) ရှာဖွေပါ။ အထူးသဖြင့်၊ သမ္မာကျမ်းစာမူနှင့်ပတ်သက်လာလျှင်၊ ထိုသို့ပြုသင့်သည်။ ကိစ္စအဝဝကို စိတ်တည်ငြိမ်စွာချင့်ချိန်ပြီးနောက်မှသာ၊ မိဘထံချဉ်းကပ်ပါ။ ‘ဖေဖေ၊ ကျွန်တော်ဘယ်လို လုပ်ရပါ့မလဲ’ ‘မေမေ့အနေနဲ့ ဘယ်လိုလုပ်မလဲ’ ဆိုပြီး တမေးတည်းမေးနေမည့်အစား၊ အခြေအနေကို ရှင်းလင်းတင်ပြပါ။ သင့်ဝေဖန်သုံးသပ်ပုံကို သူတို့အားဦးစွာပြောပြပါ။ နောက်မှ၊ သူတို့၏အမြင်ကို မေးမြန်းပါ။
သင်ထိုသို့ပြုလျှင်၊ သင်သည်ကလေးမဆန်၊ လူကြီးပီပီစကားပြောတတ်ကြောင်း မိဘများတွေ့မြင်လာကြမည်။ သင်သည်လူလားမြောက်လာပြီဖြစ်သည့်အတိုင်း လွတ်လပ်မှုကိုတစ်စုံတစ်ခုသောအတိုင်းအဆအထိ ခံစားသင့်ကြောင်းသက်သေထူခဲ့ပေပြီ။ ခြေလှမ်းကြီးတစ်လှမ်း လှမ်းခဲ့ပေပြီ။ သင့်မိဘများလည်း သင့်ကိုလူကြီးလို ဆက်ဆံလာပေလိမ့်မည်။
ဆွေးနွေးရန်မေးခွန်းများ
◻မိဘများသည်ကလေးများကို အဘယ်ကြောင့်အရိပ်တကဲကဲကြည့်ပြီး ခြံခတ်၍ဝင်းကာလျက်စိတ်တပူပူလုပ်တတ်ကြသနည်း။
◻အဘယ်ကြောင့်မိဘများကို လေးစားစွာဆက်ဆံရန်အရေးကြီးသနည်း။
◻မိမိနှင့်မိဘစပ်ကြား အထင်လွဲမှုများကို အကောင်းဆုံးမည်သို့ ကိုင်တွယ်ဖြေရှင်းနိုင်သနည်း။
◻သင့်မိဘများထုတ်ပြန်သောစည်းမျဉ်းနှင့် ကွပ်ကဲကြပ်မတ်မှုများကို စောင့်ရှောက်ထိန်းသိမ်းရင်း၊ လွတ်လပ်မှုအတော်အတန်ရယူနိုင်ရန် မည်သို့ပြုနိုင်သနည်း။
◻သင်သည်တာဝန်သိတတ်ကြောင်း သင့်မိဘများရှေ့သက်သေထူရာ၌ နည်းလမ်းအချို့ကားအဘယ်နည်း။
[စာမျက်နှာ ၂၂ ပါအကျဉ်းဖော်ပြချက်]
“ကျွန်မဖေဖေဟာကျွန်မဘယ်ရောက်နေတယ်၊ ဘယ်အချိန်အိမ်ပြန်လာမယ်ဆိုတာအမြဲသိချင်တယ်...တကယ်ပဲသူတို့ ဘာမဆိုသိရမှာလား
[စာမျက်နှာ ၂၇ ပါရုပ်ပုံ]
သင့်မိဘများသင့်ကို ခြံခတ်ထားသည်ဟု ခံစားရသလော
[စာမျက်နှာ ၃၀ ပါရုပ်ပုံ]
အထင်လွဲမှု ပေါ်ပေါက်သောအခါ၊ စိတ်ငြိမ်ငြိမ်ထားခြင်းသည် သူတစ်ပါးလေးစားမှုကို ရယူနိုင်သောနည်း တစ်ရပ်ဖြစ်သည်