မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိဘရဲ့နောက်အိမ်ထောင်နဲ့ ဘယ်လိုစခန်းသွားရပါ့မလဲ

မိဘရဲ့နောက်အိမ်ထောင်နဲ့ ဘယ်လိုစခန်းသွားရပါ့မလဲ

အခန်း ၅

မိဘရဲ့​နောက်​အိမ်ထောင်နဲ့ ဘယ်လို​စခန်း​သွား​ရ​ပါ့​မလဲ

“ဖေဖေ ရီ​တာ​နဲ့​လက်ထပ်​တဲ့​နေ့ဟာ ကျွန်မ​ဘဝမှာ​အဆိုးဆုံး​နေ့​ဖြစ်​ခဲ့တယ်။”ရှိ​မ်း​ဤသို့​ဇာတ်ကြောင်း​ပြန်​သည်။ “ကျွန်မ​ဒေါ​ပွ​ခဲ့တယ်။ မေ​မေ့​ပေါ်​သစ္စာဖောက်​ရ​ကောင်းလား​ဆိုပြီး ဖေ​ဖေ့​ကို​ဒေါ​ပွ​ခဲ့တယ်။ မေမေ​ကျွန်မတို့ကို​ပစ်​ပြီး ဥပဒေ​သင်တန်း​သွား​ဆင်း​ရ​ကောင်းလား​ဆိုပြီးမေမေ့ကို​ဒေါ​ပွ​ခဲ့တယ်။ ရီ​တာ​ရဲ့​ကလေး​နှစ်ကောင်ကို​လည်းဒေါ​ပွ​တယ်။ ကျွန်မ​အိမ်ထဲ​လာပြီး​နေကြ​တော့​မှာ​ကိုး။...ကျွန်မ​ဒေါ​အ​ပွ​ဆုံး​သူဟာ ရီ​တာ​ပဲ။...သူ့ကို​ကျွန်မ​မုန်း​ခဲ့တယ်။ ပြီး​တော့​လူကို​မမုန်း​သင့်ဘူး​ဆိုတာကျွန်မ​သိတော့၊ ကျွန်မ​ကို​ကျွန်မ​လည်းဒေါ​ပွ​ခဲ့တယ်။”—လင်း​ဒါ​ခ​ရေ​ဗင်​ရေးသားသော—နောက်​အိမ်ထောင်ညီညွတ်သော​ပုံစံ​သစ်​များ။

မိဘ​တစ်ဦး နောက်​အိမ်ထောင်ပြု​လိုက်​သောအခါ သင့်​မိဘ​နှစ်ပါး​ပြန်ပေါင်း​ဖို့​မျှော်လင့်ချက် ပျက်သုဉ်း​ရလေ​သည်။ သင့်​ရင်ထဲ​၌​မ​လုံခြုံမှု၊ သစ္စာ​အ​ဖောက်​ခံရ​ခြင်း​နှင့်​သ​ဝန်​ကြောင်​ခြင်းဖြစ်ပေါ်​ခံစား​စေနိုင်​သည်။

ချစ်သော​မိဘ​တစ်ဦး​သေဆုံး​၍​မျှ​မကြာသေး၊ ကျန်ရစ်​သော​မိဘ​က နောက်​အိမ်ထောင်ပြု​လျှင် နာကြည်းမှု​အထူး​ခံစားရ​သည်။ ဆယ့်ခြောက်​နှစ်အရွယ်​မ​စ်​စီ​က အောက်ပါ​အတိုင်း​ဝန်ခံ​သည်၊ “မေမေ​ဆုံးသွား​တဲ့​အတွက် ဘဝကို​ကျွန်မ​နာကြည်း​လာ​မိတယ်။ ဖေဖေ​ရဲ့​ဇနီးလောင်း​ဟာ မေ​မေ့​နေရာကို​လု​တယ်လို့​ကျွန်မ​ထင်​မိတယ်။ ဒါ​ကြောင့်​သူ့ကို ကျွန်မ​စိမ်း​စိမ်းကား​ကား​ကြီး​ဆက်ဆံ​ခဲ့တယ်။” ကိုယ့်​မိဘ​ရင်း​ကို​သစ္စာရှိ​သဖြင့်၊ မိထွေး​ပထွေး​တစ်ဦး​ပေါ်​မေတ္တာထား​လာ​မိ​လျှင် အပြစ်ရှိ​သလို​လို​ပင် မလုံမလဲ​ဖြစ်တတ်​ကြ​ပေ​သည်။

ထို့​ကြောင့်​လည်း၊ လူငယ်များစွာ မိမိတို့၏​နာကြည်းမှု​ကို အဖျက်​လမ်းစဉ်ဖြင့် ဖြေသိမ့်​ကြသည်​မှာ​အဆန်း​မဟုတ်။ အချို့ဆိုလျှင်မိဘ​၏​နောက်​အိမ်ထောင်​ကိုဖြိုခွဲ​ဖို့​ပင်​ကြံစည်​ကြသည်။သို့သော်၊သင့်​ဖခင် (မိခင်) ရင်း​နှင့်​သင့်​မိထွေး (ပထွေး) တို့သည်​ဘုရားသခင့်​ရှေ့သစ္စာ​ကျိန်ဆို​ခဲ့ပြီ​ဖြစ်​ကြောင်း​သတိရပါ။“[ထို့​ကြောင့်]ဘုရားသခင်​ဖက်စပ်၍ထမ်းပိုး​တင်​တော်​မူ​သော​အရာ​ကို​လူ[သို့​မဟုတ်​ကလေး]မခွဲမခွာ​စေ​နှင့်။” (မဿဲ၁၉:၆) သူတို့ကို​ကွဲ​အောင်သင်​ပြု​နိုင်​သည်​ပဲ​ထား၊ယင်း​အကြောင်းကြောင့်​သင့်​မိရင်းဖရင်းပြန်ပေါင်း​မည်​မဟုတ်။

တစ်ချိန်​လုံး​မိထွေး (ပထွေး) နှင့်​တိုက်ခိုက်​နေလျှင်လည်း အဓိပ္ပာယ်​မရှိ။ နယပုံပြင် ၁၁:၂၉ က​ဤသို့​သတိပေး​၏– “မိမိ​အိမ်ကို​နှောင့်ယှက်​သော​သူသည် လေကို​အမွေခံ​ရ​လိမ့်​မည်။” ဘာမျှ​အရာ​မ​ရောက်​ဟု ဆိုလို​သည်။ ဆယ့်ငါး​နှစ်အရွယ်​ဂယ်ရီ​သည် မိထွေး​ကို​မလို​မုန်းတီး​လာ​ခဲ့​သည်​ဖြစ်​ရာ၊ နောက်ဆုံး​သော် အကြီးအကျယ်​ခိုက်ရန်​ဖြစ်ပွား​လေ​သည်။ ရလဒ်​ကား​အဘယ်နည်း။ မိထွေး​က​ဂယ်ရီ​၏​ဖခင်​အား သူ့ကို​ဖြစ်စေ၊ သမီးကို​ဖြစ်စေ၊ ရွေးပါ​တော့​ဟု​ဆို​လာ​သည်။ အဆုံး​၌၊ ဂယ်ရီ​သည် မိခင်​ရင်း​နှင့်​ပြန်၍ နေထိုင်​ရလေ​သည်—သူ့​မိခင်​ရင်း​လည်း နောက်​အိမ်ထောင်​ပြုပြီး​ဖြစ်သည်။

မေတ္တာက​အဖြေရှာ​ပေး

မိဘ​နောက်​အိမ်ထောင်ပြု​သည့်​ပြဿနာ​ကို အောင်မြင်စွာ​ရင်ဆိုင်​စေနိုင်​သော လျှို့ဝှက်ချက်​ကား​အဘယ်နည်း။ ၁ ကောရိန္သု ၁၃:၄-၈ ဖော်ပြ​ပါ​ကျင့်​စဉ်​ဆိုင်ရာ​မေတ္တာကို ကျင့်သုံး​ခြင်း​ပင်​ဖြစ်သည်–

မေတ္တာသည် “ကိုယ်​အကျိုးကို​မ​ရှာ​တတ်။” ဆိုလိုသည်မှာ ‘ကိုယ့်​ကောင်းစား​ရေး​ကို​မ​ရှာ၊ သူ့​ကောင်း စား​ရေး​ကို​ရှာ’ ခြင်း​ဖြစ်သည်။ (၁ ကောရိန္သု၁၀:၂၄) မိဘ​တစ်ဦး​ကနောက်​အိမ်ထောင်ဖက်​လိုအပ်​သည်​ဟု ဆုံးဖြတ်​လျှင် သင်​စိတ်ဆိုး​ရမည်​လော။

“မေတ္တာသည်​သ​ဝန်​မ​တို။” (က​ဘ) အများအားဖြင့်​လူငယ်တို့​သည် မိမိ၏​မိဘ​မေတ္တာကို အခြား​အဘယ်​သူနှင့်​မျှမမျှ​ဝေ​ချင်။ သို့သော် သင့်​မိဘ​၏​မေတ္တာ ကုန်ခန်း​သွား​မည်​ကို စိုးရိမ်​ရန်​မလိုပါ။ မေတ္တာသည် တိုးပွား​များပြား​လာနိုင်​သည်။ (၂ ကောရိန္သု ၆:၁၁-၁၃ နှိုင်းယှဉ်။) သင့်​မွေးမိခင်​ဖခင်​သည် သင့်​အပေါ်​မြတ်နိုးမှု တ​ရွဲ​သား​မျှ​မပြ​ယ်​ဘဲ​နှင့် မိမိ၏​အသစ်​သော​ကြင်​ယာ​ပေါ် မေတ္တာ​လွှမ်းခြုံ​နိုင်​ပေ​သည်။ သင်သည်​နှလုံးသား​တံခါး​ကို​ဖွင့်ပြီးမိထွေး (ပထွေး) ကို​လက်ဆင့်ကမ်း​ကြိုဆို​မည်​လော။ ယင်း​သို့​ပြု​သည့်​အတွက်၊ ကွယ်လွန်​ခဲ့​သော​မိဘ​ပေါ် သစ္စာမဲ့​ရာ​မ​ရောက်​ပါ။

မေတ္တာသည် “မ​လျောက်ပတ်​စွာ​မကျင့်​တတ်။”လိင်​မတူ​သည့်​ညီအစ်ကို​မောင်နှမ​သစ်​နှင့်အတူ​နေထိုင်​သောအခါသီလ​ဆိုင်ရာ​ဖိစီးမှုကို​ခံရ​ဖွယ်​အကြောင်း​ရှိသည်။သတင်း​အရ၊မိ​ခြား​ဖ​ခြား​အိမ်ထောင်၂၅ရာခိုင်နှုန်း​အတွင်းတရား​မဝင်​လိင်ဆက်ဆံမှု​ဖြစ်ပွား​ကြောင်းသိရှိ​ရသည်။

ဒေးဗစ်​၏​မိခင် နောက်​အိမ်ထောင်ပြု​သဖြင့် ဒေးဗစ်​၌​မိ​ခြား​ဖ​ခြား​ညီအစ်မ လေးယောက်​ရှိလာပြီ​ဖြစ်၍ သူ​ဤသို့​ဆို​၏၊ “လိင်​နဲ့​ပတ်သက်​တဲ့​ခံစားချက်​ကို စိတ်​ထဲမှာ​ပိတ်​ကာ​တားဆီး​ဖို့ လို​လာ​ပါ​တယ်။” မလို​အပ်သော​ရင်းနှီးမှု​မျိုးကို​လည်း သတိ​နှင့်​ရှောင်ရှား​ရန်လို​သည်။ မိမိ​ဝတ်​ပုံ​စား​ပုံ​ကြောင့်​ဖြစ်စေ၊ အပြု​အမူ ကြောင့်​ဖြစ်စေ အခြားသူ​၏​ရာဂစိတ်​ကို​မ​ဆွ​မိ​ရန်​လည်း​ဆင်ခြင်​ရမည်။—ကောလောသဲ ၃:၅

မေတ္တာသည် “ဘာ​မဆို​ခံရပ်​နိုင်​သည်။...အရာရာမှာ​သည်းခံ​နိုင်သော​အစွမ်း​ကို​ပေး​သည်။ ”(ချားလ်စ်​ဘီ​ဝီလျံ​၏​ဘာသာပြန်) တစ်ခါတစ်ရံ၊ ဘယ်လိုမှ​နာကြည်း​စိတ်​ကို မဖြေ​ဖျောက်​နိုင်​ဘဲ​ရှိသည်​ကို​တွေ့ရ​၏! မာ​လာ​ဝန်ခံ​သည်–“ကျွန်မ​ဟာ​အိမ်မှာ​အံမဝင်​ဂွင်​မကျ​ဘူးလို့ခံစား​ရတယ်။ ဒီ​လောက​ထဲ​မမွေးလာ​ရင်တောင်​ကောင်း​မယ်​ဆိုပြီး မေမေ့ကို​ပြော​ခဲ့​မိတယ်။” မာ​လာ​သည်​ပုန်ကန်​၍ အိမ်​မှ​ထွက်ပြေး​ခဲ့​သည်။ သို့သော်​ယခု​သူက “အကောင်းဆုံး​က​တော့ သည်းခံခြင်း​ပါ​ပဲ” ဟူ၍​ဆို​သည်။ သင်လည်း​ထို့​နည်းတူ သည်းခံပါ​က၊ အချိန်တန်သော်၊ တစ်ချိန်က​ခံစား​ခဲ့​သည့် ဝမ်းနည်း​ကြေကွဲမှု၊ စိတ်​ထွေ​မှု​နှင့်​နာကြည်းမှု​တို့သည် ပျောက်​ပြ​ယ်​သွားပါ​လိမ့်​မည်။

‘ခင်ဗျား​ဟာ ကျုပ်​အမေ​ရင်း/အဖေရင်း​မဟုတ်ဘူး’

မိထွေး​ပထွေး​၏​ဆုံးမမှု​ကိုခံရ​သည်​မှာ​လွယ်​သည့်​ကိစ္စ​မဟုတ်။မိထွေး​ပထွေး​ကမိမိ​အား​တစ်ခု​ခိုင်း​လာသော​အခါ၊‘အ​သာ​နေ​စမ်း​ပါ။ခင်ဗျား​ကြီး​ဟာ​ကျုပ်​အမေ​ရင်း/အဖေရင်း​မှ​မဟုတ်တာ’ဆိုပြီး​ဟောက်​လိုက်​ချင်​သည်။သို့သော်၁ ကောရိန္သု၁၄:၂၀ပါ​မူကို​သတိရပါ။“အတွေးအခေါ်​ဘက်၌ကြီးပြင်း​လာ​ပါ။”—ဝီလျံ​ဘက်​ပြန်ဆို​သောယနေ့​ဘာသာ​ဖြင့်ပြန်ဆို​သော​သမ္မာကျမ်းစာ။

မိထွေး​ပထွေး​၏ဆုံးမခြင်း​အခွင့်အာဏာကို​လက်ခံခြင်း​ကသင်သည်‘အတွေးအခေါ်​ဘက်​ကြီးပြင်း’ပြီ​ဖြစ်​ကြောင်း​သက်သေထူ​သည့်နည်း​တစ်ရပ်​ပင်​ဖြစ်သည်။ သူသည်​မိရင်းဖရင်း​တစ်ဦး၏တာဝန်ကို​ထမ်းရွက်​နေသည်​ဖြစ်၍ လေးစားထိုက်​ပေ​သည်။ (သု. ၁:၈။ ဧဖက် ၆:၁-၄) ကျမ်းစာ​ခေတ်​က ဧသတာ​သည် မိဘ​သေဆုံး​သည့် နောက်​၌​မွေးစား​ဖခင်၊ သို့​မဟုတ်၊ “အထိန်း” (က​ဘ) ဖြစ်သူ​မော်ဒကဲ​၏​စောင့်ရှောက်မှု​အောက် ကြီးပြင်း​လာ​ခဲ့​သည်။ မော်ဒကဲ​သည် ဖခင်​ရင်း​မဟုတ်သော်လည်း၊ဧသတာ​အား‘အမိန့်ပေး’ နိုင်​သည်။ ဧသတာ​သည်လူ​လား​မြောက်​ခဲ့​သော်လည်းမော်ဒကဲ​၏​အမိန့်​ကို​နာခံ​ပေ​သည်။ (ဧသတာ ၂:၇၊ ၁၅၊ ၁၇၊ ၂၀) အမှန်​အားဖြင့်၊မိထွေး​ပထွေး​၏​ဆုံးမမှု​သည်အများအားဖြင့်​သင့်​အပေါ်​ထား​ရှိသောမေတ္တာ​စေတနာ​၏​သရုပ်သကန်​ဖြစ်​ပေ​သည်။—သု. ၁၃:၂၄

သို့​တိုင်၊ မကျေမချမ်း​သည့်​ကိစ္စပေါ်ပေါက်​လာ​မည်​မှာ​မလွဲ​ပါ။သို့​ဖြစ်​လျှင်၊ကောလောသဲ၃:၁၃တိုက်တွန်း​သည့်​အတိုင်းပြုလုပ်ခြင်း​ဖြင့်သင့်ကို​သင်‘လူကြီး’ပီသ​ကြောင်း​သက်သေထူ​ပါ။“တစ်ယောက်​၌​တစ်ယောက်အပြစ်တင်စရာ​အခွင့်​ရှိလျှင်၊အချင်းချင်း​သည်းခံ၍အပြစ်ကို​လွှတ်​ကြလော့။”

ဝေမျှ​တတ်​ပါ၊ အလျှော့ပေး​တတ်​ပါ

၁၅ နှစ်အရွယ်​ဂျယ်မီ​သည် မိခင်​နှင့်​နှစ်ဦး​တည်းနေ​ထိုင်​စဉ်၊ ကိုယ့်​အခန်း​နှင့်​ကိုယ်​ဖြစ်​ပြီး အဖိုးတန်​အဝတ်အစား​လှလှ​လည်း​ရှိခဲ့​သည်။ သို့သော် မိခင်​နောက်​အိမ်ထောင်ပြု​လိုက်​သဖြင့် ကလေး​လေးယောက်​အိမ်ထောင် ဖြစ်လာ​သောအခါ အခြေအနေ​မတူ​တော့​ချေ။ “ခု​များ​ဆို​ကျွန်မ​ဟာ ဘုံ​ပျောက်​ခဲ့​ရပြီ။ ဘာ​မဆို​သူများနဲ့​ဝေမျှ​ရတယ်” ဟု​ညည်း​သည်။

အကြီးဆုံး သို့​မဟုတ် တစ်ဦးတည်း​သောက​လေး​ဆို​သည့်​ရာထူးကို​ပါ စွန့်​ချင်​စွန့်​ရမည်။ သင်သည်​သား​ဖြစ်​လျှင်၊ အချိန်​ကြာမြင့်စွာ​အိမ်​၏​ယောက်ျား​ဘ​သား​ဖြစ်​ခဲ့​ပေမည်—ယခု​မူ​သင့်​ပထွေး​ကို နေရာ​ဖယ်​ပေး​ရတော့မည်။ သင်သည်​သမီး​ဖြစ်​လျှင်၊ သင်​နှင့်​သင့်​မိခင်​သည် ညီအစ်မ​ကဲ့သို့ဖြစ်ချင်​ဖြစ်​ခဲ့​မည်၊ တစ်ခန်း​တည်း​ပင် အတူ​အိပ်ခဲ့​ပေမည်။ ယခု​မူ၊ ပထွေး​ကြောင့် အခန်း​ထဲ​မှ​နေရာ​ဖယ်​၍​ထွက်​ခဲ့​ရ​ချေ​ပြီ။

သမ္မာကျမ်းစာ​က “လူအပေါင်း​တို့​ရှေ့၌ သင်တို့၏ [အကျိုးအကြောင်း​နှင့် ညီညွတ်သော​စိတ်သဘော၊ က​ဘ] ကို​ထင်ရှားစေ​ကြလော့” ဟု​အကြံပြု​၏။ (ဖိလိပ္ပိ ၄:၅) မူရင်း​စကားလုံး​၏​အနက်​မှာ “လိုက်လျော​ခြင်း” ကို​ဆိုလို ပြီး၊ မိမိ​ရပိုင်ခွင့်​ရှိသမျှကို မရ​မနေ​တောင်းဆိုခြင်း​မပြု​သော​သူ၏ စိတ်ဓာတ်​မျိုးကို​တင်ပြ​နေသည်။ ထို့​ကြောင့်၊ လိုက်လျော​တတ်​ပါ။ အလျှော့ပေး​ပါ။ သင့်​အခြေ​သစ်​အနေ​သစ်​ကို​အကောင်းဆုံး​ဖြစ်အောင်​ဖန်တီး​ပါ။ ဇာတ် ဟောင်း​ကို​ပြန်​မကပါ​နှင့်။ (ဒေသနာ ၇:၁၀) မိ​ခြား​ဖ​ခြား​ညီအစ်ကို​မောင်နှမ​တို့​နှင့် အေး​အတူ၊ ပူ​အမျှ၊ ဝေမျှ​နေထိုင်​တတ်​ပါ။ အပြင်လူ​အဖြစ်​မ​မှတ်​ပါ​နှင့်။ (၁ တိမောသေ ၆:၁၈) တစ်ယောက်ကို တစ်ယောက်ညီရင်း​အစ်ကို​မောင်​ရင်း​နှမ​ကဲ့သို့အမြန်ဆုံး​ယူမှတ်​နိုင်​လေ​လေ တစ်ဦး​ပေါ်​တစ်ဦး​ခံစားချက်​သဘောထား​လည်း တိုးတက်​ကောင်းမွန်​လာ​မည်။ အသစ်​သော​အိမ်ဦး​စီး​နှင့်​ပတ်သက်​၍​ဆို​ရ​လျှင်၊ သူ့ကို​မ​ငြိုငြင်​ပါ​နှင့်။ အိမ်ထောင်​ဝတ္တရား​များ​ကို သူလည်း​ဝိုင်း၍​သယ်ပိုး​ပေး​နေသည့်​အတွက်ဝမ်းသာ​ပါ​လေ။

မမျှမတ​ဆက်ဆံခံရ​ခြင်း​ပြဿနာ​ကို ရင်ဆိုင်​ခြင်း

မိန်းကလေး​တစ်ဦး​က၊ မိမိ​ပထွေး​မိမိတို့​အပေါ်မှာ​လည်း မေတ္တာထား​ပါ​သည်​ဟု ဝန်ခံ​ပြီး​နောက်၊ ဆက်၍​ဆိုပါ​သည်– “ဒါပေမဲ့​ခြားနား​ချက်​က​တော့​ရှိတာပေါ့။ သူ့​သားရင်း​သမီး​ရင်း​လည်း ကျွန်မတို့​နဲ့​တ​ရွယ်​ထဲ​ဖြစ်​ပေမဲ့၊ ကျွန်မတို့​အပေါ်မှာ​ဆိုရင် တောင်းဆိုချက်​ပို​များ​တယ်။ ပို​ပြီး​ဒဏ်ခတ်​ဆုံးမ​တယ်။ နားလည်မှု ပို​ပြီး​လျော့နည်း​တယ်။ အဲဒါဟာ ကျွန်မတို့​အခဲ​မ​ကျေ​နိုင်​တဲ့ အပိုင်း​ပဲ​ပေါ့။”

အများအားဖြင့်၊ မိထွေး​ပထွေး​တစ်ဦး၊ မယားပါ (လင်​ပါ) သားသမီး​တစ်ဦး​ပေါ်​ခံစား​ပုံ​သည် မိမိ၏​သွေး​ရင်း​သားရင်း​သားသမီး​ပေါ်​ခံစား​ပုံ​နှင့် မတူ​ကြောင်း​သိမှတ်ပါ​လေ။ သွေးသား​ဆက်​နွယ်​မှု​က​အဓိက အကြောင်းရင်း​မဟုတ်။ သူတို့​ချင်း​အတူ​နေထိုင်ခဲ့​သည့် အတွေ့အကြုံ​ကြောင့် ဖြစ်သည်။ ကုန်​ကုန်​ပြော ရ​လျှင်၊ သွေး​ရင်း​သားရင်း​မိဘ​သော်​မှ သားသမီး​တစ်ယောက်ယောက်​ကို အခြား​ကလေး​များ​ထက်​ပို​၍ ချစ်တတ်​သည်မဟုတ်​ပေ​လော။ (ကမ္ဘာဦး ၃၇:၃) သို့ရာတွင်၊ တန်းတူ​ညီမျှခြင်း​နှင့် တရား​မျှတခြင်း​စပ်ကြား အရေးကြီးသော​ခြားနား​မှု​တစ်ရပ်​ရှိသည်။ လူ​ချင်း​မှန်​သော်လည်း ပင်​ကိုယ်​စရိုက်​ချင်း၊ လိုအပ်ချက်​ခြင်း ခြားနား​ကြသည်။ ထို့​ကြောင့်၊ ငါ့​မိထွေး​ပထွေး​ငါ့ကို​တခြား​ကလေး​တွေ​နဲ့ တန်းတူ​ညီမျှ​ဆက်ဆံ​သလား​ဆိုပြီး အပူ​လွန်​နေ​မည့်​အစား သင်၏​လိုအပ်ရာ​များ​ကို သူအား​ထုတ်​၍​ဖြည့်စွက်​ပေး​နေ​သလား ဆို​သည်ကို​သာ​သုံးသပ်ကြည့်​ပါ။ ဖြည့်စွက်​မပေး​ဟု ထင်​ရ​လျှင်၊ သူနှင့်​သင်​ဆွေးနွေး​ဖို့​အကြောင်း ရှိလာ​သည်။

သင့်​မိ​ခြား​ဖ​ခြား​ညီအစ်ကို​မောင်နှမ​များနှင့်​လည်း အငြင်းပွား​ဖို့​အကြောင်း​ရှိသည်။ သူတို့လည်း မိ​ခြား​ဖ​ခြား​အိမ်ထောင်​အခြေအနေ​မျိုး​နှင့် အံဝင်ဂွင်ကျ​ဖို့ မနည်း​ကြိုးစား​နေရ​ကောင်း​နေရ​မည်​ဆို​သည်ကို ဘယ်တော့​မျှ​မမေ့​ပါ​နှင့်။ တို့​အိမ်ထဲ​ကျူးကျော်​ပြီး​ဝင်လာ​ရ​ကောင်းလား​ဆိုပြီး သင့်​အပေါ်​ဒေါ​ပွ​လျှင်​ပင် ဒေါ​ပွ​နေကြ​မည်။ ထို့​ကြောင့်​အတတ်နိုင်ဆုံး၊ အကြင်နာတရား​ထား​ပါ။ သူတို့က​သင့်ကို​တစ်ပြား​မတန်​ဆက်ဆံ​လျှင်၊ ‘အဆိုးကို​အကောင်း​ဖြင့်​အောင်​ပါ။’ (ရောမ ၁၂:၂၁) မောင်နှမ​ရင်း​ချာ​များ​သော်​မှ တစ်ခါတစ်ရံ​အတိုက်အခံ​ဖြစ်တတ်​ကြသည်​မှာ အဆန်း​မဟုတ်ပါ​လေ။—အခန်း ၆ ရှု။

သည်းခံခြင်း​တရား​အကျိုး​ပွား

“အမှု​၏​အဆုံး​သည် အစ​ထက်​သာ၍​ကောင်း​၏။ သည်းခံ​တတ်သော​သဘော​ရှိသောသူ​သည် မာန​ကြီးသော​သူ​ထက်​သာ၍​ကောင်း​၏။” (ဒေသနာ ၇:၈) သာမန်​အားဖြင့်၊ နောက်​အိမ်ထောင်​သားချင်း သက်သောင့်သက်သာ ဆက်ဆံ​ပေါင်းသင်း​လာ​သည်​အထိ အချင်းချင်း​ယုံကြည်​လာဖို့​ဆိုလျှင် နှစ်များ​စွာ​အချိန်​ယူရ​သည်။ “ထို​မျှ​ကြာညောင်း​မှ​သာ၊ ခြားနား​သော​အကျင့်​စရိုက်​များနှင့်တန်ဖိုး​စံနှုန်း​များရော​ပြွမ်း​သွား​ကာလက်​တွေ့​ကျ​သော​ဘဝ​လမ်းစဉ်ဖြစ်လာ​နိုင်​သည်။ ထို့​ကြောင့်၊ စိတ်ရှည်ပါ။“လက်ငင်း​မေတ္တာ” “လက်ငင်း​အိမ်ထောင်ရေး​ဘဝ” ချက်ချင်း​ရဖို့​မမျှော်လင့်​ပါ​နှင့်။

သောမတ်စ်​၏​မိခင် နောက်​အိမ်ထောင်ပြု​သောအခါ၊ သောမတ်စ်​တစ်ယောက် ယု​တ်စွ​အဆုံး၊ မနေ​တတ်​မ​ထိုင်​တတ် ဖြစ်​ခဲ့​ရှာ​သည်။ သောမတ်စ်​မိခင်​၌​ကလေး​လေးယောက်၊ သူနှင့်​အိမ်ထောင်ပြု​သော​အမျိုးသား​သည်ကလေး​သုံးယောက်​ရှိသည်။“ကျွန်တော်​တို့​ရန်ဖြစ်​ကြ၊ စကား​များ​ကြနဲ့​ဖရိုဖရဲ​ဖြစ်​ခဲ့​ကြတယ်။ စိတ်​အဆင်း​ရဲ​ကြီး​ဆင်းရဲ​ခဲ့​ကြတယ်”ဟူ၍​သောမတ်စ်​က​ရေးသားခဲ့​သည်။နောက်ဆုံး​ဘယ်လို​အောင်မြင်ခဲ့​ကြ​သနည်း။“ကျမ်းစာ​မူများ​ကို ကျင့်သုံး​တဲ့​အခါ​က​စ ပြဿနာ​ပြေလည်​လာတယ်။ အမြဲတမ်း​ချက်ချင်း​လက်ငင်း​တော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ အချိန်​ကုန်လွန်​လာ​သည်​နှင့်​အမျှ၊ ဘုရားသခင်ရဲ့​ဝိညာဉ်​တော်​အသီး​တွေ​ကို အသုံးပြု​လာ​သည်​နှင့် အခြေအနေ​အရပ်ရပ်​လည်း ပြေပြစ်​ချောမော​လာ​ပါ​တယ်။”—ဂလာတိ ၅:၂၂၊ ၂၃

ကျွန်ုပ်​တို့​မေးမြန်း​သည့် အောက်ပါ​လူငယ်များ​၏​တွေ့ကြုံ​မှုများ​က၊ သမ္မာကျမ်းစာ​မူများ​ကို မှီဝဲ​ဆည်းကပ်ခြင်း​သည် မိ​ခြား​ဖ​ခြား​အိမ်ထောင်​ကို အောင်မြင်​စေနိုင်​ကြောင်း သာဓက​ပြ​ပေ​သည်။

အောင်မြင်​သော မိ​ခြား​ဖ​ခြား​အိမ်ထောင်များ​မှ လူငယ်များ

မေးမြန်း​သူ– ခင်ဗျား​ပထွေး​ရဲ့​အဆုံးအမ​ကို ခင်ဗျား​ခံရတဲ့​အခါမှာ စိတ်ဆိုး​မာန်​ဆိုး​ဖြစ်တာ​မျိုး​မရှိ​အောင် ဘယ်လို​ရှောင်ကြဉ်​သလဲ။

လင်း– ကျွန်တော့်​မေမေ​နဲ့​ပထွေးကျွန်တော့်​ကို​ဆုံးမ​တဲ့​အခါ​တက်​ညီ​လက်​ညီ​ရှိကြတယ်။တစ်ခုခု​ဖြစ်​တဲ့​အခါ၊နှစ်ဦးစလုံးတစ်​သဘော​ထဲ​ဆုံးဖြတ်ပြီး​လုပ်ကြပါ​တယ်။ဒါ​ကြောင့်ကျွန်တော်​အရိုက်ခံရ​တဲ့​အခါမှာ၊သူတို့​နှစ်ယောက်စလုံး​ရဲ့အဆုံးအမ​ဆိုတာ​သိရ​ပါ​တယ်။

လင်း​ဒါ– အစောပိုင်းမှာ၊ တကယ်​ခံရ​ခက်တယ်။ “ရှ​င့်​မှာ​ဘာ​အာဏာ​ရှိလို့ ကျွန်မ​ကို​ဒီလို​လာ​ပြော​တာလဲ” ဆို​တဲ့​သဘော ကျွန်မ​မှာ​ရှိတယ်​လေ။ ဒါပေမဲ့ နောက်တော့​ကျွန်မ​က ‘မိဘကို​ရိုသေပါ’ ဆို​တဲ့​ကျမ်းစာ​ဆုံးမ​စကား​ကို ပြန်တွေး​မိတယ်။ သူဟာ​ကျွန်မ​အဖေရင်း​မဟုတ်​သည်​တိုင်အောင်၊ ဘုရားသခင့်​ရှေ့မှာ​သူဟာ ကျွန်မ​ဖေဖေ​ပါ​ပဲ​လေ။

ရော်ဘင်– မေမေ​ချစ်တဲ့​လူတစ်ယောက်ကို ကျွန်တော်​က​စိတ်ဆိုး​ရင် မေမေ​စိတ်ထိခိုက်​မှာပဲ​ဆိုတာ​ကို ကျွန်တော်​သဘောပေါက်​မိတယ်။

မေးမြန်း​သူ– နှီးနှော​ပြောဆိုမှု​ကောင်း​အောင် ဘာက​အထောက်အကူ​ပြု​သလဲ။

လင်း– ကိုယ့်​ပထွေး​လုပ်တဲ့​အလုပ်အပေါ် ကိုယ်​က​လဲ​စိတ်ဝင်စား​ရမယ်။ ကျွန်တော့်​အနေ​နဲ့၊ ပထွေး​ကို အလုပ်မှာ​ဝင်ကူ​တယ်။ အတူ​အလုပ်လုပ်​ရင်း​သူနဲ့ ကျွန်တော်​စကား​ဖောင်​ဖောင်​ပြော​တယ်။ ဒီတော့​သူ့​သဘောကို​မြင်တတ်​လာတယ်။ တစ်ခါ​တ​လေ​များ​ဆိုရင်၊ သူနဲ့အတူ၊ ထိုင်​ရုံ​ထိုင်ပြီး​ဘာမှ​မပြော​ဘဲ​နေပါတယ်။

ဗ​လဲ​ရီ– ကျွန်မ​နဲ့​ကျွန်မ​မိထွေး အချိန်​တော်​တော်​များများ​ယူပြီး အတူ​နေကြ​တယ်။ ဒါ​ကြောင့်​သူ့​သဘောကို အတွင်းကျကျ​နားလည်​လာတယ်။ ကျွန်မတို့​နှစ်ယောက်​ဟာ အရင်းနှီးဆုံး​မိတ်ဆွေ​ဖြစ်လာ​ကြတယ်။

ရော်ဘင်– ဖေဖေ​ဆုံး​တဲ့​နောက်​တစ်နှစ်​မှာပဲ၊ မေမေ​နောက်​အိမ်ထောင်ပြု​ခဲ့တယ်။ ကျွန်တော်​ဟာ ပထွေး​အနားကို​မ​ကပ်​ဘူး။ ဖေဖေ​နေရာကို အစားထိုး​မှာ​ကို​မလိုလား​တဲ့​အတွက်​ကြောင့်​ပေါ့။ ဖေဖေ​ဆုံး​ခဲ့​တဲ့​အတွက် ကျွန်တော်​ဝမ်းနည်း​နေတဲ့​ခံစားချက်​ပြေပျောက်​ပြီး ပထွေး​နဲ့​နီးကပ်​လာနိုင်​အောင် မစ​တော်​မူ​ပါ​ဆိုပြီး ဘုရားသခင်​ထံ​ကျွန်တော်​အဆက်မပြတ် ဆုတောင်း​တယ်။ တောင်း​ပြီး​ရင်း​ပြန်​တောင်း​တယ်။ ယေဟောဝါ​တကယ်ပဲ ကျွန်တော့်​ရဲ့​ဆုတောင်းချက်​ကို​နားညောင်း​ခဲ့တယ်။

မေးမြန်း​သူ– ပိုမို​ရင်းနှီး​လာအောင် ဘယ်လို​လုပ်သလဲ။

ဗ​လဲ​ရီ– တစ်ခါ​တ​လေ​ကျွန်မ​မိထွေး​ကို ရုပ်ရှင်​ကြည့်​ဖို့​ခေါ်​တယ်—ကျွန်မတို့​နှစ်ယောက်​ထဲ။ ဒါမှ​မဟုတ်​ကျွန်မ အိမ်ပြင်ထွက်​တဲ့​အခါ၊ သူ့​အတွက်​ပန်း​တွေ၊ သို့​မဟုတ်၊ ပန်း​အိုး​တစ်ခု​ဝယ်​ပေးတယ်။ သူ့ကို​ကျွန်မ​သတိ​ရတယ်ဆိုတဲ့​သဘော​ပေါ့။ သူလည်း​ဒါကို​တကယ်​တန်ဖိုး​ထား​တယ်။

အဲရစ်– သူနဲ့​ကိုယ်​နှစ်ယောက်စလုံး ကြိုက်​တတ်​တဲ့​ဟာ​လေး​ကို​ရှာယူ​ရ​ပါ​တယ်။ ကျွန်တော်​နဲ့​ကျွန်တော့်​ပထွေး အကျိုးတူ​အကြောင်း​တူ​တစ်ခု​ထဲ​ရှိတယ်။ ဒါက​တော့၊ ပထွေး​ဟာ​ကျွန်တော့်​မေမေ​နဲ့ လက်ထပ်​ထားပြီး ကျွန်တော်​တို့​တစ်အိမ်​ထဲ​နေတယ်​ဆိုတာ​ပါ​ပဲ။ ဘယ်​အချိန်​ဟာ အထောက်အကူ​အပြု​ဆုံး​အချိန်​လဲ​ဆိုတော့၊ သူ​စိတ်ပါ​ဝင်စားတဲ့​သမ္မာကျမ်းစာ​ပေါ် ကျွန်တော်​လဲ​စိတ်ဝင်စား​လာတဲ့​အချိန်​လို့​ဆို​ရမှာပဲ။ ကျွန်တော်​ဟာ ယေဟောဝါ​နဲ့​ရင်းနှီး​လာတာ​နဲ့​အမျှ၊ ပထွေး​နဲ့​လဲ​ပို​လို့ ရင်းနှီး​လာတယ်။ ခု​ဆိုရင်၊ ကျွန်တော်​တို့​နှစ်ယောက်​မှာ တကယ့်ကို​အကျိုးတူ၊ အကြောင်း​တူ​ရှိလာ​ပါ​တယ်။

မေးမြန်း​သူ– ခင်ဗျား​ကိုယ်တိုင် ဘာ​အကျိုး​ခံစား​ရသလဲ။

ရော်ဘင်– မေမေ​နဲ့​ပဲ​နေတဲ့​အခါ၊ ကျွန်တော်​ပုန်ကန်​တတ်တယ်။ အလိုလိုက်​ထား​တော့​မိုက်​ခဲ့တယ်​ပေါ့။ ဘာ​မဆို​ကျွန်တော့်​အလို​ပဲ​ဖြစ်​ရမယ်။ ခု​ဆိုရင်၊ တခြား​လူတွေကို​ထောက်စာ​လာ​တတ်​ပါ​ပြီ။ ပြီး​တော့​အရင်​လောက်​လဲအတ္တ​မ​ဆန်​တော့​ဘူး။

လင်း– ကျွန်တော့်​ပထွေး​ကျွန်တော့်​ကို လူကြီး​ပီပီ​တွေးခေါ်​တတ်​အောင်သင်​ခဲ့​ပါ​တယ်။လက်မှုပညာ​တတ်မြောက်​အောင်၊လက်​နှစ်​ဘက်​ကိုအသုံးချ​တတ်​အောင်သင်ပေးခဲ့​ပါ​တယ်။အခက်အခဲ​ကြုံ​လို့တစ်ယောက်ယောက်ရဲ့​အကူအညီကိုလိုအပ်​တဲ့​အခါ၊သူ​အမြဲ​ကျွန်တော့်​အနားမှာ​ရှိတယ်။တကယ်​ပါ​ပဲ။သူဟာ​အကောင်းဆုံး​ဖခင်​ဖြစ်ပါ​တယ်။

ဆွေးနွေး​ရန်​မေးခွန်းများ

◻လူငယ်​အများ​သည် မိမိတို့​မိဘများ​နောက်​အိမ်ထောင်ပြု​ကြသောအခါ မည်သို့​ခံစား​ကြ​ရသနည်း။ အဘယ်ကြောင့်​နည်း။

◻ခရစ်ယာန်​မေတ္တာဖြင့်​ပြုမူခြင်း​သည် လူငယ်​တစ်ဦး​အား ပြဿနာ​ရင်ဆိုင်​နိုင်​ရန် မည်သို့​ထောက်ကူ​သနည်း။

◻သင်သည် မိထွေး​ပထွေး​၏​ဆုံးမခြင်း​ကို နာခံ​ရမည်​လော။

◻လိုက်လျော၊ ဝေမျှ​တတ်​ခြင်း​သည် အဘယ်ကြောင့်​အရေးကြီး​သနည်း။

◻မိ​ခြား​ဖ​ခြား​ညီအစ်ကို​မောင်နှမ​တို့​နှင့် တန်းတူညီတူ​ဆက်ဆံခံရ​ဖို့ မျှော်လင့်သင့်​သလော။ မျက်နှာ​လိုက်​ကာ ဆက်ဆံခံရ​သည်​ဟု​ထင်​လျှင် သင်​မည်သို့ပြု​မည်​နည်း။

◻မိထွေး​ပထွေး​နှင့်​သင့်မြတ်​အောင် အဘယ်အရာ​များ​ပြုလုပ်​နိုင်​သနည်း။

[စာမျက်နှာ ၄၅ ပါ​အကျဉ်း​ဖော်ပြချက်]

“ဖေဖေ​ရဲ့​ဇနီးလောင်း​ဟာမေ​မေ့​နေရာကို​လု​တယ်လို့ကျွန်မ​ထင်​မိတယ်။ ဒါ​ကြောင့်​သူ့ကို ကျွန်မစိမ်း​စိမ်းကား​ကား ကြီးဆက်ဆံ​ခဲ့တယ်”

[စာမျက်နှာ ၄၃ ပါ​ရုပ်ပုံ]

မိဘ​တစ်ဦး​နောက်​အိမ်ထောင်ပြု​သောအခါ ဒေါသ၊ မ​လုံခြုံမှု​နှင့် သဝန်တို​မှု​တို့ကို​ဖြစ်ပွား​စေ​တတ်​သည်

[စာမျက်နှာ ၄၆ ပါ​ရုပ်ပုံ]

မိထွေး​ပထွေး​၏ ဆုံးမမှု​ကို ကြိုက်​ကြလေ့​မရှိ