မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မောင်နှမတွေနဲ့ ပေါင်းရတာ ဘာကြောင့် ဒီလောက်တောင်ခက်ရတာလဲ

မောင်နှမတွေနဲ့ ပေါင်းရတာ ဘာကြောင့် ဒီလောက်တောင်ခက်ရတာလဲ

အခန်း ၆

မောင်နှမ​တွေ​နဲ့ ပေါင်း​ရတာ ဘာကြောင့် ဒီလောက်တောင်​ခက်ရ​တာလဲ

မွေးချင်း​ပေါက်​ဖော်​ပြိုင်ဆိုင်မှု—ကာဣန​နှင့်​အာဗေလ​တ​မျှ ကြာညောင်း​ခဲ့ပြီ။ မိမိ​မွေးချင်း​ပေါက်​ဖော် (ညီအစ်ကို​မောင်နှမ) ကို​မုန်းသည်​ကို​မဆိုလို။ လူငယ်​တစ်ဦး​ဤသို့​ဝန်ခံ​သည်– “ကျွန်တော့်​ရဲ့​အ​သဲ​နှလုံး​ထဲမှာ၊ တပ်အပ်​ရယ်လို့​တော့ ခု​အနေ​နဲ့​မပြော​နိုင်​ပေမဲ့၊ ကျွန်တော့်​ညီလေး​ကို ကျွန်တော်​ချစ်တယ်လို့​ယူဆ​ပါ​တယ်။ သူ့ကို​ချစ်​သလို​လို​ပဲ​ပေါ့။”

ရန်ငြိုး​သည်​အဘယ်ကြောင့် မွေးချင်း​ပေါက်​ဖော်​ဆက်ဆံ​ရေး​၏ အောက်​အလွှာ​ထပ်​တွင် ပုန်းလျှိုး​လျက်​နေတတ်​သနည်း။ စာရေး​ဆရာ ဟာ​ရီ​ယက်​ဝက်ဘ်​စ​တား​က အိမ်ထောင်ရေး​ပါရဂူ က​လော်​ဒီ​ရွှက်​ဇာ​၏​အဆို​ကိုကိုး​ကား​၍ ဤသို့​ရေးသား​လိုက်​သည်– “အိမ်ထောင်​တိုင်း အရင်းအမြစ်​အနည်း​နှင့်​အများ​ဆို​သလို​ရှိသည်။ အချို့​မှာ​စိတ်ပိုင်း​ဆိုင်ရာ​ဖြစ်​ပြီး၊ အချို့မှာ​ရုပ်ပစ္စည်း​ဖြစ်သည်။” ဝက်ဘ်​စ​တား​က အောက်ပါ​အတိုင်း​ထပ်မံ​ရေးသား​လိုက်​သည်– “မောင်နှမ​ချင်း​ရန်ဖြစ်​ကြသောအခါ၊ များသောအားဖြင့်၊ ၎င်း​အရင်းအမြစ်​များ​အတွက် အနိုင်​လု​ကြ​ခြင်း​သာ​ဖြစ်သည်။ ၎င်း​အရင်းအမြစ်​များ​တွင်​မေတ္တာ၊ ငွေ​နှင့်​အဝတ်အစား​မှ​အစ၊ အရာရာတိုင်း​အကျုံးဝင်​သည်။” ဥပမာ၊ ကယ်​မီ​သည် အခြား​မောင်နှမ​ငါး​ယောက်​နှင့်အတူ အိပ်ခန်း​သုံးခန်း​ကို ဝေမျှ​၍​သုံး​ကြ​ရသည်။ ကယ်​မီ​က “တစ်ခါ​တ​လေ ကျွန်မ​တစ်ယောက်​ထဲ​နေချင်​တယ်။ သူတို့​အခန်း​ထဲ​ဝင်​မလာ​အောင် တံခါးပိတ်​ထား​လိုက်​ချင်​တယ်။ ဒါပေမဲ့ သူတို့​တစ်ချိန်​လုံး​အခန်း​ထဲမှာ နေ​နေကြ​တယ်။”

အခွင့်အရေး​နှင့်​အိမ်တွင်းမှု​ဝတ္တရား​များခွဲဝေ​သည့်​ကိစ္စ​၌​လည်းစစ်ခင်း​တတ်ကြ​သည်။အကြီး​ဖြစ်သူ​တို့​ကအိမ်အလုပ်​ပို​လုပ်​ရသည့်​အတွက်အခဲ​မ​ကျေ​ဖြစ်တတ်​ကြ​၏။ အငယ်​ဖြစ်သူ​များ​ကအကြီး​တို့၏​နိုင်ထက်စီးနင်း​လုပ်​မှု​ကိုခုခံ​ငြင်းဆန်​ကြ​၏။အကြီး​များ​အခွင့်အရေး​ထူး​ရ​ကြသည်​ကို​မြင်​၍မနာလို​ဖြစ်​ကြ​၏။အင်္ဂလန်​မှဆယ်ကျော်သက်မိန်းကလေး​တစ်ယောက်က‘ကျွန်မ​အစ်မ​ဖြင့်​ကားမောင်း​သင်တန်းတက်​ခွင့်​ရတယ်။ကျွန်မ​ကျ​တော့​တက်ခွင့်​မရဘူး’ဆိုပြီး​မြည်​တွန်​တောက်​တီး​၏။‘ကျွန်မ​လဲ​စိတ်ဆိုး​ပြီး​အစ်မ​ကိုအနှောင့်အယှက်​ပေး​တာပေါ့။’

တစ်ခါတစ်ရံ မောင်နှမ​ချင်း​မတည့်​ကြ​သည့်​အကြောင်းရင်း​မှာ၊ စရိုက်​ချင်း​မတူ​သည့်​အတွက်​ကြောင့်​ဖြစ်သည်။ ဆ​ယ့်​ခု​နစ်​နှစ်အရွယ်​ဒို​င်ယန်​က မောင်နှမ​များနှင့်​ပတ်သက်ပြီး အောက်ပါ​အတိုင်း​ဖွင့်ဆို​သည်။ “နေ့စဉ်​ရက်​ဆက် ဒီ​မျက်နှာကို​ပဲ​မြင်​နေရ၊ ကြည့်​နေရ​လို့​ရှိရင်...ပြီး​တော့၊ အဲဒီ​တစ်ယောက်က​ပဲ၊ သင်​မကြိုက်တာ​ကို နေ့တိုင်း​လုပ်​နေတာ​ကြည့်​နေရ​ရင်—ကြာ​တော့​ရူး​ချင်​လာတယ်။” သက်​ငယ်​အန်​ဒရယ်​က ထပ်ဆင့်၍​ဤသို့​ဆို​၏– “အိမ်မှာ​နေတဲ့​အခါ...ကိုယ့်​စရိုက်​အတိုင်း​နေကြ​တာ​ပဲ။” ဝမ်းနည်းစရာမှာ၊ ‘ကိုယ့်​စရိုက်​အတိုင်း​နေ’ သောအခါ၊ ယဉ်ကျေး​သိမ်မွေ့​မှု၊ ထောက်စာ​ကြင်နာ​မှု၊ လိမ္မာပါးနပ်မှု​တို့ကို ဘေးဖယ်​ထား​ကြ​တော့​သည်။

မိဘများ​အချစ်​မမျှ​မှု (‘အမေ့​အချစ်​တုံး’) ကြောင့်​လည်း​မောင်နှမ​ချင်း ရန်ဖြစ်​တတ်ကြ​သည်။ စိတ္တ​ဗေဒ​ပညာရှင် ပါမောက္ခ​လီ​စော့​က ဝန်ခံ​သည်– “မိဘ​တစ်ဦး​အနေ​နဲ့​ဘယ်​နည်းနဲ့​မှ ကလေး​တွေ​အားလုံး​ကို တစ်ပြေးညီ​မချစ်​နိုင်ဘူး။ ဘာကြောင့်​လည်း​ဆိုတော့၊ ကလေး​တွေ​ဟာ သီးခြား​လူသားများ ဖြစ်​ကြ​တဲ့​အတွက် ကျွန်တော်​တို့ [မိဘများ] လည်း​သူတို့​အပေါ် ခြားနား​တဲ့​ခံစား​တုံ့ပြန်​ချက်​ရှိတာ မရှောင်​မလွှဲ​နိုင်​တဲ့​ကိစ္စ​ပဲ။” သမ္မာကျမ်းစာ​ခေတ်တွင်​လည်း​ဤသို့​ပင်။ ဘိုးဘေး​ယာကုပ် (ဣသရေလ) သည် “အခြားသော​သား အပေါင်း​တို့ကို​ချစ်​သည်ထက် ယောသပ်​ကို​သာ၍​ချစ်​၏။” (ကမ္ဘာဦး ၃၇:၃) ယောသပ်​၏​အစ်ကို​များသည် သူ့ကို ခါးခါးသီးသီး​မနာလို​ဖြစ်​ကြ​လေ​သည်။

မီးငြိမ်း​သတ်​ခြင်း

“ထင်း​မ​ရှိလျှင်​မီး​သေတတ်” ၏​ဟု​နယပုံပြင် ၂၆:၂၀ က​ဆို​၏။ တောမီး​ကူး​ခြင်း​ကို များသောအားဖြင့် တောမီး​ဖြတ်​နည်းဖြင့်​ကာကွယ်​နိုင်​သည်။ ရှည်လျားသော​နယ်မြေ​အပိုင်းအခြား​ဖြစ်အောင် သစ်ပင်​တစ်ပင်​မကျန် ခုတ်ထွင်​ရှင်းလင်း​ထားခြင်း​ပင်​ဖြစ်သည်။ တောမီး​လောင်​သောအခါ များသောအားဖြင့် ထို​အပိုင်းအခြား​အထိ​သာ ကူး​လာ​မည်​ဖြစ်​ပြီး ၎င်းနောက်​မီးငြိမ်း​သွား​မည်​သာ။ ထို့​နည်းတူ၊ ကာကွယ်​နိုင်​သည်—ယု​တ်စွ​အဆုံး ကြီးကျယ်​မလာ​အောင်—စိတ်ဝမ်း​ကွဲ​မှု​ကို​ထိန်းချုပ်​နိုင်​သည်။ နည်း​တစ်နည်း​မှာ၊ အငြင်း​မ​ပွား​မီ ဆွေးနွေး​နှီးနှော​ကာ လိုက်လျောမှု​ရယူ​ထားခြင်း​ပင်​ဖြစ်သည်။

ဥပမာ၊ ပြဿနာ​သည် သီးသန့်​ဆိတ်ငြိမ်မှု​ကင်း​ခြင်း​လော။ ပဋိပက္ခ​မဖြစ်မီ​ထိုင်၍​တိုင်ပင်​ကာ အချိန်ဇယား​တစ်ခု​ကို​ဆွဲ​ပါ။ (‘ဒီ​ရက်/နာရီ​ပိုင်း​မှာ အခန်း​ကို​ငါ​ပိုင်​မယ်။ နင်​က​ဒီ​ရက်/နာရီ​ပိုင်း​အတွင်း အခန်း​ကို​ပိုင်​တယ်။’) ၎င်းနောက်၊ သဘော​တူညီချက်​ကို လေးစားခြင်း​အားဖြင့်၊ သင်၏​စကား “ဟုတ်​သည်ကို​အ​ဟုတ်၊ မဟုတ်​သည်ကို မဟုတ်​ဖြစ်စေ​လော့။” (မဿဲ ၅:၃၇) ပြုပြင်​ပြောင်းလဲစရာ​ပေါ်လာ​လျှင်၊ ကြိုတင်​အကြောင်း​မကြား​ဘဲ အဓမ္မ​အပြောင်းအလဲ​လုပ်​မည့်​အစား ကြိုတင်​အသိပေး​ပါ။

ပစ္စည်း​ပိုင်ဆိုင်ခွင့်​နှင့်​ပတ်သက်ပြီး တိုက်ပွဲ​ဆင်​နေခြင်း​လော။ ဆယ်ကျော်သက်​တစ်ဦး​က ဤသို့​အပြစ်​ဆို​သည်– “ကျွန်မ​ရဲ့​မိ​ခြား​ဖ​ခြား​ညီအစ်မ​ဟာ အမြဲတမ်း​ပဲ​အခွင့်​မ​တောင်း​ဘဲ​နဲ့ ကျွန်မ​ပစ္စည်း​ယူ​သုံးတယ်။ ကျွန်မ​ရဲ့​မိတ်ကပ်​ကို​တောင် ယူ​သုံးတယ်။ ပြီး​တော့၊ ပစ္စည်း​အမျိုးအစား​မှန်​အောင်​လဲ မဝယ်​တတ်​ဘူးဆို​ပြီး ကျွန်မ​ကို​ဝေဖန်​ဝံ့​ပါ​ရဲ့။” ဤ​ကိစ္စ​တွင်၊ မိဘ​အား​နောက်ဆုံး ပိုင်းဖြတ်​ခိုင်း​နိုင်​ပါ​သည်။ သို့သော်​ပို​၍​ကောင်း​သည်​ကား၊ စိတ်​ငြိမ်​သောအခါ သက်ဆိုင်သူ​နှင့်အတူ​ထိုင်ပြီး နှီးနှော​ဆွေးနွေးပါ။ မိမိ၏ “အခွင့်အရေး” နှင့်​ပတ်သက်ပြီး စကား​အ​ကျ​ကောက်​ကာ က​တောက်​က​ဆ​ဖြစ်နေ​မည့်​အစား“ဝေမျှ​ရန်​အသင့်ရှိ”ပါ။ (၁ တိမောသေ ၆:၁၈က​ဘ) ချေးငှား​ခြင်း​နှင့်​ပတ်သက်​၍ စည်းမျဉ်း​အချို့သတ်မှတ်​ဖို့ သဘော​တူညီချက်​ရယူပါ။ စည်းမျဉ်း​တစ်ခု​မှာ၊ ယူ​မ​သုံး​မီ ခွင့်​တောင်းခြင်း​ပင်​ဖြစ်သည်။ လိုအပ်​လျှင် နှစ်ဦး​နှစ်​ဘက်​အလျှော့ပေး​မှု​ရ​ရန် ဆောင်ရွက်​ပါ။ သို့ပြု​လျှင်၊ ‘မီး​မ​လောင်​ခင်​တား’ နိုင်​ပါ​လိမ့်​မည်။

သို့သော်​သင့်​မောင်နှမ​၏​စရိုက်​ကိုယ်နှိုက်​က စိတ်ဆိုး​စ​ရာ​ဖြစ်​လျှင် မည်သို့ပြု​မည်​နည်း။ သူ့ကို​ပြောင်းလဲ​စေရန် သင်​တတ်နိုင်​မည်​မဟုတ်။ ထို့​ကြောင့်၊ “မေတ္တာ​စိတ်​နှင့် တစ်ယောက်ကို​တစ်ယောက်​သည်းခံ” တတ်​ပါ​လေ။ (ဧဖက် ၄:၂) မောင်နှမ​၏​အပြစ်​အနာအဆာ​ကို အကျယ်ချဲ့​မည့်​အစား၊ ခရစ်ယာန်​မေတ္တာကို ကျင့်သုံး​ပါ။ မေတ္တာသည် “များစွာ​သော​အပြစ်​တို့ကို​ဖုံးအုပ်​တတ်၏။” (၁ ပေတရု ၄:၈) အကြင်နာ​ကင်း​ပြီး ရန်စ​မည့်​အစား “အမျက်ထွက်ခြင်း၊ စိတ်ဆိုး​ခြင်း၊ [ဆိုးသွမ်း​ခြင်း၊ က​ဘ) သူ့​အသရေပျက်​အောင်​ပြောဆိုခြင်း” တို့ကို​ပယ်ရှား​၍ “သင်တို့​စကား​သည်...[အကြင်နာတရား​ဖြင့်] အစဉ်မပြတ်​တင့်တယ်​လျောက်ပတ်​ပါစေ။”—ကောလောသဲ ၃:၈; ၄:၆

‘မတရား​ဘူး’

“ကျွန်မ​ညီမ​လိုချင်​တာ​အကုန်​ရတယ်။ ကျွန်မ​ကျ​တော့၊ လုံးဝ​အပယ်ခံ​ဘဝ။” လူငယ်​တစ်ဦး​ထိုသို့ညည်း​ရှာ​သည်။ ကြားနေ​ကျ​စကား​မဟုတ်ပေ​လော။ သို့သော်၊ “အကုန်” “လုံးဝ” ဟူသော​အကြွင်းမဲ့​အသုံးအနှုန်း​မျိုးကို သတိပြုပါ။ အခြေအနေ​တကယ်​ပင် ထို​မျှ​တိုင်​ဆိုး​သလော။ မဟုတ်​တန်​ရာ။ ဟုတ်​သည်​ပဲ​ထား၊ လူ​နှစ်ယောက်ကို​အကြွင်းမဲ့၊ တစ်ပြေးညီ​ဆက်ဆံ​ရမည်ဟု တောင်းဆိုခြင်း​သည် ဖြစ်​နိုင်​သည့်​အရာ​လော။ လုံးဝ​မဖြစ်​နိုင်​ပေ! သင့်​မိဘများ သင်တို့​တစ်ဦးချင်း​၏​လိုအပ်ချက်​နှင့် စိတ်​နေ​သဘောထား​ပေါ်​မူတည်ပြီး တုံ့ပြန်​လိုက်ခြင်း​သာ ဖြစ်​ပေမည်။

သို့သော်​မိဘ​တစ်ဦး​က ကလေး​တစ်ယောက်ကို ပို​၍​မျက်နှာသာ​ပေး​သည်​မှာ မတရား​ရာ​မကျ​ပေ​လော။ တပ်အပ်​မဆို​နိုင်။ ယာကုပ်​သည် မိမိ​သား​ယောသပ်​ကို အထူး​မျက်နှာသာ​ပေး​ကြောင်း ပြန်လည်​သတိရပါ။ အဘယ်ကြောင့်​နည်း။ ယောသပ်​သည် ယာကုပ်​၏​ကွယ်လွန်​ခဲ့​သော​ချစ်​ဇနီး ရာခေလ​မွေး​သည့်​သား​ဖြစ်၏။ ယင်းကြောင့်​ယာကုပ်​သည် ဤ​သား​အပေါ် အထူး​သံယောဇဉ်​ငြိတွယ်​ခဲ့​သည်​မှာ လုံးဝ​နားလည်​လွယ်​စ​ရာ​အချက်​ပင် မဟုတ်ပေ​လော။ သို့သော်​ယာကုပ်​သည် အခြား​သားများ​ကို​ဘေးဖယ်​ပြီး ယောသပ်​ကို​သာ​ပုံ​၍​ချစ်​သည်မဟုတ်။ သူတို့၏​ကောင်းစား​ရေး​အတွက်​လည်းတကယ်​ပင်​စိုးရိမ်မကင်း​ရှိ​ရှာ​ပေ​သည်။ (ကမ္ဘာဦး ၃၇:၁၃၊ ၁၄) ထို့​ကြောင့်​ယောသပ်​အပေါ် သူတို့​မနာလို​ကြ​ခြင်း​သည် အခြေအမြစ်​မရှိပေ!

ဝါသနာ​တူ၊စရိုက်​ချင်း​တူသော​ကြောင့်သို့​မဟုတ်အခြား​အကြောင်း​များ​ကြောင့်သင့်​ညီအစ်ကို၊သင့်​ညီအစ်မ​ကိုသင့်​မိဘ​က​ပို​၍​ချစ်​ရခြင်း​လည်း​ဖြစ်​ကောင်း​ဖြစ်​မည်။သို့သော်​သင့်ကိုမချစ်​ရာ​မ​ရောက်​ပါ။သင်​စိတ်ဆိုး​လျှင်၊မနာလို​လျှင်၊မစုံလင်​သော​သင့်​နှလုံး​ကသင့်ကို​အနိုင်ယူ​နေပြီ​ဖြစ်​ကြောင်း​သိမှတ်ပါ​လေ။ထို​ခံစားချက်​မျိုးကိုကြိုး​စား၍​ချိုးနှိမ်​ပါ။သင်လို​အပ်​ရာ​ရာ​များ​ကိုမိဘ​က​မပျက်​မ​ကွက်ဖြည့်စွက်​ပေး​နေပါက၊အခြား​မောင်နှမ​တစ်ယောက်ပို​၍​အချစ်ခံ​ရသည့်​အတွက်အဘယ်ကြောင့်​စိတ်​အနှောင့်အယှက်​ဖြစ်နေ​ရသနည်း။

ညီအစ်ကို​မောင်နှမ​များ—ကောင်းချီး​တစ်ရပ်

ယင်းသည်​တစ်ခါတစ်ရံ​ယုံရခက်​၏—အထူးသဖြင့်​သူတို့က မိမိ​အား​စိတ်​တို​အောင် ဖန်တီး​သည့်​အခါ​ဖြစ်သည်။ သို့သော် ဒို​င်ယန်​က ကျွန်ုပ်​တို့အား​သတိရ​စေ​၏– “မောင်နှမ​တွေ​ရှိတာ​ပျော်စရာ​ကြီး” သူ၌​မောင်နှမ​ခု​နစ်​ယောက်​ရှိ၏။ “စကားပြော​ဖော်​ပြော​ဖက်​ရတယ်။ ဝါသနာပါရာ​ကို မျှဝေ​ခံစား​နိုင်တယ်။”

အန်း​မေရီ​နှင့်​အစ်ကို​ဖြစ်သူ​အန်​ဒရယ်​က ထပ်ဆင့်၍​ဆို​သည်– “သူငယ်ချင်း​တစ်စု​နဲ့ လျှောက်​လည်​နိုင်တာ​တော့​မှန်တယ်။ ဒါပေမဲ့​မောင်နှမ​ဆိုတာ ကိုယ့်​အနားမှာ​အမြဲ​ရှိတယ်။ အချိန်မရွေး​ပြေးခုန်​ကစား​ဖို့၊ ပန်းခြံ​ထဲ​လျှောက်​လည်​ဖို့​အဖော်​ရတယ်။” ဒေါ​န​က​လက်တွေ့ကျ​သည့် အခြား​အကျိုးကျေးဇူး​တစ်ရပ်​ကို​မြင်​၍ ဤသို့​ဆို​၏။ “အိမ်အလုပ်​လုပ်ဖော်​အမြဲ​ရတယ်။” အချို့သူတို့က ညီအစ်ကို​မောင်နှမ​များ​ကို “အထူး​အကြံပေး​အရာရှိ၊ နားထောင်သူ” မိမိ​ပေါ်“နားလည်” တတ်​သူ​ဆိုပြီး သမုတ်​ကြ​ပေ​သည်။

နောက်နောင်​တွင်၊ မောင်နှမ​များနှင့်​ယခု​ကြုံတွေ့​ရသော အလားတူ​ပြဿနာ​များ​ကို အခြား​သူများ​နှင့်​သင်​ကြုံတွေ့​ရ​လိမ့်​မည်။ မနာလိုမှု၊ ပစ္စည်း​ပိုင်ဆိုင်ခွင့်၊ မမျှတသော​ဆက်ဆံမှု၊သီးခြား​ဆိတ်ညံ​မှု​ကို​မရနိုင်​ခြင်း၊တစ်ကိုယ်ကောင်း​ဆန်​သော​သဘော၊စရိုက်​ချင်း​ခြားနား​မှု—ဤသို့​သော​ပြဿနာ​များ​ကား လူ့​ဘဝ၏​အစိတ်အပိုင်း​ဖြစ်၏။ မောင်နှမ​များနှင့် သင့်သင့်မြတ်မြတ်​ပေါင်း​တတ်​အောင် သင်အံ​ခြင်း​သည် လူမှု​ဆက်ဆံ​ရေး​အပိုင်း​၌ မွန်မြတ်သော​လေ့ကျင့်မှု ဖြစ်​ပေ​သည်။

ဆ​ယ့်​ခု​နစ်​နှစ်အရွယ်​အန်​ဒရယ်​က ဤသို့​ဆို​ရာ​တွင် ၁ ယောဟန် ၄:၂၀ ပါ​သမ္မာကျမ်း​စကား​ကို ပဲ့တင်ထပ်​၏– “မြင်နိုင်​တဲ့​လူတွေနဲ့​တောင်​မတဲ့​ဘူးဆို​ရင်၊ ဘယ်လို​လုပ်ပြီး​မမြင်နိုင်​တဲ့​ယေဟောဝါ​နဲ့ သင့်မြတ်​နိုင်​မလဲ။” မောင်နှမ​များနှင့် သဘောချင်း​မ​တိုက်ဆိုင်​သည့်​အခါ​မျိုး ရှိ​မည်​မှာ​မလွဲ​ပါ။ သို့သော်၊ ဝေမျှ​တတ်၊ နှီးနှော​ပြောဆို​တတ်၊ အလျှော့ပေး​တတ်​အောင် သင်ယူ​နိုင်​သည်။ ထိုသို့​သော​လုံ့လ​၏ အကျိုး​ရလဒ်​ကား​အဘယ်နည်း။ ဇာတ်သိမ်း​သောအခါ၊ သင်က​မောင်နှမ​ရှိတာ​မဆိုး​ပါ​လား​ဟု မှတ်ချက်ချ​မိ​ပါ​လိမ့်​မည်​တည်း။

ဆွေးနွေး​ရန်​မေးခွန်းများ

◻မောင်နှမ​များ​အဘယ်ကြောင့် မကြာခဏ​အတိုက်အခံ​ဖြစ်တတ်​ကြ​သနည်း။

◻သီးခြား​ဆိတ်ငြိမ်မှု​ရယူခြင်း၊ ပစ္စည်း​ပိုင်ဆိုင်ခွင့်​တို့​နှင့်​ပတ်သက်​၍ ခိုက်ရန်​မဖြစ်ရ​အောင် မည်သို့​ကာကွယ်​နိုင်​သနည်း။

◻တစ်ခါတစ်ရံ၊ မိဘများ​အဘယ်ကြောင့် တစ်ယောက်​သောက​လေး​ကို မျက်နှာသာ​ပို​၍​ပေး​သနည်း။ သို့​ပြုခြင်း​သည် လုံးဝ​မတရား​ဟု သင်​တပ်အပ်​ဆိုနိုင်​သလော။

◻တစ်ဦးတည်း​သော ကလေး​ဖြစ်​ရခြင်း​သည် အရှုံး​လော။

◻မောင်နှမ​များ​ရှိသည့်​အတွက် အဘယ်​အကျိုးများ​ရှိ​သနည်း။

[စာမျက်နှာ ၅၂ ပါ​အကျဉ်း​ဖော်ပြချက်]

“မိဘ​တစ်ဦး​အနေ​နဲ့ ဘယ်​နည်းနဲ့​မှ ကလေး​တွေ​အားလုံး​ကို တစ်ပြေးညီ​မချစ်​နိုင်ဘူး။ ဘာကြောင့်လဲ​ဆိုတော့၊ ကလေး​တွေ​ဟာ သီးခြား​လူသားများ​ဖြစ်​ကြ​တဲ့​အတွက်​ပါ​ပဲ—စိတ္တ​ဗေဒ​ပညာရှင် ပါမောက္ခ​လီ​စော့

[စာမျက်နှာ ၅၄ ပါ​လေးထောင့်ကွက်]

‘ငါဟာ​တစ်ဦးတည်း​သောက​လေး​ပါ’

သင့်​အခြေအနေ​ဤသို့​ပင်​ဖြစ်​လျှင် အရှုံး​ဟု​မဆို​နိုင်​ပါ။ တစ်ခု​အနေ​နှင့်​ပြော​ရ​လျှင်၊ အခြား​လူငယ်များသည် မောင်နှမ​များနှင့် မသင့်​မြတ်​သည့်​အခက်အခဲ ရင်ဆိုင်​ကြ​ရ​သော်လည်း၊ သင့်​အနေ​နှင့်၊ ကိုယ်​နှစ်သက်သော​အပေါင်းအဖော်​များ​ကို မိဘ​သဘော​တူညီချက်​ဖြင့် ရွေးချယ်​နိုင်​ပေ​သည်။ ထို့​ထက်​ကား၊ ဖတ်ရှု​လေ့လာမှု၊ လေးနက်​စွာ​တွေးတော​ဆင်ခြင်မှု​အတွက်​ဖြစ်စေ၊ အတတ်ပညာ​တစ်ရပ်​သင်ကြား​ရန်၊ မိမိ၏​ပင်​ကိုယ်​အစွမ်းအစ​ကို စွမ်းရည်​သွေး​ရန်ဖြစ်​စေ၊အချိန်​များစွာ​ရရှိနိုင်​ပေ​သည်။—အထီးကျန်​စိတ်​နှင့်​ပတ်သက်​၍ အခန်း​၁၄ ကို​ရှု။

သက်​ငယ်​သောမတ်စ်​က အခြား​ကောင်းကျိုး​နှင့်​ပတ်သက်​၍ ဤသို့​ဆို​၏– “တစ်ဦးတည်း​သော​သား​အနေ​နဲ့ ကျွန်တော်​ဟာ မိဘရဲ့​ဂရုပြု​စောင့်ရှောက်မှု အပြည့်အဝ​ကို ခံစားရ​ပါ​တယ်။” မိဘ​၏​လွန်ကဲ​သော​ဂရုပြု​မှု​ကို ခံရ​သောက​လေး​သည် အတ္တဆန်​သူ​ဖြစ်လာ​နိုင်​သည်​မှန်​သော်လည်း မိဘများ​က​သင့်တင့်​မျှတ​စွာ​ပြု​လျှင် သင့်​အား​လျင်မြန်​စွာ​ရင့်ကျက်​လာ​စေနိုင်​ပြီး၊ လူကြီး​များ​အကြား​တွင် အံဝင်ဂွင်ကျ​၍ သက်သောင့်သက်သာ​ရှိ​မည်​ဖြစ်သည်။

သို့ရာတွင်၊ ဝေမျှ​ခံစား​ဖော်​မောင်နှမ​များ မရှိသည့်​အတွက်၊ တစ်ကိုယ်ကောင်း​ဆန်​သူ ဖြစ်လာ​နိုင်​သည့်​အန္တရာယ်​ရှိသည်။ ယေရှု​က “ပေးကမ်း​သော​အကျင့်ကို​ကျင့်​လော့” ဟု​အကြံပေး​တော်​မူ​၏။ (လုကာ ၆:၃၈) သူငယ်ချင်း​ဆွေမျိုး​များ​အား ပေးကမ်း​ဝေငှပါ။ အခြားသူများ ဘာ​လိုအပ်​သည်ကို​မြင်တတ်​ပြီး တတ်နိုင်​သည့်​အပိုင်း​မှ အကူအညီ​ပေး​ပါ။ အခြားသူများ​လည်း သင့်​ရက်ရောမှု​ကို တုံ့ပြန်​ကြလိမ့်မည်။ သို့​နှင့်​သင်သည် တစ်ဦးတည်း​သောက​လေး​ဖြစ်​လင့်​ကစား၊ စိုး​စဉ်း​မျှ​အထီးကျန်​မဖြစ်ကြောင်း တွေ့ရှိ​ရ​ပါ​လိမ့်​မည်။

[စာမျက်နှာ ၅၃ ပါ​ရုပ်ပုံ]

ကျွန်မ​မှာ​ညီအစ်မ မရှိတာ​စိတ်​မကောင်း​ဖြစ်​မိတယ်; ဒါပေမဲ့​သာ​တဲ့​အပိုင်း​လည်း​ရှိပါတယ်