မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အိမ်ကနေ ခွဲထွက်သွားရ ကောင်းမလား

အိမ်ကနေ ခွဲထွက်သွားရ ကောင်းမလား

အခန်း ၇

အိမ်ကနေ ခွဲထွက်​သွား​ရ ကောင်း​မလား

“မေမေ​နဲ့​ဖေဖေ”–

“နောက်ဆုံး​တော့ သမီး​အိမ်ကနေ​ဆင်း​သွားပါပြီ။ သမီး​အရင်က​ပြော​ခဲ့​တဲ့​အတိုင်း၊ သမီး အိမ်ကနေ​ဆင်း​သွားတာ​ဟာ ဖေဖေ​မေမေ​တို့ကို မလေးမခန့်​တဲ့​သဘော၊ ကလဲ့စားချေ​တဲ့​သဘော မဟုတ်ပါဘူး။ ဖေဖေ​မေမေ​တို့​ဆန္ဒ​အတိုင်း သမီး​အိမ်မှာ​အချုပ်​ကျ​ပြီး နေရ​တာ​ကို​မပျော်​နိုင်​လို့​ပါ။ အိမ်ကနေ​ဆင်း​သွား​လို့လဲ တကယ်​ပျော်​ချင်​မှ​ပျော်​မှာ​ပါ။ ပျော်​မပျော်​သမီး မြည်းစမ်း​ချင်​ပါ​တယ်။”

ဤ​ကား၊ ဆ​ယ့်​ခု​နစ်​နှစ်အရွယ်​မိန်းကလေး​တစ်ဦး မိဘ​နှင့်​ခွဲခွာ​စဉ်​ထားရစ်​ခဲ့​သော နှုတ်​ခွန်း​ဆက်​လွှာ​နိဒါန်း​စကား​ဖြစ်သည်။ ဥပမာ၊ ပြည်ထောင်စု​သမ္မတ​ဂျာမန်​နိုင်ငံ​တွင်၊ ၁၅ နှစ်​နှင့် ၂၄ စပ်ကြား၊ ယောက်ျားက​လေး လေးယောက်​လျှင်​တစ်ယောက်၊ မိန်းကလေး​သုံးယောက်​လျှင်​တစ်ယောက် အိမ်​မှ​ခွဲ​ထွက်၍ သီးခြားနေ​ထိုင်​ကြသည်။ သင်​ကိုယ်တိုင်​လည်း အိမ်မှဆင်း​သွားဖို့ စဉ်းစား​လျက်​နေကောင်း​နေ​မည်။

လူသည်​အိမ်ထောင်ပြု​လို​သဖြင့် “ကိုယ်​မိဘကို​စွန့်​၍” ထွက်သွား​ဖို့​အကြောင်း​ရှိ​မည်​ကို ဘုရားသခင်​တင်ကူး​၍​မြင်တော်မူ​ခဲ့​သည်။ (ကမ္ဘာဦး ၂:၂၃၊ ၂၄) အခြား​ခိုင်လုံ​သော​အကြောင်းရင်း​များ ရှိသေး​သည်။ ပ​မာ​အားဖြင့် ဘုရားသခင့်​အမှုတော်ကို တိုးချဲ့​ဆောင်ရွက်ရန်​ဖြစ်သည်။ (မာကု ၁၀:၂၉၊ ၃၀) သို့သော်၊ လူငယ်များစွာ အိမ်မှဆင်း​သွား​သည့်​အကြောင်း​မှာ၊ မိမိတို့​အထင်အမြင်​အရ မခံမရပ်​နိုင်​သည့်​အိမ်တွင်း​အခြေအနေ​မှ လွတ်​ထွက်​လို​၍​သာ​ဖြစ်သည်။ လူငယ်​တစ်ဦး​က​ဤသို့​ဆို​၏– “ရိုးရိုး​ကလေး​ပြော​ရ​ရင် လွတ်လပ်​ချင်​လို့​ပါ​ပဲ။ မိဘတွေ​နဲ့​အတူ​အိမ်မှာ​နေရ​တာ ကျေနပ်စရာ​မဟုတ်တော့ဘူး။ တစ်ချိန်​လုံး​စကား​များ​ရတယ်။ ကိုယ်​လိုအပ်​တာ​ကို​လဲ မိဘတွေက​နားမလည်​ကြဘူး။ ပြီး​တော့၊ ဘာကိုပဲ​လုပ်​လုပ်၊ ဘယ်​ကိုပဲ​သွား​သွား၊ အမြဲ​ပဲ​အစစ်​အကြော​ခံရ​လို့ အသက်ရှူ​ပေါက်​ပိတ်​အောင် အချုပ်ခံ​နေ​ရတယ်။”

လွတ်လပ်မှု​အတွက် အသင့်ရှိ​ပြီ​လော

သို့သော်​လွတ်လပ်မှုကို​ရ​ချင်​ရုံ​နှင့် ၎င်း​အတွက်​အသင့်ရှိ​ပြီ​ဟု ဆိုနိုင်​သလော။ တစ်ခု​အနေ​နှင့်၊ ကိုယ့်​ခြေ​ပေါ်​ကိုယ်​ရပ်တည်​သည့်​ကိစ္စ​မှာ ထင်​သလော​က်​မလွယ်​ပါ။ အလုပ်အကိုင်​က​ရှားပါး​၏။ အိမ်ငှားခ​လည်း တစ်ဟုန်ထိုး​တိုး​မြင့်​ခဲ့ပြီ။ လူငယ်များ စီးပွားရေး​အကျပ်အတည်း​နှင့် ကြုံ​သောအခါ မိမိ​ဆန္ဒ​ကို​လွန်ဆန်​၍ ဘာလုပ်​ကြ​ရသနည်း။ အမြစ်​နှုတ်စာအုပ်​ကို​ရေးသူက ဖြေကြား​သည်– “လူငယ်များ​အိမ်ပြန်​ပြီး မိမိတို့ကို​တစ်ဖန်​လုပ်ကျွေး​ရန် မိဘများ​ပေါ်​တာဝန်​ပုံချ​ကြသည်။”

သင့်​စိတ်၊စိတ်​လှုပ်ရှားမှု​နှင့်ဝိညာဏ​ဘက်​ရင့်ကျက်မှု​နှင့်​ပတ်သက်​၍​လည်းမည်သို့​ပြောစရာ​ရှိ​သနည်း။သင့်ကိုယ်ကိုသင်​လူကြီး​ထင်မှတ်​သော်လည်းမိဘများ​မျက်စိ​ထဲ​၌​မူ“ကလေး​စရိုက်”မ​ပျောက်​သေး​ဘဲ​ရှိ​ချင်​ရှိ​မည်။ (၁ ကောရိန္သု ၁၃:၁၁) တကယ်တမ်း​ပြော​ရ​လျှင်၊ မည်မျှ​သော​လွတ်လပ်မှုကို သင်​ကောင်းစွာ​အသုံးချ​နိုင်​သည်​နှင့် ပတ်သက်​၍ အကဲဖြတ်​ရာ​တွင်၊သင့်​မိဘ​ပင်အကောင်းဆုံး​အကဲဖြတ်​သူများမဟုတ်ပေ​လော။ သူတို့၏​အဆုံးအဖြတ်​ကို ဖီဆန်​ပြီး ထင်ရာစိုင်း​လျှင် ဘေးဥပဒ်​ကို​လက်​ယပ်​ခေါ်​သည်​နှင့် မ​ခြား​ပါ။—သု. ၁:၈

‘မိဘတွေ​နဲ့​မတဲ့​ဘူး’

သင်လည်း​မိဘ​နှင့်​မတဲ့​ဘဲ​ရှိသလော။ ဟုတ်​သည်​ပဲ​ထား၊ အိပ်ရာ​စ​လိပ်​ဖို့ အကြောင်း​မဟုတ်ပါ။ လူငယ်​တစ်ဦး​အနေ​နှင့်၊ သင်သည်​နောင်​အနှစ်​များစွာ​တိုင်၊ မိဘတို့​၏​ထိုးထွင်း​ဉာဏ်​နှင့်​ပညာ​မှ အကျိုးကျေးဇူး​များစွာ ခံစား​နိုင်​ပေ​သည်။ (သု. ၂၃:၂၂) သူတို့နှင့်​ဆက်ဆံ​ရာ​၌ ဆူး​ညှောင့်​ခလုတ်​အနည်းငယ် တိုး​ခဲ့​သည့်​အတွက်​နှင့်၊ သူတို့ကို​အဆက်ဖြတ်​ပစ်လိုက်​လျှင် သင့်​ပါ​မည်​လော။

အိမ်​မှ​ခွဲထွက်​ပြီး အချိန်ပြည့်​အမှုဆောင်​အဖြစ် စေ့စေ့စပ်စပ်​အမှုတော်ထမ်း​ရွက်​သည့် ခါး​စ​တင်း​အမည်​ရှိ ဂျာမန်​လူငယ်​တစ်ဦး​က​ဤသို့​ဆိုပါ​သည်– “မိဘ​နဲ့​မသင့်​မြတ်​ရုံ​နဲ့ ဘယ်တော့မှ​အိမ်ကနေ​ဆင်း​မသွား​ပါ​နဲ့။ သူတို့နဲ့​တောင်​မ​ပေါင်း​တတ်​လို့​ရှိရင် တခြား​လူတွေနဲ့​ဘယ်လို​လုပ်ပြီး သင်​သင့်မြတ်​နိုင်​ပါ့​မလဲ။ အိမ်ကနေ​ခွဲထွက်​တာ​နဲ့ ပြဿနာ​ပြေလည်​သွားမှာ မဟုတ်ဘူး။ အဲ့ဒီ​အစား၊ အဲ့ဒီ​လို​လုပ်ခြင်း​ဟာ ကိုယ်​ဟာ​အင်မတန်​ဉာဏ်​နု​ပြီး ကိုယ့်​ခြေ​ပေါ်​ကိုယ်​မ​ရပ်​နိုင်​သေး​ဘူးဆို​တာ​ကို သက်သေထူ​နေပါတယ်။ ပြီး​တော့၊ ဒီလိုလုပ်​ရပ်​မျိုး​ကြောင့် ကိုယ့်​မိဘ​ကိုယ့်​အပေါ်​ပို​ပြီး စိမ်းကား​သွားနိုင်တယ်။

သီလ​နှင့်​ရည်​သန်​ချက်​များ

အချိန်မတန်၊ အခါ​မသင့်၊ အိမ်မှဆင်း​သွားခြင်း​ကြောင့် ပေါ်ပေါက်​လာသော သီလ​ဆိုင်ရာ​အန္တရာယ်များ​ကိုလည်း လူငယ်များ​က​လျစ်လျူရှု​လေ့​ရှိကြသည်။ လုကာ ၁၅:၁၁-၃၂ ၌​ယေရှု​က​လွတ်လပ်​ချင်​၍ အိမ်​မှ​ခွဲထွက်​ခဲ့​သည့် လူငယ်​တစ်ယောက်​အကြောင်း မိန့်မြွက်​တော်​မူ​၏။ သူသည်​မိဘ​၏​ကောင်းသော​သြဇာ အောက်တွင်​မရှိတော့​သဖြင့်၊ “ကာ​မ​ဂုဏ်​၌​လွန်ကျူး” ကာ၊ လိင်​စာရိတ္တ​ယိုယွင်းခြင်း​တွင် နွံ​နစ်​ခဲ့​လေ​သည်။ မကြာခင်​ရှိသမျှ​ဥစ္စာ ပြုန်းတီး​သွား​လေ​တော့​သည်။ အလုပ်အကိုင်​ရ​ခဲ​လှ​သဖြင့် ဂျူး​လူမျိုးများ​ရှုတ်ချ​သော​အလုပ်—ဝက်​ကျောင်း​သော​အလုပ်ကို​ပင်​လုပ်​ရလေ​တော့​သည်။ သို့ရာတွင်၊ အများ​အခေါ်​ဖြုန်းတီးသော​သား​သည် သံ​ဝေ​ဂ​တရား​ရလာ​သည်။ မိမိ​မာနစိတ်ကို​မျိုသိပ်​ကာ၊ အိမ်​သို့​တပ်​ခေါက်​ပြန်​လာ၍ ဖခင်​၏​ခွင့်လွှတ်​ခြင်း​ကို ခယ​တောင်းပန်​လေ​သည်။

ဤဥပမာ​ကို​မြွက်ဆို​ရာ​၌ ဘုရားသခင့်​ကရုဏာတော်​ကို အဓိက​ပေါ်လွင်​စေရန်​ဖြစ်​သော်လည်း ပညာ​မဲ့​သော​ရည်​သန်​ချက်​ဖြင့် အိမ်​မှ​ခွဲထွက်​နေထိုင်ခြင်း​သည် သီလ​နှင့်​ဝိညာဏ​ဘက်တွင် များစွာ​ဥပဒ်​ပြု​နိုင်​ကြောင်း လက်တွေ့ကျ​သော​သင်ခန်းစာ​တစ်ရပ်​ပါရှိ​ပေ​သည်။ ဝမ်းနည်းစရာမှာ၊ အချို့ခရစ်ယာန်​လူငယ်များသည် လွတ်လပ်မှု​လမ်းစဉ်​ကို​လျှောက်​ကြ​ရာ​ဝယ် ဝိညာဉ်​ရေး​ဘက်​ပျက်စီး​ခဲ့​ကြ​ရသည်။အချို့ဆိုလျှင်၊ငွေကြေး​မတတ်နိုင်​သည့်​အတွက်၊သမ္မာကျမ်းစာ​မူ​နှင့်​ဆန့်ကျင်​သည့်​ဘဝမျိုး​ဖြင့်ကျင်လည်​ကြသော​အခြား​လူငယ်များနှင့်​ဖက်စပ်၍စားသောက်​နေထိုင်ကြ​ရလေ​သည်။—၁ ကောရိန္သု၁၅:၃၃။

ဟော့စ်​အမည်​ရှိ​ဂျာမန်​လူငယ်​တစ်ဦး​က အိမ်ခွဲ​၍​နေသော မိမိ​နှင့်​ရွယ်တူ​လူငယ်​တစ်ယောက်​အကြောင်း​ဖွင့်ဆို​၏– “သူဟာ​လက်မ​ထပ်​ဘဲ ရည်းစား​နဲ့​အတူ​နေတယ်။ အရက်ကို​ထင်သလို​သောက်​နိုင်​တဲ့​ပါတီ​တွေ​လုပ်တယ်။ အရက်မူး​ပေါင်း​လဲ​များ​လှတယ်​ပေါ့။ ခု​ထိ​အိမ်မှာ​ပဲ​နေ​သေး​ရင် သူ့​မိဘတွေ​ဒီလိုမျိုး​အဖြစ်​ခံ​မှာ​မဟုတ်ဘူး။” ဟော့စ်​က “အိမ်ကနေ​ခွဲထွက်​တာ​နဲ့ ပို​ပြီး​လွတ်လပ်​သွားတာ​တော့​မှန်ပါတယ်။ ဒါပေမဲ့၊ အကြွင်းမဲ့​ရိုးသား​စွာ​ဝန်ခံ​ရမယ်​ဆိုရင် အများအားဖြင့်​လွတ်လပ်မှုကို ဆိုး​ဖို့​သွမ်း​ဖို့​အသုံးချ​တတ်ကြ​တယ်​မဟုတ်လား” ဟု​အဆုံးသတ်​ခဲ့​သည်။

ထို့​ကြောင့်​သင်သည်လွတ်လပ်မှု​များများ​ရ​လို​ပါ​ကကိုယ့်​ကိုယ်ကို​မေးပါ– ငါ​ဘာကြောင့်​လွတ်လပ်မှု​ပို​ရ​ချင်​တာလဲ။ကိုယ်ပိုင်​ချင်​ဆိုင်​ချင်​တဲ့​ပစ္စည်း​တွေ​ပိုင်ဆိုင်​ပြီးမိဘ​တားမြစ်​ပိတ်ပင်​တာတွေကိုစိတ်​လွတ်​ကိုယ်​လွတ်​လုပ်ချင်​လို့​ပဲ​လား။သမ္မာကျမ်းစာ​က​ယေရမိ၁၇:၉တွင်​ဆို​ထား​သည်ကို​မမေ့​ပါ​နှင့်–“စိတ်နှလုံး​သည်​ခပ်သိမ်း သော​အရာ​ထက်​စဉ်းလဲ​တတ်၏။ အလွန်​ယိုယွင်းသော​သဘော​ရှိ၏။ စိတ်နှလုံး​သဘောကိုအဘယ်သူ​သိနိုင်​သနည်း။”

ငါ​အိမ်ကနေ​ခွဲထွက်​ပြီး​မနေ​ရင် ဘယ်လို​လုပ်ပြီး​လူကြီး​ဖြစ်လာ​နိုင်​မလဲ

မြီး​ကောင်​ပေါက် ဆို​သော​စာအုပ်​က ဤသို့​မှတ်ချက်ချ​သည်– “အိမ်ခွဲ​၍​နေ​ရုံ​နှင့်​အောင်မြင်စွာ (လူကြီး​ဘဝသို့) ကူး​ပြောင်း​သွား​မည်​ဟူသော အာမခံချက်​မရှိပါ။ မိဘအိမ်​၌​နေသည့်​အတွက် လူ​လား​မ​မြောက်​ဟူ၍လည်း သဘော​မသက်ရောက်​ပါ။” စင်စစ်​အားဖြင့်၊ လူ​လား​မြောက်​ခြင်း​ဆို​ရာ​မှာ၊ ကိုယ်ပိုင်​အိမ်၊ ကိုယ်ပိုင်​ငွေ၊ ကိုယ်ပိုင်​တိုက်ခန်း​ရှိ​ရုံ​သာ​မဟုတ်။ တစ်ခု​အနေ​နှင့်​ပြော​ရ​လျှင်၊ ပြဿနာ​ကို​ထိပ်တိုက်​ရင်ဆိုင်​ခြင်း​ဖြင့် ဘဝကို​ပိုင်နိုင်​မည်။ ကိုယ်​မနှစ်မြို့​သော​အခြေအနေ​မှ ထွက်ပြေး​တိမ်းရှောင်​ခြင်း​ဖြင့် ဘာ​အကျိုးအမြတ်​မျှ​ရရှိနိုင်​မည်​မဟုတ်။ ယေရမိ​မြည်တမ်း ၃:၂၇ က “လူသည်​အသက်​ပျိုစဉ်အခါ ထမ်းပိုး​ကို​ထမ်း [ဖို့] ကောင်း​၏” ဟု​ဆိုပါ​သည်။

ပေါင်းရခက်​သည့်​မိဘ သို့​မဟုတ် တင်းကြပ်​လွန်း​သော​မိဘများ​ကို ဥပမာ​ထား​၍​ဆို​ကြပါစို့။ မက်​သည် ယခု​အသက် ၄၇ နှစ်​ရှိပြီ။ သူငယ်​စဉ်​အခါ​တွင်၊ ဖခင်​ဖြစ်သူ​သည် မက်​ကျောင်းဆင်း​လာ​သည့်​နောက် အိမ်အလုပ်​ဖိ​၍​လုပ်​ခိုင်း​၏။ နွေ​ရာသီ​ကျောင်း​ပိတ်​ချိန်​တွင် အခြား​လူငယ်များ​တ​ပျော်​တ​ပါး ကစား​နိုင်​ကြသော်လည်း မက်​ခမျာ​မှာ​အလုပ်လုပ်​ရ​ရှာ​သည်။ မက်​ဤသို့​ဆို​၏။ “ဖေဖေဟာ ကျွန်တော်​တို့​မကစား​နိုင်အောင်၊ မပျော်​နိုင်အောင်​လုပ်ဖို့​အတွက် အသက်ရှင်​နေတဲ့​အရက်​စက်​ဆုံး​လူ​လို့​ကျွန်တော်​မှတ်ယူ​ခဲ့တယ်။‘ဒီကနေ​အလွတ်​ရု​န်း​ပြီး​ကိုယ့်​နေရာ​နဲ့​ကိုယ်​ဖြစ်​ရင်အကောင်း​သား’ဆိုပြီး​မကြာခဏ​ကျွန်တော်​တွေး​မိတယ်။”သို့သော်​မက်​သည်ယခု​အမြင်မတူ​တော့​ချေ–“ဖေဖေ​ကျွန်တော့်​အပေါ်​ပြု​ခဲ့​တာ​တွေ​ဟာအဖိုး​မ​ဖြတ်​နိုင်​တဲ့​ရတနာ​ပါ။ပင်ပင်ပန်းပန်း​အလုပ်လုပ်​တတ်​ဖို့အခက်အခဲ​ဆင်းရဲ​ကို​ခံရပ်​နိုင်​ဖို့ကျွန်တော့်​ကို​ပညာပေး​ခဲ့​ပါ​တယ်။နောက်ပိုင်း​မှာ​ကျွန်တော်​ပို​ပြီးကြီး​လေး​တဲ့​ပြဿနာ​တွေ​နဲ့​ရင်ဆိုင်ခဲ့​ရပေမဲ့၊ဘယ်လို​တိုးဝှေ့​ရင်ဆိုင်​ရ​မှန်းကျွန်တော်​နားလည်ခဲ့​တယ်။”

စိတ်ကူးယဉ်​သုခ​ဘုံ

သို့ရာတွင်၊ မိဘ​နှင့်​နေ​ရုံ​ဖြင့် အလိုလို​ရင့်ကျက်​လာ​မည်​မဟုတ်။ လူငယ်​တစ်ဦး​ဤသို့​ဆို​၏– “မိဘ​နဲ့​အတူ​နေထိုင်​တာ​ဟာ စိတ်ကူးယဉ်​သုခ​ဘုံ​မှာ​နေရ​သလို​ပါ​ပဲ။ ကျွန်တော့်​အတွက် လို​လေ​သေး​မရှိ​အောင်​လုပ်ပေးတယ်။” ကြီးပြင်း​ခြင်း​၏​တစ်စိတ်​တစ်ပိုင်း​မှာ ကိုယ့်​အား​ကိုယ်​ကိုး​လုပ်တတ်​ကိုင်​တတ်​ရန် သင်ယူခြင်း​ဖြစ်သည်။ မှန်ပါသည်။ အမှိုက်ပစ်၊ အဝတ်​လျှော်​သည့်​အလုပ်​သည် စိတ်ကြိုက်​သီချင်းခွေ​ဖွင့်​နားထောင်​ရသလောက် ပျော်စရာ​မကောင်း​ပါ။ သို့သော်​ထိုသို့​သော​အလုပ်ကို​လုပ်တတ်​ဖို့ မသင်ကြား​ပါ​က အဘယ်​ရလဒ်​ရရှိ​မည်​နည်း။ မ​လုပ်တတ်​မကိုင်​တတ်​သည့် လူကြီး​တစ်ယောက်​ဖြစ်လာ​ပြီး အစစအရာရာ​၌​မိဘ သို့​မဟုတ် အခြား​လူ​၏​နှာခေါင်း​ပေါက်​နှင့် အသက်ရှူ​ရ​ချေ​အံ့။

အသင်​သည် ယောက်ျားက​လေး​ဖြစ်စေ၊ မိန်းကလေး​ဖြစ်စေ၊ ချက်ပြုတ်၊ သန့်ရှင်းရေး၊ မီး​ပူ​တိုက်၊ ကားပြင်​စ​သည့်​အလုပ်လုပ်​တတ်​အောင် သင်ကြားခြင်း​အားဖြင့် နောက်ဆုံး​၌​မိဘကို​ခို​ကိုး​နေရ​သည့်​အဖြစ်​မှ လွတ်​လာရန်​အသင့်ပြင်​နေ​သလော။

ငွေ​ရေး​ကြေး​ရေး​ဘက်​အမှီအခို​မလို

ချမ်းသာ​သော​နိုင်ငံ​များ​မှ​လူငယ်များသည် ငွေ​ကို​ရှာ​ရလွယ်၊ သုံး​ရ​ပို​လွယ်​သည့်​ပစ္စည်း​အဖြစ် မြင်တတ်​ကြသည်။ သူတို့၌​အချိန်ပိုင်း​အလုပ်​ရှိလျှင် ဝင်ငွေ​ကို​စတီရီယို​နှင့်​ပုံစံ​တီထွင်သူ​များ​၏ အဝတ်​အထည်​များ​အတွက် သုံးဖြုန်း​ကြ​စ​မြဲ။ သို့သော်၊ အိမ်​မှ​ခွဲထွက်​လာသော​အခါတစ်မုဟုတ်ချင်း​အဖြစ်မှန်​နှင့်​တိုး၍လန့်ဖျပ်​သွား​ချေ​မည်! (အထက်​ဆို​ခဲ့​သော) ဟော့စ်​ကဇာတ်ကြောင်း​ပြန်​သည်–“[ကျွန်တော်​တစ်ယောက်​ထဲ​နေတဲ့​အချိန်]လ​လည်း​ကုန်၊ကျွန်တော့်​ပိုက်ဆံ​အိတ်​နဲ့ကြောင်​အိမ်ထဲ​ရှိတာ​တွေ​လည်းပြောင်​တော့​တာ​ပဲ။”

မိဘ​နှင့်​နေထိုင်​စဉ် ငွေ​သုံး​တတ်​အောင်​သင်ယူပါ။ ဤ​ကိစ္စ​တွင်​သင့်​မိဘများ နှစ်ပေါင်း​များစွာ​သော​အတွေ့အကြုံ​စုဆောင်း​မိ​ပြီ​ဖြစ်​ရ​ကား ချောက်​ထဲ​မကျ​အောင် သင့်​အား​ညွှန်ကြား​ကူညီ​နိုင်​သည်။ အမြစ်​နှုတ် ဆို​သည့်​စာအုပ်​က မိဘများ​အား​အောက်ပါ​မေးခွန်းများ​မေးပါ​ဟု အကြံပေး​၏။ ‘တစ်လ​တစ်လ​လျှပ်စစ်​ခ၊ မီး​ခ၊ ရေ​ခ၊ တယ်လီဖုန်း​ခ ဘယ်လောက်​ကျ​သလဲ။ ကျွန်တော်​တို့ ဘာ​အခွန်​များ​ဆောင်​ရသလဲ။ အိမ်ငှားခ ဘယ်လောက်​ပေး​ရသလဲ။’ အလုပ်လုပ်​သော​လူငယ်များသည် မိဘများ​ထက်​သုံးစရာ​ငွေ ဖောဖောသီသီ​ရှိကြောင်း​အလန့်တကြား​တွေ့ရ​ပေမည်။ ထို့​ကြောင့် သင်၌​အလုပ်အကိုင်​ရှိလျှင်၊ ကိုယ့်​အလိုအလျောက် အိမ်​အသုံးစရိတ်​အတွက်​အသင့်အတင့်​ထုတ်​၍ ထောက်ပံ့​ပါ။

အိမ်​မှ​မဆင်း​မီ​သင်ယူပါ

လူကြီး​ဖြစ်လာ​နိုင်​ရန် အိမ်ပေါ်​မှ​ဆင်း​သွား​ရမည်​မဟုတ်။ သို့ပြု​ရန်​မလိုပါ။ သို့သော် အိမ်​၌​ရှိ​စဉ်​ပင်၊ အကဲဖြတ်​တတ်​ဖို့၊ ခေါင်း​အေးအေး​ထား​၍ ဆုံးဖြတ်​တတ်​ဖို့​အားထုတ်​သင်ကြား​ပါ။ အခြား​သူများ​နှင့်​ပေါင်း​တတ်​ဖို့​လည်း သင်ယူပါ။ အပြစ်တင်​ဝေဖန်မှု၊ ရှုံးနိမ့်​မှု၊ စိတ်ပျက်​မှုများ​ကို ခံယူ​နိုင်​ကြောင်း​သက်သေထူ​ပါ။ ‘[ကြင်နာ​ခြင်း၊ က​ဘ] ကောင်းမြတ်​ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း​နှင့်​စိတ်​ချုပ်တည်း​ခြင်း’ တို့ကို​မွေးမြူပါ။ (ဂလာတိ ၅:၂၂၊ ၂၃) ၎င်းတို့သည် ကြီးပြင်း​ပြီ​ဖြစ်သော ခရစ်ယာန်​အမျိုးသား၊ အမျိုးသမီးများ​၏​ကြန်အင်​လက္ခဏာများ​ဖြစ်​ပေ​သည်။

အနှေး​နှင့်​အမြန်၊ အိမ်ထောင်ပြုခြင်း​စ​သည့် အခြေအနေ​ပြောင်းလဲမှု​ကြောင့်၊ သင်သည်​မိဘ​၏​အသိုက်​ကို​စွန့်​၍ ခွဲထွက်​ရမည်​ဖြစ်သည်။ ထို​အချိန်​မတိုင်မီ အဘယ်ကြောင့်​အလောတကြီး အိမ်မှဆင်း​ချင်​သနည်း။ မိဘများနှင့်​တိုင်ပင်​ပါ။ အိမ်မှာ​ဆက်နေ​ရန် သူတို့​လိုလား​ကောင်း​လိုလား​မည်၊ အထူးသဖြင့် သင်သည်​မိသားစု​အကျိုးကို တကယ်​သယ်ပိုး​လျှင်​ဖြစ်သည်။ သင်သည် မိဘများ​၏​ပျိုးထောင်​မှု​နှင့်အတူ၊ အိမ်မှာ​နေရင်း​ပင်၊ ဆက်လက်​ကြီးထွား​လာ၊ တတ်မြောက်​လာ၊ ရင့်ကျက်​လာ​မည်​ဖြစ်​သတည်း။

ဆွေးနွေး​ရန်​မေးခွန်းများ

◻လူငယ်​တော်​တော်​များများ အဘယ်ကြောင့်​စိတ်စော​ပြီး အိမ်မှဆင်း​သွား​ချင်​ကြ​သနည်း။

◻အများ​သော​လူငယ်များသည် အိမ်​မှ​ခွဲထွက်​သွားဖို့ အဘယ်ကြောင့်​အသင့်မရှိ​ကြ​သနည်း။

◻အချိန်မတန်​အိမ်မှဆင်း​သွား​လျှင် အဘယ်​အန္တရာယ်များ​နှင့်​ကြုံတွေ့​တတ်​သနည်း။

◻အိမ်ပြေး​ကလေး​များ အဘယ်​ပြဿနာ​များနှင့်​ရင်ဆိုင်​ကြ​ရသနည်း။

◻အိမ်မှာ​နေရင်း​နှင့် မည်သို့​ရင့်ကျက်​လာနိုင်​သနည်း။

[စာမျက်နှာ ၅၇ ပါ​အကျဉ်း​ဖော်ပြချက်]

“မိဘ​နဲ့​မသင့်​မြတ်​ရုံ​နဲ့ ဘယ်တော့မှ​အိမ်ကနေ ဆင်း​မသွား​ပါ​နဲ့... တခြား​လူတွေနဲ့ ဘယ်လို​လုပ်ပြီး သင်​သင့်မြတ် နိုင်​ပါ့​မလဲ”

[စာမျက်နှာ ၆၀ ပါ​လေးထောင့်ကွက်]

အိမ်​မှ​ထွက်ပြေး​လျှင် ပြေလည်​သွား​မည်​လော

တစ်နှစ်​တစ်နှစ်​လျှင် ဆယ်ကျော်သက်​တစ်သန်း​ကျော်​အိမ်​မှ ထွက်ပြေး​ကြ​၏။ အချို့​သည်​မခံရပ်​နိုင်သော​အခြေအနေ—ကာယ သို့​မဟုတ် လိင်ဆိုင်ရာ​နိုင်ထက်စီးနင်း​ခံရ​သောကြောင့် ထွက်ပြေး​ကြ​ခြင်း​ဖြစ်သည်။ သို့သော်​များသောအားဖြင့် ၎င်း​အကြောင်း​များ​ကြောင့်​မဟုတ်ဘဲ၊ ညဉ့်နက်​အိမ်ပြန်၊ ကျောင်းစာ​ညံ့ဖျင်း၊ အိမ်အလုပ်၊ အပေါင်းအသင်း​စ​သည်​တို့​နှင့်​စပ်လျဉ်း၍ မိဘ​နှင့်​အငြင်းပွား​ရာ​က မီး​ပွင့်​သွားခြင်း​ဖြစ်သည်။

သင့်​မိဘ​၏​အမြင်​နှင့်​အတွေးအခေါ်​သည် သင့်​အတွေးအမြင်​နှင့်​မ​တိုက်​ဆိုင်၍ ဖြစ်ချင်​ဖြစ်​မည်။ သို့သော်​သင့်​မိဘ​သည် ဘုရားသခင့်​ရှေ့၊ သင့်​အား “အလိုတော်နှင့်​ညီသော ဆုံးမ​သွန်သင်ခြင်း​ကို​ပြုလျက်​ကျွေးမွေး” ရန်​ဝတ္တရား​ရှိကြောင်း​စဉ်းစားမိ​ပါသလော။ (ဧဖက် ၆:၄) ထို့​ကြောင့်​သူတို့သည် သင်​ကြိုက်​သည်​ဖြစ်စေ၊ မကြိုက်​သည်​ဖြစ်စေ၊ ဘာသာရေး​စည်းဝေးပွဲ​များနှင့်၊ လုပ်ဆောင်မှုများ​သို့ ခေါ်ဆောင်​သွား​မည်​ဖြစ်သည်။ အခြား​လူငယ်များနှင့်​ပေါင်းသင်း​သည့်​ကိစ္စ​၌​လည်း သင့်​အား​ချုပ်ချယ်​ကန့်သတ်​ချင်​ပင်​ကန့်သတ်​မည်။ (၁ ကောရိန္သု ၁၅:၃၃) ယင်း​အကြောင်းကြောင့်​သင်သည်​ပုန်ကန်​၍ အိမ်မှဆင်း​ပြေး​ရမည်​လော။ သင်လည်း ဘုရားသခင့်​ရှေ့တော်၌ “မိဘကို​ရိုသေ​စွာ​ပြု” ရမည့်​တာဝန်​ရှိသည်။—ဧဖက် ၆:၁-၃

ထို​မျှ​မ​က၊ အိမ်​မှ​ထွက်ပြေး​ခြင်း​ဖြင့် ဘာကို​မျှ​မဖြေရှင်း​နိုင်။ ၁၄နှစ်အရွယ်​တွင်​အိမ်​မှ​ပြေး​ခဲ့​သည့်​အေမီ​က “အိမ်ကနေ​ဆင်း​ပြေး​တဲ့​အတွက်​ပြဿနာ​ပို​များ​လာ​ရုံ​ပဲ​ရှိတယ်” ဟု​ပြန်၍​ဆိုပါ​သည်။ မာဂရက်​အို​ဟိုက်​က ကျွန်တော့်​သူငယ်ချင်း အိမ်ပြေး​ချင်​တယ် ဆို​သော​စာအုပ်​၌ ဤသို့​ဆို​၏– “အနည်းငယ်​သော​အိမ်ပြေး​များသည် အလုပ်​ရ​၍ ကိုယ့်​ခြေ​ပေါ်​ကိုယ်​ရပ်တည်​နိုင်​ကြ​ပေ​သည်။ သို့သော်​အများအားဖြင့်၊ အိမ်မှဆင်း​မသွား​ခင်​က​ထက် အခြေအနေ​ပို​၍​ဆိုးရွား​၏။” ဆယ်ကျော်သက် ဆို​သော​မဂ္ဂဇင်းက​ဤသို့​ဆို​၏– “ဆယ်ကျော်သက်​များ လမ်းပေါ်တွင်​လွတ်လပ်မှု​မရှိပါ။ လွတ်လပ်မှု​ရမည့်​အစား၊ အိမ်ပြေး​နှင့်​အပယ်ခံ​များ—မိမိတို့​ကဲ့သို့​သူများ—လူ​မနေ​သည့်​တိုက်​အို​များ​အတွင်း နေထိုင်ကြ​သည်ကို​တွေ့ကြ​ရသည်။ ထို​နေရာများ​၌​မု​ဒိမ်းသ​မား၊ လုယက်​တိုက်ခိုက်သူ​များ​၏​ရန်​မှ အကာအကွယ်​လုံးဝ​မရ​ကြ။ ညစ်​စု​တ်၍ လူငယ်များ​ပေါ်​အမြတ်​ထုတ်​သူများစွာ​တို့​နှင့်​လည်း တိုး​ရ​ကြသည်။ အိမ်ပြေး​ဆယ်ကျော်သက်​တို့သည် အးညှီ​လူစား​တို့၏​လွယ်ကူ​သည့် အမဲကောင်​များ​ဖြစ်​ကြ​ရ​ရှာ​သည်။

၂၂ နှစ်အရွယ် ယောက်ျား​တစ်ယောက်​သည် အိမ်ပြေး​အေမီ​ကို “ခင်မင်​အောင်​ပေါင်း” ပြီး​နောက်​အိမ်ငှားခ​သဘော​မျိုး​ဖြင့်​အေ​မိ​အား “မိမိ​နှင့်​သူ၏​အခြား​မိတ်ဆွေ​ကိုးယောက်​နှင့် လိင်ဆက်ဆံ​ခိုင်း​သည်။” အေမီ​သည် “အရက်​လည်း​မူး၊ မူးယစ်​ဆေးဝါး​လည်း အလွန်အမင်း​သုံးစွဲ​ခဲ့​သည်။” စ​န်​ဒီ​အမည်​ရှိ​အခြား​မိန်းကလေး​တစ်ယောက်​ခမျာ​မူ၊ မွေးစား​အဘိုး​၏ ဗလက္ကာရပြု​မှု​ကို​ခံရ​သဖြင့် အိမ်ပြေး​ခဲ့​ရ​ရှာ​သည်။ သူသည်​ပြည်​တန်ဆာ​ဖြစ်​ခဲ့​ပြီး လမ်းပေါ်​နေ၊ ပန်းခြံ​ထဲ​မှ​ခုံ​တန်းလျား​ပေါ်သို့​မဟုတ်ဖြစ်​နိုင်​သည့်​နေရာတွင်​အိပ်​၏။ သူတို့​ကားအိမ်ပြေး​များစွာ​၏ပုံ​နမူနာ​ဖြစ်​ကြ​၏။

အိမ်ပြေး​အများ​မှာ စီးပွား​ရှာ​နိုင်​လောက်​အောင် မည်မည်ရရ​ပညာ​မတတ်​ကြ​ချေ။ အလုပ်​ရဖို့​လိုအပ်သော​မွေး​စာရင်း၊ အမြဲတမ်း​လိပ်စာ​စ​သည့် စာရွက်စာတမ်း​လည်း များသောအားဖြင့် သူတို့၌​မရှိ။ လူးဝစ်​စ်​ဆို​သူက၊ “ကျွန်တော်​ခိုး​မှ၊ ခွက်​နဲ့​ခံ​ပြီး​တောင်း​မှ​ပဲ စား​ရ​ပါ​တယ်။ ဒါပေမဲ့၊ ဘယ်သူကမှ​မပေး​တော့ ခိုးတာ​များ​တယ်” ဟု​ဆို​သည်။ အိမ်ပြေး၆၀ရာခိုင်နှုန်း​မှာ မိန်းကလေး​များ​ဖြစ်​ကြ​၍​ပြည်​တန်ဆာ​လုပ်ပြီး​ရှာ​စား​ကြ​ရသည်။ အ​ပြာ​ရုပ်ပုံ​ထုတ်လုပ်​ရောင်းဝယ်​သူ၊ မူးယစ်​ဆေးဝါး​ရောင်းဝယ်​သူနှင့် ပြည်​တန်ဆာ​ခေါင်း​တို့သည် ကား​ယာဉ်​ဂိတ်​များ​၌​ကျက်စား​လျက်​ရှိကြ​ပြီး အိမ်ပြေး​များ​ကို​ရှာ​ကာ သွေးစုပ်​အမြတ်​ထုတ်​ကြသည်။ ကြောက်လန့်​နေသော​လူငယ်များ​ကို အိပ်​စ​ရာ​စားစရာ​ပေး​မည်။ အိမ်​၌​မခံစား​ခဲ့​ကြ​ရသော​အရာ​ကို​ပင် ပေး​ချင်​ပေး​မည်—အချစ်ခံ​ရသည့်​ခံစားချက်​မျိုး​ဖြစ်သည်။

သို့သော်​နောက်ပိုင်း၌​အဆိုပါ “စေတနာ​ကျေးဇူးရှင်​ကြီး​များ” သည်​အဖိုးအခ တောင်း​လာတော့​သည်။ သူတို့​အတွက် ပြည်​တန်ဆာ​လုပ်ချင်​လုပ်​ရမည်။ လိင်​ဖောက်ပြား​ခံ​ချင်​ခံရ​မည် သို့​မဟုတ် အ​ပြာ​ဓာတ်​ပုံ​အရိုက်ခံ​ချင်​ခံရ​မည်။ ထို့​ကြောင့် အိမ်ပြေး​များစွာ​တို့သည်​အဆုံး​၌ ပြင်းထန်​စွာ​အနာတရ​ဖြစ်​ကြ​ရ​ရှာ​သည်။ အသက်​ပျောက်​သွား​သည်​ပင်​ရှိသည်။

သို့ဖြစ်၍​မိဘ​နှင့်​တိုင်ပင်​ရန် တစ်ကြိမ်​မ​က အတန်​တန်​အားထုတ် ကြိုးပမ်း​သင့်​ပေ​သည်။ သင့်​ခံစားချက်​နှင့်​ဖြစ်ပျက်​သမျှ​ကို ရင်ဖွင့်​ပြော​ထုတ်ပါ။ (အခန်း ၂ နှင့် ၃ ရှု) ကာယ​နှင့်​လိင်​ဘက်တွင် နိုင်ထက်စီးနင်း​မှု​ကို​ခံရ​သည်​မှန်​လျှင် ပြင်ပ​မှ​အကူအညီ​လို​ကောင်း​လို​ပေမည်။

မည်သို့​ပင်​ဖြစ်စေ​ကာ​မူ၊ ပြောဆို​ဆွေးနွေးပါ။ ထွက်​မ​ပြေး​ပါ​နှင့်။ အိမ်တွင်း​အခြေအနေ ဟန်​မကျ​သည်​တိုင်အောင်၊ အိမ်ပြင်​၌​ခြေ​တစ်လုံး​အိမ်တိုင်​ဖြင့် ကျက်စား​ရ​လျှင် အခြေအနေ​ပို​၍​ဆိုးရွား​နိုင်​ကြောင်း စွဲမှတ်​ပါ​လေ။

[စာမျက်နှာ ၁ ပါ​ရုပ်ပုံ]

ကိုယ့်​ခြေ​ပေါ်​ကိုယ်​ရပ်တည်​နိုင်​ရန် လိုအပ်သော​အိမ်တွင်းမှု​ပညာရပ်​များ​ကို အိမ်​၌​သင်ကြား​နိုင်​သည်