မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မူးယစ်ဆေးဝါးကို အဘယ်ကြောင့် ငြင်းပယ် သင့်သနည်း

မူးယစ်ဆေးဝါးကို အဘယ်ကြောင့် ငြင်းပယ် သင့်သနည်း

အခန်း ၃၄

မူးယစ်​ဆေးဝါး​ကို အဘယ်ကြောင့် ငြင်းပယ်သင့်​သနည်း

“ကျွန်တော်​ဟာ စိတ်​ဗလောင်းဗလဲ​နိုင်​တဲ့ သူငယ်​တစ်ယောက်​ပါ” ဟု မိုက်​အမည်​ရှိ ၂၄ နှစ်အရွယ် လုလင်​က​ဆိုပါ​သည်။ “တစ်ခါ​တ​လေ ကျွန်တော်​ကြောက်​တတ်တယ်။ ရွယ်တူချင်း​တွေ​ချောက်​တာ​ကို​တောင် ကြောက်​တတ်တယ်။ ကျွန်တော်​ဟာ စိတ်ကျ​ပြီး မလုံမလဲ​ဖြစ်တတ်​ပါ​တယ်။ သေကြောင်းကြံ​ဖူး​တဲ့​အခါ​တွေ​တောင်​ရှိတယ်။”

၃၆ နှစ်အရွယ် အဲ​န်း​က မိမိသည် “စိတ်​လှုပ်ရှားမှု​ဘက်မှာ သိပ်​ပြီး​နုနယ်” ကြောင်း၊ “ကိုယ့်​ကိုယ်ကို အထင်သေး​တတ်” ကြောင်း ထုတ်ဖော်​ပြောဆို​သည်။ “သာမန်​ဘဝမျိုးနဲ့​နေထိုင်ဖို့ အတော့်​ကို​ခက်ခဲ​တယ်” ဟူ၍လည်း ထပ်ဆင့်၍​ဆို​ရှာ​၏။

မိုက်​နှင့်​အဲ​န်း​တို့သည် ငယ်​စဉ်​က မိမိတို့ပြု​ခဲ့​သည့်​ဆုံးဖြတ်ချက်​၏ အကျိုး​ရလဒ်ကို​ရိတ်သိမ်း​လျက်​ရှိ​ရှာ​သည်။ ထို​ဆုံးဖြတ်ချက်​ကား၊ မူးယစ်​ဆေးဝါး​မြည်းစမ်း​ရန်​ပင်​တည်း။ ယနေ့ သန်းပေါင်း​များစွာ​သော​လူငယ်များ​လည်း အလားတူ​ပြု​နေကြ​သည်—ကို​ကင်း​မှ​အစ ဆေးခြောက်​အဆုံး၊ အပ်​ဖြင့်​ထိုး​သွင်း​လို​ထိုး​သွင်း၊ မျို​လို​မျို၊ ရှိုက်​လို​ရှိုက်၊ ရှူ​လို​ရှူ။ အချို့​သူငယ်​များ​အဖို့ ‘ဖိုး​ရှူ’ ခြင်း​သည် ပြဿနာ​ရှောင်တိမ်း​နည်း​တစ်မျိုး​ဖြစ်သည်။ အချို့​မှာ စပ်စု​လို့။ အခြားသူ​တို့​မူ စိတ်ကျ​မှု သို့​မဟုတ် ငြီးငွေ့မှု​ကို​ဖြေဖျောက်​သည့်​သဘော။ စ​မိ​ပြီ​ဆိုလျှင် အပျော်​သဘောဖြင့်​ဆက်လုပ်​သူက​များ​၏။ ၁၇ နှစ်အရွယ် ဂ​ရဲ​င့်​က ဤသို့​ဆို​၏– “ကျွန်တော် [ဆေးခြောက်] ကို​သူ့​အာနိသင်​အတွက် ရှူ​ခဲ့တယ်။ စိတ်​ငြိမ်​ဖို့​အတွက်၊ လူမှုရေး​အတွက် မဟုတ်ဘူး။ ... ဘယ်တော့မှ ရွယ်တူတွေ​ကြောင့် ရှူ​တာ​မဟုတ်ဘူး။ ရှူ​ချင်​လို့​ရှူ​တာ။”

မည်သို့​ပင်​ဖြစ်စေ၊ သင်သည် အနှေး​နှင့်​အမြန်၊ မူးယစ်​ဆေးဝါး​နှင့်​ထိတွေ့​ဖို့၊ လက်ကမ်း​ခံရ​ဖို့​အကြောင်း​က များ​လှ​၏။ “ကျွန်တော်​တို့​ကျောင်း​ရဲ့​ကျောင်း​စောင့်​တောင်​မှ ဆေးခြောက်​ရော​င်း​နေတာ” ဟု လူငယ်​တစ်ဦး ထိုသို့​ဆို​၏။ မူးယစ်​ဆေးဝါး​ဆိုင်ရာ​တန်ဆာပလာ​တို့ကို ဗြောင်ဗြောင်တင်းတင်း ပြသ​ရောင်းချ​ကြ​ပါ​သည်။ သို့ရာတွင် ထိုသို့​လူကြိုက်များ​စေ​ကာ​မူ၊ မူးယစ်​ဆေးဝါး​ကို ငြင်းပယ်ဖို့ ခိုင်လုံ​သော​အကြောင်း​များ​ရှိသည်။ အဘယ်ကြောင့်​နည်း။

မူးယစ်​ဆေးဝါး ကြီးထွားမှု​ကို​ဟန့်တား

မိုက်​နှင့် အဲ​န်း​ကဲ့သို့ ပြဿနာ​ရှောင်တိမ်း​လို​၍ မူးယစ်​ဆေးဝါး​မှီဝဲ​ကြသော​လူငယ်များ​ကို သုံးသပ်ကြည့်​ပါ။ လွန်​ခဲ့​သည့်​အခန်း​၌ ဆို​သည့်​အတိုင်း၊ စိတ်​လှုပ်ရှားမှု​ဆိုင်ရာ​ကြီးထွားခြင်း​ဟူသည် ဘဝ​စိန်ခေါ်ချက်​များ​ကို​ရင်ဆိုင်​ခြင်း၊ အောင်ပွဲ​နွှဲ​တတ်​ခြင်း၊ အရှုံး​ကို​ကြံ့ကြံ့ခံ​နိုင်​ခြင်း​တို့​မှ​ပေါက်ဖွား​၏။ ပြဿနာ​ကို​ကြောက်​၍ ဓာတု​ဗေဒ​အကာအကွယ်​ကို အားထား​သော​လူငယ်များသည် မိမိတို့၏​စိတ်​လှုပ်ရှားမှု​ဆိုင်ရာ​ကြီးထွားမှု​ကို ဟန့်တား​ရာ​ကျ​သည်။ ပြဿနာ​များ​ရင်ဆိုင်​ဖြေရှင်း​နိုင်သော ပညာ​ဉာဏ်စွမ်း မဖွံ့ဖြိုး​နိုင်​ရှိနေ​၏။

ရင်ဆိုင်​ဖြေရှင်း​နိုင်စွမ်း​သည် အခြား​ကျွမ်းကျင်​မှုများ​နည်းတူ လေ့ကျင့်​မှ ရယူ​နိုင်​သည်။ ဥပမာ– ကျွမ်းကျင်​သော​ဘောလုံးသမား​တစ်ယောက်​၏​ကစား​ပုံ​ကို အကဲခတ်​ဖူး​သလော။ သူသည် အံ့ဖွယ်ကောင်း​လောက်​အောင် ခြေ​နှင့်​ခေါင်း​ကို ကျင်လည်​စွာ​အသုံးပြု၍​ကစား​နိုင်၏! ထို​ကျွမ်းကျင်​မှု​ကို သူ​မည်သို့​ရယူ​ပိုင်ဆိုင်​နိုင်​ခဲ့​သနည်း။ အနှစ်​နှစ် အ​လ​လ လေ့ကျင့်​ခဲ့​၍​ဖြစ်သည်။ ဘောလုံး​ကန်​ခြင်း၊ သယ်ဆောင်​ခြင်း၊ ဘောလုံး​ဖြင့်​ပရိယာယ်​ဆင်​ခြင်း​စ​သည်​တို့ကို ကျင်လည်​သည်​အထိ ကျင့်​ရသည်။

ကိုင်တွယ်​ဖြေရှင်း​နိုင်စွမ်း​သည်လည်း အလားတူ​ပင်။ ကျင့်​ရသည်—တွေ့ကြုံ​မှု​လို​သည်! သို့​ပါ​လျက်​နှင့် နယပုံပြင် ၁:၂၂ (သ​မ) က ဤသို့​ဆို​၏– “မ​လိမ္မာ [အတွေ့အကြုံ​မဲ့၊ က​ဘ] သူသည် မ​လိမ္မာ [အတွေ့အကြုံ​မဲ့] ခြင်း​ကို​နှစ်သက်​လျက်၊ ... မိုက်မဲ​သူသည် အသိပညာကို မုန်း​ထား​လျက် မည်မျှ​ကြာနေ​ကြ​မည်​နည်း။” မူးယစ်​ဆေးဝါး​ယစ်​သည့်​စည်းစိမ်​နောက်ကွယ်​တွင် ပုန်း​လျက်​နေသော​လူငယ်​သည် ‘အတွေ့အကြုံ​မဲ့​ခြင်း’ ကို​နှစ်သက်​၏။ ဘဝကို​ရင်ဆိုင်​ရန် လိုအပ်သော အသိပညာနှင့် ကျွမ်းကျင်​မှု​ကို ရအောင်​မမွေး​မြူ။ ဆယ်ကျော်သက်​တို့​နှင့်​စကားပြော​ခြင်း ဆို​သော​စာအုပ်​၌ မူးယစ်​ဆေးဝါး​သုံး​သူ​လူငယ်များနှင့်​စပ်လျဉ်း၍ ရေးသား​သကဲ့သို့ဖြစ်သည်– “ထို​ပစ္စည်း​များ​ကို​မ​သုံး​ဘဲ ဘဝ၏​အခက်ခဲဆုံး​သော သမယ​ကို​ကူး​မြောက်​နိုင်​ပါ​သည်​ဟူသော သင်ခန်းစာ​ကို​သူတို့​ဘယ်တော့​မျှ​မရ​ကြ။”

အဖြစ်မှန်​ကို​ရှောင်တိမ်း​လို​၍ မူးယစ်​ဆေးဝါး​သုံးခဲ့​သော​အဲ​န်း​က ဤသို့​ဝန်ခံ​သည်– “၁၄ နှစ်​တိုင်တိုင် ကျွန်မ​ပြဿနာ​ကို ကျွန်မ မဖြေရှင်း​ဘဲ​နေခဲ့တယ်။” မိုက်​လည်း အလားတူ​စွာ​ပြော​၏– “ကျွန်တော် ၁၁ နှစ်အရွယ်​က​စ မူးယစ်​ဆေးဝါး သုံး​လာခဲ့တယ်။ ၂၂ နှစ်အရွယ်မှာ ဆေးဖြတ်​လိုက်တဲ့အခါ ကလေး​တစ်ယောက်လို​ဖြစ်​သွားတယ်။ လုံခြုံတဲ့​ခံစားချက်​ရဖို့ သူများကို​ကပ်မြှောင်​ပြီး​နေတယ်။ မူးယစ်​ဆေးဝါး သုံးတဲ့​အချိန်​က​စပြီး ကျွန်တော်​ဟာ​စိတ်​လှုပ်ရှားမှု​ဖက်​မှာ ကြီးထွားခြင်း​ရပ်​တံ့​ခဲ့​မှန်း နောက်တော့ သဘောပေါက်​လာတယ်။”

၁၃ နှစ်အရွယ်​က​စ မူးယစ်​ဆေးဝါး​သုံးစွဲ​ခဲ့​သူ ဖရန့်​က ဤသို့​ဆို​၏၊ “ကြီးထွား​ဖွံ့ဖြိုး​ရ​မဲ့ အဲဒီ​အချိန်ပိုင်း​တစ်ခုလုံး​ကို ကျွန်တော် ဖြုန်းတီး​ခဲ့တယ်။ ဆေးဖြတ်​လိုက်တဲ့အခါ၊ ငါဟာ ဘဝကို​ရင်ဆိုင်​နိုင်​ဖို့ အသင့်မရှိ​ပါ​လား ဆို​တဲ့​အသိတရား​ကြောင့် စိတ်နာ​မိတယ်။ ၁၃ နှစ်အရွယ်​လို​ပြန်​ဖြစ်​သွားတယ်။ တခြား​ကလေး​တွေ​လို​ပဲ စိတ်​လှုပ်ရှားမှု​ပိုင်း​မှာ ဝရုန်းသုန်းကား​ဖြစ်​ခဲ့​ရတယ်။”

မူးယစ်​ဆေးဝါး​ဟာ ငါ့​ကျန်းမာ​ရေး​ကို ပျက်စီး​စေနိုင်​သလား

ဤ​လဲ စိတ်ပူ​စ​ရာ​တစ်​ကွက်။ အများ​ခေါ် အပြင်း​စား​မူးယစ်​ဆေးဝါး​သည် လူကို​သေစေနိုင်​ကြောင်း လူငယ်​အများ နားလည်​ကြသည်။ သို့သော် ဆေးခြောက်​စ​သော အများ​ခေါ်​အပျော့စား မူးယစ်​ဆေးဝါး​ကျ​တော့​ကော။ ၎င်း​တို့​နှင့်​ပတ်သက်သော သတိပေး​ချက်​များ​အားလုံး​မှာ စာ​ခြောက်​ရုပ်​များ​သာ​လော။ အဖြေရှာ​ရာ​၌ ဆေးခြောက်​ကို အဓိက​သုံးသပ်ကြ​ပါ​စို့။

(ပေါ့​တ်၊ ရီ​ဖာ၊ ဂ​ရပ်​စ်၊ ဂ​န်​ဂျာ (ဝါ) ဝိဒ် ဟူ၍လည်း​ခေါ်​သော) ဆေးခြောက်​သည် ပါရဂူ​များ များစွာ​အငြင်းပွား​စ​ရာ​ဖြစ်​ခဲ့​သည်။ ဝန်ခံ​ရမည်​ဆိုလျှင် ဟိုး​ဟိုး​ကျော်​သည့် ၎င်း​ဆေးဝါး​အကြောင်း လေ့လာ​ရန်​များစွာ​ရှိသေး၏။ တစ်ချက်​အနေ​နှင့်၊ ဆေးခြောက်​သည် အလွန်​ရှုပ်ထွေး​၏။ ဆေးခြောက်​စီးကရက်​အငွေ့၌ ဓာတု​ပစ္စည်း​ဒြပ်​ပေါင်း ၄၀၀ ကျော်​ပါဝင်​သည်။ ဆရာဝန်​များသည် အနှစ် ၆၀ ကြာ​မှ စီးကရက်​အငွေ့ ကင်ဆာ​ဖြစ်စေ​နိုင်​ကြောင်း သိမြင်ခဲ့​သည်။ အလားတူ ဆေးခြောက်​၏ ဒြပ်​ပေါင်း ၄၀၀ သည်​လူ့​ခန္ဓာ​ပေါ် မည်သို့​အကျိုး​သက်ရောက်​ကြောင်း တပ်အပ်​သိ​ရန် ဆယ်စုနှစ်​များစွာ​လိုအပ်​ကောင်း​လိုအပ်​ပေမည်။

သို့သော်လည်း နာမည်ကြီး ယူအက်စ်​ဆေး​အဖွဲ့က သုတေသန​ပြု​စာရွက်စာတမ်း အထောင်အသောင်း​ကို လေ့လာ​ပြီး​နောက် အောက်ပါ​အတိုင်း​မှတ်ချက်ချ​ခဲ့​သည်– “နောက်ဆုံး​ဖြန့်ဝေ​သော သိပ္ပံ​အထောက်အထား​က ဆေးခြောက်​သည် စိတ်​နှင့်​ဇီဝ​အပေါ် ကျယ်ကျယ်ပြန့်ပြန့် ဩဇာ​သက်ရောက်​ကြောင်း၊ အချို့ဩဇာ​သည် ယု​တ်စွ​အဆုံး တစ်စုံတစ်ခု​သော​အခြေအနေ​အောက်​၌ လူ့​ကျန်းမာ​ရေး​ကို​ထိခိုက်​စေနိုင်​ကြောင်း ညွှန်ပြ​၏။” အချို့​သော​ဥပဒ်​များ​ကား အဘယ်နည်း။

ဆေးခြောက်—သင့်​ခန္ဓာ​ကို မည်သို့​ထိခိုက်​စေ​ကြောင်း

ဥပမာ​အနေ​နှင့် အဆုတ်​ကို​ကြည့်​ပါ။ ဆေးခြောက်​၏​ကျောရိုး​ရှေ့နေ​ကြီး​များ​က​ပင် အငွေ့​ရှူ​ခြင်း​သည် အကောင်း​မပြု​နိုင်​ဟု ဝန်ခံ​ကြသည်။ ဆေးခြောက်​ငွေ့​သည် ဆေးလိပ်​ငွေ့​ကဲ့သို့​ပင် က​တ္တ​ရာ​စ​သော အဆိပ်​ပစ္စည်း​အမျိုးမျိုး​ပါရှိ​သည်။

ဒေါက်တာ ဖော​ရက်စ် အက်စ်. တဲ​န်​န​န့်၊ ဂျေ​အာရ်.၊ သည်​ဆေးခြောက်​သုံးစွဲ​ခဲ့​သော အမေရိကန်​စစ်သား ၄၉၂ ဦး​ကို​လေ့လာ​သုံးသပ်​ခဲ့​သည်။ ၂၅ ရာခိုင်နှုန်း​နီးပါး​က “ကဲ​န​ဘ​စ်စ် ဆေးခြောက်​ရှူ​ရာ​မှ လည်ချောင်း​နာခံ​စား​ရ​ကြောင်း၊ ၆ ရာခိုင်နှုန်း​က အဆုတ်​လေ​ပြွန်​ရောင်ရမ်းနာ​ခံစားရ​ကြောင်း တင်ပြ​ခဲ့​ကြသည်။” နောက်​လေ့လာမှု​တစ်ရပ်​က ဆေးခြောက်​သုံးစွဲ​သူ ၃၀ အနက် ၂၄ ယောက်​၌ အဆုတ်​လေ​ပြွန်​တွင် “အ​ဦး​ပိုင်း​ကင်ဆာ​နာ​ကဲ့သို့​သော အနာအဆာ​များ” တွေ့ရှိ​ရသည်။

ထို​သူများ​သည် နောင်​၌​ကင်ဆာ​ဖြစ်လာ​မည်​ဟု မည်သူမျှ​တပ်အပ်​မပြော​နိုင်​သည်​မှာ မှန်သည်။ သို့သော် သင့်​အနေ​နှင့် စွန့်စား​လို​သလော။ ထို့ပြင်၊ သမ္မာကျမ်းစာ​က ဘုရားသခင်​သည် “ခပ်သိမ်း​သော​သူတို့အား အသက်ကို​ပေး​တော်​မူ​သည်” ဟု​ဆို​၏။ (တမန်တော် ၁၇:၂၅) အဆုတ်​နှင့်​လည်ချောင်း​ကို ပျက်စီး​စေနိုင်​သည့်​အရာ​ကို တမင်​ရှူရှိုက်​လျှင် အသက်သခင်​ကို​လေးစား​ရာ​ရောက်မည်​လော။

ဒေသနာ ၁၂:၆ ၌ လူ့ဦးနှောက်ကို လင်္ကာ​စကား​ဖြင့် “ရွှေ​ဖလား” ဟု​ခေါ်ဆို​ထား​သည်။ ဦးနှောက်​သည် လက်သီး​ဆု​ပ်​သာ​သာ​လောက်​သာ​ရှိပြီး သုံး​ပေါင်​သာ​လေး​သော်လည်း​မှတ်ဉာဏ်​ရှိသမျှ​သိုမှီး​ရာ​ဌာန​ဖြစ်​ရုံ​မ​က အာရုံကြော​ချုပ်ထိန်း​ရာ​ဗဟို​လည်း​ဖြစ်သည်။ ဤ​အချက်​ကို​ခေါင်း​ထဲ​ထား​ကာ ဆေး​သိပ္ပံ၏​သတိပေး​ချက်​ကို သတိပြုပါ– “ဆေးခြောက်​သည် ဦးနှောက်​အပေါ် ဓာတု​ဗေဒ​နှင့်​လျှပ်စစ်​ဇီဝ​က​မ္မ​ဆိုင်ရာ ပြောင်းလဲမှု​များ​အပါအဝင် ပြင်းထန်သော​သြဇာ သက်ရောက်​နိုင်​ကြောင်း ကျွန်ုပ်​တို့ ပိုင်ပိုင်နိုင်နိုင်​ပြော​နိုင်​သည်။” ဆေးခြောက်​သည် ဦးနှောက်ကို ထာဝရ​ပျက်စီး​စေနိုင်​သည်​ဟူသော အထောက်အထား ယခု​အချိန်၌​မရှိပါ။ သို့​တ​စေ၊ ဆေးခြောက်​ကြောင့် “ရွှေ​ဖလား” ပျက်စီး​နိုင်​သည်​ဟူသော​အချက်​ကို​မူ ပေါ့​ပေါ့​မထားသင့်။

နောင်​၌ အိမ်ထောင်​သား​မွေး​လျှင်​ကော မည်သို့​ပြော​မည်​နည်း။ ဆေး​သိပ္ပံက ဆေးခြောက်​အဆ​များများ​ကို “တိရစ္ဆာန်​ကိုယ်​တွင်း​သို့​သွင်း​၍​စမ်းသပ်​သောအခါ သား​မွေး​ရာ​တွင်​ချွတ်ယွင်းချက်​များ​ကို​ဖြစ်ပေါ်​စေ​ကြောင်း” သိရှိ​ရသည်။ လူ့​ခန္ဓာ​အပေါ်မှာ​လည်း အလားတူ​သြဇာ​သက်ရောက်​နိုင်​မ​နိုင် လောလောဆယ်​သက်သေ​မပြ​နိုင်​သေး။ သို့ရာတွင်၊ (ဟော်မုန်း ဒီ​အီး​အက်စ် ကြောင့်​ဖြစ်သော) သား​မွေး​ရာ​တွင်​ချွတ်ယွင်းချက်​များသည် အနှစ်​များစွာ​ကြာညောင်း​သည့်​နောက်​မှ သိသာ​ပေါ်လွင်​လာ​တတ်​ကြောင်း မမေ့​နှင့်။ ထို့​ကြောင့် ဆေးခြောက်​ရှူ​သူတို့၏​သားမြေး​များ​၏​အနာဂတ်​ကို မသိနိုင်​သေး​ပါ။ ဒေါက်တာ ဂါ​ဗြေ​န​ဟာ​စ် က​ဆေးခြောက်​ရှူ​ခြင်း​သည် “မျိုးရိုး​ကို​လောင်းကစားခြင်း” ဖြစ်​နိုင်​သည်​ဟု​ဆို​၏။ သားသမီး​များ​ကို “ယေဟောဝါ​ပေးသနား​သော အမွေအနှစ်” အဖြစ်​ယူမှတ်​သော လူတစ်ယောက်​အနေ​နှင့် ဤသို့​စွန့်စား​ပါ​မည်​လော။—ဆာလံ ၁၂၇:၃

မူးယစ်​ဆေးဝါး—သမ္မာကျမ်းစာ​အမြင်

ဆေးခြောက်​သည် အများကြိုက် မူးယစ်​ဆေးဝါး​တစ်မျိုး​သာ​ဖြစ်သည်။ သို့သော် ၎င်းကို​ထောက်​ခြင်း​အားဖြင့် မည်သည့်​စိတ်ပြောင်း​ဆေး​ကို​မျှ အပျော်​အတွက် မ​သုံးစွဲ​သင့်​ကြောင်း သိသာ​ထင်ရှား​ပေ​သည်။ သမ္မာကျမ်းစာ​က “လူပျို​တို့၏​ဘုန်း​ကား အစွမ်း​သတ္တိ” ဟု​ဆိုပါ​သည်။ (သု. ၂၀:၂၉) လူငယ်​တစ်ဦး​အနေ​နှင့် သင်၏​ကျန်းမာ​ရေး​သည် ကောင်းမွန်​ပေမည်။ ဘာကြောင့် စွန့်စား​ပြီး ၎င်းကို​အဆုံး​ခံ​ချင်​သနည်း။

ထို့​ထက်​အရေးကြီး​သည်​ကား၊ ဤ​ကိစ္စ​နှင့်​ပတ်သက်သော သမ္မာကျမ်းစာ​အမြင်​ရှိသည်။ သမ္မာကျမ်းစာ​က ‘စဉ်းစား​ဉာဏ်​သတ္တိ​ကို​စောင့်ထိန်း​ပါ’ ဟု​တိုက်တွန်း​၏။ ဓာတု​ဗေဒ​ပစ္စည်း​ကို​အလွဲသုံး​၍ ၎င်းကို​ဖျက်ဆီး​ဖို့​မဟုတ်။ (သု. ၃:၂၁က​ဘ) ထပ်ဆင့်၍​လည်း ဤသို့​တိုက်တွန်း​၏– “ကိုယ်ခန္ဓာ​၏​အညစ်အကြေး၊ စိတ်​ဝိညာဉ်​၏​အညစ်အကြေး​ရှိသမျှ​တို့​နှင့် ကိုယ်ကို​ကိုယ်​ကင်းစင်​စေ” လော့။ မူးယစ်​ဆေးဝါး​သုံးစွဲခြင်း​စ​သော အကျင့်​များ​ကို​ရှောင်ရှား​၍ ‘မိမိတို့​ကိုယ်ကို အညစ်အကြေး​နှင့်​ကင်းစင်​စေ​ခဲ့’ သော​သူများ​အားသာ ဘုရားသခင်​က “‘သင့်​တို့ကို ငါသည်​လက်ခံ​မည်’။ ‘သင်တို့၏​အဘ​ဖြစ်​မည်’” ဟု​ကတိပေး​တော်​မူ​၏။—၂ ကောရိန္သု ၆:၁၇–၇:၁

သို့သော်လည်း၊ မူးယစ်​ဆေးဝါး​ကို ငြင်းဆန်​ရန်​မလွယ်​ပါ။

ရွယ်တူ​များနှင့် သူတို့၏​ဖိအား

အေးမြ​သော​နွေ​ညနေခင်း​တစ်ခု​၌ ဝမ်းကွဲ​ညီအစ်ကို​လည်း​ဖြစ်၊ ရင်းနှီးသော​သူငယ်ချင်း​လည်း​ဖြစ်သော ဂျိုး​နှင့်​ဖရန့်​တို့သည် သစ္စာဆို​ကြ​၏။ အငယ်​ဖြစ်သူ ဂျိုး​က “လူတွေ​ဘာလုပ်လုပ်၊ တို့​နှစ်ယောက် မူးယစ်​ဆေးဝါး​ကို မ​သုံး​စ​တမ်း” ဟု​အကြံပြု​လိုက်​သည်။ နှစ်ယောက်စလုံး စိန်​လိုက်​ဟု​ဆို​ခဲ့​ကြသည်။ ငါး​နှစ်​သာ​ကြာ​၏။ ဂျိုး​သည် မူးယစ်​ဆေးဝါး​ကြောင့် ကား​တိုက်မှု​ဖြင့် ကား​ထဲ​၌ အသက်​ပျောက်​ခဲ့​သည်။ ဖရန့်​မှာလည်း မူးယစ်​ဆေးဝါး ချိုး​ကပ်​ခဲ့​လေ​သည်။

ဘယ်လို​ကြောင့်​ပါ​လိမ့်။ အဖြေကို အောက်ပါ​သမ္မာကျမ်းစာ​၏​အရေးပေါ်​သတိပေး​ချက်​၌ တွေ့ရှိ​နိုင်​သည်– “အ​လွဲ​မယူ​ကြ​နှင့်။ မကောင်းသော​သူတို့နှင့် ပေါင်းဖော်ခြင်း​အားဖြင့် ကောင်းသော​အကျင့်ဓလေ့​ယိုယွင်း​တတ်၏။” (၁ ကောရိန္သု ၁၅:၃၃) ဂျိုး​နှင့်​ဖရန့် နှစ်ယောက်စလုံး လူပေါင်း​မှား​ခဲ့​ကြသည်။ မူးယစ်​ဆေးဝါး​သုံးစွဲ​သူတို့နှင့် အပေါင်း​များ​လာ​သည်​နှင့်​အမျှ ကိုယ်တိုင်​လက်​တည့်​စမ်း​လာ​ကြသည်။

ကလေး​နှင့်​မြီး​ကောင်​ပေါက်​တို့​၌​ရှိသော ကိုယ့်​ကိုယ်ကို​ဖျက်ဆီး​သည့်​အကျင့် ဟူ​သည့်​စာအုပ်​က ဤသို့​ဆို​၏– “အများအားဖြင့် လူငယ်တို့​သည် မူးယစ်​ဆေးဝါး​အမျိုးမျိုး​သုံးစွဲ​ရန် နီးစပ်​သော​သူငယ်ချင်းများ​၏ ဆက်သွယ်ခြင်း၊ ‘မြူဆွယ်​ခြင်း’ ကို​ခံရ​ကြသည်။ ... သူ့​ဆန္ဒ​မှာ တက်ကြွ​ပျော်မြူး​စ​ရာ​အဖြစ်ကို အတူ​ခံစား​စေလို၍​ဖြစ်ချင်​ဖြစ်​မည်။” အ​ဦး​ပိုင်း​၌​ဆို​ခဲ့​သော​မိုက်​က ဤ​အချက်​ကို​ထောက်ခံ​၍​ဤသို့​ဆို​၏– “ရွယ်တူ​များ​၏​ဖိနှိပ်​တိုက်တွန်းမှု​ဟာ လွန်ဆန်​ဖို့​အခက်ဆုံး​ပဲ။ ... ပထမ​ဆုံး​အကြိမ် ကျွန်တော်​ဆေးခြောက်​ရှူ​တုန်း​က ကောင်လေး​တွေ​အားလုံး​ရှူ​လို့ ကျွန်တော်​လဲ​ရှူ​ခဲ့​တာ။ သူတို့​ထဲ​လူ​ဝင်ဆံ့​ချင်​လို့​ပါ။”

တုံး​တိ​တိ​ဆို​ရ​လျှင် သင့်​သူငယ်ချင်းများ​က မူးယစ်​ဆေးဝါး​သုံးစွဲ​လျှင် သင်လည်း​လူ​ဝင်ဆံ့​ဖို့​အရေး လိုက်လုပ်​ရမည့် စိတ်​လှုပ်ရှားမှု​ပိုင်း​ဆိုင်ရာ ဖိနှိပ်မှုကို ပြင်းပြင်းထန်ထန်​ခံစားရ​ချေ​သည်။ သူငယ်ချင်း​အသိုင်းအဝိုင်း​ကို​မ​ပြောင်း​လျှင် သင်​ကိုယ်တိုင် မူးယစ်​ဆေးဝါး​သုံးစွဲ​သူ​တစ်ဦး​ဖြစ်လာ​ဖို့​အကြောင်း ရာနှုန်းပြည့်​ရှိသည်။

“ပညာရှိ​တို့​နှင့်​ပေါင်းဖော်”

“ပညာရှိ​တို့​နှင့်​ပေါင်းဖော်သော​သူသည် ပညာရှိ​တတ်၏။ လူမိုက်​တို့​နှင့်​ပေါင်းဖော်သော​သူ​မူ​ကား ပျက်စီး​တတ်၏” ဟု နယပုံပြင် ၁၃:၂၀ က​ဆို​၏။ ဥပမာ၊ သင်သည် အအေး​မ​မိ​လိုလျှင် အအေး​မိ​နေသော​လူ​နှင့် နီးနီးကပ်ကပ်​မနေ​ဘဲ ရှောင်​နေ​မည်​မဟုတ်လော။ “ထို့​နည်း​ထပ်တူ၊ ကျွန်ုပ်​တို့​လည်း မူးယစ်​ဆေးဝါး​သုံးစွဲခြင်း​ကို ... ကာကွယ်​လိုလျှင် ... ကောင်းမွန်​မျှတသော​အခြေအနေ​ကို​ထိန်းသိမ်း​ပြီး ဘေးပြု​သြဇာ​များနှင့်​မထိတွေ့​ရအောင် ရှောင်နိုင်​သမျှ ရှောင်ကြဉ်​ရမည်” ဟူ၍ မြီး​ကောင်​ပေါက် ရွယ်တူ​ဖိအား ဆို​သော​စာအုပ်​က ရေးသား​တင်ပြ​၏။

သို့ဖြစ်၍ သင်သည် မူးယစ်​ဆေးဝါး​ကို ငြင်း​လို​သလော။ ငြင်း​လိုလျှင် အပေါင်းအသင်း​ကို​သတိပြုပါ။ မူးယစ်​ဆေးဝါး​ရှောင်ရှား​မည်​ဟူသော သင့်​သန္နိ​ဋ္ဌာန်​ကို ထောက်ခံ​မည့် ဘုရား​ကို​ကြည်ညို​ကြောက်ရွံ့​သော ခရစ်ယာန်​များ​ကို​ရှာ၍ ခင်မင်​စွာ​ပေါင်းသင်း​ပါ။ (၁ ဓမ္မရာဇဝင် ၂၃:၁၅၊ ၁၆ နှိုင်းယှဉ်။) ထွက်မြောက်ရာ ၂၃:၂ ပါ​စကား​ကိုလည်း​မှတ်သားပါ။ မူလ​က၊ ကျမ်း​ကျိန်​ထွက်ဆို​သော သက်သေ​များနှင့်​စပ်လျဉ်း၍ ဆို​နေခြင်း​ဖြစ်​သော်လည်း လူငယ်များ​အဖို့​အကြံဉာဏ်​ကောင်း​တစ်လက် ဖြစ်​ပေ​သည်။ “လူများ​နောက်သို့​လိုက်၍ မတရား​သဖြင့် မပြုရ။”

ရွယ်တူ​များ​အလို​သို့ ရှော​ရှော​ရှူရှူ​လိုက်ပါ​သူသည် ကျွန်​နှင့်​မ​ခြား။ ရောမ ၆:၁၆ ၌​သမ္မာကျမ်းစာ​က ဤသို့​ဆို​၏– “လူတစ်ယောက်​၏​အမိန့်​ကို ကျွန်​အဖြစ်​နာခံ​ရန် ကိုယ့်​ကိုယ်ကို​ပေးဆက်​လျှင် မိမိသည်​ထို​သူ၏​ကျွန်​ဖြစ်​ကြောင်း သင်​မသိ​သလော။” (နိုင်ငံတကာ​ဘာသာပြန်​သစ်) ဒါ​ကြောင့်​လည်း သမ္မာကျမ်းစာ​က လူငယ်တို့​အား “စဉ်းစား​ဉာဏ်​သတ္တိ” မွေးမြူရန် တိုက်တွန်း​ရခြင်း​ဖြစ်သည်။ (သု. ၂:၁၀-၁၂) ကိုယ်ပိုင်​ဉာဏ်​ဖြင့်​စဉ်းစားတတ်​ရန်​သင်ယူပါ။ သို့ပြု​လျှင် လမ်းလွဲ​လူငယ်များ​နောက်သို့ တကောက်ကောက်​လိုက်​တော့​မည်​မဟုတ်။

မူးယစ်​ဆေးဝါး​နှင့် ၎င်းတို့၏​အာနိသင်​နှင့်​ပတ်သက်​၍ သင်၌​စူးစမ်း​လို​သော​သဘော​ရှိ​ပေမည်။ သို့ရာတွင် လူ​ပေါ်​သက်ရောက်​သော မူးယစ်​ဆေးဝါး​၏​သြဇာ​ကို​သိဖို့​အရေး၊ ကိုယ့်​စိတ်​နှင့်​ကာယ​ကို ညစ်ညူး​အောင်​လုပ်ရန်​မလိုပါ။ မူးယစ်​ဆေးဝါး​သုံးစွဲ​သော သက်တူ​များ—အထူးသဖြင့် ကြာမြင့်စွာ​သုံးစွဲ​ခဲ့​သူများ​၏ အဖြစ်သနစ်​ကို​သာ​ကြည့်​ပါ။ သူတို့သည်​နိုးကြား​ထက်မြက်​သလော။ စာ​လိုက်​နိုင်​သလော။ သို့​မဟုတ်၊ ထိုင်း​မှိုင်း၍ စာ​ကို​ဂရုမစိုက်၊ တစ်ခါတစ်ရံ ပတ်ဝန်းကျင်​ကို​ပင် သတိ​မထားမိဘဲ​နေကြ​သလော။ မူးယစ်​ဆေးဝါး​သုံးစွဲ​သူများ​ကိုယ်တိုင် ထိုသို့​သော​သူကို “လောင်စာ​ကုန်” ဟု​ကင်ပွန်းတပ်​ကြ​၏။ “လောင်စာ​ကုန်” တော်​တော်​များများ​သည် စပ်စု​ရာ​က​စ​ခဲ့​ကြ​ခြင်း​ဖြစ်သည်။ ဒါ​ကြောင့်​လည်း၊ သမ္မာကျမ်းစာ​က မကောင်းသော​အရာများ​မြည်းစမ်း​လို​သည့်​ဉာဉ်​ကို​ချိုးနှိမ်​၍ “မကောင်းမှု​ဘက်တွင် နို့စို့​သူငယ်​ဖြစ်​ကြလော့” ဟူ၍ ခရစ်ယာန်​များ​အားတိုက်​တွန်း​ရခြင်း​ဖြစ်​ပေ​၏။—၁ ကောရိန္သု ၁၄:၂၀

သင်​ငြင်းပယ်​နိုင်​သည်!

မူးယစ်​ဆေးဝါး​အလွဲသုံး​မှု​နှင့်​ပတ်သက်​၍ အမေရိကန်​ပြည် အမျိုးသား​အဖွဲ့ ရေးသား​ထုတ်ဝေ​လိုက်​သော စာအုပ်​ငယ်​က ဤသို့​သတိရ​စေ​၏– “မူးယစ်​ဆေးဝါး​သုံး​ခြင်း​အခွင့်အခါ​ကို ပယ်ချ​ခြင်း​မှာ ... သင့်​လုပ်ပိုင်ခွင့်တစ်ရပ်​ဖြစ်သည်။ အဘယ်သူ​ငယ်​ချင်း​မဆို သင့်ကို​အ​ကြပ်​ကိုင်​၍​သြဇာ​သုံး​လာ​လျှင် သင်၏​လွတ်လပ်မှုကို ထိပါး​စော်ကားခြင်း​ပင်​ဖြစ်သည်။” တစ်ယောက်ယောက်​က သင့်​အား​မူးယစ်​ဆေးဝါး​လက်ကမ်း​လျှင် မည်သို့ပြု​နိုင်​သနည်း။ သတ္တိရှိရှိ ငြင်းပယ်​ပါ! မူးယစ်​ဆေးဝါး​အလွဲသုံး​မှု​၏​ဆိုးကျိုး​အကြောင်းကို တရားဟော​ဖို့​မဆိုလို​ပါ။ ၎င်း​စာအုပ်​ငယ်​က “ကျေးဇူး​တင်​ပါ​တယ်၊ ကျွန်တော် မ​ရှူ​ချင်ဘူး၊” “တော်​ပါ​ဗျာ၊ လာ​မနှောင့်ယှက်ပါနဲ့” ဆိုပြီး​တဲ့တိုး​ပြော​ရန်၊ ထို​မျှ​မ​က “ခန္ဓာ​ညစ်ညမ်း​အောင်​လုပ်ဖို့ ကျွန်တော်​ဝါသနာ​မပါဘူး” ဆိုပြီး ခ​နဲ့​လိုက်​ရန်​ပင် အကြံပေး​သည်။ သူက​အလျှော့မပေး​လျှင် ကိုယ်​က​ခိုင်မာ​ပြတ်သား​စွာ ငြင်း​ဖို့​လို​ပါ​လိမ့်​မည်! မိမိသည် ခရစ်ယာန်​ဖြစ်​ကြောင်း အသိပေး​လျှင်​လည်း အကာအကွယ်​ရနိုင်​သည်။

လူကြီး​အဖြစ် ကြီးပြင်း​လာဖို့​မလွယ်​ပါ။ သို့သော် ကြီးကောင်​င​င်​ချိန်​၌ တွေ့ရ​သော​အခက်အခဲ​များ​ကို​ခေါင်းရှောင်​ချင်​၍ မူးယစ်​ဆေးဝါး​သုံးလျှင် တာဝန်​သိ​တတ်​ပြီး ရင့်ကျက်သော​လူကြီး​တစ်ယောက်​ဖြစ်လာ​ဖို့ အလားအလာကို​ပိတ်ဆို့​ရာ​ကျ​မည်။ ပြဿနာ​များ​ကို ထိပ်တိုက်​ရင်ဆိုင်ဖို့​သင်ကြား​ပါ။ အခက်အခဲ​ကြောင့် ခေါင်း​ပင်​ကြီး​လာ​သည်​တိုင်အောင် ဓာတု​ဗေဒ​နည်းဖြင့် ထွက်ပေါက်​မ​ရှာပါ​နှင့်။ မိဘ​တစ်ဦး၊ သို့​မဟုတ်၊ ဖြေရှင်း​နိုင်စွမ်း​ရှိသော တာဝန်​သိ​တတ်​သူ​လူကြီး​တစ်ဦးထံ​တင်ပြ​ပါ။ ထို့ပြင် အောက်ပါ​သမ္မာကျမ်းစာ​သြဝါဒ​ကိုလည်း စွဲမှတ်​ပါ– “အဘယ်​အမှုကို​မျှ စိုးရိမ်ခြင်း​မရှိဘဲ၊ အရာရာ၌​ကျေးဇူးတော်​ကို ချီးမွမ်း​ခြင်း​နှင့်​တကွ ဆုတောင်း​ပတ္ထနာ​ပြုသော​အားဖြင့် သင်တို့​တောင်းပန်​လို​သော​အရာများ​တို့ကို ဘုရားသခင်​အား ကြားလျှောက်​ကြလော့။ ထိုသို့ပြု​လျှင် အဘယ်သူမျှ ကြံ​၍​မမီ​နိုင်သော ဘုရားသခင်​၏​ငြိမ်သက်ခြင်း​သည် ယေရှု​ခရစ်​အားဖြင့် သင်တို့၏​စိတ်နှလုံး​တို့ကို​စောင့်မ​လိမ့်​မည်။”—ဖိလိပ္ပိ ၄:၆၊ ၇

မှန်​ပေ​သည်၊ ယေဟောဝါ​ဘုရားသခင်​သည် သင့်​အား ငြင်းပယ်​ပြော​နိုင်​ရန် လိုအပ်သော​ခွန်အား​ကို ပေး​တော်​မူ​မည်! အခြားသူ​၏​တိုက်တွန်း​ဖိနှိပ်​အ​ကြပ်​ကိုင်​မှု​ကြောင့် သင့်​သန္နိ​ဋ္ဌ န် ပျော့​မသွား​စေ​နှင့်။ မိုက်​တိုက်တွန်း​သည့်​အတိုင်း “မူးယစ်​ဆေးဝါး​ကို လက်​တည့်​မ​စမ်း​နဲ့။ တစ်သက်လုံး ဒုက္ခ​ရောက်​လိမ့်မယ်!”

ဆွေးနွေး​ရန်​မေးခွန်းများ

◻လူငယ်များစွာ အဘယ်ကြောင့် မူးယစ်​ဆေးဝါး​နှင့် ကျော့မိ​ကြ​သနည်း။

◻မူးယစ်​ဆေးဝါး​သုံးစွဲခြင်း​သည် စိတ်​လှုပ်ရှားမှု​ဘက် ကြီးထွားခြင်း​ကို မည်သို့​ဟန့်တား​နိုင်​သနည်း။

◻ဆေးခြောက်​ခန္ဓာ​အပေါ် အာနိသင်​သက်ရောက်​ပုံ​နှင့်​ပတ်သက်​၍ ဘာ​အကြောင်း​သိရှိ​ရပြီ​နည်း။

◻မူးယစ်​ဆေးဝါး​ကို​အပျော်​သုံး​ခြင်း​နှင့်​ပတ်သက်​၍ သမ္မာကျမ်းစာ​၏​အမြင်မှာ မည်သို့​နည်း။

◻အပေါင်းအသင်း​ကို​ဂရုစိုက်​ခြင်း​သည် အဘယ်ကြောင့် မူးယစ်​ဆေးဝါး​နှင့်​ကင်းရှင်းရေး​အတွက် အလွန်​အရေးပါ​သနည်း။

◻မူးယစ်​ဆေးဝါး​ကို​ငြင်းပယ်​သည့်​နည်း​အချို့​ကား အဘယ်နည်း။

[စာမျက်နှာ ၂၇၄ ပါ​အကျဉ်း​ဖော်ပြချက်]

“ကျွန်တော်​တို့​ကျောင်း​ရဲ့​ကျောင်း​စောင့်​တောင်​မှ ဆေးခြောက်​ရော​င်း​နေတာ၊” လူငယ်​တစ်ဦး​အဆို

[စာမျက်နှာ ၂၇၉ ပါ​အကျဉ်း​ဖော်ပြချက်]

“မူးယစ်​ဆေးဝါး သုံးတဲ့​အချိန်​က​စပြီး ကျွန်တော်​ဟာ စိတ်​လှုပ်ရှားမှု​ဘက်မှာ ကြီးထွားခြင်း ရပ်​တံ့​ခဲ့​မှန်း နောက်တော့​သဘောပေါက်​လာတယ်။”—တစ်ချိန်က​မူးယစ်​ဆေးဝါး​သုံးစွဲ​ခဲ့​သည့်​မိုက်

[စာမျက်နှာ ၂၆၄ ပါ​လေးထောင့်ကွက်]

ဆေးခြောက်—အံ့ဖွယ် ဆေး​စွမ်း​သစ်​တစ်လက်​လော

ဆေးခြောက်​သည် မျက်တွင်း​ဖိအား​လွန်​ရောဂါ​နှင့် ပန်း​နာ​ရောဂါ​တို့ကို ကုသ​နိုင်​သည့်​ဆေး​အာနိသင်​ရှိသည့်​အပြင် ဓာတု​ကုထုံး​ဖြင့်​ကုသ​စဉ် ကင်ဆာ​ဝေဒနာရှင် ခံစား​ရသော​ပျို့အန်​ချင်​သည့်​ခံစားချက်​ကို​ပါ လျော့နည်း​စေနိုင်​သည် ဟူသော​အဆို​နှင့်​ပတ်သက်​၍ လူတို့သည် ရေး​ကြီး​ခွင့်​ကျယ်​ပြု​ခဲ့​ကြသည်​မှာ အတန်ကြာ​လေ​ပြီ။ ယူအက်စ်​ဆေး​အဖွဲ့​၏​တင်ပြချက်​တစ်ချက်​က​လည်း ထို​အဆို​များ မှန်​သင့်​သလော​က်​မှန်ကန်ကြောင်း သိမှတ်​ပေ​သည်။ သို့ရာတွင် မကြာမီ​ဆရာဝန်​များ​က ဆေးခြောက်​စီးကရက်​များ​သောက်​ရန် ဆေး​ညွှန်း​ပေး​ကြ​တော့​မည်​ဟု ဆိုလို​သလော။

ထိုသို့ပြု​မည့်​ပုံ​မရပါ။ အကြောင်း​မှာ​ဆေးခြောက်​ပါ​ဓာတု​ဒြပ်​ပေါင်း ၄၀၀ ထဲ​မှ အချို့​တို့သည် အသုံးဝင်​သော်လည်း ဆေးခြောက်​ရှူ​ခြင်း​ဖြင့် ထို​ဆေးဝါး​များ​ကို​သောက်သုံး​ပါ​က ဆင်ခြင်တုံ​တရား​နှင့်​ညီညွတ်​မည်​မထင်။ နာမည်​ကျော်ကြား​သော ပါရဂူ ဒေါက်တာ ကာ​လ်​တန် တန်​နာ က “ဆေးခြောက်​ကို ဆေးဝါး​အဖြစ် ဆေး​ညွှန်း​ပေးခြင်း​ဟာ ပင်​နီ​ဆီ​လင်​ရဖို့​အတွက် မှို​တက်​နေတဲ့​ပေါင်မုန့်​ကို စား​ခိုင်း​တာ​နဲ့​မ​ခြား​ပါ​ဘူး” ဟု ပြောဆို​ခဲ့​သည်။ ထို့​ကြောင့် ဆေးခြောက်​၏​ဒြပ်​ပေါင်း​တစ်မျိုး​မျိုး​က ဆေးဝါး​စစ်စစ်​ဖြစ်လာ​မည်​ဆိုလျှင်​ပင် ဆရာဝန်​များ​အနေ​နှင့် ဆေးခြောက်​မှ​ပြုပြင်၍​ရယူ​သော၊ “ဆင်တူ​ယိုးမှား​ဖြစ်သော” ဓာတု​ပစ္စည်း​များ​ကို​သာ ဆေး​ညွှန်း​ပေး​မည်​ဖြစ်သည်။ ထို့​ကြောင့်​လည်း ယူအက်စ် ကျန်းမာ​ရေး​နှင့်​လူ့​အမှုဆောင် အတွင်းရေးမှူး​က ဤသို့​ရေးသား​လိုက်ခြင်း​ဖြစ်သည်– “ဆေးခြောက်​မှ​ဆေး​စွမ်း​ရနိုင်​သည်​တိုင်အောင် ဆေးခြောက်​၏​သိသာ​ထင်ရှားသော ကျန်းမာ​ရေး​ဥပဒ်​များ​ကို ဥ​ပ​က္ခာ​မပြု​နိုင် ဟူသော​အချက်​ကို အလေးအနက်​ထား​အပ်​သည်။”

[စာမျက်နှာ ၂၇၅ ပါ​ရုပ်ပုံ]

မူးယစ်​ဆေးဝါး​ကို သတ္တိရှိရှိ ငြင်းပယ်​ပါ!

[စာမျက်နှာ ၂၇၆ ပါ​ရုပ်ပုံ]

မူးယစ်​ဆေးဝါး သုံးပြီး ပြဿနာ​ကို ခေါင်းရှောင်​လျှင်...လူကြီး​ဖြစ်လာ​သောအခါ ပြဿနာ​ရင်ဆိုင်​ရန် အခက်တွေ့နိုင်​မည်