မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အရက်သောက်ခြင်း—ဘာကြောင့်မလုပ်သင့်

အရက်သောက်ခြင်း—ဘာကြောင့်မလုပ်သင့်

အခန်း ၃၃

အရက်သောက်​ခြင်း—ဘာကြောင့်​မ​လုပ်သင့်

‘အရက်သောက်​တာ မှား​သလား။ တကယ်ပဲ ဥပဒ်​ဖြစ်​သလား။ ငါ​သောက်​ရင်​မှား​မယ်၊ လူကြီးတွေ​သောက်​ရင် မမှား​ဘူးဆို​တဲ့​သဘောလား။’ ဤ​မေးခွန်းများကို သင်​စူးစမ်း​နေပါက မ​ဆန်း​ပါ။ သင့်​မိဘများ​ကိုယ်တိုင် အရက်သောက်​ချင်​သောက်​ကြ​မှာ​ကိုး။ (အရွယ်​ကန့်သတ်ချက်​ရှိပါ​လျက်​နှင့်) သင့်​အရွယ် လူငယ်​အမြောက်အမြား အရက်သောက်​ကြ​၏။ တီဗွီ​နှင့်​ရုပ်ရှင်​ဇာတ်လမ်း​များ​က ၎င်းကို​မက်မော​စ​ရာ​လို​ဖြစ်စေ​သည်။

အရက်ကို တန်​ရုံ​သာ​သောက်သုံး​ပါ​က တကယ်​ပင်​လူကို​ရွှင်လန်း​စေနိုင်​သည်။ ဝိုင်​သည် နှလုံး​ရွှင်​စေပြီး အစာ​မြိ​န်​စေနိုင်​သည်​ဟု သမ္မာကျမ်းစာ​က ဝန်ခံ​ပေ​သည်။ (ဒေသနာ ၉:၇) သို့ရာတွင်၊ အလွဲသုံး​ပါ​က၊ မိဘ၊ ဆရာ၊ ရဲ​တို့​နှင့်​အတိုက်အခံ​ဖြစ်​ခြင်း​က​အစ၊ အသေစော​ဖြင့်​သေခြင်း​အဆုံး၊ ကြီး​လေး​သော​ပြဿနာ​ပေါင်း​သောင်း​ခြောက်​ထောင်​နှင့် တွေ့​တတ်​သည်။ သမ္မာကျမ်းစာ​ဆို​သည့်​အတိုင်း​ဖြစ်​ပေ​သည်– “စပျစ်​ရည်​သည် လှည့်စား​တတ်၏။ သေ​ရည်​သေ​ရက်​သည်​ရုန်းရင်းခတ်​ပြုခြင်း​အမှုကို​ဖြစ်စေ​တတ်၏။ ထိုသို့​သော​အားဖြင့် မှားယွင်းသော​သူသည်​ပညာ​မရှိ။” (သု. ၂၀:၁) သို့ဖြစ်၍၊ အရက်သောက်​ခြင်း​ကိစ္စ​တွင် သင့်​အနေ​နှင့် တာဝန်​သိ​သိ စိတ်ပိုင်း​ဖြတ်​ဖို့​အရေးကြီး​လှ​၏။

သို့သော်၊ အရက်​နှင့် အရက်​၏​အာနိသင်​အကြောင်း သင် မည်မျှ​သိ​သနည်း။ အောက်ပါ​အစမ်း​မေးခွန်းများ​ဖြင့် သိနိုင်​ပါ​လိမ့်​မည်။ မှား​သလား၊ မှန်​သလား ရေးဖြေ​ပါ–

၁။ အရက်ယမကာ​များသည် အဓိက​အားဖြင့် ဆွ​ဆေး​ဖြစ်သည်․ ____

၂။ အရက်​အနည်းအများ​မဆို လူ့​ကိုယ်ခန္ဓာ​ကိုဥပဒ်​ပေး​သည်․ ____

၃။ အရက်ယမကာ​မှန်သမျှ—အရက်၊ ဝိုင်၊ ဘီယာ—တို့သည် အမြန်​နှုန်း​တစ်မျိုးတည်း​ဖြင့် သွေးကြော​အတွင်း​သို့​စိမ့်ဝင်​ကြသည်․ ____

၄။ နို့​မပါ​သည့်​ကော်ဖီ​ကို​သောက်​လျှင်၊ ရေ​အေး​ဖြင့်​ရေချိုး​လျှင် အရက်မူး​ပြေ​မြန်​၏․ ____

၅။ သောက်​သည့်​အတိုင်းအဆ တူ​လျှင်​သောက်​သူ​တိုင်း အာနိသင်​တစ်မျိုးတည်း ခံစားရ​သည်․ ____

၆။ အရက်မူး​ခြင်း​သည် အရက်စွဲ​ခြင်း​နှင့်အတူ​တူ․ ____

၇။ အရက်ကို ဗာဗီ​ကျူ​ရိတ်​စ​သော စိတ်​ငြိမ်​ဆေး​များနှင့်​တစ်ချိန်တည်း​သောက် သုံးလျှင် ၎င်း​တို့​အချင်းချင်း အာနိသင်​တိုးပွား​စေနိုင်​သည်․ ____

၈။ အရက်​အမျိုးမျိုး​ပြောင်း​သောက်​လျှင် မ​မူး​စေပါ․ ____

၉။ ခန္ဓာ​သည် အရက်ကို အစာ​ကဲ့သို့​ချေဖျက်​သည်․ ____

ဖြေ​ပြီး​ပါ​က စာမျက်နှာ ၂၇၀ ၌​ပေး​ထားသော​အဖြေ​များနှင့်​တိုက်​ကြည့်​ပါ။ အရက်​နှင့်​ပတ်သက်သော သင့်​ယူဆချက်​အချို့​သည် မှား​နေ​သလော။ မှား​ပါ​က၊ အရက်​နှင့်​ပတ်သက်​၍ အမြင်မှား​လျှင် သေ​ဘေး​ဖြစ်စေ​နိုင်​ကြောင်း မှတ်​ပါ​လေ။ သမ္မာကျမ်းစာ​က အရက်ကို​အလွဲသုံး​ပါ​က “မြွေ​လို​ကိုက်​တတ်၏။ မြွေ​ပွေး​ပ​မာ အဆိပ်​ထုတ်​တတ်၏” ဟု​သတိပေး​သည်။သု. ၂၃:၃၂က​ဘ

ဂျွန်​သည် ဆယ်ကျော်သက်​အရွယ်​ကတည်းက အိမ်ထောင်ပြု​လိုက်​သည်။ တစ်ည​၌ ငယ်ရွယ်​သော​မိမိ၏​ဇနီး​နှင့် စကား​များ​၍ ဒေါသူပုန်​ထ​ကာ အရက်ကို​မူး​အောင် သောက်​ပစ်လိုက်​မည်​ဟူသော​အကြံ​ဖြင့် အိမ်ပြင်​သို့ ထွက်သွား​လေ​သည်။ ဗော့​ကာ​အရက် တစ်​ပို​င့်​လုံး​ကို မော့​ချ​သည့်​နောက် မေ့မြော​သွားတော့​သည်။ ဆရာဝန်​နှင့် သူနာပြု​တို့၏ ကြိုးပမ်းမှု​ကြောင့်​မဟုတ်လျှင် အသက်​ပျောက်​ပြီ။ အရက်​များများ​ကို တစ်ချက်​တည်း မော့​ချ​လျှင် သေ​နိုင်​ကြောင်း သူ့​ခမျာ သိ​ပုံ​မ​ပေါက်။ မသိ​မှု​ကြောင့် သေလုနီးပါး​ဖြစ်​ခဲ့​လေ​သည်။

တန်ပြန်​သတ္တိ

ဤ​ကား အရက်​၏​မြုံနေ​သောတန်​ခိုး​ပင်​ဖြစ်သည်။ အရက်​သည် ဆွ​ဆေး​မဟုတ်၊ နှိမ်​ဆေး​ဖြစ်သည်။ အရက်သောက်​ပြီး​နောက်​၌ စိတ်ကြွ​သလို​လို​ခံစား​ရခြင်း​မှာ အရက်​သည် စိတ်​ကို​နှိမ်၊ သောက​စိတ်​ကို​ဖိ​ထားသော​ကြောင့်​ဖြစ်၏။ မ​သောက်​ခင်​ထက် စိုးရိမ်​ကြောင့်​ကျ​မှု​ကင်း​ပြီး သက်သောင့်သက်သာ​ရှိစေသည်။ သို့ဖြစ်၍ အရက်ကို​သင့်​ရုံ​သာ​သောက်သုံး​လျှင် အတန်​ငယ် ‘သောက​မေ့’ စေနိုင်​သည်။ (သု. ၃၁:၆၊ ၇) သာဓက​အားဖြင့်၊ ပေါလ်​ဆို​သော​လူငယ်​တစ်ဦး​သည် အိမ်ထောင်ရေး​သောက​ကို မေ့လျော့​ဖို့ အရက်သောက်​၏။ သူ​ဤသို့​ပြန်​ပြောပြ​သည်၊ “အရက်သောက်​ခြင်း​ဟာ လူကို​စိတ်ပြေ​လက်​ပျောက်၊ သက်သောင့်သက်သာ​ဖြစ်စေ​နိုင်​တဲ့ နည်း​တစ်နည်း​ဖြစ်တယ်​ဆိုတာ​ကို ကျွန်တော်​ငယ်ငယ်​ကတည်းက သိခဲ့ရတယ်။”

ဘာ​ဥပဒ်​မှ မဖြစ်​ဘူး၊ မှန်​သလား။ မှားတယ်! အရက်​မှာ တန်ပြန်​တဲ့​သတ္တိ​ရှိတယ်။ နာရီ​ပိုင်း​အကြာမှာ အရက်​ရဲ့​စိတ်​နှိမ်​သတ္တိ တစ်စစ​ကုန်ခန်း​သွား​သည်​နှင့်​အမျှ သောက​ရေ​ချိန်​လည်း​မြင့်တက်​လာ​ပြန်​သည်—သို့သော် သာမန်​အဆင့်​အထိ​မဟုတ်။ မ​သောက်​ခင်​ထက် ပို​မြင့်​သည့်​အဆင့်​သို့​ခုန်​တက်​သွား​သည်! လူသည်​ယခင်​ထက်​ပင် ပို​၍​ပူပန်​၍​စိတ်​လည်း​တောင့်တင်း​လာ​သည်။ အရက်​ရှိန်​သည် ၁၂ နာရီ​အထိ​ပင်​ခံ​၏။ နောက်​တစ်ကြိမ်​သောက်​ပြန်​လျှင် သောက​ရေ​ချိန်​ပြန်​ကျ​သွား​မည်​မှန်​၏။ သို့သော် နာရီ​ပိုင်း​ကြာ​သည့်​နောက် ပြန်​တက်လာ​မည်။ ယခင်​ထက်​ပင်​ပို​၍​မြင့်မား​မည်! မြင့်​ချီ​နိမ့်​ချီ​နှင့် ဆိုး​သည်ထက်​ဆိုး​လာသော သံသရာ​ဖြစ်လာ​တော့​သည်။

ထို့​ကြောင့် ရေရှည်​တွက်​လျှင်၊ အရက်​သည် သောက​ရေ​ချိန်​ကို​မကျ​စေပါ။ မြှင့်တင်​ဖို့​အကြောင်း​က​သာ​များ​၏။ အရက်​တန်ခိုး​ငြိမ်း​သောအခါ ပြဿနာ​များလည်း အတိုင်း​သား။

စိတ်​လှုပ်ရှားမှု​ဘက် မကြီးထွား

အချို့​က​အရက်​ကြောင့် မိမိတို့​လူ​စွမ်း​လူ​စ ရှိလာ​သည်​ဟု​ဆို​၏။ ဥပမာ၊ ဒင်း​နစ်​စ်​သည် အရှက်​ကြီး​မှ​ကြီး​ပေ့။ သူများ​နှင့်​စကား​ရိုးရိုးလေး​ပင်မ​ပြော​နိုင်​ရှာ။ နောက်​သော်၊ ဆေး​စွမ်း​ကောင်း​တစ်လက် တွေ့​လေ​သည်။ သူက “တစ်ခွက်​နှစ်​ခွက်​လောက်​သောက်​ပြီး​တဲ့​နောက် ကျွန်တော်​တည်ငြိမ်​လာ​ပါ​တယ်” ဟူ၍​ဆို​၏။

ခက်​သည်​ကား၊ လူ​ဟူသည် ဒင်း​နစ်​စ်​လို ပြဿနာ​ကို​တိမ်းရှောင်​ခြင်း​အားဖြင့် ရင့်ကျက်​မလာ​နိုင်။ ပြဿနာ​ကို ပြေး​တွေ့​မှ။ ငယ်​စဉ်​အခါ ပြဿနာ​ကို​ရင်ဆိုင်​ခြင်း​သည် လူကြီး​ဘဝ​အတွက်​ဇာတ်​တိုက်​သည်​နှင့်​မ​ခြား။ သို့ဖြစ်၍ အရက်​သည်​ရေရှည်​အားဖြင့် မိမိ၏​အရှက်​ကို​မဖြေ​ဖျောက်​နိုင်​ကြောင်း ဒင်း​နစ်​စ်​တစ်ယောက် တွေ့ရှိ​လေ​သည်။ သူ​ဤသို့​ဆို​၏၊ “အရက်​ရှိန်​လည်း​ပြေ​ရော၊ ကျွန်တော်​လည်း ကိုယ့်​ခရုခွံ​ထဲ ပြန်​လျှို​တော့​တာ​ပဲ။” နှစ်များ​စွာ​လွန်​ခဲ့​လေ​ပြီ။ ယခု​မည်သို့​နည်း။ ဒင်း​နစ်​စ် ဆက်၍​ဆိုပါ​သည်– “ကျွန်တော်​ဟာ ကိုယ့်​ပင်​ကိုယ်​သတ္တိ​ကို​အရင်းခံ​ပြီး လူတွေနဲ့​မပြော​ဆို မ​ဆက်သွယ်​တတ်​သေး​ပါ​ဘူး။ ကျွန်တော်​ဟာ​ဒီ​နေရာမှာ မကြီးထွား​ဘူးလို့​ဆို​ရမယ်​ထင်​တယ်။”

စိတ်ညစ်​သည့်​အခါ အရက်ကို​ချိုင်းထောက်​လို​သုံး​ခြင်း​လည်း ထို့​အတူ​ပင်။ ငယ်​စဉ်​က အရက်ကို ချိုင်းထောက်​လို​သုံးခဲ့​သော​ဂျို​အင်း​က ဤသို့​ဝန်ခံ​သည်– “မကြာခင်​က ကျွန်မ​စိတ်ညစ်​လို့ ‘ခု​အချိန်​များ တစ်ခွက်​လောက်​မော့​လိုက်ရ​ရင် အကောင်း​သား’ ဆိုပြီး​တွေး​မိတယ်။ အရက်​ရှိရင် အခြေအနေ​ကို ပိုင်ပိုင်နိုင်နိုင် ရင်ဆိုင်​နိုင်တယ်လို့​ပဲ​ထင်တာ​ပဲ။” မဟုတ်ပါ​လေ!

ဆေး​ဆိုင်ရာ နယူးယောက်​ပြည်နယ်​ဂျာနယ်ပါ​ဆောင်းပါး​တစ်ပုဒ်​က ဤသို့​ဆို​၏– “ကျောင်း၊ လူမှုရေး၊ လူ​လူ​ချင်း​ဆက်ဆံ​ရေး​ဆိုင်ရာ​အခက်အခဲ​ကို ဖြေရှင်း​သည့်​နည်း​အဖြစ် [အရက်​အပါအဝင်] မူးယစ်​ဆေးဝါး​ကို အသုံးပြု​လာသော​အခါ ကျန်း​ခံ့​သော​ဖြေရှင်း​နည်း​ပညာ​ကို သင်ကြားမှု​အား​ဘေးဖယ်​လိုက်​သည်။ သို့ပြုခြင်း​၏​ဆိုးကျိုး​ကို ချက်ချင်း​လက်ငင်း မခံစား​ရ​သေး​သော်လည်း လူကြီး​ဘဝသို့​ရောက်​၍ လူမှု​ဆက်ဆံ​ရေး​အခက်အခဲ​နှင့် ရင်ဆိုင်​ရသောအခါ​ကျ​မှ မိမိသည်​စိတ်​လှုပ်ရှားမှု​ဘက်တွင် အထီးကျန်​ဖြစ်နေ​သည်ကို​တွေ့ရ​လိမ့်​မည်။” ပြဿနာ​နှင့် အခက်အခဲ​များ​ကို ပြေး​တွေ့​ရင်ဆိုင်​ဖြေရှင်းခြင်း​က​သာ ပို​၍​ကောင်း​သည်​တကား!

“ကိုယ်တော်​သည် သောက်​တော်​မ​မူ”

ယေရှု​ခရစ်​၏​စံနမူနာ​တော်​ကို ကြည့်​ပါ။ မိမိ၏​မြေကြီး​အသက်တာ​နောက်ဆုံး​ည​၌ အလွန်​ပြင်းပြ​သော​ဆင်းရဲ​ဝေဒနာ​ကို ခံရ​တော်​မူ​၏။ သစ္စာဖောက်​ခြင်း၊ ဖမ်းဆီးခြင်း​ခံသည့်​နောက်​၌ အကြိမ်ကြိမ်​စစ်ကြော​ခံ​ခဲ့​ရသည်။ လုပ်ကြံ​စွပ်စွဲ​ခံရ​၏။ တစ်ညလုံး မ​အိပ်​ရ။ နောက်ဆုံး​၌ နှက်တိုင်​ပေါ် သတ်​ရန် အပ်နှံခြင်း​ခံရ​လေ​သည်။—မာကု ၁၄:၄၃–၁၅:၁၅;လုကာ ၂၂:၄၇–၂၃:၂၅

ထို့နောက် ကိုယ်တော်​အား အာရုံ​ထိုင်း​မှိုင်း၍ စိတ်​ပြောင်းလဲ​စေနိုင်​သော ဆေး​တစ်မျိုး​ကို​ပေး​ကြ​၏။ အခံ​ရလွယ်​စေဖို့​ဖြစ်၏။ သမ္မာကျမ်းစာ​က ဤသို့​ရှင်းလင်း​ဖော်ပြ​သည်! “သူတို့သည် မုရန်​နှင့်​ရောစပ်​သော စပျစ်​ရည်​ကို ကိုယ်တော်​အား တိုက်​ကြ​၏။ သို့ရာတွင် ကိုယ်တော်​သည် သောက်​တော်​မ​မူ။” (မာကု ၁၅:၂၂၊ ၂၃သ​က) ကိုယ်တော်​သည်​မိမိ၏​အာရုံ​ရှိသမျှ ထက်​ထက်မြက်​မြက် ရှိစေ​လို​သည်။ အခက်အခဲ​ကို တန်းတန်းမတ်မတ် ရင်ဆိုင်​လို​တော်​မူ​၏။ ကိုယ်တော်​သည် သူရဲဘော​နည်း​သူ​တစ်ယောက်​မဟုတ်! သို့သော် နောက်ပိုင်း၌​ပြင်း​လည်း​မ​ပြင်း ဆေး​လည်း​မပါ​သော စပျစ်​ရည်​ကို​ပေး​ကြသောအခါ လက်ခံ​တော်​မူ​သည်။—ယောဟန် ၁၉:၂၈-၃၀

ကိုယ်တော်​နှင့်​ယှဉ်​လျှင်၊ သင်၏​ပြဿနာ၊ ဘေးကျပ်နံကျပ်​အဖြစ် သို့​မဟုတ် ဆင်းရဲခြင်း​သည် မပြော​ပ​လောက်။ သို့သော် ကိုယ်တော့်​တွေ့ကြုံ​မှု​မှ အဖိုးတန်​သင်ခန်းစာ​ရနိုင်​သည်။ (အရက်​စ​သော) စိတ်ပြောင်း​ဆေး​တစ်မျိုး​မျိုးကို​သုံး​၍ ပြဿနာ၊ ဘေးကျပ်နံကျပ်​အဖြစ်​နှင့် အခံ​ရ​မ​သက်သာ​သော​အခြေအနေ​များ​ကို ဖြေရှင်း​မည့်​အစား၊ တိုက်ရိုက်​ရင်ဆိုင်​ခြင်း​က သာ၍​ကောင်း​၏။ ဘဝ​ပြဿနာ​ကို​ရင်ဆိုင်​ဖြေရှင်း​ရာ​၌ အတွေ့အကြုံ​များ​လေ​လေ ဖြေရှင်း​တတ်​လေ​လေ။ စိတ်​လှုပ်ရှားမှု​ဘက်တွင် ကြံ့ခိုင်​သော လူကြီး​ဘဝသို့ တက်လှမ်းနိုင်​ပေ​လိမ့်​မည်။

အရွယ်ရောက်​သောအခါ၊ ရံဖန်ရံခါ အရက်​အသင့်အတင့် သောက်​မည်​မ​သောက်​မည်​ကို သင်​ကိုယ်တိုင် (နှင့်​သင့်​မိဘများ​က) ဆုံးဖြတ်​ပါ​လိမ့်​မည်။ အသိဉာဏ်​ရှိသူ​ပီပီ ဆုံးဖြတ်​ပါ။ မ​သောက်​ရန်​ဆုံးဖြတ်​ပါ​က မည်​သူ့ကို​မျှ တောင်းပန်​စ​ရာ​မလို။ သို့သော် အရွယ်ရောက်​၍ သောက်​ရန်​ဆုံးဖြတ်​ပါ​က တာဝန်​သိ​သိ သောက်​ပါ။ တိမ်းရှောင်​လို​၍​ဖြစ်စေ၊ ရဲဆေး​အနေ​နှင့်​ဖြစ်စေ ဘယ်တော့​မျှ​မ​သောက်​နှင့်။ သမ္မာကျမ်းစာ​၏​သြဝါဒ​မှာ ရိုးရိုး​ကလေး​နှင့် တဲ့တိုး​ဖြစ်သည်။ “သောက်ကြူး​လျှင် ဆူညံ​ဆူညံ​နှင့် အရူး​လုပ်တတ်​သည်။ အရက်မူး​လျှင် လူမိုက်။”—သု. ၂၀:၁ယနေ့​အင်္ဂလိပ်​ဘာသာပြန်။

ဆွေးနွေး​ရန်​မေးခွန်းများ

◻အဘယ်ကြောင့် လူငယ်များစွာ အရက်သောက်​ကြ​သနည်း။

◻အရက်​နှင့်​ပတ်သက်​၍ အဘယ်​အယူအဆ​မှား​များ​ရှိ​တတ်ကြ​သနည်း။

◻မူး​၍​မောင်း​လျှင် အဘယ်​အန္တရာယ်များ​ရှိ​သနည်း။

◻တိမ်းရှောင်​လို​၍ သောက်​ခြင်း​သည် အဘယ်​အန္တရာယ်များ​ရှိ​သနည်း။

◻လူငယ်​တစ်ဦး ပြဿနာ​ရင်ဆိုင်​ရ​စဉ် မည်သို့ပြုသင့်​သနည်း။ အဘယ်ကြောင့်​နည်း။

[စာမျက်နှာ ၂၆၈ ပါ​အကျဉ်း​ဖော်ပြချက်]

အရက်သောက်​ခြင်း​သည် လူငယ်​တစ်ဦး​အား မြင့်​ချီ​နိမ့်​ချီ​နှင့် ဆိုး​သည်ထက်​ဆိုး​လာသော သံသရာ​စက်​ကွင်း​ထဲ​၌ ချုပ်နှောင်​ထား​နိုင်​သည်

[စာမျက်နှာ ၂၇၁ ပါ​အကျဉ်း​ဖော်ပြချက်]

“ကျွန်တော်​ဟာ ကိုယ့်​ပင်​ကိုယ်​သတ္တိ​ကို​အရင်းခံ​ပြီး လူတွေနဲ့​မပြော​ဆို မ​ဆက်သွယ်​တတ်​သေး​ပါ​ဘူး။ ကျွန်တော်​ဟာ​ဒီ​နေရာမှာ မကြီးထွား​ဘူးလို့​ဆို​ရမယ်​ထင်​တယ်။”—ငယ်​စဉ်​အခါ အရက်​အလွဲသုံး​ခဲ့​သူ လူငယ်​တစ်ဦး

[စာမျက်နှာ ၂၆၄ ပါ​လေးထောင့်ကွက်]

‘ကျွန်တော်​တို့ ဘာကြောင့် အရက်​စ​သောက်​ခဲ့​တဲ့​အကြောင်း’

ငယ်​စဉ်​အခါ အရက်သောက်​ခဲ့​ကြ​သူများ​နှင့် တွေ့ဆုံ​မေးမြန်းခြင်း

မေးမြန်း​သူ– ခင်ဗျား ဘာကြောင့် အရက်သောက်​ခဲ့​သလဲ။

ဘီလ်– ကျွန်တော့်​အနေ​နဲ့​က​တော့၊ အစပိုင်း​မှာ ကျွန်တော့်​အုပ်စု​ကြောင့်​ဆို​ရပါလိမ့်မယ်။ အဲဒီတုန်းက အရက်သောက်​တာ အတော်​ခေတ်​စား​တယ်။ အထူးသဖြင့် စ​နေ​တနင်္ဂနွေ​နေ့တွေမှာ​ပေါ့။

ဒင်း​နစ်​စ်– ကျွန်တော် ၁၄ နှစ်အရွယ်​လောက်​မှာ စပြီး​အရက်သောက်​တယ်။ ကျွန်တော်​ဖေဖေဟာ တော်​တော့်​များများ​သောက်​တဲ့​လူတစ်ယောက်။ အိမ်မှာ​လဲ အရက်​စွယ်စုံ​ပါတီ မပြတ်​ဘူး။ ကလေး​တစ်ယောက်​အနေ​နဲ့ ကျွန်တော်​ဟာ အရက်သောက်​တာ​ကို လူမှုရေး​လို့ မှတ်​ခဲ့တယ်။ ကျွန်တော်​ကြီး​လာတဲ့​နောက် အောက်ခြေ​လွတ်​အုပ်စု​တစ်စု​နဲ့​ပေါင်း​ခဲ့တယ်။ တခြား​ကောင်လေး​တွေ​အကြိုက်ကို​လိုက်ပြီး သောက်​ခဲ့တယ်။

မာ့ခ်– ကျွန်တော် အားကစား​လိုက်စား​ခဲ့တယ်။ အသက် ၁၅ နှစ်အရွယ်​လောက်​မှာ ဘတ်စကက်ဘော​အသင်း​နဲ့​အတူ စပြီး​သောက်​ခဲ့တယ်​ထင်တာ​ပဲ။ အဓိက​အကြောင်းကတော့ မြည်းစမ်း​ချင်​လို့​ပါ​ပဲ။

ဂျို​အင်း– ကျွန်မ​ဟာ တီဗွီ​ထဲ​မြင်ရ​တဲ့​ဟာ​တွေ​ကြောင့်​လို့​ဆို​ရမယ်။ ဇာတ်​ဆောင်​တွေ သောက်​ကြ​တာ​ကို​မြင်​တော့ အ​ဟုတ်​ကြီး​မှတ်​တာပေါ့။

ပေါလ်– ကျွန်တော့်​ဖေဖေဟာ အရက်သမား​တစ်ယောက်။ အရက်စွဲ​မှု​ကြောင့် ကျွန်တော်​တို့​မှာ ပြဿနာ​ဒီလောက်​များ​တာ ခု​ကျွန်တော်​သဘောပေါက်​ပြီ။ ကျွန်တော်​က ဒီ​ပြဿနာ​တွေ​ကို တိမ်းရှောင်​ချင်​တယ်။ အဲဒါ​ကြောင့်​လဲ ကျွန်တော်​အရက်သောက်​လာတယ်။ ဆန်း​တယ်​ဆို​ရ​မ​ပေါ့။

ဂျို​အင်း– ကျွန်မ​မိဘတွေ များများ​စား​စား သောက်​လေ့​မရှိဘူး။ ဒါပေမဲ့ ဖေဖေ​နဲ့​ပတ်သက်ပြီး တစ်ခု​မှတ်မိတယ်။ လူတွေနဲ့​စားသောက်​တဲ့​အခါမှာ ကျွန်မ​ဖေဖေ​က သူ​ဘယ်လောက်​သောက်​နိုင်တယ်​ဆိုတာ​ကို ကြွား​တတ်တယ်။ ကျွန်မ​လဲ​အဲဒီ​သဘော​မျိုးဝင်​လာခဲ့တယ်။ အများ​နဲ့​မတူ၊ တ​မူ​ထူးတယ်​လို့​ကိုယ့်​ကိုယ်ကို ထင်မှတ်​တယ်။ တစ်နေ့​မှာ၊ ကျွန်မ​နဲ့​သူငယ်ချင်း​တစ်စု သောက်​ပွဲနွှဲ​ကြတယ်​လေ။ နာရီ​ပေါင်း​တော်​တော်​များများ​သောက်​ကြတယ်။ တခြား​လူတွေ​မူး​ကုန်​ကြ​ပေမဲ့ ကျွန်မ​မ​ဖြုန်​ဘဲ​နေတယ်။ တကယ်​ပါ​ပဲ။ ‘ငါ​တော့ ဖေ​ဖေ့​အတိုင်းပဲ​ဟေ့’ ဆိုပြီး​တော့​တောင်​တွေး​ခဲ့​မိ​သေး။ အရက်​နဲ့​ပတ်သက်​တဲ့ ဒီ​ဉာဉ်​မျိုး​ကြောင့် ကျွန်မ​သောက်​ခဲ့​တာ​ဖြစ်​မှာပဲ။

မေးမြန်း​သူ– ဘာကြောင့် လူ​တော်​တော်​များများ​ဟာ မူး​အောင်​သောက်​ကြ​တာလဲ။

မာ့ခ်– မူး​ချင်​လို့​သောက်​ကြ​တာ​ပဲ။ အရသာ​ကို​ကြိုက်​လို့​မဟုတ်ဘူး။

မေးမြန်း​သူ– ခင်ဗျား​ဟာ အရက်​ရဲ့​အာနိသင်​အတွက်​သောက်​တယ်​ပေါ့။

မာ့ခ်– ဟုတ်​ပါ​တယ်။

ဟယ်ရီ– ကျွန်တော်​လဲ အဲဒီလိုပဲ​ပြော​ရမယ်။ လှေ​ခါး​တက်​သလို​ပါ​ပဲ။ သောက်​တိုင်း လှေ​ခါး​ထ​စ် နောက်​တစ်​ထ​စ် တက်​ချင်​လို့​ပါ​ပဲ။

[စာမျက်နှာ ၂၇၀ ပါ​လေးထောင့်ကွက်]

အမှားအမှန် အစမ်း​မေးခွန်းများ​အတွက် အဖြေ (စာမျက်နှာ ၂၆၃)

၁။ မှား​သည်။ အရက်​သည် အဓိက​အားဖြင့် နှိမ်​ဆေး​ဖြစ်သည်။ အရက်သောက်​ပြီး​နောက်​၌ စိတ်ကြွ​သလို​လို​ခံစား​ရခြင်း​မှာ အရက်​သည် စိတ်​ကို​နှိမ်၊ သောက​စိတ်​ကို​ဖိ​ထားသော​ကြောင့်​ဖြစ်၏။ မ​သောက်​ခင်​ထက် စိုးရိမ်​ကြောင့်​ကျ​မှု​ကင်း​ပြီး သက်သောင့်သက်သာ​ရှိစေသည်။

၂။ မှား​သည်။ အရက်​အသင့်အတင့် သို့​မဟုတ် အနည်းငယ်​သောက်​ရုံ​နှင့် ကိုယ်ခန္ဓာ​ကို မည်သို့​မျှ ကြီးကြီး​ကျယ်ကျယ်​ထိခိုက်​စေ​ပုံ​မရပါ။ သို့သော် ရေရှည်​သောက်ကြူး​လျှင် နှလုံး၊ ဦးနှောက်၊ အသည်း​နှင့် အခြား​အင်္ဂါများ​ကို ပျက်စီး​စေနိုင်​သည်။

၃။ မှား​သည်။ အရက်​သည် အများအားဖြင့် ဝိုင် သို့​မဟုတ် ဘီယာ​တို့​ထက် ပို​၍​လျင်မြန်​စွာ သွေးကြော​ထဲ​သို့ စိမ့်ဝင်​သည်။

၄။ မှား​သည်။ ကော်ဖီ​သည် လူကို​နိုးနိုးကြားကြား​ရှိ​စေနိုင်​ပြီး ရေ​အေး​ချိုး​လျှင် ကိုယ်​စို​မည်​ဖြစ်​သော်လည်း အရက်​သည် အသည်း​၏​လုပ်ဆောင်မှု​ဖြင့် တစ်​နာရီ​လျှင် အောင်​စဝက်​နှုန်း​ဖြင့် ဓာတ်​မ​ပြောင်း​မချင်း သွေးကြော​ထဲ​၌ အောင်း​လျက်​နေ​မည်​သာ။

၅။ မှား​သည်။ ခန္ဓာ​အလေး​အ​ပေါ့၊ အစာစား​ထား မစား​ထား စ​သည့်​အကြောင်း​များစွာ​ပေါ်​မူတည်၍ လူ​ပေါ်​အာနိသင်​သက်ရောက်​စေ​သည်။

၆။ မှား​သည်။ အရက်မူး​ခြင်း​သည် သောက်ကြူး​သည့်​ရလဒ်ကို​ရည်ညွှန်း​ပြီး အရက်စွဲ​ခြင်း​မှာ ချုပ်တည်း​မှု​ကင်းမဲ့​စွာ သောက်​တတ်သော လက္ခဏာ​ရှိသည်။ သို့ရာတွင် မူး​သူ​တိုင်း​စွဲ​သူ​မဟုတ်။ စွဲ​သူ​တိုင်း​လည်း မူး​သည်မဟုတ်။

၇။ မှန်သည်။ အချို့​မူးယစ်​ဆေးဝါး​များသည် အရက်​နှင့်​တွဲ၍​သုံးစွဲ​သောအခါ သူ့​ပင်​ကိုယ်​အာနိသင် သို့​မဟုတ် အရက်​တစ်​မယ်​တည်း​၏​အာနိသင်​ထက် အဆ​များစွာ ထက်မြက်​လာ​သည်။ ဥပမာ၊ စိတ်​ငြိမ်​ဆေး​တစ်မျိုး​မျိုး​နှင့် အရက်ကို​တွဲဖက်​၍​သုံးစွဲ​သောအခါ ဆေးပြတ်​ခြင်း​ဝေဒနာ​လက္ခဏာများ၊ မေ့မြော​ခြင်း​မ​က သေခြင်း​ပင်​ဖြစ်စေ​နိုင်​သည်။ ထို့​ကြောင့် အရက်​တစ်ကြိမ်​နှင့်​ဆေး​လုံး​တစ်လုံး တွဲ​သောက်​ပါ​က ထင်​သည်ထက် များစွာ​သာ၍ ဆေး​တန်ခိုး​ထက်မြက်​လှ​သည်။ ဆေး​တန်ခိုး​သည် သုံး​ဆ၊ လေးဆ၊ ဆယ်​ဆ​မ​က ဖြစ်လာ​နိုင်​သည်!

၈။ မှား​သည်။ ဂျင်​ဖြစ်စေ၊ ဝီ​စ​ကီ​ဖြစ်စေ၊ ဗော့​ကာ သို့​မဟုတ် အခြား​အရက်​မျိုး​ပဲ​ဖြစ်စေ၊ သောက်​သည့်​ပမာဏ​ပေါ်​မူတည်၍ မူး​သည်။

၉။ မှား​သည်။ အရက်​သည် အခြား​အစာ​အများ​ကဲ့သို့ ဖြည်းဖြည်းချင်း ချေဖျက်​ရန်​မလို။ ၂၀ ရာခိုင်နှုန်း​သည် အစာအိမ်​နံရံ​ကို​ဖောက်​၍ သွေးကြော​တွင်း​သို့ ချက်ချင်း​ပင် ဝင်ရောက်​သွား​နိုင်​သည်။ ကျန်​အရက်​သည် အစာအိမ်​မှ အူ​သိ​မ်​တွင်း​သို့၊ ထို​မှ​တစ်ဆင့် သွေးကြော​ထဲ​သို့​စိမ့်ဝင်​သွား​သည်။

[စာမျက်နှာ ၂၆၆၊ ၂၆၇ ပါ​လေးထောင့်ကွက်​နှင့် ရုပ်ပုံ]

ကားမောင်း​ခြင်း​နှင့် အရက်သောက်​ခြင်း—သေစေနိုင်​သော အ​ရော​အ​စပ်

“မူး​၍​မောင်း​ခြင်း​သည် ၁၆-၂၄ နှစ်အရွယ် လူငယ်များ သေရ​ခြင်း​၏ အဓိက​အကြောင်းရင်း​ဖြစ်သည်” ဟု ၁၉၈၄ ခုနှစ် မူး​လျက်​ယာဉ်မောင်း​ခြင်း​ဆိုင်ရာ အမျိုးသား ညီလာခံ အစီရင်ခံ​ချက် က​ရေးသား​လိုက်​သည်။ အမှန်​ပါ။ “မြီး​ကောင်​ပေါက်​တစ်ဦး​အနေ​နှင့် အရက်မူး​၍ ကား​တိုက်မှု​ဖြစ်ပွား​သည့်​အကြိမ်​သည် အခြား​ယာဉ်မောင်း​များ​ထက် လေးဆ ပို​၍​အဖြစ်​များသည်။” (လမ်း​အတွက် တစ်ခွက်။) မဖြစ်​သင့်​ဘဲ​ဖြစ်​ရသည့် ထို​အစုလိုက်​အပြုံလိုက်​သေ​ကြေ​မှု​ကြီး ဖြစ်​ရခြင်း​အကြောင်းရင်း​တစ်ခု​မှာ အရက်​တန်ခိုး​နှင့်​ပတ်သက်သော ဒဏ္ဍာရီ​အစွဲ​ကြောင့်​တည်း။ အောက်ပါ​တို့​မှာ စံနမူနာ​တချို့ဖြစ်သည်–

ဒဏ္ဍာရီဘီယာ​သာ​သောက်​ထား​လျှင် ဘေးကင်း​စွာ​မောင်း​နိုင်​ပါ​သည်။

အဖြစ်မှန်“၁၂ အောင်​စ [၃၅၅ စီ​စီ] ဝင်​ဘီယာ​နှစ်​ဘူး​ကို တစ်​နာရီ​မပြည့်မီ​အချိန်အတွင်း သောက်​ထားပြီး​မောင်း​လျှင် ယာဉ်မောင်း​၏​တုံ့ပြန်​သတ္တိ​သည် တစ်စက္ကန့်​၏ ၂/၅ လျော့နည်း​သွား​မည်​ဖြစ်၍ တစ်​နာရီ ၅၅ မိုင် [၉၉ ကီလိုမီတာ] နှုန်း​နှင့်​မောင်း​သော​ယာဉ်​သည် နောက်ထပ် ၃၄ ပေ [၁၀ မီတာ] ပို​များ​လာ​မည်။ ၎င်း​အကွာအဝေး​မှာ သီ​သီ​ကလေး​နှင့်​ကား​တိုက်မှု​စပ်ကြား အကွာအဝေး​ဖြစ်​နိုင်​သည်။”—ဂျိမ်း​အယ်​လ်​မာ​လ်​ဖက်​တီ၊ အီး​ဒီ၊ ဒီ​နှင့် ဒါ​လင်း​ဂျေ​ဝင်​တာ ပီ​အိတ်ခ်ျ၊ ဒီ ရေး​သော လူကြီး​အတွက် ယာဉ်မောင်း​လုံခြုံမှု​နှင့် အရက်​စီမံကိန်း။

ဒဏ္ဍာရီမ​မူး​ဘူး​ထင်​လျှင် မောင်း​နိုင်​ပါ​သည်။

အဖြစ်မှန်ကိုယ့်​ခံစားချက်​ပေါ်​မူတည်၍​ဆုံးဖြတ်ခြင်း​သည် အန္တရာယ်​ရှိ၏။ အရက်​ကြောင့် ကိုယ့်​အစွမ်းအစ လျော့နည်း​သွား​မှန်း​မသိဘဲ၊ ကိုယ့်​ကိုယ်ကို ပိုင်ပိုင်နိုင်နိုင်​ရှိသည်​ဟု ထင်ယောင်ထင်မှား​တတ်​သည်။

မည်သူ​မဆို၊ မူး​ပြီး​မောင်း​လျှင် အန္တရာယ်​ရှိသည်​ဖြစ်​ရာ လူငယ်များ​အဖို့ အထူး​ဆို​စ​ရာ​မလို​တော့။ သောက်​၍​မောင်း​သော​လူငယ်များ​၏​ယာဉ်မောင်း​အစွမ်းအစ​သည် “လူကြီး​များ​ထက် ပို​၍​မြန်​သော​အရှိန်​ဖြင့်​ကျဆင်း​၏။ လူငယ်များသည် မ​ကျွမ်း​မ​ကျင်၊ စိမ်း​ဆ​တ်​ဆ​တ်​နိုင်သော​ကြောင့် ဖြစ်သည်။ တို​တို​ပြော​ရ​လျှင် လူငယ်​အများစုမှာ အ​မောင်း​နှင့်​အသောက် နှစ်​ဘက်​စ​လုံး​၌ အတွေ့အကြုံ နုသေး​သည်​ဖြစ်​ရာ အသောက်​နှင့်​အ​မောင်း​ကို​ရောယှက်​လိုက်​သောအခါ ဆို​စ​ရာ​မရှိတော့။”—ဂျိမ်း​အယ်​လ်​မာ​လ်​ဖက်​တီ၊ အီး​ဒီ၊ ဒီ​နှင့် ဒါ​လင်း​ဂျေ​ဝင်​တာ ပီ​အိတ်ခ်ျ၊ ဒီ ရေး​သော လူကြီးယာဉ်မောင်း​လုံခြုံမှု​နှင့် အရက်​စီမံကိန်း ခေါင်းဆောင်​၏​လမ်းညွှန်။

၎င်း​ပြင်၊ လူငယ်​သည် လူကြီး​လောက် သောက်စရာ​မလို​ဘဲ​နှင့်​မူး​နိုင်​သည်။ လူငယ်​၏​ကိုယ်​အလေးချိန်​သည် များသောအားဖြင့် လူကြီး​ထက်​ပေါ့​သဖြင့် သောက်​လိုက်​သော​အရက်ကို ပျော့​စေဖို့​လိုအပ်သော ကိုယ်​တွင်း​အရည်​ဓာတ်​သည် လူကြီး​ထက်နည်း​၏။ ကိုယ်​တွင်း​၌ အရက်​ပြင်း​လေ​လေ မူး​လေ​လေ​ဖြစ်သည်။

“သတိပညာ​ရှိသောသူ​သည် ဘေး​ကို​မြော်မြင်​၍ ပုန်း​နေတတ်​၏။ မ​လိမ္မာ​သော​သူတို့မူကား၊ သွား​မြဲ​သွား​၍​ဒဏ်​ခံ​၏။” (သု. ၂၂:၃၊ သမ္မ) အ​မူး​နှင့်​အ​မောင်း​ကို​တွဲ​လိုက်​လျှင် ဘေး​ဖြစ်​နိုင်​သဖြင့် ငါ​ဘယ်တော့မှ မ​တွဲ​ဘူးဆို​ပြီး ကိုယ့်​ကိုယ်ကို​ကတိပြု​လျှင် “ပညာသတိ​ရှိသောသူ” ဖြစ်၏။ သို့ပြု​လျှင် ကျိုးကန်း​စေနိုင်​သော​အနာတရ​ဖြစ်မှု​နှင့် သေကျေ​မှု​ကို ရှောင်ရှား​နိုင်​ရုံ​မ​က အခြားသူများ​၏​အသက်ကို​လည်း လေးစား​ရာ​ရောက်​ပေမည်။

ထို​မျှ​မ​က၊ အောက်ပါ​အတိုင်း​သန္နိ​ဋ္ဌာန်​ချ​သင့်​သည်။ (၁) သောက်​ထားသော ယာဉ်မောင်း​နှင့် ဘယ်တော့​မျှ​လိုက်ပါ​စီးနင်း​ခြင်း​မပြု​ရန်။ (၂) သောက်​ထားသော သူငယ်ချင်း​အား ဘယ်တော့​မျှ မောင်း​ခွင့်​မပြု​ရန်။ သူငယ်ချင်း စိတ်ဆိုး​ချင်စိတ်​ဆိုး​ပါစေ။ သူ​သတိ​တရား​ရလာ​သောအခါ သင့်ကို​ကျေးဇူး​တင်​လိမ့်​မည်။—ဆာလံ ၁၄၁:၅ နှိုင်းယှဉ်။

[ရုပ်ပုံ]

သောက်​ထားသော​ယာဉ်မောင်း​နှင့် ဘယ်တော့မှ မလိုက်​နှင့်။ သောက်​ထားသော​သူငယ်ချင်း​အား ဘယ်တော့​မျှ​မောင်း​ခွင့်​မပြု​နှင့်

[စာမျက်နှာ ၂၆၂ ပါ​ရုပ်ပုံ]

ရွယ်တူ​များ၊ တီဗွီ​အပြင် တစ်ခါတစ်ရံ မိဘများ​ပင် လူငယ်များ​အရက်သောက်​ရန် အစပျိုး​ပေး​နိုင်​သည်

[စာမျက်နှာ ၂၆၂ ပါ​ရုပ်ပုံ]

အရက်ကို အလွဲသုံး​လျှင် ‘မြွေ​ကဲ့သို့​ကိုက်​တတ်​သည်’

[စာမျက်နှာ ၂၆၂ ပါ​ရုပ်ပုံ]

မူး​၍ မောင်း​ခြင်း​၏ အကျိုးဆက်