မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တစ်ကိုယ်တည်းရာဂစိတ်ဖြေခြင်း—အလိုဆန္ဒကိုဘယ်လိုတိုက်လှန်နိုင်မလဲ

တစ်ကိုယ်တည်းရာဂစိတ်ဖြေခြင်း—အလိုဆန္ဒကိုဘယ်လိုတိုက်လှန်နိုင်မလဲ

အခန်း ၂၆

တစ်ကိုယ်တည်း​ရာဂစိတ်​ဖြေခြင်း—အလိုဆန္ဒကို​ဘယ်လို​တိုက်လှန်​နိုင်​မလဲ

“အင်မတန်​ပြင်းထန်​တဲ့ စွဲလမ်းမှု​တစ်မျိုး​ပဲ။ မူးယစ်​ဆေးဝါး​စွဲ​သလို၊ အရက်စွဲ​သလို​စွဲ​တာ​မျိုး။” ၁၅ နှစ်​တိုင်တိုင် ဟ​တ္ထ​မေထုန် (တစ်ကိုယ်တည်း​ရာဂစိတ်​ဖြေခြင်း) ကို​တိုက်ဖျက်​လာ​ခဲ့​သော ယောက်ျား​ပျို​တစ်ဦး​က ထိုသို့​ဆို​၏။

တမန်တော်​ပေါလု​မူ မိမိ၏​အာသာဆန္ဒ မိမိ​အပေါ်​ကြမ်းကြုတ်​သော​သခင် ဖြစ်ဖို့​အခွင့်မပေး​ချေ။ သို့​အစား၊ “ငါ​၏​ကိုယ်ကို ငါ​ထိုး​၍​နှိပ်စက်​လေ့​ရှိ၏” ဟု​ဆို​၏။ (၁ ကောရိန္သု ၉:၂၇သမ္မ) သူ့​ကိုယ်ကို​သူ အကြမ်း​ကိုင်​၏! မည်သူ​မဆို အလားတူ​လုံ့လ​စိုက်ထုတ်​ပါ​က ဟ​တ္ထ​မေထုန်​မှီဝဲ​သော​အကျင့်ကို ချိုးဖျက်​နိုင်​ပေ​သည်။

“ပြုမူ​လုပ်ကိုင်​ရန် သင့်​စိတ်​ကို​အသင့်ပြင်”

တင်း​နေသော​စိတ်​နှင့်​ပူပန်မှု​ကို ဖြေဖျောက်​သည့်​အနေ​ဖြင့် ဟ​တ္ထ​မေထုန်​ကို​ပြုကျင့်​သော​သူများ မနည်း​ပါ။ သို့ရာတွင် ဟ​တ္ထ​မေထုန်​သည်​ပြဿနာ​ကို ကလေး​ဆန်​ဆန်​ဖြေရှင်းခြင်း​သာ​ဖြစ်သည်။ (၁ ကောရိန္သု ၁၃:၁၁ နှိုင်းယှဉ်။) “စဉ်းစား​ဉာဏ်​သတ္တိ” ကို​ပြပြီး ပြဿနာ​ကိုယ်နှိုက်​ကို​တိုက်ဖျက်​ခြင်း​က သာ၍​ကောင်း​သည်။ (သု. ၁:၄က​ဘ) ပြဿနာ​နှင့် စိတ်ပျက်​စ​ရာ​များ​ကြောင့် မခံမရပ်​နိုင်အောင်​ဖြစ်လာ​သောအခါ၊ “စိုးရိမ်ခြင်း​အမှု​ရှိသမျှ​တို့ကို ကိုယ်တော်၌​အပ်နှံ​ကြလော့။”—၁ ပေတရု ၅:၆၊ ၇

တစ်စုံတစ်ရာ​ကို​ကြား​ရ​မြင်ရ​၍ လိင်စိတ်​ထကြွ​လာ​လျှင်​မည်သို့​နည်း။ သမ္မာကျမ်းစာ​က “ပြုမူ​လုပ်ကိုင်​ရန် သင့်​စိတ်​ကို​အသင့်ပြင်ပါ။ ကိုယ်ကို​ချုပ်တည်း​ပါ” ဟု​တိုက်တွန်း​သည်။ (၁ ပေတရု ၁:၁၃အပြည်ပြည်ဆိုင်ရာ​ဘာသာပြန်​ကျမ်း​သစ်) စိတ်အား​ကို​တင်း​ပြီး သီလ​ပျက်​အတွေး​ကို​ပယ်​ထုတ်ပါ။ ထကြွ​လာသော​စိတ်​သည် မကြာမီ ငြိမ်း​သွားပါ​လိမ့်​မည်။

သို့သော် ည​အချိန်​တစ်ယောက်တည်း​နေသော​အခါ မကောင်းသော​အတွေး​ကို​ပယ်​ထုတ်​ရန် အထူးသဖြင့်​ခဲယဉ်း​၏။ မိန်းမငယ်​တစ်ဦး​က ဤသို့​အကြံပြု​၏– “ချက်ချင်း​အိပ်ရာထ​ပြီး​အလုပ်​တစ်ခုခု​ကို လုပ်တာဟာ​အကောင်းဆုံး​ပဲ။ ဒါမှ​မဟုတ်၊ တစ်ခုခု​စား​ပါ။ ဒါမှ​စိတ်အာရုံ​ပြောင်း​သွားပါ​လိမ့်မယ်။” မှန်​ပေ​သည်။ ‘အရေးပါသော၊ ဖြောင့်မတ်​သော၊ စင်ကြယ်သော၊ အသရေရှိသော​အရာများ​ကို​တွေးတော​ရန်’ ကိုယ်ကို​အ​ကြပ်​ကိုင်​ပါ။—ဖိလိပ္ပိ ၄:၈

အိပ်မပျော်​လျှင် သစ္စာရှိ​ဒါဝိဒ်​ကို​အတုယူပါ။ ဒါဝိဒ်​ဤသို့​ဆို​၏– “[အကျွန်ုပ်သည်] အိပ်ရာပေါ်​မှာ ကိုယ်တော်​ကို​အောက်မေ့​၍ ည​ဉ့်ယံ​တို့၌ ကိုယ်တော်​ကို​ဆင်ခြင်​လျက်​နေ [ပါ​သည်။]” (ဆာလံ ၆၃:၆) မိမိ​စိတ်​ကို အတင်း​အ​ကြပ်​ပြုပြီး ဘုရားသခင်​နှင့်​ဘုရားသခင့်​ဂုဏ်ရည်တော်​များ​ကို​တွေးတော​လျှင် ၎င်း​ညှို့​ဓာတ်​မှ အလွတ်​ရု​န်း​နိုင်​ပါ​လိမ့်​မည်။ အ​နှီ​ညစ်ညမ်း​သော​အကျင့်ကို ဘုရားသခင်​မည်သို့​ရှုမှတ်​ကြောင်း စဉ်းစား​ဆင်ခြင်​လျှင်​လည်း အထောက်အကူ​ဖြစ်​နိုင်​သည်။—ဆာလံ ၉၇:၁၀

ကြိုတင်​ကာကွယ်​ပါ

မှုတ်သွင်းခံ ပညာရှိ​က “ပညာသတိ​ရှိ [ပါးနပ်၊ က​ဘ] သော​သူသည် ဘေး​ကို​မြော်မြင်​၍​ပုန်း​နေတတ်​၏။ မ​လိမ္မာ​သော​သူ​မူ​ကား၊ သွား​မြဲ​သွား​၍​ဒဏ်​ခံရ​၏” ဟု​ရေးသားခဲ့​သည်။ (သု. ၂၂:၃သမ္မ) အမြော်အမြင်​သုံး​ခြင်း​အားဖြင့် မိမိသည်​ပါးနပ်​သူ​ဖြစ်​ကြောင်း​ပြသ​နိုင်​ပါ​သည်။ ဥပမာ၊ တစ်စုံတစ်ခု​သော​အလုပ်​မျိုးကို​လုပ်ခြင်း၊ အသားကပ်​အဝတ်​မျိုး​ဝတ်​ခြင်း၊ တစ်မျိုး​တစ်​ဖုံ​သော​အစာကို​စားခြင်း​ကြောင့် လိင်စိတ်​ကြွ​တတ်​သည်ကို​တွေ့ရ​လျှင်၊ ယင်း​တို့ကို​အပြီး​အပြတ်​ရှောင်ကြဉ်ပါ။ ပ​မာ​အားဖြင့်၊ အရက်​သည်​စောင့်စည်း​မှု​ကို လျော့​စေပြီး​ချုပ်တည်း​မှု​ကို​ခက်ခဲ​စေ​သည်။ တ​ဏှာ​ရာ​ဂ​ဆန်​သော​စာစောင်၊ တီဗွီ​နှင့်​ရုပ်ရှင်​ဇာတ်လမ်း​များ​ကိုလည်း ကူးစက်​ရောဂါ​အလား ဝေးဝေး​ရှောင်ပါ။ ဆာလံဆရာ​က “အ​န​တ္တ​ကို​ပမာဏ မပြု​စေခြင်း​ငှာ အကျွန်ုပ်​မျက်စိ​ကို​အခြား​သို့​လွှဲ​တော်​မူ​ပါ” ဟု​ဆုတောင်း​ပေ​သည်။—ဆာလံ ၁၁၉: ၃၇

လွယ်လွယ်​နှင့်​လဲ​နိုင်​သည့်​အချိန်​အခါ​များ​အတွက်​လည်း အကာအကွယ်​ယူ​ထား​နိုင်​သည်။ မိန်းမငယ်​တစ်ဦး​အနေ​နှင့် တစ်လ​အတွင်း တစ်စုံတစ်ခု​သော​အချိန်ပိုင်း​၌ လိင်စိတ်​ပို​၍​ပြင်းပြ​သည်ကို​တွေ့ရ​တတ်​သည်။ သို့​မဟုတ်၊ မိမိသည်​စိတ်ထိခိုက်၊ စိတ်​ဆင်းရဲ​လျက်​နေချင်​နေ​မည်။ နယပုံပြင် ၂၄:၁၀ က “သင်သည်​အမှုရောက်​သော​ကာလ​၌ စိတ်ပျက်​လျှင် အားနည်း [လိမ့်​မည်]” ဟူ၍​သတိပေး​၏။ ထို့​ကြောင့်​အချိန်​ကြာမြင့်စွာ တစ်ယောက်တည်း​မနေ​နှင့်။ စိန်ခေါ်မှု​နှင့်​ပြည့်​သော အလုပ်​မျိုးကို​လုပ်ရန်​အစီအစဉ်​ဆွဲ​ပါ။ သီလ​ပျက်​အတွေးအခေါ်​နောက်သို့ တကောက်ကောက်​လိုက်ပါ​ဖို့ အခွင့်မပေး​နှင့်။

ဝိညာဏ ထိုးစစ်

၂၇ နှစ်အရွယ်​ယောက်ျား​တစ်ဦး​သည် ၁၁ နှစ်အရွယ်​ကတည်းက အ​နှီ​အကျင့်ဆိုး​ကို​တိုက်ခိုက်​လာ​ခဲ့​ရာ နောက်ဆုံး​၌​အောင်ပွဲခံ​လေ​သည်။ သူ​ဤသို့​ရှင်းလင်း​တင်ပြ​သည်– “ထိုးစစ်​ဆင်​ရတဲ့​ကိစ္စ​ဖြစ်ပါ​တယ်။ ကျွန်တော် ခြွင်းချက်​မရှိ နေ့တိုင်း ကျမ်းစာ​အနည်းဆုံး​နှစ်ခန်း​ဖတ်​တယ်။” သူ​ထိုသို့​မပျက်​မ​ကွက်​ပြု​လာ​ခဲ့​သည်​မှာ သုံးနှစ်​မ​က ရှိ​လေ​ပြီ။ အခြား​ခရစ်ယာန်​တစ်ဦး​က ဤသို့​အကြံပြု​သည်– “အိပ်ရာ​မဝင်​မီ ဝိညာဉ်​ရေး​နဲ့​ပတ်သက်​တဲ့​စာပေ​တစ်ခုခု​ကို ဖတ်ပါ။ တစ်နေ့တာ​ရဲ့​တွေးတော​စဉ်းစား​မှု​ကို ဝိညာဏ​အကြောင်းအရာနဲ့​အဆုံးသတ်ဖို့​အင်မတန်​အရေးကြီးတယ်။ တစ်နေ့တာ​အဆုံး​မှာ ဆုတောင်းခြင်း​ဟာ​လဲ အလွန့်အလွန်​အထောက်အကူ​ဖြစ်တယ်။”

“သခင့်​အမှုတော်မြတ်​၌ ဆောင်ရွက်စရာ​များစွာ​ရှိ” ခြင်း​သည်လည်း​အကူအညီ​ဖြစ်​နိုင်​သည်။ ဥပမာ၊ အခြားသူများ​အား​သမ္မာကျမ်းစာ​သွန်သင်ခြင်း​ဖြစ်သည်။ (၁ ကောရိန္သု ၁၅:၅၈က​ဘ) ဟ​တ္ထ​မေထုန်​မှီဝဲ​သည့်​အကျင့်ကို နှိမ်နင်း​ခဲ့​သော​အမျိုးသမီး​တစ်ဦး​က ဤသို့​ဆို​၏– “အခု​အဲဒီ​အကျင့်ကို​ဖျောက်ဖျက်​ဖို့ တကယ်​အထောက်အကူ​ပြု​ခဲ့​တာ​ဟာ ဘာလဲ​ဆိုတော့၊ ကျွန်မ​ဟာ အချိန်ပြည့် ဧဝံဂေလိ​ဟောပြောသူ​တစ်ဦး​အနေ​နဲ့ ကျွန်မ​ရဲ့​စိတ်​နဲ့​ခွန်အား​ရှိသမျှ​သုံးပြီး တခြား​လူတွေ ဘုရားသခင်​နဲ့​မိတ်သဟာယ​ဖွဲ့​နိုင်အောင် ဆောင်ရွက်​ပေး​နေခြင်း​ပဲ​ဖြစ်ပါ​တယ်။”

‘လွန်ကဲ​သောတန်​ခိုး​တော်’ အတွက်​လည်း ဘုရားသခင်​ထံ နှလုံး​ပါ​လျက် တောင်းခံ​နိုင်​သည်။ (၂ ကောရိန္သု ၄:၇သ​မ) “ရှေ့တော်၌ စိတ်​နှလုံးကို ဖွင့်ပြ​ကြလော့။” (ဆာလံ ၆၂:၈) မိန်းမငယ်​တစ်ဦး​က ဤသို့​ဆို​၏– “ဆုတောင်းခြင်း​ဟာ ချက်ချင်း​ရနိုင်တဲ့​အားကိုး​အားထား​ရာ​ဖြစ်တယ်။ ဆန္ဒ​နိုးကြား​လာတဲ့​အချိန်​မှာ ဆုတောင်းခြင်း​ဟာ တကယ်ပဲ​အထောက်အကူ​ဖြစ်​စေတယ်။” အိပ်ရာထချိန်​မှ​စ၍​တစ်နေ့လုံး ဘုရားသခင်​ရှေ့ သင့်​သန္နိဌာန်​ကို​ဖွင့်ဆို​ပြီး ကိုယ်တော့်​သန့်ရှင်းသော​ဝိညာဉ်​တော်​ခွန်အား​အတွက် အသနားခံ​ပါ။—လုကာ ၁၁:၁၃

အခြားသူများ​ထံ​မှ​အကူအညီ

သင်​ကိုယ်တိုင်​ကြိုး​စား၍​မအောင်​မြင်လျှင် မိဘ သို့​မဟုတ် ခရစ်ယာန်​အကြီးအကဲ​တစ်ဦး​စ​သော ထောက်မ​နိုင်​သူ​တစ်ဦးဦး​ထံ​တင်ပြ​ပါ။ မိန်းကလေး​များ​ဖြစ်​လျှင် ဝါရင့်​သော​ခရစ်ယာန်​အမျိုးသမီး​ထံ ရင်ဖွင့်​နိုင်၏။ (တိတု ၂:၃-၅) စိတ်​အပျက်​ကြီး​ပျက်​ခဲ့​သော ယောက်ျား​ပျို​တစ်ဦး​က အောက်ပါ​အတိုင်း​ထုတ်ဖော်​ပြောဆို​ခဲ့​သည်– “တစ်​ညနေခင်း​မှာ ကျွန်တော့် ဖေဖေ​ကို​ကျွန်တော် ဒီ​အကြောင်း​ပြောပြ​လိုက်တယ်။ ကျွန်တော့်​မှာ​ရှိသမျှ​သတ္တိ​ကို ထုတ်​မှ​ပဲ​ပြော​ဖြစ်​တော့​တယ်။ ကျွန်တော်​မျက်ရည်​စက်​လက်နဲ့ ဖေ​ဖေ့​ကို​ပြောပြ​ပါ​တယ်။ ကျွန်တော်​အင်မတန်​ရှက်မိ​တယ်။ ဒါပေမဲ့ သူ​ပြော​ခဲ့​တဲ့​စကား​ကို ကျွန်တော်​တစ်သက်​မမေ့​နိုင်ဘူး။ နှစ်သိမ့်​တဲ့​အပြုံး​နဲ့​သူ​ကျွန်တော့်​ကို​ပြော​တယ်– ‘သား​အပေါ် ဖေဖေ​ဂုဏ်ယူ​မဆုံး​ဖြစ်​မိတယ်​ကွာ’ တဲ့။ သူ့ကို​ဖွင့်​မပြော​ခင် ဘယ်လောက်​ကြီးမား​တဲ့​အခက်အခဲတွေကို ကျွန်တော်​ဖြတ်ကျော်​ခဲ့​ရတယ်ဆိုတာ​ကို​သူ​နားလည်ခဲ့​တယ်။ သူ့​စကား​ကြောင့် ကျွန်တော်​အကြီးအကျယ်​စိတ်ဓာတ်​မြင့်တက်​ပြီး သန္နိဌာန်​ခိုင်မြဲ​လာခဲ့တယ်။”

၎င်း​လူငယ် အောက်ပါ​အတိုင်း​ဆက်လက်​ပြောကြား​၏– “ဒိ​နောက်၊ ဖေဖေ​က ကျွန်တော့်​အဖြစ်​ဟာ ‘ကယ်​လို့​ရ​သေး​တယ်’ ဆိုတာ​ကို​သဘောပေါက်​စေ​ချင်​လို့ ကျမ်းချက်​တချို့​ကို​ထောက်ပြပါ​တယ်။ ပြီး​တော့၊ ကျွန်တော်​လျှောက်​နေတဲ့​လမ်းမှား​ဟာ ဘယ်လောက်​စိုးရိမ်​စ​ရာ​ကောင်းတယ်​ဆိုတာ​ကို သေချာ​သဘောပေါက်​အောင် နောက်ထပ်​ကျမ်းချက်​တွေ​ကို​ဖွင့်ပြ​ပါ​တယ်။ အချိန်​အပိုင်းအခြား​တစ်ခု​မတိုင်ခင် ‘ကင်း​ကင်းစင်​စင်’ နေဖို့၊ ဒိ​နောက်၊ နောက်​တစ်ကြိမ်​ဆွေးနွေး​မယ် ဆိုပြီး​လဲ​ပြောပါ​တယ်။ ပြန်​ဖောက်​လာ​ရင် ဝမ်းနည်း​ပက်လက်​မဖြစ်​နဲ့​တဲ့။ ယခင်​ထက်ပိုပြီး​ကြာရှည်​အောင် စောင့်ထိန်း​ဖို့​သာ​ကြိုးစား​ပါ​တဲ့။” ၎င်း​လူငယ်​သည် အကျင့်ဆိုး​ကို​အပြီးသတ် နှိမ်နင်း​ခဲ့​သောအခါ ဤသို့​ထပ်မံ​ပြောဆို​၏– “ကျွန်တော့်​ရဲ့​ပြဿနာ​ကိုတစ်​ယောက်​သော​သူသိ​ရှိပြီး ကျွန်တော့်​ကို အကူအညီ​ပေး​ခဲ့​တာ​ဟာ အကျိုး​အကြီး​အ​မား​ဆုံး​ပဲ။”

ပြန်​ဖောက်​လာ​လျှင်

လူငယ်​တစ်ဦး ၎င်း​အကျင့်ကို​ကြိုး​စား၍​ဖျောက်ဖျက်​ပြီး​သည့်​နောက်​၌ ပြန်​လုပ်မိ​၏။ သူ​ဤသို့​ဝန်ခံ​သည်– “အလေး​တုံး​တစ်တုံး ကိုယ်​ပေါ်မှာ​ကျ​လာ​သလို​ခံစား​လိုက်ရတယ်။ ကိုယ့်​ကိုယ်ကို တယ်​အသုံးမကျတဲ့​အကောင်​လို့လဲ​ယူမှတ်​မိတယ်။ ပြီး​တော့၊ ငါဟာ လွန်​နေပြီ။ ယေဟောဝါ​ရဲ့​မျက်နှာသာတော်​မရှိတော့ဘူး။ ဒီတော့၊ ကိုယ့်​ကိုယ်ကို အကြမ်း​ကိုင်​နေလို့ ဘာ​ထူး​သေး​လဲ​ဆိုပြီး​တွေးခေါ်​လာတော့​တယ်။” သို့သော်၊ တစ်ခါ​ဖောက်ပြန်​ရုံ​နှင့် တိုက်ပွဲ​ရှုံး​ပြီ​ဟု​မဆို​နိုင်။ ၁၉ နှစ်အရွယ်​မိန်းကလေး​တစ်ယောက်က ဤသို့ပြန်၍​ဆို​၏– “အစပိုင်း​မှာ​ည​တိုင်း​ပဲ။ ဒါပေမဲ့၊ ကျွန်မ ယေဟောဝါ​ပေါ်​ပို​ပြီး​အားထား​လာတယ်။ ယေဟောဝါ​ရဲ့​ဝိညာဉ်​တော်​မစမှု​ကြောင့် ခု​ဆို​တစ်နှစ်​အတွင်း ခြောက်​ကြိမ်​လောက်​ပဲ​အရေးနိမ့်​တော့​တယ်။ လုပ်မိတဲ့​နောက် ကျွန်မ​သိပ်​ဝမ်းနည်း​မိတယ်။ ဒါပေမဲ့၊ ကျွန်မ​အရေးနိမ့်​ခဲ့​တိုင်း၊ သွေးဆောင်မှု​နောက်​တစ်ကြိမ်​ပြန်​ပေါ်လာတဲ့​အခါ ကျွန်မ​ဟာ​ပို​ပြီး​အားသန်​လာ​ပါ​တယ်။” ထို့​ကြောင့် သူ​မ​သည် တ​စ​စ​ဖြင့် အောင်ပွဲခံ​လျက်​ရှိ​ပေ​သည်။

အကျင့်ဆိုး​ပြန်ထ​တိုင်း အကြောင်းရင်းကို​ရှာပါ။ သက်​ငယ်​တစ်ဦး​က ဤသို့​ဆို​၏– “ကျွန်တော်​ဖတ်​ခဲ့​တာ၊ စဉ်းစား​ခဲ့​တာ​တွေ​ဟာ​ဘာလဲ​ဆိုပြီး ပြန်လည်​သုံးသပ်ပါ​တယ်။ အမြဲလိုလိုတရားခံ​ကို​ရှာတွေ့နိုင်​ပါ​တယ်။ ဒီ​နည်း​အားဖြင့် ရှောင်ရှား​ပြီး​ပြုပြင်​နိုင်​ခဲ့တယ်။”

တိုက်ပွဲ​ကောင်း​၏ ဆုလာဘ်များ

ဟ​တ္ထ​မေထုန်​မှီဝဲ​သည့်​အကျင့်ကို ချိုးနှိမ်​ခဲ့​သူ​လူငယ်​တစ်ဦး​က ဤသို့​ဆို​၏– “အဲဒီ​ပြဿနာ​ကို ကျော်လွှား​ခဲ့​တဲ့​နောက်၊ ကျွန်တော်​ဟာ​ယေဟောဝါ​ရှေ့​စင်ကြယ်​တဲ့ ဩတ္တပ္ပ​စိတ်ထား​နိုင်​ခဲ့ပြီ။ ဒါကို​တခြား​ဘာနဲ့မှ ကျွန်တော်​မ​လဲလှယ်​နိုင်ဘူး!”

မှန်​ပေ​သည်။ ကောင်းမွန်သော​သြတ္တပ္ပစိတ်၊ မိမိ၏​လူ့​တန်ဖိုး​တိုး​မြင့်​လာ​ခြင်း၊ ပို​၍​သန်မာ​သော​သီလ​ဗလ၊ ဘုရားသခင်​နှင့်​ပို​၍​ရင်းနှီး​လာ​ခြင်း​တို့သည် ဟ​တ္ထ​မေထုန်​မှီဝဲခြင်း​အကျင့်​ပေါ်​အောင်ပွဲ​ဆင်​ရာ​မှ​ရရှိသော ဆုလာဘ်များ​ဖြစ်​ပေ​သည်။ အဆုံး​၌​အောင်ပွဲခံ​ခဲ့​သော မိန်းမငယ်​တစ်ဦး​က​ဤသို့​ဆို​၏– “ကျွန်မ​ပြော​တာ​ကို​ယုံပါ။ ဒီ​အကျင့်​အပေါ်​အောင်ပွဲ​ဆင်​နိုင်​ဖို့ စိုက်ထုတ်​ခဲ့​ရတဲ့​လုံ့လ​ဟာ အကျိုးနပ်​လှပါတယ်။”

ဆွေးနွေး​ရန်​မေးခွန်းများ

◻တ​ဏှာ​အချစ်​အကြောင်း​တွေးတောခြင်း​သည် အဘယ်ကြောင့်​အန္တရာယ်​ရှိ​သနည်း။ လူငယ်​တစ်ဦး မိမိ၏​အတွေးအခေါ်ကို အခြား​အရာ​ပေါ်​အာရုံပြောင်း​သွား​အောင် မည်သို့ပြု​နိုင်​သနည်း။

◻ဟ​တ္ထ​မေထုန်​မှီဝဲ​စေ​လို​သော​သွေးဆောင်မှု နည်းပါး​သွား​အောင် လူငယ်​တစ်ဦး​အနေ​ဖြင့် အဘယ်​အကာအကွယ်​များ​ယူ​နိုင်​သနည်း။

◻ဝိညာဏ​ထိုးစစ်​သည်​အဘယ်ကြောင့်​အထောက်အကူ​ဖြစ်စေ​သနည်း။

◻ယင်း​အကျင့်ကို​တိုက်ဖျက်​ရာ​၌ ဆုတောင်းခြင်း​သည် မည်သည့်​ကဏ္ဍ​မှ​ပါဝင်​သနည်း။

◻ဤ​ကိစ္စ​တွင်​အခက်အခဲ​တွေ့လျှင် တစ်ဦးဦး​ထံ​ရင်ဖွင့်​ခြင်း​သည် အဘယ်ကြောင့်​အထောက်အကူ​ဖြစ်စေ​နိုင်​သနည်း။

[စာမျက်နှာ ၂၀၈၊ ၂၀၉ ပါ​လေးထောင့်ကွက်]

ညစ်ညမ်း​သော​စာပေ​ရုပ်ရှင်—အကျင့်​ဖြစ်စေ​သည့်​အန္တရာယ်​ကောင်!

“အ​ပြာ​စာပေ​ဟာ နေရာတကာ ပျံ့​လို့နှံ့​လို့​ပါ​ပဲ– လမ်းဘေး​တစ်လျှောက် သတင်းစာ​ခုံ​ပေါ်မှာ ဗြောင်ဗြောင်တင်းတင်း တင်ထား​တာ​ကို​တွေ့​နိုင်တယ်၊” ၁၉ နှစ်အရွယ် ရော်နယ်​က ပြန်၍​ပြောပြ​၏။ “ကျွန်တော်​တို့​ကျောင်း​ဆရာ​တချို့ ကျောင်း​ကို​ယူ​လာတယ်။ နောက်​စာသင်​တန်း​ကို​စောင့်​ယင်း သူတို့​စားပွဲ​ပေါ်မှာ ဖတ်နေ​ပါ​တယ်။” မှန်​၏။ အရွယ်​အမျိုးမျိုး နောက်ခံ​အဖုံဖုံ ပညာ​အရည်အချင်း​အဆင့်ဆင့်​ရှိသော သူ​ငါ​အများ​တို့သည် ညစ်ညမ်း​သော​စာပေ​ကို အငမ်းမရ ဖတ်ရှု​ကြသည်။ မာ့ခ် အမည်​ရှိ​လူငယ်​တစ်ဦး​က ဤသို့​ဆို​၏– “မလုံ့တလုံ မိန်းမပျို​ပုံ​ပါ​တဲ့​မဂ္ဂဇင်း​တွေ​ဖတ်​တဲ့​အခါ စိတ်ကြွ​စ​ရာ​ကြီး! ... ဘယ်တော့​အသစ်​ထွက်​လာမလဲ​ဆိုပြီး​မျှော်နေ​ရတယ်။ ကြည့်​ပြီး​သား​အဟောင်း​တွေ​က ရိုး​သွား​လို့​ပဲ​ပေါ့။ အကျင့်ကို​ဖြစ်​နေပြီ။” သို့သော်​ကောင်းသော​အကျင့်​လော။

ညစ်ညမ်း​သော​စာပေ​၏​ပက်​စက်​သည့်​သတင်းမှာ ‘လိင်ဆိုတာ သာယာမှု​အတွက်သာ’ ဟူ၍​ဖြစ်သည်။ ၎င်းတို့သည် များသောအားဖြင့် မုဒိမ်းမှု ရက်စက်​ခြင်း​ဖြင့်​ကာ​မရ​သ​ရယူ​ခံစား​သော​အဓမ္မ​မှု​တို့​နှင့် တင်း​ကျမ်း​ပြည့်နေ​သည်။ ကြာသော် ဖတ်ရှု​သူ​အများ​အနေ​နှင့် “အပျော့စား” (အလယ်အလတ်​တန်း​စား) သည် စိတ်ကြွ​စ​ရာ​မဟုတ်​တော့​သည်ကို​တွေ့ရ​သဖြင့် ထို့​ထက်​ညစ်ညမ်း​သော​ရုပ်ပုံ ရုပ်ရှင်​များ​ကို​ရှာ​ကြ​လေ​သည်! နယူးယောက် တက္ကသိုလ်​လက်ထောက် ပါမောက္ခ​တစ်ဦး​ဖြစ်သော အဲ​န်စ်ဗန်ဒဲန်ဟာ့ဂ်က​ဤသို့​ဆို​၏– “ညစ်ညမ်း​တဲ့​စာပေ​ရုပ်ရှင်​ဟာ တခြား​လူကို အသား​တစ်တုံး​လို​မြင်​စေပြီး ကိုယ့်​သာယာမှု​အတွက် အညွန့်​ခူး​စ​ရာ​အဖြစ်​သာ သဘောထား​စေပါ​တယ်။”

ညစ်ညမ်း​သော​စာပေ​ရုပ်ရှင်​သည် ဖောက်ပြန်သော​လိင်​အယူအဆ လိင်​ကိုးကွယ်​သော​အမြင်မျိုး​ကိုလည်း​တင်ပြ​၍ အိမ်ထောင်ရေး​ပြဿနာ​များ​ဖြစ်ပေါ်​စေ​လေ့​ရှိသည်။ ငယ်ရွယ်​သော​ဇနီးသည်​တစ်ဦး​က ဤသို့​ဆိုပါ​သည်– “ကျွန်မ​ဟာ ညစ်ညမ်း​တဲ့​စာပေ​ရုပ်ရှင်တွေကို​ကြည့်ရှု​တဲ့​အတွက် ကျွန်မ​အမျိုးသားနဲ့​ဆက်ဆံ​တဲ့​အခါမှာ စာအုပ်​ထဲ​ကလို သာမန်​ထက်​လွန်ကဲ​တဲ့​ဟာ​ကို လိုချင်​တဲ့​ဆန္ဒ​ပေါ်ပေါက်​လာခဲ့တယ်။ ဒီတော့ အမြဲတမ်း​ပဲ​စိတ်ပျက်​ရတယ်။ ဆန့်​တ​ငံ့ငံ့​ဖြစ်​ခဲ့​ရ​ပါ​တယ်။” ညစ်ညမ်း​သော​စာပေ​ရုပ်ရှင်​ကြည့်ရှု​သော မိမိတို့​ခင်ပွန်း​သည်​နှင့်​ဆက်ဆံ​ရေး​သည် ၎င်း​ကြောင့် မည်သို့​ဂယက်ရိုက်​ခြင်း​ခံရ​သည်​နှင့်​ပတ်သက်​၍ ၁၉၈၁ ခုနှစ်​တွင် ရာ​ပေါင်း​များစွာ​သော အမျိုးသမီးများ​ကို စုံစမ်း​မေးမြန်းခြင်း​ပြု​ခဲ့​ပါ​သည်။ ထက်ဝက်​နီးပါး​က ကြီးမားသော​ပြဿနာ ကြုံတွေ့​ရသည်​ဟု​တင်ပြ​ကြ​၏။ ၎င်း​ကြောင့် အချို့​သော​ထိမ်းမြား​မှု​နှင့်​စေ့စပ်​မှု​ကို​ပင် ဖျက်သိမ်း​ခဲ့​ကြ​ရသည်။ ဇနီးသည်​တစ်ဦး​က ဤသို့မြည်တမ်း​ရှာ​သည်– “ကျွန်မ​အမျိုးသားဟာ အ​ပြာ​ရုပ်ရှင်​စာပေ​တွေ​ကို​မှ​လိုအပ်​ပြီး ဒါတွေ​နဲ့​မှ​ဖျော်ဖြေမှု​ရနိုင်တယ်​ဆိုတော့ ကျွန်မ​ဟာ သူ့လို​အင်​ကို​မ​ဖြည့်စွက်​နိုင်ဘူး​လို့​ဘဲ​ဆို​ရပါလိမ့်မယ် ... ကျွန်မ​ဟာ သူ့​အလိုဆန္ဒကို​ပြည့်ဝ​စေနိုင်​တဲ့ အမျိုးသမီး​တစ်ဦး​ဖြစ်ဖို့​ဆုတောင်း​ပါ​တယ်။ ဒါပေမဲ့ သူဟာ​ပ​လ​ပ်​စ​တစ်​နဲ့​စာရွက်​ကိုပဲ​နှစ်ခြိုက်​တဲ့​အတွက် ကျွန်မ​လူတစ်ပိုင်း​ပျက်စီး​ခဲ့​ရပြီ​ပေါ့။ ...ညစ်ညမ်း​တဲ့ စာပေ​ရုပ်ရှင်​ဟာ ... မေတ္တာရဲ့​ရန်သူ ... ရွံမုန်း​စ​ရာ​ကောင်းပြီး ရက်စက်တဲ့​အပြင် အဖျက်​လက်နက်​တစ်လက်​ဖြစ်တယ်။”

သို့ရာတွင် ခရစ်ယာန်​လူငယ်များ​အဖို့ စိုးရိမ်​စ​ရာ​အကြီးဆုံး​မှာ ညစ်ညမ်း​သော​စာပေ​ရုပ်ရှင်​သည် ဘုရားသခင့်​ရှေ့ စင်ကြယ်​စွာ​နေထိုင်ရန်​ကြိုးစား​သော​လုံ့လ​ကို လား​လား​ကြီး​ဆန့်ကျင်​သည်​ဟူသော​အချက်​ဖြစ်၏။ (၂ ကောရိန္သု ၆:၁၇-၇:၁) သမ္မာကျမ်းစာ​က ရှေး​လူ​အချို့​တို့သည် “စိတ်နှလုံး​ခိုင်မာ​၍ အလျှင်း​မသိသော​ကြောင့်... ရှက်ကြောက်ခြင်း​မရှိ တပ်မက်​ခြင်း​အလွန်​ပြင်း​သည်​နှင့် ညစ်ညူး​သော​အကျင့်​အမျိုးမျိုးကို ကြိုး​စား၍​ကျင့်​လို​သော​ငှာ မိမိတို့ကို ကိ​လေ​သာ​လက်​သို့ အပ်​လိုက်​ကြ​၏” ဟု​တင်ပြ​ထား​သည်။ (ဧဖက် ၄:၁၈၊ ၁၉) သင်သည် ဤသို့​သော​ဖောက်ပြန်​ယိုယွင်းမှု​နှင့် ကြုံတွေ့​လို​သလော။ ရံဖန်ရံခါ ညစ်ညမ်း​သော​စာပေ​ရုပ်ရှင်​များ​ကို​ကြည့်ရှု​လျှင်​ပင် ဩတ္တပ္ပ​စိတ်​ကို ထုံထိုင်း​စေနိုင်​ကြောင်း​မှတ်မိ​ပါ​လေ။ ၎င်း​ကြောင့်​ခရစ်ယာန်​သက်​ငယ်​အချို့​သည် ဟ​တ္ထ​မေထုန်​ကို​မှီဝဲ​ကြ​၏။ ထို့​ထက်​ဆိုး​သည်​ကား လိင်​စာရိတ္တ​ပင်​ဖောက်ပြား​ခဲ့​ကြ​၏။ ထို့​ကြောင့် ပညာရှိ​လမ်းစဉ်​မှာ ညစ်ညမ်း​သော​စာပေ​ရုပ်ရှင်​ကို ကြိုး​စား၍​ဝေးဝေးရှောင်​ရန်ဖြစ်​၏။

သက်​ငယ်​ဒါ​ရီ​လ်​က ဤသို့​ပြောကြား​၏– “အ​ပြာ​စာပေ​တွေ​ကို တန်း​က​နဲ​မြင်ရတဲ့​အခါ​မျိုး​မ​နဲ​ပါ​ဘူး။ ဒါ​ကြောင့် မမြင်​ချင်​တာ​တောင်​မှ ဖျတ်​က​နဲ​မြင်​လိုက်ရတယ်။ ဒါပေမဲ့ ကျွန်တော် နောက်​တစ်ကြိမ်​ပြန်​ကြည့်​စ​ရာ​မလိုပါဘူး။” မှန်သည်။ ဗြောင်​ပြ​ထား​သည်ကို​တွေ့ရ​လျှင် တမင်​မျက်နှာလွှဲ​လိုက်ပါ။ အ​တန်းတူ​များ​က ကြည့်​ပါ​ရှု​ပါ​ဟု​စေ့ဆော်​တိုက်တွန်း​လျှင် ငြင်းဆန်​ပါ။ ၁၈ နှစ်အရွယ် ကယ်​ရင် ဤသို့​ဆင်ခြင်​သကဲ့သို့ပင်– “မစုံလင်​တဲ့​လူတစ်ယောက်​အနေ​နဲ့ စင်ကြယ်​တဲ့​အရာ ချီးမွမ်းစရာ​ကောင်း​တဲ့​အရာ​တွေ​ပေါ်မှာ အာရုံ​စူးစိုက်​ဖို့​တောင် မ​နဲ​ကြိုးစား​နေ​ရတယ်။ ဒီ​ကြားထဲ ညစ်ညမ်း​တဲ့​စာပေ​တွေ​ကို တမင်​ယူ​ဖတ်​မယ်​ဆိုရင်​ပို​လို့​တောင်​မ​ခက်​ပေ​ဘူးလား။”

[စာမျက်နှာ ၂၀၆ ပါ​ရုပ်ပုံ]

“ဆုတောင်းခြင်း​ဟာ ချက်ချင်း​ရနိုင်တဲ့​အားကိုး​အားထား​ရာ​ဖြစ်တယ်။ ဆန္ဒ​နိုးကြား​လာတဲ့​အချိန်​မှာ ဆုတောင်းခြင်း​ဟာ တကယ်ပဲ​အထောက်အကူ​ဖြစ်​စေတယ်”