မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရိုးသားမှု—တကယ့်အကောင်းဆုံးကျင့်စဉ် ဟုတ်ရဲ့လား

ရိုးသားမှု—တကယ့်အကောင်းဆုံးကျင့်စဉ် ဟုတ်ရဲ့လား

အခန်း ၂၇

ရိုးသားမှု—တကယ့်​အကောင်းဆုံး​ကျင့်​စဉ် ဟုတ်ရဲ့လား

သင်သည် လိမ်ညာ​လို​သော​စိတ် ဖြစ်ပေါ်​ခဲ့​ဘူး​သလော။ ဒေါ်နယ်က မိခင်​အား မိမိသည် အခန်း​ကို​သန့်ရှင်း​ပြီး​ပါ​ပြီ​ဟု​ဆို​၏။ စင်စစ်​မှာ​မူ ပစ္စည်းပစ္စယ ရှိသမျှကို ခုတင်​အောက်​၌​ပစ်​ပုံ​ထား​ရုံ​သာ​ဖြစ်၏။ ရစ်ချက်​လည်း​အလားတူ​စွာ မိဘများ​ပေါ် တုံး​တိ​တိ​ကလိမ်ကျ​ခဲ့​သည်။ မိမိ​စာ​မအောင်​ရခြင်း​မှာ မိမိ​စာ​မ​ကျက်​၍​မဟုတ်၊ ‘ဆရာ​နှင့်​မသင့်​မြတ်သော​ကြောင့်’ ဟု​ဖြီးဖြန်း​၏။

မိဘ​လူကြီး​များသည် ထိုသို့​သိသာ​လှ​သော​မာယာ​များ​ကို ထိုးဖောက်​၍​မြင်နိုင်​စ​မြဲ။ သို့ဖြစ်​လျက်​ကယ်၊ လူငယ်​အမြောက်အမြား​တို့သည် လိမ်ပြော​ဖို့၊ အမှန်တရားကို​ဝှက်​၍​ပြော​ဖို့​မ​က၊ ဗြောင်​လိမ်​ရန်​ပင် ယု​တ်စွ​အဆုံး အားထုတ်​ကြိုးပမ်း​လိုက်​သေး​သည်။ တစ်ခု​အနေ​နှင့်၊ မိဘများသည် ပြဿနာ​များ​ကို အမြဲတမ်း ခေါင်း​အေးအေး​နှင့်​ဖြေရှင်း​သည်​ချည်း​မဟုတ်။ သို့ဖြစ်၍ သင်သည် နှစ်နာရီ​နောက်ကျ​ပြီး​အိမ်ပြန်လာ​ပါ​က အချိန်ကို​မေ့သွား​လို့​ပါ​ဟူ၍​အမှန်အတိုင်း ဖွင့်ပြော​ပြီး​အရှက်အကြောက်​ခံ​မည့်​အစား၊ လမ်းပေါ်မှာ ကား​တိုက်မှု​ဖြစ်လို့​ပါ​ဆိုပြီး ညာ​ပြောချင်စိတ်​ပေါ်လာ​တတ်​သည်။

ကျောင်း​သည်လည်း ရိုးသားမှု​ကို​စိန်ခေါ်​ခြင်း​တစ်ရပ်။ ကျောင်းသား​များသည် ကျောင်းစာ​ပိလေ့​ရှိ​တတ်​ရှာ​သည်။ သူ​သေ​ကိုယ်​သေ​ပြိုင်ဆိုင်မှု​က​လည်း​ရှိ၏။ အမေရိကန်​ပြည်ထောင်စု​၌ လေ့လာချက်​များ​အရ၊ ကျောင်းသား​များ​အားလုံး​အနက် ထက်ဝက်​မ​က စာ​ခိုးချ​လေ့​ရှိခဲ့​ကြ​ကြောင်း​သိရ​သည်။ သို့သော်၊ လိမ်​ချင်​စ​ရာ​ကောင်း​သည့်​အတွက်​နှင့် ကလိမ်ကျ​ခြင်း​က​ထွက်ပေါက်​လွယ်​စေ​သလော​က်၊ မရိုးသားမှု​သည် တကယ်​ပင်​အကျိုးပေး​သလော။

လိမ်ညာ​ခြင်း—အဘယ်ကြောင့်​အကျိုး​မပေး

ဒဏ်​လွတ်​အောင်​လိမ်လည်​ခြင်း​သည် တစ်ခါတစ်ရံ​အကျိုး​ရှိသည်​ဟု​ထင်​စ​ရာ​ပင်။ သို့သော် သမ္မာကျမ်းစာ​က “မုသာ​ကို​သုံး​သော​သူသည်​လည်း ဒဏ်​နှင့်​မလွတ်​ရ” ဟု​သတိပေး​သည်။ (သု. ၁၉:၅) အ​လိမ်​ပေါ်​၍ ဒဏ်​ခံရ​ဖို့​အကြောင်း​များ​၏။ ထို​အခါ သင့်​မိဘများသည် သင်၏​မူလ​လွန်ကျူး​မှု​ကြောင့်​သာမက၊ တို့ကို​လိမ်​ရ​ကောင်းလား​ဆိုပြီး စိတ်ဆိုး​ကြလိမ့်မည်!

ကျောင်းစာ​၌​ကလိမ်ကျ​သည့်​ကိစ္စ​ကို မည်သို့​ပြော​မည်​နည်း။ တက္ကသိုလ်​ကျောင်းဝင်း တရားရေး​အစီအစဉ် ညွှန်ကြားရေးမှူး​တစ်ဦး​က ဤသို့​ဆို​၏– “ပညာရေး​နှင့်​ပတ်သက်​၍ မရိုးသားမှု​ကျူးလွန်​သော အဘယ်​ကျောင်းသား​မဆို၊ မိမိ၏​အနာဂတ်​ပညာရေး​နှင့် အလုပ်အကိုင်​ရဖို့​အခွင့်လမ်း​များ​ကို ကြီးစွာ​ဘေးပြု​ရာ​ရောက်​၏။”

လူ​တော်​တော်​များများ ပြေး​၍​လွတ်​ဟန် ရှိသည်​မှန်​၏။ စာ​ခိုးချ​၍​အောင်​မှတ်​ရ​ချင်​ရမည်။ သို့သော် ရေရှည်​အကျိုး​မှာ အဘယ်နည်း။ ရေကူး​သင်တန်း​၌ ကလိမ်ကျ​လျှင် မိုက်​ရာ​ရောက်မည်​ဆိုပါ​က သင်​သဘောတူ​ပါ​လိမ့်​မည်။ ပြော​ရမည်​ဆိုလျှင် လူတိုင်း​တ​ပျော်​တ​ပါး​ရေကူး​နေသည့်​အချိန်၌ အဘယ်သူ​က ကမ်း​ပေါ်မှာ ငုတ်​တုတ်​ထိုင်​နေချင်​သနည်း! ထို့ပြင်၊ တစ်ယောက်ယောက်​က သင့်ကို​ရေကန်​ထဲ​သို့​တွန်း​ချ​လိုက်​လျှင် သင့်​လိမ်ညာ​သည့်​အကျင့်​ကြောင့် ရေနစ်​၍​သေရ​ချေ​အံ့!

သင်္ချာ​နှင့်​အဖတ်​တွင် ကလိမ်ကျ​သည်​ဆိုပါစို့။ အစပိုင်း​၌—ဆိုးကျိုး​ရလဒ် ထို​မျှ​လောက် သိသာ​ချင်​မှ​သိသာ​မည်​မှန်​၏။ သို့ရာတွင်၊ အခြေခံ​ပညာ​မတတ်ကျွမ်း​ထား​ပါ​က၊ အလုပ်​ဈေးကွက်​တွင် “စုံး​စုံး​မြုပ်” ရသည့်​အဖြစ်ကို​မြင်ရ​ပါ​လိမ့်​မည်! ကလိမ်ကျ​၍​ရလာ​သော ဘွဲ့​သည်လည်း ကယ်​နိုင်​မည်​မဟုတ်။ သမ္မာကျမ်းစာ​က “မုသာ​လျှာ​အားဖြင့် ဘဏ္ဍာ​ကို​ဆည်းပူးခြင်း​သည် ပျောက်လွင့်​သော​အခိုးအငွေ့ ... ဖြစ်၏” ဟု​ဆို​၏။ (သု. ၂၁:၆သမ္မ) လိမ်​၍​ရသော​အကျိုးအမြတ်​မှန်သမျှ ရေ​ငွေ့​ပ​မာ တဒင်္ဂ​သာ​တည်ရှိ​နိုင်​သည်။ ဖြီး​ကာ​ဖြန်း​ကာ​ကျောင်းတက်​မည့်​အစား၊ အပတ်တကုတ် အားကုန်ထုတ်​ကာ စာ​အံ​လျှင် မည်မျှ​ပို​၍​ကောင်း​လေ​ခြင်း! နယပုံပြင် ၂၁:၅ (သ​မ) က “ဝိရိယ​စိုက်​သူ၏​အကြံအစည်​များသည် ပိုမို​သည့်​အဖြစ်သို့ ... ရောက်​စေ​တတ်​သည်” ဟု​ဆို​၏။

လိမ်လည်​ခြင်း​နှင့် သင့်​သြတ္တပ္ပစိတ်

မ​စ်​ချယ်​လ်​ဆို​သော​မိန်းကလေး​တစ်ဦး​က မိမိ၏​မောင်​သည် မိမိ​အမြတ်တနိုး​ထားသော အလှ​ကြည့်​ပစ္စည်း​ကလေး​တ​မယ်​ကို ချိုးဖျက်​ခဲ့​သည်​ဟု​လိမ်လည်​ပြောဆို​ခဲ့​သည်။ နောက်ပိုင်း၌​မူ မိဘ​ရှေ့​မိမိ၏​မုသာ​စကား​ကို​ဝန်ချ​ခဲ့​ရသည်။ မ​စ်​ချယ်​လ် ဤသို့​ရှင်းလင်း​ပြောဆို​ပါ​သည်– “ကျွန်မ တစ်ချိန်​လုံး​ပဲ စိတ်ထဲ မ​ချိ​မ​ဆန့်​ဖြစ်​ခဲ့တယ်။ ဖေဖေ​မေမေ ကျွန်မ​ပေါ်​အမြဲတမ်း​ယုံကြည်​လာ​ခဲ့​ကြတယ်။ ခု​တစ်ခါ​မှာ​တော့ သူတို့​စိတ်မချ​မ်း​သာအောင် ကျွန်မ​လုပ်ခဲ့​မိတယ်။” ဤ​အဖြစ်​က ဘုရားသခင်​သည် လူသား​တို့​စိတ်ထဲ​၌ ဩတ္တပ္ပ​စိတ်​ကို ထည့်သွင်း​ထား​တော်​မူ​ကြောင်း သိသာ​စေ​သည်။ (ရောမ ၂:၁၄၊ ၁၅) မ​စ်​ချယ်​လ်​၏ ဩတ္တပ္ပ​စိတ်​သည် သူ့​မ​အား အပြစ်တင်​လျက် နှိပ်စက်​ခဲ့​လေ​သည်။

လူသည် ဩတ္တပ္ပ​စိတ်​ကို လျစ်လျူရှု​ထား​လျှင်​လည်း​ရသည်​မှန်​၏။ သို့သော် လိမ်ညာ​လေ​လေ၊ အပြစ်​နှင့်​ပတ်သက်​၍ ထုံထိုင်း​လေ​လေ​ဖြစ်သည်—‘ဩတ္တပ္ပ​စိတ်​တွင် သံပူ​နှင့်​ခတ်​ခြင်း​ကို​ခံ’ ရလေ​သည်။ (၁ တိမောသေ ၄:၂) သင်သည် တကယ်​ပင်​သေ​သော ဩတ္တပ္ပ​စိတ်​ရ​လို​သလော။

လိမ်လည်​ခြင်း​နှင့်​ဆိုင်သော ဘုရားသခင့်​အမြင်

“မုသာ​၌​ကျင်လည်​သော​လျှာ” သည် “[ယေဟောဝါ၊ က​ဘ] မုန်းတော်မူ​သော​အရာ ... ခု​နစ်​ပါး” အနက် တစ်ပါး​အပါအဝင်​ဖြစ်သည်။ (သု. ၆:၁၆၊ ၁၇) “မုသာ​၏​အဘ” မှာ​စာတန်​မာရ်နတ်​ကိုယ်တိုင်​ဖြစ်၏။ (ယောဟန် ၈:၄၄) သမ္မာကျမ်းစာ​က မုသာ​နှင့်​အများ​အခေါ်​အပြစ်မဲ့ မုသာ​ဟူ၍​မခွဲခြား​ပါ။ “မုသာ​ရှိသမျှ​တို့သည် သမ္မာတရား​နှင့်​မစပ်ဆိုင်။”—၁ ယောဟန် ၂:၂၁

သို့ဖြစ်၍ ဘုရားသခင့်​မိတ်ဆွေ​ဖြစ်​လို​သူ​မှန်သမျှ​အတွက်​ကျင့်ထုံး​မှာ ရိုးသားမှု​ပင်​ဖြစ်သည်။ ၁၅ ခု​မြောက် ဆာလံ​ကျမ်း​က ဤသို့​မေး​၏– “အို [ယေဟောဝါ၊ က​ဘ]၊ တဲ​တော်​၌ အဘယ်သူ​သည် တည်း​ရ​ပါ​မည်​နည်း။ သန့်ရှင်းသော​တောင်တော်​ပေါ်မှာ အဘယ်သူ​သည်​နေရ​ပါ​မည်​နည်း။” (အခန်းငယ် ၁) နောက်ဆက်တွဲ အခန်းငယ်​လေးခု​၌​ပေး​ထားသော​အဖြေကို သုံးသပ်ကြည့်​ကြပါစို့–

“ဖြောင့်မတ်​သော​အကျင့်တရားသော​အမှုကိုပြု​ကျင့်​၍ သစ္စာ​စကား​ကို စိတ်နှလုံး​ပါ​လျက်​ပြော” သော​သူ။ (အခန်းငယ် ၂) ဤ​တွင် ဆိုင်​ပစ္စည်း​အလစ်​ခိုး​သူ၊ လှည့်ဖြားသူ​ကို ပြော​နေသည်​ဟု​ထင်​ရ​သလော။ မိဘကို​ညာ​သော၊ မဟုတ်​ကို​အ​ဟုတ်​ထင်​အောင်​လုပ်သော​သူ​အကြောင်းကို​ပြော​နေ​သလော။ လုံးဝ​ဥ​ဿုံ​ပင်! သို့ဖြစ်၍​သင်သည် ဘုရားသခင့်​မိတ်ဆွေ​ဖြစ်​လိုလျှင် ရိုးသား​ရမည်။ အပြု​အမူ​၌​သာ​မဟုတ်၊ နှလုံး​ထဲမှာ​လည်း​ရိုးသား​ရမည်။

“[သူသည်] သူတစ်ပါး​၏​အသရေ​ကို ပျက်​စေခြင်း​ငှာ​ပြောဆိုခြင်းကိုယ်​နှင့်​စပ်ဆိုင်​သော​သူ၏​အကျိုးကို ပြစ်မှားခြင်းကိုယ်​နှင့်​စပ်ဆိုင်​သော​သူကိုလည်း​ကဲ့ရဲ့​ခြင်း​ကို​ရှောင် [၏။]” (အခန်းငယ် ၃) သင်သည် သူတစ်ပါးကို​နာကျင်အောင် ပက်ပက်စက်စက်​ပြောဆို​သော​လူငယ်​စု​နှင့်​သွားလာ​သလော။ ထိုသို့​သော​စကား​မျိုး​မပြော​မိ​ရန် လိုအပ်သော​စိတ်​အင်အား​ကို​မွေးမြူပါ!

“[သူသည်] ဆိုးယုတ်​သော​သူကို​အ​ယု​တ်​ဟူ၍​ထင်မှတ်​လျက်[ယေဟောဝါ၊ က​ဘ] အား ကြောက်ရွံ့​သော​သူကို ရိုသေ [၏။] ကိုယ်​အကျိုး​ပျက်​ရ​သော်လည်း ကိုယ်​ကျိန်ဆို​သော​သစ္စာ​ကတိ​ကို​မ​ဖျက်။” (အခန်းငယ် ၄) လိမ်လည်​လှည့်ဖြား​သော၊ သီလ​ပျက်​စွန့်စား​ခန်း​များနှင့် ပတ်သက်ပြီး​ကြွားလုံး​ထုတ်​သော​လူငယ်​မှန်သမျှကို အပေါင်းအသင်း​အဖြစ်​မှ​ပယ်​ပါ။ သူတို့သည် သင်​အလားတူ​အလုပ်​မျိုး​လုပ်သည်ကို​မြင်​လို​ကြသည်။ ဘော်​ဘီ​ဆို​သော​လူငယ်​တစ်ဦး​က ဤသို့​ဆို​၏– “ကိုယ်​နဲ့​အတူ လိမ်ညာ​တဲ့​မိတ်ဆွေဟာ ကိုယ့်ကို​ဒုက္ခ​ပေး​ပါ​လိမ့်မယ်။ ဒီလို​လူစား​ဟာ ယုံကြည်​နိုင်​တဲ့​မိတ်ဆွေ​မဟုတ်ဘူး။” ရိုးသားမှု​စံ​ထား​များ​ကို လေးစား​သော​မိတ်ဆွေများ​ကို​ရှာပါ။ဆာလံ ၂၆:၄ နှိုင်းယှဉ်။

ယေဟောဝါ​သည် ပြော​သည့်​အတိုင်း​လုပ်သော​လူကို အလေးထား ‘ဂုဏ်ပြု’ တော်​မူ​ကြောင်း သတိပြုမိ​သလော။ သင်က လာ​မည့်​စနေနေ့​တွင် အိမ်အလုပ်​ဝိုင်းလုပ်​ပေး​မည်​ဟု​ကတိပြု​ခဲ့​သည်​ဆိုပါစို့။ သို့သော် အခြား​လူက သင့်​အား ဘောလုံး​ကစား​ရန်​ခေါ်​၏။ ကိုယ်​ပြော​ခဲ့​သော​စကား​ကို​ပေါ့​ပေါ့​ထား​ကာ မိဘများ​ကို အလုပ်​နှင့်​ပစ်ထား​ပြီး သူငယ်ချင်းများနှင့်​အတူ လိုက်သွား​မည်​လော။ သို့​မဟုတ် စကား​တည်​မည်​လော။

“ကိုယ်​ငွေ​ကို​ချေး​၍ အတိုး​မယူအပြစ်​မရှိသော​သူ၏​တစ်ဖက်​မှ တံစိုး​ကို မခံ​ဘဲ ကျင့်​သော​သူသည် လှုပ်ရှားခြင်း​နှင့်​အစဉ်အမြဲ​ကင်းလွတ်​လိမ့်​သတည်း။” (အခန်းငယ် ၅) လှည့်ဖြားမှု​နှင့်​မရိုးသားမှု​၏ အဓိက​အကြောင်းရင်း​မှာ လောဘ​ပင်မ​ဟုတ်​လော။ စာ​ခိုးချ​သော​ကျောင်းသား​များသည် စာ​ကို​မကြိုးစား​ဘဲ​နှင့် အမှတ်​ကောင်းကောင်း​ရ​လို​သော လောဘ​စိတ်​ရှိကြ​၏။ လာဘ်​ယူ​သူတို့​သည်လည်း တရား​မျှတမှု​ထက် ငွေ​ကို​မက်​၏။

အချို့​က၊ နိုင်ငံရေးသမား​နှင့်​စီးပွားရေး​သမားများ​ကို လက်ညှိုးထိုး​ပြပြီး ထို​သူများ မည်သို့​ကလိမ်ကျ​ပြီး မိမိတို့​လို​ရာ​ကို အရ​ကြံ​ကြသည်​ဟူ၍​ဆို​ကြ​ပါ​လိမ့်​မည်။ သို့ရာတွင်၊ ထိုသို့​သော​လူများ​၏​အောင်မြင်မှု​သည် မည်မျှ​တိုင်​ခိုင်မြဲ​သနည်း။ ဆာလံ ၃၇:၂ (သမ္မ) က​ဤသို့​ဖြေကြား​၏– “သူတို့သည် မကြာမမြင့်မီ မြက်​ပင်​ကဲ့သို့ညှိုး​သွား​၍ စိမ်း​သော​ပျိုးပင် နွမ်း​သကဲ့သို့ဖြစ်​ရ​လိမ့်​မည်။” အမိ​ခံ အရှက်ခွဲ​မခံရ​လျှင် နောက်ဆုံး​၌ ယေဟောဝါ​ဘုရားသခင်​၏​တရား​စီရင်ခြင်း​ကို ခံရ​ကြလိမ့်မည်။ ဘုရားသခင့်​မိတ်ဆွေများ​မူ “လှုပ်ရှားခြင်း​နှင့်​အစဉ်အမြဲကင်းလွတ်​လိမ့်​သတည်း။” သူတို့၌ ထာဝရ​အနာဂတ် အာမခံချက်​ရှိ​ပေ​သည်။

“ရိုး​ဖြောင့်သော​သြတ္တပ္ပစိတ်” ကို​မွေးမြူခြင်း

သို့ဖြစ်၍ မုသာ​မှန်သမျှရှောင်ရန် ခိုင်လုံ​သော​အကြောင်း​မရှိပေ​လော။ တမန်တော်​ပေါလု​က မိမိ​နှင့်​မိမိ၏​အပေါင်းအဖော်​များနှင့်​ပတ်သက်ပြီး ဤသို့​ဆို​၏– “ကျွန်ုပ်​တို့၌​ရိုး​ဖြောင့်သော​သြတ္တပ္ပစိတ်​ရှိကြောင်း ကျွန်ုပ်​တို့​ယုံစား​၏။” (ဟေဗြဲ ၁၃:၁၈က​ဘ) သင်လည်း မုသာ​နှင့်​ပတ်သက်​လျှင် အလားတူ​သြတ္တပ္ပစိတ်​ဆ​တ်​သလော။ မ​ဆ​တ်​လျှင် ကင်းမျှော်စင်နှင့်နိုးလော့!စ​သော​ကျမ်းစာ​အခြေပြု စာပေ​များ​ကို ဖတ်ရှု​လေ့လာခြင်း​ဖြင့် လေ့ကျင့်​မွေးမြူပါ။

လူငယ် ဘော်​ဘီ ထိုသို့ပြု​ခဲ့​ရာ ကောင်းကျိုး​ရလဒ်​ရရှိခဲ့​ပေ​သည်။ မုသာ တစ်​ပုံ​တစ်​ခေါင်း​ကြီး​ဖြင့် ကိုယ့်​အမှား​ကို ထိမ်ဝှက်​ခြင်း​မပြု​သင့်​ကြောင်း သင်ခန်းစာယူ​ခဲ့​သည်။ မိမိ​သြတ္တပ္ပစိတ်​တိုက်တွန်း​သည့်​အတိုင်း မိဘများ​ထံ​သွား​၍ ရိုးသား​စွာ​တင်ပြ​ဆွေးနွေး​ခဲ့​ပေ​သည်။ သို့ပြု​သည့်​အတွက် တစ်ခါတစ်ရံ အပြစ်ပေး​ခံရ​သော်လည်း မိမိသည်​ရိုးသား​ခဲ့​သည့်​အတွက် ‘စိတ်​ချမ်းသာ’ ကြောင်း ဝန်ခံ​ပေ​သည်။

အမှန်​ကို​ပြော​ခြင်း​သည် အမြဲတမ်း လွယ်​သည်မဟုတ်။ သို့ရာတွင် စိတ်ပိုင်း​ဖြတ်​ပြီး​အမှန်​ကို​ပြော​သော​သူသည် ကောင်းသော​သြတ္တပ္ပစိတ်​အပြင်၊ မိတ်​စစ်​ဆွေ​စစ်​များနှင့်​မိတ်​ဖြစ်​ခြင်း​ကို ထိန်းသိမ်း​နိုင်​ပေ​သည်။ အကောင်းဆုံး​မှာ၊ ဘုရားသခင့်​တဲ​တော်​၌ ‘ဧည့်သည်’ အဖြစ်​နေရ​သော​အခွင့်​ပင်​တည်း! ထို့​ကြောင့် ရိုးသားခြင်း​သည် အကောင်းဆုံး ကျင့်​စဉ်​ဖြစ်သည်​သာမက၊ ခရစ်ယာန်​အားလုံး​အဖို့ မှန်ကန်သော​ကျင့်​စဉ်​လည်း​ဖြစ်​ပေ​သတည်း။

ဆွေးနွေး​ရန်​မေးခွန်းများ

◻မည်သို့သော​အခြေအနေ​မျိုး​အောက်​၌ လိမ်ပြောချင်​စိတ်​ပေါ်လာ​တတ်​သနည်း။

◻လိမ်လည်​လှည့်စားခြင်း​သည် အဘယ်ကြောင့် အကျိုး​မပေး​သနည်း။ သင့်​အတွေ့

အမြင် သို့​မဟုတ် အတွေ့အကြုံ​ဖြင့် ဤ​အချက်​ကို​ရှင်းပြ​နိုင်​သလော။

◻မုသာ​သုံး​သူသည် မိမိ၏​သြတ္တပ္ပစိတ်ကို မည်သို့​ပျက်စီး​စေ​သနည်း။

ဆာလံ ၁၅ ကို​ဖတ်ပါ။ အခန်းငယ်​များသည် ရိုးသားမှု​နှင့်​မည်သို့​ပတ်သက်​သနည်း။

◻လူငယ်​တစ်ဦး ရိုး​ဖြောင့်သော​သြတ္တပ္ပစိတ်ကို မည်သို့​မွေးမြူ​နိုင်​သနည်း။

[စာမျက်နှာ ၂၁၃ ပါ​အကျဉ်း​ဖော်ပြချက်]

‘ပညာရေး​နှင့်​ပတ်သက်​၍ မရိုးသားမှု​ကျူးလွန်​သော အဘယ်​ကျောင်းသား​မဆို၊ မိမိ၏​အနာဂတ်​အခွင့်လမ်း များ​ကို ကြီးစွာ​ဘေးပြု​ရာ​ရောက်​၏’

[စာမျက်နှာ ၂၁၆ ပါ​အကျဉ်း​ဖော်ပြချက်]

သမ္မာကျမ်းစာ​က မုသာ​နှင့် အများ​အခေါ် အပြစ်မဲ့​မုသာ ဟူ၍​မခွဲခြား​ပါ

[စာမျက်နှာ ၂၁၄ ပါ​ရုပ်ပုံ]

စကား​နားမထောင်ခြင်း​အတွက် ဆင်ခြင်​ဆင်​လက်​ပေး​သည်ကို မိဘတို့​က​အများအားဖြင့်​ဖောက်ထွင်း​၍ မြင်တတ်​သည်