လက်မထပ်ခင် သံဝါသပြုတာကို ဘယ်လိုပြောမလဲ
အခန်း ၂၃
လက်မထပ်ခင် သံဝါသပြုတာကို ဘယ်လိုပြောမလဲ
‘တစ်ဦးကိုတစ်ဦး ချစ်တယ်ဆိုရင် သံဝါသပြုနိုင်သလား။ ဒါမှမဟုတ် လက်ထပ်တဲ့အထိစောင့်ရမှာလား။’ ‘ကျွန်မ ခုထက်ထိအပျိုစစ် ဖြစ်တုန်းပဲ။ ဒါဟာမူမှန်ရဲ့လား။’ လူငယ်များဘောင်တွင် ဤသို့သောမေးခွန်း ဒုနှင့်ဒေး။
သို့သော် “ဆယ်ကျော်သက်ရွယ်အချိန် သံဝါသမပြုသေးသောလူငယ်ဆိုသည်မှာ ခြွင်းချက်ဖြစ်သည်” ဟူ၍ အဲလ်လန် ဂတ်မတ်ချာအဖွဲ့က ၁၉၈၁ ခုနှစ်မှတ်တမ်း၌ ကောက်ချက်ချလိုက်သည်။ “ယောက်ျားကလေး ၁၀ ယောက်အနက် ရှစ်ယောက်၊ မိန်းကလေး ၁၀ ယောက်အနက် ခုနစ်ယောက်က မိမိတို့သည် ဆယ်ကျော်သက်အရွယ်တွင်လိင်ဆက်ဆံခဲ့ကြောင်း ထုတ်ဖော်ခဲ့ကြသည်။”
သင်ကလည်း ‘ဘာပြုလို့ မရရမှာလဲ’ ဟူ၍မေးမည်။ လူ့သဘာဝကိုယ်က အချစ်ခံချင်ကြတာပဲ။ ထို့ပြင် ငယ်မျစ်နုပျိုစဉ်အခါ ရာဂစိတ်ပြင်းပြသဖြင့် အာရုံမစူးစိုက်နိုင်သည့်အထိပင်ဖြစ်တတ်ကြသည်။ ရွယ်တူသြဇာကလည်းရှိသေးသည်။ သူတို့က လက်မထပ်ခင်မေထုန်ပြုတာ တကယ်ပျော်စရာကောင်းကြောင်း၊ လက်ပွန်းတတီး ရင်းနှီးချင်တာဟာ လူ့ဓမ္မတာဖြစ်ကြောင်း သင့်အားပြောပါလိမ့်မည်။ လိင်ဆက်ဆံမှ ယောက်ျားပီသတယ်၊ မိန်းမပီသတယ် ဟူ၍ပင်ဆိုကြမည်။ အများနှင့်မတူ တစ်မူထူး၍မနေလိုသည့်အတွက် သင်လည်း ရွယ်တူများတိုက်တွန်းမှုကိုလိုက်လျောကာ အစမ်းသဘောဖြင့်လိင်ဆက်ဆံပေမည်။
အများအထင်နှင့်ဆန့်ကျင်လျက် လူငယ်အားလုံး အပျိုလူပျိုရည်ကို အလျင်စလိုလက်လွှတ်ချင်ကြသည်မဟုတ်။ အက်စတာဆိုသော တစ်ကိုယ်ရေမိန်းမငယ်တစ်ဦးကို ပမာထား၍ကြည့်ပါ။ သူမ ဆေးအစစ်ခံစဉ် ဆရာဝန်က သူ့ကိုအများသူငါလိုသဘောထားကာ “ခင်ဗျားဘာနည်းကိုသုံးပြီး ပဋိသန္ဓေတားသလဲ” ဟူ၍မေးလိုက်သည်။ အက်စတာက “ကျွန်မ ဘာနည်းကိုမှမသုံးပါဘူး” ဟူဖြေလိုက်ရာ ဆရာဝန်က “ဘာဗျ! ခင်ဗျားကိုယ်ဝန်ရချင်လို့လား။ ခင်ဗျား ဘာကိုမှမသုံးဘဲနေရင် ကိုယ်ဝန်မရဘဲနေမယ်များမှတ်သလား” ဟု တအံ့တအားမေးလေသည်။ အက်စတာက “ကျွန်မလိင်မဆက်ဆံလို့ပါ!” ဟူ၍ပြန်လည်ဖြေကြားလိုက်သည်။
ဆရာဝန်က သူမ အားမယုံနိုင်သည့်အကြည့်ဖြင့်ကြည့်လျက် “မယုံနိုင်စရာ။ ၁၃ နှစ်အရွယ်လေးတွေ ကျွန်တော့်ဆီလာကြတယ်။ အပျိုတွေမဟုတ်ကြတော့ဘူး။ ခင်ဗျားဟာ တကယ်ထူးခြားတဲ့ပုဂ္ဂိုလ်ပဲ” ဟုဆိုလေ၏။
အက်စတာ ဘာကြောင့် “ထူးခြား” သနည်း။ သူမအောက်ပါသမ္မာကျမ်းစာသြဝါဒကို နာခံ၍ဖြစ်သည်။ “ကိုယ်ခန္ဓာသည် [လက်မထပ်မီ လိင်ဆက်ဆံမှုအပါအဝင်] မတရားသောမေထုန်အဖို့ ဖြစ်သည်မဟုတ်။ ... မတရားသောမေထုန်ကို ကြဉ်ရှောင်ကြလော့။” (၁ ကောရိန္သု ၆:၁၃၊ ၁၈) အက်စတာသည် မတရားမေထုန်ကို ဘုရားသခင်အားပြစ်မှားသော ကြီးလေးသည့်အပြစ်အဖြစ်သိမှတ်ပေသည်။ ၁ သက်သာလောနိတ် ၄:၃ ကဤသို့ဆို၏– “ဘုရားသခင်အလိုတော်ဟူမူကား၊ သင်တို့သည်မတရားမေထုန်ကိုကြဉ်ရှောင်” ရန်ဖြစ်သည်ဟုဆို၏။ သို့သော် သမ္မာကျမ်းစာ အဘယ်ကြောင့် လက်မထပ်မီမေထုန်ပြုခြင်းကိုတားမြစ်သနည်း။
နောက်ဆက်တွဲအကျိုးအပြစ်
သမ္မာကျမ်းစာခေတ်မှာပင် အချို့သူများ လက်မထပ်မီသံဝါသပြုကြသည်။ အကျင့်ပျက်မိန်းမတစ်ဦး လူငယ်တစ်ယောက်ကိုမြူဆွယ်လျက် “လာပါ။ မိုးလင်းသည်တိုင်အောင် ကာမရာဂစိတ်ကို ဖြေကြကုန်အံ့။ မေထုန်ပြု၍မွေ့လျော်ကြကုန်အံ့” ဟုဆိုမည်။ (သု. ၇:၁၈) သို့ရာတွင် သမ္မာကျမ်းစာက ယနေ့အပျော်ကြူးလျှင် နက်ဖြန်ဝေဒနာခံစားရန်အကြောင်းရှိသည်ဟုသတိပေး၏။ ရှောလမုန် ဤသို့မှတ်ချက်ချ၏– “အမျိုးပျက်သောမိန်းမ၏နှုတ်ခမ်းသည် ပျားလပို့ကဲ့သို့ယိုတတ်၍ သူပြောသောစကားသည် ဆီထက်ချော” ၏။ “[သို့]သော်လည်း” ရှောလမုန်ဆက်၍ဆို၏၊ “အဆုံး၌ကား၊ သူသည်ဘင်းခါးရွက်ကဲ့သို့ခါး၍ သန်လျက်နှင့်အမျှထက်၏။”—သု. ၅:၃၊ ၄။
နောက်ဆက်တွဲရလဒ်တစ်ခုမှာ ကူးစက်တတ်သောလိင်ရောဂါ ရရှိခြင်းပင်။ နှစ်များကုန်လွန်သည့်နောက် မိမိသည် တစ်ကြိမ်တည်းသောသံဝါသပြုမှုကြောင့် ပြုပြင်မရတော့သည့်နစ်နာဆုံးရှုံးမှုဖြစ်ခဲ့ရကြောင်း သိရှိရသောအခါ မည်မျှစိတ်နာမိမည်ကိုစဉ်းစားကြည့်ပါလော့။ မိမိ၌သားဖွားနိုင်စွမ်း ဆုံးရှုံးချင်ဆုံးရှုံးသွားမည်။ သို့မဟုတ် ကျန်းမာရေးအကြီးအကျယ်ချို့တဲ့ချင်ချို့တဲ့သွားမည်! နယပုံပြင် ၅:၁၁၊ ၁၄ သတိပေးသကဲ့သို့ဖြစ်သည်– “နောက်ဆုံး၌ သင့်အသား၊ သင့်ကိုယ်ကာယဆွေးမြေ့သောအခါ ... မြည်တမ်းရလိမ့်မည်။” လက်မထပ်မီသံဝါသပြုခြင်းသည် တရားမဝင်မွေးဖွားမှု၊ (စာမျက်နှာ ၁၈၄-၅ ကိုကြည့်ပါ။) ကိုယ်ဝန်ဖျက်ခြင်းနှင့် အိမ်ထောင်ပြုစောလွန်းမှုအဖြစ်သို့ ပို့ဆောင်နိုင်သည်—ယင်းအဖြစ်တိုင်း နောက်ဆက်တွဲ ဝေဒနာပါလာတတ်သည်။ အိမ်ထောင်မပြုမီမေထုန်မှီဝဲခြင်းသည် တကယ်ပင် ‘မိမိကိုယ်ခန္ဓာကိုပြစ်မှား’ ခြင်းဖြစ်သည်။—၁ ကောရိန္သု ၆:၁၈။
အနှီအန္တရာယ်များကိုမြင်သောကြောင့် ဒေါက်တာ ရစ်ချပ်လီက ဇီဝဗေဒဆေးဆိုင်ရာ ရေးလ်ဂျာနယ် ဆိုသောစာအုပ်၌ အောက်ပါအတိုင်း ရေးသားခဲ့သည်– “ကျွန်ုပ်တို့သည် ပဋိသန္ဓေတားခြင်းနှင့် ကာလသားရောဂါကုသမှုဘက် မည်မျှတိုင်ပေါက်ရောက်ခဲ့ပြီဟုဆိုကာ လူငယ်များရှေ့ ကြွားလုံးထုတ်ကြသော်လည်း၊ ပဋိသန္ဓေတည်ခြင်းနှင့် ကာလသားရောဂါဆိုင်ရာဝေဒနာကာကွယ်ရေးတွင် စိတ်အချရဆုံး၊ အတိကျဆုံး၊ စရိတ်အနည်းဆုံးနှင့် အဆိပ်အတောက်အဖြစ်နည်းဆုံးသောနည်း—ရှေးကျ၍ ဂုဏ်ရှိသည့်အပြင် ကျန်းမာရေးနှင့်ပင်ညီညွတ်သော အပျိုလူပျိုစစ်အဖြစ်နေခြင်းဆိုသောနည်းကို လျစ်လျူရှုခဲ့ကြသည်တကား။”
ညစ်စွန်းသောစိတ်နှင့် စိတ်ပျက်စရာ
လူငယ်များစွာလည်း လက်မထပ်မီလိင်ဆက်ဆံခြင်းသည် လုံးဝ မကျေနပ်စရာဖြစ်ကြောင်း တွေ့ရှိကြရသည်။ အကျိုးဆက်မှာ ညစ်စွန်းသောစိတ်ရှိပြီး ကိုယ့်ကိုယ်ကိုလေးစားမှုလျော့နည်းလာခြင်းဖြစ်သည်။ နှစ်ဆယ့်သုံးနှစ်အရွယ် ဒင်းနစ်စ်က ဤသို့ဝန်ခံသည်– “စိတ်ပျက်စရာကြီး—အထင်နဲ့အမြင် တလွဲစီ။ မေတ္တာရဲ့အေးမြတဲ့ခံစားချက် ရှိမှမရှိဘဲ။ အဲဒီခံစားချက်အစား၊ မဟာအမှားပါလား ဆိုတဲ့အသိစိတ်ရဲ့ ထိုးနှက်မှုကိုသာ ခံရပါတယ်။ ကျွန်တော့်မှာချုပ်တည်းခြင်းမရှိရကောင်းလား ဆိုပြီးအရှက်ကြီးရှက်မိတယ်ဗျာ။” မိန်းမငယ်တစ်ဦးကလည်း ဤသို့ဝန်ခံခဲ့သည်– “ကျွန်မ အသိတရားဝင်လာတာနဲ့အမျှ စိတ်ထဲဒုတ်ခနဲ ဝေဒနာတစ်ရပ်ခံစားမိတယ်။ ... ပါတီလည်းပြီးရော၊ ကျွန်မလည်း အရမ်းစိတ်ပျက်ဝမ်းနည်းမိတယ်။ ကိုယ့်ကိုယ်ကိုအပေါစား၊ အညှီအဟောက်လို့ထင်လာမိတယ်။ ‘တို့လက်လွန်ခြေလွန်မဖြစ်ခင် မင်းဘာကြောင့် မတားတာလဲ’ ဆိုပြီးသူကပြောသေးရဲ့။ ကြားရတဲ့လူဖြင့် နည်းနည်းမှ အခံရကောင်းတာမဟုတ်ဘူး။”
ဒေါက်တာ ဂျေးစယ်ဂဲလ် အဆိုအရ၊ ထိုသို့သောခံစားချက်များမှာ ရှားသည်မဟုတ်။ ကောလိပ်ကျောင်းသားပေါင်း ၂,၄၃၆ ဦး၏လိင်အပြုအမူများကို သုံးသပ်ပြီးနောက်အောက်ပါအတိုင်း သူကောက်ချက်ချခဲ့သည်– “မကျေမနပ် စိတ်ပျက်မိသော လက်ဦးအကြိမ် [လိင်ဆက်ဆံမှု] အတွေ့အကြုံများသည် ကျေနပ်၍ ပျော်မြူးသောအတွေ့အကြုံများထက် သာ၍များသည်။ အချိုးအားဖြင့် နှစ်အချိုးတစ်ဖြစ်သည်။ ယောက်ျားနှင့်မိန်းမ နှစ်ဦးစလုံး မိမိတို့အကြီးအကျယ်စိတ်ပျက်ခဲ့သည်ဟုဆိုကြသည်။” အိမ်ထောင်ရှင်များပင် လိင်ဆက်ဆံမှု၌ တစ်ခါတစ်ရံ အခက်အခဲရှိသည်မှန်၏။ သို့ရာတွင် အိမ်ထောင်၌ မေတ္တာစစ်နှင့်ကတိခံဝန်ချက်ရှိလျှင် ထိုသို့သောပြဿနာများကို အများအားဖြင့်ဖြေရှင်းနိုင်၏။
အဆင်အခြင်မဲ့ လိင်ဆက်ဆံခြင်း၏အဖိုးအခ
အချို့လူငယ်များသည် လိင်ဆက်ဆံမှုနှင့်ပတ်သက်၍ မည်သို့မျှစိတ်ညစ်စွန်းခြင်းမရှိ။ ထို့ကြောင့် ကာမရာဂနွံထဲသို့ခြေစုံပစ်ဝင်ကာ ကာမစည်းစိမ်ခံစားကြ၏။ လူပေါင်းစုံနှင့်လိင်ဆက်ဆံကြသည်။ လူငယ့်လိင်မှုနှင့်ပတ်သက်သောလေ့လာချက်တစ်ရပ်၌ သုတေသီ ရောဘတ် စိုရင်စင်က ထိုသို့သောလူငယ်များ တွေ့ကရာလူနှင့်လိင်ဆက်ဆံခြင်းအတွက်အဖိုးအခ ပေးဆက်ရကြောင်း ဤသို့ရေးသားတင်ပြခဲ့သည်– “သီးသန့်မေးဖြေသောအခါ၊ [တွေ့ကရာလူနှင့် လိင်ဆက်ဆံသောလူငယ်များ]က ... မိမိတို့သည် ရည်မှန်းချက်နှင့်ကျေနပ်ရောင့်ရဲမှု မယ်မယ်ရရမရှိဘဲ ပြုမူနေကြခြင်းသာဖြစ်သည်ဟု ထင်မြင်ကြောင်း ထုတ်ဖော်ပြောကြားကြသည်။” လေးဆယ့်ခြောက်ရာခိုင်နှုန်းက “ငါ့လက်ရှိနေထိုင်ပုံကြောင့်၊ ငါ့အစွမ်းအစ အားလုံးလိုလို သဲထဲရေသွန် အလဟဿ ဖြစ်ရပါတယ်” ဟူသောအဆိုကိုသဘောတူကြသည်။ စိုရင်စင်သည် ယင်းလိင်ကျင့်ပျက်လူငယ်များ၌ “မိမိတို့ကိုယ်ကိုယုံကြည်ခြင်း၊ တန်ဖိုးထားခြင်း” အလွန်နည်းပါးကြသည်ကိုလည်း ထပ်လောင်းတွေ့ရှိခဲ့သည်။
နယပုံပြင် ၅:၉ ဆိုသည့်အတိုင်းဖြစ်နေသည်– သီလဖောက်ပြားသူတို့သည် “[မိမိတို့] ဂုဏ်အသရေကို သူတစ်ပါး၌ ... အပ်” နှံကြရလေသည်။
နောက်တစ်နံနက်
စုံတွဲတစ်တွဲ တရားမဝင်သံဝါသပြုမိပြီဆိုလျှင် တစ်ယောက်ပေါ်တစ်ယောက် အထင်အမြင် ပြောင်းလဲသွားလေ့ရှိသည်။ ယောက်ျားကလေးက မိန်းကလေးအပေါ်ယခင်လောက် ခံစားချက်မပြင်းပြတော့သည့်ပြင် ယခင်လောက် ဆွဲဆောင်မှုမရှိဟုပင် ထင်လာတော့သည်။ မိန်းကလေးကလည်း ငါအညွန့်ခူးခံရပါလား ဟူသောသံဝေဂဖြစ်လာတတ်သည်။ သမ္မာကျမ်းစာမှတ်တမ်းထဲမှ လူငယ်အာမနုန်သည် အပျိုစင်တာမာကြောင့် မည်မျှတိုင်အချစ်နာကျခဲ့ကြောင်း ပြန်ပြောင်းသတိရပါ။ သို့သော်၊ သူမနှင့် ကာမဆက်ဆံသည့်နောက်၌ အာမနုန်သည်သူမအား “အလွန်စက်ဆုပ်ရွံရှာမုန်းလာသည်။”—၂ ဓမ္မရာဇဝင် ၁၃:၁၅၊ သမ။
မရီးယားဆိုသောမိန်းကလေး အလားတူအဖြစ်မျိုးကြုံတွေ့ဘူးသည်။ လိင်ဆက်ဆံပြီးသည့်နောက် သူမဤသို့ဝန်ခဲ့၏– “ကျွန်မ (ဒီလောက်တောင်ပျော့ညံ့ရကောင်းလား) ဆိုပြီး ကိုယ့်ကိုယ်ကိုမုန်းမိတယ်။ ကျွန်မရည်းစားကိုလည်း ကျွန်မမုန်းမိတယ်။ ကျွန်မတို့က လိင်ဆက်ဆံရင်လူချင်းပိုပြီး ရင်းနှီးလာကြမယ်မှတ်ခဲ့ပေမဲ့ အဆုံးမှာတော့ ဒီအတွက်နဲ့ပဲ ကျွန်မတို့နှစ်ယောက် လမ်းခွဲခဲ့တယ်။ ကျွန်မ သူ့ကိုနောက်ထပ်တောင်မမြင်ချင်ဘူး။” ဟုတ်ပါသည်။ စုံတွဲသည်လိင်ဆက်ဆံလိုက်သောအခါ နောက်ကြောင်းမပြန်နိုင်တော့သည့် မျဉ်းကြောင်းကိုဖြတ်ကျော်လိုက်ကြ၏!
အိမ်ထောင်ရေးဘဝဆိုင်ရာ လေးစားထိုက်သော သုတေသီ ပေါလ် အိတ်ခ်ျ လန်ဒစ် ကအောက်ပါအတိုင်း တင်ပြလိုက်သည်– “[လက်မထပ်မီလိင်ဆက်ဆံခြင်း၏] တဒင်္ဂရလဒ်မှာ ဆက်ဆံရေးကိုခိုင်ခံ့စေဟန်ရှိသော်လည်း ရေရှည်အကျိုးမှာ တခြားစီဖြစ်နိုင်သည်။” လိင်ဆက်ဆံခဲ့သောစုံတွဲသည် ၎င်းကိုရှောင်ကြဉ်သောစုံတွဲများနှင့်စာလျှင် တကယ်ပင်ကွဲဖို့အကြောင်းများ၏! အဘယ်အကြောင်းကြောင့်နည်း။ တရားမဝင်သောမေထုန်သည် သဝန်ကြောင်ခြင်းနှင့် မယုံသင်္ကာဖြစ်ခြင်းတို့ကိုပေါက်ဖွားစေသောကြောင့်ပင်။ လူငယ်တစ်ဦးဤသို့ဝန်ခံ၏– “တချို့လူတွေ လိင်ဆက်ဆံပြီးတဲ့နောက် ‘သူငါနဲ့လိင်ဆက်ဆံရင် နောက်တစ်ယောက်နဲ့လဲ ဆက်ဆံမှာပဲ’ ဆိုပြီး တွေးတတ်ကြပါတယ်။ အမှန်ပြောရရင် ကျွန်တော်ဒီလိုပဲတွေးတယ်။ ... ကျွန်တော် အင်မတန်သဝန်ကြောင်တယ်။ သံသယဖြစ်တယ်။ မယုံသင်္ကာဖြစ်တယ်။”
မေတ္တာစစ် မေတ္တာမှန်နှင့် အခြားကြီးခြားနားပါဘိ။ မေတ္တာစစ်သည် “မနာလို [ဝန်တို] စိတ်မရှိ။ ... မလျောက်ပတ်သည့်အမှုကိုမပြုတတ်။ ကိုယ်ကျိုးကိုမရှာတတ်။” (၁ ကောရိန္သု ၁၃:၄၊ ၅၊ သက) အဓွန့်ရှည်တည်တံ့သော ဆက်ဆံရေးကိုဆောက်တည်သောမေတ္တာမျိုးမှာ ဆင်ကန်းတောတိုးသည့် ကာမရာဂစိတ်ပေါ် အခြေပြုသည်မဟုတ်။
ပျိုရည်သန့်ခြင်းအကျိုးကျေးဇူးများ—အေးချမ်းမှုနှင့်ဣန္ဒြေရမှု
သို့ရာတွင် ပျိုရည်သန့်သန့်နေထိုင်ခြင်းသည် လူငယ်တစ်ဦးအား ဘေးဥပဒ်များရှောင်နိုင်ဖို့သာ အထောက်အကူပြုသည်မဟုတ်။ သမ္မာကျမ်းစာက မိန်းမပျိုတစ်ဦးအကြောင်းရေးသားတင်ပြထားသည်။ သူမသည် ရည်းစားပေါ် အချစ်စိတ်ပြင်းပြလျက်နှင့် အပျိုရည်ကိုထိန်းသိမ်းခဲ့ပေသည်။ ယင်းကြောင့် သူမက “ကျွန်မသည် မြို့ရိုးသဖွယ်၊ ရင်သားလည်း ရဲတိုက်သဖွယ်ဖြစ်ပါ” သည်ဟု ဂုဏ်ယူ၍ပြောနိုင်ခဲ့သည်။ သူမသည် ဖြားယောင်းသွေးဆောင်မှုအောက် လွယ်လွယ်နှင့် ‘ပွင့်’ သော၊ ‘တံခါးရွက်’ မျိုးမဟုတ်။ သီလဘက်တွင် ဖြို၍မရနိုင်သောရဲတိုက်နံရံများပမာ၊ ဝင်၍မစီးနိုင်သော မျှော်စင်များအလားဖြစ်ပေသည်! “သန့်စင်သူ” (ကဘ) ဟုသမုတ်ခြင်းခံထိုက်ပေသည်။ “အရှင့် [ခင်ပွန်းလောင်း] မျက်မှောက်၌ ငြိမ်သက်ရာရောက်၏” ဟူ၍လည်းဆိုနိုင်ခဲ့ပေသည်။ သူမ၏ငြိမ်သက်သောစိတ်ကြောင့် သူတို့နှစ်ဦးစပ်ကြား ရောင့်ရဲတင်းတိမ်ခြင်းရှိခဲ့ကြပေသည်။—ရှောလမုန်သီချင်း ၆:၉၊ ၁၀; ၈:၉၊ ၁၀; သမ။
အထက်ဆိုခဲ့သည့် အပျိုစင် အက်စတာသည်လည်း အလားတူစိတ်၏ချမ်းငြိမ်းသာယာမှုနှင့် ဣန္ဒြေသိက္ခာရခဲ့ပေသည်။ သူမ ဤသို့ဆို၏– “ကျွန်မကိုကျွန်မဂုဏ်ယူမိတယ်။ အလုပ်လုပ်သူချင်းတွေက ကျွန်မကိုသရော်ကြပေမဲ့ ကျွန်မရဲ့အပျိုရည်ကို ကျွန်မစိန်ရတနာလိုပဲသဘောထားတယ်။ ရှားမှရှားလှတဲ့အတွက် အဖိုးအနဂ္ဃထိုက်တယ်လေ။” ထိုမျှမက၊ အက်စတာကဲ့သို့သောလူငယ်များသည် ညစ်ညူးသောသြတ္တပ္ပစိတ်၏ ခြောက်လှန့်မှုကိုလည်းမခံရကြပေ။ ၁၉ နှစ်အရွယ် ခရစ်ယာန်လူငယ် စတီဖန်က “ယေဟောဝါဘုရားသခင်ရှေ့ စင်ကြယ်တဲ့သြတ္တပ္ပစိတ်ရှိတာထက်မြတ်တာ ဘာမှမရှိဘူး” ဟူ၍ဆို၏။
‘စုံတွဲတစ်တွဲ လိင်ဆက်ဆံမှုမရှိရင် ဘယ်လိုလုပ်ပြီးသိကျွမ်းနိုင်ကြမှာလဲ။’ အချို့လူငယ်များက စောဒကတက်မိပေမည်။
အဓွန့်ရှည်သော ရင်းနှီးမှုကို တည်ဆောက်ခြင်း
လိင်တစ်ခုတည်းဖြင့် တည်မြဲသောဆက်ဆံရေးမတည်ဆောက်နိုင်။ အနမ်းစသော ယုယကြင်နာမှုတစ်ခုတည်းဖြင့်လည်း မဖြစ်မြောက်နိုင်။ အဲန်အမည်ရှိ မိန်းမငယ်တစ်ဦး ဤသို့သတိပေး၏– “တစ်ခါတလေ ခန္ဓာကိုယ်ဘက် လက်ပွန်းတတီးရင်းနှီးတာမျိုး လွန်လွန်ကျွံကျွံ မြန်မြန်ဆန်ဆန် ဖြစ်သွားတတ်ပါတယ်။ ဒါဟာ ကျွန်မဘဝရဲ့တွေ့ကြုံမှုသင်ခန်းစာဖြစ်ပါတယ်။” စုံတွဲတစ်တွဲသည် တစ်ဦးပေါ်တစ်ဦး ချစ်ခင်ကြင်နာမှု ဒလဟော သွန်မှောက်လျှင် အဓိပ္ပာယ်ရှိသောပြောဆိုမှုရပ်တံ့သွား၏။ သို့နှင့် ကြီးလေးသောသဘောကွဲလွဲမှုများသည် ငုံ့လျှိုးသွားသော်လည်း လက်ထပ်ပြီးနောက်၌ ပြန်ပေါ်လာမည်ဖြစ်သည်။ အဲန်သည်နောက်ပိုင်း၌ အခြားယောက်ျားတစ်ယောက်—နောက်ဆုံး မိမိနှင့်အိမ်ထောင်ပြုသောသူ—နှင့်ချိန်းတွေ့သောအခါ ခန္ဓာဘက်တွင်အရင်းနှီးလွန်ခြင်းကို သတိနှင့်ရှောင်ခဲ့ပေသည်။ အဲန် ဤသို့ရှင်းလင်းပြောဆို၏– “ကျွန်မတို့ဟာ အချိန်ယူပြီး ပြဿနာများကို ဖြေရှင်းတယ်။ ပြီးတော့ ကျွန်မတို့ရဲ့ဘဝပန်းတိုင်များနဲ့ပတ်သက်ပြီး ဆွေးနွေးကြပါတယ်။ ကျွန်မ လက်ထပ်မဲ့လူဟာ ဘယ်လိုလူစားလဲဆိုတာ ကျွန်မသိခွင့်ရခဲ့တယ်။ အိမ်ထောင်ပြုတဲ့နောက်၊ မမျှော်လင့်တဲ့ သာယာမှုတွေကိုပဲခံစားကြရတယ်။”
အဲန်နှင့်သူမ၏ရည်းစား ထိုသို့ကိုယ်ကိုချုပ်တည်းရသည်မှာ ခက်သလော။ “ခက်တာပေါ့!” အဲန်ကဖြေဆို၏။ “ကျွန်မဗီဇကိုယ်က ချစ်ခင်ကြင်နာတတ်တာ။ ဒါပေမဲ့ ကျွန်မတို့က အဲဒီအန္တရာယ်အကြောင်းတွေ ပြောပြောပြီး တစ်ယောက်ကိုတစ်ယောက်ကူညီတယ်လေ။ ကျွန်မတို့နှစ်ယောက်စလုံး ဘုရားသခင်စိတ်တော်နဲ့ တွေ့ချင်တဲ့ဆန္ဒရှိကြတယ်။ ပြီးတော့လဲ လာမဲ့အိမ်ထောင်ရေးကိုလဲ အမဲကွက်မထင်စေချင်ဘူး။”
သို့ရာတွင် အကြင်လင်မယား လက်မထပ်မီကတည်းက လိင်ဆက်ဆံရေးဘက် အတွေ့အကြုံရှိနှင့်လျှင် အထောက်အကူမဖြစ်နိုင်ပေလော။ မဖြစ်နိုင်။ ဇနီးမောင်နှံ၏ရင်းနှီးမှုကိုသာပျက်ပြားစေသဖြင့် ဆန့်ကျင်ဘက်ရလဒ်ကိုသာရ၏! လက်မထပ်မီ ဆက်ဆံကြသောအခါ ကိုယ့်ကျေနပ်မှု၊ မေထုန်၏ကာယပိုင်းကိုသာ အဓိကထားကြသည်။ အထိန်းအကွပ်မဲ့သည့်တဏှာရာဂစိတ်ကြောင့် တစ်ဦးကိုတစ်ဦး လေးစားခြင်းမရှိ။ ထိုသို့သောတစ်ကိုယ်ကောင်းဆန်သည့်အကျင့် မွေးမိပြီဆိုလျှင်ဖျောက်ဖျက်ဖို့မလွယ်တော့။ အဆုံး၌ ဆက်ဆံရေးကို ပျက်ပြားစေနိုင်သည်။
အိမ်ထောင်ရေး၌မူ မွန်မြတ်သောဆက်ဆံရေးအတွက် အထိန်းအကွပ်၊ ချုပ်တည်းခြင်း မရှိမဖြစ်။ အာရုံပြုရမည့်အရာမှာ ရယူခြင်းမဟုတ်။ ‘လင့်ဝတ် မယားဝတ်ကိုပြုလျက် တစ်ယောက်အလိုကို တစ်ယောက် ဖြည့်တင်းပေးရန်’ ဖြစ်သည်။ (၁ ကောရိန္သု ၇:၃၊ ၄) ပျိုရည်သန့်အောင်ထိန်းသိမ်းနေထိုင်ခြင်းဖြင့် ချုပ်တည်းခြင်းကိုမွေးမြူနိုင်သည်။ ၎င်းသည် မိမိလိုအင်ဆန္ဒထက် သူတစ်ပါး၏အကျိုးကိုရှေ့ရှုတတ်ရန် သင်ကြားပေး၏။ ထို့ပြင် အိမ်ထောင်ရေးသာယာမှုဆိုသည်မှာ ကိုယ်ကာယဘက်ကျေနပ်ရုံသာမဟုတ်ကြောင်း သတိရပါ။ လူမှုရေးပညာရှင် ဆေမော်ဖစ်ရှာက အမျိုးသမီးတစ်ဦး၏လိင်ဆိုင်ရာတုံ့ပြန်မှုသည် “သူမ၌ [မိမိလင်သားအပေါ်] ရင်းနှီးမှု၊ တွယ်တာမှုနှင့် အားထားမှု” ရှိမရှိဟူသောအချက်ပေါ်လည်းကောင်း၊ ခင်ပွန်းဖြစ်သူ “မိမိဘက်တွင်ရပ်တည်မှုရှိမရှိ၊ ...ခင်ပွန်းအပေါ်မိမိမည်မျှအထိယုံကြည်မှုရှိသည်” ဟူသောအချက်ပေါ်လည်းကောင်း မူတည်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
စိတ်ဝင်စားဖွယ်အချက်မှာ၊ အိမ်ထောင်ရှင်မ ၁၇၇ ဦးကိုလေ့လာရာ၌ လက်မထပ်မီ လိင်ဆက်ဆံခဲ့သူ လေးပုံသုံးပုံက မိမိတို့သည်လက်ထပ်ပြီးနောက် ရက်သတ္တပတ်နှစ်ပတ်အတွင်း လိင်ဆက်ဆံမှု၌ အခက်အခဲတွေ့ခဲ့ကြကြောင်းတင်ပြကြသည်။ ထို့ပြင့် ရေရှည်အခက်အခဲတွေ့သူများအားလုံး “လက်မထပ်မီလိင်ဆက်ဆံခဲ့သည့်ရာဇဝင်ရှိ” ခဲ့သည်။ လက်မထပ်မီလိင်ဆက်ဆံသူတို့သည် လက်ထပ်ပြီးနောက် ဖောက်ပြားရန်အလားအလာ နှစ်ဆပင်ရှိကြောင်းထပ်လောင်းသိရှိရသည်! “မတရားမေထုန်...သည် စိတ်ရင်းကောင်းကို တိုက်ယူသွားတတ်၏” ဟူသော သမ္မာကျမ်းစာ၏အဆို မှန်လှသည်တကား။—ဟောရှေ ၄:၁၁၊ ကဘ။
ထို့ကြောင့် ‘သင်ကြဲသည့်အတိုင်း သင်ရိတ်ရလိမ့်မည်။’ (ဂလာတိ ၆:၇၊ ၈) တဏှာရာဂကိုကြဲလျှင် သံသယစိတ်နှင့် မလုံခြုံစိတ်ကို တောင်ပုံယာပုံ ရိတ်သိမ်းရလိမ့်မည်။ ချုပ်တည်းခြင်းကိုကြဲလျှင်မူ၊ မောင်နှံစပ်ကြားသစ္စာရှိမှုနှင့် လုံခြုံမှုတို့ကို ရိတ်သိမ်းရပါလိမ့်မည်။ အထက်ဆိုခဲ့သောအက်စတာသည် ထိုအချိန်မှစ၍ယခုတိုင် အနှစ်များစွာ အိမ်ထောင်ရှင်မအနေဖြင့် မွေ့လျော်နိုင်ခဲ့ပေသည်။ သူမ၏ခင်ပွန်းက ဤသို့ဆို၏– “ကိုယ့်ချစ်ဇနီးရှိရာ ကိုယ့်အိမ်ကိုပြန်လာတဲ့အခါ မေ့ကိုမောင်သာပိုင်၊ မောင့်ကိုမေသာပိုင် ဆိုတဲ့အသိစိတ်ကြောင့် ခံစားရတဲ့ပီတိဟာ တုမနိုင်နှိုင်းမရ လောက်အောင်ပါပဲ။ ခုလိုယုံကြည်စိတ်ချမှုမျိုးကို ဘာနဲ့မှ အစားထိုးလို့မရနိုင်ပါဘူး။”
လက်ထပ်သည့်နေ့အထိ စောင့်ဆိုင်းသောသူတို့သည် ဘုရားသခင့်စိတ်တော်ကို မိမိတို့က ရွှင်လန်းစေကြောင်း သိရသဖြင့် စိတ်ငြိမ်သက်ခြင်းကိုလည်း ခံစားကြရပေသည်။ သို့ပါလျက်ကယ် ယခုခေတ်တွင် ပျိုရည်မပျက်အောင် လွယ်လွယ်နှင့်ထိန်းသိမ်းနိုင်သည်မှာ ဝေလာဝေး။ အဘယ်ရာက အထောက်အကူများ ပြုနိုင်မည်နည်း။
ဆွေးနွေးရန်မေးခွန်းများ
◻သင်သိကျွမ်းသောလူငယ်များဘောင်တွင် လက်မထပ်မီလိင်ဆက်ဆံသည့်အကျင့် မည်မျှတိုင်ပျံ့နှံ့သနည်း။ ၎င်းကြောင့် သင်သည်အခက်အခဲ သို့မဟုတ် သွေးဆောင်တိုက်တွန်းခြင်းခံရသလော။
◻လက်မထပ်မီ လိင်ဆက်ဆံခြင်း၏ မကောင်းသောနောက်ဆက်တွဲရလဒ် အချို့ကားအဘယ်နည်း။ ဤအဖြစ်ဆိုးမျိုးနှင့်ကြုံရသော လူငယ်များနှင့်တွေ့ဘူးသလော။
◻ပဋိသန္ဓေတားခြင်းသည် ဆယ်ကျော်သက်များကိုယ်ဝန်ဆောင်သည့်ပြဿနာ၏ ဖြေရှင်းနည်းလော။
◻အချို့သူများ တရားမဝင်သောမေထုန်မှီဝဲပြီးနောက် အဘယ်ကြောင့်စိတ်ညစ်စွန်းခြင်းနှင့် စိတ်ပျက်ခြင်း ခံစားကြရသနည်း။
◻လိင်ဆက်ဆံခြင်းသည် လက်မထပ်သေးသောစုံတွဲအား ပို၍နီးကပ်စေနိုင်သည်ဟု သင်ယူမှတ်ပါသလော။ သင် အဘယ်ကြောင့် ဤသို့ဖြေသနည်း။
◻စုံတွဲတစ်တွဲသည် ရည်းစားဘဝ၌ တစ်ယောက်အကြောင်းတစ်ယောက် မည်သို့သိကျွမ်းနိုင်သနည်း။
◻လက်ထပ်သည့်နေ့တိုင် ပျိုရည်သန့်သန့်နေထိုင်ခြင်းသည် အဘယ်အကျိုးကျေးဇူးများရှိသည်ဟု သင်ထင်သနည်း။
[စာမျက်နှာ ၁၈၂ ပါအကျဉ်းဖော်ပြချက်]
“ဆယ်ကျော်သက်ရွယ်အချိန် သံဝါသမပြုသေးသော လူငယ်ဆိုသည်မှာ ခြွင်းချက်ဖြစ်သည်။”—အဲလ်လန် ဂတ်မတ်ချာသိပ္ပံ
[စာမျက်နှာ ၁၈၇ ပါအကျဉ်းဖော်ပြချက်]
“စိတ်ပျက်စရာကြီး—အထင်နဲ့အမြင်တလွဲစီ။ မေတ္တာရဲ့အေးမြတဲ့ ခံစားချက်ရှိမှမရှိဘဲ”
[စာမျက်နှာ ၁၉၀ ပါအကျဉ်းဖော်ပြချက်]
စုံတွဲသည်လက်မထပ်မီလိင်ဆက်ဆံလိုက်သောအခါ နောက်ကြောင်းမပြန်နိုင်တော့သည့်မျဉ်းကြောင်းကို ဖြတ်ကျော်လိုက်ကြ၏!
[စာမျက်နှာ ၁၈၄ ပါလေးထောင့်ကွက်နှင့် ရုပ်ပုံ]
‘ငါ ဒီအဖြစ်မျိုး မဖြစ်နိုင်တာကြီး!’ — ဆယ်ကျော်သက် ကိုယ်ဝန်ရသည့်ပြဿနာ
“ဆယ်ကျော်သက် ၁၀ ယောက်လျှင် တစ်ယောက်ထက်မက နှစ်စဉ် ကိုယ်ဝန်ရလျက်ရှိပြီး ၎င်းအချိုးအစားသည်မြင့်တက်လျက်နေသည်။ လက်ရှိပုံစံအတိုင်းသွားလျှင် အမျိုးသမီး ၁၀ ယောက်အနက် လေးယောက်သည် ဆယ်ကျော်သက်အရွယ်၌ အနည်းဆုံးကိုယ်ဝန်တစ်ကြိမ်ရလိမ့်မည်။” ဆယ်ကျော်သက် ကိုယ်ဝန်ရခြင်း။ မပြေလည်သေးသည့်ပြဿနာ ဟူသောစာအုပ်က အထက်ပါအတိုင်းရေးသားလိုက်သည်။ မည်သို့သောမိန်းကလေးများ ကိုယ်ဝန်ရတတ်ကြသနည်း။ လူပျိုအပျိုဖြန်း ဟူသောစာအုပ်က ဤသို့ဆို၏– “ကိုယ်ဝန်ရ ကျောင်းသူများသည် လူမှုရေး စီးပွားရေးအတန်းအစား အလွှာလွှာမှလာကြသည်။ ... လူအမျိုးမျိုး၊ ဘာသာအစုံစုံ၊ ကျေးလက်မကျန်၊ မြို့ပြမရွေး၊ တစ်နိုင်ငံလုံး၏ အရပ်ဒေသအားလုံးမှဖြစ်သည်။”
တကယ်ကိုယ်ဝန်ရချင်သောမိန်းကလေး ရှားပါသည်။ ဖရန့် ဖာစတင်ဘတ်က ကိုယ်ဝန်ဆောင်ဆယ်ကျော်သက် ၄၀၀ နှင့်ပတ်သက်၍ သမိုင်းဝင်လေ့လာချက်တစ်ရပ်ပြုခဲ့ရာ အောက်ပါအတိုင်းဖွင့်ဆိုခဲ့သည်– “အင်တာဗျူးလုပ်စဉ် အများစုက ‘ကျွန်မ ဒီလိုဖြစ်လိမ့်မယ်လို့ လုံးဝမထင်ခဲ့ဘူး’ ဆိုပြီး ထပ်ခါတလဲလဲပြောကြပါသည်” ဟူ၍ တင်ပြ၏။
သို့သော် အချို့မိန်းကလေးများက အချို့သောသူငယ်ချင်းများ အပျော်အပါးလိုက်စားလျက်နှင့် ကိုယ်ဝန်မရဘဲနေနိုင်သည်ကိုအားကျကာ ကိုယ်လည်းလုပ်နိုင်သည်ဟု တွက်ဆကြလေသည်။ “တော်တော်များများက ‘ချက်ချင်းလက်ငင်း’ ကိုယ်ဝန်ရနိုင်လိမ့်မယ်လို့ မထင်ခဲ့ဘူးဟုဆိုကြပါသည်။ အချို့က ‘တစ်ခါတလေ’ သာပျော်ပါးရင် ကိုယ်ဝန်ရနိုင်မှာမဟုတ်ဘူးဟုလည်း ပြောကြသေးသည်။ ... ကိုယ်ဝန်မရကြလေလေ၊ စွန့်စားကြလေလေ။” ဖာစတင်ဘတ်က ထိုသို့ဆက်လက်ပြောကြား၏။
သို့သော် အမှန်တရားကား၊ ကိုယ်လက်နှီးနှောတိုင်း ကိုယ်ဝန်ရနိုင်သည်။ (မိန်းကလေး ၅၄၄ ဦးပါဝင်သော အုပ်စုတစ်စု၌ ‘လိင်ဆက်ဆံမှုအစပြုသည့်နောက် ခြောက်လအတွင်း ကိုယ်ဝန်ရသူမှာ ငါးပုံတစ်ပုံနီးပါးရှိသည်။’) ရော်ဘင်အမည်ရှိ အိမ်ထောင်မပြုသေးသောမိခင်တစ်ဦးကဲ့သို့ မိန်းကလေး တော်တော်များများမှာ ပဋိသန္ဓေတားနည်းကို တမင်မသုံးဘဲနေကြသည်။ ရော်ဘင်က လူငယ်များစွာနည်းတူ၊ ပဋိသန္ဓေတားဆေး သုံးစွဲလျှင် ကျန်းမာရေးထိခိုက်မှာစိုးရိမ်၏။ ထို့ပြင် သူမက “ကျွန်မပဋိသန္ဓေတားဆေးမှီဝဲလို့ရှိရင် ကျွန်မဟာ မလုပ်သင့်တာကိုလုပ်နေတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုဝန်ခံရမဲ့ကိန်းဆိုက်နေတယ်။ ဒါကိုကျွန်မ ဝန်မခံနိုင်ဘူး။ ဒါကြောင့် ကျွန်မလုပ်ရပ်ကိုကျွန်မ မေ့ပစ်လိုက်တယ်။ ပြီးတော့ ဘာမှမဖြစ်ပါစေနဲ့ဆိုပြီးသာမျှော်လင့်ခဲ့တယ်” ဟူ၍လည်း ထပ်လောင်းပြောကြားပါသည်။
ထိုသို့သောတွေးတောပုံသည် အိမ်ထောင်မပြုသေးသောမိခင်များဘောင်တွင် ရိုးနေ၏။ ဖာစတင်ဘတ်၏သုတေသနပြုချက်၌၊ “ဆယ်ကျော်သက်
တစ်ဝက်နီးပါးက အမျိုးသမီးတစ်ဦး မေထုန်မမှီဝဲခင် လက်ထပ်တဲ့နေ့အထိ စောင့်ဆိုင်းဖို့အရေးကြီးတယ်ဟုဆိုကြသည်။ ... အပြောနှင့်အလုပ် သိသိသာသာကြီး ရှေ့နောက်မညီဖြစ်နေသည်မှာ ငြင်းဆန်စရာမရှိ။ ... သူတို့သင်ကြားခဲ့သည့်စံကတစ်မျိုး၊ နေနေကျ လက်တွေ့ဘဝမှာအသုံးပြုသည့်စံက နောက်တစ်မျိုးဖြစ်နေသည်။” အနှီစိတ်တွင်းပဋိပက္ခကြောင့်၊ “အဆိုပါအမျိုးသမီးများခမျာ မိမိတို့လိင်မှုအလေ့အကျင့်များ၏ နောက်ဆက်တွဲအကျိုးရလဒ်များကို လက်တွေ့ကျကျ ကိုင်တွယ်ဖြေရှင်းရေးတွင် အကျပ်ရိုက်နေကြရှာသည်။”ပဋိသန္ဓေတားနည်းကိုအသုံးပြုသည့်တိုင် လက်မထပ်ဘဲအမေဖြစ်ရသည့်ဘဝနှင့် လွတ်ကင်းနိုင်မည်ဟုအာမ မခံပါ။ ကလေးရကြသောကလေးများ ဟူသောစာအုပ်က အောက်ပါအချက်ကိုသတိရစေသည်– “နည်းတိုင်း မအောင်မြင်မှုနှုန်းဟူသည် ရှိစမြဲ။... လက်မထပ်သေးသည့်ဆယ်ကျော်သက်များ အမြဲတမ်းပဋိသန္ဓေတားနည်းများကိုသုံးကြသည်တိုင်...[အမေရိကန်ပြည်ထောင်စုတွင်] မိန်းကလေး ၅၀၀,၀၀၀ နှစ်စဉ်ကိုယ်ဝန်ရဦးမည်သာ။” သို့တင်ပြသည့်နောက်၊ ၁၆ နှစ်အရွယ် ပက်အမည်ရှိ လက်မထပ်သေးသည့်မိခင်၏ ညည်းတွားစကားကို ကိုးကားလိုက်သည်။ “ကျွန်မ [ပဋိသန္ဓေတားဆေး] မပျက်မကွက် သုံးခဲ့ပါတယ်။ တစ်နေ့မှ မပျက်ကွက်ခဲ့ပါဘူး။ တကယ်ပါ။”
“အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကိုခံတော်မမူ။ လူသည်မျိုးစေ့ကြဲသည့်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်” ဟုသမ္မာကျမ်းစာက သတိပေး၏။ (ဂလာတိ ၆:၇) ကိုယ်ဝန်ရခြင်းသည် မတရားမေထုန်မှ ရိတ်သိမ်းရသော မနှစ်မြို့ဖွယ်အသီးအနှံတစ်မျိုးသာဖြစ်သည်။ ဝမ်းသာစရာမှာ၊ သီလပျက်ပြားခြင်းကျော့ကွင်းအတွင်း ကျော့မိသောအခြားသူများအားလုံးနည်းတူ လက်မထပ်သေးသော မိခင်ကလေးများသည် ဦးလှည့်၍ ဒါဝိဒ်မင်းကဲ့သို့သောနောင်တဖြင့် ဘုရားသခင်ထံတော်သို့ ချဉ်းကပ်နိုင်ပေသည်။ ဒါဝိဒ်ဤသို့ဆုတောင်းခဲ့သည်– “ဒုစရိုက်အညစ်အကြေးကိုအကုန်အစင်ဆေးကြော၍ အကျွန်ုပ်ကိုသန့်ရှင်းစေတော်မူပါ။” (ဆာလံ ၅၁:၂) ဤသို့သောနောင်တရသူများသည် မိမိတို့၏သားသမီးများကို “ယေဟောဝါ၏ဆုံးမခြင်းနှင့် စိတ်ပိုင်းဆိုင်ရာထိန်းကျောင်းခြင်းနှင့်တကွ” ကျွေးမွေးပျိုးထောင်လျှင် သူတို့၏လုံ့လကို ကိုယ်တော်ကောင်းချီးပေးတော်မူမည်။—ဧဖက် ၆:၄။
သို့သော်၊ လက်မထပ်မီ လိင်ဆက်ဆံခြင်းကိုရှောင်လျှင်သာ၍ကောင်း၏! လုပ်သလိုမခံရပါဘူး ဆိုသောအပြောမျိုး၏ လှည့်ဖြားမှုကိုမခံပါနှင့်။
[စာမျက်နှာ ၁၈၃ ပါရုပ်ပုံ]
လူငယ်တစ်ဦးသည် လိင်ဆက်ဆံပြီးသည့်နောက်၌ အညွန့်ချိုးခံရုံမက၊ အသရေဖျက်ခံရသည်ဟုပင်ခံစားရတတ်သည်
[စာမျက်နှာ ၁၈၆ ပါရုပ်ပုံ]
လိင်ဆက်ဆံမှုဖြင့်ကူးစက်သောရောဂါများသည် များသောအားဖြင့် လက်မထပ်မီ လိင်ဆက်ဆံခြင်း ကြောင့်ဖြစ်သည်
[စာမျက်နှာ ၁၈၈ ပါရုပ်ပုံ]
စုံတွဲသည် ချစ်ခင်ကြင်နာသောအပြုအမူ လွန်ကဲပါက ဖောက်ပြားခြင်းအန္တရာယ် ဖြစ်ပေါ်နိုင်သည့်အပြင် အဓိပ္ပာယ်ပြည့်ဝသောပြောဆိုဆက်ဆံမှု လျော့နည်းသွားဖို့အကြောင်းရှိသည်
[စာမျက်နှာ ၁၈၉ ပါရုပ်ပုံ]
အကြင်ဇနီးမောင်နှံ၏ အိမ်ထောင်သာယာမှုဟူသည် ခန္ဓာပိုင်းဆိုင်ရာထိတွေ့ ဆက်ဆံမှုပေါ်သာမူတည်သည်မဟုတ်