လက်မထပ်မီ သံဝါသပြုတာကို ဘယ်လိုငြင်းဆန်နိုင်မလဲ
အခန်း ၂၄
လက်မထပ်မီ သံဝါသပြုတာကို ဘယ်လိုငြင်းဆန်နိုင်မလဲ
ဆယ်ကျော်သက် မဂ္ဂဇင်းက (အမေရိကန်နိုင်ငံ) တစ်နိုင်ငံလုံး၌ လေ့လာချက်တစ်ရပ်ကောက်ခံခဲ့ရာ စာရှုသူလူငယ်အမြောက်အမြားက မိမိတို့သည် အောက်ပါမေးခွန်းနှင့်ပတ်သက်သောအကြောင်းကို ဖတ်ရှုလိုကြောင်းတင်ပြခဲ့သည်– “လိင်ဆက်ဆံရန် ဖြားယောင်းတိုက်တွန်းမှုကို မည်သို့ငြင်းဆန်နိုင်ကြောင်း။”
ဆာလံ ၁၁၉:၉ ၌ ဆာလံဆရာလည်း အလားတူမေးခွန်းထုတ်ခဲ့သည်– “လူပျို [အပျို] သည် မိမိသွားသောလမ်းကိုအဘယ်သို့ သန့်ရှင်းစေနိုင်ပါမည်နည်း။” အဖြေမှာ– “[ဘုရားသခင့်] နှုတ်ကပါဌ်တော်အတိုင်း သတိပြုရမည်။” သို့သော် ဦးနှောက်အသိဉာဏ်ရှိရုံနှင့် မလုံလောက်ပါ။ မိန်းမငယ်တစ်ဦးက ဤသို့ဝန်ခံ၏– “စာရိတ္တပျက်လိင်ဆက်ဆံမှုနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာဘယ်လိုပြောသလဲဆိုတာကို ဦးနှောက်ထဲမှာကောင်းကောင်းသိပေမဲ့ နှလုံးက ဒီအကြောင်းရင်းတွေကို ဦးနှောက်ထဲကနေ တွန်းထုတ်နေပါတယ်။” ထို့ကြောင့် ဆာလံဆရာက “ကိုယ်တော်ကိုမပြစ်မှားဘဲနေနိုင်မည်အကြောင်း ဗျာဒိတ်တော်ကို နှလုံးထဲမှာ [အမြတ်တနိုး၊ ကဘ] သိုထားပါပြီ” ဟူ၍ လျောက်ပတ်စွာဆက်လက်စပ်ဆိုထားသည်။—ဆာလံ ၁၁၉:၁၁။
နှလုံးကိုကာကွယ်ပါ
ဘုရားသခင့်ဗျာဒိတ်တော်ကို အမြတ်တနိုး နှလုံးသွင်းရာ၌ အဦးဆုံး၊ ကျမ်းစာနှင့် ကျမ်းစာကိုအခြေပြု၍ ရေးသားသောစာအုပ်စာတမ်းများကို ဖတ်ရှုလေ့လာရပါမည်။ သို့ပြုခြင်းသည် ဘုရားသခင့်ပညတ်များ၏တန်ဖိုးကိုယုံကြည်ရန် ထောက်ကူမည်ဖြစ်သည်။ တစ်ဖက်သို့ကြည့်ပြန်လျှင်၊ ကာမရာဂနှိုးဆွသောအကြောင်းအရာများကိုဖတ်ရှု နားထောင်၊ ကြည့်ရှုခြင်းသည် “ကာမရမ္မက်” ကိုထကြွစေ၏။ (ကောလောသဲ ၃:၅၊ ကဘ) ထို့ကြောင့် ထိုသို့သောအကြောင်းအရာများကို အကြွင်းမဲ့ရှောင်ကြဉ်ပါ! ၎င်းအရာများအစား၊ စင်ကြယ်သန့်ရှင်းသောအရာများကို တွေးတောဆင်ခြင်ပါ။
အဆိုပါသုတေသနပြုချက်က စင်ကြယ်စွာနေနိုင်မနေနိုင်၊ မိမိ၏ရင်းနှီးသောသူငယ်ချင်းများ၏ ဩဇာလွှမ်းမိုးမှုပေါ် များစွာမူတည်ကြောင်း ဆက်လက်တင်ပြ၏။ ဆာလံဆရာ ဤသို့ဆို၏– “ကိုယ်တော်ကို ကြောက်ရွံ့သောသူ၊ ပေးတော်မူသောသြဝါဒကို နားထောင်သောသူရှိသမျှတို့နှင့် အကျွန်ုပ်ပေါင်းဖော်တတ်ပါ၏။”—ဆာလံ ၁၁၉:၆၃။
သင့်သူငယ်ချင်းများသည် ‘ဘုရားသခင့်သြဝါဒများကို နားထောင်သောသူ’ မှန်သလော။ အပေါင်းအသင်းရွေးချယ်ခြင်းနှင့်ပတ်သက်၍ ဂျိုအဲနာဆိုသောမိန်းမငယ်တစ်ဦးက ဤသို့ဆို၏– “ကိုယ်ဟာ ယေဟောဝါကိုချစ်တဲ့လူတွေကြားထဲမှာနေရင် သီလနဲ့ပတ်သက်ပြီးပြောကြဆိုကြတဲ့အခါ သူတို့တွေးသလို ကိုယ်လည်းတွေးခေါ်လာတာကို သတိပြုမိပါလိမ့်မယ်။ ဥပမာ၊ သီလဖောက်ပြန်ခြင်းဟာ ရွံဖို့ကောင်းတယ် ဆိုပြီးပြောတာကိုကြားရတဲ့အခါ ကိုယ်လည်းအလားတူခံစားရတယ်။ တစ်ဖက်ကိုကြည့်ပြန်ရင်၊ ဒါတွေကိုအရေးမစိုက်တဲ့လူနဲ့နေလို့ရှိရင် ခဏတွင်းချင်း ကိုယ်လည်းသူ့လိုဖြစ်သွားပါတယ်။”—သု. ၁၃:၂၀။
သို့ရာတွင် ရည်းစားချိန်းတွေ့ခြင်းနှင့် ပိုးပန်းခြင်းသည် စင်ကြယ်စွာနေထိုင်ခြင်းအတွက် အခက်အခဲဆုံးဖြစ်၏။ ရောဘတ် စိုရင်စင်၏ ပြည်လုံးကျွတ်သုတေသနပြုချက်ကိုသုံးသပ်ကြည့်ပါ။ လိင်ဆက်ဆံဖူးသူ အမေးခံ သက်ငယ်အမျိုးသား ၅၆ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၈၂ ရာခိုင်နှုန်းတို့က မိမိတို့သည် ချိန်းတွေ့နေကျချစ်သူ—သို့မဟုတ် ယုတ်စွအဆုံး သိကျွမ်း၍အလွန်ခင်မင်သူတစ်ဦးနှင့်ရှိစဉ်အခါ ပထမအကြိမ် ကိုယ်လက်နှီးနှောခဲ့ခြင်းဖြစ်ကြောင်းတွေ့ရှိရသည်။ သို့သော် သင်သည်အိမ်ထောင်ပြုနိုင်သည့်အရွယ်ရောက်၍ တစ်ဦးတစ်ယောက်နှင့် ချိန်းတွေ့လျက်ရှိသည်ဆိုလျှင်မည်သို့နည်း။ စင်ကြယ်စွာနေထိုင်ရင်း ထိုသူ့အကြောင်းကိုကောင်းစွာသိကျွမ်းနိုင်ရန် မည်သို့ပြုနိုင်မည်နည်း။
ပိုးပန်းစဉ် ကျော့ကွင်းကိုရှောင်
သမ္မာကျမ်းစာက “နှလုံးသည်အရာခပ်သိမ်းထက်စဉ်းလဲ၍ ဆိုးရွားသောအခြေအနေ၌ရှိ၏။ မည်သူနားလည်နိုင်သနည်း” ဟု သတိပေး၏။ (ယေရမိ ၁၇:၉၊ ဘိုင်ယင်တန်) လူတစ်ဦးသည် လိင်ခြားသူတစ်ဦး၏ ရာခိုင်နှုန်းပြည့် ပုံမှန်ဆွဲဆောင်မှုကိုခံရကောင်း ခံရမည်။ သို့သော် နှစ်ယောက်အတူနေလေ ဆွဲဆောင်မှုပို၍ကြီးလေ။ အဆိုပါပုံမှန်ဆန္ဒသည် နှလုံးကိုလမ်းလွဲစေနိုင်၏။ “မကောင်းသောကြံစည်ခြင်း၊ ... မိန်းမလွတ်နှင့်မှားယွင်းခြင်း [မတရားမေထုန်] ... တို့သည် နှလုံးထဲကထွက်လာ” ၏ဟုယေရှုခရစ် မိန့်တော်မူသည်။—မဿဲ ၁၅:၁၉။
လူငယ်စုံတွဲတို့သည် လိင်ဆက်ဆံရန်ကြံရွယ်လေ့မရှိ။ * များသောအားဖြင့် အင်္ဂါများကို နမ်းရှုံ့ပွတ်သပ်ခြင်း၊ သို့မဟုတ် နှိုးဆွသည့်သဘောဖြင့်ထိတွေ့ကိုင်တွယ်ခြင်းကြောင့် လိင်ဆက်ဆံကြခြင်းဖြစ်သည်။ လက်မထပ်ခင် မိခင်ဖြစ်နေသူတစ်ဦးက ဤသို့ဝန်ခံသည်– “ကျွန်မနဲ့ကျွန်မသိတဲ့ကလေးတွေဟာ တစ်ကြိမ်နဲနဲတိုးပြီးလုပ်ရာက နောက်ဆုံး အပျိုဘဝဆုံးရှုံးသွားတာပါပဲ။ ပွတ်သပ်ယုယတာလေးက စတာပါ။ သတိတရားရလာတဲ့အခါ မရပ်နိုင်၊ မဆုတ်နိုင်ဖြစ်ခဲ့တယ်လေ။”
လိင်စာရိတ္တပျက်ပြားခြင်းညွတ်ကွင်းထဲသို့ သင်ကိုယ်တိုင်မကျဆင်းရအောင်၊ သင့်နှလုံးကိုထိန်းကျောင်းရမည်။ နှလုံး၏ပဲ့ထိန်းခြင်းကိုမခံနှင့်။ (သု. ၂၃:၁၉) နှလုံးကိုမည်သို့ ပဲ့ထိန်းနိုင်သနည်း။
ကန့်သတ်ချက်ထားပါ– ကိုယ်ကစပြီးနမ်းဖို့၊ ပွတ်သပ်ယုယဖို့ ကိုယ့်ရည်းစားက မျှော်လင့်နေသည်ဟု ယောက်ျားကလေးက ထင်ချင်ထင်မည်။ တကယ်မှာတော့၊ မိန်းကလေးဖက်က ဟုတ်ချင်မှဟုတ်မည်။ “ထောင်လွှားခြင်းသည် ခိုက်ရန်ကိုသာဖြစ်ပွားစေသည်။ သို့သော် အချင်းချင်းတိုင်ပင်သူတို့မှာမူ ပညာရှိ၏။” (သု. ၁၃:၁၀၊ ကဘ) ထို့ကြောင့် သင်သည် ချိန်းတွေ့လျှင် ဤအချက်နှင့်ပတ်သက်၍ “အချင်းချင်းတိုင်ပင်” ကာမိမိယူဆချက်ကို တစ်ဖက်သားအား သိရှိပါစေ။ ပညာရှိရှိ ယုယမှုကိုကန့်သတ်ပါ။ တစ်ချိန်တည်းတွင် မပီပြင်သောလက္ခဏာကိုမပြနှင့်။ ကျပ်တည်းပေါ်လွင်၍ ရာဂစိတ်ကိုထကြွစေသောအဝတ်ကိုဝတ်ဆင်လျှင် တစ်ဖက်သား အထင်လွဲမှားနိုင်သည်။
သွေးဆောင်သောအခြေအနေမျိုးကိုရှောင်– သမ္မာကျမ်းစာ၌ မိန်းမပျိုတစ်ဦး၏ရည်းစားက မိန်းမပျိုအား တောတောင်အတွင်း ဆိတ်ငြိမ်သည့်နေရာသို့ အပျော်သဘောသွားကြရန် ခေါ်သည့်အကြောင်း ရေးသားထားသည်။ သူ့ရည်ရွယ်ချက်မှာ မည်သို့နည်း။ နွေဦးပေါက်ရာသီ၏အလှကို ခံစားကြရန်ဖြစ်သည်။ သို့ရာတွင် မိန်းကလေး၏အစ်ကိုများက ယင်းအပျော်ခရီးအကြောင်းကိုကြားသိသဖြင့် စိတ်ဆိုးဆိုးနှင့် ပိတ်ပင်ခဲ့ကြသည်။ သူတို့က ညီမဖြစ်သူ သီလဖောက်ချင်သည်ဟု ယူမှတ်ကြ၍လော။ လုံးဝမဟုတ်! သို့ရာတွင် ထိုသို့သောအခြေအနေမျိုးအောက်၌ သွေးဆောင်ခြင်းမည်မျှပြင်းထန်သည်ကို သိသောကြောင့်တည်း။ (ရှောလမုန်သီချင်း ၁:၆; ၂:၈-၁၅) ထို့နည်းတူ၊ သင်လည်း ကိုယ်ချိန်းတွေ့သောသူနှင့် နှစ်ယောက်တည်း အိမ်၊ တိုက်ခန်း၊ သို့မဟုတ် ရပ်နေသောကားအတွင်း၌နေခြင်း စသောသွေးဆောင်ခြင်းသို့ ရောက်စေနိုင်သည့်အခြေအနေများကို ရှောင်သင့်သည်။
ကိုယ့်ပျော့ကွက်ကို သိပါ– လိင်သွေးဆောင်မှုအောက် ခါတိုင်းထက် လွယ်လွယ်နှင့် အညံ့ခံသည့်အခါများ ရှိတတ်သည်။ ဥပမာ၊ ကိစ္စတစ်ရပ်တွင် အရေးနိမ့်ခဲ့၍ဖြစ်စေ၊ မိဘများနှင့်သဘောချင်းမတိုက်ဆိုင်၍ဖြစ်စေ စိတ်ဓာတ်ကျနေသည့်အခိုက်ဖြစ်ချင်ဖြစ်မည်။ မည်သို့ဖြစ်စေ၊ ထိုအခါမျိုးတွင် အထူးသတိပြုရန်လိုသည်။ (သု. ၂၄:၁၀) အရက်ယမကာသောက်သုံးခြင်းနှင့်ပတ်သက်၍လည်း သတိတရားလက်ကိုင်ထားပါ။ အရက်ဩဇာအောက်၌ သင့်ချုပ်တည်းစောင့်စည်းမှု ပျက်ပြယ်သွားနိုင်သည်။ “ဝိုင်အရက်နှင့်ဝိုင်အရက်ချိုတို့သည် ... စိတ်ရင်းကောင်းကို တိုက်ယူသွားတတ်၏။”—ဟောရှေ ၄:၁၁၊ ကဘ။
ဘူးပြောပြီး ပြောသည့်အတိုင်းလုပ်ပါ– စုံတွဲအနေနှင့် မိမိတို့သည်စိတ်လှုပ်ရှားသည်ထက်လှုပ်ရှားလာပြီး မှားယွင်းနိုင်လောက်အောင် လက်ပွန်းတတီးရင်းနှီးမှုလွန်ကဲနေပြီဖြစ်ကြောင်းတွေ့ရလျှင် မည်သို့ပြုနိုင်သနည်း။ တစ်ယောက်ယောက်က တစ်ခုခုပြော၊ တစ်ခုခုလုပ်ပြီး အနှီစိတ်ဓာတ်ကိုတိုက်ဖျက်ရလိမ့်မည်။ ဒယ်ဘရာသည် ရည်းစားနှင့် နှစ်ကိုယ်တည်းဖြစ်နေသည်ကိုတွေ့ရ၏။ ရည်းစားက “စကားပြော” ရအောင်ဆိုပြီး ဆိတ်ငြိမ်သောနေရာ၌ ကားကိုရပ်ထားပါသည်။ သူတို့နှစ်ဦး၏စိတ် လှုပ်ရှားသည်ထက်လှုပ်ရှားလာသောအခါ ဒယ်ဘရာက “ဒါဟာအချစ်ပလူးတာမဟုတ်ဘူးလား။ တို့နှစ်ယောက်ရပ်တန်းကရပ်ဖို့ မသင့်ဘူးလား” ဆိုပြီးပြောလိုက်ရာ အနှီစိတ်ဓာတ် ပျက်ပြယ်သွားလေတော့သည်။ သူ့ရည်းစားက ချက်ချင်းပင် ကားကိုအိမ်သို့မောင်းလေသည်။ ယင်းသို့သောအခြေအနေမျိုး၌ ဘူးပြောဖို့ အခက်တကာ့အခက်ဆုံးဖြစ်နိုင်ပေမည်။ သို့သော် အလျှော့ပေးကာလိင်ဆက်ဆံခဲ့သော အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးဆိုသည့်အတိုင်း “ထမသွားရင်ဝမ်းနည်းရလိမ့်မယ်!”
အဖော်ခေါ်လာပါ– အချို့ကရှေးဆန်တယ်လို့ဆိုချင်ဆို၊ ချိန်းတွေ့စဉ် အဖော်တစ်ယောက် ပါရှိခြင်းသည်ကောင်းသောအကြံဖြစ်ဆဲပါ။ အချို့စုံတွဲများက “တို့ကိုမယုံနိုင်တဲ့ပုံမျိုးကျနေတယ်” ဟူ၍ အပြစ်ဆိုပါသည်။ ဟုတ်ချင်လည်းဟုတ်မည်။ သို့သော် ကိုယ့်ကိုယ်ကိုယုံစားသင့်သလော။
နယပုံပြင်ကျမ်း ၂၈:၂၆ ကဘွင်းဘွင်းရှင်းရှင်းပင် ဤသို့ဆိုလိုက်သည်– “မိမိစိတ်နှလုံးကိုကိုးစားသောသူသည် လူမိုက်ဖြစ်၏။ ပညာသတိနှင့် ကျင့်သောသူမူကား ဘေးလွတ်တတ်၏။” ချိန်းတွေ့စဉ် အဖော်ခေါ်လာခြင်းဖြင့် ပညာသတိနှင့်ကျင့်ပါလေ။ “ကိုယ့်အဖော်ကိုယ်ခေါ်လာတဲ့လူကိုကျွန်မ တကယ်လေးစားတယ်။ သူဟာ ကိုယ့်လိုပဲ စင်စင်ကြယ်ကြယ်နေချင်မှန်း သိနိုင်တယ်” ဟူ၍ ဒယ်ဘရာကထုတ်ဖော်ပြောကြား၏။ “ဘာမှမခက်ပါဘူး။ ကျွန်မတို့နှစ်ယောက်ထဲ တိုင်ပင်စရာရှိရင် ခပ်လှမ်းလှမ်းလေးသွားလိုက်ရုံပဲ။ အဆင်မပြေတာလေးရှိတာတောင်မှ ရလာတဲ့ကာကွယ်မှုက ကာမိပါတယ်။”ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်း
အရာရာထက်အရေးကြီးသည်ကား၊ ဘုရားသခင်နှင့် ရင်းနှီးသောမိတ်သဟာယဖြစ်အောင်မွေးမြူပါ။ ကိုယ်တော့်အား ခံစားချက်ရှိသောတကယ့်ပုဂ္ဂိုလ်တစ်ဦးအဖြစ်သိကျွမ်းပါ။ သို့ပြုလျှင် ကိုယ်တော်အား ပြစ်မှားသောအပြုအမူများကို ရှောင်ရှားရန်အထောက်အကူရပါလိမ့်မည်။ ပြဿနာအခက်အခဲများကို အထံတော်၌ တိတိကျကျ တင်ပြ၍နှလုံးဖွင့်ပါက သင်သည်ကိုယ်တော်နှင့်ရင်းနှီးသထက် ရင်းနှီးလာပါလိမ့်မည်။ စင်ကြယ်စွာနေထိုင်လိုသောစုံတွဲများစွာတို့သည် စိတ်လှုပ်ရှားသောအခြေအနေမျိုးနှင့်ကြုံသောအခါ နှစ်ဦးသား ဘုရားသခင်ထံဆုတောင်း၍ ခွန်အားတောင်းလျှောက်ကြပေသည်။
ယေဟောဝါလည်း ထိုသူတို့အား “သာမန်ထက်လွန်ကဲသောအင်အား” ပေးသနားခြင်းဖြင့် ရက်ရက်ရောရောတုံ့ပြန်တော်မူ၏။ (၂ ကောရိန္သု ၄:၇၊ ကဘ) သင့်ဘက်ကလုပ်စရာရှိသည်ကို သင်လုပ်ဆောင်ရမှာတော့ မှန်တာပေါ့။ သို့တစေ၊ ဘုရားသခင့်မစမှု၊ ကောင်းချီးနှင့်အတူ လိင်စာရိတ္တပျက်ပြားခြင်းကို ဧကန်ငြင်းဆန်နိုင်၏။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 12 လေ့လာချက်တစ်ရပ်အရ၊ ၆၀ ရာခိုင်နှုန်းသောအမျိုးသမီးများက မကြံဘဲနှင့် အလိုအလျောက် လုပ်မိလျက်သားဖြစ်သွားသည်ဟုဆိုကြသည်။
ဆွေးနွေးရန်မေးခွန်းများ
◻လိင်နှင့်ပတ်သက်သောယေဟောဝါ၏ပညတ်တော်များကို အမြတ်တနိုးထားတတ်ရန် အဘယ်အရာများ ပြုလုပ်နိုင်သနည်း။
◻သင့်သူငယ်ချင်းများသည် လိင်နှင့်ပတ်သက်သော သင့်ရှုမြင်ပုံပေါ် မည်သို့ ဩဇာလွှမ်းနိုင်သနည်း။
◻ချိန်းတွေ့သောအခါ သတိတရားလက်ကိုင်ထားရန် အရေးကြီးသည်ဟု သင်အဘယ်ကြောင့်ထင်သနည်း။
◻ပိုးပန်းနေသောစုံတွဲသည် လိင်စာရိတ္တပျက်ခြင်းကျော့ကွင်းအတွင်းသို့မကျဆင်းဖို့ အဘယ်အရာများ ပြုလုပ်နိုင်သနည်း။
[စာမျက်နှာ ၁၉၃ ပါအကျဉ်းဖော်ပြချက်]
“ပွတ်သပ်ယုယတာလေးက စတာပါ ...”
[စာမျက်နှာ ၁၉၄ ပါအကျဉ်းဖော်ပြချက်]
ပိုးပန်းစဉ် နှစ်ကိုယ်တည်း သီးခြားမနေခြင်းဖြင့် သီလပျက်မှုကိုရှောင်ပါ
[စာမျက်နှာ ၁၉၅ ပါလေးထောင့်ကွက်နှင့် ရုပ်ပုံ]
ချိန်းတွေ့စဉ် စင်ကြယ်စွာနေထိုင်ခြင်း
ပွတ်သပ်ယုယ၍ အချစ်ပလူးသည့်အဖြစ်သို့ ရောက်စေနိုင်သောအခြေအနေမျိုးကိုရှောင်ပါ
အုပ်စုလိုက်ချိန်းတွေ့ပါ သို့မဟုတ် အဖော်ခေါ်လာပါ
ဆောက်တည်မှုပြုသောစကားများကိုသာ ပြောပါ
ချစ်ခင်ယုယသည့်အပြုအမူကို မည်သည့်အတိုင်းအတာအထိသာ လက်ခံသည်နှင့်ပတ်သက်၍ မိမိအတွဲအား သင့်သဘောထားကို စစချင်း အသိပေးပါ
ဣန္ဒြေရရဝတ်ဆင်ပြီး စိတ်ဆွသည့်အပြုအမူများကိုရှောင်ပါ
သင့်စင်ကြယ်မှုကိုထိပါးလာလျှင် အိမ်ပြန်ပို့ရန်ပြောပါ
ရှည်လျားထွေပြားသော “good-nights” မျိုးကိုရှောင်ပါ။
မရမနေ စောစောအိမ်ပြန်ပါ
[ရုပ်ပုံ]
ပိုးပန်းနေသောစုံတွဲများသည် လူသူနှင့်မပြတ်သော လှုပ်ရှားဆောင်ရွက်မှုများ ပြုလုပ်နိုင်ကြသည်
[စာမျက်နှာ ၁၉၆ ပါရုပ်ပုံ]
အခြေအနေသည် “စိတ်လှုပ်ရှားထကြွဖွယ်ဖြစ်လာလျှင်” ဘူးပြောဖို့သတိရပါ!—ပြီးတော့ ပြောသည့်အတိုင်းလည်းလုပ်ပါ!