ငါ့အနာဂတ်ဟာ ဘယ်လိုများပါလိမ့်
အခန်း ၃၈
ငါ့အနာဂတ်ဟာ ဘယ်လိုများပါလိမ့်
“ကျွန်တော် အနာဂတ်ကိုကြောက်တယ်။ နျူကလီးယားခြိမ်းခြောက်ခံရတဲ့ကမ္ဘာပေါ်မှာ နောင်ရေးဆိုတာ လန့်စရာကြီး။” ဂျာမန်လူငယ်တစ်ဦးက သူ့နိုင်ငံ၏အကြီးမြင့်ဆုံး နိုင်ငံရေးအရာရှိတစ်ဦးနှင့်စကားပြောရာ၌ ထိုသို့ဆိုခဲ့သည်။
သင်လည်း နျူကလီးယားမီးလုံးကြီးအတွင်း လောင်ကျွမ်းပျက်စီးရမည့်အလားအလာဆိုးကြောင့် နောင်ရေးအတွက် သွေးလေချောက်ချားမိကောင်းချောက်ချားမိမည်။ “အမှတ်များများရဖို့ကြိုးစားလို့လည်း ဘာထူးမှာမို့လဲ။ ကမ္ဘာကြီးက ပေါက်ကွဲမဲ့ဥစ္စာ။” လူငယ်တစ်ဦး ထိုသို့ပြော၏။ ကျောင်းနေကလေးများဆိုင်ရာသုတေသနတစ်ရပ်တွင် ယောက်ျားကလေးများက မိမိတို့အကြောက်လန့်ဆုံးအရာမှာ နျူကလီးယားစစ်ပင်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားကြသည်။ မိန်းကလေးများက “ကျွန်မမိဘ” သေဆုံးခြင်းကလွဲလျှင် ၎င်းသည် မိမိတို့အကြောက်ဆုံးဖြစ်ကြောင်း တင်ပြကြသည်။
သို့ရာတွင် နျူကလီးယားမှိုပွင့်ကြီးတစ်ခုတည်းသာ ပေါ်ထွက်လာသောတိမ်မည်းတိမ်ပုပ်ကြီးမဟုတ်။ “လူဦးရေများလွန်းမှု၊ သဘာဝသယံဇာတကုန်ခန်းမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု” တို့၏ခြိမ်းခြောက်ခြင်းအပြင် ကျရောက်အံ့ဆဲဆဲ ကပ်ဘေးများကြောင့် အများသိ စိတ်ပညာရှင် ဘီ အက်ဖ် စကင်းနားက ဤသို့မှတ်ချက်ချခဲ့သည်– “လူသားများ ပျက်ပြုန်းမဲ့ကိန်း ဆိုက်နေပြီနဲ့တူတယ်။ ကျွန်တော် အဆိုးသက်သက်သာမြင်တယ်။ ကျွန်တော်တို့ရဲ့ပြဿနာကို ကျွန်တော်တို့ဖြေရှင်းမှာမဟုတ်ဘူး။ တကယ်ပါ။”
လေ့လာသူ ပညာရှင်များပင် အနာဂတ်ကိုကြိုမြင်ပြီးတုန်လှုပ်မိသည်ဆိုလျှင် လူငယ်များအနေနှင့် “နက်ဖြန်သေကြမည်ဖြစ်၍ ငါတို့သည်စားကြ၊ သောက်ကြ၊ ပျော်ပါးကြကုန်အံ့” ဟူသောသဘောမျိုးရှိကြသည်မှာ မဆန်း။ (၁ ကောရိန္သု ၁၅:၃၂) သင့်အနာဂတ်သည် နိုင်ငံရေးသမားများနှင့် သိပ္ပံပညာရှင်များပေါ်အမှီသဟဲပြုနေပါက တကယ်ပင်စိတ်ညှိုးငယ်ဖွယ်ဖြစ်၏။ အကြောင်းမှာ ယေရမိ ၁၀:၂၃ (သမ) က ဤသို့ဆို၏– “ကိုယ့်သွားရာလမ်းကို လူယုတ်သော်လည်းကောင်း၊ ကိုယ့်ခြေလှမ်းခြင်း၊ လျှောက်သွားခြင်းကို လူမြတ်သော်လည်းကောင်း မပိုင်ကြောင်း၊ အကျွန်ုပ်သိလှပါ၏။”
လူသည် မိမိကိုယ်ကို အုပ်စိုးနိုင်သောအစွမ်း မရှိရုံမျှသာမဟုတ်။ ထိုသို့ပြုရန် “မပိုင်”—ကမ္ဘာမြေကြီး၏အနာဂတ်ကို ဖန်တီးပိုင်ခွင့်မရှိကြောင်း သတိပြုပါလေ။ ယေရမိ ၁၀:၂၄၊ သမ) ဆိုလိုသည်မှာ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် ကျွန်ုပ်တို့၏အနာဂတ်ကို ဖန်တီးတော်မူမည်။ သို့သော် အဘယ်သို့သောအနာဂတ် ဖြစ်မည်နည်း။
ထို့ကြောင့် လူ့လုံ့လသည် မုချပျက်သုဉ်းရမည်သာ။ ယင်းကြောင့် ယေရမိက ဘုရားသခင်ကြားဝင်တော်မူပါဟု ဆုတောင်း၏– “အို [ယေဟောဝါ၊ ကဘ]၊ ... တရားသဖြင့်သာဆုံးမတော်မူပါ။” (ကမ္ဘာ့အတွက် ဘုရားသခင့်ရည်ရွယ်ချက်—နှင့်သင့်အနာဂတ်
ဘုရားသခင်သည် လူကိုဖန်ဆင်းပြီးနောက်မကြာမီ ပထမလူမောင်နှံအား ဤသို့မိန့်တော်မူ၏– “များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သောတိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့။” (ကမ္ဘာဦး ၁:၂၈) ထို့ကြောင့်၊ ဘုရားသခင်သည် လူ့အားကမ္ဘာချီပရဒိသု (ဥယျာဉ်) ၌နေထိုင်နိုင်သောအနာဂတ်ကို ပေးတော်မူခဲ့ပေသည်။
သို့ရာတွင် ပထမလူမောင်နှံသည် ဘုရားသခင့်အုပ်စိုးမှုကို ပုန်ကန်ခဲ့သည်။ နောင်ပိုင်း၌ ရှောလမုန်ဆိုသည့်အတိုင်း၊ “ဘုရားသခင်သည် လူကိုဖြောင့်မတ်အောင်ဖန်ဆင်းတော်မူသော်လည်း၊ လူတို့သည်များပြားသောအကြံအစည်တို့ကို ရှာဖွေကြံစည်ကြပြီ။” (ဒေသနာ ၇:၂၉) လူ့အကြံအစည်တို့သည် ကပ်ဘေးများစွာဖြစ်ပေါ်စေပြီး လက်ရှိလူမျိုးဆက်အား ဝမ်းနည်းပူပန်မှုနှင့် စိတ်ပျက်ဖွယ်အကောင်းဆုံးအနာဂတ်အလားအလာကို အမွေအနှစ်အဖြစ် ထားရစ်ခဲ့လေပြီ။
ဘုရားသခင်သည် ဤကမ္ဘာကို ညစ်ညမ်း၍ ရေဒီယိုဓာတ်ကြွသော သက်မဲ့ကမ္ဘာတစ်လုံးအဖြစ် စွန့်ပစ်ခဲ့ပြီဟုဆိုရတော့မည်လော။ လုံးဝမဖြစ်နိုင်! ကိုယ်တော်သည် “မြေကြီးကိုပြုပြင်ဖန်ဆင်း၍ အမြဲတည်စေတော်မူသောအရှင်၊ အချည်းနှီးဖန်ဆင်းသည်မဟုတ်၊ သတ္တဝါနေစရာအဖို့ ဖန်ဆင်းတော်မူသောဘုရားသခင်” ဖြစ်တော်မူ၏။ ထို့ကြောင့် ကိုယ်တော့်ရည်ရွယ်ချက် မြေကြီးလက်ခတ်မလွဲ ဖြစ်မြောက်လာမည်တည်း!—ဟေရှာယ ၄၅:၁၈; ၅၅:၁၀၊ ၁၁။
သို့သော် ဘယ်အချိန်—ဘယ်နည်းဖြင့်နည်း။ လုကာအခန်းကြီး ၂၁ ကို ဖတ်ပါ။ ထိုတွင် ယေရှုက လက်ရှိရာစုအတွင်း လူသားတို့အား ဘေးပြုလျက်နေသောပြဿနာများကို ကြိုတင်မိန့်ဆိုခဲ့သည်။ ၎င်းတို့မှာ နိုင်ငံတကာစစ်မက်များ၊ မြေငလျင်လှုပ်မှု၊ ရောဂါ၊ ငတ်မွတ်ခေါင်းပါးခြင်း၊ ပျံ့နှံ့သောရာဇဝတ်မှုများဖြစ်ကြသည်။ ထိုအဖြစ်အပျက်များက ဘာကိုပြသနည်း။ ယေရှုကိုယ်တော်တိုင် ဤသို့ရှင်းပြတော်မူ၏– “ထိုအမှုအရာတို့သည်ဖြစ်စရှိသောအခါ၊ သင်တို့ကိုရွေးနှုတ်သော အချိန်ကာလရောက်လုနီးသည်ကို ထောက်သဖြင့်၊ မျှော်ကြည့်၍ ခေါင်းကိုကြွကြလော့။ ... ထိုအကြောင်းအရာများဖြစ်သည်ကိုမြင်ရလျှင် ဘုရားသခင်၏နိုင်ငံတော်တည်လုနီးသည်ကိုသိမှတ်ကြလော့။”—လုကာ ၂၁:၁၀၊ ၁၁၊ ၂၈၊ ၃၁။
ထိုဘုရားနိုင်ငံတော်သည် သင့်အနာဂတ်အတွက် သော့ချက်ပင်တည်း။ ရိုးရိုးပြောရလျှင် ၎င်းသည် အစိုးရတစ်ခုဖြစ်၍ ဘုရားသခင်သည် ၎င်းကိုသုံးပြီးကမ္ဘာကိုအုပ်စိုးတော်မူမည်။ ယင်းဘုရားနိုင်ငံတော်အစိုးရသည် ကမ္ဘာကိုလူ့လက်ခုပ်ထဲမှ အရဆွဲထုတ်မည်ဖြစ်သည်။ (ဒံယေလ ၂:၄၄၊ ၄၅) “မြေကြီးကိုဖျက်ဆီးသောသူတို့” ကိုယ်တိုင် ဘုရားသခင်၏ဖျက်ဆီးခြင်းကိုခံရမည်။ ကမ္ဘာ—နှင့်လူသားများကို—လူ့အလွဲသုံးစားပြုမှု၏ဓားချက်မှ ကယ်တင်တော်မူမည်။—ဗျာဒိတ် ၁၁:၁၈; ဒေသနာ ၁:၄။
ဘုရားသခင့်ကွပ်ကဲစီမံမှုအောက်၌ ကမ္ဘာသည် တစစကမ္ဘာချီပရဒိသုအသွင်သို့ပြန်လည်ကူးပြောင်းလာမည်။ (လုကာ ၂၃:၄၃) စုံလင်သောဝန်းကျင်မျှတမှု ပြန်လည်ဖြစ်ပေါ်လာမည်။ လူနှင့်တိရစ္ဆာန်တို့ပင် သဟဇာတရှိလာမည်။ (ဟေရှာယ ၁၁:၆-၉) စစ်နှင့်လက်နက် ပပျောက်သွားမည်။ (ဆာလံ ၄၆:၈၊ ၉) ပြစ်မှု၊ ငတ်မွတ်ခြင်း၊ အိုးအိမ်မလုံလောက်မှု၊ ဖျားနာမှုမက—သေခြင်းတရားပင်—သုတ်သင်ရှင်းလင်းခံရမည်။ ကမ္ဘာသူကမ္ဘာသားများသည် “များပြားသောငြိမ်သက်ခြင်း၌မွေ့လျော်ကြလိမ့်မည်။”—ဆာလံ ၃၇:၁၀၊ ၁၁; ၇၂:၁၆; ဟေရှာယ ၆၅:၂၁၊ ၂၂; ဗျာဒိတ် ၂၁:၃၊ ၄။
ဘုရားသခင့်ကတိတော်များကို ‘စမ်းသပ်ခြင်း’
ပရဒိသု၌ ထာဝစဉ်အသက်ရှင်ခြင်း—သင်၏အနာဂတ်ဖြစ်နိုင်သည်! ၎င်းသည်နှစ်လိုစဖွယ်ဖြစ်သော်လည်း လူကောင်းမှန်သမျှ ကောင်းကင်သို့သွားသည်ဟူသော ယုံကြည်ချက်ကိုလက်လွှတ်ရန် နှမြောချင်နှမြောမည်။ သို့မဟုတ် သမ္မာကျမ်းစာပေါ် သံသယရှိချင်ရှိမည်။ ယေဟောဝါသက်သေလူငယ်အချို့ပင် တစ်ခါတစ်ရံ မိမိတို့၏ယုံကြည်ခြင်းသည် စိုးရိမ်စဖွယ် ချည့်နဲ့ယိမ်းယိုင်တတ်ကြောင်း တွေ့ရှိရသည်။ ဥပမာ၊ မီရှယ်လ်သည် သက်သေခံမိဘများ၏ ပြုစုလုပ်ကျွေးမှုအောက်ကြီးပြင်းလာသူဖြစ်သည်။ သူ့အဖို့ သမ္မာကျမ်းစာကို မှန်ကန်သည်ဟုလက်ခံခြင်းသည် ညပြီးလျှင်နေ့လာဟူသောအချက်ကို လက်ခံသည်နှင့်မခြား။ သို့သော်၊ တစ်နေ့တွင်၊ မိမိသည် ကျမ်းစာကို ဘာကြောင့် ယုံ၍ယုံမှန်းမသိပါလား ဟူသောအသိဝင်လာခဲ့သည်။ “ကျွန်မမိဘတွေယုံလို့ ကျွန်မလဲအဲဒီအချိန်အထိ ယုံခဲ့တာဖြစ်မှာပဲ” ဟူ၍ဆိုပါသည်။
သမ္မာကျမ်းစာက “ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်” ဟုဆို၏။ (ဟေဗြဲ ၁၁:၆) သို့ရာတွင် ယုံကြည်ခြင်းဟူသည် မိဘ၌ရှိသောကြောင့် မိမိလည်းအလိုလိုပိုင်ဆိုင်သောအရာမဟုတ်။ ခိုင်လုံသောအနာဂတ်ကိုရလိုလျှင် ခိုင်မာသောအထောက်အထားအပေါ် ယုံကြည်ခြင်းကိုတည်ဆောက်ရမည်။ ၎င်းမှာ “မျှော်လင့်ရာများကိုစိတ်ချခြင်း” ပင်တည်း။ (ဟေဗြဲ ၁၁:၁၊ သမ) သမ္မာကျမ်းစာ (သမ) ဆိုသည့်အတိုင်း၊ “အရာရာကိုစံချ” ပါ။ သို့မဟုတ်၊ သက်ဝင်ကျမ်း၏စကားပြေဖွင့်ဆိုချက်အတိုင်း၊ “ဆိုသမျှ မှန်မမှန် စမ်းသပ်ပါ။”—၁ သက်သာလောနိတ် ၅:၂၁။
သမ္မာကျမ်းစာမှန်ကန်ကြောင်း ကိုယ့်အတွက် သက်သေထူခြင်း
ရှေးဦးစွာသင့်အနေနှင့် သမ္မာကျမ်းစာသည်အမှန်ပင် “ဘုရားသခင်မှုတ်သွင်းတော်မူ” ရာဟုတ်မဟုတ် စစ်ဆေးရန်လိုပေမည်။ (၂ တိမောသေ ၃:၁၆) သင်မည်သို့ပြုနိုင်မည်နည်း။ စင်စစ်အားဖြင့်၊ အနန္တတန်ခိုးကြီးရှင်ဘုရားသခင်သာလျှင် ‘အမှု၏အစမှအဆုံးတိုင်အောင်’ တစ်ပါဒမလွဲ တပ်အပ်ပြောနိုင်စွမ်းရှိသည်။ (ဟေရှာယ ၄၃:၉; ၄၆:၁၀) ကိုယ်တော်သည် သမ္မာကျမ်းစာ၌ အဖန်တလဲလဲ ထိုသို့ပြုတော်မူ၏။ ယေရုရှလင်မြို့ကျရှုံးခြင်းနှင့်စပ်လျဉ်း၍ လုကာ ၁၉:၄၁-၄၄ နှင့် ၂၁:၂၀၊ ၂၁ ပါ အနာဂတ်ဟောချက်များကိုဖတ်ပါ။ သို့မဟုတ်၊ ဗာဗုလုန်ကျရှုံးခြင်းနှင့်ပတ်သက်၍ ဟေရှာယ ၄၄:၂၇၊ ၂၈ နှင့် ၄၅:၁-၄ ပါ အနာဂတ်ဟောချက်များကိုကြည့်ပါ။ အဆိုပါသမ္မာကျမ်းစာက ယင်းအဖြစ်အပျက်များကို မတိမ်းမမှား ကြိုဟောနိုင်ခဲ့ကြောင်း လောကီရာဇဝင်က သက်သေထူ၏! ၁၄ နှစ်အရွယ် ဂျဲနီက “ဒါတွေအားလုံးကို ဘယ်လိုလုပ်ပြီး တိတိကျကျကြိုဟောနိုင်တာပါလိမ့် ဆိုပြီး ကျွန်မအံ့သြမိတယ်” ဟုဆိုခဲ့သည်။
သမ္မာကျမ်းစာပါသမိုင်းရေးရာများ တိကျမှန်ကန်မှု၊ ရိုးသားမှု၊ ပွင့်လင်းမှုတို့သည် သမ္မာကျမ်းစာကို ယုံကြည်နိုင်သည့်အကြောင်းရင်းများပင်ဖြစ်သည်။ ထို့ပြင် အတွင်းသဘောကွဲလွဲမှုလည်းမရှိချေ။ *သို့သော် ယေဟောဝါသက်သေများ ကျမ်းစာနားလည်ပုံမှန်မမှန် သင်မည်သို့သိနိုင်မည်နည်း။ ရှေးဗေရိမြို့သားတို့သည် တမန်တော်ပေါလု၏ကျမ်းစာရှင်းလင်းချက်ကို မစစ်ဆေးဘဲနှင့်လက်ခံလိုက်သည်မဟုတ်။ ‘ထိုအရာများမှန်မမှန်၊ နေ့စဉ်ကျမ်းစာဖြင့်စစ်ဆေးကြပေသည်။’—တမန်တော် ၁၇:၁၁။
သင်လည်း သမ္မာကျမ်းစာသွန်သင်ချက်များကို လေးလေးနက်နက် သုံးသပ်လေ့လာရန် ကျွန်ုပ်တို့တိုက်တွန်းပါ၏။ (ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်းထုတ်ဝေသော) သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် ဟူသောစာအုပ်နှင့်၊ စစ်မှန်သောဘုရားသခင့်ဝတ်ပြုရေးတွင် တစည်းတလုံးတည်း ဟူသောစာအုပ်တို့သည် ထိုသွန်သင်ချက်များကို ရှင်းလင်းစွာ တင်ပြထားပေသည်။ သင်၏မိဘများသည် ယေဟောဝါသက်သေများဖြစ်ကြလျှင် သင်မေးလိုသောအဘယ်မေးခွန်းမဆို ဖြေဆိုနိုင်ကြပေမည်။ သု. ၁၅:၂၂) အချိန်တန်သော်သင်သည် ယေဟောဝါတကယ်ပင် မိမိသက်သေခံများအား အံ့ဖွယ်ကောင်းလောက်အောင် ကျမ်းစာအမှန်တရားများနားလည်ခွင့် ပေးတော်မူခဲ့ကြောင်း ဧကန်သဘောပေါက်လာပါလိမ့်မည်!
ဂျဲနယ်လ်အမည်ရှိ မိန်းမငယ်တစ်ဦးက “ဒီကိစ္စနဲ့ပတ်သက်လို့ အခက်အခဲရှိရင် မိဘများထံမှာ မထိမ်မဝှက်ဘဲ တင်ပြပါ။ ယုံရခက်တဲ့ဟာရှိခဲ့ရင် မေးပါမြန်းပါ” ဟုအကြံပြုပေသည်။ (ပရင်းတစ်စ်အမည်ရှိ လူငယ်တစ်ဦးက ဤသို့ဆို၏– “တစ်ခါတလေ ကျွန်တော်ဟာ ကမ္ဘာ့အခြေအနေကြောင့် စိတ်ညှိုးငယ်မိတယ်။ ဗျာဒိတ် ၂၁:၄ စတဲ့ကျမ်းချက်တွေကို ဖတ်ကြည့်တဲ့အခါ မျှော်လင့်စရာလေး ဘာလေးရှိလာတယ်။” မှန်ပေသည် ဘုရားသခင့်ကတိတော်များကို ခိုင်မြဲစွာယုံကြည်လျှင် သင့်အမြော်အမြင်ကို မုချပြောင်းလဲစေနိုင်သည်။ ညှိုးငယ်သောစိတ်ဖြင့်မဟုတ်ဘဲ၊ ဝမ်းမြောက်တောင့်တသောသဘောဖြင့် အနာဂတ်ကို ကြည့်မှတ်မည်ဖြစ်သည်။ သင်၏လက်ရှိအသက်တာသည် တောင်စဉ်ရေမရသော လုံးပန်းမှုမဟုတ်တော့ဘဲ၊ ‘စစ်မှန်သောအသက်ကို ခိုင်မြဲစွာကိုင်စွဲနိုင်ရန်၊ အနာဂတ်အတွက် ကောင်းမွန်သောအုတ်မြစ်ကို ခိုင်မာစွာချ’ ရာရောက်ပါလိမ့်မည်။—၁ တိမောသေ ၆:၁၉။
သို့ရာတွင် “စစ်မှန်သောအသက်” ကိုရနိုင်ရန် သမ္မာကျမ်းစာ၏သွန်သင်ချက်များကို သင်ကြားယုံကြည်ခြင်းအပြင် နောက်ထပ်လုပ်ဖို့ရှိသေးသလော။
ဆွေးနွေးရန်မေးခွန်းများ
◻ အနာဂတ်နှင့်ပတ်သက်၍ လူငယ်များ အဘယ်စိုးရိမ်ဖွယ်ရာများရှိကြသနည်း။
◻ ကမ္ဘာ့အတွက် ဘုရားသခင့်မူလရည်ရွယ်ချက်ကား အဘယ်နည်း။ ဘုရားသခင့် ရည်ရွယ်ချက် မပြောင်းလဲသေးကြောင်း ကျွန်ုပ်တို့အဘယ်ကြောင့်စိတ်ချနိုင်သနည်း။
◻ ကမ္ဘာဆိုင်ရာဘုရားသခင့်ရည်ရွယ်ချက်ဖြစ်မြောက်ရေး၌ ဘုရားနိုင်ငံတော်သည် အဘယ်ကဏ္ဍမှ ပါဝင်သနည်း။
◻ သမ္မာကျမ်းစာ၏သွန်သင်ချက်များ မှန်မမှန် ဆန်းစစ်ရန် အဘယ်ကြောင့်လိုအပ်သနည်း။ မည်သို့ဆန်းစစ်နိုင်သနည်း။
◻ သမ္မာကျမ်းစာသည် ဘုရားသခင်မှုတ်သွင်းရာဖြစ်ကြောင်း ကိုယ့်အတွက်မည်သို့သက်သေထူနိုင်သနည်း။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 20 သမ္မာကျမ်းစာမှန်ကန်ကြောင်း အသေးစိတ်အထောက်အထားများနှင့်ပတ်သက်၍ သိရှိရန်၊ (ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်း အင်္ဂလိပ်လိုထုတ်ဝေသော) ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း ဟူသောစာအုပ်မှ စာမျက်နှာ ၅၈-၆၈ ကိုကြည့်ပါ။
[စာမျက်နှာ ၂၉၇ ပါအကျဉ်းဖော်ပြချက်]
“ကျွန်တော် အဆိုးသက်သက်သာမြင်တယ်။ ကျွန်တော်တို့ရဲ့ပြဿနာကို ကျွန်တော်တို့ဖြေရှင်းမှာ မဟုတ်ဘူး။ တကယ်ပါ။”—စိတ်ပညာရှင် ဘီ အက်ဖ် စကင်းနား
[စာမျက်နှာ ၃၀၇ ပါရုပ်ပုံ]
ကျွန်ုပ်တို့၏ဂြိုဟ်ကို လူကဖျက်ဆီးရန် ကမ္ဘာ့ဖန်ဆင်းရှင် ခွင့်ပြုမည်မဟုတ်
[စာမျက်နှာ ၃၀၉ ပါရုပ်ပုံ]
သမ္မာကျမ်းစာ မှန်ကန်ကြောင်း သင့်ကိုသင် ယုံကြည်စိတ်ချစေခဲ့ ပြီလော