မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်နဲ့ ငါဘယ်လိုအကျွမ်းဝင်နိုင်မလဲ

ဘုရားသခင်နဲ့ ငါဘယ်လိုအကျွမ်းဝင်နိုင်မလဲ

အခန်း ၃၉

ဘုရားသခင်​နဲ့ ငါ​ဘယ်လို​အကျွမ်းဝင်​နိုင်​မလဲ

ဘုရားသခင်​နဲ့—အကျွမ်းဝင်​တယ် ဟုတ်​စ။ လူများစွာ​အဖို့၊ ဘုရားသခင်​သည် ခပ်​စိမ်း​စိမ်း၊ ခပ်​ခွာ​ခွာ​နေသော​သူ​တစ်ဦး၊ ပုဂ္ဂိုလ်​တစ်ဦး​အဖြစ်​မတည်ရှိ​သော ‘မူလ​အကြောင်းတရား’ ဖြစ်​ဟန်​တူ​သည်။ ထို့​ကြောင့် ကိုယ်တော်​နှင့်​အကျွမ်းဝင်​သည်​ဟု​ဆို​သောအခါ သင်သည်​စိတ်​ဘောင်​ဘင်​ခတ်​ရုံ​မ​က ကြောက်​ပင်​ကြောက်​မိ​မည်။

ပြီး​တော့၊ သင့်​တွေ့ကြုံ​မှု​သည် လင်း​ဒါဆို​သူ မိန်းမငယ်​၏​တွေ့ကြုံ​မှု​နှင့် ဆင်ခြင်​လည်း​ဆင်​မည်။ လင်း​ဒါ​သည် ခရစ်ယာန်​မိဘများ​၏ ပျိုးထောင်​မှု​ဖြင့်​ကြီးပြင်း​လာ​ခဲ့​သည်။ သူ​ဤသို့​နောက်ကြောင်းပြန်​၏– “ကျွန်မ​ဆယ်ကျော်သက်​အရွယ်မှာ ခရစ်ယာန်​စည်းဝေး​တက်​ဖို့​ပျက်ကွက်​တာ​မျိုး အင်မတန်​ရှားတယ်။ မဟောပြော​ဘဲ​နေတဲ့​လ​ဆိုတာ​လည်း​မရှိခဲ့ဘူး။ ဒါပေမဲ့ ကျွန်မ​ဟာ ယေဟောဝါ​နဲ့​ရင်းနှီးတဲ့​ဆက်ဆံမှု​အဆင့်​ကို ဟုတ်​တိ​ပတ်​တိ ဘယ်တော့မှ မ​ရောက်ခဲ့ဖူး​ဘူး။”

သို့ရာတွင်၊ သင့်​အနာဂတ်​သည် ဘုရားသခင်​နှင့်​ရင်းနှီးမှု​ရှိ​ခြင်း​ပေါ်​မူတည်​၏။ ယေရှု​ခရစ်​ဤသို့​မိန့်တော်မူ၏– “ထာဝရ​အသက်​ဟူ​မူ​ကား၊ မှန်သော​ဘုရားသခင်​တစ်ဆူတည်း​ဖြစ်​တော်​မူ​သော ကိုယ်တော်​ကိုလည်း​ကောင်း၊ စေလွှတ်​တော်​မူ​သော​ယေရှု​ခရစ်​ကိုလည်း​ကောင်း သိကျွမ်းခြင်း​တည်း။” (ယောဟန် ၁၇:၃) ထိုသို့​သော “သိကျွမ်းခြင်း” မှာ၊ အချက်အလက်​များ​ကို​သိ​ပြီး ပြန်​ပြောနိုင်စွမ်း​ကို​သာ​မဆိုလို—ဘုရားမဲ့​သူ​ပင် ထိုသို့ပြု​နိုင်​သည်။ ၎င်း​သည်​ဘုရားသခင်​နှင့် မိတ်သဟာယ​ဖွဲ့​၍ ကိုယ်တော်​၏​မိတ်ဆွေ​ဖြစ်လာ​ခြင်း​မည်​၏။ (ယာကုပ် ၂:၂၃ နှိုင်းယှဉ်။) ကိုယ်တော်​သည်မ​ချဉ်းကပ်​နိုင်​သူ​တစ်ဦး​ဖြစ်ဖို့​ဝေး​စွ။မိမိ​အား“ရှာစမ်း”၍“တွေ့”ကြ​ရန်​ပင်ကျွန်ုပ်​တို့အား​ဖိတ်မန္တက​ပြု​တော်​မူ​၏။အကြောင်း​မှာ၊“ငါ​တို့​တွင်အဘယ်​သူနှင့်​မျှ​ဝေး​တော်​မူ​သည်မဟုတ်။”—တမန်တော်၁၇:၂၇။

ဘုရားသခင်​ကို မည်သို့​သိကျွမ်း​လာနိုင်​ကြောင်း

သင်သည် ဝေးလံ​သော​ကြယ်​များ​ကို ငေး​ကြည့်ဖူး​သလော။ မြည်ဟည်း​သော​ပင်လယ်​လှိုင်း​သံ​များ​ကို တ​အံ့​တ​ဩ နားထောင်​ဖူး​သလော။ လှပသော​လိပ်ပြာ​ကလေး​၏ ဆွဲဆောင်မှု​ကို​ခံရ​ဖူး​သလော။ သေးငယ်သော​အရွက်​များ​၏​သိမ်မွေ့​သော​အလှကြောင့် မိန်းမော​ဖူး​သလော။ ဤ​အရာများ​အားလုံး​က ဘုရားသခင်​၏​မဟာ​တန်ခိုးတော်၊ ဉာဏ်တော်​နှင့် မေတ္တာတော်​၏​ပဏာမ​မျှ​သာ​တည်း။ “ဖန်ဆင်း​ထားသော​အရာများ​ကို​ထောက်ရှု​သဖြင့်၊ နိစ္စ​တန်ခိုးတော်​နှင့် ဘုရား​အဖြစ်တော်​တည်း​ဟူသော ကွယ်ဝှက်​ရာ [အရည်အသွေး၊ က​ဘ] များ ... ထင်ရှား” လျက်​ရှိသည်။—ရောမ ၁:၁၉၊ ၂၀သ​မ

သို့ရာတွင်၊ ဖန်ဆင်း​ရာ​များ​ကို​သာ​ကြည့်​ပြီး ဘုရားသခင့်​အကြောင်းကို လေ့လာ​သိရှိ​ရုံ​နှင့်​မလုံလောက်​ပါ။ ယင်းကြောင့်၊ ဘုရားသခင်​သည် မိမိ၏​အရေးအသား​နှုတ်ကပါဌ်တော်​ကို ပေး​တော်​မူ​ခြင်း​ဖြစ်သည်။ ၎င်း​စာအုပ်​က ဘုရားသခင်​သည် အမည်​မဲ့​ပုဂ္ဂိုလ်​တစ်ဦး​မဟုတ်၊ ပုဂ္ဂိုလ်​မဟုတ်သော​အင်အား​တစ်ခု​လည်း​မဟုတ်၊ အမည်​နာမရှိ​သော တကယ်​ပင်​တည်ရှိ​သည့်​ပုဂ္ဂိုလ်​ကြီး​တစ်ပါး​ဖြစ်​ကြောင်း ဖော်ပြ​၏။ ဆာလံဆရာ​က “[ယေဟောဝါ၊ က​ဘ] သည် ဘုရားသခင်​ဖြစ်​တော်​မူ​သည်​ဟု သိမှတ်​ကြလော့” ဟု​ကြွေးကြော်​၏။ (ဆာလံ ၁၀၀:၃) သမ္မာကျမ်းစာ​က ၎င်း​နာမတော်​ခံ ပုဂ္ဂိုလ်မြတ်​အကြောင်းကိုပါ​ဖော်ပြ​၏– “ချစ်​သနားခြင်း​မေတ္တာက​ရု​ဏာ​နှင့် ပြည့်စုံ​၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြု​ခြင်း၊ သစ္စာစောင့်ခြင်း​နှင့်​ကြွယ်ဝ​တော်​မူ” ၏။ (ထွက်မြောက်ရာ ၃၄:၆) သမ္မာကျမ်းစာ​သည် ဘုရားသခင် လူသား​တို့​နှင့် မည်သို့​မည်​ပုံ​ဆက်ဆံ​ခဲ့​ကြောင်းကို အသေးစိတ်​မှတ်တမ်း​တင်ထား​သည်​ဖြစ်​ရာ၊ ဘုရားသခင့်​လှုပ်ရှား​ဆောင်ရွက်မှု​ကို ကျွန်ုပ်​တို့​ရှင်းလင်းစွာ​တွေ့မြင်နိုင်​ပေ​သည်! ထို့​ကြောင့် သမ္မာကျမ်းစာ​ဖတ်ခြင်း​သည် ဘုရားသခင်​နှင့်​အကျွမ်းဝင်​ရန် မရှိမဖြစ်​သော​အပိုင်း​ဖြစ်သည်။

ကျမ်းစာ​ဖတ်ခြင်း​ကို​ပျော်​ဖွယ်​ဖြစ်စေခြင်း

သမ္မာကျမ်းစာ​သည် ထူ​ထဲ​သော​စာအုပ်​ဖြစ်သည်​မှန်​၏။ ၎င်း​၏​အ​ထူ​ကို​ကြည့်​လိုက်​ရုံ​နှင့် လူငယ်များ မဖတ်​ရဲ​တော့။ ကျမ်းစာ​သည် ငြီးငွေ့စရာ​ကောင်း​သည်​ဟု​လည်း အချို့​က​အပြစ်​ဆို​ကြ​သေး​သည်။ သို့ရာတွင် သမ္မာကျမ်းစာ​သည် ဘုရားသခင့်​ဗျာဒိတ်တော်​တည်း။ ၎င်း​က ကျွန်ုပ်​တို့​မည်သို့​မည်​ပုံ ဤ​နေရာသို့​ရောက်လာ​ကြောင်း၊ အဘယ်​အရပ်သို့​သွား​နေကြောင်း ဖော်ပြ​သည်။ ကမ္ဘာ့​ပရဒိသု​တွင် ထာဝစဉ်​အသက်ရှင်​လိုလျှင် ဘာလုပ်​ရမည်ကို ခရေစေ့​တွင်း​ကျ ဖော်ပြ​၏။ အဘယ်​မှာ ငြီးငွေ့စရာ​ဖြစ်​နိုင်​ပါ​အံ့​နည်း။ ကျမ်းစာ​သည် အပျော်​ဖတ်​စ​ရာ​မဟုတ်​သည်​မှာ​မှန်သည်။ နားလည်​ရန် “ခက်ခဲ​သော​အရာအချို့” လည်း​ရှိသည်။ (၂ ပေတရု ၃:၁၆) သို့သော် ကျမ်းစာ​ဖတ်ခြင်း​သည် ငြီးငွေ့​ဖွယ်​ဖြစ်စရာ​မလိုပါ။

လူငယ်လေး မာ​ဗင်​သည် ကျမ်းစာ​ဖတ်ခြင်း​ကို စိတ်ဝင်စားဖွယ်​ဖြစ်အောင် နည်း​တစ်မျိုး​ကို​သုံး​၏။ သူ​ဤသို့​ဆို​၏– “ကျွန်တော်​ဟာ ပြဇာတ်​နောက်ခံ​ကို​တွေးကြည့်​တယ်။ ကိုယ်တိုင်​ဇာတ်​ဆောင်​လုပ်တယ်။” ဥပမာ၊ ဒံယေလ အခန်းကြီး ၆ ပါ​အဖြစ်အပျက်​ကို​ကြည့်​ပါ။ ဖတ်​ရုံ​သာ​မဖတ်​ဘဲ၊ သင့်ကိုယ်ကို​သင် ဒံယေလ​ဟု​ထင်မှတ်​ပါ။ သင်သည် သင့်​ဘုရားသခင်​ထံ​ဆုတောင်း​သည် ဟူသော​တရားလွန်​စွပ်စွဲချက်​မျိုး​ဖြင့် ဖမ်းဆီး​ခံရ​လေ​ပြီ။ အဘယ်​အပြစ်ဒဏ်​ခံရ​မည်​နည်း။ သေဒဏ်! ပေရသိ​စစ်သား​များသည် သင့်​အား​ဒ​ရွတ်​တိုက် သင်္ချိုင်းဂူ​ထဲ​သို့​ဆွဲထုတ်​သွား​သည်—ငတ်ပြတ်​နေသော​ခြင်္သေ့​များ​ရှိရာ​တွင်း​ထဲ​သို့ဖြစ်၏။

လေးလံ​သော​ဟိန်းသံ​နှင့်အတူ၊ တွင်း​ဝ​မှ​ကျောက်တုံး​ကြီး နေရာ​မှ​ရွေ့သွား​လေ​ပြီ။ အောက်ဘက်​မှ​ခြင်္သေ့​များ​၏ ကျောစိမ့်​ဖွယ်​ဟိန်းသံ​များ​ကို အတိုင်း​သား​ကြား​ရပြီ။ သင်သည်​ကြောက်​အား​လန့်​အား​နှင့် ရုန်းကန်​သော်လည်း ဘုရင့်​စစ်သည်တော်​များနှင့် အား​ချင်း​မမျှ​ရ​ကား၊ သေတွင်း​ထဲ​သို့​ချပစ်​ခံရ​လေ​သည်။ ကျောက်တုံး​ကြီး တွင်း​ဝ​ကို​ပိတ်​သွား​ချေ​ပြီ။ မှောင်​အတိ​အောက်​၌ အမွေးအမျှင်​ပါ​သော​တစ်စုံတစ်ရာ​၏ ပွတ်တိုက်​မှု​ကို​ခံရ​လေ​ပြီ ...

ငြီးငွေ့စရာ​လား။ ဝေ​လာ​ဝေး! သို့ရာတွင် အပျော်​ဖတ်ခြင်း​မဟုတ်​ကြောင်း သတိရပါ။ ယေဟောဝါ​နှင့်​ပတ်သက်​၍ အတ္ထုပ္ပတ္တိ​က ဘာကို​သွန်သင်​နေကြောင်း မြင်တတ်​ပါ။ ဥပမာ၊ ဒံယေလ​၏​အတွေ့အကြုံ​က ယေဟောဝါ​သည် မိမိ​ကျေးကျွန်​များ​အား ခက်ခဲ​သော​စုံစမ်းခြင်း​နှင့်​ရင်ဆိုင်​ရန်​အခွင့်ပေး​တော်​မူ​ကြောင်း တင်ပြ​မနေပေလော။

ကျမ်းစာ​မှန်မှန်​ဖတ်​သည့်​အချိန်ဇယား​လည်း ထား​ရှိပါ။ တစ်ရက်​လျှင် ၁၅ မိနစ်​သာ​ဖတ်​ရုံ​နှင့် တစ်နှစ်​အတွင်း တစ်အုပ်လုံး​ပြီး​အောင်​ပင်​ဖတ်​နိုင်​သည်! တီဗွီ​ကြည့်​ခြင်း​စ​သော—အရေး​မကြီး​လှ​သည့်​ကိစ္စ​များ​မှ ‘အချိန်ကို​ဝယ်ယူ’ ပါ။ (ဧဖက် ၅:၁၆) ကျမ်းစာ​ကြိုးစား​ဖတ်​သည်​နှင့်​အမျှ၊ ဘုရားသခင်​နှင့် ပို​၍​ပို​၍​ရင်းနှီး​ကျွမ်းဝင်​လာ​မည်​ဧကန်။—သု. ၂:၁၊

ဆုတောင်းခြင်း​သည် သင့်​အား​ဘုရားသခင်​နှင့် ရင်းနှီး​စေ​၏

လက်​ဗန်း​အမည်​ရှိ မိန်းကလေး​တစ်ဦး​က ဤသို့​ဆို​၏– “လူတစ်ယောက်နဲ့​စကား​မပြော​ဘဲ​နေလို့​ရှိရင် သူနဲ့​အကျွမ်းဝင်​တယ်လို့​ပြော​ရ​ခက်တယ်။” ယေဟောဝါ​သည် “ပတ္ထနာ​စကား​ကို​နားထောင်​တော်​မူ​သော​ဘုရား” ဖြစ်၍ မိမိ​နှင့်​စကားပြော​ရန် ကျွန်ုပ်​တို့အား​ဖိတ်ခေါ်​တော်​မူ​၏။ (ဆာလံ ၆၅:၂) ယုံကြည်ခြင်းဖြင့် ကိုယ်တော်​ထံ​တောင်းလျှောက်​လျှင် “အလိုတော်နှင့်​အညီ ငါ​တို့​တောင်းလျှောက်​လေ​ရာ​ရာ​၌ နားညောင်း​တော်​မူ” ၏။—၁ ယောဟန် ၅:၁၄သ​မ

(အထက်​ဆို​ခဲ့​သော) လင်း​ဒါ​သည် ဤ​အချက်​ကို ကိုယ်တွေ့​မှ​သိခဲ့​ရသည်။ သူ့​ဘဝ​တစ်​ကွေ့​တွင် ပြဿနာ​နှင့် ကြောင့်​ကျ​စ​ရာ​များ စု​ပြုံ​ခဲ့​သဖြင့် မိမိသည် ‘ပြဿနာ​အဖြေ​အတွက် နေ့စဉ်​ရက်​ဆက် ဆုတောင်း​ခဲ့​ကြောင်း’ နောက်ကြောင်းပြန်​၏။ အခက်အခဲ​များ​ဖြေရှင်း​နိုင်​ရန် လိုအပ်သော​ခွန်အား ရလာ​သည်​နှင့်​အမျှ ယခင်​က ခပ်​ခွာ​ခွာ​နေသည်​ဟု မိမိ​ထင်​ခဲ့​သော​ဘုရားသခင်​နှင့်​ရင်းနှီး​လာ​သည်ကို တွေ့ရ​လေ​သည်။ ခေး​အမည်​ရှိ နောက်​လူငယ်​တစ်ယောက်က​လည်း ဆုတောင်းခြင်း​၏​တန်ဖိုး​ကို​သိခဲ့​ရသည်– “တစ်ခါ​တ​လေ၊ တစ်ယောက်ယောက်​ကို​ခံစားချက် ရင်ဖွင့်​လိုက်​ချင်​တယ်။ ယေဟောဝါ​ထက် ဘယ်သူက ရင်ဖွင့်​ဖို့​အကောင်းဆုံး​သူ​ဖြစ်​နိုင်​ဦး​မလဲ။ ဘာကြောင့်​လည်း​ဆိုတော့၊ ယေဟောဝါ​ဟာ နားလည်​တတ်တယ်။ သူ​သာ​လျှင် ကိုယ့်ကို​ကူညီ​နိုင်တယ်။”

သို့သော် ဆုတောင်းခြင်း​သည် စိတ်​လှုပ်ရှားမှု​အပိုင်း​၌​သာ အထောက်အကူ​ပြု​သလော။ မဟုတ်။ ယာကုပ် ၁:၂-၅ (က​ဘ) က စုံစမ်းခြင်း​အမျိုးမျိုးနှင့်​ကြုံ​သောအခါ “ဘုရားသခင့်​ထံ မပြတ်​တောင်းလျှောက်” အပ်​ကြောင်း၊ “အကြောင်း​မှာ၊ ကိုယ်တော်​သည် ကဲ့ရဲ့​ခြင်း​မပြု​ဘဲ လူ​ခပ်သိမ်း​တို့အား ရက်ရော​စွာ​ပေးသနား​တော်​မူ” ကြောင်း အခိုင်အမာ​ဆို​ထား​သည်။ စုံစမ်းခြင်း​မှ​ထွက်ပေါက်​ကို ပေး​ချင်​မှ​ပေး​တော်​မူ​မည်​ဖြစ်​သော်လည်း စုံစမ်းခြင်း​ကို ရင်ဆိုင်​နိုင်​ရန် ပညာ​ကို​ပေး​မည်​ဟု အာမခံ​တော်​မူ​ပေ​သည်! ကိုယ်တော်​သည် ယင်း​အကြောင်း​နှင့်​စပ်လျဉ်း၍ ကျမ်းစာ​မူများ​ကို သင့်​အား​သတိ​ရစေ​ပေမည်။ (ယောဟန် ၁၄:၂၆ နှိုင်းယှဉ်။) သို့​တည်း​မဟုတ်၊ သင့်ကိုယ်​ပိုင်​လေ့လာမှု​နှင့် စည်းဝေး​တက်​ရာ​မှ အချက်အလက်​အချို့​ကို သတိပြု​စေတော်မူ​မည်။ “မခံနိုင်​သော​စုံစမ်း​နှောင့်ယှက်ခြင်း​ကို သင်တို့၌​ရောက်​စိမ့်​သော​ငှာ အခွင့်ပေး​တော်​မ​မူ။ ... ထွက်မြောက်​သော​လမ်းကို​လည်း စီရင်​ပြုပြင်​တော်​မူ​လိမ့်​မည်။” “ခိုကိုးရာ​မဲ့” အဖြစ်​စွန့်ပစ်​တော်​မူ​မည်​မဟုတ်​ကြောင်းကို​လည်း မမေ့​လေ​နှင့်။ (၁ ကောရိန္သု ၁၀:၁၃; ၂ ကောရိန္သု ၄:၉သ​မ) စုံစမ်းခြင်း​တစ်ရပ်​ကို ရင်ဆိုင်​ရာ​၌ ကိုယ်တော့်​မစမှု​ကို​ခံစားရ​လျှင် ကိုယ်တော်​နှင့် ပို​၍​အကျွမ်းဝင်​လာ​မည်​မဟုတ်ပေ​လော။

သို့ရာတွင် ကိုယ်ရေးကိုယ်တာ​ပြဿနာ​များ​အတွက်သာ ဆု​မ​တောင်း​ပါ​နှင့်။ ယေရှုသည် မိမိ၏​စံပြ​ပတ္ထနာတော်​၌ ယေဟောဝါ​၏​နာမတော်​လူတကာ​ရိုသေ​လေးမြတ်မှု​ခံရ​ခြင်း၊ ဘုရား​နိုင်ငံတော်​သက်ရောက်ခြင်း​နှင့် အလိုတော်​ဖြစ်မြောက်​ခြင်း​တို့ကို အရေးပေး​တော်​မူ​၏။ (မဿဲ ၆:၉-၁၃) “ကျေးဇူးတော်​ကို​ချီးမွမ်း​ခြင်း​နှင့်​တကွ ဆုတောင်း​ပတ္ထနာ​ပြု” ခြင်း​လည်း ဆုတောင်းခြင်း​၏​အရေးပါသော​အစိတ်အပိုင်း​ဖြစ်​ပေ​သည်။—ဖိလိပ္ပိ ၄:၆

သို့သော် ဆုတောင်း​ရမှာ စ​နော​င့်​စ​နင်း​ဖြစ်​လျှင် မည်သို့​နည်း။ ၎င်း​အတွက် ဆုတောင်း​ပါ! ရှေ့တော်၌ ရင်ဖွင့်​နိုင်​ရန် မစ​ပါ​ဟု တောင်းလျှောက်​ပါ။ “ဆုတောင်းခြင်း​၌​စွဲမြဲ​ပါ။” အချိန်တန်လျှင် ရင်းနှီးသော​မိတ်ဆွေ​နှင့်​စကားပြော​သလို ယေဟောဝါ​နှင့်​ရင်ဖွင့်​၍​ပြောဆို​နိုင်​သည်ကို တွေ့ရ​လိမ့်​မည်။ (ရောမ ၁၂:၁၂က​ဘ) မိန်းမငယ် မာ​ရီ​ယာ​က “ကျွန်မ ပြဿနာ​ကြုံ​တိုင်း၊ ညွှန်ကြားချက်​ရဖို့ ယေဟောဝါ​အထံတော်​ကို​သွားနိုင်တယ်၊ ယေဟောဝါ​လည်း ကျွန်မ​ကို​ကူညီ​မယ်​ဆိုတာ ကျွန်မ​နားလည်တယ်” ဟု​ဆို​၏။

စီ​ကာ​ပတ်​ကုံး ဘုရားသခင်​နှင့်​စကားပြော​ရန်​မလိုပါ။ ဟိတ်​ဟန်​ထုတ်​ရန်​လည်း​မလို။ ဆာလံဆရာ​က “ရှေ့တော်၌ စိတ်​နှလုံးကို ဖွင့်ပြ​ကြလော့” ဟု​တိုက်တွန်း​၏။ (ဆာလံ ၆၂:၈) သင့်​ခံစားချက်​နှင့်​ပူပန်မှု​ကို ကိုယ်တော်​အား အသိပေး​ပါ။ သင့်​အားနည်းချက်ကို ပြုပြင်​ရန် အကူအညီ​တောင်း​ပါ။ သင့်​မိသားစု​နှင့် ခရစ်ယာန်​ချင်း​တို့​အပေါ် ကောင်းချီး​ပေး​ရန်​တောင်းလျှောက်​ပါ။ အမှား​ပြု​မိ​သောအခါ ခွင့်လွှတ်​ပါ​ရန်​အသနားခံ​ပါ။ အသက်ဆု​ကျေးဇူး​အတွက် နေ့စဉ် ကျေးဇူးတော်​ချီးမွမ်း​ပါ။ ဆုတောင်းခြင်း​သည် သင့်​ဘဝ၏​ပြု​နေကျ​အမှု​တစ်ခု​ဖြစ်လာ​သောအခါ သင်သည်​ယေဟောဝါ​ဘုရားသခင်​နှင့် ပျော်ရွှင်​ရင်းနှီးသော ဆက်ဆံ​ရေး​ဘောင်​အတွင်း​သို့ ဝင်ရောက်​လာ​မည်။

ဘုရားသခင်​နှင့်​မိမိ​မိတ်​ဖြစ်​ခြင်း​ကို လူသိရှင်ကြား​ကြေညာ​ခြင်း

သင်သည် ဘုရားသခင်​နှင့်​မိတ်​ဖြစ်​ခဲ့ပြီ​ဖြစ်​ရာ၊ အခြားသူများ​လည်း အလားတူ​မိတ်သဟာယ​ဖွဲ့​စေနိုင်​ရန် ကူညီ​လို​သော​ဆန္ဒ မ​ပြင်းပြ​သင့်​ပေ​လော။ အမှန်​မှာ၊ ဘုရားသခင့်​မိတ်ဆွေ​ဖြစ်​လို​သူများ​အနေ​နှင့် “ကယ်တင်ခြင်း​အတွက် လူသိရှင်ကြား​ကြေညာ” ရမည်​ဖြစ်သည်။—ရောမ ၁၀:၁၀

လူများစွာ​တို့သည် အစပိုင်း​၌ မိမိတို့​ယုံကြည်ချက်ကို ကျောင်းနေ​ဖက်၊ အိမ်နီးချင်း​နှင့် ဆွေမျိုး​များ​အား ပြောကြား​ကြသည်။ နောက်ပိုင်း၌ ယေဟောဝါသက်သေ​များနှင့်​အတူ၊ “တစ်အိမ်​မှ​တစ်အိမ်” ဟောပြောခြင်း​လုပ်ငန်း​တွင် ပါဝင်​ဆောင်ရွက်​ကြ​လေ​သည်။ (တမန်တော် ၅:၄၂) သို့ရာတွင် အချို့​လူငယ်များ​အဖို့ လူထု​ဆိုင်ရာ​ယင်း​လုပ်ငန်း​သည် ခြေ​ခလုတ်​တိုက်​လဲစရာ​ဖြစ်သည်။ သက်​ငယ်​ခရစ်ယာန်​တစ်ဦး​က “လူငယ်​တော်​တော်​များများ​ဟာ တစ်အိမ်​မှ​တစ်အိမ်​သွားဖို့​ရှက်​တယ်လို့ ကျွန်တော်​ထင်​တယ်။ သူတို့​သူငယ်ချင်းတွေ သူတို့ကို ဘယ်လိုများ​ထင်ကြ​မလဲ ဆိုပြီး​ကြောက်​ကြ​ပါ​တယ်” ဟု​ဆို​၏။

သို့သော် မည်​သူ့​မျက်နှာသာ​ကို သင်​တကယ်​တန်ဖိုး​ထား​သနည်း—သင့်​ရွယ်တူ​များ​၏​အကြိုက်​လော၊ သို့​မဟုတ် သင့်​ကောင်းကင်​မိတ်ဆွေ ယေဟောဝါ​၏​မျက်နှာသာ​လော။ ရှက်ကြောက်ခြင်း​ကြောင့် ကယ်တင်ခြင်း​မရဘဲ​နေ​သင့်​သလော။ တမန်တော်​ပေါလု​က “လူသိရှင်ကြား ငါ​တို့၏​မျှော်လင့်ချက်​ကြေညာ​ခြင်း​အမှုကို ယိမ်းယိုင်​ခြင်း​မရှိဘဲ၊ ခိုင်မြဲ​စွာ​ကိုင်စွဲ​ကြ​စို့” ဟု တိုက်တွန်း​၏။ (ဟေဗြဲ ၁၀:၂၃က​ဘ) လုံလောက်​စွာ​လေ့ကျင့်​ပြင်ဆင်​လျှင် ဟောပြောခြင်း​လုပ်ငန်း​၌ တကယ်​ပင် ပျော်ရွှင်မှု​ခံစား​နိုင်​ကြောင်း တွေ့ရ​ပါ​လိမ့်​မည်!—၁ ပေတရု ၃:၁၅

အချိန်တန်သော်၊ သင်သည် သင့်​ကောင်းကင်​မိတ်ဆွေ​ကို​လေးမြတ်​သော​စိတ်​ကြောင့် ကိုယ်တော့်​ထံ​သင့်ကိုယ်​သင် အကြွင်းမဲ့​အပ်နှံ​၍ ရေနှစ်ခြင်း​ခံ​ခြင်း​ဖြင့်​လည်း​အပ်နှံ​ကြောင်း အထိမ်းအမှတ်​ပြု​မည်​ဖြစ်သည်။ (ရောမ ၁၂:၁; မဿဲ ၂၈:၁၉၊ ၂၀) ခရစ်တော်​၏ နှစ်ခြင်း​ခံ​ပြီး​သော တပည့်တော်​ဖြစ်လာ​ရန် လူသိရှင်ကြား​ကြေညာ​ခြင်း​ကိစ္စ​ကို ပေါ့ပေါ့တန်တန်​သဘော​မထားသင့်။ ‘ကိုယ့်​ကိုယ်ကို​ငြင်းပယ်​ခြင်း’ ကိစ္စ—ကိုယ့်​ရည်မှန်းချက်​များ​ကို ဘေးဖယ်​၍ ယေဟောဝါ​ဘုရားသခင်​၏​အကျိုးကို ရှေ့​ထားခြင်း​ဖြစ်သည်။ (မာကု ၈:၃၄) ထို့ပြင် ကမ္ဘာလုံး​ဆိုင်ရာ ယေဟောဝါသက်သေ​များ​အဖွဲ့အစည်း​၏ အဖွဲ့သား​တစ်ယောက်​ဖြစ်လာ​ဖို့​လည်း လို​သည်။

ရောဘတ်​ဆို​သော​လူငယ်လေး​က ဤသို့​ပြော​၏၊ “လူငယ်​တော်​တော်​များများ နှစ်ခြင်း​ခံရ​မှာ စိတ်​လေး​ကြ​တာ​ကို ကျွန်တော်​သတိပြုမိတယ်။ နောက်ဆုတ်​လို့​မရတဲ့ နောက်ဆုံး​ခြေလှမ်း​ဆိုပြီး​တော့ ကြောက်​ကြတယ်။” ဘုရားသခင်​ထံ​အပ်နှံ​လိုက်ပြီ​ဆိုလျှင် နောက်​မဆုတ်​နိုင်​သည်​ကား​မှန်​၏။ (ဒေသနာ ၅:၄ နှိုင်းယှဉ်။) သို့ရာတွင် နှစ်ခြင်း​ခံ​ခံ မခံ​ခံ—“ကောင်းသော​အကျင့်ကို သိ​လျက်​မကျင့်​ဘဲ​နေသော​သူသည် အပြစ်ရှိ​၏”! (ယာကုပ် ၄:၁၇) အ​ခရာ​မှာ သင်သည် ဘုရားသခင့်​မိတ်သဟာယ​ကို​မြတ်နိုး​သလော ဟူသော​အချက်​တည်း။ ကိုယ်တော်​ကို ထာဝစဉ်​ဝတ်ပြုလို​သော​ဆန္ဒ သင်၌​ရှိသလော။ ရှိလျှင်၊ ကြောက်​စိတ်​ကြောင့် မိမိသည် ဘုရားသခင့်​မိတ်ဆွေ​ဖြစ်ပါ​သည်​ဟု လူသိရှင်ကြား​မ​ကြေညာ​ဘဲ​မနေ​နှင့်!

ဘုရားသခင့်​အဆွေ​များ​အတွက် ထာဝရ​ကောင်းကျိုး​များ!

ဘုရားသခင်​၏​မိတ်သဟာယ​ကို သင်​ရွေးချယ်​လျှင် တစ်လောက​လုံး​နှင့်​ပဋိပက္ခ​ဖြစ်​ရ​လိမ့်​မည်။ (ယောဟန် ၁၅:၁၉) ကဲ့ရဲ့​ခံရ​ကောင်း​ခံရ​မည်။ အခက်အခဲ၊ ပြဿနာ​နှင့် သွေးဆောင်မှုများ​၏ ထိုးနှက်မှု​ကို ခံရ​ပေမည်။ မည်သို့​ပင်​ဖြစ်စေ မည်သူ၊ မည်သည့်​အရာ​ကြောင့်​မျှ ဘုရားသခင်​နှင့်​မိတ်​မပျက်​စေ​နှင့်။ သင့်​အား ကိုယ်တော် မုချ​ဧကန် ထောက်မ​မည်​ဟု ကတိပြု​တော်​မူ​၏။ “ငါသည် သင့်ကို​မစွန့်၊ သင့်ကို အလျှင်း​ပစ်​၍​မထား။”—ဟေဗြဲ ၁၃:၅

ဤ​စာအုပ်​သည် ယေဟောဝါ​နှင့် ကိုယ်တော့်​အဖွဲ့အစည်း သင့်​ထာဝရ​ကောင်းကျိုး​ကို လိုလား​ကြောင်း သာဓက​ပြ​သော​သက်သေ တစ်ခုမျှသာ​ဖြစ်သည်။ ဤ​စာအုပ်​သည် သင့်​မေးခွန်း​နှင့်​ပြဿနာ​ရှိသမျှကို မဖြေ​ကြား​နိုင်​သည်​တိုင်အောင် သမ္မာကျမ်းစာ​သည် မကုန်​မ​ခန်း​နိုင်သော​ပညာ​၏​ပင်ရင်း​ဖြစ်​ကြောင်း ယခု​သင် ပို​၍​သဘောပေါက်​မိ​ပေမည်! (၂ တိမောသေ ၃:၁၆၊၁၇) ပြဿနာ​နှင့်​လုံးထွေး​သောအခါ ထို​မြင့်​မြတ်သော​ကျမ်းဂန်​၌ အဖြေရှာ​ပါ။ (သု. ၂:၄၊ ၅) သင့်​မိဘများသည် ဘုရားသခင်​ကို​ကြည်ညို​ခန့်ညား​သူများ​ဖြစ်​လျှင် သူတို့​ထံ​ရင်ဖွင့်​လိုက်​ရုံ​နှင့် သူတို့သည် ဝိညာဏ​ပညာ​နှင့်​အထောက်အမ​ရနိုင်​ရာ နောက်ထပ်​တစ်​ဌာန​ဖြစ်သည်​ကို​တွေ့ရ​လိမ့်​မည်။

ထို့​ထက်​ကား၊ ယေဟောဝါ​ဘုရားသခင်​သည် အဖြေ​အားလုံး​ကို​သိတော်မူ​ကြောင်း သတိရပါ။ ကိုယ်တော်​သည် “ဘေးရောက်​သည်​ကာလ အထူးသဖြင့်​ကူမ​တော်​မူ” ၍​အဘယ်​အခက်အခဲ​ကို​မဆို ဖြတ်ကျော်​နိုင်​ရန် သင့်​အား လမ်းပြ​နိုင်၏။ (ဆာလံ ၄၆:၁) ထို့​ကြောင့် ‘ငယ်ရွယ်စဉ်​ယခု​အခါ သင့်​ဖန်ဆင်း​ရှင်​ကို အောက်မေ့ပါ။’ (ဒေသနာ ၁၂:၁) ထို​လမ်းစဉ်သည် ယေဟောဝါ​စိတ်တော်​ကို ရွှင်လန်း​စေသော​လမ်းစဉ်​ပင်​ဖြစ်၏။ (သု. ၂၇:၁၁) ဘယ်တော့​မျှ​မ​ပျောက်ကွယ်​သော ပရဒိသု​တွင် ထာဝရ​အသက်ရှင်ခြင်း​တည်း​ဟူသော ဘုရားသခင့်​အဆွေ​များ​အဖို့ ပြင်ဆင်​တော်​မူ​သော​ဆု​လာ​ဒ်​တော်​ကို ဆွတ်ခူး​သော​လမ်းစဉ်​လည်း​ဖြစ်​သတည်း။

ဆွေးနွေး​ရန်​မေးခွန်းများ

◻ ဘုရားသခင်​နှင့် ရင်းနှီးသော​ဆက်ဆံမှု​ရှိ​ရန် အဘယ်ကြောင့်​အရေးကြီး​သနည်း။

◻ ဘုရားသခင်​နှင့်​စပ်လျဉ်း၍ သမ္မာကျမ်းစာ​က မည်သို့​ဖော်ပြ​သနည်း။

◻ သမ္မာကျမ်းစာ​ဖတ်ခြင်း​ကို ပျော်ရွှင်ဖွယ်၊ အကျိုး​ဖြစ်ထွန်း​ဖွယ်​ဖြစ်အောင် မည်သို့ပြု​နိုင်​သနည်း။

◻ သင့်​ယုံကြည်ခြင်းကို “လူသိရှင်ကြား​ကြေညာ” ရာ​၌ အဘယ်အရာ​များ​အကျုံးဝင်​သနည်း။ ထိုသို့ပြု​လို​သော​ဆန္ဒ သင်၌​ရှိသလော။ အဘယ်ကြောင့်​နည်း။

◻ ဘုရားသခင်​နှင့်​ရင်းနှီးမှု​ရရှိ​ရေး​တွင် စည်းဝေး​သည် အဘယ်​ကဏ္ဍ​မှ​ပါဝင်​သနည်း။ စည်းဝေး​မှ​အကျိုး​အများဆုံး​ရနိုင်​ရန် မည်သို့ပြု​နိုင်​သနည်း။

◻ ဘုရားသခင့်​အဆွေ​ဖြစ်​ခြင်း​၏​အကျိုးများ​ကား အဘယ်နည်း။

[စာမျက်နှာ ၃၁၁ ပါ​အကျဉ်း​ဖော်ပြချက်]

ကျွန်မ ဘုရားသခင်​နဲ့ တကယ်ပဲ​အကျွမ်းဝင်​နိုင် လို့လား

[စာမျက်နှာ ၃၁၂ ပါ​အကျဉ်း​ဖော်ပြချက်]

သမ္မာကျမ်းစာ​သည် ဘုရားသခင့်​ဗျာဒိတ်တော်​ဖြစ်၏။ ကျွန်ုပ်​တို့​မည်သို့​မည်​ပုံ ဤ​နေရာသို့​ရောက်လာ​ကြောင်း၊ အဘယ်​အရပ်သို့​သွား​နေကြောင်း ကျွန်ုပ်​တို့အား​သိစေ​၏

[စာမျက်နှာ ၃၁၆၊ ၃၁၇ ပါ​လေးထောင့်ကွက်​နှင့် ရုပ်ပုံ]

စည်းဝေးများ—ဘုရားသခင်​နှင့် အကျွမ်းဝင်​ဖို့​အထောက်အကူ​တစ်ရပ်

“ယေဟောဝါ​ကို​ချစ်တဲ့​လူတွေနဲ့ နီးနီးကပ်ကပ်​ပေါင်းသင်း​ခြင်း​ဟာ ကျွန်တော့်​ကို ယေဟောဝါ​နဲ့​နီးကပ်​စေတယ် ဆိုတာ​ကို ကျွန်တော်​တွေ့ရ​တယ်။” နိုင်ဂျီးရီးယား​လူငယ်​တစ်ဦး အထက်ပါ​အတိုင်း​ဆို​ခဲ့​သည်။ ယေဟောဝါသက်သေ​များသည် မိမိတို့၏​ဒေသန္တရ နိုင်ငံတော်​ခန်းမ​များ​၌ ထိုသို့​သော​ပေါင်းသင်း​ချိန်​များ စီစဉ်​ထား​ကြ​ပေ​သည်။ (ဟေဗြဲ ၁၀:၂၃-၂၅) ၁၆ နှစ်အရွယ် အ​နီ​တာ​က “နိုင်ငံတော်​ခန်းမ​ထဲမှာ မိတ်ဆွေ​အစစ်အမှန်​ကို ကျွန်မ​တွေ့ရ​တယ်” ဟု​ဆို​၏။

သို့ရာတွင်၊ ထိုသို့​သော​စည်းဝေးများ​မှာ မိတ်ဆုံပွဲ​များ​သက်​သက်​မဟုတ်။ နိုင်ငံတော်​ခန်းမ​များ​၌ အပတ်စဉ်​စည်းဝေး​ငါး​ခု​ပါဝင်သော သမ္မာကျမ်းစာ ပညာပေး​သင်တန်း​တစ်ရပ် ကျင်းပ​ပါ​သည်။ အကြောင်းအရာ​အမျိုးစုံ ဆွေးနွေး​တင်ပြ​ပါ​သည်– အိမ်ထောင်ရေး​ဘဝ၊ ကျမ်းစာ​အနာဂတ်​ဟောချက်၊ အကျင့်အကြံ၊ အယူဝါဒ​နှင့် ခရစ်ယာန်​ဓမ္မ​အမှုတို့​မှာ နမူနာ​အနည်းငယ်​သာ​ဖြစ်သည်။ ခမ်းနား​ကြီးကျယ်​သော​ဇာတ်​သ​ဘင်​မဟုတ်သော်လည်း စိတ်ဝင်စားဖွယ်​ကောင်း​၏။ အဟောအပြော​နှင့်​အုပ်စု​လိုက်​ဆွေးနွေးပွဲ​၌ လူတွေ့မေးမြန်း​ခြင်း​နှင့် တက်ကြွ​သော​သရုပ်ပြ​ပွဲ​များ ကြားညှပ်​ပါဝင်​၏။ သီအိုကရက်တစ်​ဓမ္မ​အမှု​ကျောင်း​သည် အထောင်အသောင်း​သော​လူ​တို့အား ထိရောက်​သော​လူထု​ဟောပြောသူများ​ဖြစ်လာ​ရန် သင်ကြား​လေ့ကျင့်​ခဲ့ပြီ​ဖြစ်၍ အထူး​ပေါ်လွင်​ထင်ရှား​ပေ​သည်။

သင်သည် စည်းဝေး​တက်​နေကျ​ဆိုလျှင်​မည်သို့​နည်း။ ယခု​ထက်​ပို​၍​အကျိုး​ရရှိနိုင်​ရန်​ကြိုးစား​ပါ။ (၁) ပြင်ဆင်​ပါ–အ​နီ​တာ​က“စည်းဝေး​မှာ​သုံးတဲ့​စာအုပ်​တွေ​ကို ဖတ်ရှု​လေ့လာ​ဖို့ ပုံသေ​အချိန်ကို ကျွန်မ​သီးသန့်​ဖယ်​ထား​တယ်” ဟု​ဆို​၏။ သို့ပြုခြင်း​သည်​ပါဝင်​ရန် လွယ်ကူ​စေ​သည်။ (၂) ပါဝင်​ပါ–ယေရှုသည် ငယ်​စဉ်​အချိန်၊ ဗိမာန်တော်၌ ဝိညာဏ​အကြောင်း​များ​ဆွေးနွေး​စဉ် နားထောင် မေးမြန်း ဖြေဆိုခြင်း​ပြု​တော်​မူ​၏။ (လုကာ ၂:၄၆၊ ၄၇) သင်လည်း “ကြား​ရသော​အရာများ​ကို ခါတိုင်းထက်​ပို​၍ ဂရုစိုက်” နိုင်​သည်။ စိတ်​မ​ပျံ့လွင့်​စေရန် မှတ်ချက်များ​ယူပါ။ (ဟေဗြဲ ၂:၁၊ က​ဘ) ပရိသတ်​ပါဝင်​ဆွေးနွေး​ရန် ဖြစ်​လျှင် ပါဝင်​ဖြေဆိုပါ။

နောက်​အကြံ​ကောင်း​တစ်ခု​မှာ (၃) သင်ကြား​တတ်မြောက်​ရာ​ကို အသုံးပြုခြင်း​ပင်– သိခဲ့​ရာ​များ​ကို အခြား​သူတို့အား​ပြောပြ​ပါ။ ထို့​ထက်​အရေးကြီး​သည်​ကား သင့်​ဘဝတွင်​လက်တွေ့​အသုံးချပါ။ ပြုပြင်​ဖို့​လို​သည့်​အပိုင်း​တွင် ပြုပြင်​ပြောင်းလဲ​ပါ။ သမ္မာတရား​သည် ‘သင်တို့၌​အာနိသင်​သက်ရောက်​လျက်​ရှိ’ ကြောင်း သိသာ​စေပါ။—၁ သက်သေ​လောနိတ် ၂:၁၃။

စည်းဝေး​ကို ဦးစားပေး​ပါ။ ခါတိုင်းထက် အိမ်စာ​ပိနေ​လျှင် စည်းဝေး​မတိုင်မီ လုပ်ပါ။ စီး​မီယံ​အမည်​ရှိ​လူငယ်​တစ်ဦး​က ဤသို့​ဆို​၏၊ “စည်းဝေး​ပြီး​တဲ့​နောက်​မှာ ကျွန်တော်​လူတွေနဲ့ စကား​ဖောင်ဖွဲ့​တဲ့​ဝါသနာ​ရှိတယ်။ နောက်​ပိတ်​ဆုံး​ကျ​မှာ​အိမ်ပြန်​တယ်။ ဒါပေမဲ့ ကျောင်းစာ​များတဲ့​အခါမှာ ကျွန်တော်​စည်းဝေး​ပြီး​ပြီး​ချင်း အိမ်ပြန်​တယ်။” ဤ​ကိစ္စ​ကို သင်​မည်သို့​ပင်​ကိုင်တွယ်​ပါစေ၊ စည်းဝေး​မှန်မှန်​တက်​နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစား​ပါ။ ၎င်း​သည် သင့်​ဝိညာဏ​ကြီးထွားမှု​အတွက် အရေးပါ​လှ​၏။

[စာမျက်နှာ ၃၁၅ ပါ​ရုပ်ပုံ]

ဘုရားသခင်​နှင့် မိတ်သဟာယ​ဖွဲ့​ရာ​၌ သမ္မာကျမ်းစာ​ဖတ်ရှု ခြင်း​သည် မရှိမဖြစ်

[စာမျက်နှာ ၃၁၈ ပါ​ရုပ်ပုံ]

“ကျွန်မ ပြဿနာ​ကြုံ​တိုင်း၊ ညွှန်ကြားချက်​ရဖို့ ယေဟောဝါ​အထံတော်​ကို​သွားနိုင်တယ်၊ ယေဟောဝါ​လည်း ကျွန်မ​ကို​ကူညီ​မယ်​ဆိုတာ ကျွန်မ​နားလည်တယ်”