မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိတ်စစ်ဆွေစစ် ဘယ်လိုဖွဲ့ နိုင်မလဲ

မိတ်စစ်ဆွေစစ် ဘယ်လိုဖွဲ့ နိုင်မလဲ

အခန်း ၈

မိတ်​စစ်​ဆွေ​စစ် ဘယ်လို​ဖွဲ့နိုင်​မလဲ

ရော်​နီ​ဆို​သော​လူငယ်​တစ်ဦး​က ဤသို့ညည်း​ရှာ​သည်။ “ဒီ​ခရိုင်​မှာ ကျွန်တော်​ကျောင်း​လာ​တက်တာ ရှစ်နှစ်​တောင်​ရှိပြီ။ ဒါပေမဲ့ ဒီ​အချိန်​တစ်လျှောက်​လုံး မိတ်ဆွေ​ဆို​လို့ တစ်ယောက်မှ​မ​ဖွဲ့နိုင်​ခဲ့​ဘူး!” သင်လည်း​တစ်ခါတစ်ရံ​မိတ်ဆွေဖွဲ့​သည့်​ကိစ္စ​တွင် အလားတူ​အရေးနိမ့်​ခဲ့​ဘူး​ပေမည်။ မိတ်ဆွေစစ်​ကား​အဘယ်နည်း။ သူတို့ကို​ရရှိ​ခြင်း​၏ လျှို့ဝှက်ချက်​ကား​အဘယ်နည်း။

နယပုံပြင်​တစ်ချက်​က “မိတ်ဆွေ​သည်​အခါ​ခပ်သိမ်း​ချစ်တတ်​၍ ဒုက္ခ​ကာလ​၌​ညီအစ်ကို​တစ်ယောက်​ဖြစ်လာ​သည်” ဟု​ဆို​သည်။ (သု. ၁၇:၁၇အခြေခံ​အင်္ဂလိပ်​သမ္မာကျမ်းစာ) သို့သော် မိတ်ဆွေ​ဟူသည် နှစ်သိမ့်မှု​ပေး​သူ​တစ်ဦးမျှ​သာ​မဟုတ်။ မာ​ဗီ​ယာ​ဆို​သည့် မိန်းမငယ်​တစ်ဦး​ဤသို့​ဆို​၏– “တစ်ခါ​တ​လေ၊ မိတ်ဆွေ​လို့​အခေါ်​ခံ​တဲ့​လူတွေဟာ ကိုယ်​ဒုက္ခ​ရောက်တာကို​မြင်ပြီး ‘မင်း​ဒုက္ခ​ရောက်တော့​မယ်​ဆိုတာ​ငါ​မြင်​သား​ပဲ။ ဒါပေမဲ့၊ မင်းကို​ငါ​မပြော​ရဲ​လို့​သာ​မပြော​ဘဲ​နေတာ’ ဆိုပြီး​ပြော​တတ်တယ်။ ဒါပေမဲ့ မိတ်​စစ်​ဆွေ​စစ်​ဟာ ကိုယ်​လမ်းမှား​လိုက်နေတာ​မြင်​တာ​နဲ့၊ အချိန်မနှောင်း​မီ​သတိပေး​တတ်တယ်—သူပြောတာ​ကို​ကိုယ်​က​မကြိုက်​မှန်း​သူသိ​ရင်တောင် သူကတော့​ပြော​မှာပဲ။”

သင့်​အကျိုးကို​လိုလား​၍ သင့်​အား​အမှန်အတိုင်း​ပြော​လာသော လူတစ်ယောက်ကို သင်သည်​မာန​စိတ်​ကြောင့် ခုခံ​ငြင်းပယ်​လိုက်​မည်​လော။ “မုန်း​သော​သူ​တစ်ယောက်​၏ ဒ​ရ​စပ်​နမ်းရှုပ်​မှုများ​အပေါ် ယုံစား​နိုင်​သည်ထက်၊ ချစ်သော​သူ​တစ်ယောက်​ထံ​မှ​သက်ရောက်​သော ဒဏ်ရာ​ဒဏ်ချက်​များ​ကို ပို​၍​ယုံစား​နိုင်​သည်” ဟူ၍​နယပုံပြင် ၂၇:၆ က​ဆို​၏။ (ဘိုင်ယင်​တန်) သို့ဖြစ်၍ တဲ့တိုး​တွေး​ပြီး​တဲ့တိုး​ပြောတတ်​သော​လူစား​သည် မိတ်ဆွေ​အဖြစ်​ရှာယူ​ပေါင်းသင်း​ထိုက်သည့် လူစား​ပင်​ဖြစ်သည်။

မိတ်​တု​မိတ်​ယောင်​နှင့်​မိတ်​စစ်​ဆွေ​စစ်

၂၃ နှစ်အရွယ်​ပက်​ဂီ​က “‘မိတ်ဆွေ’ ဆိုတိုင်း ကိုယ့်​အတွက်​အကောင်းဆုံး​မဖြစ်စေ​ဘူးဆို​တာ ကျွန်မ​ရဲ့​ဘဝဟာ​သက်သေ​ပဲ” ဟူ၍​ဆိုပါ​သည်။ ပက်​ဂီ​သည်​ဆယ်ကျော်သက်​အရွယ်မှာ​ပင်​အိမ်ပေါ်​မှ​ဆင်း​ခဲ့​ရ​ရှာ​သည်။ သို့သော်​ဘီး​လ်​နှင့်​ဇနီး​လွိုက်​ဆို​သူ ယေဟောဝါသက်သေ​နှစ်ဦး​က သူ့​ခင်မင်မှု​ကို​ရယူခဲ့​ကြ​ပြီး သူ့​အား​သမ္မာကျမ်းစာ​သင်ကြား​ပေး​လေ​သည်။ ပက်​ဂီ​က “သူတို့နဲ့​ပေါင်းသင်း​တဲ့​လ​များ​ဟာ​တကယ့်​ပျော်ရွှင်မှု၊ ရောင့်ရဲမှု၊ ငြိမ်သက်မှု​အတိ​ဖြစ်​ခဲ့​ပါ​တယ်” ဟု​ဆို​၏။ သို့ပါ​လျက်​နှင့်၊ ပက်​ဂီ​သည် ဆုံတွေ့​ခဲ့​သော​အချို့လူငယ်များ​ကို​ရွေး​ပေါင်း​ပြီး—ဘီး​လ်​နှင့်​လွိုက်​တို့ကို​စွန့်ခွာ​ခဲ့​သည်။

ပက်​ဂီ​ဆက်၍ ဇာတ်ကြောင်း​ပြန်​၏– “ကျွန်မ​ရဲ့‘မိတ်​သစ်​ဆွေ​သစ်’ တွေ​ဆီက​ကျွန်မ​ပညာတော်​တော်​ရခဲ့တယ်—စတီရီယို​ခိုး၊ ဘဏ်​ငွေ​လိမ်​ထုတ်၊ ဆေးခြောက်​ရှူ၊ နောက်ဆုံး​မှာ​တစ်ရက်​ဒေါ်လာ ၂၀၀ ကုန်ကျ​တဲ့ မူးယစ်​ဝါး​သုံးစွဲ​တတ်​တဲ့​အကျင့်ပါ​ပဲ။” ၁၈ နှစ်အရွယ်​ရောက်​သောအခါ ရေး​ဆို​သော​လူငယ်​တစ်ယောက်​နှင့်​တွေ့​၏။ ရေး​သည်​ပက်​ဂီ​အသုံး​လို​သလော​က် မူးယစ်​ဆေးဝါး​များ​ကို—အခမဲ့​ပေး​လေ​သည်။ ထို​အခါ၊ ပက်​ဂီ​က “ငါ့​ဒုက္ခတွေ​ကုန်လွန်​ခဲ့ပြီ။ ငါနောက်ကို​ဘယ်တော့မှခိုး​ဖို့​လိမ်​ဖို့​မလို​တော့​ဘူး” ဟု​ထင်မှတ်​ခဲ့​သည်။ သို့ရာတွင်၊ ရေး​သည်​ပက်​ဂီ​အားပြည်​တန်ဆာ​အလုပ်​နှင့်ဆက်သွယ်​ပေး​လေ​တော့​သည်။ နောက်ဆုံး​တော့​ပက်​ဂီ​သည်​ထို​မြို့​နှင့်မိမိ၏​ပေါက်လွှတ်ပဲစား “မိတ်ဆွေများ” နှင့်​ဝေး​အောင်​ပြေး​လေ​တော့​သည်။

တစ်နေ့​သော်​ထို​နယ်​သစ်​မြေ​သစ်​တွင်၊ သူ့​ထံ​ယေဟောဝါသက်သေ​နှစ်ဦး​ရောက်လာ​၏။ ပက်​ဂီ​ဤသို့ ဇာတ်ကြောင်း​ပြန်​၏– “ကျွန်မ​မျက်​အိမ်ထဲ​မှ​ပီတိ​မျက်ရည် ရွှမ်း​ဝေ​လာပြီး အဲဒီ​အမျိုးသမီး​နှစ်ယောက်ကို ကျွန်မ​ဖက်​ထား​မိတယ်။ သူတို့​နှစ်ယောက်​လဲ မင်​သေ​သေ​ဖြစ်သွား​ကြတယ်။ ကျွန်မ ‘မိတ်ဆွေ’ ဟောင်း​တွေ​ရဲ့​ဟန်ဆောင်မှု​ကို ကျွန်မ​ရွံမုန်း​လာ​မိတယ်။ ဒီ​ကလူ​တွေ​က​သာ တကယ့်​မိတ်ဆွေ​မှန်း​သိလာ​ပါ​တယ်။” သို့နှင့်​ပက်​ဂီ​ကျမ်းစာ​ပြန်၍ သင်အံ​လာ​သည်။

သို့သော်​ပက်​ဂီ​သည်​မိမိ၏​ဘဝကို ဘုရားသခင့်​နည်းလမ်းတော်​နှင့်​ညီညွတ်​စေရန် ခက်ခဲ​စွာ​အားထုတ်​ရ၏။ အထူးသဖြင့် ဆေးလိပ်​ဖြတ်​သည့်​ကိစ္စ​ဖြစ်သည်။ သို့တ​စေ၊ သက်သေခံ​မိတ်ဆွေ​တစ်ဦး​က “အရေးနိမ့်​ပြီး​နောက်​မှ ဘုရားသခင်​ဆီ​မှာ​အပြစ်လွှတ်​ဖို့ ဆုတောင်း​မဲ့​အစား၊ ဆေးလိပ်​သောက်​ချင်စိတ်​ပေါက်​လာတာ​နဲ့ ဦး​အောင်​ဆုတောင်း​ပြီး ဘုရားသခင်​ထံ​မှာ​ခွန်အား​တောင်း​ပါ​လား” ဟူ၍​အကြံပေး​သည်။ ပက်​ဂီ​က “လက်တွေ့ကျတဲ့​ဒီ​အကြံပေး​ချက်​တကယ်​အောင်မြင်​တယ်။ ... နှစ်များ​စွာ​အတွင်း ပထမ​အကြိမ်​အနေ​နဲ့ စိတ်​ကြည်လင်​သန့်ရှင်းတဲ့​အရသာ​ကို ခံစား​ရတယ်။ ဣန္ဒြေ​သိက္ခာ​ရဲ့​အဓိပ္ပာယ်​ကိုလည်း သဘောပေါက်​လာတယ်။”

ပက်​ဂီ​၏​အတွေ့အကြုံ​က​ နယပုံပြင် ၁၃:၂၀ ပါ​သမ္မာကျမ်းစာ​စကား​မှန်ကန်ကြောင်း ပေါ်လွင်​စေ​သည်– “ပညာရှိ​တို့​နှင့်​ပေါင်းဖော်သော​သူသည်​ပညာရှိ​တတ်၏။ လူမိုက်​တို့​နှင့်​ပေါင်းဖော်သော​သူ​မူ​ကား၊ ပျက်စီး​တတ်၏။” ပက်​ဂီ​က “ကျွန်မ​ဟာ​ဘုရားသခင်​ကို​ချစ်တဲ့​လူတွေနဲ့​သာ မိတ်ဆွေ​လုပ်ခဲ့​မယ်​ဆိုရင် အခု​ကျွန်မ​ရဲ့​မှတ်ဉာဏ်​ထဲ​က ဆို​ခဲ့​တဲ့​အဖြစ်သနစ်​ဆိုး​တွေ​ကို ရှောင်ကွင်း​နိုင်​ခဲ့​မှာပဲ။”

မိတ်ဖွဲ့​ဆွေ​ရှာ

ဘုရားသခင်​ကို​ချစ်သော​မိတ်ဆွေများ​ကို အဘယ်​နေရာတွင်​တွေ့​နိုင်​သနည်း။ ခရစ်ယာန်​အသင်းတော်၌ တွေ့​နိုင်​ပါ​သည်။ ယုံကြည်ပါ​သည်​ဟု ပါးစပ်​က​ဆို​ရုံ​မ​က၊ မိမိ၏​ယုံကြည်ခြင်း​နှင့်​ဘုရား​ကြည်ညို​ခြင်း​ကို အကျင့်အကြံ​ဖြင့် ကျော​ထောက်​နောက်ခံ​ပြုသော​လူငယ်များ​ကို​ရှာဖွေပါ။ (ယာကုပ် ၂:၂၆ နှိုင်းယှဉ်။) ထိုသို့​သော​လူငယ်​ရှားပါး​လျှင်၊ ကိုယ့်ထက်​အသက်ကြီး​သော အချို့​ခရစ်ယာန်​များနှင့် အသိအကျွမ်း​လုပ်ပါ။ မိတ်ဆွေ​ဟူသည် အသက်အရွယ်​မရွေး​သင့်။ သမ္မာကျမ်းစာ​က ဒါဝိဒ်​နှင့်​ယောနသန်​တို့၏​စံပြ​မိတ်ဆွေ​ဖြစ်​ကြ​ပုံ​ကို ရေးသား​ထား​ကာ—ယောနသန်​သည်​ဒါဝိဒ်​၏​အဖေ​ဖြစ်​နိုင်​လောက်​အောင် အသက်ကြီး​လေ​သည်!—၁ ဓမ္မရာဇဝင် ၁၈:၁

သို့သော် မည်သို့​စတင်​မိတ်ဖွဲ့​နိုင်​သနည်း။

သူ​တစ်​ထူး​ပေါ်​တက်ကြွ​စွာ​စိတ်ဝင်စား

ယေရှုသည် ခိုင်မြဲ​လှ​သော​မိတ်သဟာယ​ဖွဲ့​နိုင်​ခဲ့​ရာ သူ့​မိတ်ဆွေများ​သည် သူ့​အဖို့​အသက်စွန့်​ရန်​ပင် ဝန်မလေး​ခဲ့​ကြ။ အဘယ်ကြောင့်​နည်း။ တစ်ခု​အနေ​နှင့်​ပြော​ရ​လျှင် ယေရှုသည်​လူ​တို့ကို​ဂရုပြု​စောင့်ရှောက်​တော်​မူ​၏။ ကိုယ်တော်​သည်​လက်လှမ်း​၍ သူတစ်ပါးကို​မစ​တော်​မူ​၏။ ပါဝင်​ပတ်သက်​ရန် ‘အလိုရှိ’ တော်​မူ​၏။ (မဿဲ ၈:၃) မှန်​ပေ​သည်။ သူတစ်ပါး​အရေး​တွင်​စိတ်ဝင်စားခြင်း​သည် မိတ်ဖွဲ့ခြင်း​၏​ပထမ​ခြေလှမ်း​ပင်​ဖြစ်၏။

သာဓက​အားဖြင့်၊ ဒါဝိဒ်​အမည်​ရှိ​လူငယ်​တစ်ဦး​က မိတ်ဖွဲ့​ရာ​၌​အောင်မြင်​သည့်​အကြောင်း​မှာ၊ “လူတွေ​အပေါ်​တကယ့်​မေတ္တာ​ထားပြီး သူတစ်ပါး​ပေါ်​တက်ကြွ​စွာ​စိတ်ပါ​ဝင်စားတဲ့​အတွက်” ဖြစ်သည်​ဟု​ဆိုပါ​သည်။ သူ​ဆက်၍​ဆို​၏– “အချက်​ကြီး​တစ်ချက်​က၊ သူ့​နာမည်​ကို​သိကျွမ်းခြင်း​ပါ​ပဲ။ လူတွေဟာ​ကိုယ့်​နာမည်​ကို သူများ​မှတ်မိတယ်​ဆိုရင် သဘောကျ​တတ်​ပါ​တယ်။ အဲ့​ဒါ​ကြောင့်​ကိုယ်တွေ့​အဖြစ်အပျက်​တွေ​က​အစ၊ ပြဿနာ​တွေ​ကို​ပါ​ခင်ဗျား​ကို​ပြောပြ​ပြီး ခွဲဝေ​ခံစား​တတ်​ပါ​တယ်။ ဒါနဲ့​ပဲ​မိတ်သဟာယ​စတင်​ဆောက်​တည်​လာတယ်​ပေါ့။”

လူ​မြင်​တိုင်း​လက်ဆွဲ​နှုတ်ဆက်​တတ်သော ဖော်ရွေ​ခင်မင်​လွန်း​သူ​တစ်ယောက်​ဖြစ်​ရမည်ကို မဆိုလို​ပါ။ ယေရှုသည် ‘နှိမ့်ချသော​နှလုံး​ထား’ ရှိ​တော်​မူ​၏။ ဟိတ်​ဟန်​များသော​လူစားမျိုး​မဟုတ်။ (မဿဲ ၁၁:၂၈၊ ၂၉) သူတစ်ပါး​အပေါ်​ဖြူစင်​ရိုးသား​စွာ စိတ်ဝင်စား​တော်​မူ​သည့်​အတွက် လူတို့၏​ခင်မင်မှု​ကို ရယူ​နိုင်​ခြင်း​ဖြစ်သည်။ ထမင်း​စား​ဖိတ်ကြား​ခြင်း၊ အလုပ်​တစ်ရပ်​တွင်​ဝင်ရောက်​ကူညီ​ခြင်း စ​သည့်​ကိစ္စ​သေး​သေး​ဖွဲဖွဲ​ပြုလုပ်​ရုံ​ဖြင့် မိတ်သဟာယ​ကို​နက်ရှိုင်း​စေနိုင်​သည်။

“သင်​အဘယ်​သို့​နားထောင်”

ယေရှု​က“သင်​အဘယ်​သို့နားထောင်​သည်ကို​ဂရုပြု​လော့”ဟု​အကြံပေး​တော်​မူ​သည်။ (လုကာ ၈:၁၈) ဘုရားသခင့်​စကားတော်​ကို နားထောင်ခြင်း​နှင့်​ပတ်သက်​၍ မိန့်တော်မူ​ခြင်း​ဖြစ်​သော်လည်း၊ ၎င်း​မူ​သည်​ပေါင်းသင်း​ဆက်ဆံ​ရေး​တွင်​လည်း များစွာ​အရာရောက်​ပေ​သည်။ မိတ်ဖွဲ့​ရာ​၌ ကောင်းစွာ​နားထောင်​တတ်​သူ​ဖြစ်​ခြင်း​သည် အရေးပါ​လှ​၏။

သူတစ်ပါး​စကားပြော​စဉ် ကျွန်ုပ်​တို့​တကယ်​ပင် စိတ်ဝင်တစား​နားထောင်ပါ​က ထို​သူကို​ဆွဲဆောင်​နိုင်​သည်။ “ကိုယ်​အမှုအရာ [ကိုယ်​ပြော​လို​သော​အရာ] ကို​သာ​မ​ရှု​မ​မှတ်​ဘဲ၊ သူ့​အမှုအရာ​ကို​အချင်းချင်း​ရှုမှတ်​ကြ” ရန်လို​အပ်​၏။—ဖိလိပ္ပိ ၂:၄

သစ္စာ​ရှိပါ

ယေရှုသည်​မိတ်ဆွေများ​အပေါ် သစ္စာ​တည်ကြည်​တော်​မူ​၏။ သူတို့ကို “အဆုံးတိုင်အောင်​ချစ်တော်မူ​၏။” (ယောဟန် ၁၃:၁) ဂေါ်​ဒန်​ဆို​သူ​လူငယ်​သည် မိတ်ဆွေများ​အပေါ် ထိုသို့​ပင်​ဆက်ဆံ​၏– “မိတ်ဆွေကောင်း​တစ်ဦး​ရဲ့ အဓိက​အရည်အသွေးဟာ​သစ္စာ​ပါ​ပဲ။ အခက်အခဲ​ကြုံ​လာတဲ့အခါ ခင်ဗျား​ပေါ်​ဆက်​ပြီး​သစ္စာစောင့်​မလား။ ကျွန်တော်​နဲ့​ကျွန်တော့်​မိတ်ဆွေ​ဆို​လို့ရှိရင်၊ တခြား​လူ ရှုတ်ချ​လာတဲ့အခါ အချင်းချင်း​အကာအကွယ်​ပေး​ကြ​ပါ​တယ်။ တကယ်ပဲ​တစ်ယောက်ကို​တစ်ယောက် ကာကွယ်​ပေး​ကြတယ်—ဒါပေမဲ့​ကျွန်တော်​တို့ အမှန်တရား​ဘက်​ရပ်တည်​နေ​မှ ခုလို​လုပ်ကြပါ​တယ်။”

မိတ်​တု​မိတ်​ယောင်​များ​မူ ရှေ့တွင်​မျက်နှာ​ချို​သွေး​ပြီး နောက်ကွယ်​တွင် အချင်းချင်း​နောက်ကျော​ကို​ဓား​နှင့်​ထိုး​တတ်ကြ​သည်။ သို့ပြုခြင်း​ကို​ဘယ်လိုမှ​လဲ​မထင်။ နယပုံပြင် ၁၈:၂၄ (က​ဘ) က “တစ်ယောက်ကို​တစ်ယောက် အစိတ်​အစိတ်​အ​မွှာမွှာ​ဖြစ်အောင် ထုချေ​သော​အပေါင်းအဖော်​များ​ရှိသည်” ဟု​ဆို​၏။ သင်သည်​ဝိုင်းဖွဲ့၍ မိတ်ဆွေ​တစ်ဦး၏​အသရေပျက်​အောင် အတင်း​ပြော​ခြင်း​ဖြင့် သူ့​နာမည်​ကောင်း​ကို “ထုချေ” သလော။ သို့မဟုတ်​သစ္စာရှိ​ရှိ သူ့​ဘက်​မှ​ရပ်တည်​သလော။

သင့်​ခံစားချက်​ကို​ခွဲဝေ​ပါ

ယေရှုသည်​မိမိ၏​ရင်တွင်း​ခံစားချက်​များ​ကို ထုတ်ဖော်​ပြောဆိုခြင်း​အားဖြင့်လည်း သူတစ်ပါး​၏​ခင်မင်​ကြင်နာ​မှု​ကို ရယူ​နိုင်​ခဲ့​သည်။ မိမိသည် “သနားခြင်း​စိတ်” “ချစ်သော​စိတ်” “အလွန်​ညှိုးငယ်​ခြင်း” ရှိသည်​ကိုတစ်​ခါ​တစ်ရံ​မထိမ်မဝှက်​ဘဲ ဖော်ထုတ်​တော်​မူ​သည်။ တစ်ကြိမ်​ထက်မက “မျက်ရည်ကျ​တော်​မူ​၏။” မိမိ​ယုံစား​သော​သူတို့ရှေ့၊ မိမိ​နှလုံးသား​ခံစားချက်​ကို ဖော်ထုတ်​ရမည်ကို​ရှက်​တော်​မ​မူ။—မဿဲ ၉:၃၆; ၂၆:၃၈; မာကု ၁၀:၂၁; ယောဟန် ၁၁:၃၅

တွေ့​ရာ​လူရှေ့​မိမိ​ရင်တွင်း​ခံစားချက်​ကို သွန်​မှော​က်​ရမည်ကို​မဆိုလို။ သို့သော်​လူတိုင်း​အပေါ်​ရိုးသား​နိုင်​သည်။ တစ်ယောက်ယောက်​ကို​သိကျွမ်း​၍ ယုံစား​လာသော​အခါ၊ သင့်​ရင်တွင်း​ခံစားချက်​ကို တ​စ​စ​ဖော်ထုတ်​နိုင်​သည်။ တစ်ချိန်တည်း​တွင်၊ သူတစ်ပါး​ပေါ်​ထောက်ထား​စာနာမှု​နှင့် “ကိုယ်ချင်းစာ​တရား” ထား​ရှိ​ခြင်း​သည်လည်း အဓိပ္ပာယ်​ပြည့်ဝ​သည့်​မိတ်သဟာယ​အတွက် မရှိမဖြစ်​ချေ။—၁ ပေတရု ၃:၈က​ဘ

စုံလင်မှု​ရဖို့ မမျှော်လင့်​နှင့်

မိတ်သဟာယ​သည် အစပိုင်း​တွင်​ကောင်း​သော်လည်း စုံလင်​ဖို့​မမျှော်လင့်​နှင့်။ “ကျွန်ုပ်​တို့အားလုံး​အ​ဘက်​ဘက်၌​မှား​တတ်ကြ​၏။ သို့သော်၊ မိမိသည်​တစ်ကြိမ်​မျှ​အမှား​မပြော​ဟု​ဆိုနိုင်​သော​သူသည် မိမိကိုယ်ကို​စုံလင်သူ​ဟူ၍​ယူမှတ်​နိုင်​သည်။” (ယာကုပ် ၃:၂ဖိလစ်) ထို့ပြင်၊ မိတ်သဟာယ​သည်​အကုန်အကျ​ရှိသည်—အချိန်​နှင့်​စိတ်​လှုပ်ရှားမှု​ပင်။ ပ​ရက်​စ​လီ​အမည်​ရှိ​လူငယ်​တစ်ဦး​က “ကိုယ့်​အနေ​နဲ့​ပေးဖို့​အသင့်​ရှိရမယ်” ဟု​ဆို​သည်။ ဒါဟာ​မိတ်သဟာယ​ရဲ့ ကြီးမား​တဲ့​အပိုင်း​ဖြစ်တယ်။ ကိုယ့်​မှာ​ခံစားချက်​ရှိတာ​မှန်တယ်။ ဒါပေမဲ့ ကိုယ့်​မိတ်ဆွေရဲ့​ခံစားချက်​နဲ့​အတွေးအခေါ်ကို နေရာ​ပေး​တဲ့​အနေ​နဲ့ လျှော့​တန်​လျှော့​ပေးဖို့ အသင့်ရှိ​ရ​ပါ​လိမ့်​မည်။”

သို့သော် မေတ္တာ​ကင်းမဲ့​သည့်​အဖြစ်—အထီးကျန်​၏ ဟာလာဟင်းလင်း​သော​ဘဝမျိုး​၏ နစ်နာမှု​နှင့်​နှိုင်းယှဉ်​သော် မိတ်သဟာယ​၏​ကုန်ကျ​စရိတ်​သည် ဘာမျှ​မဟုတ်။ ထို့​ကြောင့် မိတ်ဆွေဖွဲ့ပါ။ (လုကာ ၁၆:၉ နှိုင်းယှဉ်။) သင့်ကိုယ်ကို​ပေး​ပါ။ အခြားသူများ​စကားပြော​သောအခါ နားထောင်ပါ။ သူတို့​အရေး​ကို တကယ်​စိတ်ဝင်စား​ကြောင်း​ပြသ​ပါ။ သို့ပြု​လျှင် သင်သည်​ယေရှု​ကဲ့သို့ လူ​အမြောက်အမြား​အား “သင်တို့သည်...ငါ​၏​အဆွေ​ဖြစ်​ကြ​၏” ဟု​ဆိုနိုင်​မည်​ဖြစ်​သတည်း။—ယောဟန် ၁၅:၁၄

ဆွေးနွေး​ရန်​မေးခွန်းများ

◻မိတ်ဆွေစစ်​ကို​မည်သို့ခွဲခြား​သိမြင်​နိုင်​သနည်း။ မည်သို့သော​မိတ်ဆွေ​သည် အတု​ဖြစ်​သနည်း။

◻အဘယ်​နေရာတွင် မိတ်ဆွေ​ရှာ​နိုင်​သနည်း။ ရွယ်တူ​ချည်း​ဖြစ်​ရမည်​လော။

◻မိတ်ဆွေ​တစ်ယောက် ကြီး​လေး​သော​အမှား​လုပ်မိ​လျှင် သင်​မည်သို့ပြုသင့်​သနည်း။

◻မိတ်ဖွဲ့​နည်းလေး​နည်း​ကား​အဘယ်နည်း။

[စာမျက်နှာ ၆၆ ပါ​အကျဉ်း​ဖော်ပြချက်]

“ကျွန်မ​ရဲ့ ‘မိတ်​သစ်​ဆွေ​သစ်’ တွေ​ဆီက​ကျွန်မ​ပညာတော်​တော်​ရခဲ့တယ် —စတီရီယို​ခိုး၊ ဘဏ်​ငွေ​လိမ်​ထုတ်၊ ဆေးခြောက်​ရှူ၊ နောက်ဆုံး​မှာ​တစ်ရက်​ဒေါ်လာ ၂၀၀ ကုန်ကျ​တဲ့​မူးယစ်​ဝါး​သုံးစွဲ​တတ်​တဲ့​အကျင့်ပါ​ပဲ”

[စာမျက်နှာ ၆၈၊ ၆၉ ပါ​လေးထောင့်ကွက်]

သူငယ်ချင်း​အကြောင်း တိုင်​ရင်​ကောင်း​မလား

အကယ်၍ သူငယ်ချင်း​တစ်ယောက်က မူးယစ်​ဆေးဝါး​နှင့်​လိင်ဆက်ဆံမှု​ကို မြည်းစမ်း​လျက်​နေကြောင်း၊ လိမ်လည်​ခိုးဝှက်​ကြောင်း​သိရှိ​ရ​လျှင်—တာဝန်​ရှိသူ​ထံ​တိုင်ကြား​မည်​လော။ အများအားဖြင့်​မ​တိုင်ကြား​ကြ​ပါ။ လူငယ်​အများ​ကျင့်သုံး​သော ဆိတ်ဆိတ်နေ​ဟူ​သည့်​ထုံး​နည်းကို လိုက်​တတ်ကြ​သည်။

အချို့က “ကုန်းတိုက်​သ​မား” ဆို​သော​ကင်​ပွန်း​အ​တပ်​မခံလို။ အချို့​၌​လွဲမှား​သော​သစ္စာ​ကို ပိုက်​ထား​၏။ ဆုံးမမှု​ကို​အကျိုးယုတ်​သည်​ဟု​မြင်​ကာ၊ သူငယ်ချင်း​၏​ပြဿနာ​ကို​ဖုံးဖိ​ထား​လျှင် သူ့​အကျိုးကို​ဆောင်​ရာ​ရောက်​သည်​ဟု​ထင်ကြ​သည်။ ထို့ပြင်​ဆိတ်ဆိတ်နေ​ဆို​သော​ထုံး​နည်းကို​ချိုးဖောက်​လျှင် အသင်းအပင်း​၏​ကဲ့ရဲ့​ပြစ်တင်ခြင်း​ကို​ခံရ​ပြီး မိတ်ပျက်​သွားဖို့​လည်း​အကြောင်း​ရှိသည်။

သို့ရာတွင်​လီ​အမည်​ရှိသော​လူငယ်​တစ်ဦး မိမိ​အချစ်ဆုံး​သူငယ်ချင်း​ခရစ္စ ဆေးလိပ်​သောက်​ကြောင်း​သိရ​သောအခါ၊ လုပ်ဆောင်ရန်​ဆုံးဖြတ်​လိုက်​သည်။ လီ​ဤသို့​ဆို​သည်– “ကျွန်တော့်​သြတ္တပ္ပစိတ်​က ‘ကျွန်တော့်​ကို​တ​ရိရိ​ကိုက်စား​ပါ​တယ်။ တစ်ယောက်ယောက်​ထံ​မှာ တိုင်ကြား​ရမယ်ဆိုတာ​ကို ကျွန်တော်​သိလို့ပါပဲ!” သမ္မာကျမ်းစာ​ခေတ်​ကလူ​ငယ်​တစ်ဦး​လည်း အလားတူ​အခြေအနေ​မျိုး​နှင့် ရင်ဆိုင်ခဲ့​ရသည်။ “ယောသပ်​သည်​အသက်​တစ်ဆယ်​ခု​နစ်​နှစ်​ရှိ၍ အစ်ကို​တို့​နှင့်အတူ သိုး​ဆိတ်​များ​ကို​ထိန်း​လေ​၏...သူတို့​အပြစ်ကို​အဘ​အား​ကြား​ပြောတတ်​၏။” (ကမ္ဘာဦး ၃၇:၂) မိမိသည်​နှုတ်ဆိတ်​လျက်​နေလျှင် မိမိ​အစ်ကို​များ​၏​ဝိညာဉ်​ရေး​ဘေး​တွေ့​မည်​ကို​သိ၍​ဖြစ်သည်။

အပြစ်​သည် လူကို​ပုပ်ပျက်​ဆွေးမြေ့​စေသော အင်အား​ဖြစ်သည်။ အပြစ်ပြု​သော​သူငယ်ချင်း​သည် ကျမ်းစာ​ဖြင့်​ခပ်​ပြင်းပြင်း​ဆုံးမခြင်း​စ​သည့် ကူညီ​မစမှု​ကို​မရ​လျှင် ထို့​ထက်​မိုက်​တွင်း​နက်​သွား​ရန်​အကြောင်း​ရှိသည်။ (ဒေသနာ ၈:၁၁) သို့ဖြစ်၍၊ သူငယ်ချင်း​၏​အပြစ်ကို​ဖုံးကွယ်​ပေးခြင်း​သည် သူ့​အတွက်​အကျိုးဆောင်​ရာ​မ​ရောက်​သည့်​ပြင်၊ ကုစား​မရနိုင်​လောက်​အောင်​ပင် အနာတရ​ဖြစ်စေ​နိုင်​သည်။

ထို့​ကြောင့်​သမ္မာကျမ်းစာ​က တိုက်တွန်း​၏– “ညီအစ်ကို​တို့ လူသည်​သတိလစ်၍ တစ်စုံတစ်ခု​သော​ဒုစရိုက်​ကို​ပြု​မိ​လျှင်၊ ဝိညာဉ်​ဆု​ကျေးဇူး​ကို​ခံရ​သော​သင်တို့သည်...သိမ်မွေ့​နူးညံ့​သော​သဘော​နှင့် ထိုသို့​သော​သူကို​မ​စ၍၊ သူ၏​နေရာ၌​တည်မြဲ​တည်စေ​ပြန်​ကြလော့။” (ဂလာတိ ၆:၁) သင်သည်​မိမိ​၌​ဝိညာဉ်​ဆု​ကျေးဇူး (အရည်အချင်း) မပြည့်ဝ​ဟု​ထင်​ကောင်း​ထင်​မည်။ သို့သော်​အကူအညီ​ပေး​နိုင်သော အရည်အချင်း​ရှိသူ​အား မပျက်​မ​ကွက်​အကြောင်းကြား​ရန် စီစဉ်​သင့်​သည်မဟုတ်​လော။

သို့​ဖြစ်၍​သင့်​မိတ်ဆွေ​ထံ​သွား​၍ သူ့​အမှား​ကို​တင်ပြ​ရန်​အလွန်​အရေးကြီး​၏။ (မဿဲ ၁၈:၁၅ နှိုင်းယှဉ်။) သို့​ပြု​ရန် သတ္တိ​နှင့် ရဲရင့်မှု​လို​သည်။ ခိုင်မာ​သော​သဘောဖြင့် သူ့​အပြစ်​နှင့်​ပတ်သက်ပြီး ခိုင်လုံ​သည့်​သက်သေ​အထောက်အထား​တင်ပြ​ပါ။ အထူးသဖြင့်​မိမိ​သိရှိ​သည့်​အရာ​ကိုလည်း​ကောင်း၊ မည်သို့​မည်​ပုံ​သိရှိ​ရ​ကြောင်းကို​လည်းကောင်း ပြောပြ​ပါ။ (ယောဟန် ၁၆:၈ နှိုင်းယှဉ်။) ငါ​ဘယ်သူ့ကိုမှ​အသိ​မပေးဘူး​ဟူ၍ ကတိ​မပေး​လိုက်ပါ​နှင့်။ အကြောင်း​မှာ​ဤသို့​သောက​တိ​မျိုး​သည် ဘုရားသခင့်​ရှေ့မှောက်၌​တရား​မဝင်​ချေ။ ကိုယ်တော်​သည် အပြစ်​ဖုံး​ဝှက်ထားခြင်း​ကို ရှုတ်ချ​တော်​မူ​သည်။—သု. ၂၈:၁၃

အထင်လွဲ​မှု​ဖြစ်ချင်​လည်း​ဖြစ်​မည်။ (သု. ၁၈:၁၃) ထိုသို့​မဟုတ်ဘဲ၊ အပြစ်​တကယ်​ကျူးလွန်​ခဲ့​သည်​မှန်​လျှင်၊ သင့်​သူငယ်ချင်း​သည် မိမိ​အပြစ်​ပေါ်​သွား​သည့်​အတွက် စိတ်သက်သာရာ​ရနိုင်​ဖွယ်​ရှိ​ပေ​သည်။ သူ့​စကား​ကို ကောင်းစွာ​နားထောင်ပါ။ (ယာကုပ် ၁:၁၉) “နင်​ဒါမျိုး​လုပ်ဖို့​မသင့်​ဘူး” ဟူသော​အပြစ်တင်​သည့် လေသံ​မျိုး​နှင့် ပြောဆိုခြင်း​ဖြင့်၊ သူ​နဂို​က​ပြော​ချင်​ရာ​များ​ကို​ပင် မပြော​ချင်​တော့​အောင် မ​ဖန်တီး​လိုက်ပါ​နှင့်။ “နင်​တကယ် လုပ်​ရက်​တယ်​ကွာ” ဟူသော​ထိတ်လန့်​သည့် လေသံ​မျိုးကို​လည်း​ရှောင်ပါ။ က​ရား​ရေ​လွှတ်​သလို​သူ့​ခံစားချက်​များ​ကို သွန်​ချပါ​စေ။ ကိုယ်ချင်းစာ​နာ​ပြီး သူ​ခံစားရ​သလို ခံစား​ကြည့်​ပါ။—၁ ပေတရု ၃:၈

များသောအားဖြင့်၊ အခြေအနေ​သည် သင်ပေး​နိုင်​သည့် အကူအညီ​ထက်​ပို​၍ လိုအပ်​သည်။ သို့ဖြစ်၍​သင့်​သူငယ်ချင်း​အား မိမိ​အပြစ်ကို​မိဘ​ထံ သို့​မဟုတ် တာဝန်​ရှိ​လူကြီး​များ​ထံ ဖော်ထုတ်​ရမည်​ဖြစ်​ကြောင်း တောင်းဆို​ပါ။ သူငယ်ချင်း​က ထိုသို့ပြု​ရန်​ငြင်းဆန်​လျှင် မည်သို့​နည်း။ သင့်တော်​သည့်​အချိန်ပိုင်း​အတွင်း ယင်း​ကိစ္စ​ကို​မဖြေရှင်း​လျှင် မိမိသည်​သူငယ်ချင်း အစစ်အမှန်​အနေ​ဖြင့် သူ့အစား တစ်ဦးဦး​ထံ​သို့ တိုင်ကြား​ရမည့်​တာဝန်​ရှိကြောင်း သူ့​အား​နားလည်​စေပါ။—သု. ၁၇:၁၇

အစပိုင်း​၌​သင့်​သူငယ်ချင်း​သည် သင်​ဘာကြောင့်​ဤသို့ပြု​ရသည်ကို နားလည်​ချင်​မှ​နားလည်​မည်။ စိတ်ဆိုး​ပြီး​သင်​နှင့် အဆက်ဖြတ်​ချင်​လျှင်​ပင်​ဖြတ်​မည်။ သို့သော် လီ​ဤသို့​ဆို​၏– “ကျွန်တော်​သက်ဆိုင်သူ​ကို အသိပေး​တာ​ဟာ မှန်ရာကို​လုပ်တာ​ပဲ​ဆိုတာ​ကို ကျွန်တော်​သဘောပေါက်​တယ်။ ခရစ္စ​တစ်ယောက်လို​အပ်​တဲ့ အကူအညီကို ရ​နေပြီ​ဖြစ်​တဲ့​အတွက် ကျွန်တော့်​သြတ္တပ္ပစိတ်​လည်း အများကြီး​ချမ်းသာ​လာတယ်။ နောက်ပိုင်း​မှာ​ခရစ္စ​က​ကျွန်တော့်​ဆီ​လာပြီး၊ ကျွန်တော်​ခုလို​လုပ်ခဲ့တာ​ကို သူ​စိတ်မဆိုး​ခဲ့​ဘူးဆို​ပြီး​ပြော​တယ်။ ကျွန်တော်​လည်း​နေ​ထိ​ထိုင်​သာ​ဖြစ်​လာတယ်။”

သင့်​အသိ​မိတ်ဆွေ​က သင့်​သတ္တိ​ရှိသော​လုပ်ရပ်​ကြောင့် သင့်​အား​ဆက်၍​စိတ်ဆိုး​နေလျှင်၊ အစ​ကတည်းက သူငယ်ချင်း​အစစ်​မဟုတ်မှန်း​သိသာ​သည်။ သို့သော်​သင့်​အနေ​နှင့် မိမိသည်​ဘုရားသခင်​ပေါ်​သစ္စာ​ရှိကြောင်း သက်သေထူ​ခဲ့​သည့်​ပြင် မိတ်​စစ်​ဆွေ​စစ်​ဖြစ်​ကြောင်း​သာဓက​ပြ​ခဲ့​သည့်​အတွက် အ​ကျေနပ်​ကြီး​ကျေနပ်​မိ​ပေမည်။

[စာမျက်နှာ ၆၇ ပါ​ရုပ်ပုံ]

မိတ်ဆွေ ဖွဲ့​ရာ​၌ သင်သည် အခက် အခဲ တွေ့​သလော

[စာမျက်နှာ ၇၀ ပါ​ရုပ်ပုံ]

အခြားသူ​၏ အရေး​ကို စိတ်ဝင်စားခြင်း​သည် မိတ်ဖွဲ့ခြင်း​၏ သော့ချက်​ဖြစ်သည်